ဖိုးထက် – အနုပညာပွဲနှင့် ကောင်းစွာအိပ်စက်ခြင်း

June 10, 2014

အနုပညာပွဲနှင့် ကောင်းစွာအိပ်စက်ခြင်း
ဖိုးထက်၊ ဇွန် ၁၀၊ ၂၀၁၄

“အနုပညာ” ဆိုသည့် အဓိပ္ပါယ်ကို အမြင်အမျိုးမျိုး၊ ကိုယ့်ရှု့ထောင့်နဲ့ ကိုယ် ပြောကြ၊ ဖွင့်ဆိုကြ သည်။ လီယိုတော်စတွိုင်းကတော့ ဒီလိုပြောခဲ့သည်။

“Art is not, as the metaphysicians say, the manifestation of some mysterious idea of beauty or God; it is not, as the aesthetical physiologists say, a game in which man lets off his excess of stored-up energy; it is not the expression of man’s emotions by external signs; it is not the production of pleasing objects; and, above all, it is not pleasure; but it is a means of union among men, joining them together in the same feelings, and indispensable for the life and progress toward well-being of individuals and of humanity.”

တတ်သလောက်မှတ်သလောက် ဘာသာစကားလေးနဲ့ ကြိုးစား ဘာသာပြန်ကြည့်တော့…

“ဒသနိကပညာရှင်တွေ ပြောသလို အနုပညာဆိုတာ ဘုရားသခင် ဒါမှမဟုတ် အလှတရားရဲ့ ပဟေဠိဆန်မှုတွေကို သရုပ်ဖော်ထားခြင်း မဟုတ်ဘူး။ ဇီဝကမ္မဗေဒပညာရှင်တွေပြောတတ်တဲ့ လူရဲ့ ပိုလျှံနေအောင် သိုမှီးထားတဲ့ စွမ်းအားတွေကို ထွက်ပေါက်ပေးတဲ့ ကစားပွဲတစ်ခုလည်း မဟုတ်ဘူး။ လူရဲ့စိတ်ခံစားမှုတွေကို ပြင်ပ ဟန်ပန် အမူအရာတွေနဲ့ ဖော်ပြခြင်း မဟုတ်ဘူး။ နှစ်လိုဖွယ်ရာကောင်းတဲ့ ထုတ်ကုန်မဟုတ်ဘူး။ ခြုံပြောရရင် ပျော်ရွှင် ကြည်နူးမှု သက်သက် မဟုတ်ဘူး။

ဒါပေမယ့် အနုပညာဆိုတာ လူသားတွေကြားထဲက ပေါင်းစည်း ညီညွှတ်ခြင်းဖြစ်တယ်။ လူသားတွေကို ခံစားချက် ရင်ခုန်သံ ထပ်တူကျစွာ ပေါင်းစည်းထားခြင်းဖြစ်တယ်။ လူ့လောက နဲ့ လူတစ်ဦးချင်းဆီရဲ့ ကောင်းမွန်ပြည့်စုံတဲ့ ရှင်သန်နေထိုင်ခြင်းတွေဆီကို ဦးတည်ဆောင်ကျဉ်းပေးမယ့် မရှိမဖြစ်အရာဘဲ ဖြစ်တယ်။”

စာရေးဆရာကြီး ဘေကွန်ကတော့ “အနုပညာသည် သဘာဝလောကကြီးကို ထပ်မံပေါင်းဖြည့်ထားသည့် လူဖြစ်သည်။” ဟု  ပြောခဲ့တာကို ဆရာမြသန်းတင့်ရဲ့ ချစ်ခြင်း အနုပညာ ဘာသာပြန်ထဲမှာ ကျွန်တော် ဖတ်ဘူးသည်။ လီယိုတော်စတွိုင်းကြီးရဲ့ အဆိုက ဦးဏှောက်ခါးတောင်းကျိုက်ပြီး လိုက်စဉ်းစားရအုံးမည်။ ဆရာကြီး ဘေကွန် အလိုအရသာဆိုလျှင် အနုပညာဆိုသည့် လူကြီးသည် ကျွန်တော်တို့ မမြင်မတွေ့ရပေမယ့် အတော်ကြီး ချစ်စရာကောင်းသည့် နူးညံ့သိမ်မွေ့သော လူကြီးပါဘဲ။ ယုံကြည်စိတ်ချမှု အပြည့်ဝပေးနိုင်တဲ့ ပုဂ္ဂိုလ်ကြီးပါ။

ကျွန်တော့်နားမှာ အဲဒီ အနုပညာဆိုသည့် လူကြီး ရှိသလား၊ မရှိသလား ကျွန်တော် မသေချာ။ မရှိဖို့ များသည်။ သို့သော် အနုပညာဆိုသည့် လူကြီးကို ချစ်ရကောင်းမှန်းတော့ သိသည်။ လေးစားကြည်ညိုရကောင်းမှန်းတော့ နားလည်သည်။ ဒါကြောင့်လဲ စင်္ကာပူမှ ရသအလင်း အဖွဲ့ရဲ့ ကမကထ ဦးဆောင်ဦးရွက်လုပ်သော Facets of Art (အနုပညာ ဟောပြောပွဲ) ကို ကျွန်တော် သွားဖြစ်ခဲ့သည်။ ဟောပြောမယ့်သူတွေက လေးယောက်။ အနုပညာ နယ်ပါယ်စုံက လူတွေ။ သီချင်းရေးဆရာ၊ ကဗျာဆရာ၊ ဇတ်သဘင် အနုပညာရှင်။ ရုပ်ရှင် အနုပညာရှင်။ (ဆရာ) သုခမိန်လှိုင်၊ သိန်းဇော် (၀ါ) ကေဇော်၊ ကို အရိုး နဲ့ ဒေါ်ဆွေဇင်ထိုက်။

မြန်မာလူမျိုးသည် “အချိန်လေးစားလိုက်နာခြင်း အနုပညာ” မှာတော့ အတော်ကြီး အားနည်းသည့် လူမျိုးလို့ ဆိုရလျှင် ကျွန်တော် လွန်အံ့မထင်။ အခုလဲ ပွဲကို တစ်နာရီကျော်ကျော် နောက်ကျပြီးမှ စတင်နိုင်သည်။ ထပ်ပြီး ဆရာကြီး လေသံဖြင့် ဝေဖန်ရလျှင် အနုပညာကို စိတ်ဝင်စားမှု နည်းနေသော လူမျိုးလို့ ဆိုရမလို လာသည့် လူဦးရေက ရုပ်မပျက်ရုံ တမည်။ မူးရူး ကခုန်၊ အော်ဟစ်ရသော ပျော်ပွဲ ရွှင်ပွဲတွေ၊ သင်္ကြန်ပွဲတွေ လူစည်သလောက် ဒီလိုပွဲမျိုးကြတော့ ရှိမှန်းတောင် သိကြရဲ့လား မသိ။

ပထမဦးဆုံး ပြောသူက ကိုအရိုး။ သူပေးထားတဲ့ ခေါင်းစဉ်က “လက်များ” တဲ့။ ကိုအရိုးရဲ့ “လူလည်အာရှသား” ဆိုသည့် သီချင်းသည် ကျွန်တော့်အတွက်ကတော့ နိုင်ငံခြားတိုင်းပြည်တွေမှာ အားငယ်သလို ခံစားမိတိုင်း ဂစ်တာလေး တဒေါင်ဒေါင် ခေါက်ပြီး အမြဲ ဆိုညည်းရသော သီချင်း။

“မဟာလူတန်းစား အိပ်မက်များ အိမ်အပြန်အခန်းပိတ်ကျိတ်ငိုကြ…

အရုဏ်တတ်တိုင်းထ မနက်တိုင်းတက်ကြွ လူလည်အာရှသား…”

ဆိုတဲ့ သူ့သီချင်း ကတော့ သူများနိုင်ငံမှာ လူလည်ဖြစ်အောင် ၊ အဆင်ပြေအောင် နေကြရတဲ့ ဘ၀တွေကို ကျွန်တော် လွမ်းမိသည်။ သတိရမိသည်။

နောက်ပြီး သူပြောသွားတာတွေထဲမှာ စိတ်ထဲကို မှတ်မှတ်ထင်ထင် ရှိစေတဲ့ အကြောင်းအရာလေး တစ်ခု ရှိသည်။ တိုင်းပြည်တစ်ခုမှာ အနုပညာထွန်းကား တာကို တိုင်းတာဖို့ လူသုံးယောက်ရှိ၊ မရှိ ကြည့်ရမယ်တဲ့။ ဆင်းရဲသား၊ လူပျင်း နဲ့ အရက်မူးသမား တဲ့။ ဆက်စပ်တွေးစရာတွေ အများကြီးရသည်။ လူတန်းစား ကွာဟမှု နည်းသွားကြရင် လူတွေက ကိုယ်ချင်းစာစိတ်၊ ကူညီရိုင်းပင်းစိတ် နည်းသွားကြပြီး အဲဒီအရပ်မှာ အနုပညာဆိုတဲ့ လူကြီးက မပျော်တတ်ဘူး ထင်တယ်။ ဆိုဗီယက် ရုရှားခေတ်ကြီးမှာ စာပေပညာရှင်၊ ကဗျာဆရာတွေ အများကြီး ပေါ်လာတာ လူတန်းစားကွာဟမှုတွေ ကြားထဲက ပေါက်ဖွားလာတဲ့ အသီးအပွင့်တွေများ ဖြစ်နေမလား ကျွန်တော်စဉ်းစားမိသည်။ ဒါပေမယ့် တစ်နေ့လုပ် တစ်နေ့စား ရုန်းကန် လှုပ်ရှား ခိုးဝှက်မှ ချမ်းသာ၊ လောဘရှိမှ အဆင်ပြေ၊ ဖားတတ်မှ အဆင့်မြင့်ကြတဲ့ ကျွန်တော်တို့ စစ်ကျွန်ခေတ်ကြီးမှာ ပြည်သူတွေရဲ့ အနုပညာခံစားမှု ရေချိန်နည်းသွားတာများလား။ ဆရာအရိုးက အတွေးများစွာ ထားပြစ်ခဲ့သည်။

ကိုအရိုး ပြီးတော့ ဒေါ်ဆွေဇင်ထိုက်။ အန်တီက PSI မှာ ဒါရိုက်တာရာထူးနဲ့ အလွန်လစာ၊ ခံစားခွင့်ကောင်းသူ။ အရည်အချင်း အရမ်းရှိပြီး ထက်မြက်သော မြန်မာအမျိုးသမီး တစ်ယောက်ဆိုတာနှင့် ကျွန်တော်က ဂုဏ်ယူလို့ မဆုံး။ နိုင်ငံခြားသားတွေနဲ့ တန်းတူရည်တူ ပရဟိတ လုပ်ငန်းတွေကို ဒေါင်းတင် မောင်းတင် လုပ်နေသူဆိုတော့ ပိုလို့တောင် အားကျရသေးသည်။

အန်တီပေးထားတဲ့ ခေါင်းစဉ်းက “ဘ၀တစ်ခု ရှင်သန်မှုရဲ့ ကောက်ကြောင်း” တဲ့။ အန်တီက အနုပညာရှင် အမျိုးသားကြီး သုံးယောက်ရဲ့ ဘ၀ကောက်ကြောင်းတွေကို ပြောသွားသည်။ အဆိုးထဲက အကောင်းကို ပြန်ယူဖို့။ အဆိုးမှန်း သိရင် ချက်ချင်းရပ်။ အကောင်းကို ချက်ချင်းလုပ်ဆိုတဲ့ Message ကို အန်တီက ပေးချင်မှန်း ကျွန်တော်တို့ သိကြသည်။ ဒါပေသိ အန်တီဟောပြောပုံတွေက ကျွန်တော့် စိတ်အခံနဲ့ သိပ်အဆင်မပြေ။ အန်တီ့ရဲ့ စိတ်စေတနာကို နားလည်ပေမယ့် အလုံးစုံ သဘောမကျနိုင်။ လက်ရှိ မြန်မာ့ နိုင်ငံရေးမှာ တကယ်ကားမောင်းနေသူကို ဘေးက လူတွေက ၀ိုင်းပြီး ဖိအားပေးနေကြသလိုမျိုး ပြောသွားခဲ့သည်။ Driver Seat မှာ ထိုင်နေသူတွေက ကားကို ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်ပြီး နားထိုင်း လူမိုက်ကြီးတွေ ဖြစ်နေတာ အန်တီ မသိလေရော့သလား။ ကျွန်တော် လက်ခုပ်မတီးဖြစ်ခဲ့ပါ။

ကွယ်လွန်သူ သင်္ကြန်မင်းသားကြီး ဦးဇော်ဝမ်းရဲ့ ကဲခဲ့၊ ဆိုးခဲ့ပုံတွေကနေ အကောင်းထုတ်ယူဖို့ အန်တီပြောချင်တာ နားလည်သည်။ ဒါပေမယ့် ဟောပြောပွဲထဲမှာ ဦးဇော်ဝမ်းရဲ့ သား၊ သမီးလေးတွေ လာထိုင်နေရင် မျက်နှာ ဘယ်နား သွားထားရမှန်း မသိစေမယ့် စကားတွေ အန်တီက အရောင်အသွေးမပါပေမယ့် ပြောသွားတာ စိတ်တိုင်းမကျ။ ကွယ်လွန်ပြီးသား လူတစ်ဦးရဲ့ အဆိုး၊ အကောင်းကို သက်ရှိ ထင်ရှားလူများက ပြောကြ ဆိုကြတဲ့ အခါ ကောင်းကွက်တွေကို ပြောကြသည်။ ရွာသိ၊ နိုင်ငံသိ လူဆိုးသူခိုးများ လူ့လောကကြီးက ပျောက်ကွယ်သွားကြတဲ့ အပေါ်မှာ ပြောကြတဲ့ ကိစ္စအကြောင်းအရာက သပ်သပ်။ အနုပညာရှင်တစ်ဦးရဲ့ ကိုယ်ရေး ကိုယ်တာ ကိစ္စနဲ့ သူ့ရဲ့ အနုပညာကို အဲဒီလူ သေသွားရင် ဘယ်အကြောင်းအရာကို ဦးစားပေး ပြောကြမလဲ။ ကျွန်တော်တို့ လူမျိုးက သူများ အပုပ်အစပ်ဆိုလျှင် သိပ်ပြောချင်သည်။ သိပ်နားထောင်ချင်သည်။ ကိုယ့်အားနည်းချက်ကြရင် သာမန်ကာရှန်ကာ ဖြတ်သန်းသွားချင်ကြသည်။

ဦးဇော်ဝမ်းရဲ့ သင်္ကြန်သီချင်းတွေနဲ့ သူ့သားလေး မူကြိုမထားနိုင်လို့ ပိုက်ဆံလိုက်ပေးရတာ ဘယ်အကြောင်းအရာက ပိုအရေးကြီးသလဲ။ ကျွန်တော် သေချာမသိပါ။ ကျွန်တော့်အတွက်ကတော့ ဦးဇော်ဝမ်းသီချင်းတွေက သူ့မျိုးဆက်တွေထက် ပိုအရေးကြီးသည်။ အန်တီဆွေဇင်ထိုက်က နောက်ထပ် အနုပညာရှင် နှစ်ဦးနဲ့ သူ့ရဲ့ ရုန်းကန် ဖြန်သန်းခဲ့ရတဲ့ ဘ၀ကို ပြောပြသွားခဲ့သည်။ သူများမကောင်း၊ ငါကောင်းလို့ အထင်လွဲစရာတွေ ပါပေမယ့် အတုယူစရာ၊ အားကျစရာတွေ အများကြီးပြောသွားသည်။ သို့သော် အန်တီ့ရဲ့ အနုပညာကတော့ Art of Gossip များလားလို့တောင် ကျွန်တော်တွေးထင်မိသည်။

အန်တီဆွေဇင်ထိုက်ပြီးတော့ ဇာတ်မင်းသားလေး သိန်းဇော် ခေါ် သဘင်ပညာရှင် ဦးသိန်းဇော်။ ကဗျာဆရာ K ဇော်။ ဦးသိန်းဇော် ပေးထားတဲ့ ခေါင်းစဉ်က “လတ်ဆတ်လမ်းသွယ်စိမ်း” တဲ့။ ဘ၀လမ်းမကြီးပေါ်မှာ ကျွန်တော်တို့ ဖြတ်သန်းသွားကြရင်း အနုပညာဆိုတဲ့ လမ်းသွယ် စိမ်းစိမ်းစိုစိုလေးတွေထဲကိုရော ခဏတဖြုတ်ဝင်နားကြည့်ကြဖို့ ဆိုလိုဟန်ရှိသည်။

ဇာတ်မင်းသားသိန်းဇော်နဲ့ ကဗျာဆရာ Kဇော် ဘ၀နှစ်ခုကို ဘယ်ဘ၀ကို ပိုပြီး တန်ဖိုးထားသလဲဆိုတဲ့ မေးခွန်းကို ဦးသိန်းဇော်ကို မမေးသင့်ဘူး ထင်သည်။ ဆရာက ဇာတ်သဘင်ပညာကိုလဲ အတော်ကြီး သံယောဇဉ်ရှိဟန်တူသည်။ ချစ်မြတ်နိုးဟန်တူ၏။ ကဗျာဆရာဘ၀ကျတော့ သူ့နှလုံးသားထဲက ဘ၀။ ရင်ခုန်သံစည်းချက်တွေနဲ့ ကဗျာတွေရေး၊ ခံစားနေတဲ့ ကဗျာဆရာ။

စာရေးတတ်ဖို့ စာဖတ်ဖို့ လိုသည်တဲ့။ ကဗျာရေးတတ်ဖို့ ကျတော့ စာဖတ်ဖို့ အပြင် ခံစားမှု နှစ်လုံးသားက တဆတ်ဆတ်ခုန်နေရမည် ထင်သည်။ လောကသဘာဝကို ပြစ်ပြစ်နှစ်နှစ်ကြီး အဆုံးစွန်ဆုံးထိ ခံစားမိဖို့ လိုမည်။ အင်အားရှိတဲ့ စကားလုံးတွေကို ရှာဖွေ စုဆောင်းထားသော ချစ်စရာ ဥာဏ်ပညာလဲ ရှိရပေအုံးမည်။ နိမိတ်ပုံတွေကို ကောင်းကောင်းကြီး ပေါ်လွင်အောင် အသုံးပြုခြင်း အတတ်ပညာရှိရအုံးမည်။ ကဗျာရေးဖို့ လွယ်သည်။ သို့သော် တကယ့်ကဗျာဆရာဖြစ်ဖို့ စကားလုံးတွေတင်မကဘဲ ချစ်တတ်သော၊ ခံစားတတ်သော၊ အလေးထားသော နှလုံးသားစည်းချက် ရှိအောင် ချိန်ညှိ မွေးမြူရသေးသည်။ ကျွန်တော် ကဗျာမရေးတတ်ပေမယ့် ဆရာ Kဇော် ရွတ်သွားသော သူ့ကဗျာတွေ ဖြစ်သည့် “ည”၊ “တောင်ကုန်း အဟောင်းများ”၊ “မီး ဖွင့် လိုက်”၊ “မေမြို့ရုပ်ရှင်” ကဗျာတွေကို နှလုံးသားနဲ့ နားထောင်ဖြစ်ခဲ့သည်။ ကျွန်တော့် သဘောအလိုအရသာဆိုလျှင် ဒီပွဲလေးဟာ ကဗျာဆရာ Kဇော်ရဲ့ ပွဲလို့ ဆိုချင်သည်။

Kဇော်ပြီးတော့ ဆရာသုခမိန်လှိုင်။ ဆရာ့ခေါင်းစဉ်က “ကဗျာဆရာ၏ ပန်းချီဆရာ” တဲ့။ ဆရာ့ကို ကျွန်တော်သိတာက ကိုဇော်ဝင်းထွဋ် သီချင်းတွေနဲ့ စပြီး သိခဲ့ရတာ။ သို့သော် အမှတ်မထင် ဆရာ့ရဲ့ ကဗျာလေး တစ်ပုဒ်ကို ကျွန်တော် ဖတ်ဘူးခဲ့သည်။ “ဆိပ်ကမ်း” တဲ့။

ပင်လယ်တစ်ခုလုံး

လှိုင်းတွေမရှိ

စံပယ်ပန်းတွေ အပြည့်။

သက်တန့်လှေက

ကမ္ဘာရေမြေတောတောင်မကျန်

ချစ်ခြင်းမေတ္တာကိုတင်ဆောင်။

ဆိပ်ကမ်းမှာတော့

အမုန်းမရှိ

စစ်ပွဲမရှိ

တရားရပြီးမှ

ထပ်မံငြင်းခုန်စရာ

တရားမရှိ ……..။

သူ့ကဗျာတွေ ရိုးရိုးလေးနဲ့ အလွန်လှသလို ဆရာက လူရိုးကြီး ဖြစ်ဟန်တူသည်။ ဆရာက အပြောမှာတော့ ပရိတ်သတ်ကို ဆွဲမခေါ်နိုင်ပေမယ့် ကျွန်တော်က ပိုလို့တောင် ချစ်ရသည်။ နောက်ကျမှ စထားတဲ့ ပွဲစချိန်ကြောင့် ဆရာ့မှာ အချိန်ဆင်းရဲခဲ့ရဟန်တူသည်။ တက်သုတ်ရိုက်ပြီး ဟောပြောသွားခဲ့သည်။

ဆရာသုခမိန်လှိုင်ပြီးတော့ ဇာတ်မင်းသား သိန်းဇော် စင်ပေါ် ပြန်တက်လာသည်။ ကျွန်တော် အလွန်ကြိုက်သော သီချင်းဖြစ်သည့် “ချစ်ပြုံးနှင်းဆီ” သီချင်းဆိုသည်။

ပွဲပြီးအောင် ကျွန်တော် စောင့်မနေချင်တော့။ နောက်ရက်မနက်မှာ လူလည်အာရှသားဘ၀ထဲကို ဖြတ်သန်းရအုံးမည်။ အိမ်ပြန်လမ်းမှာ ဆရာသုခမိန်လှိုင်၏ ကဗျာအပိုင်းအစလေးကို သတိရသည်။

ပျင်းအောင် ပြောရန်

အစီအစဉ် မရှိပါ(ပြောပြီးပြီ)

ကောင်းတဲ့စိတ်၊ချစ်တဲ့စိတ်ဖြင့်

ကျနော် အိပ်ချင်ပြီ။

အိမ်ပြန်ရောက်တော့ အိပ်ရာပေါ် ခေါင်းချခါစမှာဘဲ ချစ်စရာကောင်းသော အနုပညာဆိုသည့် လူကြီးက ကျွန်တော့်ကို စကားတွေ လာပြောနေသည်။ ကျွန်တော် နိုးတ၀က်၊ အိပ်တ၀က်မှာ သူပြောသံကို ကြားမိသလိုလိုရှိသည်။ “ငါတို့မှာ အနုပညာမရှိဘူးကွ” တဲ့။ အနုပညာဆိုတဲ့ လူကြီးက အနုပညာမရှိဘူးတဲ့လေ။ “အနုပညာမရှိရင် စည်းလုံးညီညွတ်မှု မရှိဘူးကွ” တဲ့လေ။ သူလဲ စိတ်ကောင်းဟန်မတူ။ ကျွန်တော်ကလဲ သူ့ထင်မြင်ချက်တွေ မေးမနေချင်တော့။

အဲဒီညက ကောင်းတဲ့ စိတ်၊ ချစ်တဲ့ စိတ်နဲ့ ကျွန်တော် မအိပ်ဖြစ်ခဲ့ပါ။

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, သတင်းဆောင်းပါး, ရေခြားမြေခြား မြန်မာများ

2 Responses to ဖိုးထက် – အနုပညာပွဲနှင့် ကောင်းစွာအိပ်စက်ခြင်း

  1. Maung Maung on June 10, 2014 at 10:26 pm

    ဆရောဖိုးထက်
    နောက်နောင် စင်ကာပူက စာပေပွဲတိုင်းတက်ရောက်နိုင်ပါစေ…. ကျေးဇူးတင်လျှက်

  2. win on June 11, 2014 at 8:05 am

    Thanks Saya Htet for sharing your experience, nice to read

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments