စံလှကြီး – မြန်မာစာ မြန်မာစကားက သိပ်မဟန်ပါဘူးတဲ့လား!

June 9, 2014

မြန်မာစာ မြန်မာစကားက သိပ်မဟန်ပါဘူးတဲ့လား!
စံလှကြီး
ဇွန် ၉၊ ၂၀၁၄
 

လွန်ခဲ့သော လအနည်းငယ်ခန့်က လေထန်ကုန်း တခုသို့ ခရီးသွားဟန်လွှဲ ရောက်သွားခဲ့ပါသည်။ လေထန်ကုန်း ဘာလေထန်ကုန်းလည်း။ စာပေလေထန်ကုန်း ဖြစ်ပါသည်။ စာရေးသူသည် ကျောင်းသားဘဝ ကတည်းက ဝါဿနာတူ စာပေသမား အချင်းချင်း ကိုယ်သန်ရာသန်ရာ ဝေဖန်ဆွေးနွေးကြသော နေရာများကို စာပေ လေထန်ကုန်းဟု တင်စားလေ့ ရှိပါသည်။ ကိုယ်သည်လည်း ကျောင်းသားဘဝ ကတည်းက ထိုလေထန်ကုန်းများကို မွေ့လျော်တတ်သူ တဦး ဖြစ်ချေသည်။

မှတ်မှတ်ရရ ကျောင်းသားဘဝက စာမေးပွဲ ဝေးနေချိန်တွင် ဝါဿနာတူ သူငယ်ချင်း သုံးယောက်သား ရပ်ကွက်ထဲမှ လက်ဖက်ရည်ဆိုင်တွင် ထိုင်ကာ ကိုယ်ဖတ်ဖူးသော စာအုပ်များအကြောင်းကို ဆွေးနွေး ငြင်းခုံကြရာ ငါးနာရီခန့် ကြာသွားခဲ့ဖူးသည်ကိုလည်း သတိရမိပါသည်။ မလွန်လွန်းဘူးလား ဆိုင်ရှင်က မောင်းမထုတ်ဖူးလားဆိုလျှင် ဆိုခဲ့သည့်အတိုင်း ရပ်ကွက်ထဲက ဆိုင်ဆိုတော့ အမျိုးလို ဖြစ်နေသည်က တကြောင်း စာရေးသူတို့ကလည်း နည်းနည်းလေး ကြာသွားသည်နှင့် မုန့်တခုမဟုတ်တခု ထပ်မှာကာ စားသောကြောင့် ဖြစ်ပါသည်။

အခု ဒီဘက်နောက်ပိုင်းကျတော့ စာပေ လေထန်ကုန်းတွေက ဟိုတုန်းကလို လက်ဖက်ရည်ဆိုင်တောင် သွားစရာ မလိုတော့။ အင်တာနက် ပေါ်ပြီးကတည်းက facebook များ အင်တာနက် စာမျက်နှာများပေါ်တွင် ဆွေးနွေးကြသည်မှာ အတော်ကြီးကို စည်စည်ကားကား ရှိသည် များကိုလည်း ကြားဖူး တွေ့ဖူးရပါသည်။ ဒါနဲ့ပဲ ထိုကဲ့သို့ ဆွေးနွေးနေကြသော စာပေ လေထန်ကုန်းတခုသို့ ရောက်သွားကာ သွားနားထောင် မိခြင်းမှ စတာပဲ ဖြစ်ပါသည်။

ဆွေးနွေးနေသော လူအရေအတွက်က စာရေးသူ စိတ်ထင် ၁၀ ယောက်ကျော်လောက်တော့ ရှိမည်ထင်သည်။ ဆွေးနွေးနေသော အကြောင်းအရာမှာ တယောက်က သူတွေ့ခဲ့ဖူးသော မြန်မာစာတန်းထိုး ဗီစီဒီ ပြစက်ကလေး အကြောင်း ပြောပြတာကို ဝိုင်းဆွေးနွေးနေကြ တာ ဖြစ်သည်။ ဦးဆောင်သူက ဆွေးနွေးတာက ရိုးရိုးလေးပါပဲ။

သူရွာလေးတခုသို့ အသွားတွင် မြန်မာစာတန်းထိုးထားသော ဗီစီဒီစက်ကလေးတလုံး တွေ့ခဲ့ကြောင်းနဲ့ ထိုစက်ကလေးမှာ ရေးထားသော စာများကို သူနားထောင်ရတာ နားရှုပ်လှပါကြောင်း ဖြစ်ပါသည်။ ဆိုပါစို့ အင်္ဂလိပ်လို Repeat လို့ သူနားလည်နေသော စကားလုံးကို ထပ်ခါ ထပ်ခါပြသခြင်း ခလုတ်ဆိုတော့ သူကြောင်နေပြီး သူ့အတွက်တော့ မွေးစားစကားလုံးများနဲ့သာ ပိုအဆင်ပြေကြောင်း ဆိုပါသည်။ သူက မြန်မာစာ မြန်မာစကားက မြန်မာတွေ နားမလည်တဲ့ အဆင့် ဖြစ်နှေပြီဟု ဆိုလိုက်သေးသည်။

ဒီမှာတင် ဆွေးနွေးသူထဲက ပုဂ္ဂိုလ်ကြီး တဦးက မှတ်ချက် ဝင်ပေးလိုက်ပါသည်။ သူပြောလိုက်တာက မြန်မာစာ မြန်မာစကားက သိပ်မဟန်ပါ ဘူးဗျာ တော်တော် ချို့တဲ့ပါတယ် ဆိုပြီး ဖြစ်ပါသည်။ စာရေးသူ အတော် အံ့သြသွားမိပါသည်။ ဘာလို့လည်းဆိုတော့ သူ ဆက်ပြောတဲ့ စကားအရ သူ့ဟာ စာအတော်ဖတ်သည်လို့ (ကျန်လူများ အပြောအရ) သိလိုက်ရပြီး ဆွေးနွေးနေသူထဲတွင်လည်း သူ့ကို လေးစားသော လူများမှန်း သိလိုက်ရလို့ပါပဲ။ သူက ဒီအကြောင်းကို ဂျာနယ်ထဲတောင်ထည့်ဖို့ ကောင်းသည်လို့ ဆိုလိုက်သေးသည်။ တယောက် နှစ် ယောက်ဆို ကိုယ့်မျက်စိရှေ့တွင်ပဲ သူ ထိုကဲ့သို့ မြန်မာစာအပေါ် ဝေဖန်လိုက်ခြင်းအတွက် အမှန်တွေကို အမုန်းခံပြီး မထောက်မညှာပဲ ပြောတတ်လို့ သူ့ကို လေးစားနေရတာလို့ ဝင်ပြောကြတာလည်း တွေ့လိုက်ရပါသည်။

ပိုအံ့သြစရာ ဖြစ်ရသည်မှာ သူတို့ ပြောစကားအရ ဆွေးနွေးနေသူ အားလုံးမှာ စာတိုပေစများ ရေးနေကြပြီး စာဖတ် ဝါဿနာပါသူများလို့ သိရသည့် အပြင် အထက်ပါ မှတ်ချက်ပြုသူ ပုဂ္ဂိုလ်ကြီးဆိုရင် မြန်မာစာအုပ်များသာမက အင်္ဂလိပ်စာအုပ်များကိုပါ ဖတ်လေ့ရှိသူဟု သိရသည်။ အကြီးအကျယ်တော့ လွဲမှားနေခဲ့ပြီ ဖြစ်သည်။ နှစ်ဘာသာစလုံးကို ဖတ်ရှုသည်ဆိုသော လူထံမှ ဒီလို စကားမျိုး ထွက်လာခြင်းအတွက် အံ့သြမိသည်သာမက စာဖတ်ပါသည် ဆိုသော လူငယ်များထံမှ ဒီကိစ္စကို သဘောတူသယောင် လေသံများ ထွက်လာခြင်း အတွက်လည်း စိတ်မကောင်း ဖြစ်မိပါသည်။

အနှီ ပုဂ္ဂိုလ်ကြီး၏ မြန်မာစာ မြန်မာစကားက ချို့တဲ့ပါတယ် ဆိုတော့ လေသံကြားကာမှ ဦးဖိုးကျားရေးသော အခမဲ့ကူလီထမ်းခြင်းအကျိုး ဝတ္ထုကိုပင် သတိရမိသေးသည်။ ကျောင်းပိတ်ရက် မိဘထံ ပြန်လာသော ကောလိပ် ကျောင်းသားအား ဦးဖိုးကျားက Advanced English ဆိုသော စကားကို မြန်မာလို ဘယ်လို ခေါ်ပါသလည်း မေးတော့ အိုးနင်းခွက်နင်း ဖြစ်နေပြီးမှ ကောလိပ်ကျောင်းသား မောင်သောင်းက ခင်ဗျားကြီးတို့ မြန်မာစကားကလည်း ဒီလို အဆင့်မြင့်တာတွေကို မပြန်နိုင်သေးပါဘူးဗျာ ဆင်းရဲပါတယ် ဆိုပြီး ပြောခဲ့ဆိုကိုး။ သူက ဦးဖိုးကျားကို ပညာတတ် အမျိုးသားပညာဝန်မှန်း မသိပဲ တောသားကြီးတယောက်လို့ ထင်နေခဲ့တာ ဖြစ်သည်။ ထိုဝတ္ထုကို ဦးဖိုးကျားရေးတာ မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ဒုတိယကမ္ဘာစစ်ပင် မဖြစ်သေးသည့် အချိန်က ဖြစ်ရာ အခု နှစ်ပေါင်း ၇၀ ကျော်လာတာတောင် ကောလိပ်ကျောင်းသား မောင်သောင်းလိုလူတွေ အများကြီး ရှိသေးမှန်း သိလိုက်ရပါသည်။

ဝင်ဆွေးနွေးသူထဲက နှစ်ယောက်လောက်ကတော့ ကြိုးစားပြီး ပြောကြပါသည်။ မြန်မာတွေ တီထွင်ထုတ်လုပ်ခြင်း မဟုတ်သည့် ပစ္စည်းများအတွက် မြန်မာစကားလုံး မရှိနိုင်သဖြင့် အင်္ဂလိပ် စကားလုံးကိုသာ ယူသုံးရမည် ဖြစ်ကြောင်း technical term သို့မဟုတ် ဘာသာရပ်ဆိုင်ရာ စကားလုံးများကို ဘာသာပြန်ဖို့ မဖြစ်နိုင်သည့် သဘော ပြောကြပါသည်။ သူတို့ ပြောတာ မမှားပါ။ ဒါပေမယ့် မပြည့်စုံဟု ထင်ပါသည်။ ဘာလို့လည်းဆိုတော့ သူတို့ ဆွေးနွေးနေသော စက်ပစ္စည်းတွင် ရေးထားသည် ဆိုသော Repeat ကဲ့သို့သော စကားလုံးများသည် ဘာသာရပ်ဆိုင်ရာ စကားလုံး မဟုတ်တော့ပဲ နေ့စဉ်သုံး စကားလုံးများ ဖြစ်ပါသည်။ တကယ်ဆို ဘာသာပြန်လို့ ရရမည်သာ။

ကာလတခု ကြာရှည်စွာ ကိုယ်ပိုင်ဘာသာ အဖြစ် ရပ်တည်လာသော ဘာသာစကား တခုကို မျက်စိလည်ပြီး နားမလည် ဖြစ်သည်ဆိုလျှင် ဖြစ်နိုင်သော အချက် ၂ ချက် ရှိသည်။ တစ်အချက်က ထိုဘာသာစကားက ချို့တဲ့လို့ ညံ့ဖျင်းလို့ ဖြစ်ပြီး နှစ်အချက်က ကိုယ်က ထိုဘာသာနဲ့ ပက်သက်ပြီး ဗဟုသုတ အခြေခံ နည်းလို့ဖြစ်သည်။ တကယ်တော့ ဒုတိယအချက်မှာ အဖြစ်နိုင်ဆုံး ဖြစ်ပါသည်။

အထက်ပါ မြန်မာစာ မြန်မာစကားက တော်တော် ချို့တဲ့ပါတယ် ဆိုပြီး မှတ်ချက်ပေးသော ပုဂ္ဂိုလ်ကြီး မှားသလား ဆိုလျှင် မှားပါတယ် ခင်ဗျာ။ ဒီလို မှတ်ချက်မျိုးကို သူပေးခြင်းမှာ တကယ်တော့ သူက ဘာသာဗေဒနဲ့ ပက်သက်ပြီး နားမလည်သောကြောင့် ဖြစ်ပါသည်။ အနည်းငယ် ရှင်းပြပါမည်။

လွန်ခဲ့သော ၃ နှစ်လောက်က စာရေးသူသိသော ရုံးတရုံးတွင် မိန်းကလေးတဦးမှာ Human Resources Department  ဝါ အတိုကောက် HR ဟုခေါ်သော ဌာနကို မြန်မာလို လူ့စွမ်းအားအရင်းအမြစ်ဌာန ဆိုပြီး ခေါ်လေ့ ရှိပါသည်။ စာရှုသူများလည်း ရပ်ပြီး စဉ်းစားကြည့်ပါ။ ဘယ်လို အဓိပ္ပါယ်မှန်းမသိ ဖြစ်နေတာ တွေ့ရပါမည်။ စောစောက ပြောသော ထပ်ခါ ထပ်ခါ ပြသခြင်း ခလုတ် ဆိုတာထက်တောင် ဆိုးသေးသည်။ ခဏ ခဏ ကြားလာရတော့ စာရေးသူလည်း မနေနိုင်တာနဲ့ သူ့ကို အဲဒီလို မခေါ်ရကြောင်း တကယ့်အမှန်မှာ ဝန်ထမ်းရေးရာဌာနလို့ ခေါ်ရကြောင်း ခပ်တိုတို ရှင်းပြလိုက်ပါသည်။ သူ သိပ်လက်ခံချင်ပုံ မပေါ်ပါ။ သူ စောဒက တတ်တာက သူ အဘိဓါန်ထဲမှာ ကြည့်တော့ Human ဆိုတာက လူ Resources ဆိုတာက စွမ်းအားအရင်းအမြစ် Department ကဌာန ဖြစ်သဖြင့် လူ့စွမ်းအားအရင်းအမြစ်ဌာနလို့ ခေါ်ခြင်းဟု ပြောပါသည်။ သူ့ကို ရှင်းပြလျှင် စကားအကြာကြီး ပြောရမည် သာမက သူလက်မခံချင်ပုံ ပေါ်သဖြင့် ထိုစဉ်က အကျယ်တဝင့် မပြောပြခဲ့။

သို့သော် ထိုမိန်းကလေး မသိသည်မှာ သူထွက်သွားမှ အနားမှာ ရှိနေသော ကောင်လေးနှစ်ယောက်က စာရေးသူအား ဝန်ထမ်းရေးရာဌာနလို့ ပြောလိုက်မှပဲ သူတို့ မြန်မာလို ရှင်းရှင်းလင်းလင်း နားလည်သွားကြောင်း ပြောကြပါသည်။ အရင်တုန်းက သူတို့လည်း ဒီ လူ့စွမ်းအားအရင်းအမြစ်ဌာန ဆိုတာကြီးကို နားထောင်ပြီး ဘာမှန်းမသိ ဖြစ်ခဲ့ပါသည်တဲ့။ အဓိက အမှားမှာ အဘိဓါန်မှ စကားလုံးကို တိုက်ရိုက်ကြီး အဓိပ္ပါယ်ပြန်ပြီး သုံးသူ၏ အမှားသာ ဖြစ်ပါသည်။ မြန်မာဘာသာ စကားလုံး ချို့တဲ့ခြင်း မဟုတ်ပါ။

ဘာသာပြန်ရာတွင် တခါတရံ တိုက်ရိုက် အဓိပ္ပါယ် ပြန်ဆိုလို့ မရပါ။ ဘာသာပြန်သူသည် နှစ်ဘာသာစလုံးကို ကျွမ်းကျင်သူ ဖြစ်ရပါသည်။ ကိုယ်ဘာသာပြန်သော တိုင်းခြား ဘာသာစကားကို ကျွမ်းကျင်ပြီး ကိုယ့်မိခင်ဘာသာ ဆိုလျှင်တော့ အနုအယာဉ် သူ့ပြင်မရှိဟု ဆိုရလောက်အောင် ကျွမ်းကျင်မှ ဘာသာပြန်ဆိုလို့ ရပါသည်။

ထို မိန်းကလေး ဘာသာပြန်သော လူ့စွမ်းအားအရင်းအမြစ်ဌာန ဆိုတာကို ဆွေးနွေးနေသော လူများသာ ကြားသွားပါက မြန်မာစာကို အထင်သေးတော့မှာ သေချာပါသည်။ စာရေးသူ မှန်းကြည့်ရသည်မှာ အခု နောက်ပိုင်း စက်ပစ္စည်းတွေကို မြန်မာလိုပြန်ကာ ရောင်းချသော စီးပွားရေးသမားများမှာ သူတို့ ပြန်ဆိုမည့် အင်္ဂလိပ် စကားလုံးများကို ဘာသာပြန်ရာတွင် ကျွမ်းကျင်သူများနဲ့ တိုင်ပင်မှာ မဟုတ်တာ သေချာသည်။ ကိုယ့်ဘာသာကိုယ် လွယ်လွယ်ပဲ အဓိပ္ပါယ် ပြန်လိုက်မှာလည်း သေချာသည်။ ဒီလို ဟာတွေကို နားမလည်တဲ့ လူများက ဖတ်မိတော့ ကိုယ့်မိခင်ဘာသာကပဲ အသုံးမကျသလို ဖြစ်ကုန်ပါတော့သည်။ ဒီလို အမှားမျိုးများကို သတိထားသင့်သည်ဟု ထင်ပါသည်။ ဒါက စာလုံးပေါင်း အမှတ်တမဲ့ မှားတာလောက် မဟုတ်ပဲ အလကားနေရင်း ကိုယ့်စာပေ လူအထင်သေးစရာ ဖြစ်လာတတ်သောကြောင့်ပင်။
ဘာသာပြန်ဆိုရာတွင် ဆိုခဲ့ပြီးသည့်အတိုင်း မကျွမ်းကျင်သူ ဘာသာပြန်လျှင် အိုးနင်းခွက်နင်း ဖြစ်တတ်သော်လည်း နှစ်ဘာသာစလုံးကို ကျွမ်းကျင်သူက ဘာသာပြန်လျှင် အလွန်လှပသည်ကို တွေ့ရဖူးပါသည်။ အမှန်တော့ စာရေးသူလည်း ဘာသာပြန်သမား မဟုတ်ပါ။ ထို့ကြောင့် ဘာသာပြန်ရာတွင် ကျွမ်းကျင်သူများ ပြန်ဆိုခဲ့သည်များကို နမူနာသဘော ရေးပြပါမည်။

အင်္ဂလိပ်ဘာသာစကားတွင် ရှိတ်စပီးယား ပြဇတ်တပုဒ်တွင် The last but not the least ဆိုသော စာသား ပါခဲ့ပါသည်။ အခန်းမှာ ဘုရင်ကြီးက သမီးတော်သုံးပါးတွင် တတိယမြောက် သမီးတော်အား ထိုသို့ ခေါ်လိုက်သောအခန်း ဖြစ်ပါသည်။ တိုက်ရိုက်ကြီးသာ အဓိပ္ပါယ် ပြန်ပါက နောက်ဆုံး ဒါပေမယ့် အနည်းဆုံး မဟုတ်တဲ့ သမီးဆိုပြီး ဖြစ်နေပါသည်။ နားထောင်လို့လည်း မလှပါ။ အဲဒါကို ဘယ်လို ဘာသာပြန်လိုက်သလည်း ဆိုတော့ “အထွေးဆုံးပေမယ့် အသေးဆုံး မဟုတ်ပါတဲ့ ဖေ့ဖေ့မျက်ဖျော် သမီးတော်အလှ ကော်ဒေလျ” ဆိုပြီး ဘာသာပြန်လိုက်ရာ စာဖတ်နေရင်းပင် သမီးအထွေးဆုံးလေးကို ခေါ်လိုက်သော ဘုရင်ကြီးကို မျက်စိထဲ မြင်ယောင်မိပါသည်။ အလွန်လှပသော ပြန်ဆိုမှုပါပဲ။ ဘာသာပြန်သူက ဘယ်သူလည်းဆိုတော့ အင်္ဂလိပ်ဘာသာ ကျွမ်းကျင်သလို မြန်မာဘာသာတွင်လည်း ကျွမ်းလှသည့် ဆရာကြီး မင်းသုဝဏ်ပေကိုး။

ဆရာကြီး ရွှေဥဒေါင်း ဘာသာပြန်ခဲ့သော ရတနာသိုက် ဝတ္ထုတွင် ‘Mercedes!’ Well,yes,you are right,that name has still its charms” ဟု မူရင်းဝတ္ထုတွင် ပါခဲ့သော စာသားကို “မာဆဒိ ဟုတ်ပါရဲ့ ဒီနာမည်ကလေးဟာ ခုထက်ထိ နားဝင်ချိုတုန်းပဲ ရှိသေးတယ်” ဟု ဘာသာပြန်ခဲ့ရာ charms ဟူသော စကားလေးကို ပေါ်လွင်အောင် “နားဝင်ချို” ဟု ဘာသာပြန်လိုက်ပုံကို တွေ့နိုင်ပါသည်။

ခုခေတ်ပေါ်သော ဇာတ်လမ်းထဲတွင် ဟယ်ရီပေါ်တာ ဇတ်လမ်းတွဲများကို ကြည့်ဖူးသူများ ရှိပါလိမ့်မည်။ ထို ဟယ်ရီပေါ်တာ ဝတ္ထုများကို အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုခဲ့ရာ ပြန်ဆိုသူ၏ အရည်အချင်းပေါ် မူတည်ပြီး ဘာသာပြန်ဝတ္ထု၏ ရသကွာသွားသည်ကို တွေ့ဖူးပါသည်။
ဥပမာ ဆိုရလျှင် မူရင်း ဝတ္ထုနာမည်က Harry Potter And The Prisoner of Azkaban ဖြစ်ပါသည်။ တိုက်ရိုက်ဘာသာပြန်လျှင် ဟယ်ရီပေါ်တာ နှင့် အက်ဇခါဘန် အကျဉ်းသား ဖြစ်ပါသည်။ အဓိက စကားလုံးမှာ Azkaban ဆိုသော စကားလုံး ဖြစ်ပြီး ဝတ္ထု အဓိပ္ပါယ်အရ မှော်လောကမှ ထောင်ဖြစ်ပါသည်။ ထိုထောင်တွင် Dementor ဆိုသော ကြောက်စရာ မှော်သတ္တဝါဆန်းများ ရှိပြီး အကျဉ်းသား၏ ပျော်ရွှင်မှုများကို ပျောက်ဆုံးစေသည်။ လိုအပ်ပါက အကျဉ်းသား၏ ဝိညာဉ်ကိုပင် စုပ်ယူတတ်သည် ဆိုသည်။ အဘိဓါန်လှန်ကြည့်လည်း ထိုစကားလုံးများ၏ အဓိပ္ပါယ် တွေ့မည် မဟုတ်ပါ။ မတွေ့လို့ ဘာသာ မပြန်ရင်လည်း ဒါက အဓိက စကားလုံးများ ဖြစ်နေသည်။ ဒီတော့ ဘာသာပြန်သူက Dementor ကို ဝိညာဉ်စုပ်ကောင်ဟု ဘာသာပြန်ပေးလိုက်ပြီး ဝတ္ထုနာမည်ကိုလည်း ဟယ်ရီပေါ်တာနှင့်ဝိညာဉ်နုတ် အကျဉ်းသားဟု ဘာသာပြန်လိုက်ရာ အဓိပ္ပါယ် မမှားသလို အလွန်လည်း မြန်မာဆန်သည့် စကားလုံး ဖြစ်သွားပါသည်။ ဘာသာပြန်သူမှာ ဆရာ မင်းခိုက်စိုးစန် ဖြစ်ပါသည်။

ဘာသာပြန်ရာတွင် စကားလုံးများ ထောက်နေခြင်းသည် မြန်မာစာ မြန်မာစကား၏ မကြွယ်ဝမှု မဟုတ်ပဲ မကျွမ်းကျင်သည့် ဘာသာပြန်သူများကြောင့်သာ ဖြစ်ပါသည်။

အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုရာတွင် အခက်အခဲများ ရှိတတ်သည်ဆိုတော့ မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုမည်။ အခက်အခဲ ရှိနိုင်ပါသလားဟု မေးပါက ရှိနိုင်သည် မဟုတ် ရှိကို ရှိခဲ့ဖူးပါသည်တဲ့။ ဆရာ သော်တာဆွေရေးသော ကျောက်ဖြုန်းကျော်ကြီးဆိုသော ဝတ္ထုတိုကို မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့ဖူးပါသည်တဲ့။ ထိုဝတ္ထုတွင် ကျော်ကြီးမှာ အလွန် ရိုးအသဖြင့် သူငယ်ချင်းများက ကျောင်းရှေ့က ခြင်္သေ့ကြီး ဖင်တုန်နေတယ် သွားကြည့်စမ်းဟု ပြောသဖြင့် အဟုတ်မှတ်ပြီး သွားကြည့်ရာ ပြန်လာတော့ ဆရာဘုန်းကြီး၏ အရိုက်ခံရသည် ဆိုသော အခန်းဖြစ်သည်။ ထိုဝတ္ထုကို ဘာသာပြန်ရာတွင် အင်္ဂလိပ် စာရေးဆရာမက ခြင်္သေ့ကြီး ဖင်တုန်နေတယ် ဆိုတာကို အင်္ဂလိပ်လို back part sharking ဟု ဘာသာပြန်ခဲ့သည်တဲ့။ နောက်ပိုင်း တုန်နေတယ်ပေါ့။ ဘာသာပြန်ပြီး မြန်မာစာရေးဆရာကို ပြကြည့်တော့မှ ဖင်တုန်တယ် ဆိုတာ တကယ် ဖင်တုန်တာ မဟုတ်။ ခြင်္သေ့ကြီး ဖင်တုန်နေတယ် ဆိုတာ ခြင်္သေ့ကြီး ဖုံတင်နေတယ်ကို စကားလိမ်ဖြင့် ပြန်ရေးထားတာဟု ရှင်းပြလိုက်ရာ ဘယ်လို ဘာသာပြန်ရမှန်း မသိအောင် ဖြစ်သွားခဲ့သည် ဆိုပဲ။ အင်္ဂလိပ်စကားတွင် စကားလိမ် လုံးဝ မရှိသောကြောင့် ဖြစ်ပါသည်တဲ့။ ဒါကို ဆရာ ဦးအောင်သင်းက သူ့စာအုပ်တအုပ်တွင် ရေးခဲ့သည်ကို ဖတ်ရဖူးပါသည်။

စာရေးဆရာကြီး မင်းကျော်ရေးသော ငါတို့ခေတ်နှင့်အပြိုင်ဆိုသော ဝတ္ထုရှည်ကြီးကိုသာ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရလျှင် အတော်ခက်မှာ သေချာသည်။ ထိုဝတ္ထုရှည်ကြီးတွင် ပါသော အခန်းတခန်းမှာ တရုတ်မြန်မာကပြား ဟုတ်လှိုင်ဆိုသော ကောင်လေးအား သူ့ သူငယ်ချင်း လူနောက်တယောက်က ဗရုတ်သုတ်ခ ပြောပြီး နောက်ပြောင်သော အခန်းဖြစ်သည်။

သူ့ သူငယ်ချင်းက ဟုတ်လှိုင်ကို “ဟေ့ ပေါက်ဖော် လုနော် လု မလုရင်လေ တသက်လုံး မဝဘူး။ ဝနော် နောင်ရေလာ ထော်မတိုင် ဂေါ်ပွေး” ဟု အပြောင်အပျက် ပြောကာ စသဖြင့် ဟုတ်လှိုင် စိတ်ဆိုးကာ ဆရာအား သွားတိုင်သော အခန်းဖြစ်သည်။ ခြင်္သေ့ကြီး ဖင်တုန်နေတယ် ဆိုသော စာသားကိုပင် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရန် ခက်ခဲ့သည် ဆိုသဖြင့် ဆရာမင်းကျော်၏ ဝတ္ထုမှ နောက်ဆုံး စကားလိမ်ဆိုလျှင် ပြန်ဆိုဖို့ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

ဒီလိုဆိုတော့ စာရေးသူ ဆိုလိုတာက မြန်မာစာက အင်္ဂလိပ်စာထက် ပိုကြွယ်ဝတယ်လို့ ဆိုချင်တာလား ဆိုလျှင်တော့ မဟုတ်ပါ။ ဘာသာစကားတိုင်း သူ့အလှနဲ့သူ ဆိုတာကို သိစေလိုတာသာ ဖြစ်သည်။ တချို့ မြန်မာဘာသာတွင် ရှိသော စည်းစနစ်များမှာ အင်္ဂလိပ်စာတွင် မရှိ။ အင်္ဂလိပ်စာတွင် ရှိသော တချို့ စည်းစနစ်များလည်း မြန်မာဘာသာတွင် မရှိဆိုတာကို သိစေလိုခြင်းသာ။ မိမိစာပေ မိမိယာဉ်ကျေးမှုကိုသာ အထင်ကြီးပြီး သူတပါးစာပေ ယာဉ်ကျေးမှုများအား အထင်သေးခြင်းသည် အစွန်းရောက်ခြင်း ဖြစ်သလို တိုင်းခြားစာပေ ယာဉ်ကျေးမှုကိုမှ အထင်ကြီးပြီး ကိုယ့်စာပေ ယာဉ်ကျေးမှုများကို နှိမ့်ချခြင်းသည်လည်း အစွန်းရောက်ခြင်းပင် ဖြစ်ပါသည်။
ဘာသာရပ်ဆိုင်ရာ စကားလုံးများ technical term များကိုမူ ဘာသာမပြန်ပဲ မွေးစားစကားလုံးများ အဖြစ် သုံးစွဲလို့ ရပါသည်။ သုံးလည်း သုံးစွဲသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် စာရေးသူတို့ နိုင်ငံမှာ စက်မှုနှင့် နည်းပညာပိုင်းတွင် တိုးတတ်အောင် ကြိုးစားရဦးမှာ ဖြစ်သဖြင့် အင်္ဂလိပ်လို လေ့လာရဦးမှာ ဖြစ်ပါသည်။ ဂျပန်ကဲ့သို့ စက်မှုနိုင်ငံ ဖြစ်ပြီးသား နိုင်ငံအတွက်မူ ဂျပန်ဘာသာဖြင့် တက္ကသိုလ်များတွင် သင်ကြားနိုင်သော်လည်း အမိမြန်မာနိုင်ငံ အနေနှင့်မူ ထိုကဲ့သို့ လုပ်ရန်မလိုပါ။ အင်တာနက် ဆိုသော အင်္ဂလိပ်စကားလုံး အသစ်ကို မြန်မာလူငယ်တိုင်းနီးပါး သိနေပြီ ဖြစ်သဖြင့် ဘာသာမပြန်တော့ပဲ အလွယ်တကူ မွေးစားပြီး သုံးနိုင်ပါသည်။ စန္ဒရားသည် မြန်မာတို့ တီထွင်သော ပစ္စည်းမဟုတ်သော်လည်း မြန်မာသံ သီချင်းများကို တီးခတ်ရာတွင် သုံးနိုင်သကဲ့သို့ ဖြစ်ပါသည်။

အင်္ဂလိပ်ဘာသာသည်ပင် ကမ္ဘာသုံး ဘာသာစကားတခု ဖြစ်လာရာတွင် မွေးစားစကားလုံးပေါင်း များစွာကို ဘာသာအသီးသီးမှ ယူငင် သုံးစွဲခဲ့ပါသည်။ မြန်မာများ အသိများသော အချို့ အင်္ဂလိပ် စကားလုံးများမှာလည်း မွေးစား စကားလုံးများသာ ဖြစ်ပါသည်။ Salary ဆိုသော စကားသည် လက်တင်ဘာသာမှ စကားလုံး ဖြစ်ပြီး အဓိပ္ပါယ်မှာ ဆားဝယ်ရန်ငွေ ဖြစ်ပါသည်။ ရောမနိုင်ငံတော် ခေတ်ကောင်းစဉ်က စစ်သည်များအား ဆားဝယ်ရန် ချီးမြှင့်သောငွေ ဖြစ်ပါသည်။

အင်္ဂလိပ်ဘာသာသည် စာပေနှင့် ဘာသာရပ်ဆိုင်ရာ စကားလုံး အတော်များများကို လက်တင်နှင့် ဂရိဘာသာမှယူကာ အချက်အပြုတ် အနုပညာဖြင့် ဆိုင်သော စကားလုံးများကို ပြင်သစ်ဘာသာမှ ယူပါသည်။ အခြားဘာသာများမှ ယူသည်များလည်း ရှိပါသည်။ Tattoo ဆိုသော စကားလုံးမှာ ဟော်လန်ဘာသာမှ ဖြစ်ပြီး mosquito မှာ စပိန်ဘာသာမှ ဖြစ်ကာ cobra ဆိုသော စကားလုံးမှာ ပေါ်တူဂီဘာသာမှ ဖြစ်သည်ဟု သိရပါသည်။ kindergarden နှင့် hamburger ဆိုသော စကားလုံးများမှာ ဂျာမန်ဘာသာမှ ဖြစ်ပြီး piano မှာ အီတလီဘာသာမှ ဖြစ်ကာ theory ဆိုသော စကားလုံးမှာ ဂရိဘာသာမှ ဖြစ်ပါသည်တဲ့။

ဘာသာရပ်ဆိုင်ရာ စကားလုံးများကို မူရင်း အင်္ဂလိပ်ဘာသာဖြင့် အဓိက လေ့လာသင့်ပြီး မှီငြမ်းအနေနှင့် မြန်မာမှုပြုရန် ကြိုးစားသင့်ပါသည်။ မြန်မာများကိုယ်တိုင် တီထွင်သော ပစ္စည်းများ ပေါ်လာလျှင်တော့ မြန်မာအမည်ဖြင့် နည်းပညာ ဝေါဟာရများ ခေတ်မီပစ္စည်းများ ပေါ်ထွက်လာနိုင်ပါသည်။ ကုန်းဘောင်ခေတ် နှောင်းပိုင်းတွင် မြန်မာများ စက်မှုနိုင်ငံ တည်ထောင်ရန် ကြိုးစားခဲ့ကြရာ ထိုစဉ်က မြန်မာနာမည်ဖြင့် ခေတ်မီ ပစ္စည်းများ တီထွင်ခဲ့ကြဖူးသည်။ ကနောင်မင်းသား၏ လက်နက်စက်ရုံမှ တီထွင်ထုတ်လုပ်သော ဝဇီရာဝုဒ အမြှောက်ကြီး ဗထက်ချိုက် သေနတ် အစရှိသည်တို့ ဖြစ်သည်။ ထိုစဉ်က အကြောင်းအမျိုးမျိုးကြောင့် မြန်မာများ မအောင်မြင်ခဲ့ကြပေ။
သို့သော် နောင်အနာဂတ်တွင် မြန်မာများ မြန်မာနာမည်များဖြင့် တီထွင်သော ခေတ်မီပစ္စည်းများ ပေါ်လာနိုင်ပါစေဟု ဆန္ဒပြုပါသည်။ ဥပမာ ဝလုံးတံဆိပ် နောက်ဆုံးပေါ် ကွန်ပျူတာ အမေရိကန်လုပ် F-16 တိုက်လေယာဉ်ကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်သော “ဋ” တံဆိပ် တိုက်လေယာဉ် စသည်ဖြင့် ဖြစ်ပါသည်။ ဒီခရီး နီးသလားဆိုရင်တော့ မိုင်ထောင်ချီဝေးသော ခရီးကိုလည်း ပထမခြေလှမ်းဖြင့်သာ အစပြုရသည် မဟုတ်ပါလား။

အချုပ်အားဖြင့် ဆိုရသော် နောင် အနာဂတ်တွင် မြန်မာလူငယ်များ မြန်မာစာပေကို နှံ့စပ်ရုံသာမက ကမ္ဘာ့စာပေများကိုပါ ဖတ်ရှုနိုင်ပြီး မြန်မာဘာသာသို့ လှပစွာ ပြန်ဆိုကာ မိမိအမျိုးသားတို့၏ သုတ ရသ အသိဥာဏ်များ တိုးတတ်အောင် ပြုလုပ်နိုင်စွမ်း ရှိကြပါစေ။ ထို့အတူ မိမိမိခင်ဘာသာ၏ အလှအပများကိုလည်း ကမ္ဘာ့စာပေသို့ ဘာသာပြန်နိုင်ကြကာ မိမိစာပေကို မြှင့်တင်နိုင်ကြပါစေဟု ဆန္ဒပြုလိုက်ရပါသည်။

(ဝေဖန် အကြံပြု မှတ်ချက်ပေးလိုပါက sanhlagyi@gmail.com သို့လည်း စာရေးသား ပေးပို့နိုင်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, အတွေးအမြင်

8 Responses to စံလှကြီး – မြန်မာစာ မြန်မာစကားက သိပ်မဟန်ပါဘူးတဲ့လား!

  1. mindin3000 on June 9, 2014 at 2:18 pm

    လွှတ်ကောင်းအလွန်ကောင်း ဗျာ။ ဗမာစာသုံးစားမရဘူးလို့ ပြောတဲ့သူတွေလည်း ကိုယ်တိုင်ကြုံဖူးပါ့ဗျား။

  2. Ba Ba Gyi on June 9, 2014 at 6:31 pm

    မှန်ပါသည်။ ကျွန်တော်တို့ငယ်စဉ်ကသင်ခဲ့ရသော “အိုးထိန်းသည်နှင့်ခဝါသည်”
    ပုံပြင်ကို သိသူရှားသွားသည့်အပြင် ခေတ်ပညာတတ်လူငယ်အများစုမှာ Potter
    ကိုသိသော်လည်း အိုးထိန်းသည် ဆိုသောမြန်မာစကားစစ်စစ်ကိုမသိ၊ ဒိုဘီ၊ Laundry
    တို့ကိုသိသော်လည်း ခဝါသည် ဆိုသောမြန်မာစကားကိုမသိသူအများအပြားရှိနေပါပြီ။
    ဘယ်သူ့အပြစ်ပါနည်း။ အနှစ် ၅၀ ခန့် အမှောင်ခေတ်တွင်နေခဲ့ရ၍လော၊
    မိဘဆရာသမားများ၏သွန်သင်မှုညံ့ခဲ့၍လော၊ ၁၉၈၈
    နောက်ပိုင်းမှစပြီးမသိသူကမတတ်သူကိုဆရာလုပ်ခဲ့ခြင်းကြောင့်ပင်လော၊
    လူငယ်များကိုယ်တိုင်ကပင် ပညာဗဟုသုတရှာဖွေလိုစိတ်မရှိတော့ဘဲ ရေသာခို
    လှေကြုံလိုက်လိုသည့်စိတ်ဓာတ်များလာ၍ပင်လော။

    • San Hla Gyi on June 10, 2014 at 9:08 pm

      ကို mindin ခင်ဗျာ ဖတ်ပြီး ကြိုက်ကြောင်း ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျနော်ကတော့ မြန်မာအမျိုးသား တယောက်ဖြစ်လို့ ဘယ်တော့မှ ကိုယ်မိခင်စာပေကို အထင်မသေးပါ။ တကယ်လည်း သိပ်မညံ့လှပါဘူး။ အားနည်းရင်တောင် ကိုယ်က တိုးတတ်အောင် လုပ်ပေးရမယ် လုပ်နိုင်တဲ့ လူတွေကို တိုက်တွန်းပေးရမှာပေါ့။ သိပ္ပံမောင်ဝ(ဦးစိန်တင်) ပြောသလို ကျွန်ုပ်တို့ ပြုမှ တိုးတတ်ရမည့် မြန်မာစာ ဖြစ်သည်။ ကြိုးစားကြစို့ရဲ့ ဆိုသလိုပေါ့။
      ဦး Ba Ba Gyi ရေ ဦးလေးပြောတဲ့ ခဝါသည်နဲ့ အိုးထိန်းသည်ဆိုတဲ့ စကားလုံးတွေဟာ ငါးရာငါးဆယ် ဇတ်တော်တွေနဲ့ ဇတ်ကြီးဆယ်ဘွဲ့ မြန်မာပြန်တွေမှာ အကြိမ်ကြိမ် ပါခဲ့တာ မှတ်မိပါတယ်။ ကျနော့် အမြင်ကတော့ ကျနော်တို့ ကလေးစာပေက စပြီး သေသေချာချာ လုပ်ဖို့လိုတယ်လို့ ထင်မိတယ်။ ၁၉၈၀ ရှေ့နှစ်တွေတုန်းက ရွှေသွေးစာစောင်တွေဆို အရောင်အသွေးရော ဇာတ်လမ်းရော တကယ့်ကို ကောင်းပါပေ့။ ကျနော်ဆို အဲဒါတွေ ဖတ်ပြီး ကြီးလာတော့ စာလည်း ဖတ်တတ်ရော စာဖတ်ချင်စိတ် အလိုလိုကို ရှိလာတော့တာပဲ။

  3. Dr. Maung Maung Gyi on June 9, 2014 at 7:48 pm

    မှန်ပါသည်။ Culture ဆိုတိုင်း “ယဉ်ကျေးမှု” ဟုဘာသာပြန်လွဲမှားနေကြပါသည်။ Tissue Culture, Pearl Culture, Fish Culture တို့တွင် “မွေးမြူရေး” ဟုဘာသာပြန်ရပါမည်။ “ငါးမွေးမြူရေး” ဟုဘာသာမပြန်ဘဲ “ငါးယဉ်ကျေးမှု”ဟုဘာသာပြန်လိုက်ပါလျှင် ကွယ်လွန်သူစာရေးဆရာကြီးတက်တိုး (ဦးအုန်းဖေ)၏ မူရင်းအာဘော်အတိုင်းသုံးရပါက “စောက်ရမ်းဘာသာမပြန်နဲ့”ဟုပြောရပါတော့မည်။
    တခါတရံတွင် Culture ကို “ဓလေ့၊ စရိုက်၊ အကျင့်” စသည်စကားလုံးတို့နှင့်လည်း ဘာသာပြန်နိုင်ပါသည်။ ယခုခေတ် Media များတွင် Living Together Culture ကို “လက်မထပ်ပဲအတူနေယဉ်ကျေးမှု” ဟုပြန်နေကြပါသည်။ မိမိယဉ်ကျေးမှု၌မရှိသည်ကို “ယဉ်ကျေးမှု”ဟုပြန်ထားခြင်းကပင် “အမြင်မတော် ဆင်တော်နှင့်ခလောက်”ဖြစ်နေပါပြီ။ “လက်မထပ်ပဲအတူနေသောစနစ်”၊ “လက်မထပ်ပဲအတူနေသောဓလေ့”၊ တို့က ပိုဆီလျော်သောမြန်မာစကားများဖြစ်ပါသည်။
    အတူနေသူနှစ်ဦးသည် ဗုဒ္ဓဘာသာဝင်များဖြစ်ပါက “If a man and a woman live together, eat together, sleep together and if seven neighbours can attest for that, they become husband & wife automatically without any legal marraige contract” ဟုဆိုထားသော မြန်မာဗုဒ္ဓဘာသာ အိမ်ထောင်မှုဓမ္မသတ်အရ အကျင်လင်မယားအရာရောက်သည်သာဖြစ်ကြောင်းပါခင်ဗျား။

    ဒေါက်တာမောင်မောင်ကြီး

  4. surmi on June 10, 2014 at 10:38 am

    မင်္ဂလာပါ ကိုစံလှကြီး

    surmi

    • San Hla Gyi on June 10, 2014 at 9:20 pm

      Dr. Maung Maung Gyi ခင်ဗျာ အခုလို ဖြည့်စွက် ဆွေးနွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘာသာပြန်တဲ့ နေရာမှာ ဆီလျော်အောင် ပြန်ဖို့လိုတာ ပြောရင်တောင် မကုန်နိုင်ပါဘူး။ အဲဒါကြောင့် ကျနော် ဥပမာပေးတော့ ကျနော်ကြိုက်တဲ့ စာရေးဆရာကြီးတွေရဲ့ ဘာသာပြန်ပုံတွေကို နမူနာအနေနဲ့ ထည့်ပေးခဲ့တာပါ။ သူတို့က ကျွမ်းကျင်တာကိုး။ ဆရာကြီး ဦးတတ်တိုးက ကျနော် သိဖူးသလောက် ဖတ်တဲ့ စာတွေကို သေသေချာချာ မှတ်မိတယ်ဆိုပဲ။ ကျနော့်ဖခင်က ပြောပြဖူးတာပါ။
      ဆရာမြသန်းတင့်ဆို စစ်နဲ့ငြိမ်းချမ်းရေးကို ဘာသာပြန်တော့ ရေနွေးကရားအိုး တလုံးကို ဘယ်လိုမှ မြင်ယောင်ကြည့်လို့ မရလို့ ဆိုဗီယက်သံရုံးအထိ သွားမေးရတယ်တဲ့။ ဆရာဦးအောင်သင်းရဲ့ ဟောပြောပွဲမှာ နားထောင်ခဲ့ဖူးတယ်။ ဘယ်လောက်အထိ လေးလေးနက်နက် လုပ်ဖို့ လိုအပ်သလည်းဆိုတာ သိသာစေပါတယ်။
      ကိုဆာမိရေ မင်္ဂလာပါဗျာ။ တွေ့ရလို့ ဝမ်းသာမိပါရဲ့။

  5. Zaw Aung on June 10, 2014 at 4:43 pm

    ဟုတ်ပါသည်…..ဆရာစံလှကြီး..
    လူတိုင်း မိမိစာကိုသာသုံးချင်ပါသည်။

    မြန်မာပြည် မိုဘိုင်း Touch Screen ဖုန်းဆော့ဝဲများတွင် ဖွင့်ပါ၊ ပိတ်ပါ ..စသည့် မြန်မာစာလုံများ၊ မြန်မာ Ring Tone များကို မြန်မာပြည်ရှိမိုဘိုင်းဖုန်း လူငယ်ပညာရှင်များက အောင်မြင်စွာလုပ်ပေးသည်။ မြန်မာလူထုကလဲ တွင်တွင်ကြီးသုံးနေပါသည်။

    အချိန်အခါ ပေးလျှင် မြန်မာစာလုံးသည် ပြည်သူအကြိုက် ဖြစ်လာပါမည်။

    လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ စစ်တပ်အရာရှိကြီးများပင် အင်္ဂလိပ်စာလုံးညှပ်မပါသော မြန်မာစာ ဖတ်မှ အဓိပ္ပါယ်ပိုပေါက်သည် ဟုဆိုသည်။

    ထိုင်း၊ ကိုးရီးယား နိုင်ငံများတွင် သူတို့ဘာသာစကားရိုက်နှိပ်ထားသော လျှပ်စစ်ပစ္စည်း ခလုပ်များကို ပိုကြိုက်သည်။

    မြန်မာပြည်တိုးတက်လာလျှင် မြန်မာစာသည် ရေကန်အတင့်၊ ကြာမြင့်တက်လာမည်ဖြစ်သည်။ …

    • San Hla Gyi on June 11, 2014 at 9:17 pm

      ကိုဇော်အောင်ရေ ဖတ်ရှု ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။ ကျနော့် ဆောင်းပါးရဲ့ အဓိက ဆိုလိုချက်က ဒီလိုပါ။ မြန်မာလူမျိုးတိုင်း ကိုယ့်မိခင် ဘာသာစကားကို မြတ်နိုးရပါမယ်။ ကိုယ့်မိခင် ဘာသာစကားကို ကိုယ်မှ မမြတ်နိုး တန်ဖိုးမထားရင် ဘယ်သူက လာပြီး တန်ဖိုးထားမှာလည်း။ ဒါက ပထမအချက်ပါ။ ဒုတိယအချက်က သူများ ဘာသာစကားကိုကျတော့ လေးစားပြီး လေ့လာဖို့ ကြိုးစားရပါမယ်။ ဒါမှ သူတို့ စာပေတွေထဲက ကောင်းတဲ့ အချက်တွေကို ကိုယ့်အမျိုးသားတွေအတွက် အကျိုးရှိအောင် မျှဝေနိုင်မှာပါ။ အရာရာမှာ အစွန်းနှစ်ဘက်ကို ရှောင်ပြီး အလယ်လမ်းကို လိုက်နိုင်ရင် ပိုကောင်းပါတယ်။ သူ့မြေမှာ ဖြူပြာပွင့်ရင် ငါ့မြေမှာလည်း နီဝါတင့်စေရမှာပေါ့။
      ဘယ်ပညာရပ်မဆို တတ်ထားရင် သုံးနိုင်ရင် အကျိုးရှိတာပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းဟာ ကိုလိုနီ နယ်ချဲ့စနစ်ကို တိုက်ပြီး လွတ်လပ်ရေးအတွက် လုပ်ခဲ့ပေမယ့် အင်္ဂလိပ်စာကို အထူးလေ့လာခဲ့ပါတယ်။ ဒါကြောင့်လည်း မြန်မာ့တော်လှန်ရေးအတွက် ဗြိတ်သျှဗိုလ်ချုပ်ဆလင်းနဲ့ တွေ့ဆုံတဲ့အချိန် အိန္ဒိယဝန်ကြီးချုပ် နေရူးနဲ့ ဆွေးနွေးတဲ့အချိန် အင်္ဂလိပ် နန်းရင်းဝန် အက်တလီနဲ့ ဆွေးနွေးတဲ့ အချိန်တွေမှာ ကိုယ့်လိုလားချက် အမြင်တွေကို ပိုင်ပိုင်နိုင်နိုင် ဆွေးနွေးနိုင်ခဲ့ပါတယ်။ လန်ဒန်မှာ မြန်မာစာ ပါမောက္ခ လုပ်သွားတဲ့ ဒေါက်တာလှဘေဆိုရင် အင်္ဂလိပ်စာကို ကျောင်းသားဘဝ ကတည်းက သေသေချာချာ လေ့လာခဲ့တယ်လို့ ဖတ်ဖူးပါတယ်။ ဒေါက်တာထင်အောင်တို့ ဒေါက်တာကျော်သက်တို့ ဆိုလည်း အင်္ဂလိပ်စာ ပိုင်လို့သာ မြန်မာ့သမိုင်းကို အင်္ဂလိပ်လို စာအုပ်တွေရေးပြီး ကမ္ဘာကို အသိပေးနိုင်ခဲ့ပါတယ်။ ကိုယ့်အမျိုးသားတွေ အကျိုးအတွက် တိုင်းခြားဘာသာစကားကို အကျိုးရှိရှိ အသုံးချခဲ့တာပါ။ မြန်မာလူကျော်တွေ တော်တော်များများဟာ အမိ မြန်မာစာကို တန်ဖိုးထားသလို တိုင်းခြားဘာသာစကားကိုလည်း ကိုယ့်အမိမြေ အကျိုးအတွက် သုံးနိုင်ခဲ့တာကို သိစေလိုပါတယ်။
      ကျနော့် ဆောင်းပါးကို ဖတ်သွားကြတဲ့ စာဖတ်သူ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်