ခိုင်လင်း (မေဃ၀တီ) – (၁၄) ရာစု မြောက်ဦးနန်းတော်ကို သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

May 28, 2014

(၁၄) ရာစု မြောက်ဦးနန်းတော်ကို သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း
ခိုင်လင်း (မေဃ၀တီ)
မေ ၂၈၊ ၂၀၁၄
 
 

ပြည်လွှတ်တော်က မြောက်ဦးနန်းတော် ပြန်လည်တည်ဆောက်ရေးကို တညီတညွတ်တည်း ဆုံးဖြတ်လိုက်တဲ့ သတင်းက သမိုင်းအမြင် အရ တုန်လှုပ်စေခဲ့ပါတယ်။ ဒါပေမယ့် ရခိုင်သမိုင်းပညာရှင်တွေ၊ ရခိုင်သမိုင်းကို တန်ဖိုးထားသူတွေရဲ့ ကန့်ကွက်မှုကြောင့် ပျက်ပြယ်သွား နိုင်ကောင်းပါရဲ့လို့ တွေးခဲ့ပါတယ်။ သို့သော် တလကျော်လာသည့်တိုင် ကန့်ကွက်တဲ့သတင်းတွေ မကြားရတဲ့အခါ သမိုင်းအမြင်အရ ကျွန် တော့်ရဲ့ တုန်လှုပ်ခြောက်ခြားမှုကို ရခိုင်လူထုအား တင်ပြဖို့ လိုအပ်တယ်ဆိုတဲ့အသိနဲ့ သမိုင်းရှုထောင့်က တတ်သလောက်တင်ပြပါ့မယ်။

နိုင်ငံတကာမှာ ရှေးဟောင်းအဆောက်အအုံတွေကို ထိမ်းသိမ်းတဲ့နေရာမှာ ယေဘုယျအားဖြင့် အချက်သုံးချက်နဲ့ ထိမ်းပါတယ်။ (Conservation) မပျောက်ဆုံးရအောင်ထိမ်းသိမ်းခြင်း၊ (Preservation)ဆက်ပြီး မပြိုပျက်ရအောင် ကာကွယ်ခြင်းနဲ့ (Restoration)မူရင်း ပုံစံမပျက်ရ အောင် ပြန်တည်ဆောက်ခြင်းတွေဖြစ်ပါတယ်။ ဆိုတော့ ရခိုင်ပြည်လွှတ်တော်က မြောက်ဦးနန်းတော်ကို နဂိုပုံစံအတိုင်း အသစ်ပြန်လည်တည်ဆောက်ရေးဆုံးဖြတ်ချက်ဟာ (Restoration) မူရင်း ပုံစံမပျက်ရအောင် ပြန်လည်တည်ဆောက်ခြင်းအချက်နဲ့ ညီညွတ်တယ်လို့ ထင်နိုင်ပေမယ့် တကယ်တမ်းတော့ လုံးဝမဆိုင်ပါဘူး။ ဥပမာအနေနဲ့ပြောရရင် ဒုက္ကန်သိမ်ပုထိုးတော်ကြီးဆိုပါတော့။ ဒါပေမယ့် တချို့ နေရာ တွေ ပြိုပျက်နေမယ်။ တချို့ နေရာတွေ မကြာခင် ပြိုဆင်းတော့မယ်ဆိုရင် ရှေးဟောင်းမူရင်း လက်ရာတွေ မပျောက်ပျက်ရအောင် ပြုလုပ်တဲ့ သဘောသာ Restoration ဖြစ်ပါတယ်။ အုတ်မြစ်အပေါ်မှာ အစားထိုးကာ အသစ်ပြန်လည်တည်ဆောက်ခြင်းဟာ Restoration (မူရင်းပုံစံ မပျက်ရအောင် ပြန်တည်ဆောက်ခြင်း) လို့ မခေါ်ပါဘူး။

နန်းတော်မရှိတော့ပေမယ့် ကျန်ခဲ့တဲ့ နန်းတော်ရဲ့ အုတ်မြစ်တွေအပေါ်မှာ အသစ်ပြန်လည်တည်ဆောက်ခြင်းဟာ သမိုင်းကို ထိမ်းသိမ်းကာကွယ်ခြင်းမျိုးမဟုတ်ဘဲ သမိုင်းတန်ဖိုးအဖြစ် “တန်း” တစ်ခုအပေါ် တည်ရှိနေခြင်းကို ရိုက်ချိုးလိုက်သလို ဖြစ်စေပါတယ်။ ဆိုလိုချင်တာက ဖျက်ဆီးလိုမှုကို မရည်ရွယ်ပေမယ့် ဖျက်ဆီးခြင်းသဘောကို သက်ရောက်စေတဲ့ သဘောပါ။ ဒါကြောင့် ရှေးဟောင်းအဆောက်အအုံတစ်ခုကို  သမိုင်းရှုထောင့်မှ မကြည့်ဘဲ ထိမ်းသိမ်းခြင်းခေါင်းစဉ်အောက်မှာ ပြုပြင်ခြင်းနဲ့ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းဟာ မူရင်းလက်ရာတွေ ပျက်ယွင်းသွားရင် သမိုင်းတန်ဖိုးကို လျော့ကျစေပါတယ်။ ပုဂံကိုထိမ်းသိမ်းတဲ့ ပုံစံမျိုးတွေဟာ ယူနက်စကိုလို အဖွဲ့တွေရဲ့ သမိုင်းတန်ဖိုး ထိမ်းသိမ်းခြင်း စံနှုန်းတွေနဲ့ မကိုက်ညီဘူးလို့ သမိုင်းပညာရှင်တွေကထောက်ပြတဲ့ သာဓကတွေကို သိထားဖို့လိုပါတယ်။ ရှေးဟောင်းသု တေသန (ယခင်အခေါ် ကျောက်စာဝန်) ရဲ့  အစီရင်ခံစာ  (၁၉၂၅ နှစ်ချုပ်၊ နှာ ၆) မှာ  ရဟန်းတစ်ပါးက ဘုရားပြင်ခွင့်တောင်းတဲ့အခါ  “  ထို ကိုယ်တော် ဆန္ဒရှိသလောက်ပြင်ပြီးရင် ရှေးလက်ရာတစ်ကွက်မှ ကျန်တော့မှာမဟုတ်လို့”  ငြင်းလိုက်တယ်လို့ဆိုပါတယ်။

ဆိုတော့ ရှေးလက်ရာတွေကို ပြင်ဆင်လိုတဲ့အခါတိုင်း သမိုင်းရှုထောင့်မှ ချဉ်းကပ်ကြည့်ဖို့လိုပါတယ်။ ဘက်လိုက်မှုကင်းတဲ့ သမိုင်းပညာရှင် တွေနဲ့ဖွဲ့ စည်းထားတဲ့ သမိုင်းဦးစီးဌာနတွေလိုအပ်ပါတယ်။ ဘက်လိုက်မှုကင်းမဲ့တဲ့ဆိုတာကတော့ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ သံသယတွေ ၊ မယုံကြည်နိုင်မှုတွေနဲ့ ကွဲပြားခြားနားတဲ့ ယဉ်ကျေးမှုတွေကို ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံမှာ ဘက်လိုက်မှုကင်းတဲ့ သမိုင်းပညာရှင်တွေနဲ့ဖွဲ့ စည်းထားတဲ့ သမိုင်းဦးစီးဌာနတွေလိုအပ်လို့ “ ဘက်လိုက်မှုကင်းမဲ့” ဆိုတဲ့ စကားကို သုံးပါတယ်။  အဲဒီ သမိုင်းဌာနတွေရဲ့ ခွင့်ပြုချက်တွေနဲ့သာ ပြုလုပ်သင့်ပါတယ်။ အဲဒီအဆင့်တွေနဲ့ မဖြတ်ကျော်ဘဲ ရှေးဟောင်းလက်ရာတွေကို ပြင်ဆင်သွားမယ်ဆိုရင် သမိုင်းတန်ဖိုးတွေကို မရည် ရွယ်ပေမယ့် ဖျက်ဆီးပစ်သလို ဖြစ်စေမှာသေချာပါတယ်။ ရှေးဟောင်းအဆောက်အအုံ (Ancient Monument) တခုကို မပျောက်ပျက် ရအောင် ထိမ်းသိမ်းခြင်းအနေနဲ့ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းဟာ လိုအပ်တယ်ဆိုပေမယ့် နဂိုရှိပြီးသားလက်ရာတွေ ပျက်စီးသွားမယ် ဆိုရင် သမိုင်းတန်ဖိုးဟာလည်း ပျောက်ဆုံးသွားပါတယ်။ တနည်းအားဖြင့်ပြောရရင် သမိုင်းတန်ဖိုးကို ယဉ်ကျေးစွာ ဖျက်ဆီးလိုက်ခြင်းလို့ ပြောရပါလိမ့်မယ်။

(၁၄) ရာစုက တည်ဆောက်ခဲ့တဲ့ မြောက်ဦးနန်းတော်ဟာ ဖျက်ဆီးခြင်းကို ခံခဲ့ရပေမယ့် နန်းတော်ရဲ့ပန္နက် (ဖောင်ဒေးရှင်း) ဟာ မူရင်း အတိုင်းရှိနေပါတယ်။ အဲဒီကျန်ရှိနေသေးတဲ့ အုတ်မြစ် (ဖောင်ဒေးရှင်း) တွေဟာ ရှေးဟောင်းလက်ရာတွေဖြစ်တယ်။ အဲဒီ ရှေးဟောင်း လက်ရာတွေကို  မပျက်စီးအောင် ထိမ်းသိမ်းစောင့်ရှောက်ထားခြင်းဟာ သမိုင်းအမြင်အရ  (Conservation) မပျောက်ဆုံးရအောင်ထိမ်းသိမ်း ခြင်း၊ (Preservation) ဆက်ပြီး မပြိုပျက်ရအောင် ကာကွယ်ခြင်းနဲ့  (Restoration) မူရင်း ပုံစံမပျက်ရအောင်  ပြန်တည်ဆောက်ခြင်းတွေကိုသာ လုပ်ဆောင်ခြင်းဖြင့် သမိုင်းတန်ဖိုးကို ထိမ်းထားသင့်ပါတယ်။

ဆိုတော့ Global Heritage Fund (ကမ္ဘာ့အမွေအနှစ်များ ရန်ပုံငွေအဖွဲ့) ရဲ့ ၂၀၁၂ မေလ (၃) ရက်နေ့က အာရှတိုက်ထဲက ရှေးဟောင်း ယဉ်ကျေးမှု (၁၀) ခုဟာ ပျက်စီးပျောက်ကွယ်ရမယ့်ဘေးနဲ့ ရင်ဆိုင်နေရတဲ့အကြောင်း ထုတ်ပြန်ကြေငြာခဲ့ဖူးတယ်။ အဲဒီ (၁၀) ခုထဲမှာ မြန်မာနိုင်ငံထဲက ရှေးဟောင်းမြောက်ဦးမြို့ တော်လည်း ပါဝင်တယ်။ ပျက်စီးပျောက်ကွယ်ရမယ့် ဘေးအန္တရာယ်ငါးခုကို ထောက်ပြခဲ့တယ်။ အဲဒီငါးခုကတော့ (၁) စီးပွားရေးလုပ်ငန်းများကျယ်ပြန့်လာခြင်း၊ (၂) လုံလောက်သော ပြုပြင်ထိမ်းသိမ်းမှုမရှိခြင်း၊ (၃) လုယက်ခြင်း (၄)စစ်မက်ဖြစ်ပွားခြင်း၊ (၅) ခရီးသွားလုပ်ငန်းစတဲ့ အချက်တွေဖြစ်တယ်။ ဒါပေမယ့် မြောက်ဦးမြို့ တော်ကတော့ စီးပွားရေးလုပ်ငန်းများတိုးတက် လာမှု၊ လုံလောက်သော ပြုပြင်ထိမ်းသိမ်းမှုနဲ့ ခရီးသွားလုပ်ငန်းစတဲ့ သုံးချက်နဲ့သာ ပတ်သက်ပါလိမ့်မယ်။ အထူးသဖြင့်ကတော့ ပြုပြင်ထိမ်း သိမ်းမှုကို မဆို့မပို့ပြုလုပ်ပေးပြီး ခရီးသွားလုပ်ငန်းဆိုတဲ့ကိစ္စကိုတော့ လက်ရှိကာလမှာ ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်အောက်က တရားဝင် ဖျက်ဆီးပစ်မယ့်စီမံကိန်းဖြစ်ကြောင်း အဲဒီကာလက ကျွန်တော်ဆောင်းပါးတပုဒ်ရေးပြီး ဝေဖန်ထောက်ပြခဲ့ဖူးတယ်။ ပြောချင်တာက ရခိုင်ပြည် လွှတ်တော်အနေနဲ့ သမိုင်းတန်ဖိုးရှိနေတဲ့ နန်းတော်ရဲ့ဖောင်ဒေးရှင်းတွေကို သမိုင်းတန်ဖိုးမဲ့အောင် တရားဝင် ဖျက်ဆီးပစ်တော့မှာလားဆိုတဲ့မေးခွန်းကို မေးချင်ပါတယ်။

အစိုးရတစ်ရပ်အနေနဲ့ လွှတ်တော်ဆုံးဖြတ်ချက်ကိုယူကာ သမိုင်းဝင် ရှေးဟောင်းလက်ရာတစ်ခုကို ပြန်လည်တည်ဆောက်ခြင်း (သို့မဟုတ်)ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ နဂိုရှိပြီးသား ရှေးဟောင်းလက်ရာတွေပျက်စီးကုန်မယ် (သို့မဟုတ်) ရှေး ဟောင်းလက်ရာတွေကို အကုန်ဖြိုပြီး ပြန်ဆောက်မယ်ဆိုရင် သိမ်မွေ့စွာ စနစ်တကျဖျက်ဆီးပစ်တာဖြစ်တယ်။ တနည်းအားဖြင့်ပြောရရင် စနစ်တကျ အကွက်ချပြီး ကမ္ဘာကသိတဲ့ ရှေးဟောင်းအမွေအနှစ်သမိုင်းလက်ရာတစ်ခုကို စီမံကိန်းနဲ့ဖျက်ဆီးခြင်းဖြစ်တယ်။ ဒါကို ရခိုင်လူထု အနေနဲ့ လက်ပိုက်ကြည့်မနေသင့်ဘူးလို့ ပြောချင်တယ်။ ထို့အတူ သမိုင်းတန်ဖိုးကို ထိမ်းသိမ်းချင်သူတွေအနေနဲ့လည်း ဆန့်ကျင်သင့် တယ်လို့မြင်ပါတယ်။ ရှေးဟောင်းအမွေအနှစ်ကို တန်ဖိုးထားသူတွေဟာ မည်သည့် ရှေးဟောင်းအမွေအနှစ်မဆို တန်ဖိုးထားဖို့လိုအပ်ပါတယ်။

ဆိုတော့ ကျွန်တော်ရတဲ့သတင်းအချက်လက်တွေသာ မှန်ခဲ့ရင် ဆုံးရှုံးမှုက အရမ်းကြီးပါတယ်။ နန်းတော်ရဲ့ဖောင်ဒေးရှင်းကို ဒီအတိုင်းထား ပြီး အပေါ်ထပ်အဆောက်အအုံကို ဆောက်ခြင်းကလည်း ရှေးဟောင်းလက်ရာ နန်းတော်ရဲ့ ဖောင်ဒေးရှင်းတွေ ပျက်စီးကုန်မယ်။ ဒီအပေါ်မှာ တုန်လှုပ်မှုတွေနဲ့ မဖြစ်သင့်ကြောင်း ဒီဆောင်းပါးကိုရေးပြီး ထောက်ပြခြင်းဖြစ်ပါတယ်။ နောက်တချက်က ပိုကြောက်စရာကောင်းတယ်။ နန်းတော်ရဲ့ဖောင်ဒေးရှင်းတွေကို အကုန်လုံးတူးပစ်ပြီး အားလုံးအသစ်ပြန်ဆောက်မယ်ဆိုတဲ့သတင်းဖြစ်တယ်။ ဒီသတင်းက ဘယ်လောက် မှန်ကန်တယ်လို့ တပ်အပ်မပြောနိုင်ပေမယ့် အဲလိုလုပ်ခဲ့ရင် သမိုင်းတန်ဖိုးဆုံးရှုံးမှုများသလို ပေးဆပ်ရမယ့်တန်ဖိုးက အရမ်းကြီးတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် သေချာတာတစ်ခုကတော့ နန်းတော်ပြန်လည်တည်ဆောက်ရေးကိစ္စကို လွှတ်တော်အနေနဲ့ ဆုံးဖြတ်ချက်တွေကို သမိုင်းရှုထောင့်ကကြည့်ပြီး ပြန်လည်သုံးသပ် ပြင်ဆင်ဖို့လိုအပ်ပါတယ်။ ရခိုင်သမိုင်းပညာရှင်တွေကလည်း ထောက်ပြဖို့လိုအပ်ပါတယ်။ ရခိုင်လူထုအနေနဲ့လည်း ဒီကိစ္စကို ဆန့်ကျင်သင့်တယ်လို့မြင်ပါတယ်။ ကမ္ဘာကသိတဲ့ ရှေးဟောင်းလက်ရာတွေကို ခေတ်သစ်မှာ တည် ဆောက်မယ့် နန်းတော်သစ်နဲ့ စတေးပစ်ရဲတဲ့သတ္တိ ရခိုင်လူထုမှာ ရှိပြီလားဆိုတဲ့ မေးခွန်းဟာ စိန်ခေါ်မှဲုတစ်ရပ်လို့မြင်ပါတယ်။

ရှေးခေတ် ထိုင်းနိုင်ငံရဲ့မြို့တော် အယုဒ္ဓယကို မြန်မာဘုရင်ခေတ်က ၀င်သိမ်းခဲ့တယ်။ စစ်ပွဲရဲ့ ထုံးစံအရ အယုဒ္ဓယမြို့တော်ဟာ ပျက်စီး ခြင်းတွေနဲ့ မြို့ပျက်ကြီးအဖြစ် ကျန်ရစ်ခဲ့တယ်။ အဆောက်အအုံတွေ၊ ဘုရားဆင်းတုတော်တွေဟာ ကျိုးကြေပျက်စီးပြီး ကျန်ခဲ့တယ်။ ဒီနေ့ အချိန်ထိ အဲဒီအပျက်အစီးတွေကို နဂိုအတိုင်း ပြန်လည်ပြုလုပ်ခြင်းမရှိဘဲ ဒီအတိုင်း ကာကွယ်စောင့်ရှောက်ထားတယ်။ ပြန်ပြင်လိုက်ရင် ရှေးဟောင်းလက်ရာတွေ ဆုံးရှုံးသွားမယ်။ ပျက်စီးမှုအတိုင်းရှိနေတဲ့ အဆောက်အအုံကို နောက်ထပ်မပျက်စီးရအောင်ဘဲ ထိမ်းသိမ်းစောင့် ရှောက်ထားတယ်။ ဘာကြောင့် ဒီလိုထားသလဲဆိုတော့ အကျဉ်းချုပ်ပြောရရင် “ရှေးဟောင်းလက်ရာတွေ သမိုင်းတန်ဖိုးကြီးလို့ ထိမ်းသိမ်း ထားတယ်”။ ထိုင်းနိုင်ငံရဲ့ချမ်းသာကြွယ်ဝမှုနဲ့ အယုဒ္ဓယမြို့ပျက်ကြီးကို အဆပေါင်းထောင်ချီ အကုန်အကျခံပြီး လုပ်နိုင်ပေမယ့် မလုပ်ခြင်းကို သင်္ခန်းစာ ယူဖို့လိုတယ်။

ရခိုင်ပြည်အစိုးရကို အကြံပေးချင်တာက နန်းတော်ရဲ့ဖောင်ဒေးရှင်း (နန်းတော်ရာ) ကို ဒီအတိုင်းထားဖို့လိုအပ်တယ်။ ဒါပေမယ့် အဲဒီ နန်း တော်ရဲ့ ဖောင်ဒေးရှင်း (နန်းတော်ရာ) ကို နောက်ထပ်မပျက်စီးရအောင် (Conservation) မပျောက်ဆုံးရ  အောင်ထိမ်းသိမ်းခြင်း၊ (Preservation) ဆက်ပြီး မပြိုပျက်ရအောင် ကာကွယ်ခြင်းနဲ့ (Restoration) မူရင်း ပုံစံမပျက်ရအောင် ပြန်တည်ဆောက်ခြင်းတွေကိုသာ လုပ်ဆောင်ခြင်းဖြင့် သမိုင်းတန်ဖိုးကို ထိမ်းထားပါလို့ အကြံပေးချင်ပါတယ်။ မြောက်ဦးနန်းတော်ပုံစံမျိုး မျိုးဆက်သစ်တွေကို ပြချင်တဲ့ ဆန္ဒပြင်းပြနေရင် မြောက်ဦးမြို့ တော်ရဲ့ မြေလွတ်တနေရာမှာ ယခင်ပုံစံမျိုး မြောက်ဦးနန်းတော်သစ်ဆောက်ပြီး အထဲမှာ ရှေးဟောင်းပစ္စည်းတွေပြထားလို့ရတဲ့ ရှေးဟောင်းယဉ်ကျေးမှုပြတိုက် ပုံစံမျိုးလုပ်ခြင်းဟာ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ရှေးဟောင်း သမိုင်းလက်ရာတွေ ပျက်သုဉ်းသွားမယ့်လုပ်ရပ်ဟာ အာဏာပါဝါနဲ့လုပ်နိုင်ခဲ့မယ်ဆိုရင်တောင် လုပ်ခဲ့တဲ့လူတွေဟာ လူထုကိုပြန်ပေးရမယ့်တန်ဖိုးကအရမ်းကြီးပါလိမ့်မယ်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

One Response to ခိုင်လင်း (မေဃ၀တီ) – (၁၄) ရာစု မြောက်ဦးနန်းတော်ကို သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

  1. မောင်စံ on May 29, 2014 at 7:26 am

    ပြည်တွင်း ပရင့်မီဒီယာမှာ ဖော်ပြသင့်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments