ငြိမ်းချမ်းအေး – အာဏာ နိုင်ငံရေး နှင့် ဘာသာရေး ရောယှက် လက်ဆက်မှု

June 15, 2014

PowerPolitcs-N-Religon

အာဏာ နိုင်ငံရေး နှင့် ဘာသာရေး ရောယှက် လက်ဆက်မှု

ငြိမ်းချမ်းအေး

မိုးမခ

ဇွန် ၁၅၊ ၂၀၁၄

 

နိုင်ငံရေးခေါင်းဆောင်၊ ဘာသာရေးခေါင်းဆောင်

ကမ္ဘာ့နိုင်ငံအသီးသီးမှာ နိုင်ငံ့ရေးရာ၊ အုပ်ချုပ်မှု ဆိုင်ရာ အတွက် မင်းအစိုးရများဟာ စနစ် ပုံစံ မျိုးစုံနဲ့ ရှေး အစဉ်အဆက် ကတည်းက တည်ရှိခဲ့တယ်။  နာမ် ဝိညာဉ် ပိုင်း အတွက် ဘာသာရေး ခေါင်းဆောင်များ ရှိတယ်။  ဒီ အုပ်စု နှစ်ခု ဟာ လူမှုလောကမှာ အဓိက ဦးဆောင် လွှမ်းမိုးနေသူတွေလို့ ဆိုနိုင်တယ်။

 

လူ့အဖွဲ့အစည်းမှာ စိုးမိုးထားနိုင်စွမ်းတဲ့ သြဇာ အာဏာ အတိုင်းအတာ၊ ကျယ်ပြန့်မှုကို မြို့ရွာ နိုင်ငံတွေ ရဲ့ လူမှု အဆောက်အအုံ မှာ တည်ရှိနေတဲ့ ရုပ်ဝတ္ထုပစ္စည်း အဆောက်အဦးတွေ ကို ကြည့်ရင်ကို သိနိုင်ပါမယ်။

 

ပဒေသရာဇ်ခေတ် မြို့ပြ နိုင်ငံတွေမှာ အကြီးကျယ်ဆုံး အဆောက်အဦးဟာ အုပ်စိုးသူတွေရဲ့၊ တနည်း နိုင်ငံရေး အာဏာယူထားသူတွေရဲ့ ရဲတိုက်ကြီးတွေ၊ နန်းတော်ကြီးတွေ ဖြစ်ပြီး သူတို့နဲ့ ယှဉ်နိုင်တာဆိုလို့ ဘုရားကျောင်း၊ ဘာသာရေး အဆောက်အဦးတွေပဲ ရှိတယ်။  စီပွားရေး မှာလည်း ဒီလူတန်းစား နှစ်ခုကပဲ ချုပ်ကိုင်ထားနိုင်တယ်၊ လယ်ယာမြေတွေ ပိုင်တယ်၊ အခွန် ကောက်တယ်။  မြေရှင် အရင်းရှင်စနစ်  ကနေ ကိုလိုနီ ထူထောင်မှု အားပြု ကူးသန်းရောင်းဝယ် ကုန်သည်စီးပွား အရင်းရှင် စနစ် ပြောင်းလဲလာတော့လည်း သူတို့ပဲ ဆက် လွှမ်းမိုးနေနိုင်တယ်။

 

ဥပမာ – ဗမာပြည် အပါအဝင် ကမ္ဘာ့အရှေ့ပိုင်း ဒေသ ကိုလိုနီ ကျွန်ပြုခံရမှု သမိုင်း ဖြစ်စဉ်မှာ အဓိက ဇာတ်ကောင်ဖြစ်ခဲ့သူ အရှေ့အိန္ဒိယ ကုမ္ပဏီ ဟာ မင်းစိုးရာဇာ အရစ္စတိုကရက်များ နဲ့ အရင်းရှင် ကုန်သည်ကြီးများ ပိုင် ဖြစ်တယ်။

 

သူတို့ ပေါ်လစီဟာ အစဦးမှာ ကိုလိုနီနယ်မြေများမှာ ရှိတဲ့ ကုမ္ပဏီ ရဲ့ အကျိုးစီးပွား ကို ကာကွယ် လိုမှု၊ ဒေသခံ တိုင်းရင်းသားများ၊ အထူးသဖြင့် နယ်စား စော်ဘွား များရဲ့ အလိုတူညီမှု ကို ရယူလိုမှု စတဲ့ လိုဘတွေကြောင့် ကိုလိုနီ ဒေသရဲ့ တည်ရှိပြီး ရိုးရာ အယူဝါဒများ လွတ်လပ်စွာ ကိုးကွယ် ကျင့်သုံးခွင့် ကို အာမခံ တယ်။  ဒါပေမယ့် ခရစ်ယာန် ကုမ္ပဏီ ဆိုတဲ့ သဘောဟာ မပျောက်မပျက် သလို နောက်ပိုင်းမှာ ဒေသဆိုင်ရာ ဓလေ့ တချို့ကို တားမြစ်ဖို့ နဲ့ ခရစ်ယာန် သာသနာ ထွန်းကားရေး ဖော်ဆောင်ဖို့ရာ ဘာသာရေး ခေါင်းဆောင်တွေရဲ့ ဖိအားပေး တောင်းဆိုမှုမျိုးတွေ ဖြစ်ခဲ့တဲ့ သမိုင်းရှိတယ်။  (စကားချပ် – ဒီအထဲမှာ အကောင်း သဘောတွေလည်း ပါပါတယ်၊ ဥပမာ – မုဆိုးမ အသစ်စက်စက် က ခင်ပွန်းနဲ့အတူ အသုဘမှာ မီးသင်္ဂြိုဟ် ခံရခြင်း ဓလေ့ မျိုးကို တားမြစ်ခြင်း)။

 

ကမ္ဘာ့ နေရာအနှံ့ က ကိုလိုနီ ဖြစ်စဉ်တိုင်းမှာလည်း မင်းအစိုးရ၊ အရင်းရှင် ကုန်သည် နဲ့ ဘာသာရေး အဖွဲ့အစည်း အုပ်စု သုံးစု ဟာ တဆက်တည်း ဆက်စပ် ပါဝင် ပုံဖော်ခဲ့တယ်။  “M သုံးလုံး” ဖြစ်စဉ် ဆိုပြီး နာမည်ကြီးတယ်၊ Missionary (သာသနာပြု)၊ Merchant (ကုန်သည်ပွဲစား) တွေနဲ့ ဒေသတခု ကို စတင် ထိုးဖောက်ပြီး နောက်ဆုံး ကိုလိုနီ အဖြစ် တဦးတည်း လက်ဝါးကြီးအုပ် မောင်ပိုင်စီးနိုင်ဖို့ရာ Military (စစ်တပ်) ကို လွှတ် သိမ်းပိုက် သြဇာ အာဏာ အကျိုးစီးပွား ကို အလုံးစုံ ထူထောင်ခြင်း ဖြင့် အဆုံးသတ်လေ့ရှိတယ်။

 

သူတို့တွေနဲ့ အရင်းရှင်တွေရဲ့ သြဇာအင်ပါယာ

စက်မှု တော်လှန်ရေး အပြီး စက်မှု စီးပွားအရင်းရှင် လူတန်းစား တရပ် ပေါ်လာချိန်မှာလည်း သူတို့ဟာ နိုင်ငံရေး၊ ဘာသာရေး ခေါင်းဆောင်များ နဲ့ မိတ်ဆွေသဟာ ပြု၊ ကျေးဇူး အတုံ့အလှည့် ပြုခြင်းဖြင့်ပဲ စီးပွားဖြစ်ထွန်း တည်ရှိရတယ်။

 

ဒီ ဖြစ်စဉ်များတလျှောက် လူမှု အဆောက်အအုံ ကိုကြည့်ရင် သြဇာရှိပြီး မင်းအစိုးရ အဆောက်အဦး တွေ၊ ဘုရားကျောင်းတွေ နဲ့ အတူ ကုန်သည် စီးပွား ဌာနတွေ၊ ငွေကြေး ဆိုင်ရာ ဘဏ်လုပ်ငန်း အဆောက်အဦးကြီးတွေ၊ စက်ရုံ အလုပ်ရုံကြီးတွေ အပြိုင်းအရိုင်း ပေါ်ပေါက်လာခဲ့တာကို တွေ့နိုင်တယ်။

 

မျက်မှောက် အရင်းရှင် စီးပွားရေး စနစ် နဲ့ ပါလီမန် ဒီမိုကရေစီ အုပ်ချုပ်မှု ခေတ်မှာကျ ကြီးကျယ်ခမ်းနားတဲ့ အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အဦးတွေ၊ ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရုံးတွေ၊ စီးပွားရေး လုပ်ငန်းစုကြီးများ ဆိုင်ရာ ငွေကြေးရင်းနှီးမြှုပ်နှံမှု၊ ဝန်ဆောင်မှု၊ နည်းပညာ နဲ့ မီဒီယာ လုပ်ငန်း ဆက်စပ် မိုးမျှော်အဆောက်အဦးကြီးတွေဟာ မြို့ရွာ လူမှု ဝန်းကျင်မှာ ထင်ထင်ရှားရှား မားမားမတ်မတ် တည်ရှိနေတာကို မြင်ရတယ်။  ဒါဟာ လူမှုလောကမှာ သူတို့ရဲ့ သြဇာညောင်းမှုကို ဖော်ပြနေခြင်းပါ။

 

ဘာသာရေးခေါင်းဆောင်များရဲ့ အာဏာစက်ကတော့ ယနေ့ခေတ်မှာ အပြောင်းအလဲ ရှိတယ် ဆိုနိုင်ပေမယ့် သူတို့ ရဲ့ သြဇာဟာ ထိုက်သင့်သလောက် ကျယ်ပြန့် နေဆဲပါပဲ။

 

မျက်မှောက်ခေတ် အနောက် လူ့အဖွဲ့အစည်း မှာ တချိန်က ခမ်းနားခဲ့တဲ့ ဘုရားကျောင်းကြီးတွေ စီးပွားရေး အရ အသုံးချခံ ခရီးသွားဧည့်သည်မျှော် အလည်အပတ် နေရာသဘော ဖြစ်လာမှုတွေ များလာနေတယ်၊ လူမှု၊ စီးပွား၊ နိုင်ငံရေး မှာ ဘာသာရေး လွှမ်းမိုးမှု တနေ့တခြား လျော့နည်းလာနေတယ် ဆိုတာတွေဟာ မှန်ပါတယ်။  ရပ်ထဲ ရွာထဲမှာ ဘာသာရေး အဆောက်အဦးတွေ အရင်လို အဟန့်မရှိ သိမ်ငယ်သလို ဖြစ်နေရတာလည်း ငြင်းမရပါ။  ဘာသာတရား တခုခုနဲ့ ဆက်နွယ် ပတ်သက်မှု မရှိတဲ့ ကမ္ဘာ့လူသားဦးရေ ရာနှုန်း အလျင်အမြန် တိုးပွားလာနေတာလည်း အထင်အရှားပါ။

 

ဘာသာစွဲနိုင်ငံရေး လွှမ်းမိုးခံ လူသားများ

 

ဒါပေမယ့် ကိုးကွယ်ယုံကြည်မှု သဘော ဟာ လူသားတွေရဲ့ အတွင်း အဇ္ဈတ္တသန္တာန် ကို နက်နက်ရှိုင်းရိုင်း အရိုးစွဲ၊ လွှမ်းမိုးစေတာကြောင့် ဘာသာရေး အဖွဲ့အစည်းတွေရဲ့ ကျင့်ဝတ် ပိုင်းဆိုင်ရာ၊ နာမ် ဝိညာဉ် ပိုင်းဆိုင်ရာ သြဇာညောင်းမှု ဟာ ကမ္ဘာ့ လူသားတွေအပေါ် သက်ရောက်နေဆဲ ဖြစ်တယ်။

 

ဘုရားကျောင်း စံ၊ ဘာသာရေး အဆုံးအမ ဗဟိုပြု နိုင်ငံရေးပါတီတွေ၊ ဘာသာရေးဘက် တိမ်းညွတ်မှုများတဲ့ အမျိုးသားရေးပါတီ တွေ လက်တင် အမေရိကနဲ့ အနောက် ဥရောပ နိုင်ငံရေး ကို ဆက်လက် လွှမ်းမိုးနိုင်နေခြင်းက သက်သေပါ။

 

လက်ရှိ ဥရောပ ပါလီမန် ကို ကြည့်ရင် အမျိုးသားရေးဝါဒ တကျော့ပြန် ရေပန်းစားလာမှုနဲ့ အတူ ခရစ်ယာန် ဒီမိုကရက်တစ် ပါတီများ၊ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်များ၊ လက်ယာ ပါတီများ သာ နေရာအများဆုံး ယူထားတာကို တွေ့ရပါမယ်။  ဆီကူလာ ဆိုရှယ်လစ် ပါတီ တွေကတော့ သူတို့နောက် ဒုတိယနေရာမှာသာ ရပ်တည်နိုင်တယ်။  ဒါဟာ ဥရောပ ရဲ့ ယိုယွင်းနေတဲ့ လူမှုစီးပွားနောက်ခံ အနေအထားကြောင့် ဆိုတာ မှန်ပေမယ့် ဘာသာရေး စံနှုန်းတွေဟာ လူထု ကို သက်ရောက်ဆဲ၊ အကျိုးဆက် အဖြစ် အာဏာ နိုင်ငံရေး မှာ အရေးပါ လွှမ်းမိုးနေဆဲ ဆိုတာကိုလည်း ပြသရာ ရောက်ပါတယ်။

 

ဘာသာရေး ကိုင်းရှိုင်းမှု မြင့်မားတဲ့ လက်တင်အမေရိက မှာ ဆိုရင် ဘုရားကျောင်းတော်တွေရဲ့ သြဇာ ဟာ နိုင်ငံရေး မှာ အစဉ်တစိုက် သက်ရောက်ခဲ့တယ်။  နိုင်ငံရေး ခေါင်းဆောင် နဲ့ ဘာသာရေး ခေါင်းဆောင် အပြန်အလှန် မှီခို အကျိုးရှိ ရပ်တည်နေတာမျိုး ဟာ ပုံစံမျိုးစုံနဲ့တွေ့နိုင်တယ်။  ဥပမာ – နိုင်ငံရေး သမားဟာ ဘုရားကျောင်းတော်တွေနဲ့ နွေးထွေးတဲ့ ဆက်ဆံရေး တည်ဆောက်ထားမယ်၊ လူထု ထောက်ခံမှုလည်း ရလာမယ်၊ ရွေးကောက်ပွဲ နိုင် အာဏာ ရလာချိန်မှာ ဘာသာရေးခေါင်းဆောင်တွေ အလိုကျ ကိုယ်ဝန်ဖျက်ချမှု ကို ပြင်းပြင်းထန်ထန် ထိန်းချုပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းပေးမယ်။

 

အာရှ ဘက်ကို ကြည့်ရင်လည်း ဘာသာရေး နိုင်ငံတော် တွေ၊ အစ္စလာမ် အယူဝါဒ အခြေပြု နိုင်ငံတွေ အများအပြား တည်ရှိနေတာကို ကြည့်ရင် အာဏာနိုင်ငံရေး အပေါ် ဘုရားကျောင်းတော်တွေရဲ့ လွှမ်းမိုးနေနိုင်မှု အတိုင်းအတာကို သိနိုင်တယ်။

 

အိန္ဒိယ မှာ လက်ရှိ အာဏာရနေတဲ့ အိန္ဒိယ ပြည်သူ့ပါတီ (BJP) ဟာ လက်ယာစွန်း၊ ဟိန္ဒူ အမျိုးသားရေး ဝါဒီတွေရဲ့ နိုင်ငံရေး မျက်နှာစာ တခုပါ။

 

ဗုဒ္ဓဘာသာ အတွက်လည်း အလားတူ အာဏာ နိုင်ငံရေး မှာ သက်ရောက်တဲ့ ဖြစ်စဉ်တွေ ရှိတာပါပဲ။  ဗုဒ္ဓ သာသနာ ထွန်းကားရာ ထိုင်း မှာ ဆိုရင် စစ်အေးခေတ် ကာလ တခုမှာ အမေရိကန် ကြည်ဖြူဖို့ရာ နဲ့ စစ်ခေါင်းဆောင်များ နိုင်ငံရေး အာဏာ အလို့ငှာ ကွန်မြူနစ် နှိမ်နင်းရေး စစ်ဆင်ရေးတွေ လုပ်တော့ သာသနာ့ ဝန်ထမ်းတွေရဲ့ ချီးမြှောက်မှု တွေ ရှိခဲ့တယ်။  ဘုရား၊ တရား မရှိတဲ့ ကွန်မြူနစ် တွေကို သတ်ခြင်းဟာ တရားတယ် ဆိုတဲ့ သဘောမျိုး “ဗုဒ္ဓအယူဝါဒနဲ့ဆန့်ကျင်ပြီး” ကိုယ်တော်တချို့ မိန့်ခဲ့ကြတယ်။  သီရိလင်္ကာမှာ ဆိုရင်လည်း အုပ်စိုးသူ စစ်ခေါင်းဆောင် တွေ အလိုတိုင်း လူနည်းစု တမီးလ် ကျား သူပုန် တွေကို နှိမ်နင်းခြင်းဟာ တရားမျှတမှု စစ်ပွဲ ဖော်ဆောင်ခြင်း၊ ဓမ္မ ကို ကာကွယ်ခြင်း ဆိုပြီး ဘာသာရေး ခေါင်းဆောင်များ သိဒ္ဓိ တင်ပေးခဲ့ကြတယ်။  (စကားချပ် – ရည်ညွှန်းစာ ၁၊ ၂၊ ၃ မှာ အကျယ် လေ့လာနိုင်ပါတယ်။)

 

အထက် မှာ ဆွေးနွေး တင်ပြခဲသမျှဟာ အာဏာ နိုင်ငံရေး အပေါ် ဘာသာရေး ရဲ့ သက်ရောက်မှု၊ အပြန်အလှန် မှီတည်မှု၊ ဒီအုပ်စု နှစ်ခုရဲ့ လူမှုအဖွဲ့အစည်းအပေါ် အစဉ်အမြဲ လွှမ်းမိုးနေမှု သဘော ကမ္ဘာ့ ဖြစ်စဉ်ပါ။

 

နိုင်ငံရေး နဲ့ ဘာသာရေး အပြန်အလှန် အမြတ်ထုတ်

 

ဒီသဘောဟာ ဗမာ့ ဖြစ်စဉ်မှာ ပိုမို နက်ရှိုင်း ထင်ရှား သိသာပါတယ်။  လူမှု အဆောက်အအုံ ရှိ အဆောက်အဦးတွေကို ခေတ်အဆက်ဆက် ကြည့်ပါ။  သြဇာ အာဏာ လုပ်ပိုင်ခွင့် ရှိသူ အုပ်စိုးသူ မင်းအစိုးရ၊ မြေရှင်၊ စီးပွားလုပ်ငန်းရှင်၊ အရင်းရှင် နဲ့ ဘာသာရေး ဆက်စပ် အဆောက်အဦးများသာ ကြီးကျယ်ခမ်းနားခဲ့တယ်။  ကျေးရွာ တိုင်းလိုလိုမှာ ဘုန်းကြီးကျောင်း ဟာ အမြဲတမ်း အခမ်းနားဆုံး ဖြစ်နေတတ်ပြီး သူကြီးအိမ်၊ လယ်ပိုင်ရှင် အိမ်က ဒုတိယ လိုက်တဲ့ သဘောပါ။

 

သမိုင်းဦး ပုဂံခေတ် က စလို့ ပဒေသရာဇ် ခေတ် တလျှောက် အုပ်စိုးသူ စစ်ဘုရင် များဟာ ဘာသာရေး ခေါင်းဆောင်များရဲ့ အရိပ်အာဝသအောက် အမြဲ ခိုလှုံ ခဲ့ကြတယ်။  ဘာသာရေး ခေါင်းဆောင်များကလည်း သာသနာပြု မင်းများကို အသုံးချ ဘာသာသာသနာ အကျိုး ဆောင်ရွက်တယ်။  ဒီလိုနဲ့ အပြန်အလှန် အမှီသဟဲ ပြုကာ အကျိုးဖြစ်ထွန်းတဲ့ သာသနာပြု ဘုရား၊ ကျောင်း ဒါယကာ မင်း နဲ့ မင်းဆရာ ဘုန်းကြီး ဆက်ဆံရေး ကို တည်ဆောက်ထားကြတယ်။  ဗြိတိသျှ ကိုလိုနီ ဘဝ ရောက်သည့် တိုင်အောင် ဘာသာရေးခေါင်းဆောင်များဟာ မင်းဆရာ အနေနဲ့ ဆက်လက်တည်ရှိနိုင်ဖို့ ကြိုးစားခဲ့ကြောင်း သုံးသပ်မှုတွေ ရှိတယ်။

 

လွတ်လပ်ရေးခေတ်ဦး ပါလီမန် ဒီမိုကရေစီ စနစ်မှာ ဝန်ကြီးချုပ် ဦးနု ဟာ ပုဂ္ဂလိက ဘာသာရေး ကိုင်းရှိုင်းမှု အရ သာသနာပြုမှုတွေ အားသွန်လုပ်ခဲ့တယ်။  ဘာသာရေး ခေါင်းဆောင်တွေရဲ့ တောင်းဆိုမှု ဖိအားတွေ ကနေ စတင်ခဲ့တဲ့ ဗုဒ္ဓ ဘာသာ ကို နိုင်ငံတော် ဘာသာ အဖြစ် တရားဝင်သတ်မှတ်မှု ဖြစ်စဉ် မှာ သူ့ကို နိုင်ငံရေး အာဏာ အတွက် အသုံးချခြင်း သက်သက်ဆိုပြီး စွပ်စွဲကြတယ်။  တကယ်လည်း ဦးနု ဟာ နိုင်ငံရေး စနစ်၊ စီးပွားရေး ပေါ်လစီ ဖော်ဆောင်ရာမှာကို ဗမာ ဗုဒ္ဓ နည်းဟန် ဆိုရှယ်လစ်လမ်းစဉ် ထူထောင်နိုင်ဖို့အထိ ကြံစည်ခဲ့တယ်။

 

(စကားချပ် – ရည်ညွန်းစာ ၄၊ ၅၊ ၆၊ ၇ မှာ ဗမာပြည် ဆက်စပ် အကြောင်းအရာများ အကျယ် လေ့လာနိုင်ပါတယ်။)

 

စစ်အာဏာရှင် စနစ်အောက် ရောက်ချိန်မှာတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ် နေဝင်းဟာ ဘာသာရေး လိုက်စားသူ မဟုတ်တာကြောင့် ဦးနု ပြဋ္ဌာန်း ခဲ့သမျှ ဘာသာရေး ဆက်စပ် ဥပဒေ တွေ အားလုံး ကို ပယ်ဖျက်ခဲ့တယ်။  ဥပမာ – နွား မသတ်ရ လိုမျိုး။  နိုင်ငံတော် ဘာသာ အသိအမှတ်ပြုမှုလည်း မရှိဘူး။  စစ်ဝါဒ အတွက် ဟန်ပြ မျက်နှာဖုံး အသုံးချ ရတဲ့ ဆိုရှယ်လစ် လမ်းစဉ်မှာလည်း ဗုဒ္ဓအယူဝါဒ သွတ်သွင်းမှု တွေ မရှိဘူး၊ ဗမာ့နည်း ဗမာ့ဟန် ဆိုရှယ်လစ်လမ်းစဉ် လို့သာ ဆိုခဲ့တယ်။

 

ဒါပေမယ့် ဗိုလ်နေဝင်း ဟာ အသုံးချ အာဏာ နိုင်ငံရေး အလို့ငှာ အတွက်တာ့ လူမျိုးရေး၊ ဘာသာရေး ကို လက်နက်ကောင်း တခု သဖွယ် အမြဲ အသုံးပြုခဲ့တယ်။  တပြိုင်နက်တည်းမှာလည်း အကြွင်းမဲ့ သြဇာ တည်ဆောက်လိုတဲ့ အာဏာရှင် စနစ် ဖြစ်တာကြောင့် တိုင်းပြည် မှာ ထဲထဲဝင်ဝင် ကျယ်ကျယ်ပြန့်ပြန့် သြဇာ ဖြန့်ကျက် ထားနိုင်တဲ့ ဗုဒ္ဓဘာသာ ခေါင်းဆောင် သံဃာတွေရဲ့ အာဏာ ကို လည်း ချုပ်ထိန်းမှုတွေ ရှိခဲ့တယ်။  လုပ်ပိုင်ခွင့် နေရာ သတ်မှတ်ပေးခြင်း ဖြင့် အပြန်အလှန် အသိအမှတ်ပြု တည်ရှိမှု ပုံစံ ကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့တယ်။

 

အကောင်းဆုံး ဥပမာ ဟာ စစ်အာဏာသိမ်း အစိုးရ တော်လှန်ရေး ကောင်စီခေတ် ကတည်းက အကြိမ်ကြိမ် ကြိုးစားခဲ့တဲ့ အစိုးရ အသိအမှတ်ပြု သံဃာ့ အဖွဲ့အစည်း ပေါ်ပေါက်ရေး၊ မှတ်ပုံတင်ရေး ကြံဆောင်မှုတွေပါ။  ဒါကို သံဃာဘက်က လက်မခံခဲ့ပါဘူး။  ဒါပေမယ့် ဒီ အကြံ ဟာ နောက်ဆုံးမှာ သာသနာတော် သန့်ရှင်းရေး၊ ဂိုဏ်းပေါင်းစုံ ညီညွတ်ရေး ခေါင်းစဉ်အောက်မှာ အထမြောက်သွားပြီး ၁၉၈၀ မှာတော့ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ပေါ်ပေါက်လာခဲ့တယ်။  ဒီ အဖွဲ့သာ တခုတည်းသော သြဇာ အာဏာရှိ သံဃာ့အဖွဲ့ဖြစ်ကြောင်း စစ်အစိုးရ က အသိအမှတ်ပြု ပေးရင်း နဲ့ အပြန်အလှန် တရားဝင်မှု၊ ဖြစ်တည်မှု ကို ကာကွယ်ပေးခဲ့တယ်။

 

အာဏာစက်အောက်က ဘာသာရေးလက်နက်

 

ဒီ သဘော ဟာ အဲ့ဒီ နောက်ပိုင်း စစ်အစိုးရ ခေတ် အဆက်ဆက် မှာ ဆက်လက် တည်ရှိလာတယ်။  စစ်အာဏာရှင်များ နိုင်ငံရေး အကျဉ်းအကျပ် ကြုံတိုင်း မဟန ဟာ ရပ်တည်ပေးရတယ်။  ဥပမာ – ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး။  ဒီလို ဓမ္မစက်နဲ့ မထိန်းနိုင်ရင် အာဏာစက် နဲ့ အကြမ်းဖက်ပါမယ် ဆိုတာမျိုးတွေကို မဟနာ ဟာ အလိုမတူချင်ပေမယ့် ဖြစ်တည်နေတဲ့ သြဇာ အာဏာ အဖွဲ့အစည်း သဘောကြောင့် မသက်မသာ ခေါင်းညိတ် နေရတယ်။  စစ်အစိုးရ အာဏာကို ထိပါးမယ့် ကိစ္စရပ်တိုင်း အတွက်လည်း မဟန ဟာ နှုတ်ဆိတ်ပေးရတယ်။  နိုင်ငံရေး အရ စစ်အစိုးရ ကို ကလန်ကဆန် လုပ်တဲ့ ဘုန်းကြီးတွေကိုလည်း ဆုံးမ ပေးရတယ်။  ဥပမာ –  ရှင်ဂမ္ဘီရ ၊ ရွှေညဝါ ဆရာတော် ကျောင်း ကိစ္စ ဖြစ်စဉ်မျိုးတွေ ပါ။

 

အပြန်အလှန် အားဖြင့် စစ်အစိုးရကလည်း ဘာသာရေး အယူဝါဒ၊ အကျင့်အကြံ အခြေခံ ဂိုဏ်းဂဏ ခွဲထွက်ဟောမှုတွေကို အာဏာစက်နဲ့ ပြင်းပြင်းထန်ထန့် နှိပ်ကွပ်ပေးရတယ်။  ဥပမာ – မိုးပြာ။  မဟန သာ အမြင့်ဆုံးသော သံဃာ့အာဏာပိုင်၊ တခုတည်းသော သံဃာ့ အဖွဲ့အစည်း ဖြစ်ကြောင်းလည်း အမြဲမပြတ် အာမခံပေးတယ်၊ အာဏာ နဲ့ လုပ်ပိုင်ခွင့် ကို ချဲ့ပေးတယ်၊ ခေတ်အသုံးနဲ့ ဆိုရင် ခရိုနီဘုန်းကြီးတွေ အများအပြား မွေးထုတ်နိုင်ဖို့ ကြိုးစားတယ်။  တဖက်ကလည်း အကျင့် သီလ စင်ကြယ် သိက္ခာရှိ ဆရာတော်ကြီး များ ကြည်ဖြူအောင် သာသနာပြုမင်းတွေ ဖြစ်ကြောင်း၊ ဘာသာ သာသနာ အရေး အစဉ် အလေးထား ဆောင်ရွက်နေကြောင်း လုပ်ပြရတယ်။

 

အခု နောက်ဆုံး လတ်တလော ဖြစ်နေတဲ့ မဟာသန္တိသုခ ကျောင်းဖြစ်စဉ် ကို ဥပမာ ကြည့်ပါ။  ဒါဟာ မဟန၊ စစ်အုပ်စု အပြန်အလှန် ရပ်တည်ပေးမှု သဘော ပုံပေါ်သလို သူတို့ နှစ်အုပ်စု ရဲ့ ပီနန် ဆရာတော် အပေါ် ဘုံမလိုလားမှု ကိုလည်း ပြခြင်းပါ။  မဟန နဲ့ ဆက်စပ် သာသနာရေး ဝန်ကြီး ဌာနမှာ ကြီးစိုး ခြယ်လှယ်နေသူများရဲ့ မဟာသန္တိသုခ ကျောင်း အကျိုး အမြတ်က တကြောင်း၊ ၂၀၀၇ သံဃာ့လှုပ်ရှားမှု ကြီး ကို မဟန ရဲ့ ခွင့်ပြုချက်နဲ့ စစ်အစိုးရ က အကြမ်းဖက် ဖြိုခွင်း အပြီးမှာ ပီနန်ဆရာတော် ဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ်၊ သာသနာ့ ဥသျှောင် အဖွဲ့ ပြည်ပ မှာ ဖွဲ့စည်းကာ မဟန နဲ့ စင်ပြိုင် ခဲ့ခြင်းက တကြောင်း၊ ဒီမိုကရေစီ လှုပ်ရှားမှု ကို ထောက်ခံသူ ဆရာတော် ဖြစ်ခြင်း ကြောင်း တကြောင်း ဆိုတဲ့ (၃) ချက်ကြောင့် အုပ်စု နှစ်ခု စလုံး ရဲ့ အငြိုးထားခြင်း ခံရလို့ အခု ကိစ္စ ဖြစ်နေခြင်းပါ။

 

ဘာသာစွဲတဲ့ မဲလက်နက်

 

ဒီလို စစ်အာဏာရှင် စနစ်  နဲ့ ဘာသာရေး အဖွဲ့အစည်း အပြန်အလှန် အသုံးချ ကျွန်း ကိုင်း မှီ၊ ကိုင်း ကျွန်း မှီ ဖြစ်တည်နေခြင်း၊ တနည်း ဘုန်းကြီး နဲ့ စစ်အုပ်စု လက်ဆက်ခြင်း ဟာ လက်ရှိ ဒီမိုကရေစီ အမည်ခံ ရွေးကောက်ပွဲ နိုင်ငံရေး စနစ် မှာလည်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။  လက်ရှိ စစ်တပ်ကျောထောက်နောက်ခံပြု အာဏာရပါတီ မဲဆွယ်ရင် “အမျိုး၊ ဘာသာ၊ သာသနာ အတွက် မဲပေးပါ” ဆိုပြီး ဘာသာရေး ဇောင်းပြု လူထုဆီက မဲချူတယ်။  အမျိုးသား၊ ဘာသာ ခေါင်းစဉ်အောက်မှာ ရှိတဲ့ ကိုယ်တော် တချို့က ပေါ်ပေါ်ထင်ထင်ပဲ ဒီမိုကရေစီ စနစ်မို့ နှစ်သက်ရာ ရွေးချယ်ခွင့်ရှိကြောင်း၊ စစ်အုပ်စုပါတီ က စစ်ခေါင်းဆောင်ဟောင်းကြီးတွေကိုသာ သာသနာ အကျိုးမျှော် လိုလားကြောင်း ထုတ်ဆိုတတ်တယ်။  စစ်တပ်ပါတီဘက်ကလည်း ဘာသာရေးခေါင်းဆောင်များ အလိုကျ ဝါဒရေးရာ လမ်းစဉ်တွေ ဖော်ဆောင်ဖို့ ကြိုးစားတယ်။

 

အခုနှစ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ ဖြစ်စဉ်တွေ၊ အနောက်နယ်ခြား ပြဿနာတွေနဲ့ မျိုးစောင့်ဥပဒေ လို ဘာသာ သာသနာ ဆက်စပ်ကိစ္စ ဖြစ်စဉ် တွေမှာ ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးများက အစ ထုတ်ဖော် ပြောဆိုတဲ့ သဘောထားတွေကို ခြုံငုံ ကြည့်ပါ။  ဘာသာရေးကို မြှင့်တင်ဖို့ရာမှာ “နိုင်ငံတော်” ကို အသုံးချလိုမှု၊ နိုင်ငံ့ စနစ်ကို အသုံးချလိုမှု ဟာ အာဏာ အလို့ငှာ ဖော်ဆောင်လေ့ရှိတဲ့ စစ်အာဏာရှင်တွေချည်းမှာပဲ ရှိတာမဟုတ်၊ သံဃာတော်တွေမှာလည်း အနည်းအများ တသဘောတည်း ရှိနေကြောင်း နားလည်နိုင်ပါတယ်။

 

ဆိုတော့ အာဏာ နိုင်ငံရေး နဲ့ ဘာသာရေး စပ်ယှက်မှု ဟာ ဘာသာတရား ကိုင်းရှိုင်းလှတဲ့ ဗမာ့လူ့အဖွဲ့အစည်းမှာ နက်ရှိုင်းလှသလို ရေရှည်လည်း အမြစ်တွယ်နေဦးမယ့် သဘောပါပဲ။  ဘာသာရေး နဲ့ မဟန လို ဘာသာရေး အာဏာပိုင် အဖွဲ့အစည်း ဟာ အာဏာနိုင်ငံရေး ရဲ့ အသုံးချခံ ဆက်ဖြစ်နေဦးမှာပါ။

 

ဘာသာစွဲတဲ့ နိုင်ငံရေးပါတီနဲ့ အုပ်စု

 

ခရစ်ယာန် ဒီမိုကရက်တစ် ပါတီလို၊ အစ္စလာမ်မစ် ဒီမိုကရက်တစ် ပါတီလိုမျိုး ဗုဒ္ဓဘာသာ ဒီမိုကရက်တစ် ပါတီ မရှိအပ်၊ နိုင်ငံရေး မှာ ပါဝင်ခွင့် မရှိဘူးလား ဆိုတဲ့ လက်ယာစွန်း အမျိုးသားရေးဝါဒီ များရဲ့ မေးခွန်းထုတ်မှုတွေလည်း ရှိပါတယ်။  တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသာ တပ်ဖွဲ့လို ဘာသာရေးခေါင်းစဉ်အောက်မှာ တည်ရှိနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ နိုင်ငံရေးအဖွဲ့အစည်းမျိုး လက်ရှိ ရှိပြီး ဆိုတဲ့ သမိုင်းဖြစ်စဉ် ရှိတယ်။

 

နောင် အစစ်အမှန်ပါလီမန် ဒီမိုကရေစီ စနစ် အခြေတည်ချိန်မှာ ဗုဒ္ဓဘာသာခေါင်းစဉ်နဲ့ နိုင်ငံရေးပါတီတွေ တည်ရှိလာရင် ဗမာပြည် သမိုင်းမှာ ဆိုခဲ့တဲ့အတိုင်း ဓလေ့ လို အမြစ်တွယ်နေပြီးဖြစ်တဲ့ ဘာသာရေးကို အာဏာ အတွက် အသုံးချမှု နောက်ခံ ကြောင့် အလုံးစုံ ဘဝင်ကျ လက်သင့်ခံချင်စရာ မရှိလှပေမယ့် ဘာသာရေးကိုနာမည်တပ် ပါတီထောင်ချင်သူ နိုင်ငံရေး သမားများ ဟာ တကယ် ဗုဒ္ဓဝါဒ မဇ္ဈိမ ပဋိပဒါ အလယ် အလတ် လမ်းစဉ် အတိုင်း လူမျိုး၊ ဘာသာ အစွန်းမရောက်၊ မခွဲခြားဘဲ ဗုဒ္ဓ ဓမ္မစစ် တန်ဖိုး အခြေပြု နိုင်ငံရေး မူဝါဒ လမ်းစဉ်တွေကိုသာ အမုန်းတရား မပွား၊ မေတ္တာရှေ့ထား ဖော်ထုတ်မယ်ဆိုရင် အကြီးအကျယ် ကန့်ကွက်စရာ မမြင်ပါ။

 

ဘာသာရေး နဲ့ နိုင်ငံရေး ဆက်စပ်မှု ဗမာပြည် ဖြစ်စဉ်မှာ နောက်တခု ဆိုစရာက ကိုလိုနီ ကျွန်ဘဝ လွတ်မြောက်ရေး၊ စစ်အာဏာရှင် စနစ် ဆန့်ကျင် ရေး၊ ဒီမိုကရေ အရေးတွေမှာ အများလူထု နဲ့ အတူ တသားတည်းရှိခဲ့တဲ့ သံဃာတော်များရဲ့ ရပ်တည်မှု သမိုင်းပါ။  ဒါဟာ အာဏာ စီးပွား အကျိုး မပါတဲ့ အတွက် အာဏာနိုင်ငံရေး အသုံးချခံ ခေါင်းစဉ် အောက်မှာ အကျုံးမဝင်ပါဘူး။  ဒါ့အပြင် ဘာသာရေး ရဲ့ ရည်မှန်းချက် မှာ လောကုတ္တရာ  ကိစ္စ နိဗ္ဗာန် ရောက်ကြောင်းတင် မဟုတ်ဘဲ လောကီရေးရာ ကောင်းကျိုးချမ်းသာ ဆောင်ရွက်ခြင်း အမှုဟာ လည်း အရေးပါတဲ့ အတွက် ဒါမျိုးကို တိုင်းပြည် ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး (၃) ရပ်မှာ ဘာသာရေး အဖွဲ့အစည်း၊ ခေါင်းဆောင်များ ဝင်ရောက် ခြယ်လှယ် မလွှမ်းမိုးသရွေ့ ကန့်ကွက်စရာမရှိ၊ စိုးရိမ် စရာမလိုပါ။

 

ဒါပေမယ့် ဆောင်းပါး မှာ အဓိကထား ဆွေးနွေးခဲ့တဲ့  မဟန လို ဘာသာရေး အဖွဲ့အစည်း ခေါင်းဆောင်များ အာဏာနိုင်ငံရေး အတွက် အသုံးချခံ ဖြစ်နေခြင်း၊ အပြန်အလှန် မှီတည်နေခြင်း၊ ကိုယ်စီ အကျိုးအတွက် ရောယှက်နေခြင်းမျိုးကတော့ မလိုလားအပ်တဲ့ နိုင်ငံ့ရေးရာ ပေါ်လစီတွေ၊ ဥပဒေတွေ ဖြစ်တည်လာကာ လူမျိုး၊ ဘာသာ ပေါင်းစုံ မှီတင်းနေထိုင်နေတဲ့ အနာဂတ် ဗမာပြည် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေး ခရီးလမ်း အတွက် အန္တရာယ်ကြီးတခု ဖြစ်နေပါတယ်။  ကျောင်းလု၊ ဘုရားဖျက်၊ သိမ်ဖျက်၊ သံဃာ မီးဗုံးခွဲ၊ လူဝတ်လဲ ထောင်ထဲပို့ အစရှိတဲ့ မတရားမှု တွေကို အာဏရှင် အုပ်စိုးသူ နဲ့ အပေါင်းအပါ အကျိုးစီးပွား အတွက် အလိုတူ အလိုပါ သဘော ခပ်မဆိတ် နေပေးနေရတဲ့ မဟန လို ဘာသာရေး အဖွဲ့အစည်းမျိုး ဦးဆောင်မှု နဲ့လည်း အနာဂတ် မှာ အစစ်အမှန် ဘာသာ သာသနာ အကျိုး ဖြစ်ထွန်း စည်ပင် မှာ မဟုတ်ကြောင်း မိုးမခ ကနေ တဆင့် ဆွေးနွေးတင်ပြလိုက်ပါတယ်။

 

ငြိမ်းချမ်းအေး

ဇွန် ၁၅၊ ၂၀၁၄

 

(ဆောင်းပါး ပါ အာဘော် နှင့် ပတ်သက်၍ ဝေဖန် ဆွေးနွေးလိုပါက nyeinchanaye81@gmail.com ထံ စာရေး ဆက်သွယ်နိုင်သည်။)

 

ရည်ညွန်းစာများ-

 

  1. In Defense of Dharma: Just-War Ideology in Buddhist Sri Lanka, Department of Religion, Florida State University. 1999.
  2. Buddhist Warfare by Michael Jerryson and Mark Juergensmeyer, Oxford University Press, 2010.
  3. Buddhist Fury: Religion and Violence in Southern Thailand by Michael Jerryson, Oxford University Press, 2011.
  4. Religion and Politics in Burma by Donald Smith, New Jersey: Princeton University Press, 1965.
  5. Losing my Religion? Protest and Political Legitimacy in Burma by Stephen McCarthy, Griffith Asia Institute Regional Outlook Paper No. 18, 2008.
  6. Nationalism as Political Paranoia in Burma by Mikael Gravers, London: Curzon Press, 1999.
  7. Modern Buddhist Conjunctures in Myanmar: Cultural Narratives, Colonial Legacies, and Civil Society by Juliane Schober, University of Hawai’i Press, 2011.

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်, ငြိမ်းချမ်းအေး

One Response to ငြိမ်းချမ်းအေး – အာဏာ နိုင်ငံရေး နှင့် ဘာသာရေး ရောယှက် လက်ဆက်မှု

  1. KyanSitThar on June 15, 2014 at 2:21 pm

    နောင် အစစ်အမှန်ပါလီမန် ဒီမိုကရေစီ စနစ် အခြေတည်ချိန်မှာ ဗုဒ္ဓဘာသာခေါင်းစဉ်နဲ့ နိုင်ငံရေးပါတီတွေ တည်ရှိလာရင် ဗမာပြည် သမိုင်းမှာ ဆိုခဲ့တဲ့အတိုင်း ဓလေ့ လို အမြစ်တွယ်နေပြီးဖြစ်တဲ့ ဘာသာရေးကို အာဏာ အတွက် အသုံးချမှု နောက်ခံ ကြောင့် အလုံးစုံ ဘဝင်ကျ လက်သင့်ခံချင်စရာ မရှိလှပေမယ့် ဘာသာရေးကိုနာမည်တပ် ပါတီထောင်ချင်သူ နိုင်ငံရေး သမားများ ဟာ တကယ် ဗုဒ္ဓဝါဒ မဇ္ဈိမ ပဋိပဒါ အလယ် အလတ် လမ်းစဉ် အတိုင်း လူမျိုး၊ ဘာသာ အစွန်းမရောက်၊ မခွဲခြားဘဲ ဗုဒ္ဓ ဓမ္မစစ် တန်ဖိုး အခြေပြု နိုင်ငံရေး မူဝါဒ လမ်းစဉ်တွေကိုသာ အမုန်းတရား မပွား၊ မေတ္တာရှေ့ထား ဖော်ထုတ်မယ်ဆိုရင် အကြီးအကျယ် ကန့်ကွက်စရာ မမြင်ပါ။

    That makes sense. Meaningful . can understand.
    but sentence is ‘ too long ‘ . Can you break into two . please .
    Sorry . I don’t have any comment to discuss by sending you email.

    Try to use both short and long sentences . of Myanmar . to make ‘ many Myanmar people ‘ understand.

    I don’t want to name / label . ‘ people ‘ who may not understand ‘ DO NOT MYANMAR ‘ Well.

    They know Myanmar. but it is the duty of writer to ‘ make readers to understand ‘. Especially in these days and this website. The target population of readrers are of ‘ variete – variete ‘ . various typed.
    and it is very good idea that your articles are not posted in FACEBOOK.

    that ‘ is where the money is ‘ That is where the readers are.

    You are doing a great job! You will be replacing the writer like . Thet Toe, Zaw Gyi, Aung Thinn, Mya Than Tint . etc etc. all of late respectful writers. . ONE DAY. you will be . I wish you all the best. !

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်