သန်းဝင်းလှိုင် – အာကာသ စူးစမ်းမှုသမိုင်း – အပိုင်း (၄)

May 31, 2014

အာကာသ စူးစမ်းမှုသမိုင်း – အပိုင်း (၄)
သန်းဝင်းလှိုင်
မေ ၃၁၊ ၂၀၁၄
 

 

 

တစ်ဖန် ၁၉၇၁ ခုနှစ် ၊ ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် အာကာသယာဉ်မှူးများ ဖြစ်ကြသော အဂ္ဂါမစ်ချယ်၊ အလန်ရှက်ပက်၊ စတူးလ်ရိုဆာတို့နှင့်အတူ လဆင်းယာဉ်ငယ်နှင့် လက်တွန်းလှည်းတစ်စီး ပါဝင်သော အပိုလို – ၁၄ ကို အာကာသသို့ ပစ်လွှတ်ခဲ့ပြန်သည်။ အာကာသယာဉ်မှူး အလန်ရှက်ပတ်နှင့် အဂ္ဂါမစ်ချယ်တို့သည် လမျက်နှာပြင်၌ သိပ္ပံဆိုင်ရာ စူးစမ်းရေး ကိရိယာများကို လှည်းပေါ်တင်၍ လှည့်လည်စူးစမ်းခဲ့ကြသည်။
 
ထို့နောက် အမေရိကန်ပြည်ထောင်စုသည် အာကာသယာဉ်မှူး သုံးဦးနှင့်အတူ ရိုဗာ (Rover) ခေါ် လေးဘီးယာဉ်တစ်စင်းနှင့် လသွား ယာဉ်ငယ်တို့ ပါဝင်သော အပိုလို-၁၅ ကို ၁၉၇၁ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် လွှတ်တင်ခဲ့သည်။ ယင်းအာကာသယာဉ်မှ ဒေးဗစ်ကော့နှင့် ဂျိမ်းအိုဝင်တို့သည် လမျက်နှာပြင်ပေါ်၌ ရိုဗာခေါ် လေးဘီးယာဉ်ဖြင့် လှည့်လည်၍ သိပ္ပံဆိုင်ရာ စူးစမ်းမှုများကို ပြုလုပ်ခဲ့သည်။

ဆက်လက်၍ ၁၉၇၂ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် ယာဉ်မှူး သုံးဦးနှင့် လဆင်းယာဉ်တို့အပြင် သေတ္တာဖြင့် သီးသန့်ထည့်ထားသော ဗက်တီးရီးယား (Becteria ) များ၊ ဗိုင်းရပ်စ်ပိုး (Viruses) များနှင့် မှို (Fungi) များ ပါဝင်သော အပိုလို-၁၆ အာကာသယာဉ်ကိုလည်းကောင်း၊ ၁၉၇၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ယာဉ်မှူးသုံးဦးနှင့်အတူ လဆင်းယာဉ်၊ ရိုဗာခေါ် လေးဘီးယာဉ်တို့ ပါဝင်သော အပိုလို-၁၇ ကိုလည်းကောင်း အသီးသီးပစ်လွှတ်ခဲ့သည်။

ယင်းအပိုလို-၁၇ အာကာသယာဉ် ပျံသန်းမှုအစီအစဉ်မှာ အမေရိကန်ပြည်ထောင်စု၏ လသို့ လူရောက်ရှိ စူးစမ်းရေးအတွက် ပြုလုပ်သော အပိုလိုစီိမံကိန်း၏ နောက်ဆုံးအဆင့် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် အပိုလိုစီမံကိန်းအရ အပိုလိုအမှတ်စဉ် ၂ဝ အထိ လသို့ ပစ်လွှတ်ရန် မူလက စီစဉ်ထားသော်လည်း ငွေအကုန်အကျ များပြားသဖြင့် အပိုလို-၁၇ အထိသာ ပစ်လွှတ်နိုင်ခဲ့သည်ဟု နာဆာအဖွဲ့မှ ကြေညာခဲ့သည်။

အပိုလိုစီမံကိန်း အစီအစဉ်အရ လပေါ်သို့ အပိုလို-၁၁ အာကာသယာဉ်အပါအ၀င် အဖွဲ့ ၆ ဖွဲ့ (၁၉၇ဝ ပြည့်နှစ်က လွှတ်တင်ခဲ့သော အပိုလို-၁၃ သည် အောက်စီဂျင်ဓါတ်ငွေ့လှောင်ကန် ချို့ယွင်းခဲ့သောကြောင့် ကမ္ဘာသို့ ပြန်လည်ဆင်းသက်ခဲ့ရသည်။) ကို လွှတ်တင်ခဲ့သည်။ ယင်းအဖွဲ့မှ ယာဉ်မှူးများသည် လမျက်နှာပြင်မှ ကျောက်များ၊ မြေမှုန့်များ၊ ပေါင်ချိန် ၈၅ဝ ပေါင်ကို ကမ္ဘာသို့ သယ်ယူခဲ့ပြီး လမျက်နှာပြင်တွင် စုစုပေါင်း မိုင် ၆ဝ ခြေဆန့်ခဲ့ကာ နာရီပေါင်း ၁၆၆ နာရီကြာမျှ လေ့လာစူးစမ်းခဲ့ကြ၏။

ဆိုဗီယက်ပြည်ထောင်စုသည် ၁၉၆၇ ခုနှစ်၊ ဧပြီလအတွင်းက ဆိုယုဇ်-၁ အာကာသယာဉ်ဖြင့် လိုက်ပါခဲ့သော ယာဉ်မှူးကိုမာရော့ဗ်သေဆုံးပြီးနောက် အာကာသစူစမ်းမှုအစီအစဉ်များ ခေတ္တရပ်ဆိုင်းသွား ခဲ့သည်။ သို့သော်လည်း ၁၉၆၈ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဆိုယုဇ်အမှတ်-၂ ကိုလည်းကောင်း၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဆိုယုဇ်-၃ ကိုလည်းကောင်း၊ ၁၉၆၉ ခုနှစ်၊ ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် ဆိုယုဇ်-၄ ကိုလည်းကောင်း၊ ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် ဆိုယုဇ်အမှတ်-၅ ကိုလည်းကောင်း အသီးသီး ပစ်လွှတ်ခဲ့သည်။

ယင်းနောက် ဆက်လက်၍ ဆိုဗီယက်ပြည်ထောင်စုသည် ၁၉၆၉ ခုနှစ်အတွင်း ဆိုယုဇ်-၆၊၇၊၈ တို့ကို ပစ်လွှတ်ခဲ့ပြန်သည်။

ထို့နောက် ဆိုဗီယက်ပြည်ထောင်စုသည် အလေးချိန်မဲ့သော အာကာသအတွင်း၌ လူသားများ ကြာရှည်စွာ နေနိုင်ခြင်း ရှိ မရှိကို စူးစမ်းရန်အတွက် ၁၉၇ဝ ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် ဆိုယုဇ်-၉ ကို လွှတ်ခဲ့သည်။ ယာဉ်မှူးများအဖြစ် အင်ဒရီယန်းနီကို လေယက်ဗ်နှင့် ဗစ်တာလီဆီဗတ်စကီယန်နော့ဗ်တို့ လိုက်ပါခဲ့ပြီး အာကာသထဲ၌ ၁၇ ရက်၊ ၁၆ နာရီ၊ ၅၉ မိနစ်ကြာ နေထိုင်ခဲ့ကြသည်။ ယင်းအာကာသယာဉ်မှူး နှစ်ဦးတို့၏ ပျံသန်းချိန်သည် ယခင် အမေရိကန်ပြည်ထောင်စုမှ ဂျီမီနီ-၇ အာကာသယာဉ်မှ ယာဉ်မှူး ဖရန့်ဘော်မင်း (Frank Borman) နှင့် ဂျိမ်းစ်လိုဗဲလ် (James Lovell) တို့ တင်ထားသော ၁၃ ရက်၊ ၁၈နာရီ၊ ၃၅ မိနစ် စံချိန်ကို ချိုးနိုင်ခဲ့သည်။

ဆိုဗီယက်ပြည်ထောင်စုသည် ယင်းသို့ ရှေ့ပြေးစူးစမ်းမှု အမျိုးမျိုးကို အောင်မြင်စွာ ပြုလုပ်ပြီးသောအခါ ဆာလွတ် (Salyut-the Obital Scientific Station) ဟု အမည်ပေးထားသော ကမ္ဘာပထမဆုံး ကမ္ဘာပတ် အာကာသစခန်းကြီးကို ၁၉၇၁ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့တွင်  ကမ္ဘာပတ်လမ်း ၀န်းအတွင်းသို့ လွှတ်တင်ခဲ့သည်။ အလျား ၆၀ ပေရှိ၍ အလေးချိန် ၁၇ တန်ခွဲလေးသော ထိုဆာလွတ်အာကာသ စခန်းသည် ကမ္ဘာမြေပြင်မှ အနီးဆုံး ၁၂၄ ဒသမ ၂ မိုင်နှင့် အဝေးဆုံး ၁၃၇ ဒသမ ၉ မိုင်တွင်း ရှိသော ကမ္ဘာပတ်လမ်း ၀န်းအတွင်း၌ အီကွေတာသို့ ၅၀ ဒသမ ၆ ဒီဂရီ တိမ်းစောင်းလျက် ၈၈ ဒသမ ၅ မိနစ်တွင် တစ်ကြိမ်ကျ လှည့်ပတ်လျက် ရှိသည်။ ဆာလွတ်အာကာသစခန်း၏ အတွင်းပိုင်း အကျယ်အ၀န်းမှ ကုဗပေ ၃၅ဝဝ ရှိ၍ ကုဗပေ ၂၁ဝ မျှ ရှိသော အမေရိကန်ပြည်ထောင်စု၏ အပိုလိုအာကာသယာဉ်များထက် များစွာ ပို၍ ကျယ်ဝန်းလေသည်။ ထို့ကြောင့် ယာဉ်တွင်း၌ ယာဉ်မှူးများအတွက် စာကြည့်ခန်းမှစ၍ ချက်ပြုတ်ဖွယ်ရာ အိုးခွက်၊ မီးဖိုနှင့် ရေခဲသေတ္တာ စသော ပစ္စည်းပါရှိပါသည်။  ဆာလွတ်အာကာသစခန်း၏ ပုံသဏ္ဍာန်မှာ အရွယ်မတူသော ကျည်တောက်သဏ္ဍာန် အစိတ်အပိုင်းများ ဆက်စပ်ထားသကဲ့သို့ ရှိသည်။ ယင်းအစိတ်အပိုင်းများကို တစ်ခုနှင်တစ်ခု လေအလုံပိတ် ဆက်စပ်ထားသည်။ ထို့ပြင်နေရောင်ခြည်အားသုံး ဘက်ထရီများ ထားရှိရာ တောင်ပံနှစ်ခုကိုလည်း အာကာသစခန်း၏ ဦးပိုင်းနှင့် ပဲ့ပိုင်းတို့၌ တပ်ဆင်ထားသည်။ ဆာလွတ်အာကာသစခန်း ပျံသန်းမှုကို ဆိုဗီယက်ပြည်ထောင်စုအတွင်းရှိ မြေပြင်စခန်းများနှင့် အတ္တလန္တိတ် သမုဒ္ဒရာအတွင်းရှိ မော်ဇိုးဗက်စ် (Morzohvets) ကီရိုစထရော့ဗ် (Kegostrov)၊ အကယ်ဒမီရှင်ဆာဂျီကိုရိုလက်ဗ် (Academician Sergei Korolev) သင်္ဘောများက ဆက်သွယ်ထိန်းသိမ်းပေးသည်။

ဆာလွတ်ကမ္ဘာပတ် အာကာသစခန်းကို ပစ်လွှတ်ပြီးနောက် လေးရက်အကြာ ဧပြီလ ၂၃ ရက်နေ့တွင် ဗလာဒီမီယာရှာတာလော့ဗ်၊ ဒေါက်တာအလက်ဇီလေလီဆေယက်ဗ် နှင့် နီကိုလိုင်ရူကာဗစ်ရှ်နီကော့ဗ် တို့ လိုက်ပါသော ဆိုယုဇ်-၁၀ အာကာသယာဉ်ကို လွှတ်တင်ခဲ့သည်။ နောက်တစ်နေ့တွင် ဆိုယုဇ်-၁ဝ နှင့် ဆာလွတ်အာကာသစခန်းတို့ ချိတ်ဆက်မိပြီး ငါးနာရီခွဲခန့် အတူတကွ ပျံသန်းခဲ့သည်။

ယင်းနောက်၁၉၇၁ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် ဆိုယုဇ်-၁၁ ကို ပစ်လွှတ်၍ ဆာလွတ်ကမ္ဘာပတ်စခန်းနှင့် ချိတ်ဆက်ပျံသန်းခဲ့ပြန်သည်။လိုက်ပါခဲ့သော ယာဉ်မှူးများမှာ ဂျော်ဂျီဒိုဘရိုဗော့စကီး၊ ဖလာဒီစလပ်ဗောလ် ကော့ဗ်နှင့် ဗစ်တာပက်ဆမ်တို့ ဖြစ်သည်။ ယင်းတို့သည် ဆိုယုဇ်-၁၁ နှင့် ဆာလွတ်ကမ္ဘာပတ် အာကာသစခန်းတို့ ချိတ်တွဲ ပျံသန်းနေစဉ်၌ ယာဉ်ပုံစံ စက်ကိရိယာ တန်ဆာပလာနှင့် ယာဉ်အတွင်း စီမံထားရှိချက်များကို စမ်းသပ်စစ်ဆေးခြင်း၊ အာကာသယာဉ်လမ်းဝန်း တည့်မတ်ပေးရေးနှင့် ထိန်းသိမ်းမောင်းနှင်ရေး နည်းစနစ်များကို လက်တွေ့စမ်းသပ်ခြင်း၊ မြေပြင်ရှိဘူမိဗေဒနှင့် ပထ၀ီဝင်ဆိုင်ရာ အရာဝတ္ထုများ၊ ကမ္ဘာ့လေထုအတွင်း ဖွဲ့စည်းမှုများနှင့် ကမ္ဘာ့မြေပြင်ကို ဖုံးလွှမ်းလျက်ရှိသော ရေခဲများကို စူးစမ်းလေ့လာခြင်း၊ အလေးချိန်မဲ့သော အာကာသအတွင်း၌ တာရှည်စွာ နေထိုင်မှုကြောင့် လူခန္ဓာကိုယ် အစိတ်အပိုင်းများအပေါ် အကျိုးသက်ရောက်မှုဆိုင်ရာ ဆေးသိပ္ပံများကို လေ့လာစူးစမ်းခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

ဆိုဗီယက် အာကာသယာဉ်မှူး သုံးဦးတို့သည် ပျံသန်းရက် ၂၄ ရက်ရသည့်တိုင် တစ်စုံတစ်ရာ ချို့ယွင်းချက်မရှိပဲ မိမိတို့ကျရာ တာဝန်များကို ထမ်းဆောင်နိုင်ခဲ့သည်။ ထို့နောက် ဇွန်လ ၂၉ ရက်နေ့တွင် ဆာလွတ်အာကာသစခန်းမှ ဖယ်ခွာလျက် ကမ္ဘာမြေပြင်သို့ ဦးတည်ပျံသန်းခဲ့သည်။ ဆာလွတ်မှ ဖယ်ခွာချိန်မှစ၍ ဆိုယုဇ်-၁၁ အာကာသယာဉ်နှင့် မြေပြင်စခန်းတို့ အဆက်မပြတ်ရှိခဲ့သော်လည်း မြေပြင်အနီး ၁၅ မိနစ် အလိုခန့်တွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။  ယင်းနောက် ကမ္ဘာမြေပြင်သို့ ၁၅ မိနစ်အကြာတွင် ကြိုတင်သတ်မှတ်ထားရာ နေရာသို့ လေထီးဖြင့် ညင်သာစွာ ဆင်းသက်နိုင်ခဲ့သည်။ သို့သော် အာကာသယာဉ် ရှာဖွေရေးအဖွဲ့မှ ပုဂ္ဂိုလ်များက ဆိုယုဇ်ယာဉ်တံခါးများကို ဖွင့်လိုက်သောအခါ ယာဉ်မှူး သုံးဦးစလုံးတို့သည် ထိုင်ခုံများတွင် ထိုင်လျက် သေဆုံးနေသည်ကို တွေ့ရသည်။ ဆိုဗီယက် အစိုးရက အာကာသယာဉ်မှူးများ သေဆုံးရခြင်းမှာ ဆိုယုဇ်ယာဉ်အတွင်း ရုတ်တရက် လေဖိအားကျဆင်းမှုကြောင့် ဖြစ်သည်ဟု ဆိုသည်။

အမေရိကန်ပြည်ထောင်စုသည် အပိုလိုစီမံကိန်း ပြီးဆုံးသည့်အခါတွင် အပိုလိုစီမံကိန်း၌ အသုံးပြုခဲ့သော အဆင့်သုံးဆင့် ပေါက်ကွဲအားသုံး ဆေတန်- ၅ အမျိုးအစား ဒုံးပျံအင်ဂျင်စက် နေရာတွင် ဒုံးပျံအင်ဂျင်စက် မတပ်ဆင်ပဲ အာကာသစခန်းသဖွယ် စီမံ၍ နှစ်ဆင့်ပေါက်ကွဲနိုင်သော ဆေတန်-၅ အမျိုးအစား ဒုံးပျံဖြင့် စကိုင်းလက် (Skylab) ခေါ် အာကာသစခန်းကို ပစ်လွှတ်ရန် စီစဉ်ခဲ့သည်။ 

စကိုင်းလက်သည် အလျား ၈၂ ဒသမ ၂ ပေ၊ ဗျက် ၂၂ ပေ ရှိပြီး အတွင်းဖက်၌ အကျယ်အ၀န်း ကုဗပေပေါင်း ၁၁၅၀၀ ရှိသည်။ ယင်း အာကာသယာဉ်အတွင်း၌ အာကာသယာဉ်မှူး သုံးဦး အိပ်စက်ရန် အခန်း၊ အလုပ်လုပ်ရန် အခန်းနှင့် ရေချိုးခန်း တစ်ခန်းပါရှိသည်။ အလေးချိန်မှာ ပေါင် ၁၉၆ဝဝဝ ရှိသည်။ ကိုယ်ထက်တဖက်စီတွင် နေရောင်ခြည်မှ လျှပ်စစ်ဓါတ်အား ထုတ်ယူနိုင်သော အလျားပေ ၃ဝ၊ အနံ ၂ဝ ပေရှိသည့် နေရောင်ခံ တောင်ပံ တစ်ခုစီပါရှိပြီး ကိုယ်ထည်၏ တစ်ဖက်၌လည်း အရွက်လေးရွက်ပါသော ရဟတ်ဒလက် သဏ္ဍာန် နေရောင်ဖမ်းကိရိယာနှင့် ၉၈ ပေ မြင့်သော နေကြည့်မှန်ပြောင်း တစ်ခု တပ်ဆင်ထားသည်။ စကိုင်းလက်တွင် စားနပ်ရိက္ခာ ပေါင်ချိန် ၂ဝဝဝ နှင့် ရေအလေးချိန် ပေါင် ၆ဝဝဝ အပါအ၀င် ပစ္စည်းအမျိုးပေါင်း ၁၃ဝဝဝ ပါဝင်ပြီး ယင်းတို့၏ အလေးချိန် စုစုပေါင်းမှာ ငါးတန်ခန့် ရှိသည်ဟု ဆို၏။ စကိုင်းလက် ပျံသန်းမှု အစီအစဉ်အတွက် ကုန်ကျစရိတ်မှာ ဒေါ်လာသန်းပေါင်း ၂၆ဝဝ ဖြစ်ပြီး စကိုင်းလက် တစ်ခုတည်း၏ တန်ဘိုးမှာ ဒေါ်လာသန်း ၂၉၄ သန်း ဖြစ်သည်ဟု ဆိုသည်။

စကိုင်းလက်သည် မြေပြင်အထက် မိုင် ၂၇ဝ အမြင့်မှ ကမ္ဘာကို ပတ်၍ ပျံသန်းရာ၌ ၉၃ မိနစ်လျှင် ကမ္ဘာပတ် တစ်ရက်လျှင် ၁၅ ပတ်ခွဲနှုန်းဖြင့် ရှစ်လခန့် ကမ္ဘာကို ပတ်၍ ပျံသန်းနေရန် စီမံထားသည်။

ထို့နောက် အမေရိကန်ပြည်ထောင်စုသည် လူမပါသော စကိုင်းလက်ခေါ် အာကာသစခန်းကို ဆေတန်-၅ အမျိုးအစားဖြင့် ၁၉၇၃ ခုနှစ် မေလ ၁၅ ရက်နေ့တွင် အာကာသသို့ ပစ်လွှတ်ခဲ့သည်။ ယင်းသို့ စကိုင်းလက် ယာဉ်ကြီး ကမ္ဘာကိုပတ်၍ ပျံသန်းနေစဉ် အာကာသယာဉ်မှူးကိုးဦးကို အဆိုင်းသုံးဆိုင်းခွဲ၍ အပိုလို အာကာသ ယာဉ်များဖြင့်လွှတ်တင်ခဲ့သည်။အပိုလိုအာကာသယာဉ်များကို ဆေတန်-ဘီဒုံးပျံဖြင့် သယ်ဆောင်သွားခဲ့ကြ  သည်။

ပထမအဆိုင်းတွင် လိုက်ပါခဲ့သော ယာဉ်မှူးများမှာ အာကာသယာဉ်မှူး ချားလ်ကွန်ရက်၊ ဆေးသိပ္ပံပညာရှင် ဂျိုးဇက်ပီကားဝင်းနှင့် လေယာဉ်အင်ဂျင်နီယာ ပေါလ်ဂျေဝိဇ်တို့ ဖြစ်သည်။ ယင်းတို့သည် စကိုင်းလက်နှင့် ချိတ်ဆက်ပျံသန်းကာ စကိုင်းလက်ယာဉ်ကြီး၏ ချို့ယွင်းနေသော နေရောင်ခံ တောင်ခံကို ပြုပြင်၍ သိပ္ပံစမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီး ဇွန်လ ၂၂ ရက်နေ့တွင် ဆန်တီယာဂိုမြို့ အနောက်တောင်ဖက် ပစိဖိတ်သမုဒ္ဒရာ ရေပြင်သို့ ပြန်လည်ဆင်းသက်ခဲ့သည်။

ထို့နောက် အာကာသယာဉ်မှူးများ စကိုင်းလက်တွင် နေထိုင်၍ အာကာသစူးစမ်းမှုများ ပြုလုပ်ရန် အမေရိကန်ပြည်ထောင်စုသည် အာကာသယာဉ်မှူး အလန်ဘင်း၊ အိုဝင်ဂါရိယော့နှင့် ဂျိုက်လော့စမာတို့ ပါဝင်သည်။ အပိုလို အာကာသယာဉ်ကို စကိုင်းလက်ရှိရာသို့ ဒုတိယဆိုင်း အဖြစ်ဖြင့် ဇူလိုင်လ ၂ဝ ရက်နေ့တွင် ပစ်လွှတ်ခဲ့ပြန်သည်။ အာကာသယာဉ်မှူး အိုဝင်ဂါရီယော့နှင့် ဂျိုက်လော့စမာတို့သည် အာကာသအတွင်း လမ်းလျှောက်ယင်း စကိုင်းလက်၏ နေရောင်ကာကို နေရာတကျဖြစ်စေရန် ပြန်လည်ပြုပြင်ခြင်း၊ နေကြည့်မှန်ပြောင်း အနေအထားကို ပြုပြင်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ ထို့နောက် ယင်းအာကာသ ယာဉ်မှူးတို့သည် မူလစီစဉ်ထားသည့်အတိုင်း စကိုင်းလက်တွင် ၅၉ ရက်ခွဲခန့် နေထိုင်၍ စူးစမ်းမှုများ ပြုလုပ်ပြီးနောက် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဆန်တီယာဂိုမြို့ အနောက်ဖက် ၂၂၅ မိုင်အကွာရှိ ပစိဖိတ်သမုဒ္ဒရာရေပြင်သို့ ပြန်လည်ဆင်းသက်ခဲ့သည်။

ထို့နောက် အမေရိကန် ပြည်ထောင်စုသည် အာကာသယာဉ်မှူး ကိုရာပီကား၊ အက်ဒွပ်ဂျီဂျစ်ဘ်ဆင်နှင့် ၀ီလျံအာရ်ပုတ်တို့ ပါဝင်သော အပိုလို အာကာသယာဉ်ကို ဆေတန်-၁ ဘီ ဒုံးပျံဖြင့် စကိုင်းလက်ရှိရာ အာကာသသို့ တတိယအဆိုင်းအဖြစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ပစ်လွှတ်ခဲ့သည်။ ယင်း အာကာသယာဉ်မှူးများသည် စကိုင်းလက်၌ ၈၄ ရက်ခန့်နေ၍ အာကာသစူးစမ်းမှုများကို ပြုလုပ်ခဲ့ကြပြီး ကမ္ဘာသို့ ပြန်လည်ဆင်းသက်ခဲ့ပြန်သည်။

စကိုင်းလက်၌ အဆိုင်းသုံးဆိုင်းခွဲ၍ အာကာသယာဉ်မှူးများ ပြုလုပ်ခဲ့သည့် စူးစမ်းမှု စုစုပေါင်းမှာ ကမ္ဘာ့သယံဇာတ ပစ္စည်း စူးစမ်းမှု (၁၄၆)၊ နေစူးစမ်းမှု (၄၄) ခု၊ နက္ခတ္တဗေဒ စူးစမ်းမှု (၂၄)ခု၊ ဆေးသိပ္ပံစူးစမ်းမှု (၂၆)ခု၊ ကမ္ဘာ့ဆွဲငင်အား မဲ့သည့်နေရာ၌ ထုတ်လုပ်ရေး စူးစမ်းမှု (၁၇) ခု၊ လူသားများ အာကာသပျံသန်းရေး စူးစမ်းမှု (၉) ခုနှင့် အထွေထွေစူးစမ်းမှု (၄) ခုတို့ဖြစ်သည်။ ထိုသို့ ယာဉ်မှူးများ စူးစမ်းခဲ့ပြီးနောက် လူမဲ့ စကိုင်းလက် ယာဉ်ကြီးသည် ဆက်လက်၍ ကမ္ဘာကို လှည့်ပတ်ပျံသန်းခဲ့သည်။

သို့သော် ၁၉၇၉ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့၌ စကိုင်းလက်သည် စက်ချို့ယွင်းမှုကြောင့် တစ်နာရီလျှင် မိုင် ၁၆၅၀၀ အမြန်နှုန်းဖြင့် ကမ္ဘာ့လေထုလွှာအတွင်းသို့ ၀င်ရောက်လာခဲ့သည်။ ယင်းနောက် လေထု၏ ပွတ်တိုက်မှုကြောင့် တပ်ဆင်ထားသည့် အစိတ်အပိုင်းများ တစစီ ဖြစ်သွားသည်။ စကိုင်းလက်သည် အာကာသ၌ ၆ နှစ်၊ ၁ လ၊ ၂၇ ရက်ကြာအောင်  ပျံသန်းနေခဲ့ပြီး ခရီးတာ မိုင်ပေါင်း ၈၇၄ သန်းဖြင့် ကမ္ဘာကို ၃၄၉၈၁ ကြိမ် ၀န်းပတ်၍ ပျံသန်းနေခဲ့သည်။

အကယ်၍ အာကာသလွန်းပျံယာဉ်များဖြင့် အာကာသယာဉ်မှူးများ ပျံတက်၍ အချိန်မီ စကိုင်းလက် ယာဉ်ကို ပြင်ဆင်ပြီး အမြင်သို့ ထပ်မံတွန်းတင်ပေးနိုင်ပါက စကိုင်းလက်၏ သက်တမ်းကို ထပ်မံရှည်စေနိုင်မည် ဖြစ်ကြောင်း နာဆာအဖွဲ့က ထုတ်ဖော်ပြောကြားခဲ့သည်။

ထို့နောက် ၁၉၇၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စုမှ အပိုလို အာကာသယာဉ်နှင့် ဆိုဗီယက်ပြည်ထောင်စုမှ ဆိုယုဇ် အာကာသယာဉ်တို့ ချိတ်ဆက်ပျံသန်းခဲ့ကာ ပထမဆုံး အကြိမ်အဖြစ် နှစ်နိုင်ငံ ပူးပေါင်း၍ အာကာသစူးစမ်းမှုများ ပြုလုပ်ခဲ့ကြသည်။ လိုက်ပါခဲ့သော ယာဉ်မှူးများမှာ အပိုလိုအာကာသယာဉ်မှ သောမတ်စ်စတက်ဖို့ဒ်၊ ဗန့်စ်ဘရန့်နှင့် ဒေါ်နယ်လ်စတေတွန် တို့ ဖြစ်ကြပြီး ဆိုယုဇ် – ၁၉ အာကာသယာဉ်မှ အယ်လက်ဆီလီယိုနော့ဗ်နှင့် ဗလာရီကူဗာဆော့ဗ် တို့ ဖြစ်ကြသည်။

အဆိုပါ အပိုလို -ဆိုယုဇ် အာကာသယာဉ် ချိတ်ဆက်ရေး အစီအစဉ်အရ ပြုလုပ်ခဲ့သော စူးစမ်းမှုများမှာ ၂၇ ခုခန့်ရှိပြီး အခြေခံအားဖြင့် သုံးမျိုးခွဲထားသည်။ ယင်းတို့မှာ အာကာသ သိပ္ပံစူးစမ်းမှု၊ ဇီဝဗေဒ စူးစမ်းမှုနှင့် မှီငြမ်းအသုံးပြုနိုင်သော စူးစမ်းမှုများ စသည်တို့ဖြစ်သည်။

ဆိုယုဇ် + အပိုလို ပျံသန်းရေး အစီအစဉ်သည် အာကာသစူးစမ်းမှု သမိုင်း၌ ထူးခြားသည့် သမိုင်းမှတ်တိုင်ဖြစ်ပြီး အမေရိကန်နှင့် ဆိုဗီယက်သိပ္ပံပညာရှင်များသည် လွန်ခဲ့သည့် ၁၈ နှစ်ခန့် အပြိုင်အဆိုင် ကြိုးပမ်းလာခဲ့ရာမှ အခက်အခဲများကို အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ကြောင်းကို ပြသခြင်းပင် ဖြစ်သည်။

ဆိုဗီယက်ပြည်ထောင်စုနှင့် အမေရိကန်ပြည်ထောင်စုတို့သည် လကို စူးစမ်းနေစဉ်မှာပင် သောကြာဂြိုဟ်၊ အင်္ဂါဂြိုဟ်၊ ဗုဒ္ဓဟူးဂြိုဟ်၊ ကြာသပတေးဂြိုဟ်၊ စနေဂြိုဟ် စသော ဂြိုဟ်များကိုလည်း စူးစမ်းမှုများ ပြုလုပ်ခဲ့ကြသည်။

ဆိုဗီယက်ပြည်ထောင်စုသည် ၁၉၆၁ ခုနှစ်တွင် သောကြာဂြိုဟ်သို့ ဗီးနပ်စ်-၁ (Venus-1) အာကာသယာဉ်ကို စတင်ပစ်လွှတ်ခဲ့ပြီး ၊၁၉၆၅ ခုနှစ်တွင် ဗီးနပ်စ်-၂ (Venus-2) နှင့် ဗီးနပ်စ်-၃ တို့ကို ထပ်မံ ပစ်လွှတ်ခဲ့သည်။ ဗီးနပ်စ်-၃ သည် ဆိုဗီယက်ပြည်ထောင်စု တံဆိပ်ခတ်နိုင်ထားသော သိပ္ပံဆိုင်ရာ ကိရိယာတစ်ခုကို သောကြာဂြိုဟ် မျက်နှာပြင်ပေါ်သို့ အောင်မြင်စွာ ချနိုင်ခဲ့သည်။ အခြားသော ဂြိုဟ်တစ်ခုပေါ်သို့ လူသားတို့ ပြုလုပ်ထားသော အရာဝတ္ထု ပထမဆုံးအကြိမ် ရောက်ရှိခြင်း ဖြစ်သည်။ ၁၉၆၇ ခုနှစ်တွင် ပစ်လွှတ်သော ဗီးနပ်စ်-၄ သည် သောကြာဂြိုဟ် မျက်နှာပြင်ပေါ်သို့ ညင်သာစွာ ဆင်းသက်နိုင်ခဲ့သည်။

တစ်ဖန် ၁၉၆၇ ခုနှစ်၊ ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ဗီနီယာ (Venera) အမှတ် – ၄ အာကာသယာဉ်ကိုလည်းကောင်း၊ ၁၉၆၉ ခုနှစ်၊ ဇန်န၀ါရီ ၅ ရက်နေ့တွင် ဗီနီယာအမှတ်-၅ ကိုလည်းကောင်း၊ ၁၉၆၉ ခုနှစ် ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် ဗီနီယာအမှတ်-၆ ကိုလည်းကောင်း သောကြာဂြိုဟ်သို့ အသီးသီး ပစ်လွှတ်ခဲ့သည်။ ယင်းအာကာသယာဉ်များည် အာကာသအတွင်း အပူဖြာထွက်သည့် ဇုံများအခြေအနေ ၊ သံလိုက်စက်ကွင်း အခြေအနေနှင့် သောကြာဂြိုဟ်မျက်နှာပြင် အခြေအနေတို့ကို အနီးကပ် စူးစမ်း၍ မြေပြင်စခန်းရှိ သတင်းပေးပို့နိုင်ခဲ့သည်။ ယင်းတို့အနက် ဗီနီယာ-၄ ၊ ဗီနီယာ-၅ နှင့် ဗီနီယာ-၆ အာကာသယာဉ်တို့သည် သိပ္ပံဆိုင်ရာ အချက်အလက်များကို စူးစမ်းပေးနိုင်သည့် ကိရိယာများကို သောကြာဂြိုဟ် မျက်နှာပြင်သို့ ညင်သာစွာ ချပေးနိုင်ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ဆိုဗီယက်ပြည်ထောင်စုသည် ဗီးနပ်စ်အာကာသယာဉ်များကို ဆက်လက်ပစ်လွှတ်ခဲ့ရာ ၁၉၇၅ခုနှစ်၊ အောက်တိုဘာလတွင် ဗီးနပ်စ်-၉ မှ ပေးပို့သော သောကြာဂြိုဟ် ဓါတ်ပုံများကို ပထမအကြိမ် ရရှိခဲ့သည်။ ၁၉၈၁ ခုနှစ် အောက်တိုဘာလတွင် ဗီးနပ်စ်-၁၄ ကို ပစ်လွှတ်ခဲ့ပြန်သည်။

အမေရိကန်ပြည်ထောင်စုသည်လည်း သောကြာဂြိုဟ် စူးစမ်းရေးအတွက် ၁၉၆၀ ပြည့်နှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ပိုင်အိုးနီးယား (Pioneer) အမှတ်-၅ အာကာသယာဉ်ကို သောကြာဂြိုဟ်သို့ ပစ်လွှတ်၍ ကမ္ဘာပတ်လမ်း ၀န်းနှင့် သောကြာဂြိုဟ်ပတ်လမ်း ၀န်းတို့ အကြားရှိ နေရာတို့ကို စူးစမ်းမှု ပြုလုပ်ခဲ့သည်။

ထို့နောက် သောကြာဂြိုဟ် စူးစမ်းရန်အတွက် အမေရိကန်ပြည်ထောင်စုသည် ၁၉၆၂ ခုနှစ်မှစ၍ မာရီနာ (Mariner) အာကာသာယာဉ်များ လွှတ်တင်ခဲ့သည်။ ၁၉၆၂ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့ ပစ်လွှတ်ခဲ့သော မာရီနာ-၂ အာကာသယာဉ်သည် သောကြာဂြိုဟ်ပတ် လမ်းဝန်းရှိ သံလိုက်စက်ကွင်းဆိုင်ရာ အချက်အလက်များ၊ ကော့စမတ် အမှုန်များ ဆိုင်ရာ အချက်အလက်များကို စူးစမ်း၍ မြေပြင်စခန်းသို့ သတင်းပို့ခဲ့သည်။ မာရီနာ-၄ သည် သောကြာဂြိုဟ် မျက်နှာပြင်ကို ဓါတ်ပုံများရိုက်ကူးပေးပို့ခဲ့သည်။ ၁၉၆၇ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့က ပစ်လွှတ်ခဲ့သော မာရီနာ-၅ အာကာသယာဉ်သည် သောကြာဂြိုဟ်နှင့် မိုင် ၂၄၈၀ အနီးမှ ဖြတ်၍ ပျံသန်းကာ ထိုဂြိုဟ်တွင် လေထုထူထဲစွာ သိပ်သည်းမှုရှိခြင်းကြောင့် ကမ္ဘာထက် လေဖိအား ၁၅ ဆများကြောင်း (လေဖိအား ၁ = ၇၆၀ မီလီမီတာ) ၊ သောကြာဂြိုဟ်၏ လေထုထဲတွင် ကာဘွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့အများအပြား ပါဝင်နေကြောင်း အစရှိသော သောကြာဂြိုဟ်နှင့် ပတ်သက်သည့် သိပ္ပံဆိုင်ရာ အချက်အလက်ပေါင်း လေးသောင်းခန့် ကြိုးမဲ့ကြေးနန်းဖြင့် ကမ္ဘာသို့ ပြန်လည်ပေးပို့ခဲ့သည်။ ထို့ပြင် အမေရိကန်ပြည်ထောင်စုသည် ၁၉၇၈ ခုနှစ်၊ မေလ ၂ဝ ရက်နေ့တွင် ပိုင်အိုးနီးယားဗီးနပ်စ်-၁ ကိုလည်းကောင်း၊ သြဂုတ်လ ၈ ရက်နေ့တွင် ပိုင်အိုးနီယားဗီးနပ်စ်-၂ ကိုလည်းကောင်း၊ သောကြာဂြိုဟ်စီသို့ စေလွှတ်၍ စူးစမ်းလေ့လာခဲ့သည်။ သောကြာဂြိုဟ်သို့ ဆိုဗီယက်နှင့် အမေရိကန်ပြည်ထောင်စု အာကာသယာဉ်များ ၁၉ ကြိမ်ရောက်ရှိ စူးစမ်းခဲ့ကြသည်ဟု ဆိုသည်။

တစ်ဖန် အင်္ဂါဂြိုဟ် စူးစမ်းရေးအတွက် ဆိုဗီယက်ပြည်ထောင်စုမှ မားစ် (Mars) အမှတ်-၁ အာကာသယာဉ်ကို ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင်လည်းကောင်း၊ မားစ်-၂ ကို ၁၉၇၁ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင်လည်းကောင်း၊ ၁၉၇၁ ခုနှစ် မေလ ၂၈ ရက်နေ့တွင် မားစ်-၃ ကိုလည်းကောင်း အသီးသီး ပစ်လွှတ်ခဲ့သည်။မားစ်-၃ အာကာသယာဉ်သည်ဒီဇင်ဘာလ ၂ ရက်နေ့တွင် အင်္ဂါဂြိုဟ် ပတ်လမ်းကြောင်းတွင်းသို့ ၀င်ရောက်ခဲ့ပြီး ဂြိုဟ်ဆင်းယာဉ်ငယ်သည် လေထီးဖြင့် အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်သို့ ပထမအကြိမ် ညင်သာစွာ ဆင်းသက်နိုင်ခဲ့သည်။ သို့ရာတွင် အင်္ဂါဂြိုဟ်မျက်နှာပြင်သို့ ဆင်းသက်အပြီး စက္ကန့်အတွင်း၌ ကမ္ဘာနှင့် အဆက်အသွယ် ပြတ်သွားသဖြင့် အင်္ဂါဂြိုဟ်၏ အနီးကပ် ဓါတ်ပုံများကို မရရှိခဲ့ဟု ဆိုသည်။

၁၉၇၄ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် မားစ်-၆ အာကာသယာဉ်သည် အင်္ဂါဂြိုဟ်သို့ ဆင်းသက်ခဲ့နိုင်ပြီး အင်္ဂါဂြိုဟ်အား ဓါတ်ပုံများ ရိုက်ယူနိုင်ခဲ့သည်။ ထို့ပြင် အင်္ဂါဂြိုဟ်၏ လေထုထဲတွင် အိုဇုန်းဓါတ်ငွေ့ အစအနများကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

အမေရိကန်ပြည်ထောင်စုကလည်း ၁၉၆၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မရီနာ အမှတ်-၄ အာကာသယာဉ်ကို အင်္ဂါဂြိုဟ်သို့ ပစ်လွှတ်ခဲ့သည်။ မရီနာ-၄ သည် ၁၉၆၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် အင်္ဂါဂြိုဟ်နှင့် မိုင်ပေါင်း ၆၂၀၀ အကွာအဝေးသို့ ရောက်ရှိသွားခဲ့ပြီး အင်္ဂါဂြိုဟ်၏ မျက်နှာပြင်ဓါတ်ပုံပေါင်း ၂၂ ပုံကို ရိုက်ယူ၍ မြေပြင်စခန်းသို့ ပေးပို့ခဲ့သည်။ ထိုဓါတ်ပုံများကို လေ့လာသောအခါ အင်္ဂါဂြိုဟ်၏ မျက်နှာပြင်၌ ချိုင့်ဝှမ်းများ ရှိနေကြောင်း သိရှိခဲ့ရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)