ဒေါက်တာဓမ္မပိယ (ITBMU) – စိန်ခေါ်ကြမှာလား ဆွေးနွေးကြမှာလား

June 17, 2014

စိန်ခေါ်ကြမှာလား ဆွေးနွေးကြမှာလား

ဒေါက်တာဓမ္မပိယ (ITBMU)၊ ဇွန် ၁၇၊ ၂၀၁၄

ပြဿနာတစ်ခု၏ အဖြေကို ရှာဖွေရာမှာ ̏အချင်းချင်း အပြန်အလှန် ညှိနှိုင်းဆွေးနွေးခြင်းသည် အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်တယ်̋ လို့ ကမ္ဘာ့ပညာရှင်အများစုက လက်ခံယုံကြည်ထားကြတယ်။ ဒီစကားရဲ့အဓိပ္ပါယ်ကို ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ဦးဆောင်နေတဲ့ ခေါင်းဆောင်များ လေးလေး နက်နက် စဉ်းစားနိုင်ကြဖို့ပါ။

ကမ္ဘာပေါ်မှာဖြစ်နေတဲ့ ပြဿနာပေါင်းစုံကို ဖြေရှင်းရမှာ အကြမ်းဖက်တဲ့နည်း၊ အတိုက်အခံပြုတဲ့နည်း၊ စစ်ခင်းတဲ့နည်းစတဲ့ ကြီးကျယ်တဲ့ မဟာဗျူဟာတွေကို သုံးပြီး ပြဿနာများကို ဖြေရှင်းတတ်ကြတယ်။ သို့သော် ထိုဖြေရှင်းနည်းများသည် ပြဿနာကို မငြိမ်းအေးစေပဲ ပြဿနာများကို ပိုမိုရှုပ်ထွေးစေတဲ့ နည်းလမ်းတွေ ဖြစ်နေတာကို တွေ့ရတယ်။ နောက်ဆုံး ကမ္ဘာ့ခေါင်းဆောင်များဟာ ကြီးကျယ်တဲ့ ပြဿနာများကို ဖြေရှင်းရန် ကြီးကျယ်တဲ့ မဟာဗျူဟာနည်းကို အသုံးမပြုတော့ပဲ သေးငယ်တယ်လို့ထင်ရတဲ့ နည်းဗျူးဟာတစ်ခုဖြစ်တဲ့ အတူတကွ စုပေါင်းဆွေးနွေးခြင်းဆိုတဲ့နည်းကို သုံးကြည့်ကြတယ်။ ပြဿနာရဲ့ အဖြေကို အတူတကွ ညှိညှိနှိုင်းနှိုင်း ရှာဖွေခြင်းဖြင့် ပြဿနာရဲ့ မူလအကြောင်းရင်းများကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။ ဒါဟာ စစ်မှန်တဲ့ ပြဿနာရှာဖွေနည်းဆိုတာ အများစုက လက်ခံလာခဲ့ကြတယ်။

မြန်မာနိုင်ငံတွင် ပညာရေးမူဝါဒများ ပြုပြင်ပြောင်းလဲရေးနှင့်စပ်လျဉ်း၍ ကြန့်ကြာလွန်းနေသည့် ဖြစ်စဉ်ကို ဝေဖန်သုံးသပ်ကြည့်တဲ့အခါ … ။ ပညာရေးမူဝါဒများ ပြုပြင်ပြောင်းလဲနိုင်ရေးအတွက် နိုင်ငံတော်မှ အထူးကြိုးစားလုပ်ဆောင်နေတယ်ဆိုတာကို သိရခြင်းပါ။ ဒီအတွက် ကြိုဆိုပါတယ်။

သို့သော် လှေလှော်ရာမှာ လှေလှော်နည်းမမှန်လျှင် နောက်ပြန်ဆုတ်နေတာမျိုး ဖြစ်နေတတ်သလို ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများမှာလည်း လုပ်နည်းမမှန်လျှင် နောက်ပြန်ဆုတ်နေတာမျိုး ဖြစ်နေတတ် သည်ကို ပညာရှင်များ သတိမူနိုင်ကြဖို့ပါ။ ပညာရေးဆိုင်ရာမူဝါဒများနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ကြရာတွင် မှန်ကန်တဲ့ လမ်းကြောင်းထဲကို ရောက်အောင် တွန်းပို့ပေးနိုင်ခြင်း မရှိခဲ့လျှင် ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်သည် ̏ရွှေပြည်တော် မျှော်လေတိုင်းဝေး̋ ရသည့် အခြေအနေမျိုးသို့ ရောက်သွားနိုင်ခြင်းပါ။

ပညာရေးစနစ် ပြုပြင်ပြောင်းလဲခြင်းနှင့်ပတ်သက်၍ တိုးတက်မှုအခြေအနေသည် အားရစရာမရှိပါ။ လက်ငင်းပစ္စုပ္ပန်အခြေအနေသည် ဆွေးနွေးပွဲ အဆင့်ကို ကျော်လွန်နေပြီး စိန်ခေါ်ပွဲ အဆင့်ဆီသို့ပင် ရောက်လု နီးပါး ဖြစ်နေပြီလို့ ပြောဆိုသူတွေလည်း ရှိလာခြင်းပါ။ ဒီလိုဆိုလျှင် ပညာရေးပြုပြင် ပြောင်းလဲရေးအတွက် ဘယ်သူတွေမှာ တာဝန်ရှိလာသလဲ။ မေးခွန်းတွေ များစွာတက်လာခြင်းပါ။ စိန်ခေါ်တဲ့သဘောတွေ ပါဝင်နေခြင်းပါ။

စိန်ခေါ်ခြင်းဆိုတဲ့ အဓိပ္ပါယ်ကို ပုံဖေါ်ရာတွင် ဒီနေရာမှာ လက်သီးလက်မောင်းတန်း၍ လမ်းတကာမှာ လှည့်လည်ပြီး ဆန္ဒပြခြင်းမျိုးကို ဆိုလိုရင်းမဟုတ်ပါ။ ပညာရေးမူဝါဒများအတွက် ဥပဒေရေးဆွဲပြီး ပြဋ္ဌာန်းပေး ထားတဲ့ ပညာရေးစနစ်ကို အမှန်တရားတစ်ခုအနေနှင့် လက်ခံထားခြင်းအတွက် လက်မခံနိုင်ပဲ ငြင်းဆိုခြင်းကို စိန်ခေါ်ခြင်းလို့ အဓိပ္ပါယ်သက်ရောက်စေခြင်းပါ။ (Challenge: to refuse to accept that something is right or legal:)

မြန်မာနိုင်ငံက ကျောင်းသူ ကျောင်းသားတွေ နိုင်ငံတကာအဆင့်မီ ပညာရပ်များကို သင်ကြားနိုင်ရေး အတွက် ကွာဟနေတဲ့ ပညာရေးစနစ်များကို ဦးစွာပထမ လေ့လာသင့်ခြင်းပါ။ လေ့လာကြည့်တဲ့အခါ တိုးတက်ပြီး၊ တိုးတက်ဆဲဖြစ်တဲ့ နိုင်ငံများမှာ အထက်တန်းပညာကို

(၁) ကွန်ပါဆရီ (compulsory) ပညာရေး မျိုးဖြစ်အောင် ဆောင်ရွက်ထားခြင်း၊

(၂) ဖရီး အက်ဒျူးကေးရှင်း (free education) ဖြစ်အောင် နိုင်ငံတော်မှ ပံ့ပိုးပေးထားခြင်း

(၃) နိုး ကျူရှင် (no tution) ကျူးရှင်မလိုတဲ့ ပညာရေးမျိုးဖြစ်အောင် ဆရာ ဆရာမများအား ထရိန်းနင်းများကို စနစ်တကျပေးထားခြင်းစတဲ့ အားသာအချက်များကို တွေ့ရှိရခြင်းပါ။

နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ခုက အခြေခံအထက်တန်းပညာရေးလယ်ဗယ်ကို (၁၂) တန်းအထိ (သို့မဟုတ်) အိုလယ်ဗယ်အထိ ပြဋ္ဌာန်းသတ်မှတ်ထားကြပြီး၊ အသက်ကိုလည်း (၁ဂ)နှစ်နှင့် အထက်တန်းပညာသင်နှစ်ကို ချိန်ကိုက်ပေးထားခြင်းပါ။ အထူးစဉ်းစားသင့်တဲ့ အချက်ပါ။

ယနေ့ မြန်မာနိုင်ငံ၌ ကျင့်သုံးနေသော ပညာရေးစနစ်သည် စေတနာအရင်းခံနှင့် ပြုပြင်ပြောင်းလဲ ထားတာ မျိုးဖြစ်သော်လည်း နိုင်ငံတော်နှင့်ပညာရေးစနစ် အံဝင်ဂွင်ကျ မရှိလှသေးပါ။ ပွင့်ပွင့်လင်းလင်း ဝေဖန်သုံး သပ်ပြရလျှင် ပြုပြင်ပြောင်းလဲမှုအပိုင်းး၌ ခြေတစ်လှမ်းတိုးတက်ခဲ့သည်ဟု ဆိုနိုင်သော်လည်း တိုးတက်သည့် အပိုင်း၌ နှေးကွေးနေဆဲပါ။ တိုးတက်မှုအတွက်ကိုမူ ကြိုဆိုပါ၏။

တိုးတက်မှုတစ်ခုဖြစ်တဲ့ အလယ်တန်းအဆင့်အထိ အခမဲ့ပညာရေးမျိုးဖြစ်အောင် ဥပဒေပြု၍ နိုင်ငံ တော်မှ ပြဋ္ဌာန်းပေးလိုက်နိုင်ခြင်းအတွက် ဂုဏ်ယူလို့မဆုံးပါ။ သို့သော် အလယ်တန်းပညာရေးအတွက် အခမဲ့ ပညာရေးမျိုးဖြစ်အောင် နိုင်ငံတော်မှ ပံ့ပိုးပေးနေသော်လည်း ပညာရေးမူဝါးများ၌ အားနည်းချက်တစ်ခု ပါဝင်နေ၍ အားမလိုအားမရ ဖြစ်နေမိခြင်းပါ။

အဘယ်ကြောင့်ဆိုသော် အလယ်တန်းပညာရေးစနစ်ကို တင်းတင်းကျပ်ကျပ် ပြဋ္ဌာန်းပေးတာမျိုး မဟုတ်ခဲ့၍ နိုင်ငံတော်တွင်းမှာ ကလေးအလုပ်သမားတွေက ရှိနေဆဲ၊ တောင်းရမ်းစားသောက်နေတဲ့  ကလေးငယ်များလည်း ရှိနေဆဲ၊ ကျောင်းနေရမည့်အရွယ်၌ ကျောင်းမတက်နိုင်တဲ့ ကလေးငယ်များလည်း များစွာရှိနေဆဲ စတဲ့ အခြေအနေများ ရှိနေဆဲဖြစ်သောကြောင့် နိုင်ငံတော်၏ အနာဂတ်ရည်မှန်းချက်များကို ပညာရေးစနစ်က မပံ့ပိုးနိုင်ပဲ ရှိနေခြင်းကို တွေ့မြင်နေရခြင်းပါ။ အဘယ့်ကြောင့် ဒီလို ဖြစ်နေရပါသနည်း။

အဓိကအကြောင်းရင်းက ပညာရေးစနစ်ကို မူချတဲ့အခါ ချသင့်ချထိုက်သော ပညာရေးမူဝါဒများ ပါဝင်ခြင်းမရှိသောကြောင့် ဖြစ်နေရခြင်းပါ။ ဥပမာ၊ နိုင်ငံတော်မှ ပညာရေးမူဝါဒကို ကွန်ပါဆရီ (မသင်မနေရ) ပညာရေးမျိုးဖြစ်အောင် မစွမ်းဆောင်နိုင်သောကြောင့် ဖြစ်နေရခြင်းပါ။ စင်္ကာပူနိုင်ငံတို့လို အမေရိကန်နိုင်ငံတို့လို နိုင်ငံမျိုး၌ ကျောင်းမတက်သောကလေးများ (သို့မဟုတ်) ကျောင်းပျက်ကွက်သောကလေးများ၏ မိဘများ (သို့မဟုတ်) အုပ်ထိန်းသူများကို ဒဏ်ငွေပေးဆောင်စေခြင်း (သို့မဟုတ်) ထောင်ဒဏ်များ ချမှတ်ပေးခြင်းမျိုးကို နိုင်ငံတော်မှ ပြုလုပ်ပေးထားသောကြောင့် ဆရာ၊ မိဘ၊ ကျောင်းသား ကျောင်းသူများသည် အချင်းချင်း အပြန်အလှန် စောင့်ရှောက်ထားခြင်းမျိုးဖြစ်၍ အချိုးညီတဲ့ သုံးချောင်းထောက်များပမာ ပညာရေးစနစ်ကြီး ခိုင်မြဲနေတာကို တွေ့မြင်နိုင်ခြင်းပါ။

မှတ်သားခဲ့ဖူးသည်မှာ စင်္ကာပူနိုင်ငံ၌ ကလေးကျောင်းမတက်ခြင်း၊ ကျောင်းပျက်ခြင်းရှိ၍ ဆရာ ဆရာမများမှ မိဘသို့ တိုင်ကြားရာတွင် မိဘဖက်မှ ပါဝင်ကူညီဆောင်ရွက်ပေးခြင်းကိစ္စကို ပျက်ကွက်နေခဲ့ မည်ဆိုလျှင် ထိုမိဘအား ထောင်ဒဏ်တစ်နှစ် (သို့မဟုတ်) ဒဏ်ငွေအဖြစ် စင်္ကာပူဒေါ်လာ ငါးထောင် ပေးဆောင်ရကြောင်း လေ့လာသိရှိရခြင်းပါ။

မြန်မာနိုင်ငံတွင် အချို့ကလေးငယ်များ ကျောင်းချိန်အတွင်း၌ စာသင်ခန်းများထဲတွင် မရှိပဲဖြစ်နေခြင်းမှာ စာနာခြင်း၊ ငဲ့ညှာခြင်း၊ ကြင်နာခြင်းဆိုသည့် ဗြဟ္မစိုရ်ဓာတ်များ အားကောင်းနေ၍ တိုင်းပြည် တိုးတက်ရေး အတွက် အင်နှင့်အားနှင့် ပြုနေချိန်မှာ အတားအဆီးများသဖွယ် ဖြစ်နေရခြင်းပါ။ ပညာတတ်ပေါများသော တိုင်းပြည်၊ ပညာတတ်နည်းပါးသော တိုင်းပြည်၊ ဘယ်တိုင်းပြည်မျိုးဖြစ်အောင် တိုင်းပြည်ခေါင်းဆောင်များသည် မြန်မာနိုင်ငံကို တည်ဆောက်ကြမည်နည်း။ အချိန်မနှောင်းခင် စဉ်းစားနိုင်ကြဖို့ပါ။

မြန်မာနိုင်ငံရှိ ပညာရေးစနစ်ကို ခေတ်စနစ်နှင့်အညီ ပြုပြင်ပြောင်းလဲနိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံ အသီးသီးမှ အစိုးရအဖွဲအစည်းများ၊ NGO အဖွဲ့အစည်းများသည် ပညာရေးအကူအညီများကို ပေးခဲ့ကြတယ်။ သင်ကြားနည်းစနစ်တွေကို ခေတ်စနစ်နှင့်အညီ ဆရာ ဆရာမများအား ထရိန်နင်းသင်တန်းများကို ပေးခဲ့ကြ တယ်။ ရံခါ အစိုးရအကူအညီဖြင့် ရံခါ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအကူညီဖြင့် တိုင်းပြည်အနှံ့ သင်ကြားပို့ချ ပေးခဲ့ကြတယ်။ သို့သော် ဆရာ ဆရာမများသည် သင်တန်းတွေသာ အကြိမ်ကြိမ် ပြီးသွားခဲ့ကြ တယ်။ ကျောင်းသား ကျောင်းသူများ၏ ပညာရေးအခြေခံများသည် အထူးတိုးတက် ကောင်းမွန်လာသည်ကို မတွေ့ရသေးပါ။ ဆရာ ဆရာမအများစု၏ သင်ကြားနည်းစနစ်တို့သည်လည်း ထူးထူးခြားခြား ပြောင်းလဲလာခြင်း မရှိသေးပါ။ ဘာကြောင့် ဒီလို ဖြစ်နေရသနည်း။

TCA (Teacher Centred Approach) သင်ကြားနည်းနှင့် CCA (Child Centred Approach) သင်ကြားနည်းစနစ်သည် မြန်မာနိုင်ငံ ပညာရေးလောက၌ ရှင်သန်လာခြင်းပါ။ ထိုစနစ်နှစ်ခုနှင့်ပတ်သက်၍ အားနည်းချက် အားသာချက်များကို ပညာရေးဆိုင်ရာပညာရှင်များက အခြေအတင် ဆွေးနွေးမှုများကို ရာစုနှစ်နီးပါး ပြုလုပ်ခဲ့ကြရခြင်းပါ။

ဆရာဗဟိုပြု သင်ကြားနည်းစနစ် TCA နှင့် ကလေးဗဟိုပြု သင်ကြားနည်းစနစ် CCA သင်ကြားနည်း နှစ်ခု၏ ခြားနားချက်များက – ဆရာဗဟိုပြု သင်ကြားနည်းစနစ် (TCA) သည် ဆရာက ကလေးကို နည်းလမ်း ပေးလျှက် ဆရာက စည်းရုံးပေးသူအဖြစ် (Organiser), သင်ယူမှုများ၊ လှုပ်ရှားမှုများကို ဖြစ်မြောက်အောင် ပံ့ပိုး ပေးသူ (Activity Facilitator), တည့်မတ် ထိန်းသိမ်းပေးသူ (Moderator) ထိန်းသိမ်း ပေးသူ လမ်းညွှန်ပေးသူ (Guide) အဖြစ် ပါဝင်ပေးလျှက် စနစ်ကျသော ဂိုက်လိုင်းများကို အခါအားလျှော်စွာ သင်ကြားပေးတဲ့ ဆရာအနေမျိုးနှင့် ဆရာကို ဗဟိုပြုထားတဲ့ သင်ကြားနည်းစနစ်ဖြစ်မျိုးပါ။

ကလေးဗဟိုပြု သင်ကြားနည်းစနစ် (TCA) ကတော့ ပညာသင်ကြားရာမှာ ဆရာကချည်း နေရာတကာ ဦးဆောင်ပေးနေတာမျိုးမဟုတ်ဘဲ ကလေးကို အခွင့်အလမ်းများပေးလျှက် ခရက်တီကယ် သင့်ကင်း (Critical thinking)လို့ခေါ်တဲ့ လွတ်လပ်စွာ စဉ်းစားတွေးခေါ်ခြင်းကို အားပေးအားမြောက်ပြုပေးခြင်း၊ ကလေးများရဲ့ လုပ်ဆောင်နိုင်စွမ်းကို အသိအမှတ်ပြုပေုးခြင်း၊ ချီးမွမ်းပေးခြင်း စသည်များကို ပြုလုပ်ပေးခြင်းဖြင့်  ကလေး များ၏ ပင်ကိုယ်စွမ်းရည်ကို တိုးမြှင့်ပေးတဲ့ ကလေးဗဟိုပြု သင်ကြားပေးတဲ့ နည်းစနစ်ဖြစ်တယ်။

ဘယ်စနစ်မျိုးမဆို ပါဖက် (perfect) ဖြစ်တဲ့စနစ်မျိုးဆိုတာ ဒီကမ္ဘာမှာ မရှိနိုင်တာမို့ ထိုစနှစ် (၂)ခုမှာ အားနည်းချက် အားသာချက်တွေ ပါဝင်နေခြင်းပါ။ ထိုကြောင့် ဆရာများရဲ့စွမ်းရည်နှင့် ကျောင်းသားများရဲ့ စွမ်းရည်ကို ဘက်မျှစွာ ကျင့်သုံးပေးနိုင်ခြင်းဖြင့် မဇ္ဈိမပဋိပဒါလို့ခေါ်တဲ့ အလယ်လမ်းစဉ်ဖြင့် မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို မြှင့်တင်ပေးနိုင်ကြဖို့ပါ။ ကြိုးစား၍ ပြုပြင်ပြောင်းလဲပေးကြပါလို့လည်း ပညာရေးဆိုင်ရာ ပုဂ္ဂိုလ်များအား ပြည်သူများကိုယ်စား တောင်းပန်စကား ပြောဆိုလိုက်ခြင်းပါ။

အရင်အပတ် (၇-၆-၂၀၁၄) က ဆယ်တန်းအောင်ဂေဇက်တွေ ထွက်ခဲ့တယ်။ တစ်နိုင်ငံလုံးရဲ့ (ဆယ် တန်း ဖြေဆိုသူ ၅၄၁၉၄၆ ဦးထဲက) အောင်ချက်ရာခိုင်နှုန်းဟာ (၃၁.၆၇)% ရာခိုင်နှုန်းပဲ ရှိတယ်။  အောင်ချက်ကလည်း အရင်နှစ်တွေလိုပဲ နည်းမြဲနည်းနေတာကို တွေ့ရတယ်။ သစ္စာစကားကို ပြောရမယ် ဆိုရင်တော့ မြန်မာနိုင်ငံပညာရေးအတွက် အတော်ကို စိတ်ပျက်မိတယ်။ စာသင်ချင်တဲ့စိတ်ရှိတဲ့  ကျောင်းသား ကျောင်းသူများရဲ့ စိတ်ဓာတ်တွေကို ရိုက်ချိုးပစ်တာမျိုး၊ ချို့ချို့ငဲ့ငဲ့နှင့် ကျောင်းထားပေးရတဲ့ ဆင်းရဲနွမ်းပါးတဲ့ မိဘများရဲ့ မျှော်လင့်ချက်တွေကိုလည်း ဖျက်ဆီးပစ်နေတာမျိုးလို ဖြစ်နေလေတော့ ဒီပညာရေးစနစ်ဟာ တစ်ခုခုတော့ မှားနေပြီလို့ ဆိုရမှာပဲ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။

ဒေါက်တာဓမ္မပိယ (ITBMU)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဝေဖန်ရေးရာ, ဒေါက်တာဓမ္မပီယ

One Response to ဒေါက်တာဓမ္မပိယ (ITBMU) – စိန်ခေါ်ကြမှာလား ဆွေးနွေးကြမှာလား

  1. catwoman on June 18, 2014 at 1:07 am

    dear sayadaw,
    can you use a different writing style. can you not end each sentence with ” par” ? I think if you write as if you re talking that will be more interesting

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်