fbpx

သန်းဝင်းလှိုင် – အာကာသ စူးစမ်းမှုသမိုင်း – အပိုင်း (၅)

June 2, 2014

အာကာသ စူးစမ်းမှုသမိုင်း  – အပိုင်း (၅)
သန်းဝင်းလှိုင်
ဇွန် ၂၊ ၂၀၁၄
 

မရီနာ-၆ ကို ၁၉၆၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် အင်္ဂါဂြိုဟ်သို့ ပစ်လွှတ်ခဲ့သည်။ မရီနာ-၆ သည် အင်္ဂါဂြိုဟ်နှင့် မိုင်ပေါင်း (၂ဝဝဝ) အကွာအဝေးထိ ရောက်ရှိသွားခဲ့ပြီး အင်္ဂါဂြိုဟ်ရှိ အီကွေတာဒေသ၏ အနီးကပ် ဓါတ်ပုံ (၇၄) ပုံကို ကမ္ဘာသို့ ပေးပို့ခဲ့သည်။ မရီနာ -၆ ထက် တစ်လနောက်ချန်ပြီး ပစ်လွှတ်ခဲ့သော မရီနာ-၇ သည် ကမ္ဘာသို့ ဓါတ်ပုံပေါင်း (၁၂၄) ပုံ ပြန်လည်ပေးပို့ခဲ့၏။ ထိုပုံများတွင် တောင်ဝင်ရိုးစွန်း၏ ဓါတ်ပုံပေါင်း (၃၁) ပုံ ပါဝင်ခဲ့သည်။

မရီနာ-၉ ကိုမူ ၁၉၇၁ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် ပစ်လွှတ်ခဲ့ပြီး ယင်းမှ ဓါတ်ပုံပေါင်း (၇၃၂၉) ပုံ ပြန်လည်ပေးပို့ခဲ့၏။ မရီနာ – ၉ အာကာသယာဉ်သည် ဤကမ္ဘာတွင် မမြင်စဖူးသော ကြီးမားသည့် မီးတောင်ကြီးနှင့် အင်္ဂါဂြိုဟ်၏ လများဖြစ်သော ဖိုးဘိုစ်နှင့် ဒီမို့စ်တို့ကို ပထမဆုံး အကြိမ် ဓါတ်ပုံများ ရိုက်ယူနိုင်ခဲ့သည်။ထို့ပြင် အင်္ဂါဂြိုဟ်၏အပူချိန်၊လေထုတွင် ဖွဲ့စည်းပါဝင်နေသော ဓါတ်ငွေ့များနှင့် လေထုဖိနှိပ် အားတို့ကို တိုင်းထွာနိုင်ခဲ့သဖြင့် အင်္ဂါဂြိုဟ်အကြောင်း သိပ္ပံပညာရှင်တို့ စုံစုံလင်လင် သိရှိခဲ့ရသည်။

ထို့နောက် အမေရိကန်ပြည်ထောင်စုသည် ၁၉၇၅ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့တွင် ဗိုက်ကင်း-၁ ကိုလည်းကောင်း၊ ဗိုက်ကင်း-၂ ကို ၁၉၇၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင်လည်းကောင်း အင်္ဂါဂြိုဟ်သို့ ပစ်လွှတ်ခဲ့ပြန်သည်။ ယင်းဗိုက်ကင်းစီမံကိန်းကို အကောင်အထည်ဖော်ရန် ရှစ်နှစ်ခန့်ကြာပြီး ဒေါ်လာသန်း (၁၀၀၀) ကုန်ကျခဲ့သည်ဟု ဆိုသည်။ ဗိုက်ကင်း ၁ သည် အာကာသအတွင်း ပျံသန်းနေရာမှ ၁၉၇၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် အင်္ဂါဂြိုဟ် ပတ်လမ်းကြောင်း အတွင်းသို့ ဝင်ရောက်ခဲ့သည်။ အင်္ဂါဂြိုဟ် မျက်နှာပြင်ရှိ ခရိုင်စီခေါ် ဒေသ၏ အနောက်ဖက်မျက်နှာပြင်သို့ ဇူလိုင်လ ၂၀ ရက်နေ့တွင် ညင်သာစွာ ဆင်းသက်ခဲ့သည်။ ဗိုက်ကင်း – ၁ အာကာသယာဉ်သည် အင်္ဂါဂြိုဟ်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီးနောက် အင်္ဂါဂြိုဟ်ပေါ်၌ ဆောင်ရွက်ရန် ရှိသည့် စူးစမ်းမှု အ၀၀ကို မူလအစီအစဉ်အတိုင်း လုပ်ဆောင်ခဲ့သည်။

တစ်ဖန် ၁၉၇၆ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့တွင် စတင်၍ အင်္ဂါဂြိုဟ် ပတ်လမ်းကြောင်းသို့ ၀င်ရောက်ခဲ့သော ဗိုက်ကင်း-၂ အာကာသယာဉ်သည် စက်တင်ဘာလ ၄ ရက်နေ့တွင် ဆင်းသက်၍ စူးစမ်းလေ့ လာမှုများ ပြုလုပ်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် ကြာသပတေးဂြိုဟ်နှင့် အခြားနေအဖွဲ့အစည်းအတွင်းရှိ ဂြိုဟ်များကို လေ့လာစူးစမ်းရန်အတွက် ဗွိုင်ယေဂျာ-၂ (Voyager-2) အာကာသယာဉ်ကို ၁၉၇၇ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့တွင် လည်းကောင်း၊ ဗွိုင်ယေဂျာ – ၁ အာကာသယာဉ်ကို စက်တင်ဘာလ ၅ ရက်နေ့တွင် လည်းကောင်း၊ တိုင်တန်-၃ အီးစင်တော (Titan 3 – Centaur) အမျိုးအစား ဒုံးယာဉ်ဖြင့် ကြာသပတေးဂြိုဟ်သို့ ဦးတည်၍ ပစ်လွှတ်ခဲ့သည်။ ယင်းအာကာသယာဉ်နှစ်စင်းသည် တစ်စင်းလျှင် ကီလိုဂရမ် ၈၃၀ (၁ ကီလိုဂရမ် = ၂ ဒသမ ၂ ပေါင်) စီ အလေးချိန်ရှိပြီး ယာဉ်အသီိးသီးတွင် ရုပ်မြင်သံကြားကင်မရာ၊ ကော့စမစ်ရောင်ခြည်ဖမ်း ကိရိယာ၊ အနီအောက်ရောင်ခြည်တိုင်း ကိရိယာ၊ ရေဒီယိုမီတာ၊ စွမ်းအင်မြူမှုန်တိုင်း ကိရိယာ၊ သံလိုက်ဓါတ်၊ ခရမ်းဘေး အလင်းနှင့် အခြားအချက်အလက်များ တိုင်းတာသည့် ကိရိယာများ တပ်ဆင်ထားသည်။ တစ်နေ့လျှင် ကီလိုမီတာ (၉၆၀၀၀၀) ကျော်နှုန်းဖြင့် ကြာသပတေးဂြိုဟ်သို့ ရှေ့ရူပျံသန်းခဲ့သော ဗွိုင်ယေဂျာ-၁ နှင့် အာကာသယာဉ်သည် ၁၉၇၉ ခုနှစ်၊ မတ်လ ဒုတိယပတ်အတွင်း ကြာသပတေးဂြိုဟ် မျက်နှာပြင်နှင့် အနီးကပ်ဆုံး မိုင်ပေါင်း (၁၇၂၄၀၀) သို့ ရောက်ရှိသွားခဲ့သည်။ ယင်းသည် လေပွေကဲ့သို့ ကြာသပတေးဂြိုဟ်၏ အနီးတွင် လည်ပတ်နေသော တိမိတိုက်အတွင်းသို့ ၀င်ရောက်သွားခဲ့သည်။ ယင်းသို့ ၀င်ရောက်သွားခြင်းကြောင့် ပျံသန်းသွားသော လမ်းတစ်လျှောက်တွင် ရောင်ခြည်များ ဖြာထွက်ခြင်း၊ လေမုန်တိုင်း တိုက်ခတ်လာသဖြင့် မူလက တိမ်များ ဖုံးအုပ်နေသည့် ကြာသပတေးဂြိုဟ်၏ လငယ်များကို မြေပြင်စခန်းမှ မြင်ရသည်။ ထို့ပြင် နက္ခတ္တဗေဒပညာရှင်များသည် ကြာသပတေးဂြိုဟ်အား ပတ်၍တည်ရှိနေသော စက်ဝိုင်းကြီး သဏ္ဌာန်ကို အံ့သြစွာ တွေ့ရှိခဲ့ရသည်။

ဗွိုင်ယေဂျာ-၂ အာကာသယာဉ်သည် ၁၉၇၉ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် ကြာသပတေးဂြိုဟ်နှင့် အနီးကပ်ဆုံး ဗွိုင်ယေဂျာ-၁ အာကာသယာဉ် ရောက်ရှိခဲ့သည့် အကာအဝေး၏ နှစ်ဆသို့ ရောက်ရှိပြီး ကြာသပတေးဂြိုဟ်နှင့်တကွ ၀န်းပတ်နေသော လများကို စူးစမ်းလေ့လာခဲ့သည်။ ထို့နောက် ဗွိုင်ယေဂျာ အာကာသယာဉ်နှစ်စင်းသည် တစ်နာရီ မိုင် (၆၅ဝဝဝ) မိုင်နှုန်းချို့ယွင်းချက် တစ်စုံတစ်ရာမရှိပဲ ကြာသပတေးဂြိုဟ်သို့ ပျံသန်းယင်း ကမ္ဘာသိပ္ပံ အချက်အလက်များ ပေးပို့ခဲ့သည်။

ထို့နောက် ဗွိုင်ယေဂျာ-၁ နှင့် ၂ တို့သည် မိမိတွင် တပ်ဆင်ထားသော တွန်းအားပေးစက်ကို နှိုး၍ ကြာသပတေးဂြိုဟ်၏ ဆွဲငင်အားကို သုံးကာ စနေဂြိုဟ်ဆီသို့ ဦးတည်ဆက်လက် ပျံသန်းခဲ့ပြန်သည်။ ဗွိုင်ယေဂျာ-၁ အာကာသယာဉ်သည် ၁၉၇၉ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် စနေဂြိုဟ် အနီးသို့ရောက်ရှိကာ လေ့လာစူးစမ်းမှုများ ပြုလုပ်ခဲ့သည်။ ဗွိုင်ယေဂျာ-၂ သည် ၁၉၈၂ ခုနှစ်၊ သြဂုတ်လတွင် စနေဂြိုဟ် အနီးသို့ ဖြတ်၍ ပျံသန်းကာ ကမ္ဘာသို့ သတင်းအချက်အလက် ပေးခဲ့သည်။ အဆိုပါ အာကာသယာဉ်များကြောင့် သိပ္ပံပညာရှင်များသည် စနေဂြိုဟ်တွင် အရံဂြိုဟ် (လ) ၁၅ စင်း ရှိကြောင်း ယင်းလများတွင် တိုက်တန်လသည် အကြီးဆုံးဖြစ်ရုံသာမကပဲ ဗုဒ္ဓဟူးဂြိုဟ်ထက်ပင် ကြီးမား၍ အချင်းမိုင် ၃၆၀၀ ခန့် ရှိပြီး နေအဖွဲ့အစည်းအတွင်းရှိ လများအနက် အကြီးမားဆုံးဖြစ်ကြောင်း နှင့် အခြားစနေဂြိုဟ်နှင့် ပတ်သက်သော သိပ္ပံအချက်အလက်များကို ကမ္ဘာသို့ ပြန်လည်ပေးပို့ခဲ့သည်။

ယင်းနောက် ဗွိုင်ယေဂျာ-၂ အာကာသယာဉ်သည် ယူရေးနပ်စ်ဂြိုဟ်သို့ ဦးတည်ပျံသန်းခဲ့သည်။ ၁၉၈၆ ခုနှစ်၊ ဇန်န၀ါရီလ ၂၄ ရက်နေ့တွင် ယူရေးနပ်စ်ဂြိုဟ်အနီး မိုင် ၅ဝ၆၇၉ သို့ ရောက်ရှိခဲ့ပြီး ကမ္ဘာသို့ သိပ္ပံအချက်အလက်များ ပေးပို့ခဲ့သည်။ ယင်းတို့မှာ ယူရေးနပ်စ်ဂြိုဟ်ကိုလှည့်လည် ၀န်းရံနေသော ကွင်း ၁ဝ ကွင်း ရှိပြီး လ ငါးစင်းရှိကြောင်း၊ ယင်းဂြိုဟ်၏ တစ်နေ့တာသည် ၁၆ နာရီ ရှိကြောင်း ဂြိုဟ်လည်ပတ်နေသော ၀င်ရိုးစွန်း မြောက်ဘက်ပိုင်းမှာ နီညိုရောင် တိမ်တိုက်များ ရှိကြောင်း ယင်းဂြိုဟ်တွင် လငါးစင်းရှိရာ တိုက်တေးနီးယား (Titania) နှင့် အိုဘာရွန် (Oberon) လ နှစ်စင်းကို လေ့လာပြီးဖြစ်ကြောင်း လတစ်ခုစီ၏ အချင်းသည် မိုင်တစ်ထောင်ခန့် ရှိကြောင်း၊ အိုဘာရွန် လ၏ မျက်နှာပြင်ပေါ်တွင် အမြင့်သုံးမိုင်ရှိသော တောင်ထွတ်တစ်ခုကို တွေ့ရကြောင်း လများ၏ မျက်နှာပြင်ပေါ်တွင် အဖြူရောင် အစက်အပျောက်များကို တွေ့ရပြီး ၎င်းတို့မှာ သတ္ထုတစ်မျိုးဖြစ်ကြောင်း စသည်တို့ ဖြစ်သည်။

ဗွိုင်ယေဂျာသည် ယူရေးနပ်စ်ဂြိုဟ်နှင့် ပတ်သက်သော သိပ္ပံအချက်အလက်များ ပေးပို့ပြီးနေုာက် နက်ပကျွန်းဂြိုဟ်သို့ ဆက်လက်ပျံသန်းသွားခဲ့သည်။ ယင်းသည် နက်ပကျွန်းဂြိုဟ်သို့ ၁၉၈၉ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့တွင် ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။
ဟေလီကြယ်တံခွန် လေ့လာရေး

၁၉၈၀ ပြည့်နှစ်များအတွင်း အာကာသ စူးစမ်းမှုသမိုင်း၌ ထူးခြားသော အချက်တစ်ရပ်မှာ “ဟေလီကြယ်တံခွန်” (Halley’s Comet) လေ့လာရန် နိုင်ငံတကာ အစီအစဉ်များဖြင့် ကြိုးပမ်းအားထုတ် နေကြခြင်း ဖြစ်သည်။ 

၇၆ နှစ်လျှင်တစ်ကြိမ် နေအဖွဲ့အစည်းသို့ ရောက်ရှိလာသော ဟေလီကြယ်တံခွန်သည် ၁၉၈၆ ခုနှစ်တွင် အကြိမ် ၃၀ မြောက် ရောက်ရှိခြင်း ဖြစ်ရာ နိုင်ငံတကာမှ ကြယ်တံခွန်လေ့လာရေး အာကာသယာဉ်များ လွှတ်တင်၍ စူးစမ်းလေ့လာခဲ့ကြသည်။ လူ့သမိုင်းတွင် ပထမအကြိမ် ကြယ်တံခွန်လေ့လာရေး အာကာသယာဉ်များ လွှတ်တင်ခြင်း ဖြစ်သည်။

စင်စစ် ကြယ်တံခွန်များသည် အာကာသအတွင်း တိကျသည့် ပုံသဏ္ဍာန်ရှိသော ၀တ္ထုများဖြစ်ပြီး အခါအားလျော်စွာ တွေ့မြင်ရသော မီးရူးသဏ္ဍာန်ရှိသော အရောင်တန်း ထွက်နေသည့် ကြယ်ကို ဆိုလိုသည်။ ကြယ်တံခွန်ကို အင်္ဂလိပ်ဘာသာဖြင့် ကောမက် (Comet) ဟုခေါ်သည်။ ကောမက်သည် ဂရိဘာသာစကားဖြစ်၍ ဆံရှည်ကြယ် (Long Haired Star) ဟု အဓိပ္ပာယ်ရသည်။

ကြယ်တံခွန်များသည် အာကာသ ခရီးသည်များ ဖြစ်ကြသည်။ ဂြိုဟ်များကဲ့သို့ ကိုယ်ပိုင်လမ်းကြောင်းဖြင့် နေကို လှည့်ပတ်နေကြသည်။ ကြယ်တံခွန်များ၏ လမ်းကြောင်းမှာ အလွန်ရှည်လျားသည်။ ကြယ်တံခွန်များသည် ကိုယ်ပိုင်လမ်းကြောင်းအတိုင်း လှည့်ပတ်နေရာမှ တစ်ခါတစ်ရံ နေနှင့်နီးကပ်ပြီး တစ်ခါတစ်ရံ အာကာသ ဟင်းလင်းပြင် ခရီးဝေးသို့ ရောက်ရှိသွားတတ်သည်။ နေနှင့် အနီးဆုံး အချိန်တွင် အထင်ရှားဆုံး ဖြစ်၍ အတောက်ပဆုံး မြင်ရသည်။

ကြယ်တံခွန်များသည် နေအဖွဲ့အစည်းသို့ အချိန်မှန်ပြန်လည်ရောက်ရှိ လေ့ရှိသဖြင့် နေအနီးသို့ ရောက်တိုင်းကမ္ဘာမှမြင်ကြသည်။အချို့ကြယ်တံခွန်များသည်တစ်ပတ်ပတ်မိရန်နှစ်အနည်းငယ် ကြာသော်လည်း အချို့မှာ နှစ်ပေါင်းများစွာ ကြာလေ့ရှိသည်။ ကြယ်တံခွန်များသည် နေအနီးသို့ ချဉ်းကပ်လာရာမှ အလင်းထွက်သည်။နေနှင့်ဝေးချိန်တွင် ကြယ်တံခွန်များနှေးကွေးစွာ ရွှေ့လျားကြသော်လည်း နေနှင့်နီး ကပ်လာချိန်တွင် တစ်စက္ကန့်လျှင် မိုင်းပေါင်း ၃ဝဝ (တစ်နာရီလျှင် မိုင်းပေါင်း ၁ဝ၈ဝဝဝ) နှုန်းအထိ လျင်မြန်လာတတ်သည်။

နေအဖွဲ့အစည်းသို့ ပုံမှန် ရောက်ရှိလာတတ်သော ကြယ်တံခွန်များအနက် ဟေလီကြယ်တံခွန်သည် အတောက်ပဆုံးနှင့် အချိန် အမှန်ဆုံး ဖြစ်သည်။ တရုတ်သမိုင်း မှတ်တမ်းများတွင် ဘီစီ ၆၁၃ ခုနှစ် ဘီစီ ၄၆၇ နှင့် ပတ်သက်၍ မှတ်တမ်းများ ရှိသည်။ ယင်းမှတ်တမ်းများ၌ ဟေလီကြယ်တံခွန်၏ အသွင်သဏ္ဍာန် ထူးခြားချက်များကို အသေးစိတ် သရုပ်ဖော် ရေးသားထားသည်။ ပို၍ စောသော မှတ်တမ်းမှာ ဘီစီ ၁ဝ၅၆-၅ဝ က ဟေလီကြယ်တံခွန် ရောက်လာပုံ မှတ်တမ်းဖြစ်သည်။ ယင်းကို ရှေးခေတ် စစ်ဗျူဟာကျမ်း တစ်စောင် ဖြစ်သော “ဝိုင်နန်ကြည်” မှ စစ်သေနင်္ဂဗျူဟာ နှင့် ပတ်သက်သော အခန်းတွင် ဤသို့ ရေးသားထားသည်။

 

“ဘုရင်ဝူက ထင်ရှားသော မင်းဆိုးမင်းညစ်ဘုရင်ချူကို တိုက်ခိုက်သည့်အခါ ကောင်းကင်ပေါ်တွင် ကြယ်တံခွန်ပေါ်လာကြောင်း တွေ့ရှိခဲ့သည်။ အမင်္ဂလာ သဘာဝ အချင်းအရာအလုံးစုံ ဖြစ်ပွားလာခဲ့သည်။ ရေကြီးခြင်း၊ မြေပြိုခြင်း စသည့် ကပ်ဘေးများ သင်ခဲ့သည်။ ဘုရင်ချူ ပျက်စီးရခြင်းမှာ ဘုရင်းသခင်၏ အလိုတော်ပင် ဖြစ်သည်” ဟု ပါရှိသည်။

ဘုရင်ဝူနှင့် ဘုရင်ချန်တို့မှာ ရှန်မင်းဆက်ခေတ် (ဘီစီ ၁၆ ရာစု၊ ဘီစီ ၁၁ ရာစု) က ဘုရင်နှစ်ပါး ဖြစ်သည်။အဆိုပါမှတ်တမ်းသည်ရှေးခေတ်ဒဏ္ဍာရီနှင့် ရောထွေးပေါင်းစပ်နေသော်လည်း ဟေလီကြယ်တံခွန်နှင့် ပတ်သက်၍ တရုတ်ပြည်၏ မှတ်တမ်းမှာ အနောက်တိုင်း မှတ်တမ်း (အေဒီ ၆၆ ခုနှစ်) ထက် နှစ်ပေါင်း ၁၁ဝဝ စောကြောင်းကိုမူ ဖော်ညွှန်းနေသည်။ သို့သော် ဟေလီ ကြယ်တံခွန်ကို ဘီစီ ၂၄၀ ကျမှ တရုတ်နက္ခတ္တဗေဒ ပညာရှင်များက ပထမဆုံး တွေ့ရှိခဲ့ကြသည်။

ထို့နောက် ဟေလီကြယ်တံခွန်ကို ဘီစီ ၁၆၄ ၊ ဘီစီ ၈၇ နှင့် ဘီစီ ၁၂ တွင် နေအဖွဲ့အစည်းအတွင်း ထပ်မံရောက်ရှိလာခဲ့သည်။ ဆက်လက်၍ ခရစ်သက္ကရာဇ် ၆၆၊ ၁၄၁၊ ၂၉၅၊ ၃၇၄၊ ၄၅၁၊ ၅၃၀၊ ၆၀၇၊ ၆၈၄၊ ၇၆၀၊ ၈၃၇၊ ၉၁၂၊ ၉၈၉၊ ၁ဝ၆၆၊ ၁၁၄၅၊ ၁၂၂၂၊ ၁၃ဝ၁၊ ၁၃၇၈၊ ၁၄၅၆၊ ၁၅၃၁၊ ၁၆ဝ၇ ခုနှစ်နှင့် ၁၆၈၂ ခုနှစ်များတွင် ဆက်လက်ရောက်ရှိလာခဲ့သည်။

ထိုကြယ်တံခွန်ကို ၁၆၈၂ ခုနှစ်တွင် ဗြိတိသျှ နက္ခတ္တဗေဒ ပညာရှင် အက်ဒမွန်ဟေလီ (Edmond Halley) ၁၆၅၆-၁၇၄၂ ဆိုသူက စနစ်တကျ စူးစမ်းလေ့လာခဲ့သည်။ ကြယ်တံခွန်များသည် အေးစက်နေသော အလင်းမဲ့ ကြယ်ထုများ ဖြစ်၍ အစိုင်အခဲများ ၊ ဓါတ်ငွေ့များ၊ မြူမှုန်များ ပါဝင်ကြသည်။ ကြယ်တံခွန်ကို ထိုးဖောက်၍မှန်ပြောင်းများဖြင့် ကြည့်ပါက အဝေးရှိကြယ်များကိုပင် မြင်ကြရသည်။ စင်စစ် ကြယ်တံခွန်များသည် အလွန်ကြီးမားသည့် ဓါတ်ငွေ့ထုကြီး တစ်ဟုန်ထိုး ရွှေ့လျားပျံသန်းလာခြင်း ဖြစ်သည်ဟု ဆိုသည်။

ကြယ်တံခွန်တွင် ကိုမာ (Coma) ခေါ် ဦးခေါင်းပိုင်း၊ နယူကလီယပ်စ် (Nucleus) ခေါ် အတွင်းပိုင်းနှင့် အမြီးပိုင်း(Tail)ဟူ၍အပိုင်းသုံးပိုင်းပါဝင်ဖွဲ့စည်းထားသည်။ ဦးခေါင်းပိုင်းကို အတိအကျ မတိုင်းတာနိုင်သော်လည်း အချင်းအားဖြင့် မိုင်ပေါင်း တစ်သောင်းမှ တစ်သန်းအထိ ရှိမည်ဟု ခန့်မှန်းသည်။ ကြယ်တံခွန်များသည် နေနှင့်နီးကပ်လာချိန်တွင် အရွယ်ပမာဏကြီးတတ်ပြီး နေနှင့် ဝေးချိန်တွင် သေးငယ်သွားတတ်သည်။ ၁၉၁ဝ ပြည့်နှစ်တွင် ဟေလီကြယ်တံခွန်သည် နေနှင့် မိုင်သန်းပေါင်း ၃ဝဝ အဝေး၌ အချင်းမိုင် ၁၄ဝဝ ရှိပြီး နေနှင့်အနီးဆုံး နေရာသို့ မရောက်မီအချိန်တွင် အချင်းမိုင်ပေါင်း ၂၂ဝဝဝ အထိ ရှိခဲ့သည်။ ဦးခေါင်းပိုင်း၏ အပြင်ဘက်၌ ပါးလွှာသော ဖုန်မှုန့်များရှိပြီး အတွင်းပိုင်းတွင် ကျောက်ခဲတုံးများ တွေ့ရသည်။ အချို့ကျောက်ခဲများတွင် သံနှင့် နီကယ်ဓါတ်များ ပါဝင်ကြောင်း တွေ့ရသည်။ အချို့ကြယ်တံခွန် များ၏ ဦးခေါင်းပိုင်းတွင် တောက်ပသည့် အလင်းလွှာများ ပေါ်နေတတ်သည်ကို တွေ့ရသည်။ ထိုအလင်းလွှာမှာ စက်ဝိုင်းသဏ္ဍာန်ရှိပြီး ဟိုက်ဒရိုဂျင် ဓါတ်ငွေ့များဖြစ်ကြောင်း တွေ့ရသည်။ ကြယ်တံခွန်၏ ဦးခေါင်းပိုင်းသည် အမြဲတမ်း ကမ္ဘာထက်ပိုမိုကြီးမားပြီး တစ်ခါတစ်ရံ အဆများစွာ ပိုမိုကြီးမားတတ်သည်။ ကြယ်တံခွန်၏ အတွင်းပိုင်းမှ ဓါတ်ငွေ့များစွာ ပန်းထုတ်ချိန်တွင် ဦးခေါင်းပိုင်း၏ အချင်းကြီးလာတတ်သည် ဟု ဆိုသည်။

နယူကလီးယပ်စ်ခေါ် ကြယ်တံခွန်၏ အတွင်းပိုင်းသည် ဦးခေါင်းပိုင်း အတွင်း၌ ရှိပြီး ကြယ်တစ်လုံးကဲ့သို့ ထင်ရှားတောက်ပနေသည့် ဗဟိုချက် သို့မဟုတ် ၀တ်ဆံ ဖြစ်သည်။ ထိုအလင်းရောင်သည် အချိန်အားလျော်စွာ ပြောင်းလဲတတ်၏ သို့သော် ကြယ်တံခွန်တိုင်းတွင် အတွင်းပိုင်း ဗဟိုချက်ကို မတွေ့ရဟု ဆိုသည်။ နယူကလီယပ်စ် အရွယ်ပမာဏမှာ အချို့မိုင် ၁ဝဝ ခန့်ပင် မရှိသော်လည်း ၁၈၈၂ ခုနှစ်တွင် တွေ့မြင်ရသော ကြယ်တံခွန် တစ်ခုတွင် မိုင် ၅ဝဝဝဝ အထိ ရှိကြောင်း တွေ့ရသည်။

ကြယ်တံခွန်၏ စိတ်ဝင်စားဖွယ် အကောင်းဆုံးနှင့် ကြည့်၍ အလှဆုံး အပိုင်းမှာ အမြီးပိုင်း ဖြစ်သည်။ အမြီးပိုင်းမှာ မိုင်သန်းပေါင်းများစွာ ရှည်လျား၍ အလင်းတန်းကြီးသဖွယ် လှပစွာ မြင်နိုင်သည်။ အမြီးတန်းသည် နေကို အမြဲဆန့်ကျင်၍ ပေါ်လျက်ရှိသည်ကို တွေ့ရသည်။ အပြီးပိုင်းတွင် မြူမှုန်ထုနှင့် ရေခဲမှုန်များ ပါဝင်ပြီး တဖိတ်ဖိတ် ၀င်းလက်နေလေ့ ရှိသည်။ ကြယ်တံခွန်၏ အမြီးပိုင်းသည် နေနှင့်အနီးဆုံး အချိန်တွင် အရှည်လျားဆုံး ဖြစ်ပြီး နေနှင့် ဝေးချိန်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားလေ့ ရှိသည်။ 

ဟေလီသည် ထိုစဉ်က အသက် ၂၆ နှစ်သာ ရှိသေးသော နက္ခတ္တဗေဒပညာရှင်ဖြစ်ပြီး “အိုက်ဆက်နယူတန်” (Isaac Newton) (၁၆၄၃-၁၇၂၇)၏ အရင်းနှီးဆုံး တပည့်တစ်ဦးလည်း ဖြစ်သည်။ အဆိုပါ ကြယ်တံခွန် အချိန်မှန်မှန် ရောက်လာပုံကို တွေ့ရှိခဲ့သူမှာ ဟေလီပင် ဖြစ်သည် အက်ဒမန်ဟေလီသည် ကြယ်တံခွန်ပေါင်း (၂၄) ခု၏ လမ်းကြောင်းများကို နက္ခဗေဒနည်းဖြင့် တွက်ချက်ကြည့်ခဲ့သည်။ ယင်းလမ်းကြောင်းများအနက် ကြယ်တံခွန်တစ်ခုသည် ၁၅၁၃ ခုနှစ် ကြယ်တံခွန် ၊၁၆၀၇ ခုနှစ် ကြယ်တံခွန်၊ ၁၆၈၂ ခုနှစ် ကြယ်တံခွန်နှင့် လမ်းကြောင်းများသည် အလွန်တူနေကြောင်း တွေ့ရှိခဲ့လေသည်။ ထို့ကြောင့် အက်ဒမန်ဟေလီက အဆိုပါ ကြယ်တံခွန်ကို ၁၇၅၈ ခုနှစ်တွင် တစ်ဖန်ပြန်လာလိမ့်မည်ဟု ၁၇၀၅ ခုနှစ်တွင် ကြိုတင်ဟောကိန်း ထုတ်လိုက်သည်။ ဟေလီသည် ထိုအချိန်မတိုင်မီ ၁၆ နှစ်စော၍ အသက် ၈၆ နှစ်အရွယ် ၁၇၄၂ ခုနှစ်တွင် ကွယ်လွန်သွားသဖြင့် ထိုကြယ်တံခွန်ကို ထပ်မံကြည့်ရူခွင့် မရခဲ့ဟုဆိုသည်။ အဆိုပါ ကြယ်တံခွန်သည် သူပြောသည့်အတိုင်း ၁၇၅၈ ခုနှစ်၊ ခရစ်စမတ်နေပတွင် ပြန်လာသဖြင့် တစ်ကမ္ဘာလုံး မြင်တွေ့ခဲ့ရသဖြင့် ဟေလီ၏ ဟောကိန်း မှန်သွားပေတော့သည်။ ယင်းကြယ်တံခွန်ကို ပထမဆုံး စတင်တွေ့ရှိခဲ့သူမှာ ဂျာမန်လယ်သမား တစ်ဦးဖြစ်သော ဂျိုဟန်ဂျော့ပါလစ်ဇ် ဆိုသူဖြစ်သည်။ ထို့ကြောင့် အဆိုပါ ကြယ်တံခွန်အား သူ၏အမည်ကို ဂုဏ်ပြု၍ ဟေလီကြယ်တံခွန် ဟု ခေါ်တွင်ခဲ့ကြသည်။

ယင်းကြယ်တံခွန်ကို ၁၈၃၅ ခုနှစ်တွင် တစ်ကြိမ် ၊ ၁၉၁ဝ ပြည့်နှစ် မေလတွင် တစ်ကြိမ် တွေ့ခဲ့ရပြီး ၁၉၈၆ ခုနှစ်တွင် အကြိမ် ၃၀ မြောက် ထပ်မံတွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ဟေလီကြယ်တံခွန်သည် နေပတ်လမ်းကြောင်းကို တစ်ပတ်ပတ်မိရန် ၇၆ နှစ်ကြာသည်။ နေမှ နက်ပကျွန်းဂြိုဟ်တစ်ဝိုက် လှည့်ပတ်နေသည့် ကြယ်တံခွန် ဖြစ်သည်။

နေအဖွဲ့အစည်းသို့ အကြိမ် ၃၀ မြောက် ရောက်ရှိလာသော ဟေလီကြယ်တံခွန်သည် ၁၉၈၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေနှင့် အနီးဆုံးသို့ ရောက်ရှိပြီး ဧပြီလ ၁၁ ရက်နေ့တွင် ကမ္ဘာနှင့် အနီးဆုံးသို့ ရောက်ရှိခဲ့သည်။

ထို့ကြောင့် ဟေလီကြယ်တံခွန်ကို အနီးကပ်လေ့လာရန် ကမ္ဘာမှ အာကာသယာဉ်များကို အထူးအစီအစဉ်ဖြင့် လွှတ်တင်ခဲ့ကြသည်။ လူ့သမိုင်းတွင် ပထမဆုံးအကြိမ် ကြယ်တံခွန်လေ့လာရေး အာကာသယာဉ်များ လွှတ်တင်ခြင်း ဖြစ်သလို တိုးတက်လာသော အာကာသ နည်းပညာများ အသုံးပြု၍ ကြယ်တံခွန်ကို အနီးကပ် လေ့လာခြင်းလည်း ဖြစ်သည်။ ထို့ပြင် ကမ္ဘာတ၀န်းမှ နက္ခတ်တာရာ လေ့လာရေး အဝေးကြည့် မှန်ပြောင်းကြီးများကလည်း ဟေလီကြယ်တံခွန် ချဉ်းကပ်လာပုံကို စနစ်တကျ စောင့်ကြည့် နေကြသည်။ မရေမတွက်နိုင်သော နက္ခတ်တာရာ ဝါသနာရှင် အမြောက်အမြားကလည်း နေရာမျိုးစုံမှ နည်းမျိုးစုံဖြင့် စောင့်ကြည့်နေကြသည်။

ဟေလီကြယ်တံခွန် လေ့လာရေး အာကာသယာဉ်များကို ဆိုဗီယက်ပြည်ထောင်စုမှ ပထမဆုံး လွှတ်တင်ခဲ့သည်။ “ဗီဂါ” (VEGA) အမှတ် – ၁ အာကာသယာဉ်ကို ၁၉၈၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် လွှတ်တင်ခဲ့ပြီး “ဗီဂါ အမှတ်-၂” အာကာသယာဉ်ကို ခြောက်ရက်အကြာ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ထပ်မံလွှတ်တင်ခဲ့သည်။ 

ဗီဂါစီမံကိန်း (၁၉၈၄-၁၉၈၆) တွင် ဆိုရှယ်လစ်နိုင်ငံ ခြောက်နိုင်ငံနှင့် အနောက်ဥရောပနိုင်ငံ သုံးနိုင်ငံ ပါဝင်ခဲ့ကြသည်။ယင်းတို့မှာဘူလ်ဂေးရီးယား၊ဟန်ဂေရီ၊ ဂျီဒီအာ (အရှေ့ဂျာမနီ) ၊ ပိုလန်၊ ဆိုဗီယက်ပြည်ထောင်စု၊ ချက်ကိုစလို ဗက်ကီးယား ၊ ပြင်သစ်၊ သြစတြီးယားနှင့် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ (အနောက်ဂျာမနီ) တို့ ဖြစ်ကြသည်။

ဗီဂါ-၁ အာကာသယာဉ်သည် ၁၉၈၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် သောကြာဂြိုဟ်သို့ ရောက်ရှိပြီး ၁၉၈၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် ဟေလီကြယ်တံခွန်၏ ဦးခေါင်းပိုင်းကို ဖြတ်ကျော်ပျံသန်းခဲ့သည်။ ထိုအချိန်တွင် ဗီဂါ – ၁ သည် ကြယ်တံခွန်၏ အတွင်းပိုင်းနှင့် မိုင်ပေါင်း ၆ဝဝဝ ခန့် ကွာဝေးမည်ဟု ဆိုသည်။ ဗီဂါ-၁ သည် ဟေလီကြယ်တံခွန်၏ အတွင်းပိုင်းကို ဓါတ်ပုံရိုက်ယူ၍ စူးစမ်းလေ့လာမှုများ ပြုလုပ်မည် ဖြစ်သည်။

ဗီဂါ-၂ အာကာသယာဉ်သည်လည်း ၁၉၈၅ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် သောကြာဂြိုဟ်သို့ ရောက်ရှိပြီး ဘောလုံးတစ်လုံး လွှတ်တင်၍ မိုးလေ၀သ စူးစမ်းမှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် ဗီဂါ-၁ နှင့် ဗီဂါ-၂ အာကာသယာဉ်နှစ်စင်းလုံးပင် ဟေလီကြယ်တံခွန်နှင့် တွေ့ဆုံရန် ဆက်လက် ပျံသန်းခဲ့ပြီး ဗီဂါ-၂ သည် ၁၉၈၆ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် ဟေလီကြယ်တံခွန်နှင့် ပိုမိုနီးကပ်စွာ တွေ့ဆုံခဲ့သည်။ ထိုအာကာသယာဉ် နှစ်စင်းသည် ကြယ်တံခွန်၏ ပုံသဏ္ဍာန်နှင့် ဖွဲ့စည်းမှုကို စူးစမ်းလေ့လာခဲ့ကြသည်။

ကြယ်တံခွန် လေ့လာရေး အာကာသယာဉ်များ ဒုတိယမြောက် လွှတ်တင်သောနိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်ပြီး ၁၉၈၅ ခုနှစ်၊ ဇန်န၀ါရီလ ၇ ရက်နေ့တွင် “အမ်အက်စ်တီ-၅” (MST-5) အာကာသယာဉ်ကိုလည်းကောင်း၊ ၁၉၈၅ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့တွင် “ပလန်းနက်-အေ” (Planet-A) အာကာသယာဉ်ကိုလည်းကောင်း အသီးသီိး ပစ်လွှတ်ခဲ့သည်။ အမ်အက်စ်တီ-၅ အာကာသယာဉ်သည် ၁၉၈၆ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ဟေလီကြယ်တံခွန်နှင့် မိုင်ပေါင်းများစွာ အကွာမှ ဖြတ်ကျော် ပျံသန်းသွားခဲ့သည်။ ထိုအာကာသယာဉ်သည် ဟေလီကြယ်တံခွန်ကို တိုက်ရိုက်တိုင်းတာမှုများ မပြုလုပ်နိုင်သော်လည်း အခြားစူးစမ်းမှုများ ပြုလုပ်သည် ဟု ဆိုသည်။ ပလန်းနက်-အေ အာကာသယာဉ်သည် ၁၉၈၆ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် ဟေလီကြယ်တံခွန် အနီးမှ ပျံသန်းခဲ့သည်။ ထိုအချိန်တွင် ပလန်းနက်-အေ အာကာသယာဉ်နှင့် ဟေလီကြယ်တံခွန်မှာ မိုင်ပေါင်း ၉ဝဝဝကွာဝေးပြီး ကြယ်တံခွန်ကို ဝိုင်းပတ်လည်နေသော ဟိုက်ဒရိုဂျင်ဓါတ်ငွေ့တိမ်တိုက်များကို စူးစမ်းလေ့လာ သည်ဟု ဆိုသည်။

ဥရောပနိုင်ငံပေါင်း ၁၁ နိုင်ငံပါဝင်သည့် ဥရောပ အာကာသ အေဂျင်စီသည်လည်း ဟေလီကြယ်တံခွန် လေ့လာရေး ဂျီအော်တို (Giolto) အာကာသယာဉ်ကို ၁၉၈၅ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် လွှတ်တင်ခဲ့သည်။ ဂျီအော်တို မှာ ၁၄ ရာစုက အီတလီ အနုပညာကျော်တစ်ဦးဖြစ်ပြီး ယင်းအား ဂုဏ်ပြုသည့်အနေဖြင့် ဥရောပ ဟေလီကြယ်တံခွန် လေ့လာရေး အာကာသယာဉ်ကို မှည့်ခေါ်ထားသည်။ ဒေါ်လာသန်းပေါင်း ၃၀၀ ကျော် တန်သော ဂျီအော်တို အာကာသယာဉ်သည် ဟေလီကြယ်တံခွန်ကို ၁၉၈၆ ခုနှစ်၊ မတ်လတွင် ကီလိုမီတာ ၁ဝဝ မှ ၅ဝဝ အကွာအဝေးအထိ ချဉ်းကပ်လေ့လာခဲ့ရာ အနီးကပ်ဆုံး တွေ့ဆုံခြင်း ဖြစ်သည်။ ဂျီအော်တို အာကာသယာဉ်တွင်ဆေးရောင်စုံကင်မရာ တစ်လုံးတပ်ဆင်ထားပြီး လေးစက္ကန့်လျှင် တစ်ကြိမ် ဓါတ်ပုံရိုက်ယူရန် စီစဉ်ထားသည်။

အမေရိကန်ပြည်ထောင်စုသည် ဟေလီကြယ်တံခွန် လေ့လာရေး အတွက် အာကာသယာဉ် သီးသန့်လွှတ်တင်ခြင်း မပြုသော်လည်း ၁၉၇၈ ခုနှစ်၊ မေလ ၂၀ ရက်နေ့တွင် လွှတ်တင်ခဲ့သော ပိုင်အိုနီးယား-၁၂ (Pioneer -12) အာကာသယာဉ်နှင့် ၁၉၇၈ ခုနှစ် သြဂုတ်လ ၁၂ ရက် နေ့တွင် လွှတ်တင်ခဲ့သော အိုက်စ် (ICE)  ဂြိုဟ်တုများဖြင့် စူးစမ်းလေ့လာရန် စီစဉ်ခဲ့သည်။ ပိုင်အိုနီးယား-၁၂ အာကာသယာဉ်သည် ၁၉၇၈ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သောကြာဂြိုဟ်ကို ၀န်းပတ်ပျံသန်းနေခဲ့ပြီး ဟေလီကြယ်တံခွန် နေအနီိးသို့ ရောက်ရှိချိန်တွင် ခရမ်းလွန်ရောင်ခြည် ကိရိယာဖြင့် စူးစမ်းလေ့လာမည် ဖြစ်သည်။ အိုက်စ် ဂြိုဟ်တုသည်လည်း ၁၉၈၆ ခုနှစ်၊ မတ်လတွင် ဟေလီကြယ်တံခွန်နှင့် မိုင်ပေါင်း ၁၉ သန်းအကွာမှ ပျံသန်းယင်း စူးစမ်းလေ့လာခဲ့သည်။ ထို့ပြင် ၁၉၈၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် လွှတ်တင်ခဲ့သော ဆိုလာမက်စ် (Solar Max) ဂြိုဟ်တုကို လမ်းကြောင်းပြောင်းလဲ၍ ဟေလီကြယ်တံခွန်၏ အမြီးပိုင်းမှ မြူမှုန်နှင့် ဓါတ်ငွေ့များကို စူးစမ်းလေ့လာမည် ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, ရသဆောင်းပါးစုံ, သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)