သန်းဝင်းလှိုင် – အာကာသ စူးစမ်းမှုသမိုင်း – အပိုင်း (၆)

June 3, 2014

အာကာသ စူးစမ်းမှုသမိုင်း – အပိုင်း (၆)
သန်းဝင်းလှိုင်
ဇွန် ၃၊ ၂၀၁၄
 

သောကြာဂြိုဟ်ကို ခုနှစ်နှစ်ကြာ လေ့လာပျံသန်းခဲ့သော ပိုင်အိုးနီးယား-၁၂ အာကာသယာဉ်သည် ၁၁၈ ဒီဂရီလမ်းကြောင်း ပြောင်းလဲ၍ ဟေလီကြယ်တံခွန် ရှိရာသို့ ရှေးရူပျံသန်းခဲ့ပြီး စူးစမ်းမှုများ ပြုလုပ်ခဲ့သည်။ ဟေလီကြယ်တံခွန်သည် နေနှင့်အနီးဆုံးရောက်ရှိချိန်တွင် ပိုင်အိုနီးယား-၁၂ အာကာသယာဉ်က မြင်ကွင်းကောင်းကောင်းမှ စူးစမ်းလေ့လာမည် ဖြစ်သည်။ဟေလီကြယ်တံခွန် ၁၉၁ဝ ပြည့်နှစ်တွင် ရောက်ရှိစဉ်က အမြီးဝိုင်း ပုံသဏ္ဌာန်သည် တစ်နေ့နှင့်တစ်နေ့ မတူဘဲ ပြောင်းလဲခဲ့ပြီး အလင်းရောင်သည်လည်း ပြောင်းလဲခဲ့သည်။ယခုအခါတွင် ထိုအပြောင်းအလဲများကို မျက်ခြည်မပြတ် စူးစမ်းလေ့လာ မှတ်သားလျက်ရှိ သည်ဟု ဆိုသည်။

ထို့ပြင် ကမ္ဘာတ၀န်းရှိ နိုင်ငံပေါင်း ၅ဝ မှ နက္ခတ္တဗေဒပညာရှင် ၉ဝဝ ကျော်နှင့် အပျော်တမ်း ၀ါသနာရှင် ထောင်ပေါင်းများစွာသည်လည်း နိုင်ငံတကာ အစီအစဉ်ဖြင့် ပူးပေါင်း လေ့လာခဲ့ကြသည်။ အာကာသယာဉ်များမှ ရရှိသော အချက်အလက်များ၊ မြေပြင်စခန်းများမှ ရရှိသော အချက်အလက်များ ပေါင်းစပ်၍ ကျယ်ကျယ်ပြန့်ပြန့် စူးစမ်းလေ့လာကြမည်ဖြစ်သည်။ နိုင်ငံတကာ ဟေလီကြယ်တံခွန် လေ့လာမှုသည် ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံးသော သိပ္ပံဆိုင်ရာ စူးစမ်းလေ့လာမှုတစ်ခုဖြစ်သည်။ ၁၉၈ဝ ပြည့်နှစ်တွင် စတင်ခဲ့သော ဆယ်နှစ်ကြာထိုလေ့လာမှုအတွက်အမေရိကန်ပြည်ထောင်စုအမျိုးသားလေကြောင်းနှင့် အာကာသအုပ်ချုပ်ရေး အဖွဲ့ (နာဆာ) က ဒေါ်လာ ၁ဝ သန်း ထည့်ဝင်ခဲ့ပြီး ပြည်ထောင်စု သမ္မတ ဂျာမနီနိုင်ငံက ဒေါ်လာ ၈ဝဝဝ ထည့်ဝင်ခဲ့သည်။

သိပ္ပံပညာရှင်များသည် ဟေလီကြယ်တံခွန်၏ ရောင်စုံဓါတ်ပုံများကိုလည်း ၁၉၈၆ ခုနှစ်၊ မတ်လဆန်းတွင် ကြည့်ရူခွင့်ရခဲ့ကြသည်။ ဆိုဗီယက်ပြည်ထောင်စုမှ လွှတ်တင်ထားသော ဗီဂါ-၁ အာကာသယာဉ်က ဟေလီကြယ်တံခွန်၏ အနီးကပ်ဓါတ်ပုံများကို ရှင်းလင်းပြတ်သားစွာ ရိုက်ကူးပေးပို့ခြင်း ဖြစ်သည်။ ဗီဂါ-၁ သည် ဟေလီကြယ်တံခွန်အနီး ကီလိုမီတာ – ၉ဝဝဝ (မိုင်ပေါင်း ၅၆ဝဝ) အထိ ချဉ်းကပ်၍ သုံးနာရီအတွင်း ဓါတ်ပုံပေါင်း ၅ဝဝ ကျော် ရိုက်ကူးပေးပို့ခဲ့သည်။


ဂျီအော်တို အာကာသယာဉ်ကလည်းဟေလီကြယ်တံခွန်၏ ဓါတ်ပုံများ ရိုက်ကူးပေးပို့ခဲ့ရာ ကြယ်တံခွန်၏ အမြီးပိုင်းသည် မျှော်လင့်ထားသည်ထက် ပိုမိုကြီးမား၍ မည်းနက်လျက် ရှိကြောင်း တွေ့ရသည်။ အတွင်းပိုင်း ဗဟိုချက်၏ အရွယ်ပမာဏမှာ အလျား ၉ ဒသမ ၃ မိုင်နှင့် အနံ ၂ ဒသမ ၅ မိုင်ခန့် ရှိသည်ဟု သိရသည်။ ဟေလီကြယ်တံခွန်၏အတွင်းပိုင်းသည် ရေခဲဖြင့်ဖွဲ့စည်းထားပြီး ကျယ်ပြန့်နွေးထွေးသည့် ဖုန်မှုန့်မျက်နှာပြင် ရှိကြောင်း၊ ထို့ပြင် ဖုန်တိမ်တိုက်များ ၀ိုင်းပတ်လျက်ရှိကြောင်းဖြင့် သိပ္ပံပညာရှင်များက ပြောခဲ့သည်။ ဟေလီကြယ်တံခွန်၏ အတွင်းပိုင်း ဓါတ်ပုံများသည် ညစ်ညမ်းနေသော နှင်းဘောလုံးကြီး (Dirty Snowball) ဟူသော ယူဆချက်ကို ပိုမို ခိုင်မာစေသည်ဟု သိရသည်။ အတွင်းဝိုင်း၏ ကန့်လန့်ဖြတ် အကျယ်သည် နှစ်မိုင် ခန့်ရှိပြီး ကာဘွန်ဒိုင်အောက်ဆိုဒ်၊ ရေ၊ ဆီလီကိတ်နှင့် အိုင်ယွန်းဓါတ်များ ပါရှိသည်။ ထို့ပြင် ဟေလီကြယ်တံခွန်သည် နေကို လှည့်ပတ်သွားလာနေစဉ် တစ်စက္ကန့်လျှင် ခန့်မှန်းတန်ချိန် ၅၀ ခန့် ကျုံ့ဝင်လျက် ရှိသည်ဟု ဂျပန်သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။ ဟေလီကြယ်တံခွန်၏ ဦးခေါင်းပိုင်းမှ ရေများ အငွေ့ပျံထွက်နေသည်ကို အနီအောက်ရောင်ခြည်သုံး ၃၆ လက်မ အဝေးကြည့် မှန်ပြောင်းဖြင့် တွေ့ရှိခဲ့ရသည်။ ဟေလီယ်ကြယ်တံခွန်မှ တစ်စက္ကန့်လျှင် ရေ ၁၂ တန်နှုန်း အငွေ့ပျံနေသည်ဟု ဆိုသည်။ ဟေလီကြယ်တံခွန်နှင့် ပတ်သက်၍ ထူးခြားချက်မှာ ကြယ်တံခွန်၏ အမြီးပိုင်းတွင် တွင်းတစ်ခု တွေ့ရှိခြင်း ဖြစ်သည်။ စပိန်နိုင်ငံတောင်ပိုင်းရှိ ကလာအဲလ်တို (Calar Alto) လေ့လာရေးစခန်းမှ နက္ခတ္တဗေဒပညာရှင် ကတ်ဘာကလီ (Kurt Birkl) ရိုက်ကူးသော ကြယ်တံခွန်ဓါတ်ပုံ၌ အမည်းစက်တစ်ခု သို့မဟုတ် တွင်းတစ်ခုကို တွေ့ရှိရသည်။ ထိုပုံကို ၁၉၈၆ ဇန်န၀ါရီလ ၁ဝ ရက်နေ့တွင် ကြယ်တံခွန်နှင့် ကမ္ဘာ့မိုင်သန်းပေါင်း ၁၃၀ ကွာဝေးစဉ် ရိုက်ယူခဲ့ခြင်း ဖြစ်သည်။ အမြီးပိုင်းတွင် လေပွေကဲ့သို့သော အင်အားတစ်ခုကြောင့် တွင်း သို့မဟုတ် ကွက်လပ်တစ်ခု ဖြစ်ပေါ်လာဟန် တူသည်ဟု သိပ္ပံပညာရှင်များ ယူဆကြသည်။ ထို့ပြင် ဟေလီကြယ်တံခွန်၏ အမြီးပိုင်းမှာ ကီလိုမီတာ ငါးသန်း (မိုင်ပေါင်း ၉ ဒသမ ၅ သန်း) ကျော် ရှည်လျား၍ သက်ရှိများ တည်ရှိနိုင်ကြောင်း နက္ခတ္တဗေဒ ပညာရှင်များ ခန့်မှန်းထားကြသည်။

ယခုအခါ ဟေလီကြယ်တံခွန်သည် နေအဖွဲ့အစည်း အပြင်ဘက်သို့ ပြန်လည်ထွက်သွားပြီဖြစ်ရာ ၇၆ နှစ်အကြာ သက္ကရာဇ် ၂၀၆၁ ခုနှစ် နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလာမည် ဖြစ်သည်။

အာကာသလွန်းပျံယာဉ် စီမံကိန်း
လပေါ်သို့ လူသားများ အခြေချစေခဲ့သော အမေရိကန်ပြည်ထောင်စုသည် အပိုလို (Apollo) စီမံကိန်းများကို ရပ်ဆိုင်းခဲ့ပြီး အာကာသလွန်းပျံယာဉ် (Space Shuttle) စီမံကိန်းကို ဆက်လက် အကောင်အထည် ဖော်ခဲ့ပြန်သည်။ အာကာသလွန်းပျံသည် ယခင် အာကာသလွန်းပျံများကဲ့သို့ တစ်ကြိမ်သုံး မဟုတ်ပဲ အဖန်တလဲလဲ အသုံးပြုနိုင်သော အာကာသယာဉ်ဖြစ်သည်။

သို့ဖြင့် ၁၉၈၁ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် လွန်းပျံယာဉ် အမှတ် (၁) ခရီးစဉ်ဖြစ်သော ကိုလံဘီယာ (Columbia)  အာကာသ လွန်းပျံယာဉ်ကို ပထမဆုံးအကြိမ် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။ ယာဉ်မှူးများ အဖြစ် ဂျွန်ယန်းနှင့် ရောဘတ်ခရစ်ပင်တို မောင်းနှင်ခဲ့ကြသည်။ ကိုလံဘီယာ အာကာသယာဉ် ပျံသန်းချိန် ၅၂ နာရီအတွင်း ကမ္ဘာကို ၃၆ ကြိမ် ၀န်းပတ်ပျံသန်းခဲ့ပြီး ဧပြီလ ၁၄ ရက်နေ့တွင် ကမ္ဘာသို့ ပြန်လည် ဆင်းသက်ခဲ့သည်။

ယင်းနောက် အမေရိကန်ပြည်ထောင်စုသည် ဆက်လက်၍ ကိုလံဘီယာ ဒုတိယခရီးစဉ်ကို ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင်လည်းကောင်း၊ တတိယခရီးစဉ်ကို ၁၉၈၂ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့တွင် လည်းကောင်း၊ စတုတ္ထမြောက် ကိုလံဘီယာခရီးစဉ်ကို ၁၉၈၂ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင်လည်းကောင်း အသီးသီး ပစ်လွှတ်ခဲ့ပြန်သည်။

ဆက်လက်၍ ပဉ္စမမြောက် ကိုလံဘီယာ အာကာသလွန်းပျံယာဉ်ကို ၁၉၈၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပစ်လွှတ်ခဲ့သည်။ အဆိုပါ လွန်းပျံယာဉ်သည် ပထမဆုံးအကြိမ် စီးပွားရေး လုပ်ငန်းဆိုင်ရာ လွန်းပျံယာဉ်ဖြစ်ပြီး ပုဂ္ဂလိကပိုင် ဆက်သွယ်ရေး ဂြိုဟ်တုနှစ်လုံးကို လွှတ်တင်ပေးခဲ့၏။

၁၉၈၁ ခုနှစ်မှ ၁၉၈၂ ခုနှစ်အတွင်း ကိုလံဘီယာ လွန်းပျံယာဉ် ငါးကြိမ် လွှတ်တင်ခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စု ၁၉၈၃ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် ဒုတိယမြောက် လွန်းပျံယာဉ်ဖြစ်သော “ချယ်လင်ဂျာလွန်းပျံယာဉ်” ကို ပထမအကြိမ် လွှတ်တင်ခဲ့ပြီး ဇွန်လ ၁၈ ရက်နေ့ ဒုတိယအကြိမ်လွှတ်တင်၍ ၁၉၈၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် တတိယအကြိမ် လွှတ်တင်ခဲ့သည်။ ချယ်လင်ဂျာခရီးစဉ်များ၏ ထူးခြားချက်မှာ ဆက်သွယ်ရေး ဂြိုဟ်တု စုစုပေါင်း ၅ လုံးလွှတ်တင်ခဲ့သော်လည်း ဆက်သွယ်ရေးဂြိုဟ်တုနှစ်လုံး (၀က်စတာ-၆ နှင့် ပါလာပါဘီ-၂) လွှတ်တင်စဉ် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ သို့သော်လည်း ချယ်လင်ဂျာ လွန်းပျံယာဉ်မှ ယာဉ်မှူးနှစ်ဦးဖြစ်သော မက်ကင်ဒလက်စ်နှင့် ရောဘတ်စကီးဝပ်တို့သည် အာကာသထဲတွင် အထိန်းကြိုးမပါပဲလွတ်လပ်စွာ လမ်းလျှောက်နိုင်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စုမှ အာကာသယာဉ်မှူးများသည် အာကာသထဲတွင် ၅၈ ကြိမ်မြောက် လမ်းလျှောက်ခဲ့ကြသော်လည်း အားလုံးပင် အထိန်းကြိုးများဖြင့်လမ်းလျှောက်ခဲ့ကြသည်။ဤကဲ့သို့ယာဉ်မှူးနှစ်ဦး ကျောပိုးကိရိယာလွယ်၍ အာကာသထဲ အတွင်း ကြိုးမပါပဲ လမ်းလျှောက်နိုင်မှုမှာ အာကာသ စူးစမ်းမှုသမိုင်း၌ ထူးခြားသော အောင်မြင်မှုတစ်ခုပင် ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် ၁၉၈၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့တွင် တတိယမြောက်လွန်းပျံယာဉ် “ဒစ္စကာဗာရီ” ကို ဆက်လက်လွှတ်တင်ခဲ့သည်။ အဆိုပါ လွန်းပျံယာဉ်သည် ဆက်သွယ်ရေး ဂြိုဟ်တုသုံးလုံးကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့သည်။


ထို့နောက် အမေရိကန်ပြည်ထောင်စုသည် ၁၉၈၄ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ၁၃ ကြိမ်မြောက်လွန်းပျံယာဉ် ခရီးစဉ်ဖြစ်သော ချယ်လင်ဂျာ လွန်းပျံယာဉ်ကို လွှတ်တင်ခဲ့ပြန်သည်။ အဆိုပါ ခရီးစဉ်၏ ထူးခြားချက်မှာ ကနေဒါနိုင်ငံမှ အာကာသယာဉ်မှူး မာ့စ်ဂါနူးလိုက်ပါခြင်းနှင့် အမျိုးသမီး အာကာသယာဉ်မှူးကက်သရင်း ဆူလီဗန်သည် ပထမဆုံးအကြိမ်အဖြစ် အာကာသထဲ၌ ထွက်၍ လမ်းလျှောက်ခဲ့သည်။ ထို့ပြင် အာကာသအတွင်း ဂြိုဟ်တုများ လောင်စာဆီဖြည့်တင်းသည့် ကိရိယာကိုလည်း စမ်းသပ်နိုင်ခဲ့သည်။

ဆက်လက်၍ အမေရိကန်ပြည်ထောင်စုသည် တတိယမြောက် လွန်းပျံယာဉ် ဒစ္စကာဗာရီကို ဒုတိယအကြိမ်အဖြစ် ၁၉၈၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် လွှတ်တင်ခဲ့ပြန်သည်။ အဆိုပါ လွန်းပျံယာဉ်ပေါ်မှ အာကာသ ယာဉ်မှူးနှစ်ဦးသည် အာကာသထဲတွင် လမ်းလွဲနေသော ပါလာပါဘီ ၂ နှင့် ၀က်စတာ ၆ ဆက်သွယ်ရေး ဂြိုဟ်တုတို့ကို စက်လက်မောင်းတံဖြင့် ဖမ်းယူ၍ ကုန်စည်ခန်းမ၌ ပြုပြင်ကာ ကမ္ဘာပတ် လမ်းကြောင်းအတွင်းသို့  ပြန်လည်ချထားနိုင်ခဲ့သည်။ ဤသို့ အာကာသအတွင်းမှ ဂြိုဟ်တုနှစ်လုံးကို ပြန်လည် ဖမ်းယူနိုင်ခြင်းမှာ အာကာသစူးစမ်းသမိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်သည်။

ယင်းနောက် ၁၉၈၅ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် ဒစ္စကာဗာရီ လွန်းပျံယာဉ်ကို တတိယအကြိမ် လွှတ်တင်ခဲ့ပါသည်။ ယင်းအာကာသယာဉ်ပေါ်တွင် အမေရိကန် အာကာသယာဉ်မှူးငါးဦး ၊ ပြင်သစ် အာကာသယာဉ်မှူး တစ်ဦးနှင့် ဆော်ဒီအာရေဗျ မင်းသားတစ်ဦးတို့ လိုက်ပါသွားခဲ့သည်။

စတုတ္ထမြောက် လွန်းပျံယာဉ်ဖြစ်သော “အတ္တလန္တိတ်” လွန်းပျံယာဉ်ကို ၁၉၈၅ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့တွင် ဆက်လက်ပစ်လွှတ်ခဲ့သည်။


အမေရိကန်ပြည်ထောင်စုတွင် အာကာသလွန်းပျံယာဉ်လေးစင်း ရှိသည့်အနက် ၂၅ ကြိမ်မြောက် ပစ်လွှတ်ရန် ဒေါ်လာသန်း ၁၅၀၀ တန်သော ချယ်လင်ဂျာ လွန်းပျံယာဉ်ကို ရွေးချယ်ပြီး ၁၉၈၆ ခုနှစ်၊ ဇန်န၀ါရီလ ၂၈ ရက်နေ့ အင်္ဂါနေ့ နံနက် ၁၁ နာရီ ၃၈ မိနစ် ၃၀ စက္ကန့်တွင် အာကာသယာဉ်မှူး ခုနှစ်ဦးနှင့် အတူ လွှတ်တင်လိုက်ရာ ၇၃ စက္ကန့်အကြာတွင် အမြင့်ပေ ၇၂၀၀၀ ၌ မီးလောင်ပေါက်ကွဲ ပျက်စီးသွားခဲ့ပြီး အာကာသယာဉ်မှူး ခုနှစ်ဦးစလုံး သေဆုံးသွားခဲ့သည်။ ဤကဲ့သို့ ချယ်လင်ဂျာ လွန်းပျံယာဉ်ပေါက်ကွဲမှုသည် အာကာသကို လူသားတို့ စိုးမိုးခဲ့သော သမိုင်းတစ်လျှောက်တွင် အဆိုးဝါးဆုံး ပေါက်ကွဲမှုကြီးဖြစ်ပြီး တစ်ကြိမ်တည်းဖြင့် အာကာသယာဉ်မှူး ဆုံးရူံးသေဆုံးရခြင်းလည်း ဖြစ်သည်။

ပေါက်ကွဲပျက်စီးသွားမှု သေဆုံးသွားခဲ့သော ယာဉ်မှူးများမှာ ယာဉ်ဦးစီးမှူး ရေတပ် ဒုဗိုလ်မှူးကြီး ဖရန်စစ်(ဒစ်) စကိုဘီ၊ ယာဉ်မှူး မိုက်ကယ်စမစ်၊ လျှပ်စစ်အင်ဂျင်နီယာ ဂရေဂရီဂျာဗစ်၊ အာကာသလေကြောင်း အင်ဂျင်နီယာ အယ်လီဆန်အိုနီဇူကာ ၊ လျှပ်စစ်အင်ဂျင်နီယာ ဂျူဒစ်ရက်စ်နစ် အရပ်သား အထက်တန်းကျောင်း ဆရာမ ခရစ်စတာမက်အောလစ်ဖ်နှင့် ခရီးစဉ် ကျွမ်းကျင်သူ ဂျွန်မက်နေယာတို့ ဖြစ်ကြသည်။

ချယ်လင်ဂျာလွန်းပျံယာဉ် ပေါက်ကွဲမှုသည် အမေရိကန်ပြည်ထောင်စု၏ အာကာသ အစီအစဉ်များကို သာမက အနောက်အုပ်စုတစ်ခုလုံး၏ အာကာသ အစီအစဉ်များကိုပါ ရပ်ဆိုင်းသွားစေခဲ့သည်။ ပေါက်ကွဲမှု၏ အကြောင်းရင်းကို တွေ့ရှိသည်အထိ အစီအစဉ်များ ရပ်ဆိုင်းထားရမည်ဖြစ်ရာ အနည်းဆုံး ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ အထိ ကြာမြင့်မည်ဖြစ်သည်ဟု ဆိုသည်။ 

အနာဂတ် အာကာသစခန်းများ
ဆိုဗီယက်ပြည်ထောင်စု၏ အာကာသ အစီအစဉ်များအနက် ဆာလု အာကာသစခန်းသည် ထင်ရှားသည်။ လူမပါသော ဆာလု-၁ (Salyut-1) အာကာသစခန်းကို ၁၉၇၁ ခုနှစ်တွင် ပထမဆုံးအကြိမ် ပစ်လွှတ်နိုင်ခဲ့သည်။ လူမပါသော ဆိုယုဇ် အာကာသယာဉ်များနှင့် ဆာလု အာကာသစခန်း ချိတ်ဆက်ပျံသန်းခြင်းကိုလည်း လေ့ကျင့်နိုင်ခဲ့သည်။


၁၉၈၂ ခုနှစ်၊ ဧပြီလ ၁၉ ရက်တွင် လွှတ်တင်ခဲ့သော ဆာလု-၇ (Salyut-7) အာကာသစခန်းမှာ ပိုမိုကြီးမားပြီး ပိုမိုဆန်းပြားသော ကိရိယာများ တပ်ဆင်ထားသဖြင့် ရက်အကြာဆုံး စံချိန်တင်နိုင်ခဲ့သည်။ ပရိုဂရက်စ်ခေါ်ထောက်ပံ့ရေးယာဉ်များနှင့်ဆိုယုဇ်-တီ (Soyuz-T) အာကာသယာဉ်တို့သည် အာကာသအတွင်းရှိ ဆာလု-၇ နှင့် သွားရောက်ချိတ်ဆက်နိုင်ခဲ့သည်။ အာကာသယာဉ်မှ အာကာသ ယာဉ်မှူးများသည် ဆာလု-၇ သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ ထိုကဲ့သို့ အာကာသယာဉ်ချင်း ချိတ်ဆက်မှုသည် အလွန်ရှုပ်ထွေးခက်ခဲပြီး အရေးကြီးသော လုပ်ဆောင်မှုတစ်ခုဖြစ်သည်ဟု ဆိုသည်။ ဆိုဗီယက်အာကာသ ယာဉ်မှူးများသည် အာကာသအတွင်း ဆွဲငင်အား မရှိမှု၏ အကျိုးသက်ရောက်ပုံကို အသေးစိတ် လေ့လာမှုများ ပြုလုပ်ခဲ့ကြပြီး သိပ္ပံဆိုင်ရာ စူးစမ်းမှုများ အမြောက်အများလည်း ပြုလုပ်ခဲ့ကြသည်။ ထို့နောက်တွင် ဆိုဗီယက် အာကာသယာဉ်မှူးများဖြစ်ကြသော ဒေါက်တာ အိုလက်အက်ကော့ဗ် (Dr.Oleg Atkov)၊ လီယိုနစ်ကစ်ဇင် (Leonid Kizim) နှင့် ဗလာဒီမာဆိုလော့ဗ်ယော့စ် (Vladimir Solovov) တို့သည် ဆာလု-၇ အာကာသစခန်းပေါ်တွင် ရက်ပေါင်း ၂၃၇ ရက်အထိ နေထိုင်ကာ အကြာဆုံးစံချိန် တင်နိုင်ခဲ့သည်။ ဆာလု-၇ နှင့် ဆိုယုဇ်-တီ ယာဉ်တွဲပေါ်မှ အာကာသ စူးစမ်းမှုများ ပြီးဆုံးသွားချိန်တွင် အာကာသယာဉ်မှူးများ ကမ္ဘာသို့ ပြန်လည် ဆင်းသက်လာခဲ့သည်။ ဆာလု-၇ မှာ ဆက်လက်၍ ကမ္ဘာကို ၀န်းပတ်ပျံသန်းနေဆဲ ဖြစ်သည်။

ထို့နောက် ဆိုဗီယက်ပြည်ထောင်စုသည် ၁၉၈၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် မီယာ (Mir) အာကာသစခန်းကို အောင်မြင်စွာ လွှတ်တင်ခဲ့ပြန်သည်။ မီယာသည် ရုရှား ဘာသာဖြင့် ငြိမ်းချမ်းရေး ဟု အဓိပ္ပာယ်ရသည်။ အာကာသယာဉ်မှူးများ အမြဲတမ်းလိုက်ပါနေထိုင်နိုင်သော ကမ္ဘာပတ် အာကာသစခန်းကို ပထမအကြိမ် လွှတ်တင်ခြင်းဖြစ်ပြီး အာကာသ ဓါတ်ခွဲခန်း တတိယမျိုးဆက်ကို ပထမအကြိမ် လွှတ်တင်ခြင်းလည်း ဖြစ်သည်။ မီယာအာကာသစခန်း လွှတ်တင်ခြင်းသည် အာကာသစူးစမ်းမှု သမိုင်းတွင် ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ဆိုဗီယက်ပြည်ထောင်စုက ကြေညာခဲ့သည်။

မီယာအာကာသစခန်းသည် အာကာသယာဉ်များ၏ ဗဟိုချက်ဖြစ်လာပြီး စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး လုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်စေမည် ဖြစ်သည်။ ထို့ပြင် သိပ္ပံဆိုင်ရာ စူးစမ်းမှုများ ပြုလုပ်မည့် အာကာသ စင်္ကြအဖြစ်လည်းကောင်း၊ ၁၉၉ဝ ပြည့်လွန်နှစ်များအတွင်း အင်္ဂါဂြိုဟ်သို့ လူပါသော အာကာသယာဉ်များ ပစ်လွှတ်ရေးအတွက် ကြားခံစခန်းများ အဖြစ်လည်းကောင်း အသုံးပြုမည်ဟု ဆိုသည်။


မီယာအာကာသစခန်းသည် ဆာလု- အာကာသ စခန်းထက် ၁၆ ပေ ပိုရှည်သဖြင့် အာကာသယာဉ်မှူး ၁၂  ဦးသည် သက်တောင့်သက်သာ ရက်အတန်ကြာ နေနိုင်သည်ဟု ဆိုဗီယက်သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။ တစ်ကြိမ်လျှင် အာကာသယာဉ်မှူး ၁၅ ဦးအထိ နေထိုင်နိုင်သည်ဟု သိရသည်။ အချိန်ကို စူးစမ်းမှုများတွင် အာကာသယာဉ်မှူး ၂ဝ အထိ လိုက်ပါနေထိုင်နိုင်သည်။ မီယာစခန်း၏ ထူးခြားချက်မှာ ယခင်ပစ်လွှတ်ခဲ့သော အာကာသစခန်းများထက် လူနေရန်အခန်းများ ပိုမိုပါရှိသောကြောင့် အာကာသ ယာဉ်မှူးများ စခန်းပေါ်တွင်  အိပ်ခန်းကိုယ်စီဖြင့် သီးသန့်အိပ်စက် အနားယူနိုင်သည်။ အာကာသစူးစမ်းမှု သမိုင်း တွင် အာကာသယာဉ်မှူးများ လွတ်လပ်မှု၊ သက်သာချောင်ချိမှုအတွက် ပထမအကြိမ် စီစဉ်ပေးခြင်း ဖြစ်သည်။ ထို့ပြင် မီယာစခန်းတွင်  အာကာသယာဉ်မှူးများ အ၀င် အထွက် ပြုနိုင်သောနေရာ နှစ်ခု ပါရှိသည်။ အခိုင်အမာ တည်ဆောက်ထားသော နေရာလေးခုတွင် အခြားအာကာသယာဉ်များ ချိတ်ဆက်ရပ်နားနိုင်သည်။ တန်ချိန် ၂၀ အထိ လေးသော ဆာလုအာကာသစခန်းများပင် ချိတ်ဆက်နိုင်သည်ဟု ဆိုသည်။ အခြားအာကာသယာဉ် လေးစင်းကို တစ်ပြိုင်တည်း ဆိုက်ကပ်ရပ်နားစေခြင်းဖြင့် မီယာအာကာသစခန်းသည် ကမ္ဘာပတ် အာကာသယာဉ် အုပ်စုကြီး၏ အဓိက ဗဟိုချက် ဖြစ်လာနိုင်သည်။

ဆိုဗီယက်ပြည်ထောင်စုသည် အာကာသယာဉ်မှူးနှစ်ဦး လိုက်ပါသော ဆိုယုဇ်-တီ၁၅ (Soyut-T15) အာကာသယာဉ်ကို ဆက်လက်ပစ်လွှတ်ခဲ့ရာ မတ်လ ၁၅ ရက်နေ့တွင် မီယာစခန်းနှင့် ချိတ်ဆက်နိုင်ခဲ့သည်။

ထို့နောက် လူမပါသော ဆိုယုဇ်-တီအမ် (Soyut TM) အာကာသယာဉ်တစ်စင်းကိုလည်း ထပ်မံ ပစ်လွှတ်ခဲ့သည်။ ထိုအာကာသယာဉ်သည် ဆိုယုဇ်-တီ အာကာသယာဉ် အမျိုးအစားကို ပုံစံတည်ဆောက်ထားခြင်း ဖြစ်သော်လည်း အာကာသယာဉ်ချင်း ချိတ်ဆက်ရန် ထိန်းချုပ်ရေး ကိရိယာအသစ်များ၊ ရေဒီယိုဆက်သွယ်ရေး ကိရိယာများ၊ အရေးပေါ်ကယ်ဆယ်ရေး ကိရိယာများနှင့် လေထီးစနစ်သစ်တစ်ခု တပ်ဆင်ထားသည် ဟု ဆိုသည်။ ဆိုယုဇ်-တီအမ် အာကာသယာဉ်သည် မီယာအာကာသစခန်းနှင့် အလိုအလျောက် ချိတ်ဆက်နိုင်ခဲ့သည်။ ယင်းနောက် မီယာအာကာသစခန်းပေါ်မှ အာကာသယာဉ်မှူးနှစ်ဦးအတွက် ထောက်ပံ့ရေး ပစ္စည်းများ သယ်ဆောင်သွားသည့် ပရိဂရက်စ်-၂၆ ကုန်တင် အာကာသယာဉ် တစ်စင်းကိုလည်း ထပ်မံလွှတ်တင်ခဲ့ပြိး မီယာအာကာသစခန်းနှင့် ချိတ်ဆက်ခဲ့ပြန်သည်။ ပရိုဂရက်-၂၆ သည် မီယာစခန်းနှင့် ချိတ်ဆက်သော တတိယမြောက် အာကာသယာဉ် ဖြစ်သည်။


ဆိုဗီယက်အာကာသယာဉ်မှူးတို့သည် မီယာအာကာသစခန်းနှင့် အခြားအာကာသယာဉ်များ ချိတ်ဆက်ပြီး နောက် ၁၉၈၆ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ဆာလု-၇ အာကာသစခန်းသို့ ဆိုယုဇ်-တီ ၁၅ ဖြင့် ကူးပြောင်းသွားရောက်ခဲ့ကြသည်။ ထိုအချိန်တွင် ဆာလု-၇ နှင့် မီယာအာကာသစခန်းတို့မှာ ကီလိုမီတာ ၃၀၀၀ ကျော် ကွာဝေးနေခဲ့သည်။ အာကာသအတွင်း ပျံသန်းနေစဉ် အာကာသယာဉ်မှူးများ အာကာသစခန်းတစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့ခြင်းမှာ ပထမအကြိမ်ဖြစ်သည်။ အာကာသယာဉ်မှူး လီယိုနစ်ကစ်ဇင်နှင့် ဗလာဒီမာဆိုလော့ယက်ဖ်တို့သည် ဆာလု-၇ ပေါ်တွင် စူးစမ်းလေ့လာမှုများ ပြုလုပ်ကြပြီး ၊ ချာနိုကိုင်းလ် နျူကလီးယား ဓါတ်ပေါင်းဖိုကိုလည်း ဓါတ်ပုံများ ရိုက်ယူခဲ့ကြသည်။ ထို့နောက် မေလ ၂၈ ရက်နေ့တွင် အာကာသယာဉ်အပြင်သို့ထွက်၍ သုံးနာရီနှင့် မိနစ် ၅၀ ကြာ လမ်းလျှောက်ခဲ့ကြသည်။ အာကာသယာဉ် ပြင်ပသို့ ထွက်၍ လမ်းလျှောက်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာပတ်လမ်းဝန်း၌ ကြီးမားသော အာကာသ ယာဉ်တွဲကြီး ဆက်စပ်တည်ဆောက်ရေး နည်းလမ်းများကို စမ်းသပ်လေ့ကျင့်ရန် ဖြစ်သည်။ ယင်းနောက် အာကာသယာဉ်မှူးနှစ်ဦးသည် ဇွန်လ ၂၇ ရက်နေ့တွင် ဆိုယုဇ်-တီ ၁၅ ဖြင့် မီယာအမြဲတမ်း အာကာသစခန်းသို့ ပြန်လည်ရောက်ခဲ့ကြသည်။ ဆိုဗီယက်ပြည်ထောင်စုမှ အာကာသယာဉ်မှူး နှစ်ဦးသည် အာကာသစူးစမ်းမှုများ ၁၂၅ ရက်ကြာ အောင်မြင်စွာ ဆောင်ရွက်ကြပြီးနောက် ဇူလိုင်လ ၁၆ ရက်နေ့တွင် မြေပြင်သို့ ဆိုယုဗ်-တီ ၁၅ ဖြင့် ပြန်လည်ဆင်းသက်လာခဲ့ကြသည်။ မီယာအာကာသစခန်းသည် ဆက်လက်ဝန်းပျံသန်းနေဆဲ ဖြစ်ရာ ၁၉၈၇ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့တွင် ဆီးရီးယား အာရပ်သမ္မတနိုင်ငံမှ ယာဉ်မှူး “မိုဟာမက်ဖာရက်စ်” (Mohammed Fares) နှင့် ဆိုဗီယက်အာကာသယာဉ်မှူးများ ဖြစ်ကြသော ဒုဗိုလ်မှူးကြီး အလက်ဇန္ဒြာဗစ်တာယင်ကိုနှင့် အနာကိုလီဆိုလော့ယော့ဗ်တို့ ပူးပေါင်း၍ မီယာအာကာသ စခန်းပေါ်တွင် စူးစမ်းမှုများ ပြုလုပ်ကြမည်ဟု ဆိုသည်။ ထို့ပြင် ၁၉၈၈ ခုနှစ်တွင် ပြင်သစ်အာကာသယာဉ်မှူး တစ်ဦးနှင့် ဆိုဗီယက်အာကာသယာဉ်မှူးများ ပူးပေါင်း၍ မီယာအာကာသ စခန်းပေါ်တွင် စူးစမ်းမှုများ ပြုလုပ်ရန် စီစဉ်ထားသည်။


အမေရိကန်ပြည်ထောင်စုကလည်း အမြဲတမ်း အာကာသစခန်း တည်ဆောက်ရေးအတွက် ၁၉၈၄ ခုနှစ်တွင် စတင် ဆောင်ရွက်ခဲ့သည်။ ၁၀ နှစ်အတွင်း အမြဲတမ်း အာကာသစခန်းတစ်ခု လွှတ်တင်နိုင်ရန် နာဆာအဖွဲ့အား ညွှန်ကြားခဲ့ပြီး လန်ဒန်မြို့ စီးပွားရေး ထိပ်သီးဆွေးနွေးပွဲတွင် မဟာမိတ်နိုင်ငံများအား ပါဝင်ဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့သည်။

အမေရိကန်ပြည်ထောင်စု၏ အမြဲတမ်း အာကာသစခန်းကို အမေရိကတိုက် ရှာဖွေတွေ့ရှိခဲ့သူ ခရစ္စတိုဖာကိုလံဘတ်စ် (Chtistopher Columbus) အား အစွဲပြု၍ ကိုလံဘတ်စ် ဟု ခေါ်တွင်ပြီး အမေရိကတိုက် ရှာဖွေတွေ့ရှိခြင်း နှစ် ၅၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ၁၉၉၂ ခုနှစ်တွင် လွှတ်တင်မည်ဟု ဆိုသည်။  (သို့သော် ယခုအခါ အမြဲတမ်း အာကာသစခန်း လွှတ်တင်ရေး အစီအစဉ်ကို ၁၉၉၄ ခုနှစ်အထိ ရွှေ့ဆိုင်းထားသည်ဟု ဆိုသည်။) ကမ္ဘာကို နှစ်ပေါင်း ၃၀ ခန့်က ၀န်းပတ်ပျံသန်းနေမည့် အမြဲတမ်း အာကာသစခန်း လွှတ်တင်မှု၏ အဓိကရည်ရွယ်ချက်မှာ အာကာသပတ်ဝန်းကျင်ကို အသုံးချ၍ စီးပွားရေးနှင့် သိပ္ပံဆိုင်ရာ အောင်မြင်မှုများ ရယူရန် ဖြစ်သည်။ ထို့ပြင် လနှင့်အခြား ဂြိုဟ်များသို့ တစ်ဆင့်တက် စူးစမ်းလေ့လာရာတွင်လည်း အမြဲတမ်း အာကာသစခန်းကို အသုံးပြုမည် ဖြစ်သည်။

အမြဲတမ်း အာကာသစခန်း တည်ဆောက်ရန် အဆင်သင့်ဖြစ်လျှင် အာကာသစခန်းဆိုင်ရာ အစိတ်အပိုင်းများကို အာကာသလွန်းပျံယာဉ်များဖြင့် ၁၄ ကြိမ်မျှ လွှတ်တင်သယ်ဆောင်ရမည်ဟု ဆိုသည်။ အာကာသယာဉ်မှူးများသည် မိုင် ၃ဝဝ မြင့်သော ကမ္ဘာပတ် လမ်းဝန်းတွင် အမြဲတမ်း အာကာသစခန်းကို စနစ်တကျ တည်ဆောက်ကြမည် ဖြစ်သည်။ ပင်မစခန်းကို အာကာသ ဓါတ်ခွဲခန်းအဖြစ် အသုံးပြုပြီး ဒုတိယပိုင်းကို ထိန်းချုပ်ရေး စခန်းအဖြစ် အသုံးပြုမည် ဖြစ်သည်။ တတိယအပိုင်းမှာ လူနေအခန်းများ ဖြစ်သည်။ အမြဲတမ်း အာကာသစခန်းတွင် နေရောင်ခံ တောင်ပံပြားများနှင့် လွန်းပျံအာကာသယာဉ် ဆိုက်ကပ်ရန်  နေရာများလည်း ပါရှိမည်ဖြစ်သည်။ အဆိုပါစခန်း၌ အစပိုင်းတွင် ယာဉ်မှူး ရှစ်ဦးအထိ နေထိုင်မည်ဖြစ်ပြီး အာကာသစခန်းပြည့်စုံစွာ တည်ဆောက်ပြီးစီးချိန်တွင် တစ်ကြိမ်လျှင် အာကာသယာဉ်မှူး ၂၀ အထိ နေနိုင်မည်ဟု သိရသည်။ ယခုအခါ နာဆာအဖွဲ့နှင့် အာကာသဆိုင်ရာ ကုမ္ပဏီကြီး ရှစ်ခုတို့က ပုံစံများပင် ရေးဆွဲပြီးစီးနေပြီ ဖြစ်သည်။ အမြဲတမ်း အာကာသစခန်းအတွက် ပုံစံရေးဆွဲခြင်းနှင့် တည်ဆောက်ခြင်း လုပ်ငန်းများသည် အာကာသ စူးစမ်းမှု သမိုင်းတွင် အရှုပ်ထွေးဆုံးနှင့် အခက်ခဲဆုံး ဖြစ်နေသည်ဟု ဆိုသည်။

အမေရိကန်သမ္မတ ရီဂင်သည် အမြဲတမ်း အာကာသစခန်းအတွက် ဒေါ်လာသန်းပေါင်း ၁၅ဝ ခွင့်ပြုရန် ကွန်ဂရက်သို့ တောင်းဆိုထားပြီး တစ်နှစ်လျှင် ဒေါ်လာတစ်ဘီလီယံ (သန်း ၁ဝဝဝ) ကုန်ကျဦးမည် ဖြစ်သည်။ အနောက်ဥရောပနိုင်ငံများစွာသည် အမြဲတမ်း အာကာသစခန်း စီမံကိန်းတွင် ပါဝင်ဆောင်ရွက်ရန် စိတ်ဝင်စားနေကြသည်ဟု ဆိုသည်။ ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံသည် အမေရိကန်ပြည်ထောင်စု၏ အမြဲတမ်း အာကာသစခန်း အစီအစဉ်တွင် ပါဝင်ဆောင်ရွက်မည်ဖြစ်ပြီး ကနေဒါ၊ ဂျပန်နှင့် အီတလီ နိုင်ငံတို့ကလည်း စိတ်ဝင်စားလျက် ရှိသည်။ အမြဲတမ်း အာကာသစခန်း စီမံကိန်းတွင် နိုင်ငံပေါင်း ၁၂ နိုင်ငံ ၊ ပုဂ္ဂလိက ကုမ္ပဏီကြီးများစွာနှင့် မရေမတွက်နိုင်သော သိပ္ပံပညာရှင်များ၊ အင်ဂျင်နီယာများ ပါဝင် ဆောင်ရွက်ကြမည် ဖြစ်ရာ နိုင်ငံတကာ အာကာသစခန်းဟုပင် ခေါ်ဝေါ်နိုင်သည်။

အဆိုပါ အမြဲတမ်းစခန်းတွင် စစ်ရေး၊ စီးပွားရေးနှင့် သိပ္ပံနှင့် နည်းပညာရေးတို့ကို ပြုလုပ်နိုင်မည် ဖြစ်သည်။ လေ့လာမှုများအရ အာကာသထဲတွင် ဒြပ်ပစ္စည်း အမျိုးပေါင်း ၅ဝဝ ခန့် ထုတ်လုပ်နိုင်မည်ဟု သိရသည်။ ယင်းတို့တွင် သတ္ထု၊ သတ္ထုစပ်၊ ဖန်မှန်၊ ဇီဝပစ္စည်းများ၊ ဓါတုဗေဒပစ္စည်းများ စသည်တို့ ပါဝင်သည်။ အာကာသထဲ၌ မြေဆွဲအား ကင်းမဲ့မှုကြောင့် ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် ကမ္ဘာမှာထက် တစ်ပန်းသာစေသည်။ အရာဝတ္ထုများသည် ကျွံခြင်း၊ ရုန်းခြင်းမရှိ၊ အခြားရောဂါပိုးမွှားကူးစက်မှုများလည်း မရှိနိုင်ပေ။ မက်ဒေါနယ် ဒေါက်ဂလပ်စ်ကုမ္ပဏီအနေဖြင့် အမြဲတမ်း အာကာသစခန်းမှ ထုတ်လုပ်သော အာကာသထုတ်ကုန် ပစ္စည်းများကို ၁၉၉ဝ ပြည့်နှစ်များတွင် ဒေါ်လာသန်းတစ်ထောင်ဖိုးမျှ ရောင်းချရလိမ့်မည်ဟု ခန့်မှန်းထားသည်။ ယခုရာစုနှစ်ကုန်တွင် အာကာသစခန်း၌ နောက်ထပ် ဆေးပစ္စည်း အသစ် ၁၀ မျိုး ထုတ်လုပ်နိုင်ဦးမည်ဟုလည်းမျှော်မှန်းထားသည်။နာဆာအဖွဲ့က ခရစ် ၂ဝ၂ဝ အရောက်တွင် အာကာသထဲမှ ဆေးဝါးပစ္စည်း ထုတ်လုပ်မှုများ ဒေါ်လာသန်းပေါင်း ၂၇ဝဝဝ၊ ဖန်မှန်ထုတ်လုပ်မှု ဒေါ်လာသန်းပေါင်း ၁၁၅ဝဝ၊ ကမ္ဘာပေါ်တွင် မထုတ်လုပ်နိုင်သော လျှပ်စစ်ကိရိယာများမှ ဒေါ်လာသန်းပေါင်း ၃၁ဝဝ အသီးသီး ဖြစ်ကြသည်။

ထို့ပြင် အမြဲတမ်း အာကာသစခန်းမှနေ၍ နက္ခတာရာလေ့လာရေး၊ စကြ၀ဌာ လေ့လာရေး၊ သိပ္ပံနှင့် နည်းပညာစမ်းသပ်ရေး နှင့် စစ်ရေး စမ်းသပ်မှုများ ပြုလုပ်ကြမည် ဖြစ်ပေသည်။

ယခုအခါတရုတ်နိုင်ငံကလည်း အာကာသစူးစမ်းမှု၌ရှေ့တန်းသို့ ရောက်ရှိလာပြီး၊လူလိုက်ပါသော အာ ကာသယာဉ်များကိုပင်ပစ်လွှတ်နိုင်ခဲ့သည်။ထို့ ပြင်လပေါ်သို့ ပင်လူမဲ့အာကာသယာဉ်များလွှတ်တင်၍လစူး စမ်းရေးကိုပင်ပြုလုပ်နိုင်ခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်, လောကဓာတ်ခန်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်