ဂါမဏိ – တံတိုင်းကိုဖြို…

June 5, 2014

တံတိုင်းကိုဖြို…
ဂါမဏိ၊ ဇွန် ၅၊ ၂၀၁၄

စစ်ထွက်တယောက်ဖြစ်တဲ့ ပြန်ကြားရေးဒုဝန်ကြီးဆိုသူက တပ်မတော်သားတယောက်လောက်ကို စည်းရုံးနိုင်ရဲ့လား ဆိုပြီး ရိသလို ထေ့သလို ပြောသွားတာ တွေ့လိုက်ရတော့ ဒီလူ့နှယ် ၄ နှစ်တက်ရတဲ့ DSA မှာတုံးက စစ်ဘက်ဥပဒေ တွေ မသင်ခဲ့ရဘူးလား၊ စာမေးပွဲ ဘယ်လိုအောင်လာပြီး ကော်မရှင်ဘယ်လိုရလာတာလဲ၊ ဒုဗိုလ်မှူးကြီးနဲ့ ထွက်တာ ဆိုတော့ တပ်ရင်းမှူးလဲလုပ်ခဲ့ဖူးမှာဘဲ၊ ကိုယ့်တပ်ရင်းထဲက ရဲဘော်တွေကို ဘယ်လိုထိန်းချုပ်ခဲ့ရသလဲ မမှတ်မိတော့ ဘူးလားလို့ တွေးစရာတောင် ဖြစ်သွားတယ်။

တကယ်တော့ အရာရှိဖြစ်စေ အခြားအဆင့်ဖြစ်စေ စစ်သားသူသမျှကို လူထုနဲ့ မပတ်သက်မိအောင်၊ နိုင်ငံရေးနဲ့ မပတ် သက်မိအောင် စစ်ဘက်ဥပဒေတွေနဲ့ ကန့်သတ်ထားသလို အမိန့်ညွှန်ကြားချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့လဲ ကာ ထားတာ ဖြစ်တယ်။

၁၉၅၉ ခုနှစ်တုံးက ပြဋ္ဌာန်းခဲ့တဲ့ တပ်မတော်အက်ဥပဒေရဲ့ ပုဒ်မ ၁၉၊ ၁၉၆၀ တပ်မတော်နည်းဥပဒေရဲ့ ပုဒ်မ ၁၈၊ ပုဒ်မ ၁၉၊ ပုဒ်မ ၂၀ တို့ဟာ တပ်မတော်သားတွေကို အလုပ်သမားသမဂ္ဂတွေမှာပါဝင်ခွင့် ဆက်သွယ်ခွင့်၊ အသင်းအဖွဲ့ တခုခု မှာ ပါဝင်ခွင့် ကူညီခွင့်၊ လူထုဆန္ဒပြပွဲ လူထုအစည်းအဝေးတွေမှာ ပါဝင်ခွင့် တက်ရောက်ခွင့်၊ နိုင်ငံရေး စစ်ရေး စာအုပ် စာတမ်း စာရွက် ထုတ်ဝေခွင့်၊ ရေဒီယိုအင်တာဗျူးခွင့်၊ ဟောပြောခွင့်တွေကို ပိတ်ပင်ထားတယ်။

တပ်မတော်အက်ဥပဒေ ပုဒ်မ ၃၆ အရဆိုရင် တပ်တွင်းမှာ စစ်သည် ၂ ဦး တိုင်ပင်ဆွေးနွေးရင်တောင် စစ်ပုန်ကန်မှု အဖြစ် သတ်မှတ် အရေးယူလို့ရပြီး သေဒဏ်ကျနိုင်တယ်။ ပုဒ်မ ၄၀ မှာတော့ အထက်အမိန့် (နှုတ်မိန့်ဘဲဖြစ်ဖြစ်) ကို ဖီဆန်ရင် ထောင် ၁၄ နှစ်အထိ ချနိုင်တယ်။

ပုဒ်မ ၄၁ ကတော့ ကိုယ့်ဘားတိုက်၊ ကိုယ့်တပ်ဝင်း၊ တပ်စခန်းထဲကနေ ခွင့်မဲ့ထွက်ခွာရင်၊ အမိန့်လိုက်နာဖို့ ပျက်ကွက် ရင် ထောင် ၂ နှစ်ကျနိုင်တယ်။ ဂလန်ဂဆန်လုပ်ရင်တော့ ထောင် ၁၀ နှစ်ကျမယ်။

ပုဒ်မ ၄၄၊ ပုဒ်မ ၆၅ နဲ့ တပ်မတော်နည်းဥပဒေ ပုဒ်မ ၆ တို့ကတော့ တပ်ထဲမှာ ‘သောက်မြင်ကပ်ပုဒ်မ’ လို့ နာမယ်ကျော် တဲ့ ပုဒ်မတွေဖြစ်တယ်။ ပုဒ်မ ၄၄ မှာ အရာရှိ/အရာခံဗိုလ်တွေကို ‘မိမိအဆင့်အတန်းနဲ့ မလျော်သောနည်း’ အတိုင်း ပြုမူရင် တပ်ကနေ ထုတ်ပစ်မယ်လို့ ပြောထားတယ်။ မလျော်သောနည်း ဆိုတာ အင်မတန်ယေဘုယျဆန်တဲ့စကား ရပ်ဖြစ်လို့ အထက်လူကြီးက အမြင်ကပ်ရင်ကပ်သလို ဒီပုဒ်မ ကပ်လို့ရနေတယ်။ ပုဒ်မ ၆၅ မှာတော့ ‘စနစ်တကျရှိခြင်း (ငြိမ်ဝပ်ပိပြားရေး) နဲ့ စစ်စည်းကမ်းကို ထိခိုက်အောင်’ လုပ်ရင် ထောင် ၇ နှစ်ချမယ်လို့ သိမ်းကြုံးပြောထားတယ်။

နည်းဥပဒေ ပုဒ်မ ၆ အရ- နည်းဥပဒေများထဲ ‘သီးခြားပြဋ္ဌာန်းမထားတဲ့ကိစ္စနဲ့’ ပတ်သက်ရင် အထက်လူကြီးက ‘သင့်သလို’ အရေးယူခွင့်ရထားတယ်။

ဒီအက်ဥပဒေနဲ့ နည်းဥပဒေတွေအပေါ်မှာ အားဖြည့်ထားတာက ၂၀၀၈ အခြေခံဥပဒေဖြစ်တယ်။ ပုဒ်မ ၂၀ (ခ) မှာ တပ်မတော်ဟာ တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို အရပ်ဘက်ရဲ့ အထိန်းအချုပ်အကန့်အသတ်မရှိဘဲ စီမံခန့်ခွဲလုပ်ကိုင် ခွင့်ရှိနေပြီး ပုဒ်မ ၃၄၃ မှာဆိုရင် စစ်ဘက်တရားစီရင်ရေးမှာ တပ်ချုပ်ရဲ့ အဆုံးအဖြတ်ဟာ ဖိုင်နယ်ဖြစ်တယ်လို့ ကြွေး ကြော်ရပ်တည်ထားတယ်။ အားလုံးသိကြတဲ့အတိုင်း နာမယ်ဆိုးနဲ့ ကျော်လှတဲ့ ပုဒ်မ ၆ (စ) မှာတော့ စစ်တပ်က အမျိုး သားနိုင်ငံရေး ဦးဆောင်အခန်းက အမြဲပါနိုင်ဖို့ အခြေခံမူချထားတယ်။

ဒီဥပဒေတွေကြောင့် တပ်မတော်သားတွေဟာ မိမိတို့ရဲ့ ဆန္ဒသဘောထားအမှန်ကို ဖွင့်ထုတ်ပြနိုင်ဖို့ ခက်နေတယ်။ ပြည်သူနဲ့တပ်မတော်၊ တကယ့်နိုင်ငံရေးနဲ့တပ်မတော် ထိတွေ့ဆက်စပ်နိုင်ဖို့ တံတိုင်းကြီးတွေဖြစ်နေတယ်။

ရှေ့တန်းစစ်ဆင်ရေးတပ်တွေဖြစ်ဖြစ်၊ ရှေ့တန်းစခန်းထိုင်တပ်တွေဖြစ်ဖြစ်၊ ၈၈ နောက်ပိုင်းမှာ ရှေ့တန်းဖြစ်လာတဲ့ ရန်ကုန် မန္တလေး မြို့ကြီးပြကြီး စစ်ဒေသဝင်တပ်တွေဖြစ်ဖြစ် တနေရာထဲကြာလာရင် လူထုနဲ့ရင်းနှီးသွားမှာစိုးလို့ ဆိုပြီး နေရာတွေ ခဏခဏပြောင်း၊ တပ်တွေ ခဏခဏချိန်းတာ မဆလ-နဝတ-နအဖ-ကြံ့ဖွတ်တပ်ရဲ့ မူဖြစ်တယ်။

ဒါကြောင့် တိုင်းရင်းသားတပ်တွေ အပစ်အခတ်ရပ်စဲရေးလုပ်တော့ နှစ်ဖက်တပ်တွေ တွေ့ထိလာတဲ့အခါ တိုင်းရင်းသား တပ်တွေ လူထုနဲ့ရင်းနှီးတာကို ဗမာစစ်တပ်က အံ့သြခဲ့ကြတယ်။ သူတို့အထက်အရာရှိတွေဦးနှောက်ထဲမှာ တပ်နဲ့ လူထု ရင်းနှီးတာဟာ မကောင်းတဲ့ကိစ္စဆိုတဲ့ အစွဲကြီး နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေလို့ဖြစ်တယ်။ တပ်နဲ့လူထု ရင်းနှီးရင် ရဲဘော်တွေ စည်းရုံးခံရလိမ့်မယ်၊ တပ်ကထွက်ချင်စိတ်များလာမယ်၊ တပ်ပြေးတွေများလာမယ်ဆိုတဲ့ တလွဲ စဉ်းစားမှုလဲ ရှိသေးတယ်။

ဗိုလ်ချုပ်တွေက နိုင်ငံရေးမှာဝင်ပါပြီး လူတွင်ကျယ်လုပ်နေပေမဲ့ အောက်ခြေရဲဘော်တွေကျ တော့ နိုင်ငံရေးနဲ့ဝေးစေဖို့အတွက် လူထုနဲ့ မရင်းနှီး မဆက်စပ်မိအောင်၊ မျက်စိပိတ်နားပိတ်ဖြစ်အောင် ဥပဒေတွေ အမိန့်တွေ အမျိုးမျိုးထုတ်ပြီး တင်းတင်းကြပ်ကြပ်တားဆီးထားတယ်။ လူထုနိုင်ငံရေးနဲ့ဝေးပြီး စက်ရုပ်နိုင်ငံရေးဘဲ ရှိအောင် တပ်တွင်းဆွေးနွေးပွဲတွေမှာ အစိုးရပိုင်သတင်းစာတွေထဲက အဆင့်မရှိတဲ့ တဖက်သတ်လံကြုတ်ဆောင်းပါး တွေ၊ တပ်ချုပ်ကြီးမိန့်ခွန်းတွေကိုဘဲ ဟောပြောပို့ချတာ အပတ်စဉ်မဟုတ်တောင် လစဉ်လုပ်ခိုင်းတယ်။

ရှေးခေတ်ကဗျာဆရာ အမတ်ကြီးလက်ဝဲသုန္ဒရရဲ့ နန္ဒိသေနပျို့ထဲက ‘စစ်နည်းဗျူဟာ ဘယ်လိုသာလည်း၊ စွဲကိုင်လက် နက် ဘယ်လိုထက်လည်း၊ ပြည်သူ့နှလုံး မသိမ်းကြုံးလျှင်၊ ပြည်သူ့ခွန်အား မကိုးစားလျှင်၊ ဓားသွားလဲကြွေ၊ လှံလဲခွေ အံ့’ ဆိုတဲ့လင်္ကာကို စစ်ကျောင်းတွေမှာရော တပ်တွေ ရုံးတွေမှာပါ ချိတ်ဆွဲထားပေမဲ့ လက်တွေ့ကျင့်သုံးမှုနဲ့ လုပ်ထုံး လုပ်နည်းတွေ၊ ဥပဒေတွေကတော့ လုံးဝပြောင်းပြန်ပါ။ ပြည်သူ့နှလုံး သိမ်းကြုံးတယ်ဆိုတာ ပြည်သူ့ဂုတ်ပေါ်ခွစီးပြီး နဖားကြိုးထိုးတာ၊ ပြည်သူ့ခွန်အား ကိုးစားတာကတော့ နောက်ကနေ သေနတ်နဲ့ချိန်ပြီး မိုင်းကွင်းဖြတ်လျှောက်ခိုင်း တာ၊ ပေါ်တာထမ်းခိုင်းတာလို့ နားလည်နေပုံပါဘဲ။

စစ်တိုက်ရာမှာ ထိရောက်ဖို့အတွက် အမိန့် စည်းကမ်းတွေ၊ အဆင့်ဆင့်အထက်အောက်စနစ်တွေ ချထားရတာဆိုတဲ့ အကြောင်းပြချက်နဲ့ အခြေခံမူလလူ့အခွင့်အရေးတွေကို ကန့်သတ်ချုပ်ချယ်ပြီး လူထုနဲ့အဆက်ဖြတ်ထားတာဟာ ခေတ်သစ်နိုင်ငံတကာစစ်တပ်တွေမှာ မရှိတော့ပါဘူး။ တပ်မတော်သားသမဂ္ဂတွေ (စစ်ဘက်အလုပ်သမားသမဂ္ဂတွေ) Military Trade Union ၊ အကျိုးစီးပွားအသင်းအဖွဲ့တွေ Interest Groups ၊ အရပ်ဖက်လူမှုအသင်းအဖွဲ့ Civil Society Organizations တွေနဲ့အလားတူ စစ်ဖက်လူမှုအသင်းအဖွဲ့တွေ Military Society Organizations ကတဆင့် တပ် မတော်သားအခွင့်အရေးတွေ၊ လူ့အခွင့်အရေးတွေကို အကောင်အထည်ဖော် ကျင့်သုံးနေကြပြီဖြစ်တယ်။ ‘ယူနီဖောင်း ဝတ်နိုင်ငံသား’ ဆိုတဲ့သဘောတရား ထွန်းကားနေပြီ ဖြစ်တယ်။ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်တွေကို စစ်ရေးတာဝန်အရ လိုအပ်သလောက်ဘဲ (အရေးကြီးအချိန်၊ အရေးပေါ်အချိန်တွေမှာ) ကန့်သတ်ပြီး တပ်တွင်းအဓမ္မလုပ်အားပေးစနစ်၊ တပ်တွင်းကျွန်စနစ်တွေ ပပျောက်အောင် လုပ်နေကြတယ်။

တပ်မတော်သားတွေဟာ အထက်အရာရှိကြီးတွေရဲ့ ကိုယ်ကျိုးစီးပွားအတွက် အဖြည့်ခံသတ္တဝါမျိုးမဖြစ်စေဖို့နဲ့ နိုင်ငံ့ ကာကွယ်ရေးနဲ့မဆိုင်တဲ့ အထက်အရာရှိကြီးတွေရဲ့ ကိုယ်ကျိုးအတ္တလိုက်စားအကျင့်ပျက်မှုကို တိုက်ဖျက်ဖို့၊ တနည်း အားဖြင့် တပ်မတော်တခုလုံးဆိုင်ရာအာဏာအလွဲသုံးစားစနစ်ရော၊ တပ်ရင်းတပ်ဖွဲ့တခုချင်းအတွင်း အာဏာအလွဲသုံး စားစနစ်ရော ပပျောက်ဖို့အတွက် တပ်နဲ့ပြည်သူကိုကန့်ထားတဲ့ တပ်မတော်အက်ဥပဒေ၊ တပ်မတော်နည်းဥပဒေတွေကို အသစ်ပြန်လည်ရေးဆွဲဖို့ လိုပါတယ်။

ဒီလို စစ်ဘက်ဥပဒေတွေ အသစ်ရေးဆွဲပြဋ္ဌာန်း သို့မဟုတ် ပြင်ဆင်နိုင်မှ လက်ရှိ ၄၃၆ ပြင်ဆင်ရေးကအစ ၆(စ) အပါအဝင် ၂၀၀၈ တခုလုံးကို ဒီမိုနဲ့ တိုင်းရင်းသားအကြိုက်ပြင်ဖို့ အာမခံချက်ရှိမှာဖြစ်တယ်။ ဒါမှသာ ဗမာပြည်ရဲ့ အနာဂတ်ဒီမိုကရေစီနဲ့ တိုင်းရင်းသားတန်းတူရေးတွေ အာမခံချက်ရှိမှာဖြစ်သလို အနှိမ်ခံ အပယ်ခံ အမုန်းခံစစ်သည် တွေလဲ ဘဝအသစ်တဖန်မွေးဖွားလာမှာ ဖြစ်ပါတယ်။

ဂါမဏိ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဂါမဏိ, သူတို့အာဘော်

2 Responses to ဂါမဏိ – တံတိုင်းကိုဖြို…

  1. Thet Naing on June 5, 2014 at 9:37 pm

    ဆရာတော် ဦးဇောတိကစကားနဲ့ ပြောရရင် ပြင်လိုက်ရင်ကောင်းသွားမယ်။ ကျနော်ကိုယ်တိုင်လည်း ပြင်ရမယ်။ လူ့အခွင့်အရေး၊ ဒီမိုကရေစီကို ရေပက်မ၀င်အောင် ပြောနေတဲ့လူတွေ တော်တော်များများဟာ ကိုယ့်အဖွဲ့၊ ကိုယ့်ကတ်ဝန်းကျင်၊ အနည်းဆုံး ကိုယ့်မိသားစုအပေါ်မှာတော့ အာဏာရှင်တွေ ဖြစ်နေတတ်ကြတာကို သူတို့ကိုယ်တိုင်လည်း မသိရှာကြဘူး။ တော်တော်လည်း စိတ်မကောင်းစရာဗျာ။ ငါ ကြီးလေ ပိုဆိုးလေပါဘဲ။ ဒါကို အကောင်းဆုံး ကုစားနည်းကတော့ ကိုယ့်စိတ်ကို ပြန်ကြည့်လိုက်ပါခင်ဗျာ။ အစမှာတော့ ကြဲကြဲပေါ့။ ဖြစ်နိုင်ရင် ခဏခဏ ပြန်ပြန်ကြည့်ပေးပါ။ ကျနော်လည်း ကြိုးစားနေပါတယ်။ ကျေးဇူးတင်ပါတယ်။

  2. Maung Zaw on June 6, 2014 at 10:47 am

    ဟုတ်ပါတယ်။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်