မောင်ရစ် – ငယ်တော့ ဒီမိုကရက်၊ ကြီးတော့ ရီပတ်ဘလစ်ကင်

June 17, 2014

ငယ်တော့ ဒီမိုကရက်၊ ကြီးတော့ ရီပတ်ဘလစ်ကင်

မောင်ရစ်၊ ဇွန် ၁၇၊ ၂၀၁၄

(ဒီလထုတ် ရန်ကုန်က အတွေးအမြင်မဂ္ဂဇင်းမှ ကူးယူဖော်ပြါတယ်)

 

ဗမာပြည်မှာတုံးက ကြားဖူးတာက ငယ်တော့ ကွန်မြူနစ်၊ ကြီးတော့ အရင်းရှင်ဆိုလားပဲ။ လူငယ်ဘ၀က စွန့်စားလှုပ်ရှားခဲ့တုံးမှာ အဲဒီတုံးက ခေတ်စားတဲ့ ရဲရဲတောက်ကွန်မြူနစ် တော်လှန်ရေးသမားပေါ့ဗျာ။ အသက်ကြီးလာတော့ စည်းစိမ်ပစ္စည်းပြည့်စုံလို့ အငြိမ့်သားနဲ့ အရင်းရှင်ကြီးဖြစ်နေတယ်၊ ဖြစ်လာတယ်လို့ ပြောကြတာ ကြားဖူးပါတယ်။ တချို့လူတွေကိုတော့ ငယ်တုံးကတော့ သူပုန်၊ ကြီးတော့ မဆလကြီးဖြစ်နေတယ်လို့ ပြောတာမျိုးလည်း ရှိတယ်။ အဲဒီကို အမှီပြုပြီးတော့ ဒီစာကို ရေးပါတယ်။

၂၁ ရာစုရဲ့ အနောက်တိုင်းဒီမိုကရေစီသမိုင်းမှာ အခု ၂၀၀၈ အမေရိကန်သမ္မတရွေးကောက်ပွဲဟာဖြင့် အုတ်သြော်သောင်းနင်း အဖြစ်ဆုံးပါပဲ။ အမေရိကန်နိုင်ငံရေးစနစ်ရဲ့ ငြိမ်းချမ်းတဲ့ အာဏာလက်လွှဲပေးမှုကို ကမ္ဘာက သက်သေပြုကြရပါတယ်။ အာဏာရ ရှေးရိုးစွဲ ရီပတ်ဘလစ်ကင်ပါတီဟာ ခေတ်ရေစီးနောက်လိုက်တဲ့ ဒီမိုကရက်ပါတီလက်ထဲကို အစိုးရအဖွဲ့၊ ကွန်ဂရက်နဲ့ ဆီးနိတ်တခုလုံးနီးပါး ထိုးအပ်လိုက်ရပါတယ်။ အဆစ်အနေနဲ့ အကြွေးသံသရာလည်၊ မျက်ဖြူဆိုက်နေတဲ့ စီးပွားပျက်ကပ်ကြီးပါ လက်လွှဲပေးလိုက်တာ ဖြစ်ပါတယ်။

ရှေးရိုးစွဲ ရီပတ်ဘလစ်ကင်ဆိုတာ ဘယ်လိုမျိုးပါလိမ့်လို့ အစကတော့ မောင်ရစ်လည်း မသိပါဘူး။ သူတို့ခေတ်၊ သူတို့စနစ်ကို အာရှသားမျက်နှာမွဲ၊ အာဏာရှင်အောက်ပြားပြားမှောက်ခဲ့ရသူ မောင်ရစ်က ဘယ်လိုနည်းနဲ့မှ ဉာဏ်မမီကြောင်းပါ။ သို့သော်လည်း ဒီရာစုနှစ်အသစ်ရဲ့ ထူးခြားတဲ့ အမေရိကန်ရွေးကောက်ပွဲအပြောင်းအလဲကို နတ်ကရာ ကြည့်မောရင်း ၂ ပြားဖိုးလောက် ဉာဏ်အလင်းလေး ပွင့်ခွင့်ပေးတော်မူစေလိုပါတယ်။

ရီပတ်ဘလစ်ကင်ဆိုတာကို သိသာအောင် ပုံဆောင်ချင်ရင် ဆင်းသွားတဲ့ သမ္မတကြီး ဘွတ်ရှ်ကို ကြည့်ပါ။ အလွန်ထင်ရှားပါတယ်။ ချမ်းသာတယ် (မချမ်းသာရင်တောင်မှ သာမန်သူများထက် သာတယ်လို့ ထင်တယ်)။ ဆွေစဉ်မျိုးဆက် ဂုဏ်သိက္ခာကို ထိမ်းတယ်။ မှန်တယ်ထင်တာကို အတိုက်အခံကြားထဲက ရုပ်ရှင်ဇာတ်လိုက်များလို၊ သူရဲကောင်းကြီးများလို ဆောင်ရွက်တယ်။ မာန်မာနကြီးတယ်။ ဘာသာရေး အလွန်ကိုင်းရှိုင်းတယ်လို့ ကိုယ့်ကိုကိုယ် ထင်တယ်။ မိရိုးဖလာ ထုံးတမ်းအစဉ်အလာများကို ထမ်းသိမ်းတယ်။ အပြောင်းအလဲများတာ မကြိုက်ဘူး။ ပြိုင်ဘက်တွေ၊ အတိုက်အခံတွေဟာ အဲသည်တန်ဖိုး မသိသူတွေ၊ အဲသည်တန်ဖိုး မရှိသူတွေအဖြစ် ရာသက်ပန်သတ်မှတ်ပြီး စွပ်စွဲတယ်။ သူတို့သတ်မှတ်ထားတဲ့ အားနည်းသူတွေ၊ သားကောင်တွေ၊ မတရားအလုပ်ခံထားရသူတွေကို အလွန်သနားဂရုဏာထားပြီး ကယ်တင်စောင့်ရှောက်လေ့ရှိတယ်။ အဲသလိုမျိုးအထင်နဲ့ ဂုဏ်ယူတယ်။

အဲသည်လိုဆိုလိုက်တော့ သူတို့တွေဟာ ကြည်ညိုစရာကြီးတွေပေါ့နော်။ တဖက်က ဒီမိုကရက်ဆိုတာတွေဟာ သူတို့နဲ့ ဆန့်ကျင်ဖက်လို့များ တွေးလိုက်မယ်ဆိုရင်တော့ လားလား … ဘယ်လိုလူတွေများပါလိမ့်လို့ တွေးချင်စရာပါပဲ။

ဒီမိုကရက်တွေကတော့ ဟိုတလောက သမ္မတလုပ်နေရင်း တန်းလန်း လိင်ကိစ္စအရှုပ်တော်ပုံဖြစ်သွားတဲ့ ဟိုအယင်သမ္မတကြီး ကလင်တန်ကိုသာ ကြည့်ကြပေတော့လို့ ပြောရမလိုပါပဲ။ အေးဗျ။ ဒီမိုကရက်ဆိုတာကို ကြည့်ချင်ရင် ကလန်တန်တို့ ဇနီးမောင်နှံကို ကြည့်ပါ။ ဒုသမ္မတဟောင်း အယ်လ်ဂိုးကို ကြည့်ပါ။ လင်ကွန်း၊ ကနေဒီ ပြီးတော့ အိုဘားမားကို ကြည့်ပါလို့ ပြောရမယ် ထင်ပါတယ်။

ဒီမိုကရက်တွေက သူတို့ကိုယ်သူတို့ တိုးတက်တဲ့ အတွေးအခေါ်၊ လွတ်လပ်ပွင့်လင်းတဲ့ စိတ်နေသဘောထားရှိတယ်လို့ အထင်ရောက်ကြပါတယ်။ သာမန်မိသားစုတွေထဲက ရုန်းကန်ပြီး ရှေ့တန်းကို တက်လာလေ့ရှိတယ်။ သွေးနှောတာတို့၊ အပြောင်းအလဲများတာတို့၊ စိတ်ကူးယဉ်တာတို့၊ စမ်းသပ်စွန့်စားတာတို့ကိုလည်း လက်မနှေးပါဘူး။ မိသားစု၊ ဆွေမျိုးသားချင်းဘောင်ထက် ကျော်လွန်ပြီးတော့ လူမှုပတ်ဝန်းကျင်အရေးကိစ္စတွေကို အားနည်းသူ အများစုနဲ့ လက်တွဲပြီး လုပ်လေ့ရှိတယ်။ ဥပဒေဘောင် စည်းကမ်းဘောင်ထဲကနေ ပြည့်ပြည့်စုံစုံနဲ့ ပညာ၊ အာဏာ စတာတွေနဲ့လည်း ဆောင်ရွက်သလို လမ်းပေါ်ထွက်ပြီး ဆန္ဒပြတာ၊ လှုံဆော်တာ၊ လက်မှတ်ထိုးတာ ဒါမျိုးတွေလည်း လက်မနှေးပါဘူး။ ကျေးကျွန်ကိစ္စ၊ အမျိုးသမီးအခွင့်အရေး၊ အလုပ်သမားသမဂ္ဂ၊ ပတ်ဝန်းကျင်ထိမ်းသိမ်းရေး၊ လူမှုဖူလုံရေး၊ သတင်းစာ အနုပညာ လူတဦးချင်းစီရဲ့ လွတ်လပ်ခွင့် စတာတွေဟာ သူတို့တွေရဲ့ မှတ်တိုင်တွေပဲ ဖြစ်ပါတယ်။

မောင်ရစ်က အမေရိကန်အနောက်ခြမ်း၊ ဆန်ဖရန်စစ္စကိုဘေးဧရိယာလေးမှာ ကုတ်ကပ်နေရသူဆိုတော့ ဒီမိုကရက်တွေရဲ့ အားကောင်းတဲ့ ရိုက်ခတ်မှုကို ခံစားရတဲ့သူပါခင်ဗျ။ ရီပတ်ဘလစ်ကင်တွေ အီရတ်ကို စစ်တိုက်တော့ မြို့ထဲကလမ်းတွေပေါ်မှာ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ချိမ့်ချိမ့်သဲခဲ့တာပေါ့ခင်ဗျာ။ မြန်မာဘုန်းကြီးတွေကို မြန်မာစစ်သားတွေက နင်းချေချိန်မှာ ဆန်ဖရန်လမ်းမပေါ်မှာ သူတို့လူမျိုးတွေ သင်္ကန်းရောင်အ၀တ်စတွေပတ်ပြီး ဆဲဆိုကန့်ကွက်ခဲ့ကြတာပါပဲ။ တိဗက်တွေကို တရုတ်စစ်သားတွေ အနိုင်ထက်စီးနင်းတယ်လည်း ကြားရော ဆန်ဖရန်မှာ တိဗက်အလံတွေ မိုးလုံးပြည့်လို့ ၂၀၀၈ တရုတ်အိုလံပစ်ဆိုတာ ခေါင်းတောင် မဖော်ဝံ့ခဲ့ကြပါဘူး။ ပြည်ပက တရားမ၀င်အလုပ်သမားတွေ၊ ခိုးဝင်သူတွေကို ရီပတ်ဘလစ်ကင်တွေက အမေရိကန်ထမင်းအိုး ၀င်ခိုးနှိုက်သူတွေဆိုပြီး အိုးမဲသုတ်ဖို့ တင်ပြချိန်မှာ အဲသည်ဧည့်နိုင်ငံသားတွေ စည်းကမ်းမဲ့ ကားလျောက်မောင်းပြီး လူတွေ ထိခိုက်သေကျေမှာစိုးလို့ဆိုပြီး ယာယီ ကားမောင်းလိုင်စင်တောင် ထုတ်ပေးလိုက်သေးသဗျ။

ဆိုတော့ ဒီသဘောလောက် ပြောပြရရင်တော့ အဲဒီ ပါတီကြီး နှစ်ခုရဲ့ အဖြူအမဲ ကွဲပြားတာကို ရိပ်မိကြလောက်မယ် ထင်ပါတယ်။ နိုင်ငံရေးမျက်နှာစာမှာ သူတို့ ၂ ဦးဟာ ကိုယ်ဟာ အဖြူဆို သူက အမဲ … ငြင်းခုန် အနိုင်လုကြမြဲပါပဲ။ အိုဘားမားကလည်း သူတို့ရဲ့ ဒီမိုကရက်တွေရဲ့ အားနည်းချက်တခုဖြစ်တဲ့ မျိုးဆက်သစ်နဲ့ သက်လတ်တန်းတွေရဲ့ ဆန္ဒမဲမပေးဘဲ ဘေးထွက်ထိုင်၊ လမ်းပေါ်ထွက်အကျင့်ကို ဖြောင်းဖျစည်းရုံးပြီး မဲနိုင်အောင် စည်းရုံးခဲ့သူဆိုတော့ သူ့သမ္မတသက်တမ်းမှာ ပါတီ ၂ခု ဒွန်တွဲပြီး စီးပွားပျက်ကပ်က ရုန်းထွက်ကြဖို့ကို ဆက်လက် နှိုးဆော် တိုက်တွန်းဆောင်ရွက်နေပါတယ်။

သို့သော်လည်း တန်ဖိုးထားပုံချင်းနဲ့ အမူအကျင့်တွေ မတူကြတော့ လွယ်မယောင်နဲ့ ခက်၊ တိမ်မယောင်နဲ့ နက်လှပါတယ်။ ဒါကြောင့်လည်း သူရဲ့ စီးပွားပျက်ကပ် ကယ်ဆယ်ရေး စီမံချက်ကို အတည်ပြုနိုင်ရေးအတွက် လွှတ်တော် ၂ ရပ်လုံးမှာ ဆွေးနွေးငြင်းခုံနေကြချိန်၊ သမ္မတကြီးအိုဘားမားခင်ဗျာ လူတောထဲ၊ လမ်းပေါ်ထွက်ပြီး ပရိသတ်ကို ဆွဲဆောင်ပြီး လူထုအင်အားပြပွဲတွေ ဆင်နွှဲခဲ့ရတာကို မီးလာတဲ့အရပ်က သတင်းတီဗီလေးဘာလေး ကြည့်ကြတဲ့သူတွေ ရှုစားလိုက်ရမယ် ထင်ပါတယ်။

အခုလောက်ဆိုရင်ဖြင့် စာဖတ်သူ သူတော်ကောင်းပညာရှိကြီးတွေလည်း မိမိကိုယ်ကိုကိုယ် မိမိ – “ငါကတော့ ဘယ်ဘက် အားသန်သူပါကလား …” လို့ ကျိတ်ပြီး အမှတ်တွေ ပေးမိကြမယ် ထင်ပါရဲ့။ မောင်ရစ်တို့က လောလောဆယ် ဒီမှာ လူနည်းစုတွေထဲမှာ ပါတော့ “မင်နော်ရတီ” တွေဆိုတော့ ဟဲဟဲ ဒီမိုကရက်တွေဖက် ခပ်ယိုင်ယိုင်ကိုးခင်ဗျာ။ ကယ်လီဖိုးနီးယားပြည်နယ်ကြီးဆိုတာ ကုန်တွင်းပိုင်းက ခြေကြီး၊ လက်ကြီး၊ မျက်နှာကြီး ဖြူဖြူ၊ မည်းမည်းတို့ကလွဲရင် ညိုညို၊ ၀ါဝါတွေ ပေါလေတော့ အများစုက သူတို့ကိုယ်သူတို့ တိုးတက်တဲ့ အတွေးအခေါ်ရှိသူ၊ လွတ်လပ်ပွင့်လင်းတဲ့ စိတ်ထားရှိသူလို့ ယူဆကြလေ့ရှိပါတယ်။ လူနည်းစုအရေး ဒို့အရေး ဆိုပြီး လက်မနှေးကြပါဘူး။

အဲ … သို့သော်လည်း ခေါင်းစဉ်မှာ ပြောခဲ့သလို ငယ်တုံးကတော့ ဒီမိုကရက်ပါပဲ။ ကြီးတော့ ရီပတ်ဘလီကင် ဖြစ်ကုန်ကြတာကိုလည်း မေ့ထားလို့ မဖြစ်ကြောင်းကို တင်ပြလိုက်ပါရစေ။

ဥပမာတခုကတော့ ဒီလိုပါ။ အမေရိကကို ရွှေ့ပြောင်းလာကြသူတွေဟာ (တချို့ကို ပြောတာပါနော၊ စကားပလ္လင်ခံလိုက်ပါရဲ့) ကနဦးအစမှာ သူတို့ရဲ့ ဘ၀ရပ်တည်ရေး၊ စားဝတ်နေရေးနဲ့ ပညာရေးအတွက် မိမိမူလအစ မိသားစုထုံးတမ်းအစဉ်အလာတန်ဖိုးတွေကို မေ့ထားလို့ ရုန်းကြ၊ ကန်ကြ ရင်ဆိုင်ကြရပါတယ်တဲ့။ ကိုယ်ချင်းစာတဲ့ ဒီမိုကရက်အမေရိကန်တွေနဲ့ ကြမ်းတပြေးတည်း ထိုင်၊ ပြီးတော့ သနားဂရုဏာကြီးတဲ့ ရီပတ်ဘလီကင်တွေရဲ့ အထောက်အပံ့တွေကို မော့ပြီးတော့ ယူ၊ စိတ်ကူးတွေ ယဉ်ကြ၊ စွန့်စားကြ၊ လူရာမ၀င်တော့ လမ်းပေါ်က အော်ကြဟစ်ကြနဲ့ တွန်းရ တိုက်ကြရပါတယ် တဲ့။ လူနည်းစုအခွင့်အရေးတွေ သတ်မှတ်ထားလို့ အဲဒီကတဆင့် လှေကားတွေ တဆင့်ပြီး တဆင့်တက်ပြီး အမောဖြေနိုင်တဲ့ စင်လေးတစင်၊ နေရာလေးတနေရာ ရောက်လာကြလေ့ရှိပါတယ်တဲ့။ အဲဒီမှာမှ သူတို့တွေမှာ တိမ်မြုပ်နေတဲ့ ဇာတိမာန်တို့၊ အမျိုးသားစိတ်တို့၊ မိရိုးဖလာထုံးတမ်းအစဉ်အလာတန်ဖိုးတို့ ဆိုတာတွေက ငေါက်ခနဲ နှိုးထလို့ လက်ခမောင်း တဖြောင်းဖြောင်း ခတ်ကြတော့တာပါပဲ တဲ့။ အဲဒီမှာ သူတို့တတွေဟာ အိမ်ဦးခန်းက မြိန့်မြိန့်ကြီးထိုင်ပြီးသကာလ နောက်တက်လာတဲ့ မျက်နှာမွဲများ၊ ကျောမွဲများကို ကိုယ်ချင်းစာတရား မပွားများနိုင်ဘဲ အမျက်တော်များ ရှလို့ သနားဂရုဏာက တ၀က်၊ ဥပက္ခာစိတ်က တ၀က် ဖြစ်ကြရပါတယ်တဲ့။ အဲသည်မှာ သူတို့တွေဟာ ရှေးရိုးစွဲ သူရဲကောင်း၊ သူတော်ကောင်း၊ ဂုဏ်သိက္ခာရှင်ကြီးများလို အထင်ရောက်ပြီးတော့ ရီပတ်ဘလီကင်ဆန်သွားကြပါသတဲ့ကွယ်။

ဟဲဟဲ …။ သည်မိုး သည်မြေ သည်လူတွေနဲ့ ဒီဖက်ဒေသက ဒေသခံတွေနဲ့ စကားစပ်မိရင်း၊ မိမိပတ်ဝန်းကျင်ဒေသကို လေ့လာရင်း ပေါ်လာတဲ့ အတွေးအမြင်လေးကို ဝေငှလိုက်တာ ဖြစ်ပါတယ်။ သူချည်းပဲလားဟဲ့ … လို့တော့ မမေးလိုက်ပါနဲ့။ ဒီက နိုင်ငံရေးဟာသတခုကတော့ ရီပတ်ဘလစ်ကင်တွေဆီမှာ အဲသလို “တတိယအုပ်စု” ကြီး အပြုံလိုက်ရှိပါသတဲ့။ အမေရိကန် ရွေးကောက်ပွဲမှာ အိုဘားမား လူမည်းက ဟယ်လရီကလင်တန် မိန်းမကို ဖြတ်တက်လာတော့ ရီပတ်ဘလစ်ကင်တွေက “ဆာရာပေလင်” ဆိုတဲ့ မိန်းမနဲ့ တန်ပြန်ပါသတဲ့။ သူတို့လည်း ရှေးရိုးစွဲအဖိုးကြီးဘေးမှာ ဗိုင်းကောင်းကျောက်ဖိ မိန်းမကောင်း ရှိပါကြောင်းပေါ့။ အဲ သို့သော်လည်း ခွက်ခွက်လန် ရှုံးသွားပြန်တော့၊ ငါတို့ ရီပတ်ဘလစ်ကင်တွေ ဖောက်ထွက်တွေးမှ ဖြစ်တော့မကိုး ဆိုပြီး သူတို့ ရီပတ်ဘလီကင်ပါတီ ဥက္ကဋ္ဌကို လူမည်းတဦး ရွေးချယ် ခန့်အပ်လိုက်ပါသတဲ့။ ထို့အပြင် အိုဘားမားက ကွန်ဂရက်မှာ နိုင်ငံကို ဆင်းရဲတွင်းက ရုန်းထွက်နိုင်ရေး အားသစ်လောင်း မိန့်ခွန်းကြီး ပြောကြားလိုက်တောု့ ကာပြန်နိုင်ဖို့ဆိုပြီး ထုတ်သုံးလိုက်တာက လူဝီစီယားနားပြည်နယ်ဥက္ကဋ္ဌ အိန္ဒိယနွယ်သား ရီပတ်ဘလီကင် ခြေရည်တက်ကလေးပါ။ တနေ့ကတင် အော်စကာမှာ “ဆလန်းဒေါ့ မီလျံနာ” ကုလားကား ဆုတွေရသွားတာကို အခွင့်ကောင်းယူလိုက်တယ် ထင်ပါရဲ့လေ။

ဆိုတော့ … ပြောချင်တာက ငယ်တော့ ဒီမိုကရက်၊ ကြီးတော့ ရီပတ်ဘလီကင် ဖြစ်သွားတတ်တဲ့ သဘာဝကို ပြောချင်တာပါ။ ကျနော်တို့ အာရှသားတွေကလည်း သူများနိုင်ငံလာပြီးတော့ ဒီမိုကရေစီ၊ ဒီမိုကရေစီ ကုန်းအော်နေရင်းနဲ့ ဘယ်လိုမျိုး ဒီမိုကရေစီကို လိုချင်တာပါလိမ့်ဆိုတာကိုလည်း စဉ်းစားခန်းကလေး ၀င်စေချင်လို့ပါခင်ဗျ။ မြန်မာပြည်က ဗိုလ်သန်းရွှေ၊ စင်္ကာပူက ရာသက်ပန်ဝန်ကြီး လီကွမ်ယူနဲ့ တရုတ်ပြည်ကြီးက ခေါင်းဆောင်ကြီးများကလည်း သူတို့ပြည်သူကို ပေးထားတာပဲ မဟုတ်လား … စည်းကမ်းရှိတဲ့ ဒီမိုကရေစီ ဆိုတာလေ …။ အသက်တွေ ကြီးလာကြတဲ့အခါ အရင်ကလို ချစ်နိုင်ပါအုံးတော့မလား။ စဉ်းစားစရာ …


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အတွေးအမြင်, မောင်ရစ်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)