နေလင်းညီ – အမှတ်တရစင်္ကာပူ – အပိုင်း (၂)

June 11, 2014
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

အမှတ်တရစင်္ကာပူ – အပိုင်း (၂)
နေလင်းညီ၊ ဇွန် ၁၁၊ ၂၀၁၄

ပြိတ္တာတို့၏ ထမင်းဝိုင်း

၂၀၀၀ ပြည့်နှစ်တွင် စင်္ကာပူနိုင်ငံ၌ ဖြစ်၏။

Company က ညစာစားပွဲ dinner ပေးမည်ဆိုတော့ လူထွေးတို့တတွေ ပျော်တာပေါ့ ခင်ဗျား။ အလုပ်သိမ်းပြီး၊ ရေချိုး၍ စောင့်နေကြသည်။ ဟိုရောက်လျှင် အပြတ်တွယ်လိုက်မည်ဟု စိတ်ကူးယဉ်နေသည်။ တွေးရင်းနဲ့တောင် သားရေ ကျလာသေးတော့။

စားပွဲရုံရောက်တော့ ဗိုက်က ဆာလာ၏။ မှန်တာပေါ့။ ဒီအချိန် ညစာစားနေကျပဲ။ သိပ်မစောင့် ရတော့ပါဘူး။ စားစရာတွေ လာတော့မှာပါ။ ထိုသို့ ကိုယ့်ကိုယ်ကို အားပေးရသည်။

မကြာမီ စားပွဲထိုးတွေလာပြီး ဘာသောက်မလဲဟု လာမေးသည်။ ပြဿနာပဲ၊ ဆာနေပြီလေ၊ ဘာစားမလဲ မမေးဘဲ ဘာသောက်မလဲ တဲ့။ တော်တော်အဆီအငေါ်မတည့်သော မေးခွန်းပါပေ။

ယမကာမှီဝဲလိုသူတွေက ဘီယာတွေ၊အရက်တွေ ၀မ်းသာအားရ မှာကြသည်။ လူထွေးကတော့ ၁၉၈၆ ကတည်းက သေရည်သေရက် ရှောင်လာသူမို့ လိမ္မော်ရည်ပဲ မှာ၏။ သီဟိုရ်စေ့ကြော်၊ မြေပဲကြော်နှင့် ဘာအကြော်မှန်း မသိတာတွေကို လိမ္မော်ရည်နှင့် ၀ါးမြိုနေရသည်။ အရည်သောက်လေ၊ အပေါ့သွားလေ၊ ဗိုက်ဆာလေ။

မိနစ်၂၀, နာရီဝက် နီးပါးအထိ လိမ္မော်ရည်နှင့်ပဲ စခန်းသွားနေရတော့ ဗိုက်မ၀ပဲ၊ ဗိုက်ပွလာသည်။ ဆာလောင်မှုဒဏ်က နှိပ်စက်နေမြဲ။ ငါဗြိတ္တာဖြစ်နေပြီလားဟု လူထွေးတွေးသည်။

အချို့သော ဗြိတ္တာများမှာ ဆင်ကောင်လုံးလောက် ရှိသတဲ့။ ပါးစပ်ပေါက်ကတော့ အပ်ဖျားလေးလောက်သာ ရှိသတဲ့။ စားစရာလည်း မြင်ပါလျက်၊ ဆာလောင်မှုလည်း ပြင်းထန်ပါလျက် ၀အောင်မစားနိုင်ရှာ။ ပါးစပ်က အပ်ဖျားလောက်ပဲ ရှိတာကိုး။

ခုပဲကြည့် . . . လူထွေးတို့မှာ ဆာနေပါလျက်၊ စားစရာရှိသော စားတော်ဆက်သို့ ရောက်နေပါလျက် စားခွင့်မရသေး။ ဆာလောင်မှုကို ပြိတ္တာတွေလို ခံနေရ၏။

နာရီဝက်လောက်အကြာတွင် ပုဂံပြား၌ ကြာဇံကြော်လိုလို အစာကို ထည့်၍ လာချ၏။ ၀ိုင်းစားလိုက်ကြတာ ခဏလေးနှင့် ပြောင်သွား၏။ ၀ိုင်းတွင် လူ ၆ ယောက် ရှိ၏။ ပုဂံပြားတွေက ၁၅ မိနစ်၁ခါလောက် ဟိုဟာလေး၊ ဒီဟာလေး လာချရာ ပြောင်သွားတာချည်း ဖြစ်သည်။ ရောက်ပြီး ၁ နာရီကျော် ကြာမှ တကယ့် စားကောင်းသောက်ဖွယ်တွေ လာချပါတော့သည်။

ဗိုက်ထဲမှာ ပွနေပြီဖြစ်၍ ဘာကိုမှ ဟက်ဟက်ပက်ပက် မစားနိုင်တော့ပေ။ ဘယ်လိုစနစ်ဖြင့် ကျွေးမွှေးနေတာလဲမသိ။ နောက်နောင်တွင် ယခုလို လူစင်စစ်မှ ဗြိတ္တာ ဖြစ်လိုခြင်း မရှိတော့ပါ။ ထို့ကြောင့် dinner ဆိုလျှင် မသင်္ကာစရာ၊ ရွံရှာစရာဟု စာစပ်ချင်နေ၏။

ထိုနေ.ထိုရက်မှအစပြု၍ လူထွေးလည်း မည်သို့သော ခမ်းနားကြီးကျယ်သည့် ညစာစားပွဲ မျိုးကိုမှ စိတ်ဝင်စားခြင်း မရှိတော့ပါ။ တက်ရောက် စားသောက်ခြင်းလည်း မရှိတော့ပါ။ ဖိတ်သူနှင့် ရင်းနှီးလျှင် ပြိတ္တာတို့ရဲ့ ထမင်းဝိုင်းကို မတက်ချင်ပါဟု ဖြေသည်။ သူတို့က အကြောင်းစုံသိခြင်လျှင် လူထွေးက ဖြေ၏။

လူထွေးကို မည်သူကမျှ ညစာစားပွဲ မဖိတ်တော့။ လောက စည်းစိမ် မခံစားတတ်သူဟု အချို့က လူထွေးကို ကဲ့ရဲ့ကြ၏။ အကောင်းစား အရက်တွေ မသောက်တတ်တာကို ရည်ညွှန်းပုံ ရ၏။ သူတို့ မဖိတ်လေ၊ ကောင်းလေပေါ့။ ပြိတ္တာ မဖြစ်ရတော့ဘူးလေ။

ကိုက်လိုက်တဲ့ စင်္ကာပူက ခြင်တွေ

၁၉၉၉ ဧပြီလလောက်တွင် လူထွေး စင်ကာပူသို့ ထွက်လာသည်။ ပွဲခပေးပြီး အလုပ်သေချာမှ ထွက်လာခြင်း ဖြစ်သည်။ ဦးစွာရောက်နှင့်နေသော လူထွေး၏ အသိတစ်ဦးက အတန်တန်မှာ ရှာပါသည်။

“စင်ကာပူမှာ ခြင် မရှိဘူး၊ ခြင်မကိုက်ဘူး၊ အလေးခံပြီး ခြင်ထောင် ၀ယ်မလာပါနဲ့။”

စင်္ကာပူရောက်ရောက်ချင်းဆိုသလို ချော်ချူးကန်ဘက်ရှိ ကွန်ဒိုမီနီယံ စီမံကိန်းတစ်ခုသို့ အပို့ခံရသည်။ ရုံးချူပ်မှာပင် မြန်မာဝန်ထမ်း၊ အလုပ်သမားများကို ထားလေ့ရှိပြီး၊ အလုပ်သွား အလုပ်ပြန် ကားနှင့် ကြိုပို့ တတ်သည်။ သို့သော် ချော်ချူးကန်နှင့် ရုံးချုပ်ရှိရာ Eunos က အရှေ့ဖျားနှင့် အနောက်ဖျားလို ဝေးလှ၏။ ချော်ချူးကန်မှာက လူများစွာ စုပြုံ ၀င်ရောက် လုပ်ကိုင် ရန်မလိုသေး။ ထို့ကြောင့် site မှာပဲ လူ ၃ ဦးလောက်ကို ညအိပ်ညနေထား၍ အလုပ်လုပ် စေရသည်။ အကြိုအပို့ အတွက် သီးသန့် အချိန် မပေးနိုင်။ လောင်စာဆီလဲ သီးသန့် အကုန်မခံနိုင်။ ထို့်ကြောင့် Choa Chu kang ဖက်ရှိ site မှာ ညအိပ်ညနေ သွားနေရခြင်း ဖြစ်သည်။

Site ထဲမှာဆိုတော့ ရေ၀ပ်သော နေရာတွေ ရှိသည်။ လေ၊ အလင်းရောင် မရသော နေရာတွေ ရှိသေးသည်။ များလိုက်တဲ့ ခြင်တွေ။ လူကို ချီသွားမလားတောင် အောက်မေ့ရသည်။ ထိုအချိန်က ချော်ချူးကန်ဘက်မှာက တောတွေလဲ များနေသေးသည်။

စင်္ကာပူမှာ ခြင်မရှိလို့ ခြင်ထောင် ၀ယ်မလာပါနဲ့ဆိုသော သူငယ်ချင်းကို အကြိမ်ကြိမ် ကျိန်ဆဲ နေသည်။ site ထဲမှာ ခြင်ဆေးငွေ့များ လိုက်ဖျန်းလဲ ဖျန်းတုန်း ခဏသာ ခြင်ပျောက်သည်။ မကြာမီ ပြန်ပေါ်လာစမြဲ။ ၃ ရက်ခန့်သာ အိပ်ရပြီး ရုံးချုပ်ရှိ ဗမာများထံ ပြန်ရောက်တော့မှ လူထွေးလဲ ထိုဒုက္ခမှ လွတ်မြောက်သွားလေသတည်း။

လုံခြုံရေးကောင်းသော စင်ကာပူနိုင်ငံမှာ ဆွဲကြိုးဖြတ်ခံရသူ

စင်္ကာပူနိုင်ငံသည် လုံခြုံရေး အထူးကောင်းမွန်သော နိုင်ငံဟု အမည်ကျော်ကြားသည်။ သို့တိုင်အောင် မှုခင်းဖြစ်ပွားမှုကတော့ ရှိနေတာပါပဲ။ လူတွေနေတဲ့ နေရာမို့ လူတွေရှိလျှင်၊ လူတွေနှင့် ပတ်သတ်တဲ့ အမှုအခင်းကတော့ ရှိမှာ သေချာ၏။

မလေးရှားမှာက ဆိုင်ကယ်များဖြင့် ရှေ့ပိတ်နောက်ပိတ် လုယက်ကြတာ အမည်ကျော်သည်။ စင်္ကာပူမှာတော့ အဲသလောက် အတင့်ရဲတာ မရှိပေ။ သို့သော် လစ်ရင်လစ်သလို လူပြတ်သော နေရာ၌ လူပြတ်ချိန် လုယက်မှုများ ရှိနေ၏။

သိတော်မူကြသည့်အတိုင်း လူထွေးတို့ ရွှေမြန်မာများ အထူးသဖြင့် အမျိုးသမီးများသည် ရွှေထည်ပစ္စည်း ၀တ်ဆင်ရတာ သိပ်ကို ၀ါသနာ ပါသည်။ တက္ကသိုလ် ဆရာတစ်ဦးက လူထွေးကို ပြောဖူး၏။ ကမ္ဘာမှာ ရွှေထည်ဝတ်လွန်းတဲ့လူမျိုး ၂ မျိုးပဲ တွေ့တယ်။ ဗမာမတွေနဲ့ ကုလားမတွေပဲတဲ့။ သူပြောတာ ဟုတ်မဟုတ် မသိပေမဲ့ စင်္ကာပူမှာ ရွှေထည်ဝတ်သော မြန်မာ အမျိုးသမီး တစ်ဦး ဆွဲကြိုး ဖြတ်ခံရ၏။ သူမကို မစံ ဟုဆိုပါစို့။

မစံအမျိုးသားက လူထွေးနှင့်အတူ ငှာနဆိုင်ရာတစ်ခုတွင် ပြန်တမ်းဝင် မဟုတ်သော အရာရှိငယ်များ အဖြစ်ဖြင့် ၁၉၈၈ ၌ ၀င်ခဲ့ကြသူများ ဖြစ်သည်။ လုပ်သက် ၇ နှစ်လောက်တွင် စားမလောက်သဖြင့် အလုပ်မှထွက်ကြပြီး စီမံကိန်းတစ်ခု၌ ၀င်လုပ်ကြသည်။ မကြာမီ မစံအမျိုးသားက စင်္ကာပူသို့ ထွက်သွားကာ တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားတိုးတက်သွားတာများ ယခုဆိုလျှင် စင်္ကာပူမှာ အခြေကျနေပြီ။ ဇနီးနှင့် သမီး၃ယောက်ကို ခေါ်ထား၏။ PR ဖြစ်၍ HDB တိုက်ခန်းလည်း ၀ယ်ထား၏။ သမီး၂ယောက်က poly ပြီး၍ အလုပ်ဝင်နေကြသည်။

၂၀၁၂ နှစ်လည်ပိုင်းလောက်တွင် မစံသည် PR ကဒ်ပြားအသစ်ကို ထုတ်ယူပြီး နေထိုင်ရာ Eunos ဘက်သို့ ပြန်လာသည်။ Eunos ဘူတာအနီးရှိ PIE လမ်းမပေါ်တွင် လျှောက်နေခိုက် မိမိ လည်ပင်းရှိ ဆွဲကြိုးကို ဘိန်းစား တရုတ်တစ်ယောက်က နောက်မှ ဆောင့်ဆွဲသည်။ ရုတ်တရက်ဆိုတော့ ဘာမှန်းမသိ။ မိမိဆွဲကြိုး တစ်ခုခုနှင့် ငြိနေသလို ခံစားရသည်။ ဆွဲကြိုးဖြတ်ခံရတာမှန်း သိတော့မှ ( ကယ်ကြပါဦး၊ ဒီမှာ ဆွဲကြိုးလုနေလို့ ) ဟု အထပ်ထပ်အော်သည်။ အော်ပေမဲ့ ဘာမှ မထူးပါ။ ဘေးပတ်ဝန်းကျင် နီးနီးနားနား၌ မည်သူမျှမရှိ။ ခပ်လှမ်းလှမ်းက လူတွေလဲ ဘာမှ မသိသလို။ ဘာမျှ မဖြစ်သလို သွားလာနေကြသည်။ မစံကလည်း ဗမာလို အော်နေတာကိုး။ ဘိန်းစားကတော့ ခပ်သုတ်သုတ် ပြေးသွားပြီ။

နေ့ခင်း ၃ နာရီလောက်တွင် အလုခံရခြင်း ဖြစ်သည်။

မစံက သူ့ကိုယ်တွေ့ကို ပြောပြ၍ သတိပေးဖို့ တိုက်တွန်းသည်။ မြန်မာအချို့သည် ထိုသို့သော ရှက်စဖွယ် အဖြစ်မျိုးကို ပြောပြလိုစိတ် မရှိကြပါ။ မစံကတော့ အရှက်ကွဲခံ၍ ကိုယ့်လူမျိုးတွေ ဒါမျိုးမကြုံစေရန် စေတနာကောင်းဖြင့် သတိပေး၏။ လေးစားဖွယ် ဖြစ်သည်။

မစံက မြန်မာပီပီ ရုံရောက် ဂတ်ရောက် အလုပ်ရှုပ်ခံ၊ အချိန်ကုန်ခံလိုသူ မဟုတ်။ ထို့ကြောင့် ရဲစခန်းသို့လဲ သွားမတိုင်ပါ။ လုံခြုံရေးကောင်းတယ်ဆိုသော စင်္ကာပူမှာ လူပြတ်သော နေရာတွင် နေ့ခင်း ကြောင်တောင်၌ပင် ရွှေထည်ပစ္စည်းများ အလုခံရနိုင်သည်ကို တွံ့- သင်စာဖတ်သူသည် ဂဏှာဟိ – မှတ်လေလော့။

ရွှေအိုးကို ရမ်းသမ်းတူးနေသူများနှင့် ကံကောင်းသူ တစ်ဦး

စင်္ကာပူရောက် မြန်မာတွေကြား၌ အထူးရေပန်းစားသည်မှာ ထီထိုးခြင်းပင် ဖြစ်သည်။ ထီအမျိုးအစားကလည်း စုံလင်လှသည်။ ဘယ်အမျိုးအစားကို ဘယ်လိုထိုးရမည်ဆိုတာပင် ခေါင်းမူးအောင် လေ့လာရ၏။ လူထွေးတို့ မြန်မာအများစုမှာ ပင်ပန်းကျခြင်း၊ မိသားစုကို လွမ်းကြခြင်းကြောင့် သင့်တင့်သော ငွေကြေးသာ အစုလိုက်အပုံလိုက် ပေါက်ခဲ့သော် . . . အချိန်မရွေး ထပြန်မည်ဟူသော မျှော်လင့်ချက်ဖြင့် အားကြိုးမာန်တက် ထီထိုးနေကြပါ၏။

လူထွေးလဲ ရန်ကုန်မှာ အစိုးရထီ၊ ချဲထီ ဘာမျှ ထိုးဖူးသူ မဟုတ်။ စင်္ကာပူရောက်တော့ 4D ဆိုတာကို ထိုးသည်။ ၁ပတ်လျှင် ၃ကြိမ် ဖွင့်သည်ဆိုတာကို အမှတ်ရ၏။ ကြိုက်ရာ ဂဏန်း၎လုံးကို ထိုးရသည်။ အနည်းဆုံး စင်္ကာပူ ၁ ဒေါ်လာ ထိုးရသည်ဟု အမှတ်ရ၏။ ပထမဆုကို အဆ၃၀၀၀ လျှော်သည်။ ဒုတိယဆုကို အဆ၂၀၀၀ လျှော်သည်။ တတိယဆုကို အဆ၅၀၀ လျှော်သည်။ ဆုအသေးလေးတွေလည်း ရှိသေး၏။ လူထွေးက တစ်ခါထိုးလျှင် ၂ ဒေါ်လာထိုးသည်။ ဂဏန်း၎ လုံးကို ဘယ်လို ရွေးသည် ထင်ပါသနည်း။ 1,2,3 . . . 9,0 စသည်ဖြင့် မဲလိပ် ၁၀ လိပ်လုပ်ထား၏။ ပထမအကြိမ် ၁၀ လိပ်ထဲမှ ၁ လိပ်ကို နှိုက်သည်။  (၅)ဆိုပါတော့။ (၅) ကို မှတ်ထား၏။ ထိုနည်းအတိုင်း ၃ ကြိမ်ထပ်နှိုက်ရာ 2,4,3 တို့ပေါက်သည် ဆိုပါစို့။ ထိုအခါ 5243 ကို သွားထိုးသည်။

ဘယ်လိုထိုးထိုး ဘာမျှမပေါက်ပါ။ လူထွေးသည် သူထိုးသော 4D စာရွက်များကို ကော်ဖီမစ်ထည့်သော မုန့်ပုံးထဲတွင် ထည့်ထည့်ထားသည်။ တစ်နှစ်နီးပါး ကြာသော အခါ မုန့်ပုံးထဲရှိ 4D ဖြတ်ပိုင်းစာရွက်များကို ရေတွက်ကြည့်သည်။ မြန်မာငွေ ၇သောင်းဝန်းကျင်ခန့်ပင် ရှိသည်။ ၂၀၀၀ ပြည့်နှစ်လောက်က ငွေဖြစ်သည်။

လူထွေး အကြီးအကျယ်ကို စဉ်းစားခန်း ၀င်နေတော့၏။ မိဘဆရာသမားတွေကို ဤမျှသော ငွေများကို ပေးလှူလိုက်ရလျှင် အဘယ်မျှ ၀မ်းသာကြလေမည်နည်း။ ဆင်းရဲသော ဆွေမျိုး (သို့) မိတ်ဆွေများအား ထိုငွေဖြင့် ကူညီလိုက်ရလျှင် အဘယ်မျှ ကျေနပ်ကြလေမည်နည်း။ သဲထဲရေသွန် သကဲ့သို့ ထီထိုးသော ငွေများကား အလဟဿ ဖြစ်ကြလေပြီ။ထိုသို.တွေးပြီးလျှင်  ထိုနေ့ထိုရက်မှ အစပြု၍ လူထွေးသည် မည်သည့်ထီကိုမျှ စွဲစွဲမြဲမြဲ မထိုးတော့ပေ။

ဗုဒ္ဓဒေသနာတော်အရ စဉ်းစားကြည့်သော် အတိတ်ဘ၀က ငွေကြေးအစုလိုက်အပြုံလိုက် လှူဒါန်းခဲ့ဖူးခြင်း (သို့) စာရေးတံမဲ အလှူကြီးမျိုးကို လှူဒါန်းခဲ့ဖူးခြင်းရှိမှသာ ထီပေါက် နိုင်သည်။ ထိုဒါနမျိုး ပြုခဲ့ဖူးခြင်း ရှိ၊မရှိ သေချာစွာ မသိပါဘဲလျက် ငွေကြေးများစွာ အကုန်ခံ ထီထိုးခြင်းသည် ဥာဏ်နည်းရာ ရောက်၏။ ဥပမာ ဆိုရသော် ရွှေအိုး မြှုပ်နှံထားခြင်း ရှိ၊မရှိ သေချာစွာ မသိပါဘဲလျက် ရှိလိမ့်နှိုးနှိုးဖြင့် မြေပြင်အနှံ့ တူးဆွရှာဖွေသောသူ ရူးကဲ့သို့တည်း။

လူထွေးလိုပင် စင်္ကာပူရောက် မြန်မာများသည် စိတ်ကူးယဉ်လို့ကောင်းအောင် မှန်မှန်ကြီး ထီထိုးကြ၏။ မြန်မာတို့ထိုးသော ထီဖိုးငွေများကို ပေါင်းလိုက်သော် ၁နှစ်အတွင်း ကျပ်သိန်းပေါင်း ရာဂဏန်း၊ ထောင်ဂဏန်းပင် ရှိပေလိမ့်မည်။ စင်္ကာပူ တရုတ်များပင် ထီးထိုးဝါသနာကြီးကြ၏။ ငါတို့ မြန်မာများ၏ ချွေးနည်းစာများသည် စင်္ကာပူရှိ ထီပေါင်းစုံတည်းဟူသော မကောင်းဆိုးဝါးများ၏ ဘေးရန်ကြောင့် ပျောက်ဆုံးလေလွင့် ကြကုန်၏ ဟု လူထွေးတစ်ယောက် စိတ်မသက်မသာ ဖြစ်နေလေ၏။

သို့သော် ၂၀၀၀ ပြည့်နှစ်၏ တစ်ခုသော နံနက်ခင်းတွင် မြင့်နိုင်ဆိုသူ၏ ၀မ်းသာအားရ အော်ဟစ်သံကြောင့် လူထွေးတို့လည်း စောစောစီးစီး မျက်လုံးကျယ်သွားကြ၏။ The Straits Times သတင်းစာပါ Toto ပေါက်မဲများဖြင့် တိုက်ကြည့်ရာ ထိုစဉ်က ကျပ်၆၆သိန်းနှင့် ညီမျှသော စင်္ကာပူဒေါ်လာများပေါက်နေကြောင်း တွေ့ရလေသည်။ ဒိုင်ချည်းစားနေလို့ ဘယ်ဖြစ်မလဲ၊ ထိုးသားမြန်မာတွေလဲ ဒီလိုလေး စားရအုံးမှပေါ့ဟု လူထွေးက စိတ်ထဲ၌ ဩဘာပေးနေ၏။

ထီပေါက်သူ မြင့်နိုင်လည်း မကြာမီ မြန်မာနိုင်ငံသို့ ပြန်သွားလေ၏။ လူထွေး၏ ဘ၀တစ်လျှောက်၌ ဤမျှများပြားသော ငွေကြေးများ ထီပေါက်သူဟူ၍ မုံရွာသားမြင့်နိုင်သာ တွေ့ဖူးသေး၏။ ဤစာရေးသော ၂၀၁၃ ဇွန်လထိလည်း၊ ထိုသို့ ထီပေါက်သူမျိုး မတွေ့တော့ချေ။

ပလက်ဖောင်း (သို့မဟုတ်) ရွှေထက်တန်ဖိုးကြီးသောအရာ

မသိသူကျော်သွား၊ သိသူဖော်စား ဟူသော စကားရှိ၏။ ရောဂါ တစ်ခုကြောင့် သေလုမြောပါး ခံစားနေရသော ဆင်းရဲသား၊ တောသားတစ်ဦးသည် သူ လဲလျောင်းရာ တောင်ယာတဲအောက်၌ သူ.ရောဂါကို ပျောက်စေသော ဆေးဥ၊ ဆေးမြစ် ရှိမှန်း မသိရှာ။ မရှိတာထက် မသိတာခက်သည် ရှိသော စကားကို သတိရသင့်၏။

စင်္ကာပူအပါအ၀င် ဖွံ့ဖြိုးပြီးနိုင်ငံရှိ မြို့ကြီးများ၌ စားဝတ်နေရေး အဆင်ပြေကြသည်။ ချမ်းသာပါတယ်ဆိုမှ ငွေယိုပေါက် စိမ့်ပေါက်တွေကို ပိတ်ဆို့ပေးသောနည်းကောင်းလမ်းကောင်းများစွာကို အောင်းမြင်စွာ ကျင့်သုံးနေကြပါသည်။

ပလက်ဖောင်းက ကျယ်ဝန်းသည်။ ပလက်ဖောင်းတစ်လျှောက်၌ ညီညာပြန့်ပြူးပြေပြစ်သော အနေအထားကို ဖန်တီးထားသည်။ ပလက်ဖောင်းနှင့် ကားလမ်းဆုံလျှင် အဖုအထစ်၊ အနိမ့်အမြင့် မရှိအောင် ပြေပြေလေးဆင်းသွားကာ ပြေပြေလေး ပြန်တက်အောင် စီမံထားသည်။

ပလက်ဖောင်း တလျှောက်တွင် ဘီးပါသော မည်သည့် တွန်းလှည်းမဆို တွန်းသွား၊ ဆွဲသွား နိုင်အောင် စီစဉ်ထားခြင်း ဖြစ်သည်။ သင်သည် ဝေးလံသော နေရာသို့ ပစ္စည်းပစ္စယများ သယ်ယူပို့ဆောင်လိုလျှင် ဆိုက်ကား (သို့) Taxi ကို ငှားရမ်း အသုံးပြု ရမည်။ သိပ်ပြီး ခရီးဝေး မဟုတ်လျှင်မူ ထိုပစ္စည်းကို တွန်းလှည်းပေါ်သို့ တင်ကာ ပလက်ဖောင်းတလျှောက် တွန်းသွားနိုင်သည်။ လွယ်ကူသည်။ ထမ်းပိုးရလောက်အောင် မပင်ပန်းပါ။ ဆိုက်ကားခ၊ taxi ခ မကုန်ပါ။ စင်ကာပူရဲ.ပလက်ဖောင်းက သင်၏ ငွေကို မယိုမစိမ့်၊ မလေမလွင့်အောင် ကာကွယ်ပေးသွားခြင်း ဖြစ်သည်။

သက်ကြီးရွယ်အိုများ၊ ခြေလက်အင်္ဂါ ချို့တဲ့သော မသန်စွမ်းသူများသည်လည်း ကိုယ့်အားကိုယ်ကိုးလျက် wheel chair ဘီးတပ် ကုလားထိုင်ဖြင့် ပလက်ဖောင်းတလျှောက် သွားလာနိုင်ကြ၏။ အခြားသူတို့ကို အားကိုးနေစရာ၊ မှီခိုနေစရာ မလို။ အိမ်တွင်း အောင်း၍ စိတ်ဓာတ်ကျနေစရာလည်း မလိုပေ။ စရိတ်စက မကုန်ပဲ လွတ်လပ်ပျော်ရွှင်စွာ သွားလာနိုင်ကြ၏။ ပလက်ဖောင်း၏ ကျေးဇူးကြောင့်ပင် ဖြစ်ပါသည်။

ကလေးသူငယ်များကို ချီပိုး၍ သွားလာခြင်းသည် ချီပိုးသူအတွက်လည်း ပင်ပန်းသည်။ ကလေးသူငယ်အဖို့လည်း မသက်သာ၊ မလွတ်လပ်။ ကလေးသူငယ်များအတွက် အထူးပြုလုပ်ထားသော တွန်းလှည်းအိမ်၌ ကလေးကိုထည့်ကာ ပလက်ဖောင်းတလျှောက် သက်သာလွယ်ကူစွာ တွန်းသွားနိုင်သည်။ ဈေးဝယ်ခြင်း၊ စားသောက်ဆိုင်ထိုင်ခြင်း၊ ချိန်းတွေ့ခြင်း များ၌လည်း ကလေးကို ခေါ်သွားနိုင်သည်။ ကလေးက အိပ်လျက်ဖြစ်စေ၊ ဆော့လျက်ဖြစ်စေ၊ နို့ဗူးစို့်လျက်ဖြစ်စေ ပါသွားသည်။ လွယ်ကူသော၊ အဆင်ပြေသော နည်းကို ပလက်ဖောင်းက ပေးအပ်နေခြင်း ဖြစ်သည်။

ကားဆိုသည်မှာ ကုန်ပစ္စည်းတင်ဆောင်ဖို့နှင့် ခရီးသည် စီးနင်းဖို့ အန္တရာယ်ကင်းစွာ အသုံးပြုသွားနိုင်သော စက်တပ်ယာဉ်ကို ဆိုလိုသည်။ စက်ပျက်နေသော အစီး ၁၀၀ ထက် စက်ကောင်းနေသော ယဉ်၁စီးက ပို၍ အသုံးဝင်ပါသည်။

ပလက်ဖောင်းဆိုရာတွင်လည်း မည်ကာမတ္တမဖြစ်စေရ။ သင့်လျှော်သော အကျယ်အ၀န်း ရှိရမည်။ ဈေးဆိုင်များနှင့် ပိတ်မနေစေသင့်။ မီးစက်များ၊ တယ်လီဖုန်းရုံများ၊ စာအုပ်ဆိုင်များဖြင့် ပိတ်မနေစေသင့်။ ဘီးသွားနိုင်သော ပြေပြစ်နိမ့်လျှောမှုများ ရှိရမည်။ လူ ၂ဦးပင် ရှောင်မလွတ်သော ကျဉ်းမြောင်းမြောင်း မဖြစ်စေသင့်။ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်တွင် ၁၅ ပေကျော် ကျယ်ဝန်းသော ပလက်ဖောင်းကြီးများကို ချုံ့ပစ်လိုက်ရာ ၄ ပေကျော်သာ ကျန်တော့၏။ ယခင်က ပလက်ဖောင်း ဧရိယာတွင်ရှိနေသော သစ်ပင်ကြီးများ၊ ဓာတ်တိုင်များမှာ လမ်းဧရိယာထဲသို့ ဘွားဘွားကြီး ရောက်သွားသည်။ သစ်ပင်ကြီးများကို ဘေးမှ လှိုက်တူးထား၍ နည်းနည်းလောက် တွန်းလျှင်ပင် လဲတော့မည်။ အချို့အပင်များမှာ လေတိုက်သဖြင့် လဲပြိုကာ ကားနှင့် အဆောက်အဦးများ၊ လူများကို ထိခိုက်စေခဲ့သည်ဟု ကြားရ၏။ ၀မ်းနည်းဖွယ်ဖြစ်ပါသည်။

သစ်ပင်သစ်တောများကို မြတ်မြတ်နိုးနိုး ထိန်းသိမ်းနေကြချိန်တွင် အချို့နိုင်ငံများ၌ သစ်တောများကို ဖျက်ဆီးနေကြ၏။ ပလက်ဖောင်းများကို ချဲ့၍၊ တွန်းလှည်းများ အသုံးပြုနိုင်အောင် လုပ်ရမည့်အစား ပက်လက်ဖောင်းများကို ဖျက်ဆီးနေကြသည်။ ခေတ်ကြီးက အမှောင်ခေတ်ထဲသို့ ပြန်ပြီး တိုးဝင်သွားပြီလား ဟုတွေးစရာ။

ခြေလျှင်လျှောက်သူတို့ကို ကားအန္တရာယ်မှ ကာကွယ်ပေးနေသော ပလက်ဖောင်းများကို တန်ဖိုးထားသင့်ပါသည်။ ကျယ်ဝန်းသော ပလက်ဖောင်းပေါ်တွင် လမ်းလျှောက်သူ၊ အပြေးကျင့်သူတို့သည် ကိုယ်လက်ကြံ့ခိုင်လျက် ကျန်းမာနေကြ၏။ ရွှေထက် တန်ဖိုးကြီးသော အရာတစ်ခုကို ပြပါဆိုလျှင် ပလက်ဖောင်းကိုပြရမည် မဟုတ်ပါလား။

နေလင်းညီ

(Photo – မြန်မာတို့ ကျက်စားကြသည့် မြို့လယ်က ပင်နီဆူလာပလာဇာ ကုန်တိုက်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:နေလင်းညီ, ရေခြားမြေခြား မြန်မာများ

One Response to နေလင်းညီ – အမှတ်တရစင်္ကာပူ – အပိုင်း (၂)

  1. catwoman on June 11, 2014 at 11:35 pm

    you eat a little bit in the beginning and eat alot more later. dont eat too much nuts in the beginning . you shouldnt turn down free food -that s rude as well. be thankful that you get invited to nice dinners while the rest of the world might be starving. be appreciative.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်