နေလင်းညီ – မလေးရှားမှာ ၃ နှစ်တာ အပိုင်း (၁)

May 30, 2014

မလေးရှားမှာ ၃ နှစ်တာ အပိုင်း (၁)

နေလင်းညီ၊ မေ ၃၀၊ ၂၀၁၄

၂၀၀၃ မှ ၂၀၀၆   အထိ  မလေးရှားတွင် ၃ နှစ်    နေထိုင်  လုပ်ကိုင် ခဲ့ရာ  အမှတ်တရ ဖြစ်ခဲ့တာတွေကို ဖော်ပြလိုက်ပါသည်။ (ဓာတ်ပုံ – မလေးရှားထရီဗြူး၊ အင်တာနက်သတင်းစာ)

၁။ မခေါ်ရဲချင်စရာ သူတို့အမည်သညာ

စင်္ကာပူမှာရော မလေးရှားမှာပါ တရုတ်လူမျိုး အတော်များများနှင့် အလုပ်လုပ်ခဲ့ရသည်။ သူတို့၏ အမည်နာမ အပြည့်အစုံကို မသိရသော်လည်း အတိုကောက် ခေါ်ဝေါ်နေ ကြတာကို နေ့စဉ် ကြားသိနေရ၏။ လူထွေးတို့ကလည်း သူများ ခေါ်သလိုပဲ လိုက်ခေါ်ရပါသည်။ သို့သော် ဗမာလို အဓိပ္ပါယ်ကတော့ မကောင်းလှပါ။

ကားမောင်းသမားတစ်ဦးမှာ ပြုံးပြုံး ပြုံးပြုံး နှင့် ခင်မင်စရာ ကောင်းသည်။ သို့သော် အမည်က ‘အတန်’။

စိတ်ဆိုးမာန်ဆိုး အော်ဟစ်တတ်သော အခြားတစ်ဦးလည်း ရှိသေးသည်။ အမည်က ‘အလုံး’။ (အပြား ဆိုတာမျိုးလဲ ရှိသလိုလို ကြားရ၏)

ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခု၌ ရေသန့်ကုမ္ပဏီတစ်ခု၏ စူပါဗိုက်ဆာကို တွေ့ဖူးသည်။ အမည်က ‘အချောင်း’။

အဲယားကွန်းတပ်ဆင်ရေး Technician တစ်ဦး၏ အမည်ကလဲ ဗမာလို အဓိပ္ပါယ် ဖော်လျှင် ဟာသမြောက်၏။ ‘ကိုင်စီကွေး’ တဲ့။ ကိုအောင်ရဲထွန်း ဆိုသူက စကားလိမ်ဖြင့် အော် အော်ခေါ်နေသေးသည်။ ‘ေ-ွး -ိ -ိုင’် တဲ့ဗျာ။ သူ့အမည်ခေါ်တိုင်း ဗမာတွေ ရယ်နေကြတော့ အစက သူစိတ်ဆိုးသည်။ သူ့ကို ခင်မင်အောင် ပေါင်း၍ အဓိပ္ပါယ်ရှင်းပြတော့ သူပါ ရော၍ ရယ်နေတတ်၏။

လူမျိုးတစ်မျိုး၏ အသံထွက်က အခြား လူမျိုးတစ်မျိုး၏ အဓိပ္ပါယ်အားဖြင့် ရယ်စရာ လန့်စရာ ကောင်းနေတာမျိုး ရှိစမြဲ ဖြစ်သည်။ တရုတ်လို LEE ကို ဗမာလို အသံထွက်ဖို့လဲ ရွံ့စဖွယ် ဖြစ်နေသည်။

၂။ သွေးသံရဲရဲမရှိ စူးစူးဝါးဝါးမအော်သော ဝက်ပေါ်နည်း

၂၀၀၄ နှစ်ကုန်ပိုင်း၏တစ်ခုသောနေ့ရက်တွင် လူထွေးသည် ကိုသိန်းဌေးတို့နှင့် အတူ ဝက်သားပေါ်ရောင်းသောနေရာသို့သွားရောက်လည်ပတ်ကြ၏။ သူနေသော Maju Jaya ၌ပင်ရှိပြီး ၁၅ မိနစ်ခန့် လမ်းလျှောက်သော် ရောက်လေပြီ။ ဝက်သားပေါ်ခြင်းဟူသည် ဝက်များကို အရှင်လတ်လတ် ထိုးခုတ် သတ်ဖြတ်ရသောအလုပ်ဟု ကြားဖူးသဖြင့် လူထွေးလည်း တော်တော် လန့်နေ၏။ ထိုဆိုင်မှာ မြေညီထပ်တွင် ရှိ၍ ရောင်းပေး နေသော လင်မယားမှာ ဟားခါးဇာတိ ချင်းများဖြစ်၏။ သူတို့သည် လူထွေးတို့ကို ဝက်နားရွက်များ ဝက်လျှာများကို အလကား ပေးလေ့ရှိ၏။ မြန်မာ နိုင်ငံသား အချင်းချင်း ရိုင်းရိုင်းပင်းပင်း ရှိကြသူများတည်း။

ဝက်ကို ဘယ်လိုသတ်ရသလဲဟု လူထွေးက စပ်စုလိုက်ရာ ထိုလင်မယားက ရယ်မောပြီး ‘ဘယ်လိုမှ မသတ်ရဘူး၊ သူ့ဟာသူ သေတာပဲ’ ဟုဖြေကြလေ၏။ ထို့နောက် သူတို့ နောက်ဖေးသို့ ခေါ်ဆောင်သွားကြ၏။ စက်မှုဇုန် အဆောက်အဦး၏ နောက်ဖေး လမ်းမှာ ကုန်ကားကြီး တစ်စီး ကောင်းစွာဝင် နိုင်လောက်သော လမ်းကျယ်ကြီး ဖြစ်သည်။

ညနေပိုင်းတွင် ဝက်များကို တင်ဆောင် လာသော ကုန်ကားကြီးမှာ နောက်ဖေး လမ်းကြားထဲသို့ ဝင်လာပြီး တံခါးမကြီး၌ ဖင်ချင်းတေ့လိုက်၏။ ဝက်များကို အဆောက်အဦးတွင်းရှိ ဖရီဇာ အအေးခန်း တံခါးကို ဂျိုင်းခနဲ ပိတ်လိုက်၏။ ဝက်များမှာ အအေးဒဏ်ကို တစ်ညလုံးခံရ၏။

နောက်နေ့ နံနက်တွင် ဆန့်ဆန့်ကြီး သေနေသော ဝက်များကို တွေ့ရ၏။ ထိုဝက်များကို ခုတ်ထစ် ပိုင်းဖြတ်ကာ ကီလိုချိန်ခွက်ပေါ် တင်၍ ဝယ်ယူလိုသူ၏ အော်ဒါအတိုင်း ရောင်းချပေးရုံဖြစ်သည်။

ကဲ ရက်ရက်စက်စက် ထိုးခုတ်သတ်ဖြတ်စရာ မလိုသော မဿတီဖွယ် သွေးသံရဲရဲကို မမြင်ရသော စူးစူးဝါးဝါး အော်ဟစ်သံကို မကြားရသော ညင်သာ သိမ်မွေ့သော ဝက်ပေါ်နည်းပါ တကားဟု မှတ်သား လိုက်ရပေ၏။

၃။ သပိတ်မပိုက်ပဲ ဓါးမြောင်ဖြင့် ထောက်ကာ အလှူခံသူများ

၂၀၀၅ ခုနှစ်၏ တစ်ခုသော တနင်္ဂနွေနေ့တွင် ဖြစ်သည်။ ည ၉ နာရီလောက်တွင် လူထွေးသည် Maju Jaya ရှိ စားသောက်ဆိုင်တန်းဖက်မှ သူနေထိုင်ရာ စက်မှူဇုန်ဖက်သို့ ပြန်လာသည်။ ခါတိုင်းတွင် ထိန်လင်းတို့နှင့် ပြန်လာ နေကျ ဖြစ်သော် လည်း ယနေ့ညမှာတော့ စောကလည်း စောသေးသည်။ လမ်းမှာ လူလည်း သိပ်မပြတ်လောက်သေးဟု ယူဆသဖြင့် တစ်ဦးတည်းပြန်လာခြင်းဖြစ်သည်။

လမ်းအချိုးတစ်ခုသို့ဝင်ပြီး သိပ်မကြာမီ လူ ၂ ယောက်စီးလာသော ဆိုင်ကယ်သံကို ခပ်ယဲ့ယဲ့ ကြားရ၏။ လူထွေးအနားသို့ ရောက်လာသောအခါ အရှိန်သတ်၍ ရှေ့မှ ပိတ်ကာထားလိုက်သည်။ နောက်လှည့် ပြေးမယ်ဟု စိတ်ကူး၍ နောက်သို့ ကြည့်လိုက်သောအခါ နောက်တွင်လည်း လူ ၂ ယောက်စီး ဆိုင်ကယ်က ပိတ်ရပ်ထား လိုက်သည်။

လူတွေ ဆိုင်ကယ်ပေါ်မှ ဆင်းလာကာ လူထွေးကို ဓါးမြောင်တိုဖြင့် တေ့၍ ရှိတာအကုန် ထုတ်ခိုင်း လေတော့၏။ ကလေးတွေ အော်ဟစ်သီဆိုသော ‘ (ရှိတာအကုန်ထုတ် ပဲပြုတ်၊ ပါတာအကုန်စား ပဲပြား ) ဆိုတာမျိုးဖြစ်သည်။

အိတ်ကပ်ထဲရှိတာ အကုန်ပေးလိုက်သည်။ နိုင်ငံကူးလက်မှတ် Passport ကိုတော့ ကိုယ်တော်ချောတွေက ပြန်ပေးဖော်ရပါ၏။ ပိုက်ဆံတွေတော့ အကုန်ယူသွားသည်။ သို့သော် သူတို့ကံဆိုးသည်။ ပိုက်ဆံတွေက အရွက်ကြီးတွေမပါ ပါ။ တန်ဖိုးနည်း အရွက်သေးတွေပဲ ပါသည်။ ၂ ရင်းဂစ်တန်တွေပဲ များသည်။ ပေါင်းလိုက်မှ ၂၃ ရင်းဂစ်လောက်ပဲ ရှိမည်။ ဘောင်းဘီအိတ်တွေလဲ လာစမ်းသေးသည်။ နှပ်ချီးသုတ်ထားသော လက်ကိုင်ပုဝါတွေပဲ တွေ့၍ စိတ်ဆင်းရဲသွားကြ၏။ အိတ်ကပ်ထဲမှာ ဖောင်းနေသဖြင့် ငွေတွေ တော်တော် ပါမည်ဟု ထင်ပြီး ဓါးလေးပြ၍ လာအလှူကြခြင်းဖြစ်ဟန်တူသည်။

တယ်လီဖုန်း စာအုပ်လေးနှင့် အထွေထွေ မှတ်စု စာအုပ်လေးအပြင်၊ စိတ်ဝင်စားဖွယ် ကြော်ငြာ စာရွက်မျုားပါ မကျန် ထည့်ထားတတ် သောကြောင့် အိတ်ဖေါင်း နေခြင်း ဖြစ်သည်။

တော်ပါသေးရဲ့…။ ပြီးခဲ့သောအပတ်ကပင် မိသားစုထံ ငွေလွှဲ ပေးလိုက်သည်။ မနေ့ ညနေကပင် ၁ လစာ ဆန်၊ ဆီ၊ ဟင်းလျာများကို တခါတည်း ဝယ်ထား လိုက်ပြီးပြီ။ ထို့ကြောင့် အိတ်ထဲတွင် ငွေနည်းနည်းသာ ကျန်ရှိတော့၏။

ရဲကိုမတိုင်နဲ့နော် ဟုလည်း ပြောသွားကြ သေး၏။

လူထွေးမှာ အတွေ့အကြုံ စုံလိုကြောင်း၊ ရှေးဆုတောင်းရှိခဲ့ဟန်တူသည်။ မလေးရှားရောက် နိုင်ငံခြားသားအလုပ်သမား အများအပြားသည် လူပြတ်သော နေရာတွင် ထိုသို့ ဓါးထောက်အလုခံရတတ်၏။ ထိုအတွေ့အကြုံကိုပင် လူထွေးတစ်ယောက် မပျက်မကွက် ရလိုက်ပါသေး၏။

သူတို့က သပိတ်ပိုက်ပြီး သဒ္ဓါတရားရှိသူများ ထံမှ လှူလိုက လှူနိုင်ကြောင်း အလှူခံသော ကိုရင်လေးများမဟုတ်။ ဓါးဖြင့်ထောက်ပြီး သဒ္ဓါတရာဒ လုံးဝမရှိသူထံမှ အတင်းအကြပ် အလှူခံသော ( အမှန်တော့ ဓါးပြတိုက်သော) သူများသာ ဖြစ်၏။

လူထွေး ရောက်လာကာစက အိတ်ကပ်ထဲတွင် ကျပ်ငွေ ၆ သိန်းကျော်နှင့် ညီမျှသော ရင်းဂစ်များ ထည့်၍ လူပြတ်သော နေရာ၌ ညဖက်တွင် သွားလာခဲ့ဖူး၏။ ဘုရား၊ သိကြား မ၍ ဘာမျှမဖြစ်ခဲ့။ ဦးစွာ ရောက်နှင့် နေသော ဗမာများက သူတို့အလုခံရပုံကို စီကာပတ်ကုံး ပြောတော့မှ လူထွေး လန့်သွားသည်။ ဆင်ဆင်ခြင်ခြင် ဖြစ်သွား သည်။ သို့တိုင်အောင် သတိနည်းနည်း လစ်တာနှင့် ယခုလို ပေးလှူလိုက်ရတော့၏။

၎။ မလေးရှားရောက် မြန်မာတစ်ယောက် ၏ ကြီးမားသော ရည်မှန်းချက်

မလေးရှားရောက် ရွှေမြန်မာများအနက် ‘ အနော် ’ ဆိုသောသူနှင့် လူထွေး ခင်မင်သွား၏။ အနော်ဆိုတာ သူ့အမည်ရင်း မဟုတ်၊ စကားပြောလျှင် (ကျနော်) အစား (အနော်) ဟုသုံးနှုံး ပြောဆိုလေ့ရှိသဖြင့် ကိုသိန်းဌေးက အနော် ဟု အမည် ပေးထားခြင်း ဖြစ်သည်။ လူထွေးတို့လဲ အနော်ဟု ပင်ခေါ်ကြ၏။ အနော်ကတော့ သူ့အမည်တစ်လုံးကို အဖျားဆွတ်၍ အထွန်း ဟုခေါ်စေ၏။ ဘယ်သူကမှ မခေါ်ပေ။

အနော်ကတော့ စာဖတ်ဝါသနာပါသည်။ လူထွေးထံမှ မဂ္ဂဇင်းအချို့ ငှါးဖတ်လေ့ရှိသည်။ အနော်ကား ခြောက်နေသူ ဖြစ်ကြောင်း အားလုံးက ပြောဆိုကြကုန်၏။ သွားပုံ လာပုံ နေပုံ ထိုင်ပုံ ကား ကနွဲ့ကလျ မရှိ။ ခြောက်နေသူလို မဟုတ်။

‘ အနော်က အခြောက်ကြီးဆို၊ ဟုတ်လား ’ ဟုလူထွေးကမေးသည်။ သူက ခပ်တည်တည် ဖြေသည်။

‘ ဟုတ်ချင်လဲ ဟုတ်နေမှာပေါ့။ မဟုတ်ချင်လဲ မဟုတ်ဘူးပေါ့။ ကိုယ့်ကိစ္စမဟုတ်ဘဲ ဘာလို့မေးနေတာလဲ ’

ကာလအတန်ကြာသည်အထိ ထိုကိစ္စ မပြောဖြစ်ကြ။ အနော်က တွင်ခုံလုပ်သည်။ သံထည် လုပ်ငန်းများလည်း လုပ်သည်။ ဒီအလုပ်တွေက မိန်းခ လေးတွေ၊ အခြောက်တွေ လုပ်လေ့ ရှိမည်မထင်။ အနော်ကို မလိုတမာစကား ခြောက်နေသူဟု ပြောခြင်းများလား။

အနော်အား ဝိုင်း၍ နောက်ပြောင် ကျီစယ်ကြသော်လဲ စိတ်ဆိုးတာမျိုး မတွေ့ရ။ သူကလဲ သူများကို ထိထိမိမိ ပြန်ပြော တတ်သည်။ လူထွေးနှင့်အတော်လေးရင်းနှီးလာသောအခါ အနော် ခြောက်နေတာဟုတ် မဟုတ် မေးချင်လာပြန်သည်။ တစ်နေ့တွင် အနော်က လူထွေးထံလာ၍ အကူအညီတစ်ခု တောင်းသည်။ လူထွေးက မတင်မကျ ပြောထားပြီး ဒီလောက် ခင်မင် ရင်းနှီးနေကြတာ ပွင့်ပွင့်လင်းလင်း ပြောဟု အစချီ၍ ခြောက်နေတာ ဟုတ် မဟုတ် စပ်စုပြန်သည်။

လူထွေးထံမှ အကူအညီ လိုချင်မှုကြောင့်လား၊ ခင်မင်ရင်းနှီးမှုကြောင့်လား မသိ။ အနော်က ဖြေသည်။ ‘ အနော်က မိန်းကလေး သိပ်ဖြစ်ချင်တာ ’ တဲ့။

ဖြေပုံက ပညာသား မပါပေဘူးလား။ ခြောက်နေသည်ဟု မဖြေ။ မိန်းကလေး သိပ်ဖြစ်ချင်တာတဲ့။လူထွေးက မလှမ်းမကမ်း၌ ဖြတ်သွားဖြတ်လာ လုပ်နေသော ချောချော လှလှ မိန်းကလေး များကို ညွန်ပြ၍ ပြောသည်။

‘ မိန်းကလေးဖြစ်ချင်စရာလား၊ ဟိုမှာ ချောချောလှလှ တောင့်တောင့်တင်းတင်းတွေ၊ ကိုယ်ကယောကျာင်္းပဲ၊ ကြိုက်ချင်စရာ မကောင်းဘူးလား ’

အနော်က ရှုံ့ကာမဲ့ကာ ‘ သူတို့ကို မြင်ရုံနဲ့ ရွံ့တယ် ’ ဟုဖြေသည်။ လူထွေးလဲ အံ့သြ၍ မဆုံးတော့။

လူထွေးလည်း ကျမ်းဂန်ပါဠိ၌ လာရှိသည် တို့ကို ပြောပြ၍ တရားဟော၏။ မိန်းမများ၌ အာဝေဏိက ဒုက္ခ ၅ မျိုးရှိကြောင်း၊ ကိုယ်ဝန်ဆောင်ရခြင်း၊ ရာသီလာရခြင်း၊ လင့်အလိုလိုက်ရခြင်း စသဖြင့် ရှိကြောင်း၊ ရာသီလာရခြင်း တစ်မျိုးထဲပင် ရွံ့ဖွယ်ဖြစ် ကြောင်း၊ မိန်းကလေး ဖြစ်ချင်စိတ်ကို ဖျောက်သင့်ကြောင်း လူထွေးက ပြော၏။

‘ အဲဒီလို ရာသီလာရတာ အရမ်းသဘောကျတယ်။ မိန်းကလေး ဖြစ်ချင်လိုက်တာ ’

လူထွေးမှာ ‘ ဟိုက် ’ ဟု ကိုယ့်နဖူးကိုယ် ရိုက်မိမတတ် စိတ်ပျက် သွားသည်။ ဟောရင်းသာ ပျံလွန်တော် မူသွားမည်၊ ဆန်ဖြူဖြူ တစ်ခွက် ရဖို့မမြင် ဆိုတာ အနော်လို လူမျိုးဖြစ်မည်။

နောက်ပိုင်းတွင် လူထွေးက မခြောက် ချင်နဲ့တော့ဟု မပြောတော့။ ဗုဒ္ဓဓမ္မအရ ဝဋ်ကြွေး ပါလာသူ ဟုသာ ကရုဏာသက်နေတော့၏။ အနော်နှင့် ခင်ခင်မင်မင် ရင်းရင်းနှီးနှီးလည်း ပိုဖြစ်လာ၏။ ထူးခြားသည်မှာ အနော်က လူထွေးကို အစ်ကိုကြီးကဲ့သို့ ရိုသေလေးစား၏။ ပွတ်သီး ပွတ်သပ် ဟိုကိုင်ဒီကိုင် မလုပ်။ အိနြေ္ဒရရ အေးအေးဆေးဆေး စကားပြောသည်။

တစ်နေ့တွင် အနော်က သူရေးထားသော ကဗျာလိုလို၊ စကားပြေလိုလို စာများကို ယူလာပြ၏။ ငါသာမိန်းကလေးဖြစ်ရင် နင့်ကို အစွမ်းကုန် ကရုစိုက်မယ် ဆိုတာမျိုးလဲ ပါသေး၏။ အနော်ကို ချစ်ယောင်ဆောင်ပြီး၊ အမြတ်ထုတ်သွားပေမဲ့ စိတ်မဆိုးရက်ပါဘူးလေ…ဆိုတာမျိုးလဲ ပါသေး၏။ လူထွေးကတော့ သံဝေဂ ရနေသည်။ ဒါတွေအားလုံးက သမုဒယ သစ္စာတွေပဲ မဟုတ်ပါလား။

‘ အလုပ်အဆင်ပြေလို့ ငွေလေးစုမိလိုက်၊ အလုပ်ရပ်သွားလို့ ပြန်ကုန်သွားလိုက်နဲ့၊ စုမိတယ်ကို မရှိပါဘူး ’ ဟု အနော်က ပြောသည်။ ဘယ်သူ့ကိုမှ ထောက်ပံ့ နေရခြင်းမရှိသဖြင့် ဘာကြောင့် ငြီးငြူရတာလဲ ဟုလူထွေးကမေးသည်။

‘ စုမိချင်တာပေါ့။ အနော်မှာ ရည်မှန်းချက်ရှိတယ်။ ရင်းဂစ် ၆၀၀၀ ဆိုလား၊ ၁၀၀၀၀ ဆိုလား၊ အဲသလောက်စုမိရင် ထိုင်းမှာ ဖြတ် ဖေါက် လုပ်လို့ရတယ်တဲ့။ ငွေစုမိရင် သွားလုပ်မှာ။ ဘာကြောင့် ဒီမလေးရှားမှာ အပင်ပန်းခံ အလုပ်လုပ်နေလဲ သိလား၊ မိန်းကလေးဖြစ်ချင်လို့။ ရည်မှန်းချက်က အဲဒါ…’

လူထွေး သြချသွားသည်။ အနော်၏ ရည်မှန်းချက် ကား မိသားစု စားဝတ်နေရေး ကိုဖြည့်ဆည်း ပေးဖို့လဲမဟုတ်။ ပရဟိတကိစ္စမှာ လှူဖို့လဲမဟုတ်၊ အမျိုး ဘာသာ သာသနာရေးလဲ မဟုတ်။ မလေးရှားရောက် မြန်မာတစ်ယောက်၏ အကြီးမားဆုံး အန္တိမ ရည်မှန်းချက်သည်ကား ရင်းဂစ်ငွေ ၁၀၀၀၀ ခန့် စုမိရေးနှင့် ထိုငွေဖြင့် ဖြတ်ဖေါက်လုပ်ရေးပင် ဖြစ်ပေသည်တမုံ့။

၅။ လူကြုံပစ္စည်းကြောင့် စိတ်ဆင်းရဲသူ

စာဖတ်သူ…၊ သင့်ဇနီးက သင့်ထံ လူကြုံပစ္စည်းပို့သဖြင့် စိတ်ဆင်းရဲဖူးပါသလား။ လူထွေးကတော့ စိတ်ဆင်းရဲဖူးသည်။ အဖြစ်က ဒီလို။

လူထွေးက စကာင်္ပူမှာ ၂ နှစ်ခွဲလောက် အလုပ်လုပ်ခဲ့ဖူးသူဖြစ်သည်။ ရန်ကုန်နှင့် စကာင်္ပူအသွားအလာလုပ်သူများကို  စာကြုံ ပစ္စည်းကြုံ ပါးရတာ အလွန်လွယ်ကူပါသည်။ မြို့တွင်းပို့ဆောင်ရေးက လွယ်ကူသောကြောင့်လည်းကောင်း၊ လုံခြုံရေး ကောင်းမွန် သောကြောင့် လည်းကောင်း အဆင်ပြေသည်။ မြန်မာနိုင်ငံသားတို့၏ စုရပ်ဟုခေါ်ဆိုရမည့် Peninsula Plaza တွင်ဖြစ်စေ၊ ပစ္စည်းကြုံပေးမည့်သူနှင့် ယူမည့်သူတို့ တွေ့နိုင်သော ရထားဘူတာရုံ MRT တစ်ခုခု၌ဖြစ်စေ အချိန်းအချက်ပြု၍ ပေးနိုင်ယူနိုင်ကြပါသည်။

မဒမ်လူထွေးကလည်း လင်တော်မောင် အပင်ပန်းခံ၍ ငွေကြေးရှာဖွေနေခြင်းကို အထူးတလည် အားပေး၍ အလွန်တရာ ဂုဏ်ယူကြောင်း သိသာစေခြင်းငှာ      လူကြုံ ပစ္စည်းများ မကြာခဏ ပေးပို့တတ်၏။ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က အင်တာနက်တွေလဲ မြန်မာပြည်မှာ စလုံးရေ စသာရှိသေး၏။ ရေပေါ်ဆီတွေသာ ကြားဖူး သုံးဖူးသေး၏။ ထို့ကြောင့် လူကြုံစာတွေလည်း ဖတ်လို့ကောင်းတုန်း။ စာတိုက်မှ ပေးပို့လျှင်တော့ ရောက်ချင်လည်း ရောက်မည်။ ရောက်ချင်မှလည်း ရောက်မည်။

လူထွေး Malaysia သို့ ရောက်သွားသောအခါ၌မူ သွားလာ ပို့ဆောင်ရေး နှင့် လုံခြုံရေးတွင် စကာင်္ပူလို မဟုတ်မှန်းသိလာ၏။ ပတ်ဝန်းကျင်ရှိ မိတ်ဆွေ အပေါင်းအသင်းများ၏ အတွေ့အကြုံရော၊ လူထွေးကိုယ်တိုင်၏ ဗဟုသုတအရပါ သတိထား၍ သွားလာနေထိုင်ရမည်ကို သိ၏။ ထို့ကြောင့် သူ့ဇနီးချောကို သူမှာ၏။ အစားအသောက်တွေ စာတွေ မပို့ပါနှင့်ဟု…။

ထို့သို့တားမြစ်မှာကြားထားပါလျက် တစ်နေ့သောအခါ မဒမ်လူထွေးက ရန်ကုန်ရွှေမြို့တော်မှ မလေးရှားသို့အလုပ်လုပ်ရန် လာသော အသိတစ်ဦးမှ တစ်ဆင့် စားသောက်စရာနှင့် အသုံးအဆောင်အချို့ကို လူကြုံပါးလိုက်၏။ လူထွေးမှာ ရယ်၍ ငို၍ မရသော မျက်နှာဖြစ်သွားသည်။ လူထွေးနေသော လိပ်စာနှင့် လူကြုံနေသောလိပ်စာမှာ နီးသဖြင့် ယူရတာ လွယ်မည်ထင်၍ ပါးလိုက်ခြင်းဖြစ်ပါသတဲ့။ သေဟဲ့ နန္ဒိယ ဟုသာ လူထွေးအော်လိုက်ချင်တော့၏။

Puchung ချင်းတူပေမဲ့၊ နေရာက အကျယ်ကြီးလေ။ သို့သော် လူကြုံလိပ်စာကို ဖတ်၍ လူထွေး၏မိတ်ဆွေ ကိုမြသန်းက မဝေးလှကြောင်းပြော၏။ လူထွေးနှင့် ကိုသိန်းဌေး Taxi ငှားပြီး သွားကြ၏။ လုယက်တာတွေ ပေါလှသောကြောင့် လူထွေးတစ်ယောက်တည်း သွားဖို့မဖြစ်နိုင်။ တစ်ခုသော တနင်္ဂနွေတွင် အလုပ်ပိတ်သော ကိုသိန်းဌေးအား အဖော်ခေါ်ခဲ့ရသည်။  ထိုလိပ်စာမှာ လိုင်းကားရောက်သောနေရာလဲ မဟုတ်၍ Taxi ငှားမှဖြစ်မည်။

ဟိုရောက်၍ လူကြုံပစ္စည်းယူကာ Taxi ငှားပြီး ပြန်လာကြသည်။ မောမောနှင့် လ္ဘက်ရည်ဆိုင်တွင် လ္ဘက်ရည်သောက်၊ မုန့်စားကြရသေး၏။ အသွားအပြန် Taxi ခ ရယ်၊ အထွေထွေစရိတ်ရယ် ပေါင်းလိုက်တော့ မဒမ်လူထွေးပို့သော ပစ္စည်းဖိုးလောက် ဖြစ်နေ၏။ မလေးရှားမှာပဲ ဝယ်စား၊ ဝယ်သုံးလိုက်ရင် လွယ်ပါ့။ လူပင်ပန်း၊ အချိန်ကုန်၊ ကျေးဇူးတင်ရတာပဲ အဖတ်တင်သည်။ လူကြုံကလည်း သဘောကောင်းသူမို့ စောင့်ရှောက်ပေးခြင်း ဖြစ်၏။ အချို့လူကြုံတွေက ချက်ချင်းလာမယူနိုင်လျှင် စားစရာတွေ အနံ့ထွက်လာပြီဟု ဆိုကာ လွှင့်ပစ် လိုက်ကြသတဲ့။ ( အမှန်တော့ စားပစ် လိုက်ကြခြင်းပါ။ )

လူထွေးလည်း ဖြစ်ကြောင်းရယ်မှ ကုန်စင်ကို သူ့ဇနီးချောလေး မဒမ်လူထွေးထံ စုံစုံလင်လင် ရှင်းပြပြီး စကာင်္ပူလို မဟုတ်သဖြင့် နောက်နောင် လူကြုံပစ္စည်းမပို့ရန် မေတ္တာ ရပ်ခံ၏။ ပို့ခဲ့သည်ရှိသော် ဒုက္ခပေးခြင်း သက်သက်ပင် ဖြစ်ကြောင်း၊ ပို့သူ အတွက်လည်း အလုပ်ရှုပ်ရုံသက်သက်ပင် ဖြစ်ကြောင်း ပြောပြရ၏။ ထိုအခါကျမှ နောက်ပိုင်းတွင် လူထွေးထံ လူကြုံပစ္စည်း မပို့တော့ပေ။ ကျေးဇူး တင်ပါတယ် မယ်မင်းကြီးမ အချောအလှရယ်ဟု လူထွေးက စိတ်တွင်းမှ ကျေးဇူးတင်နေမိ၏။

ကဲ…စာဖတ်သူ၊ သင့်ဇနီးက သင့်ထံ လူကြုံပစ္စည်းပို့သဖြင့် စိတ်ဆင်းရဲဖူးပါသလား။ လူထွေးကတော့ သို့ဂလို စိတ်ဆင်းရဲဖူးပါကြောင်း…။

၆။ မင်းတပ်သားညီအစ်ကို ၂ ဦး၏ လွမ်းစရာဖြစ်ရပ်

၂၀၀၅ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ ကြားသိခဲ့ရသော ဖြစ်ရပ်ရယ်ပါ။

လူထွေးတို့ လျှပ်စစ်တပ်ဆင်ရေးလုပ်နေသော ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ချင်းလူငယ်တစ်ဦးကို တွေ့ရသည်။ မင်းတပ်နယ်ဖက်မှဟုဆိုသဖြင့် လူထွေးလဲ ချင်းလိုသွားနှုတ်ဆက်သည်။ နည်းနည်းပါးပါးပဲ သူက ပြန်ပြောနိုင်သည်။ နောက်တော့ သိရသည်မှာ မင်းတပ်နယ်ရှိ ဂွန်နင်၊ ဂျန်နန်ရွာကြီးများဖက်ကဟု သိရသည်။ သူတို့ကိုယ်သူတို့ ရောင်တူ ( ရောင်ကို လျှာလိပ်သံဖြင့် ဖတ်ရန် ) ဟု ခေါ်သည်။ မင်းတပ် ကန်ပက်လက်နယ်ရှိ ချင်းမျိုးနွယ်များပင် ဖြစ်သော်လည်း၊ ဒေသန္တရ စကားနဲနဲကွဲသည်။ ယောနယ်တလွှားရှိ ဆော၊ ဂန့်ဂေါ၊ ထီးလင်းမြို့နယ်များတွင် တောင်သားတိုင်းရင်းသားများစွာရှိရာ၊ ထိုတောင်သားများနှင့် ရောင်းတူတို့မှာ တထပ်တည်းတူသည်။ တိုက်ရိုက်စကားပြော၍ ရပါသည်။

သူနှင့် ခင်မင် ရင်းနှီးလာပြီး၊ တစ်ယောက်အကြောင်း တစ်ယောက် ပြောပြခဲ့ကြသည်။ မလေးရှား၌ ၂၀၀၃ ခုနှစ်လောက်တွင် ကွယ်လွန်သွားခဲ့သော သူ့ညီလေးအရင်းကို အမြဲသတိရနေသည်။ သူတို့သည် မလေးရှားသို့ အောက်လမ်းမှနေ၍ တရားမဝင် ခိုးဝင်လာခဲ့သူများဖြစ်သည်။ သူတို့ကို Over-stay သမားများဟုခေါ်သည်။ အိုတွေဟု အတိုကောက်ခေါ်၏။

အိုတွေရဲ့ဘဝကလည်း သိပ်တော့မလွယ်။ တရားဝင်အပေါ်လမ်းကလာလျှင် Passport စာအုပ်ရရှိရေး၊ လေယာဉ်လက်မှတ်၊ ပွဲခ စသဖြင့် ကုန်ကျစရိတ်များသည်။ စောင့်ရချိန် ကြာသည်။ ထို့ကြောင့် ကုန်ကျစရိတ် နည်းနည်းနှင့် ချက်ချင်းလာလိုသူတို့အတွက် အမြန်ရောက်သော နည်းဖြစ်၏။ သို့သော် လမ်းခရီးတွင် အထစ်အငေါ့ အဖမ်း အဆီးရှိလျှင် ဒုက္ခ ရောက်ကြသည်။ မလေးရှားထဲ ရောက်လာပြန်တော့လည်း အခက်အခဲ တွေ တပုံတပင်။

ရဲတွေနှင့် အချိန်မရွေး တွေ့နိုင်သည်။ ငွေပါလျှင် သူတို့ ကျေနပ်နိုင်မည့်ပမာဏကို ပေး၍ ပြန်လွှတ်ပေးမည်။ ငွေမပါလျှင် (သို့မဟုတ်) သူတို့ လိုသလောက် မပေးနိုင်လျှင် ဖမ်းခေါ် သွားမည်။ အချုပ်ထဲ ရောက်နေသူ သို့မဟုတ် Camp ထဲရောက်နေသူကို ငွေပေး၍ လိုက်ရွေး နိုင်လျှင် ရကောင်းရမည်။ ရချင်မုလည်း ရမည်။

သမင်မွေးရင်း ကျားစားရင်း ဆိုသလို၊ အလုပ်လုပ်ပြီး ငွေစုလိုက်၊ ရဲဖမ်းသဖြင့် ပြန်ကုန်သွားလိုက်…ထိုသို့ သံသရာ လည်နေသူများလည်း ရှိသည်။ Passport လက်ဝယ်ရှိ၍ တရားဝင်အလုပ်လုပ်ခွင့် Work Permit ရှိသူများပင်ဖြစ်စေ မလေးရှားရဲများက စစ်ဆေးသောအခါ သူတို့နှင့်အဆင်ပြေ အောင် ပြောဆိုဆက်ဆံဖို့လိုသည်။ မိမိက အမှန်အကန် တရားဝင်ဖြစ်သော်လည်း သူတို့က လ္ဘက်ရည်ဖိုးလောက် ပေးပါ ဆိုတတ်၏။ ပေးနိုင်က အနည်းအကျဉ်းပေး၍ မပေးနိုင်လျှင် မိမိက လခတွေကို မိသားစုထံ အကုန်ပို့တာပင် အဆင်မပြေ၍ မပေးနိုင် ပါကြောင်း၊ ပေးတော့ပေးချင် ပါကြောင်း စသဖြင့် ချိုချိုသာသာ ပြောသူများ ဘေးကင်းပါသည်။ ထို့သို့မဟုတ်ပဲ နင်ပဲငဆသွားပြောလျှင် ရဲအချို့က Passport ကိုဆွဲဖြဲ လွှင့်ပစ်၍ လူကိုဖမ်းသွား တတ်ကြောင်း၊ Passport မရှိဟု အကြောင်းပြကာ အခြားရဲများထံ ထပ်ဆင့် အပ်နှံတတ်ကြောင်းလည်း သိရသည်။

သနားကြင်နာတတ်၍ ကူညီဖေးမသော၊ အဆင်ပြေပြေ နေနိုင်အောင် ဘယ်လို သွားလာ လုပ်ကိုင်ပါဟု သင်ပေးသော မလေးရှားရဲအချို့လည်း ရှိပါသည်။ ရှားတော့ ရှားတာပေါ့လေ။

အဖွဲ့ဖြင့် ဝင်ရောက် စစ်ဆေးခြင်းကို Operation ဝင်သည်ဟု ခေါ်၏။ မလေးရှားလိုတော့ အော်ပရာစီ ဝင်သည်ဟု ဆို၏။ ဒါမျိုးတွေကိုလည်း အိုတွေ သတိထားရ၏။ မျက်နှာကျက်အထက်မှာ တက်ပုန်းလို့ လွတ်သူတွေ ရှိသလို၊ တက်ဖမ်းလို့ မိကုန်သူတွေလည်း ရှိသည်။

တစ်ရံခါတွင် ထို ဂျန်နန်သားတို့ ညီအစ်ကိုတွေ အော်ပရာ စီဝင်၍ အမိခံရသည်။ ရဲတွေက အစ်ကိုအား ထိုးကြိတ်ကန်ကျောက်ရိုက်နှက်ကြသည်။ ညီက ဤမြင်ကွင်းကြောင့် အကြီးအကျယ် ဝမ်းနည်းပြီး ငိုယိုအော်ဟစ်တော့၏။ ရွာမှာ သူတို့ ညီအစ်ကိုတွေကို မိဘကပင် ထို့သို့ မရိုက်နှက်ခဲ့။ အရိုက်ခံရသူက မငိုပဲ၊ ဘေးမှကြည့်နေသော ညီက အော်ငိုနေတော့ ရဲတွေလည်းမျက်စိလည်ကုန်သည်။ အစ်ကို ဖြစ်သူကို သနား၍ အော်ငိုခဲ့သော ညီလေးခမြာ ခုတော့ ကွယ်လွန်ခဲ့ချေပြီ။

စိုက်ပျိုးခင်းတွင် အလုပ်လုပ်နေသော ညီလေးမှာ ၁ နှစ်ပင် မပြည့်သေး။ နေထိုင်မကောင်းဖြစ်လာသည်။ တစ်ကိုယ်လုံးဖောရောင်ပြီး ဖျားခြင်းဖြစ်သည်။ အပင်သန်အားဆေးတွေ၊ ဓာတ်မြေ သြဇာတွေ၊ ပိုးသတ် ဆေးတွေကို နေ့စဉ်ကိုယ်တွယ်သုံးစွဲ လာရသဖြင့် ထိုဓာတုပစ္စည်းများက အဆိပ်သင့်ခြင်း ဖြစ်နိုင်သည်။ အမှန်တော့ လက်၊ ပါးစပ်၊ မျက်စိ၊ နားတို့ကို အကာအကွယ် လုပ်ပြီးမှ ထိုဓာတုပစ္စည်း များကို အသုံးပြုရမည်။ တစ်ခုခု စားသောက်လိုလျှင် လက်ဆေးပြီးမှ စားသောက်ရမည်။ အလုပ်ရှင်တွေကလည်း အိုတွေကို လုံလောက်သောပညာပေးမှု၊ လမ်းညွှန်မှုရှိဟန်မတူ။

အိုတွေကလည်း အလုပ်ရ၊ ဝင်ငွေရှိလျှင် ပြီးရောဟု သဘောထားဟန်တူသည်။ ဘာဗဟုသုတမှ ရှိဟန်မတူ။ ချင်းတောင်က တောင်ယာစိုက်ခင်း တွေမှာတော့ ရိုးရာဓလေ့အရ ပိုးသတ်ဆေးတွေ၊ ဓာတ်မြေသြဇာတွေ ထည့်သုံးကြခြင်းမရှိ။ အချို့အသီးအရွက်တွေကို ဟင်းအိုးထဲသို့ ဒီအတိုင်း (ရေမဆေးဘဲ) ပစ်ထည့်စားသောက်ခဲ့ကြသည်။ ဓာတုဓာတ်ကြွင်းမရှိ၍ ဘာအန္တရယ်မှ မဖြစ်ပေ။

သူ့ညီလေးသေတော့ ဝမ်းနည်းလှသဖြင့် အုတ်ဂူလေးတစ်ခုလုပ်ပေးဖို့ စိုင်းပြင်း နေသည်။ သူတို့က ခရစ်ယာန်များဖြစ်၍ အုတ်ဂူလေးလုပ်၊ သေသူနှင့်ပတ်သတ်သော စာများရေးထိုးဖို့ သူက ဆုံးဖြတ်သည်။ ခရစ်ယာန်အသင်းတော်အချို့ကလည်း ဝိုင်းဝန်း၍ အလှူခံပေးပါသည်တဲ့။ ရင်းဂစ် ၆၀၀၀ လောက် ကုန်မည်တဲ့။ ယခု ရင်းဂစ် ၄၀၀၀ လောက် ရှိနေပါပြီတဲ့။ ထိုစဉ်က ငွေပေါက်ဈေးနဲ့ဆိုလျှင် ကျပ်ငွေ ၁၅ သိန်းလောက် ကုန်မည်။ လူထွေးက ဗုဒ္ဓဘာသာဆိုတော့ ဗုဒ္ဓဘာသာလို တွေးသည်။ သေသူက ကံနှင့် ကံအကျိုးပေးအရ ဘဝတစ်ခုခုသို့ ကူးပြောင်းရောက်ရှိနေပြီ။ အုတ်ဂူအတွက် ကုန်မယ့်ငွေကို ချင်းတောင်ရှိ မိဘများထံ ပေးပို့ခြင်း ( သို့မဟုတ် ) ပရဟိတအတွက် လှူဒါန်းခြင်းများ ပြုလုပ်ဖို့ သင့်သည်ဟု ယူဆသည်။

( မှတ်ချက်။ ရန်ကုန်ပြန်ရောက်သောအခါ ခရစ်ယာန်ဘာသာဝင် ဆရာ ဦးကိုကိုကြီး (သချာင်္) နှင့် ဤကိစ္စ ဆွေးနွေးပါသည်။ ဆရာက ခရစ်ယာန်ဘာသာဝင်များအဖို့ မြေမှဖြစ်သော လူသားသည် သေဆုံးလျှင် မြေသို့သာ ပြန်ဝင်ရမည် ဟု မဖြစ်မနေသတ်မှတ်ထားမှု မရှိကြောင်း၊ ဆရာကြီး ယုဒသန်သည်ပင် ပင်လယ် ရေကြောင်းခရီး၌ သေဆုံးခဲ့ရာ ပင်လယ် ထဲသို့ ပစ်ချ သဂြိင်္ုလ်ခဲ့ရကြောင်း ပြောပြပါသည်။)

သူတို့ညီအစ်ကို၏ လွမ်းစရာအဖြစ်သနစ်က ပြည်ပရောက် မြန်မာနိုင်ငံသားအချို့၏ တွေ့ကြုံဖြတ်သန်းမှုများအနက် တစ်ခုပင် ဖြစ်ပါ၏။

၇။ တနင်္ဂနွေနံနက်ကို အရုပ်ဆိုးစေသော ဖြစ်ရပ်တစ်ခု

လူထွေးတို့အဖို့ ကျက်သရေ မင်္ဂလာ အရှိဆုံးသောနေ့နှင့် အချိန်မှာ စနေနေ့ အလုပ်သိမ်းချိန်ဖြစ်သည်။ တနင်္လာနေ့မှစ၍ အလုပ် လုပ်လိုက်ရာ ပိတ်ရက်ကို မျှော်ရသည်က အမောပင် ဖြစ်၏။

တနင်္ဂနွေနေ့ နံနက်ပိုင်း သည်လည်း ဆက်လက်ပြီး ကျက်သရေ ရှိနေပါ၏။ တစ်ခုသော တနင်္ဂနွေ နံနက်တွင် လူထွေးသည် မိုးညှင်းဇာတိ ထိန်လင်းနှင့် အတူ  ကိုသိန်းဌေးထံသို့ ထွက်လာခဲ့ကြ၏။ လ္ဘက်ရည်သောက်၊ မုန့်စား၊ လေပေါကြရန် ဖြစ်သည်။

တိုက်ခန်းတွဲတစ်ခု၏နောက်ဖက် အတိုင်း လျှောက်လာကြသည်။ နောက်ဖက်ဆိုပေမဲ့ ကားများ သွားလာနိုင်သောလမ်းကျယ်ပင် ဖြစ်သည်။ တစ်နေရာ မှာတော့ မှောက်လျက် သေနေသော အလောင်းတစ်ခုကို တွေ့ရ၏။ ထိုဝန်းကျင်တွင် နေထိုင်သောမြန်မာအချို့၏ ပြောပြချက်အရ မနေ့ညက ဗီယက်နမ် အလုပ်သမားတစ်ယောက်ကို ဆိုင်ကယ်စီး ဓါးပြများက ဝိုင်းဝန်းလုယက်ရာ၊ ထို ဗီယက်နမ်ကလည်း ပြန်လည် ခုခံတိုက်ခိုက်သဖြင့် အသတ်ခံသွားရခြင်း ဖြစ်သည်ဟု သိရသည်။ တနင်္ဂနွေနံနက်ကို အရုပ်ဆိုးစေသော ဖြစ်ရပ်ပါ။

မလေးရှားတွင် လူ့အသက် တစ်ချောင်း ဆုံးရှုံးဖို့ဆိုတာ အလွန် လွယ်ကူသလို ဖြစ်နေသည်။ အထူးသဖြင့် တရားမဝင် ရောက်လာသော နိုင်ငံခြားသားများအဖို့ ပိုဆိုးသည်။ ဘယ်ကလာတဲ့၊ ဘယ်လူမျိုးမှန်း မသိသူကို ဘာကြောင့် ဘယ်သူက ဘယ်လိုသတ်သွားတာလဲ ဆိုတာ သက်သေထင်ရှားမရှိသောကြောင့် ခပ်မြန်မြန် အမှုပိတ်သိမ်းလိုက်ရုံ ဖြစ်သည်။ ရဲတွေကလည်း သူတို့နိုင်ငံသားကိစ္စပဲ အလေးပေးကြသတဲ့။

နိုင်ငံသားလူဦးရေ ၂၂ သန်းကျော် (၂၀၀၄ ခုနှစ်လောက်က) ရှိသော မလေးရှားနိုင်ငံတွင် နိုင်ငံခြားသားဦးရေမှာ တရားဝင်ရော၊ တရားမဝင်ပါပေါင်းလိုက်လျှင် ၃ သန်းကျော်မည်ဟု အချို့ကခန့်မှန်းသည်။ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတွင် မှတ်ပုံတင်၍ နိုင်ငံကြီးများသို့ ရောက်ရှိ ခိုလှုံရန် စောင့်ဆိုင်း နေသူများလည်း မနည်းလှပါ။

သြော်…လူစုံ၊ အဖြစ်စုံ၊ ဒုက္ခစုံ၊ မှတ်သားဖွယ်စုံသော မလေးရှားပင် ဖြစ်ပါ ပေသတည်း။

၈။ အမှိုက်ပုံဖွသော ကလေးတစ်ယောက် ဥပမာ

ပြည်ပရောက် မြန်မာနိုင်ငံသားများ အနက် မလေးရှားမှာ ၂၀၀၅ တွင် လူထွေး တွေ့ခဲ့ရသော ကိုသင်းကတော့ ဥပမာ အပေးကောင်းသူဖြစ်သည်။ ဘာလေးပဲ ပြောလိုက်၊ ပြောလိုက် ဥပမာလေးနှင့်…။ ပြီးတော့မှ လက်တွေ့ဖြစ်ရပ် နှင့် ဟပ်စပ် တိုက်ဆိုင်ပြသည်။ ကြာနီကန်ဆရာတော်က (ပေးလိုက်တဲ့ ခေါင်းစဉ်နဲ့ ဟောလိုက်တဲ့ တရား၊ ကိုက်မသွားပေဘူးလား) ဆိုတော့ တရားနာပရိသတ်က ကိုက်သွားပါတယ် ဘုရားဟု ဖြေကြသည်။ ယခုလည်း ကိုသင်း၏ဥပမာနှင့် လက်တွေ့ဖြစ်ရပ်က တကယ့်ကိုကွက်တိ…။ ကိုသင်းကပြောသည်။

‘ ကလေးငယ်တစ်ယောက်ဗျာ…၊ မျိုးရိုးစဉ်ဆက်က ချမ်းသာလာတယ်။ ဖအေ သေသွားတာလား ပျောက်သွားတာလားမသိ။ မအေကလည်းအတွင်းပစ္စည်းတွေတစ်ပုံတစ်ပင်နဲ့ ကျန်ရစ်ခဲ့ရော။ အရက်သောက်၊ ဖဲရိုက်၊ မကောင်းတဲ့မိန်းမ လိုက်စား၊ တခါတရံ ဓါးပြထွက်တိုက်… အဲဒီလိုလူက ဟိုသူဌေး ကတော်မုဆိုးမလေး၊ ကလေး တစ်ယောက် အမေကို အတင်းအကြပ် သိမ်းပိုက် ပါလေရော။ သူက မုဆိုးမသားအမိကို လုပ်ကျွေးဖို့နေနေသာသာ၊ မုဆိုးမသားအမိ ပိုင်ဆိုင်သမျှကို မောင်ပိုင်စီးပြီး သုံးဖြုန်း ပျော်ပါး နေတာပေါ့။

ကလေးလေးက စားရမဲ့သောက်ရမဲ့ ဆိုတော့ ဟိုလူ့ဆီက တောင်းရမ်းစားရ၊ ဒီလူ့ဆီက တောင်းရမ်းစားရပေါ့။ တချို့က အော်ငေါက် ခိုင်းစေပြီး ၊ မထိုက်မတန် အနည်းအကျဉ်း လေးပေးတာပေါ့။ ကာကွယ်ပေးမဲ့သူမရှိတော့ ဟိုလူက ထိပ်ခေါက်သွား၊ ဒီလူက ဆောင့်ကန်သွား… ဒါမျိုးလည်း ရှိသေးတယ်။ စားကြွင်းစားကျန်တွေ လွှင့်ပစ်ထားတဲ့ အမှိုက်ပုံနား သွားဖွတော့ သူ့ထက်ကြီးတဲ့ ကောင်တွေက အနိုင်ကျင့်တယ်။ ခွေးတွေ လိုက်ကိုက်လို့ အော်ရတာက ရှိသေးတယ်။ ရလာတဲ့ မုန့်အချို့ကို ပထွေးက လုစားသေးတယ်။’

‘ဘာကို ပြောချင်တာလဲ ကိုသင်းရဲ့’

‘ကမ္ဘာနိုင်ငံ အချို့ကို ကြည့်ဗျာ။ သဘာဝ အရင်းအမြစ်တွေက အလျှံပယ်။ ဒါတွေကို စနစ်တကျ ထိထိရောက်ရောက် အသုံးချပြီး နိုင်ငံနဲ့ လူမျိုး ကောင်းစားအောင် လုပ်ပေးမဲ့ ဖအေ နဲ့ တူသူကလည်း မရှိတဲ့သဘော။ အာဏာသိမ်းပြီး သဘာဝ အရင်းအမြစ် တွေကို ကိုယ်ကျိုးအတွက် ဘုံးလိုက်ကြသူ တွေကတော့ ပထွေးဆိုးနဲ့ တူတဲ့သူတွေ ပေါ့ဗျာ။ ပြည်သူပြည်သားအချို့ကတော့ လုပ်ကိုင်စားသောက်လို့ အဆင်ပြေမလား ဆိုပြီး ဟိုနိုင်ငံထွက်သွား၊ ဒီနိုင်ငံထွက်သွား နဲ့ပေါ့။ တရားဝင်တာရော၊တရားမဝင်တာရော အစုံပါပဲ။ ပွဲစားတွေကတော့ စီးပွားဖြစ်ကြ တာပေါ့’

‘ပွဲစားအချို့ အလုပ်ရှင်အချို့ နည်းလမ်းမျိုးစုံနဲ့ ညစ်ပတ်ကြ၊ ကလိမ်ကကျစ်လုပ်ကြတယ်။ ကာကွယ်ပေးမဲ့သူ မရှိ။ ကလေးကို ဟိုလူက ထိပ်ခေါက်သွား၊ ဒီလူက ဆောင့်ကန်သွား လုပ်သလိုပေါ့။ လာဘ်စားငွေညစ်တဲ့ရဲတွေ၊ ဆိုင်ကယ်စီးလုယက်သူတွေက ဘာနဲ့တူလဲ ဆိုတော့ အမှိုက်ပုံနားမှာ ရှာစားတဲ့ ကလေးကို လိုက်ကိုက်တဲ့ခွေးတွေနဲ့တူတယ်။ ဒုက္ခရောက်တာ၊ အနိုင်ကျင့် ခံရတာ မကာကွယ်ပေးပဲနဲ့ သံရုံးမှာ အခွန်ဆောင်၊ မဆောင်ရင် ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုသူတွေကတော့ အမှိုက်ပုံမှာ ကောက်လာ တဲ့ မုန့်ကို လုစားတဲ့ ပထွေးပေါ့ဗျာ’

မှတ်မှတ်သားသားဖြစ်ရသော ကိုသင်း၏ ဥပမာလေးပါခင်ဗျား။

(မှတ်ချက်။ ၂၀၀၅ တွင် ကိုသင်းက ထိုသို့ပြောခဲ့သော်လည်း ယခု ၂၀၁၃ တွင်မူ ကလေးအဖေရင်း ပြန်လာခါနီးပြီဟုများ ကိုသင်းက ပြောလေ မလားဟု ထင်မြင်မိ ကြောင်းပါ။ မြန်မာနိုင်ငံ၏ ကောင်းသော ပြုပြင်ပြောင်းလဲရေး အလားအလာများကို ကိုသင်းလည်း စိတ်ဝင်စားမှာ မုချ ဖြစ်ပါသည်။

အပိုင်း (၂)ကို ဆက်လက်ရေးသားပါဦးမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, ရေခြားမြေခြား မြန်မာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်