မောင်ရင်ငတေ – (ပီရေနေးတောင်တန်းပေါ်က စမ်းရေစီးသံ)

June 18, 2014

 

ငါ့ ရင်ထဲမှာ ဧရာဝတီ
(ပီရေနေးတောင်တန်းပေါ်က စမ်းရေစီးသံ)
မောင်ရင်ငတေ၊ ဇွန် ၁၈၊ ၂၀၁၄

မေခနဲ့မလိခ မြစ်ဆုံကို ဂူဂဲလ်မြေပုံမှာ ထင်ထင်ရှားရှား မြင်ရပုံ  (Photo Google)

ချစ်ရပါသော ဧရာဝတီရေ

မင်းလည်း ခုတလော မျိုးစောင့်မလား ဂိုးစောင့်မလား ပေါင်းမယ် ပြောင်းမယ် ပြင်မယ် ဖျက်မယ် နှစ်လုံးတွေ သုံးလုံးတွေ ဂဏန်းလုံးတွေ ကြားမှာ နစ်မျောရင်း မွန်းကြပ်လို့ နေမယ်ထင်တယ်၊

လက်မှတ်ထိုးပွဲတွေ ခြိမ့်ခြိမ့်သည်း ကျင့်ပသံတွေလည်း ကြားနေရတယ်၊

လက်မှတ်ထိုးပွဲတွေပြီးရင် လက်သီးထိုးပွဲတွေတော့ မဖြစ်လာပါစေနဲ့လို့ ဆုတောင်းမိပါတယ်၊

ဘယ်လိုဘဲဖြစ်ဖြစ် .….. အဲ ပြောရင်းဆိုရင်းနဲ့ ညကြီးသန်ခေါင် မြို့လယ်ခေါင် ထသောင်းကျန်းတဲ့ လူမိုက်ဂိုဏ်းတဂိုဏ်း အကြောင်းက ဟိုးလေးတကြော် ပေါ်လာပြန်ပကောကွ၊

ငါတို့ကတော့ နိုင်ငံပျောက်နေတဲ့ကောင်ဆိုတော့ သတင်းတွေ အတင်းတွေ နားထောင်ရုံပေါ့ကွာ၊ ဘာအဖွဲ့ ညာအဖွဲ့ဆိုတာတွေကိုလည်း ဘယ်သောအခါမှ ဝင်ထားတာ မဟုတ်ဘူးလေ၊ ကိုယ်ထင်ရာမြင်ရာလေးတွေကို အွန်လိုင်းပေါ်ဖေ့ဘုတ်ပေါ်မှာ ဖတ်မှတ်ရေးတာတော့ ရှိတာပေါ့၊

အဲဒီတော့ အားနေတဲ့အချိန် အစဉ်ပြေရင် ….. ရောက်ဖူးဖူး မရောက်ဖူးဖူး ခရီးသွားချင်တဲ့ ရောဂါကြောင့် ခရီးတွေတော့ သွားဖြစ်ပါတယ်၊

သွားဖြစ်တဲ့ ခရီးတွေမှာ တွေ့ခဲ့ကြုံခဲ့ရ တိုက်ဆိုင်မိခဲ့ရတာလေးတွေကို မင်းတို့ကို လွမ်းမိတာကြောင့် အလွမ်းပြေ အတိုအစ စာလေးတွေ ရေးမိရတာပေါ့၊

နေရတာက မြို့ကြီးပြကြီးရဲ့ ဆင်ခြေဖုန်းမှာ ဆိုတော့လည်း ရွာလေးတွေ တောတွေ တောင်တွေ မြစ်တွေ ချောင်းတွေ အနားရောက်ရင် စိတ်ချမ်းသာမိရတာပေါ့ကွာ၊ မဟုတ်လား၊ လူတိုင်း လူတိုင်းကတော့ တောတောင်ရေမြေ သဘာဝဆန်တာတွေကို ကြိုက်ကြတာပါကွာ၊

ဒါပေမယ့် ငါ့ဝမ်းပူဆာ မနေသာလို့ စားရေးသောက်ရေး နေရေးထိုင်ရေးတွက် လုပ်ကြကိုင်ကြရာက အဲဒီကနေ တဆင့်တက်ပြီး လိုအင်ဆန္ဒတွေက ပိုကဲလာလို့ သဘာဝကို သဘာဝမဆန်တော့အောင် သဘာဝပျက်စီးအောင် လုပ်လာကြတဲ့သူတွေ တချို့ရှိလာရတာပေါ့၊

အဲလို လူမျိုးတွေ ပိုများမလာအောင်တော့ လုပ်ရမှာ ပြောရမှာ မင်းတို့ ငါတို့မှာ တတ်နိုင်သလောက် တားစီးကြဖို့ တာဝန်ရှိကြတာပေါ့ကွာ၊

တောင်တန်းတွေပေါ်က စီးဆင်းလာတဲ့ စမ်းချောင်းလေးများ                           (ဓါတ်ပုံ မရငတ)

ငါ အခုတခေါက် ရောက်ခဲ့တာက ငါ ရောက်ခဲ့ဖူးတဲ့ နေရာတွေမှာ အထူးခြားဆုံး ဒေသလို့ ပြောရင် ရတယ်ကွ၊ Pyrenees Mountains ပီရေနေးဆိုတဲ့ တောင်တန်းပေါ့၊  ပြင်သစ်လို Pyrénées လို့ရေးပြီး စပိန်လိုတော့ Pirineos ကာတာလန်စကားနဲ့ဆိုရင် Pirineus လို့ ရေးတာကွ၊ ထူးခြားတာတွေကတော့ ….. ပြင်သစ်နဲ့ စပိန်ဆိုတဲ့ ဥရောပ နိုင်ငံကြီးနှစ်ခုကို ပိုင်းခြားထားတဲ့ တောင်တန်း၊ အတ္တလန်တစ်သမုဒ္ဒရာနဲ့ မြေထဲပင်လယ်ရဲ့ အလယ်မှာ ရှိနေတဲ့တောင်တန်း၊ တောင်တန်းရဲ့ အလယ်ခေါင် မကျတကျ တောင်ကြားတွေထဲမှာ အန်ဒိုရာဆိုတဲ့ နိုင်ငံလေးတနိုင်ငံ ရှိနေတာ၊ မင်းတို့ဆီက ချင်းပြည်နယ်မှာလိုဘဲ တတောင်ခြားသွားရင် စကားတွေ မတူတာမျိုးတွေ ၊ နောက်ပြီး တောင်ကျချောင်းလေးတွေ စမ်းချောင်းလေးတွေက စမ်းရေစီးသံတွေ ညံနေတဲ့နေရာ၊  အဲဒီ စမ်းရေစီးသံကတော့ ဘာ ညံနေသလဲ မမေးနဲ့ကွ၊ ငါ ရောက်သွားတဲ့ ညမှာ ပေါ့၊

ငါလည်း တော်တော်နဲ့ အိပ်မပျော်ဘူး၊ ငါနဲ့ အတူလာတဲ့ သူတွေကတော့ အခန်းတံခါးပိတ် တခူးခူး  တခေါခေါ ဖြစ်နေကြပြီပေါ့၊ ငါကတော့ ကွန်ပြူတာဖွင့် တနေကုန်ရိုက်လာခဲ့တဲ့ ဓါတ်ပုံတွေကူးထည့်၊ ဖေ့စ်ဘုတ်ခ်ဖွင့်ကြည့် ….. ပြီးတော့လည်း အိပ်လို့က မပျော်ဖြစ်တော့ …..
ပီရေနေးတောင်တန်းတွေကြား တည်းခိုရာအခန်းက မြင်ရတဲ့ လွမ်းစရာမြင်ကွင်း  (ဓါတ်ပုံ မရငတ)

ဒီတော့ ငါလည်း အိပ်မရတဲ့ အတူတူ မထူးဘူးဆိုပြီး ….. ငါတို့တည်းတဲ့ အိမ်ခန်းရဲ့ ဧည့်ခန်းကနေ ဝရံတာထွက်ထိုင် …..

အခွန်ကောက်တာမရှိတဲ့ နိုင်ငံဆိုတော့ ဈေးပေါပေါနဲ့ ဝယ်လာတဲ့ …..

နိုင်ငံခြားအရက် မက္ကစီကိုကလာတဲ့ Tequila တကီလာ အရက်ပုလင်းလေးဖွင့် …..

(တပုလင်းမှ ငါးယူရိုကျော်ပေးရတာ ဥရောပ ဘယ်နေရမှာမှ မရနိုင်တဲ့ဈေး နော့ … ပြောရင် ယုံမှာ မဟုတ်ဘူး၊ စီးကရက်ဈေးကလည်း တကာတွန်းမှ ယူရို ၃၀ ကျော်ကွ)

တပက်နှစ်ပက် သောက်ရင်း …..

စီးကရက်လေး မီးညှိ ရှိုက်ခါဖွာရင်း …..

စမ်းရေစီးသံတွေကို နားထောင်ရင်း …..

ညရဲ့အလှ ညရဲ့သဘာဝ (လသာည မဟုတ်ပေမယ့် လမ်းမီးရောင်တွေအောက်မှာ)

တောကြီးတောင်ကြီးရဲ့ လတ်ဆတ်တဲ့ အနံ့တွေ လေအေးအေးတွေကို ခံစားနေမိတာပေါ့ကွာ၊

အခန်းတံခါးတွေ ပိတ်ထားရင် အသံလုံနေလို့ ဘာမှ မကြားရပေမယ့်၊ ဝရံတာ ထွက်ထိုင်တော့ကွာ တိတ်ဆိတ်နေတဲ့ ပါတ်ဝန်းကျင် အမှောင်ထုကြားထဲမှာ အဲဒီ တောင်ကျချောင်းပေါ့ ချောင်းသာသာ မြစ်ဆီက ရေစီးသံတွေက တော်တော်ကို ကျယ်ကျယ်ကြားနေရတယ်ကွ၊

ငါလည်း အေးအေးနဲ့ ကွေးပြီး စမ်းရေစီးသံတွေကို စာသားမပါတဲ့ သီချင်းတပုဒ်လို နားထောင်နေမိ တာပေါ့ကွာ၊ Tequila တကီလာလေးလည်း တပက်နှစ်ပက်လောက် အချမ်းလုံရုံပေါ့၊ ဧရာဝတီရေ မင်းက ငါ့ကို ဇိမ်ခံတယ်လို့တော့ မစွပ်စွဲပါနဲ့ကွာ၊ ငါတို့ ဆင်းရဲသားတွေလည်း တခါတလေတော့ နှပ်ချင်တာပေါ့ နော့၊

မင်းကွာ သေချာ နားထောင် ကြည့်၊ အဲဒါတွေ ငါ အပိုပြောတာ မဟုတ်ဘူးနော်၊

အဲလို တိတ်ဆိတ် အချိန်မှာ  အဲလို စမ်းရေစီးသံတွေကို နားထောင်ကြည့်၊

ငါသာ ဗမာစာကို ကောင်းကောင်းရေးတတ်ခဲ့ရင် မြင့်မောင်မောင်တို့ ငြိမ်းကျော်တို့ မောင်သာရတို့  မင်းလူတို့ မောင်သာပြည့်တို့ ထိုင်ငိုသွားလောက်တယ်၊ တောင်တန်းတွေက လေးဖက်လေးတန် ကာရံထားတော့ ပြန်ရိုက်ခတ်လာတဲ့ အဲဒီ ရေစီးသံတွေက  တစတစ ညနက်လာလေ ပိုလို့ပိုလို့ ကျယ်လာလေ ထင်ရတယ်ကွ၊ နွေဦးရာသီဆိုတော့ အပူချိန်တွေ မြင့်တက်လာတာကြောင့် တောင်တန်းတွေပေါ်က ဆီးနှင်းတွေ

အရည်ပျော်ပြီးလာချိန် နှင်းပျော်ရေတွေ အဆက်မပြတ် စီးဆင်းချိန်ပေါ့၊ အဲလို ချောင်းသာသာမြောင်းသာသာ တောင်တန်းပေါ်က စမ်းရေတွေက မြင့်ရာကနိမ့်ရာကိုစီးဆင်း မြစ်ဆိုတာတွေနဲ့ ပေါင်းဆုံ နောက်ဆုံးတော့ ပင်လယ်တွေ သမုဒ္ဒရာတွေနဲ့ ပေါင်းဆုံပေါ့ကွာ၊ သဘာဝပေါ့၊ သဘာဝတွေရဲ့ အစနေရာမှာ အဲဒီ သဘာဝကို တွေးရင်း တွေရင်းနဲ့ပေါ့၊

နောက်တော့ ငါလည်း မခံစားနိုင်တော့တာနဲ့ ….. အိပ်ချင်တာလည်း ပါတာပေါ့ကွာ …..

လက်ကျန် ဖန်ခွက်ကိုမော့ အိပ်ရတော့တာပေါ့၊ ဒါတောင်မှ အိပ်မက်ထဲမှာ ပါလာသေးတယ် နော်၊

အချစ်အကြောင်းတွေတော့ မဟုတ်ပါဘူး၊ စမ်းရေစီးသံတွေကြားမှာ ပေါ်လာတဲ့အသံတွေပေါ့၊

တမလွန်ဘဝက ငါ့ရဲ့အဖေနဲ့ ငါ့သူငယ်ချင်းတချို့ရဲ့ အသံတွေပေါ့၊ ငြိမ်းချမ်းသာယာတဲ့ ….. အချိန်နဲ့ နေရာမှာ အိပ်မက်မက်တော့ သူတို့တွေရဲ့ အသံတွေကလည်း ငြိမ်းချမ်းသာယာသံတွေပါ၊
 

Pirineus (ca) Pirineos (es) Pyrénées (fr)                                           (Photo Google)

အဲဒီ ငါအခုရောက်နေတဲ့ ပီရေနေးဆိုတဲ့တောင်တန်းက ပျမ်းမျှခြင်း အမြင့်ပေက ငါးထောင်လောက် ရှိမယ်ထင်တယ်၊  အမြင့်ဆုံတောင်ဆိုတဲ့ Pic d’Aneto (Pico Aneto) တောင်ကတော့ အမြင့်ပေ တသောင်းတထောင်ကျော် ရှိတယ်တဲ့၊  မင်းရဲ့ အချစ်ဆုံးသော ရောင်းရင်းကြီး ခါကာဘိုရာဇီထက် တဝက်နီးပါးလောက် နိမ့်တာပေါ့ကွာ၊  ခါကာဘိုရာဇီက ပေ တသောင်းကိုးထောင်ကျော် မြင့်တယ် ဆိုကြတယ်မှလား၊ အဲဒီ ပီရေနေးတောင်တန်းကြီးက အနောက်ဘက်ဆုံး Cabo Higuer (Cape Higuer) အငူကနေ အရှေ့ဘက်ဆုံး Cabo de Creus (Cap de Creus) အငူထိကို ကားလမ်းအတိုင်း သွားရင်တော့  ကီလိုမီတာ လေးရာကျော် ငါးရာနီးပါးလောက် ရှိမှာပေါ့၊ အဖြောင့်တိုင်းရင်တော့ ၃၀၅ ကီလိုမီတာ

ရှိတယ်ဆိုဘဲ၊ အဲဒီလို အတိုင်းအထွာတွေက တိတိကျကျတော့ ဘယ်လိုမှ ပြောလို့ မဖြစ်နိုင်ဘူးလို့  ငါထင်မိတယ်၊  မင်းတို့နေတဲ့ ရွှေပြည်တော်ကြီးနဲ့ ငါရောက်နေတဲ့ ပြင်သစ်ပြည်ရဲ့ အကွားအဝေးကို အီဖယ်မျှော်စင်  ပေါ်မှာ ရေးထားတာရှိတယ်၊ ငါတို့ရောက်ခါစ လေးငါးနှစ်ကတော့ ကီလိုမီတာ ၈၈၉၈ ကွာဝေးတယ်  ဆိုပြီး ရေးထားတယ်၊ ၂၀၁၁ ခုနှစ် နောက်ပိုင်းမှာ ငါသတိထားလိုက်မိတဲ့ အချိန်မှာတော့ အလံပုံက  ပြောင်းသွားသလို အကွာအဝေးလည်း ၈၉၉၈ ကီလိုမီတာ ဖြစ်သွားတယ်ကွာ၊ ဘယ်လိုမျိုး ကရိယာ  တွေနဲ့များ တိုင်းကြတာကြသလဲတော့ ငါလည်းမသိဘူးကွာ၊

အဲဒါ ငါတခါ မိုးမခမှာ ရေးဘူးတယ်ကွ၊ နှစ် ၈၅၀ ပြည့် နော့ထ်ရ်ဒမ်ဘုရားကျောင်း ခေါင်းစဉ်နဲ့ပေါ့၊  ရော့ အဲဒီမှာ http://moemaka.com/archives/30185  မင်းဖတ်ကြည့်ပါအုံး၊

နှင်းပျော်ရေအေးတို့ စီးဆင်းလာပြီးနောက်                                                (ဓါတ်ပုံ မရငတ)

အဲဒီ ပီရေနေးတောင်တန်းတွေပေါ် ငါရောက်သွားခဲ့တာ နွေဦးရာသီဆိုတော့ နှင်းများများတော့ မရှိတော့ဘူးပေါ့၊ အပင်တွေကတော့ စိမ်းလန်းစိုပြေတဲ့ အရွက်တွေ အဖူးတွေ အပွင့်တွေနဲ့ပေါ့၊  နှင်းခဲတွေ ပျော်ရာကနေ တိုးခွေ့ စီးဆင်းလာတဲ့ စမ်းရေတွေကတော့ နေရာအနှံ့ အများအပြားမှာ

မြောင်းသာသာ ချောင်းသာသာ ပုံစံမျိုးလေးတွေ တွေ့ရတာပေါ့ကွာ၊

နွေဦးရာသီ နှင်းပျော်ရေတို့ ဒလဟော စီးဆင်းနေတဲ့ မြောင်းသေးသေးကစ         (ဓါတ်ပုံ မရငတ)

တောင်ပေါ်ကနေ မြင့်ရာက နိမ့်ရာကို သူ့လမ်းသူရှာပြီး စီးဆင်းလာတဲ့ နှင်းပျော်ရေအေးတွေဟာ တခုနဲ့တခု ပေါင်းတွေ့ဆုံခဲ့ပြီးနောက် မြောင်းသေးသေး ချောင်းသေးသေးလေးတွေ ဖြစ်လာတာပေါ့၊  နောက်တော့ သူတို့ အန်ဒိုရာ အနေနဲ့တော့ မြစ်ပေါ့၊ Gran Valira ဆိုတဲ့ မြစ်ကြီးမဟာပေါ့ကွာ။  တကယ်ကတော့ အန်ဒိုရာမြို့တော်ကို ဖြတ်သန်းစီးဆင်းသွားတဲ့ မြစ်ပိစိလေးပါ၊  တကယ့်ကို မြစ်ပိစိလေးပါကွာ၊ ဟိုဘက်ကမ်း ဒီဘက်ကမ်း ခဲတပစ်တောင် မရှိတတ်ပါဘူး၊  နွေရာသီဆိုတော့ နှင်းပျော်ရေတွေ တော်တော်များများ ရေစီးသံ ခပ်ကြမ်းကြမ်းနဲ့ စီးတယ်ပေါ့၊

ငါတို့ မင်းတို့ဆီက ရွှေစက်တော်က မန်းချောင်းလို ရေကကြည်လင်ပြီး ရေအောက်က ကျောက်တုံး လေးတွေကိုပါ မြင်နေရတာမျိုးကွ၊ မြစ်ဆိုပြီး မော်တော်လေးတွေ လှေကလေးတွေ သွားဖို့မပြောနဲ့ စက္ကူလှေလောက်တောင်မှ သွားလို့မှ ရပါ့မလားဘဲ၊  မင်းသေချာ စဉ်းစားကြည့်လေကွာ၊ ဒီလိုနိုင်ငံပိစိလေးက မြစ်ပိစိလေးကို သူတို့က ဒီလိုထားတာကွ၊ ဒီလိုထားတယ်ဆိုလို့ တခမ်းတနားလား ဆိုတော့လည်း မဟုတ်ဘူးကွ၊

သူတို့ဟာသူတို့ သက်ဆိုင်ရာ တာဝန်ခံသူတွေက လုပ်ရိုးလုပ်စဉ်အတိုင်း ထိမ်းထိမ်းသိမ်းသိမ်း  စောင့်ရှောက်ထားတာမျိုးပါ၊ တကူးတကကြီး ဘာလုပ်ရမယ် ညာလုပ်ရမယ် မဟုတ်ဘူး၊ လုပ်စရာရှိတာကို လုပ်သင့်သလောက် တာဝန်ခံသူက လုပ်သွားတာပါကွာ၊ အကျယ် ခဲတပစ်သာ မကသေးဘူး၊ အရှည်ကလည်း မိုင်နှစ်ဆယ်ကျော်ကျော်သာ ရှည်တာလေ၊  အဲဒါကို ငါကမင်းတို့နဲ့ နှိုင်းယှဉ်ပြချင်တာ၊ သူတို့က သူတို့ပိုင်ဆိုင်တဲ့ အဲဒီမြစ်ပိစိလေးကို အရေးထား တတ်ကြပုံ မြစ်ပိစိလေးကို သူတို့ တန်ဖိုးထား တတ်ကြပုံတွေကိုပေါ့၊

မြောင်းသေးသေးနဲ့ ချောင်းသေးသေး ဆုံဆည်းပြီးနောက်                             (ဓါတ်ပုံ မရငတ)

မင်းရဲ့ အတိုင်းအတာနဲ့ ဆိုရင်တော့ စဉ်းစားသာ ကြည့်ကြရောပေါ့၊ မင်းက အရှည် ၂၁၇၀ ကီလိုမီတာ မိုင်နဲ့ဆိုရင် ၁၃၄၈ မိုင် ရှည်တယ်လို့ ရေးကြတယ်လေ၊ မင်းရဲ့အကျယ်ကလည်း မြစ်ကြီးနားနားမှာတင် ကိုက်ငါးရာလောက် ကျယ်နေပြီလို့ ဆိုကြတယ်၊ ဗန်းမော်မြို့နားရောက်လာတော့ မင်းရဲ့အကျယ်က နှစ်မိုင်နီးပါ ကျယ်လာတယ်လို့ ရေးထားတာကို  ငါ ဖတ်ဖူးတယ်၊ (မြစ်တမြစ်ရဲ့ အကျယ်က ဘယ်လောက် အတိုင်းအတာထိ ကျယ်သင့်သလဲ အဲဒါ  ငါ သိချင်မိတာပါ၊) ဗန်းမော်အနီး ဆင်ဘိုရွာမှာရှိတဲ့ ပထမမြစ်ကျဉ်းက ကိုက်ငါးဆယ်ဘဲ ကျယ်တာ၊ မင်းရဲ့ အကျဉ်းဆုံးသော နေရာလို့ ပြောကြတယ်၊ မင်းရဲ့ မြစ်ကျဉ်းသုံးခုက မြစ်ကြီးနားနဲ့ ရွှေဘိုမြို့ ကြားမှာရှိတာနော်၊  စတုတ္ထမြစ်ကျဉ်းကတော့ ငါ ခဏခဏ ရောက်ခဲ့ဖူးတဲ့ ပြည်မြို့နားမှာပေါ့ကွာ၊

ငါတို့ရဲ့ သမိုင်းမှာ မင်းနဲ့ မပတ်သက်ခဲ့သူ ရာဇဝင်ထဲက ဘုရင်တွေကော …..

ငါတို့လို သာမန်ကောင်တွေရောပေါ့ ….. ဘယ်သူတွေများ ရှိခဲ့လို့လဲ၊

ငါတို့ ရွှေပြည်တော်သားတွေရဲ့ ၆၀ ရာခိုင်နှုန်းကျော်က မင်းနဲ့ ပတ်သက်ခဲ့တဲ့သူတွေ မဟုတ်လား၊ မင်းရဲ့ ရေကိုသောက် မင်းရဲ့ရေကိုချိုး မင်းနဲ့ ခရီးတွေ သွားခဲ့ကြသူတွေချည်းပါ၊

 

 ဤကဲ့သို့သော မြို့ရွာနဘေးက စမ်းချောင်းလေးများ                                 (ဓါတ်ပုံ မရငတ)

 ဤကဲ့သို့သော မြို့အလယ်ခေါင်က စမ်းချောင်းလေးများ                            (ဓါတ်ပုံ မရငတ)

 ဤကဲ့သို့သော တောထဲတောင်ထဲက မြစ်ခပ်သေးသေးများ များစွာ များစွာ         (ဓါတ်ပုံ မရငတ)

သူတို့တောင်မှ သူတို့ မြစ်ပိစိလေးကို ဒီလို တန်ဘိုးထားတတ်ကြရင် ….. ငါတို့က ငါတို့ရဲ့ ချစ်လှစွာသော မင်းကို ဘယ်လိုမျိုး ဘယ်လောက်နဲ့ တန်ဘိုးဖြတ်နိုင်မှာလဲ၊  အေးကွာ ဒါပေမယ့် ….. ကွာ ….. ဧရာဝတီရေ ….. မင်းတို့ ချင်းတွင်းတို့ကို မပြောနဲ့ မေခတို့ မလိခတို့ကို ထည့်မပြောနဲ့ကွာ၊  တခြားလူမသိသူမသိ ဒေသခံတွေလောက်သာသိကြတဲ့ တန်ဖိုးဖြတ် မရနိုင်တဲ့ ချောင်းကလေးတွေ မြောင်းကလေးတွေ အများကြီး ရှိနေတာကွ၊ ရေနံချောင်းက ငါ့ရဲ့ညီမဝမ်းကွဲတော်တယောက် ကယားပြည်နယ်ကို အလုပ်ကိစ္စနဲ့ ရောက်နေတုန်း  အမှတ်တရ ငါ့ဆီကို ဖေ့စ်ဘွတ်ခ်ကတဆင့် ဟိုတလောက ပို့လာတာ၊ ဓါတ်ပုံတပုံ၊  “ ပွန်ချောင်း ” တဲ့၊ ဘော်လခဲမြို့နားမှာ ရိုက်ထားတာတဲ့၊ ဂူဂဲလ်မြေပုံမှာတော့ ပွန်ချောင်းကို Nam Pawn River လို့ အမည်ရေးထားတာ တွေ့တယ်ကွ၊  ရှမ်းပြည်မှာ မြစ်ဖျားခံ ဘော်လခဲမြို့ကို ဖြတ်သန်းပြီး ဖားဆောင်းမြို့နားမှာ သံလွင်နဲ့ ပေါင်းဆုံတဲ့  ချောင်းတချောင်း သို့မဟုတ် မြစ်ကလေးတမြစ် ပေါ့ကွာ၊ ငါ့လို ကြားတောင်မှ မကြားဘူးသူတွေ များပြားလှမယ်လို့ ထင်တယ်၊ မိုင် ဘယ်လောက်ရှည်တာလည်း ဆိုတာကတော့ ထုံးစံအတိုင်းရှာလို့ မလွယ်ဘူးပေါ့၊ ငါ့စိတ်ထင် ဂူဂဲလ်မြေပုံအရဆိုရင် တောင်ကြီး လွိုင်လင် ကားလမ်းပေါ်က မိုင်းပွန်မြို့နားကနေ  ဖားဆောင်းထိ စီးဆင်းလာတာ တွေ့ရလို့ မိုင် ၂၀၀ ဝန်းကျင်တော့ ရှည်မယ် ထင်တာဘဲ၊

မိုင်ပွန်မြို့အမည်နဲ့ ပွန်ချောင်အမည်ကို ဆက်စပ် ယူလို့ ရမလား မသိဘူး၊ အဲဒါ ငါ့ဖာသာ ယူဆ ပြောတာနော်၊ တချို့ မြို့သမိုင်းတွေ ဖတ်ရရင် အဲလို ပါတာ များလွန်းလို့လေ၊

အင်္ဂလိပ်မှတ်တမ်း အတိုအစတွေမှာတော့ “ပွန်” စမ်းချောင်းပေါ့ ကီလိုမီတာ ၃၀ လောက်ရှည်တယ် ဆိုပြီးရေးတာတော့တွေ့တယ်၊ အဲဒီ ပွန်ချောင်း ဟုတ်မဟုတ်၊ နောက် ပွန်ချောင်း ခပ်သေးသေးလား သေချာ မသေချာ မသိဘူးကွာ၊  ဂူဂဲလ်မြေပုံမှာတော့ ငါရှာတွေ့တာက Nam Pawn အမည်နဲ့ ပွန်ချောင်း နှစ်ချောင်း ဘော်လခဲမြို့ရဲ့ အောက်နားမှာ လာဆုံ နေတာကိုလည်း တွေ့မိသေးတယ်ကွ၊
  ဘော်လခဲမြို့ကို ဖြတ်သန်းသွားတဲ့ ပွန်ချောင်း                             (Photo Candle Light YNG)

အဲဒါ ကယားပြည်နယ်မှာရှိတဲ့ မထင်ရှားလှတဲ့ ချောင်းလေးတချောင်းနော်၊ အဲဒီ ချောင်းသာသာ မြစ်ကလေးမှာရော ဘာတွေဖြစ်နေလဲ၊ ဟိုပိတ် ဒီဆည် သဘာဝဆန်တာတွေ  ဘယ်လောက်များ ပျက်စီးနေပြီးခဲ့ပြီလဲ၊ ဒါကို လူတွေ ဘယ်လောက် သိကြသလဲ၊ လူအများစုက နာမည်ကြီးတဲ့ မြစ်ဆုံလောက်ကို အားသန်နေကြတာကိုး၊  ငါတို့ဆီမှာ သဘာဝက အလကားရထားတဲ့ အဲလို တန်ဘိုးထားစရာတွေ များလွန်းလှလို့လားတော့

မသိပါဘူးကွာ၊ အခြေခံ အချက်အလက်တွေတောင်မှ မှတ်တမ်းမှတ်ရာ နည်းပါးလွန်းသကွာ၊  နောက်ပြီးတော့ သူတို့လို သူတို့ရဲ့ပိစိမြစ်ကလေးကို သပ်သပ်ရပ်ရပ် သေသေသပ်သပ် ထိမ်းသိမ်း ထားတာမျိုး မှတ်တမ်းတင်ထားတာမျိုးတွေကို ငါတို့ဆီမှာ မတွေ့ရတာကို အားမရတာကွ၊

မင်းရဲ့ N’Mai Hka လို့ ခေါ်ကြတဲ့ မေခနဲ့ မလိခတို့ကော ဘယ်လောက်ရှည်သလဲ မင်းသိလား၊

မလိခကတော့ အရှည် ကီလိုမီတာ ၃၀၀ ကျော်ရှည်တယ်လို့ ဖတ်ရတယ်၊ မေခရဲ့အရှည်ကိုလည်း ခန့်မှန်းခြေ သိချင်လို့ ရှာတာ မတွေ့သေးရဘူးကွာ၊ မင်းများသိရင် ပြောပါအုံး၊  မြစ်တမြစ် ချောင်းတချောင်းရဲ့ အရှည် အကျယ် ဘယ်ကစလို့ ဘယ်မှာဆုံးတယ် ဆိုတာမျိုးထက်

မြစ်တမြစ် ချောင်းတချောင်းရဲ့ အမည် စာလုံးပေါင်းတွေကိုသာ ပိုအလေးထား နေကြသလိုပါဘဲ၊  မင်းရဲ့ နာမည်ကိုလည်း စာလုံးတွေ ပေါင်းကြတာ Irrawaddy လို့ပေါင်းပေါင်း Ayeyarwaddy လို့  ပေါင်းပေါင်း ဘယ်လိုဖြစ်ဖြစ် ပေါင်းချင်သလိုသာပေါင်း သင်္သကရိုက်ဘာသာက ဆင်းလာ ဆင်းလာ ဒီကနေ့ အနီးစပ်ဆုံး အသံထွက်နေကြတာက “ဧရာဝတီ” ဆိုတဲ့ အသံသာ ထွက်လာမှာပါ၊  အသံထွက်နဲ့ စာလုံးပေါင်း ဆိုတာတွေက သူ့ဒေသ သူ့အသံတွေနဲ့ ပေါင်းကြ ထွက်ကြတာမျိုးလို့ ငါ  ထင်တယ်ကွာ၊ သန်ရာသန်ရာပေါ့၊ အဲဒီအတွက် အငြင်းပွားနေလို့ အကျိုးမထူးပါဘူး၊

အဲဒါတွေ ထားပါတော့ကွာ၊ မင်းရဲ့ အသက်ကလည်း နှစ် သန်းပေါင်း လေးဆယ်လောက်ရှိပြီလို့  ရေးကြတာကို တနေရာမှာ ဖတ်လိုက်ရတယ်၊

ဒါပေမယ့် ငါ့ရဲ့ မျက်လုံးတွေထဲမှာတော့ မင်းဟာ နုပျိုနေဆဲ တက်ကြွနေဆဲ လန်းဆန်းနေဆဲပါကွာ၊ မင်းကို ဒီလောက် ဖျက်လိုဖျက်စီး လုပ်ခဲ့ကြသူတွေ များလှတာတောင်မှ မင်းဟာ အမြဲတမ်း ….. ငါ ငယ်ငယ်က မြင်တွေ့ခဲ့ရတဲ့ ပုံရိပ်တွေအတိုင်း မပြောင်းလဲသေးဘူး ထင်မိတယ်၊

ကိုယ့် ငါးချဉ်ကို ကိုယ်ကိုယ်တိုင် ချဉ်ရတာပေါ့၊ ဒါ အပြစ်တော့ မဟုတ်ပါဘူး နော့၊

ငါ မင်းကို ကောင်းကောင်း မှတ်မိတာကတော့ ငါ မွေးခါစ ကတဲကပေါ့ကွာ၊ ဟင်္သာတ မှာပေါ့၊

ဟင်္သာတဆိုတာ မင်းရဲ့ အနောက်ဘက်ကမ်းပေါ်မှာ တည်ထားတဲ့ မြို့ပေါ့ကွာ၊ မြစ်ဝကျွန်းပေါ်ရဲ့ ထိပ်ဆုံးက မြို့ မဟုတ်လား၊ နှစ်စဉ်လို ရေကြီးတဲ့ မြို့ မဟုတ်လား၊ ရေကြီးရင် တာတွေ ကျိုးနေကြပေါ့၊ ငါ မှတ်မိတာက ငါ မွေးခဲ့တဲ့လမ်းမှာ အိမ်တွေ အများစုက   ခြေတန်ရှည်အိမ်တွေ ဆိုတာရယ်၊ ရေကြီးပြီဆိုရင် လှေကလေးတွေနဲ့ သွားခဲ့ကြရတယ်ဆိုတာရယ် နောက်တော့ မြစ်ကမ်းနဲ့ဝေးရာ တာရဲ့ အတွင်းပိုင်း ပြောင်းပြီးနေခဲ့တော့လည်း မိုးတွင်းမှာ လှေစီးရ လောက်အောင် ရေမကြီးတော့ပေမယ့် အိမ်ရှေ့ ကွက်လပ်ပြင်ကျယ်မှာ ရေတွေနဲ့အတူ ပါလာတဲ့  ငါးလေးတွေ တော်တော်များများ ဖမ်းမိတာတွေကိုပါကွာ၊ နောက်တခုက ….. အဲဒီမြို့မှာ ငါငယ်ငယ်က နေခဲ့စဉ်တုန်းက ရန်ကုန်ကို သွားမယ်ဆိုရင် အခုခေတ်လို ကားလမ်းတွေ  မပေါက်သေးဘူးကွ၊ မြစ်ကြောင်းက သွားမယ်ဆိုရင်လည်း ဝေးတယ် ကြာတယ်၊  မီးရထားလမ်းကလည်း ဟင်္သာတ မြန်အောင် ကြံခင်းလမ်းက ရန်ကုန် မရောက်ဘူးလေ၊ အဲဒီတော့  မြစ်တဘက်ကမ်းကိုကူး သာရဝေါ ဆိုတာရှိတယ်၊ မြို့ရယ်လို့တော့ မဟုတ်ဘူး၊ တောရွာသာသာပါ၊ မြစ်ထဲကနေ မတ်ဆောက်ဆောက် ကမ်းနဖူးပေါ် တက်လိုက်ရင် ဘူတာရုံ မရှိတဲ့ ရထားလမ်းကို  ရောက်ရော၊ အဲဒီ သာရဝေါဘူတာကနေ လက်ပံတန်းဘူတာကို လော်ကယ်ရထား ရှိတယ်၊  ကျောက်မီးသွေး ခေါင်းတွဲနဲ့ မောင်းတာ၊ အခုခေတ် ဒီ ဥရောပမှာ ပိုက်ဆံချမ်းသာတဲ့ တိုးလ်ရစ်တွေ  ဇိမ်ခံထွက်တဲ့ ဈေးကြီးကြီး Orient-Express ရထားတွေမျိုးပေါ့ကွာ၊ ခေါင်းတွဲကို ပြောတာပါ၊ ရထားက ဈေးကြီးပေးရသလို (တယောက်ကို ရထားခ ယူရိုငွေနှစ်ထောင်ကနေ သုံးလေးထောင်ထိ  ပေးစီးရတာပါ) လူစီးတွဲတွေကတော့ ဇိမ်ခံနိုင်အောင် ပြင်ဆင်ထားတာပေါ့၊

ကဲ ထားပါကွာ၊ ငါပြန်ပြောချင်တာက ငါတို့ ဟင်္သာတ ဆိပ်ကမ်းကနေ သာရဝေါကို သွားရပုံကိုပါ၊  မိုးတွင်းအခါဆိုရင် မြစ်ရေက ရေတက်ပြီး ပြည့်လျှံနေတတ်တော့ ဟိုဘက်ကမ်း ဒီဘက်ကမ်းက  ပင်လယ်ပြင်လိုပါဘဲ တကျယ်တပြောကြီးပေါ့၊  နွေရာသီ အခါကျပြန်ရင်တော့ ရေမရှိတော့လို့ ပေါ်လာတဲ့ သောင်ပြင်က တမျှော်တခေါ်ကြီးပေါ့၊ နေပူပူ သောင်ပြင်ပူပူမှာ လမ်းလျှောက်ရတာလည်းရှိ နွားလှည်းစီးရတဲ့ အခါလည်းရှိပေါ့၊

သာရဝေါဆိပ်ကမ်း ၂၀၀၉                                                                 (Photo Google)

အဲလိုမျိုးနဲ့ သောင်ပြင်ကြီးကို ဖြတ်သန်းပြီးမှ ကူးတို့သင်္ဘောစီး၊ ဟိုဘက်ကမ်း သာရဝေါရောက်ရင် လော်ကယ်ရထားစီးပြီး လက်ပံတန်းသွားရတာမျိုးကွ၊  လက်ပံတန်းကမှတဆင့်  ပြည်ရန်ကုန် အမြန် ရထားဆိုတာကို စောင့်စီးရတာပေါ့ကွာ၊ အဲဒီတုန်းကထဲက အဲဒီလောက် ကျယ်ပြောနေတဲ့ ရေတဝက် သောင်တဝက်နဲ့ မြစ်ပြင်ကျယ်ကြီးက  ခုဆိုရင် ဘယ်လိုများ ဖြစ်နေပြီလည်း သိချင်ပါရဲ့၊  ဟင်္သာတသူ ဟင်္သာတသားတွေလည်း သွားရေးလွယ်တဲ့ ကားလမ်းတွေက သွားနေကြပြီ ဆိုတော့  သိပ်စိတ်ဝင်စားကြဟန် မတူတော့ပါဘူးကွာ၊ အခုတော့ သာရဝေါဘူတာလည်း ရှိသေးရဲ့လား မသိ၊ လက်ပံတန်းရထားလမ်းလည်း ရှိသေးရဲ့လား မသိ၊  ရှိသေးရင်တောင်မှ မီးရထားတွေကော ဘယ်လိုရထားမျိုးတွေ ပြေးနေမလဲ မသိ၊ အဲဒါနဲ့ အဲလိုမသိတာတွေကို သိချင်လာမိရလို့ အင်တာနက်မှာ ငါ ဟိုလျှောက်ရှာ ဒီလျှောက်ရှာ ကြည့်တော့ တိုးလ်ရစ်တယောက် လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က သာရဝေါဘူတာပုံတွေနဲ့ ဘူတာအကြောင်း ရေးထားတာတွေကို တွေ့လို့ ပုံတွေကော်ပီကူးပြီး တင်လိုက်တယ်ကွာ၊

အဲဒီ ရထားတွေ ပြေးသေးတယ်ဆိုရင်တော့ တခါတခေါက်လောက်တော့ ပြန်စီးချင်ပါသေးရဲ့ကွာ၊  အရင်တုန်းကလိုပေါ့ကွာ၊ ကျောက်မီးသွေးနဲ့မောင်းတဲ့ မီးရထားခေါင်းတွဲက တဘူဘူ တဘော်ဘော် အော်ရင်း မီးခိုးတွေက တလူလူ လွင့်တက်ရင်း တဂျုံးဂျုံး တဂျိုင်းဂျိုင်း အသံတွေ ဆူဆူညံညံနဲ့  မီးရထားသွားနေတာကို  ပြူတင်းပေါက်ကနေ ခေါင်းထွက်ပြီး ဟိုငေးဒီငေး ကြည့်ခဲ့ရတာမျိုးတွေ ကျောက်မီးသွေးရထားခေါင်းက မီးပေါင်ကျိုးပြီး ရှေ့ဆက်မသွားနိုင်လို့ ခဏရပ်ထားချိန်မှာ  အညောင်းအညာပြေ အောက်ကိုဆင်း လမ်းလျှောက်ခဲ့ရတာမျိုးတွေ အလွမ်းပြေပေါ့၊

ဒီက ခုခေတ်ရထားတွေကတော့ မှန်လုံပိတ်ထားတော့ ခေါင်းထွက်မရ လက်ထုတ်မရပေါ့ကွာ၊ ဒါတောင်မှ ငါကတော့ ရထားမောင်းတာကလည်း မြန်လွန်းတဲ့ကြားထဲက မှန်ကာထားတာကနေ မနည်း အပြင်ကို မြင်ရအောင် ကြည့်တာပေါ့ကွာ၊ ရသလောက် ဓါတ်ပုံလည်း ရိုက်ပေါ့ကွာ၊

အမြန်ရထားလမ်းရဲ့ ဘူတာတွေကလည်း တဖြေးဖြေးနဲ့ မြို့ပြင်ရောက်လာပြီး ရထားတခါ ရပ်ရင် သုံးလေးမိနစ်လောက် ရပ်တာကွ၊ မမိုက်ပါဘူးကွာ၊

သာရဝေါဘူတာ ၂၀၀၉                                                                    (Photo Google)

ဖတ်လိုက်ရတဲ့ သတင်းတခုမှာတော့ ရထားလမ်းနဲ့ ကားလမ်းပါတဲ့ ဧရာဝတီမြစ်ကူး နှစ်ထပ်တံတား ဟင်္သာတနားမှာ ဂျပန်ချေးငွေနဲ့ ဆောက်တော့မယ်လို့ ပြောတယ်ကွ၊  ကောင်းတာပေါ့ကွာ၊ ယိုင်နဲ့နဲ့ မဖြစ်ဖို့တော့ အရေးကြီးသပေါ့၊  နောင်ဆို သာရဝေါမြို့ကြီး ဆိုပြီတော့ ကြီးကျယ်ခမ်းနားလာတော့မှာပေါ့ကွာ၊ ကဲ ထားလိုက်ပါတော့ အတိတ်က ဧရာဝတီ အကြောင်းတွေကို …..  ငါကလည်း အဝေးရောက်နေလို့သာ လွမ်းချင်းချနေတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ကွာ၊ အလွမ်းဆိုတာ ဝေးမှ ပိုလို့အရသာရှိမယ် ထင်ရဲ့၊ လွမ်းလွန်လွန်းလို့ ပြန်တော်မူသွားကြတဲ့ ငါတို့ရဲ့ သူငယ်ချင်း တချို့လည်း အလွမ်းမှပြေကြရဲ့လား  ဆိုတာတော့ သိချင်မိပါရဲ့၊ အစဉ်ပြေကြပါစေလို့ ပြောလိုက်ပါကွာ၊

 

N’Mai Hka လို့ ခေါ်ကြတဲ့ White River မေခရဲ့ ခေတ်သစ်စီးပွားရေး              (Photo Google)

ဧရာဝတီရေ …..

တကယ်တော့ ကမ္ဘာမှာ မင်းတို့ရဲ့ မေခတို့မလိခတို့ အန်ဒိုရာက မြစ်ကလေးတွေကို White River  လို့တင်စားပြီး ခေါ်နေကြတာကွ၊ သဘာဝတွေ အများကြီးကျန်နေသေးတာကို ပြောချင်တာဖြစ်မယ်  ထင်တယ်၊ အဲလိုမျိုး နေရာတွေကို စိတ်ဝင်စားသူတွေ ပုံစံအမျိုးမျိုး ရှိနေတာပေါ့၊

မေခ မလိခတဝိုက်မှာ နိုင်ငံခြားသားတွေ အပန်းဖြေ ဇိမ်ခံဖို့ လုပ်ငန်းတွေ ခရီးသွားလုပ်ငန်းတွေ  ဟော်တယ်လုပ်ငန်းတွေ ရှိလာနေပြီး မဟုတ်လား၊  အဲဒီလိုမျိုးမှာ လက်ဝါးကြီးအုပ် ရှိတာအကုန် ဝါးမျိုချင်သူတွေနဲ့ သဘာဝအလှ ချစ်မြတ်နိုးသူတွေကို  ခွဲခြား လက်ခံဖို့ကတော့ ဒေသခံတွေမှာလည်း တာဝန်ရှိတာပေါ့ကွာ၊ အခုတော့ ဒါမျိုးတွေ နားလည်လာတဲ့သူ တော်တော်များများ ရှိလာနေပြီလို့ အကောင်းဘက်ကနေ

ငါ တွေးမိပါတယ်၊ လုပ်ပိုင်ခွင့်တွေ အလွဲသုံးစား မဖြစ်ဖို့တော့ လိုတာပေါ့ကွာ၊

ဒါပေမယ့် အများအားဖြင့်ကတော့ အဲဒီ သဘာဝက ပေးထားတာတွေကို ဝါးမျိုချင်သူတွေကတော့  ဘယ်တော့မဆို ရှေ့ဆုံးက အရင်ဆုံး မျက်နှာဖုံးတွေ စွပ်ပြီး ရောက်လာမှာကိုတော့ သတိထားရမှာ ပေါ့ကွာ၊ အဲဒီမှာ ….. ဒီကနေ့ ငါ ဒီစာတွေ ရေးနေတုန်း သတင်းတခု ဖတ်လိုက်ရပြန်တယ်၊  မြစ်ဆုံကိစ္စ လက်ပန်းတောင်း ကိစ္စတွေတောင်မှ အီလည်လည် ရှိနေသေးတယ်၊

“သံလွင်မြစ်အထက်ပိုင်း ရေအားလျှပ်စစ်စက်ရုံ (မဂ္ဂါဝပ် ၁၄၀၀) ဆောက်ရန် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့် တရုတ်ကုမ္ပဏီတို့ သဘောတူ လက်မှတ်ရေးထိုး” ဆိုတဲ့ သတင်း၊ ဘာမှ မထူးဆန်းတဲ့ သတင်းလို့ ပြောရင်လည်း ရပါတယ်ကွာ၊ သူတို့ လက်ထက်မှာ တရုတ်ကြီးနဲ့

အဲဒီလို စာချုပ်ပေါင်း သောင်းခြောက်ထောင် ဗရမ်းဗတာ ထိုးလာခဲ့တာ မဟုတ်လား၊  ပွန်ချောင်းလို ချောင်းသေးသေးလေးမှာလည်း ဒါမျိုးတွေ လူမသိ သူမသိ ရှိနေတာပါဘဲ၊  မြစ်ဆုံ အပါအဝင် မေခမလိခရဲ့ဆည်ကြီး ၇ ခု ကလည်း မဂ္ဂါဝပ် စုစုပေါင်း သောင်းခြောက်ထောင်

ထုတ်ပြီးရောင်းစားကြမယ်ပေါ့၊ တကယ်တော့ လျှပ်စစ်ဆိုတာ အခုခေတ်မှာ မရှိမဖြစ်မှလား၊ တခြား မြစ်တွေလည်း ကမ္ဘာအနှံ့မှာ ရှိကြတာ ပိတ်ဆို့ ဆည်တည်ဆောက်ခဲ့ကြတာ မဟုတ်လား၊  ဆည်တွေ တည်ဆောက်တာ နိုင်ငံခြားငွေရှာတာ ကောင်းတဲ့အလုပ်တွေပါ၊ ရိုးသားမှု ရှိဖို့ လိုသလို ဦးဆောင်သူတွေရဲ့ သမိုင်းကြောင်း ကောင်းခဲ့ဖို့လည်း လိုတယ်ကွ၊ ခက်တာက သမိုင်းကြောင်း မကောင်းခဲ့တဲ့သူတွေက ဟန်ဆောင်တော့ ကောင်းနေကြတာမျိုးကွ၊ အဲဒါနဲ့ ငါတို့ရဲ့ ရွှေပြည်တော်ကြီးလည်း ဖွတ်ဖွတ်ကြေသထက် ကြေလာနေပါပြီကွာ၊

ကဲ ထားပါတော့ကွာ၊ ငါရဲ့ ပီရေနေးအကြောင်း ပြန်ဆက်ရအောင်၊

အဲဒီမှာ အန်ဒိုရာကိုသွားတဲ့ အမြန်လမ်းမကြီးမှာ တကယ်ကတော့ တောလမ်းသာသာပါ၊  အသွားအပြန်မှ ကားနှစ်စီး သွားနိုင်တဲ့ နှစ်လမ်းသွားလမ်းမှာပေါ့၊ အန်ဒိုရာ ဆိုတာက ….. ပီရေနေးတောင်တွေပေါ်မှာ ရှိတာဆိုတော့ ကားလမ်းက တဖြေးဖြေးနဲ့ တောင်တွေကို ပတ်ပြီးတက် လာရင်း တနေရာရောက်တော့ ဘွားကနဲ တွေ့လိုက်ရတာက ရေအိုင်ကြီး တအိုင်ပေါ့၊

ပီရေနေးတောင်တန်းတွေကြားက ရေပင်လယ် Pantà de la Baells                 (ဓါတ်ပုံ မရငတ)

တောင်တန်းတွေကြား စိမ်းလန်းတဲ့ တောတွေကြားမှာ စိမ်းမြနေတဲ့ ရေအိုင်ကြီးကို ရုတ်တရက်  တွေ့လိုက်ရတော့ ကားပေါ်ပါလာတဲ့သူတွေ အကုန်လုံး ဝိုးကနဲ ဝါးကနဲ ဖြစ်ကုန်ကြတာပေါ့၊ ငါတို့ လူတွေကလည်း ရေတွေ တောတွေ တောင်တွေ မြင်လိုက်ရင် မကြိုက်ကြတဲ့သူ မပျော်တဲ့သူ မရှိကြဘူး ထင်ပါတယ်၊ အထူးသဖြင့် ပင်လယ်မမြင်ဖူးကြတဲ့ တောင်ပေါ်ကလူတွေက ပင်လယ်ကို  မြင်လိုက်ရရင် ပျော်ကြသလို ပင်လယ်ကလူက တောင်ပေါ်ရောက်ရင် ပျော်ကြစမြဲ မဟုတ်လား၊ မြို့ကြီးသား တော်တော်များများကတော့ ပင်လယ်ဝေး တောင်တွေဝေးတဲ့နေရာတွေမှာ   နေကြရတာများတော့ တောရောက်ရောက် တောင်ရောက်ရောက် ပျော်မိကြတာပေါ့၊ အဲဒါ ငါတို့ တွေ့လိုက်ရတဲ့ ရေအိုင်ကြီးက ကားလမ်းနဲ့ ယှဉ်ပြီး မိုင်တော်တော်များများ တွေ့ရတယ်၊ တကယ်ကတော့ ရေအိုင်ကြီး ရေကန်ကြီး မဟုတ်ပါဘူး၊  စပိန်အခေါ် El Llobregat ဆိုတဲ့ မြစ်တစင်းပါ၊  ခပ်လှမ်းလှမ်းက ငါတို့မြင်ရတော့ မြစ်ရေပြင်က စိမ်းမြကြည်လင် နေတာပေါ့၊ ပီရေနေးတောင်တွေပေါ်က စီးဆင်းလာတဲ့ စမ်းချောင်းလေးတွေ စုစည်းမိသွားရာကနေ  မြစ်အလတ်စားတခုအရွယ် ဖြစ်လာတာပေါ့၊ အဲဒီမှာ သဘာဝအလျှောက် တောင်ကြားတွေထဲမှာ

ရေအိုင်ကြီးသဘွယ် ဖြစ်လာတော့တာပေါ့၊ အဲဒါကိုမှ သက်ဆိုင်ရာ မြစ်ကြောင်းထိမ်းသိမ်းသူတွေက  သဘာဝ မပျက်အောင် ရေကာတာတွေလုပ်ပြီး ဆည်တခု ဆောက်လိုက်တာပါ၊

အဲဒီ El Llobregat ဆိုတဲ့မြစ် သို့မဟုတ် Embassament de Pantà de la Baells (Reservoir) ရေအိုင် သို့မဟုတ် တာတမံပေါ့ကွာ၊

တောင်တွေကြားက ဓါတ်ပေါင်းဖို                                                            (ဓါတ်ပုံ မရငတ)

အဲဒီဆည်ဘေးနားမှာတော့ ဓါတ်ပေါင်းဖိုလား ဘာလားတော့ မသိဘူးကွာ၊  ပေါင်းဖိုကြီးလိုမျိုးတခုကို တွေ့ရတယ်၊ အဲဒါကြီးက အဲဒီဒေသကို အကျိုးပြုရဲ့လား ဆိုတာကတော့ စဉ်းစားစရာ အတွေးတခုပေါ့ကွာ၊ ငါတို့မှာလည်း အခုဆိုရင် ဘာကိစ္စမဆို စက်ရုံဆောက်ဆောက်

ကျောင်းဆောက်ဆောက် လမ်းဖောက်ဖောက် သံသယအတွေးတွေနဲ့ တွေးမိရတယ်ကွ၊ မင်းတို့ဆီမှာ ဟိုးအရင်တချိန်တုန်းက မဆလခေတ်ကရော အဲဒီမတိုင်ခင်ကရော ဆည်တွေများစွာ  ကြက်မောက်တောင်ဆည်တို့ နဝင်းဆည်တို့ ကင်းတာဆည်တို့ ပြောင်းပြာဆည်တို့ အကြီးအကျယ် လုပ်လာခဲ့တာ မဟုတ်လားကွ၊ ဒါပေမယ့်  မြစ်ဆုံလောက်တော့ ပွဲကြမ်းတာမျိုး မကြားဘူးပါဘူး၊

ဘာလို့ မြစ်ဆုံကိစ္စက ပွဲကြမ်းခဲ့ရသလဲ … ရှည်ရှည်ဝေးဝေး ငါ မတွေးဘူးကွာ၊ သေချာတာကတော့ ကောင်းကျိုးထက် ဆိုးကျိုး ပိုများလို့ဘဲ၊ ကိုယ်ရမှာထက် ပေးရမှာ ပိုများလို့ဘဲ၊  အဲဒီအတွက် ဆည်တွေဆောက်ဆောက် တံတားတွေဆောက်ဆောက် လမ်းတွေဖောက်ဖောက် ကောင်းကျိုးဆိုးကျိုးတွေတော့ အနည်းနဲ့အများ ဆိုသလို ရှိမှာပါဘဲ၊ အဓိကကတော့ ….. ဒေသခံတွေအတွက် ကောင်းကျိုးများဖို့တော့ လိုတာပေါ့၊

 

 

 ကာတာလန်သားတွေရဲ့ လွတ်လပ်ရေး တောင်းဆိုသံ                                   (ဓါတ်ပုံ မရငတ)

ဒီနယ်မြေက ဒီကနေ့ စပိန်နိုင်ငံက ကာတာလန်တို့ရဲ့နယ်မြေမှာ တည်ရှိနေတာနော်၊  ကာတာလန်ဒေသက စပိန်ကနေ ခွဲထွက်ဖို့ လွတ်လပ်ရေးရဖို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ လူထု ထောက်ခံမှုနဲ့ ဆန္ဒခံယူပွဲတွေ ဘာတွေတောင် လုပ်ပြီးနေပြီလို့ သိရတယ်ကွ၊  ငါတို့သွားတဲ့ ကားလမ်းမှာ ခွဲထွက်ရေးသမားတွေရဲ့ လှုံဆော်စာတွေ ပိုစတာတွေ လက်ရေးတွေ အများကြီး တွေ့ရတယ်၊ စပိန်အစိုးရကတော့ အခုထိ ခွဲထွက်ခွင့် မပေးသေးဘူး၊  ငြိမ်းချမ်းစွာ ခွဲထွက်ခွင့် ရကြရင်တော့ အကောင်းဆုံးပေါ့ကွာ၊ ဒီဒေသက အဲဒါတွေကြောင့် ထူးခြားတယ်ပြောရတာ၊ ပီရေနေးတောင်းတန်းဒေသမှာကိုက ပြင်သစ် စပိန် အင်ဒိုရာ သုံးနိုင်ငံအပြင် ခွဲထွက်ခွင့်တောင်းနေကြတဲ့ ကာတာလန်ရယ်၊ ပြင်သစ်တဝက် စပိန်

တဝက်နယ်မြေဖြစ်တဲ့ Euskal Herria (Basque Country) ဆိုတာရယ်၊ ၁၂ ရာစုခေတ်ဝန်းကျင်က နာမည်ကျော် ရဲတိုက်ဟောင်းများ တည်ရှိရာ Toulouse Carcassonne Perpignan Nabonne မြို့ နယ်တကြောမှာ တည်ရှိတဲ့ Pays Cathare (Cathar Country) ခေါ်ကြတဲ့ ဒီကနေ့ ပြင်သစ်ပိုင် နယ်မြေတွေဆိုပြီး လူမျိုး စာစကား နည်းနည်းစီ ကွဲပြားခြားနားကြသူတွေ နေကြတဲ့ ဒေသတွေပေါ့၊

ပြင်သစ်ပြည်ရဲ့ စပိန်ပိုင်မြို့ (Llivia)                                                       (Photo Google)

မြေပုံအရဆိုရင် ထူးခြားတာ နောက်တခု တွေ့ရသေးတယ်ကွ၊  ပြင်သစ်ပြည်ရဲ့ နယ်နမိတ်ထဲမှာ တည်ရှိပေမယ့် စပိန်ပိုင်နယ်တနယ်ဖြစ်နေတဲ့ Llivia မြို့နယ်လေး၊ ဘာလို့များ အဲဒီ လူဦးရေ နှစ်ထောင်မပြည့်တဲ့ နယ်မြေသေးသေးလေးက  ပြင်သစ်မြေထဲ ရောက်နေပြီး စပိန်ပိုင် ဖြစ်နေရတာလဲ၊  အဲဒီအကြောင်းကလည်း စိတ်ဝင်စားစရာ ကောင်းလှတာပေါ့ကွာ၊ တခြား ငါမသိသေးတဲ့ မဖတ်ထားမိသေးတဲ့ နယ်မြေတွေလည်း ကျန်ကောင်းကျန်နိုင်သေးတာပေါ့၊

တော်သေးပြီကွာ၊ အဲဒီအကြောင်းတွေ ကြုံလာခဲ့ရင် နောက်များမှ ဆက်ပြောကြတာပေါ့ နော့၊

မင်းတို့ဘဝ စိမ်းစိမ်းစိုစို လန်းလန်းဆန်းဆန်း ရှိကြပါစေကွာ၊

မင်းရဲ့ (မရငတ)

ပီရေနေး ကျေးဇူးမှတ်တမ်း

ပီရေနေးတောင်တန်းခရီးစဉ်ကို စိတ်ကူးစီစဉ်ပေးသူ မဒီးဒီးနဲ့ စိတ်ရှည်လက်ရှည် နေရာအနှံ့သို့ ကားမောင်းပို့ပေးသူ Frank တို့ ဇနီးမောင်နှံအား အထူး ကျေးဇူးတင်ရှိပါကြောင်း ….. နှင့်  ဒီ ပီရေနေးမှတ်တမ်း ရေးနေစဉ်မှာ ရေးပြီးသား အပိုင်းအစလေးတွေကို ဖေ့စ်ဘုတ်ခ်ပေါ်မှာ နေ့စဉ်လိုလို တင်ဖြစ်ပါတယ်၊ အဲဒီအပိုင်းအစလေးတွေကို ကဗျာဆရာ ခင်အောင်အေးက တွေ့ရှိပြီး ပီရေနေးရဲ့ စမ်းရေစီးသံကို ခံစားပြီး  ကဗျာတပုဒ် ရေးဖွဲ့ခဲ့ပါတယ်၊  ရောက်တတ်ရာရာ ရေးနေတဲ့ အတိုအစများကနေ မောင်ရင်ငတေ ဖြစ်လာအောင် ပထမဦးဆုံး  တိုက်တွန်း နှိုးဆော် တွန်းအားများပေးသွားတဲ့ ကဗျာဆရာ ကိုခင်အောင်အေးအား အထူး  ကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း ကဗျာလေးကို ဖော်ပြလိုက်ပါတယ်၊

ပီရေနေး

ညထဲ စိတ်ခြေရာထပ်

ညံ့သက်တဲ့တိုးညှင်းသံသဲ့သဲ့

အေးစိမ့်ခြင်းကို တကီလာ ၂ ပက်နဲ့ ကာရင်း

ကွယ်ကာထားနံရံတွေရဲ့ အပြင်ဖက်က ၀ရံတာကိုထွက်ကာ

သဘာဝအလှကို ငေးနေမိခိုက်

တောင်ကြားဆီက ပျံ့လွင့်လာပြီး

ငါ့ တစ်ကိုယ်လုံးကို ဖြတ်စီးသွားတဲ့

အဲ့ဒီ စမ်းရေသံ … ။ ။

ခင်အောင်အေး

၂ ဇွန် ၂၀၁၄ ဖရာ့ပရာဒင်န်၊ ဘန်ကောက် ၁၀း၁၉ နာရီ

မောင်ရင်ငတေရဲ့ ရောက်တတ်ရာရာအတိုအစများ စာမူစုမှ ငါ့ ရင်ထဲမှာ ဧရာဝတီ

(ပီရေနေးတောင်တန်းပေါ်က စမ်းရေစီးသံ ကို ခံစားရေးဖွဲ့ပါတယ်)

ပီရေနေးတောင်တန်းများအကြောင်း တစေ့တစောင်း ထပ်မံပြီး သိချင်ကြည့်ချင်သူများအတွက် …..

“Pyrénées si Belles” Michel Etcheverry

Le refuge (Chanson des Pyrénées)

Images et Chants des Pyrénées
မောင်ရင်ငတေ ၁၇၀၆၂၀၁၄

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, မောင်ရင်ငတေ, ရေခြားမြေခြား မြန်မာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်