ဖိုးထက် – ခြင်္သေ့မြို့ပြမှ ဧည့်သည်များ

June 19, 2014

ခြင်္သေ့မြို့ပြမှ ဧည့်သည်များ
ဖိုးထက်၊ ဇွန် ၁၉၊ ၂၀၁၄

(အေးမြင့်)

အေးမြင့်တစ်ယောက် ပင်နီဇူလာ ပလာဇာကို ရောက်တော့ ဆိုင်တွေတောင် အကုန်မဖွင့် တတ်သေး။ ဒီနေ့တော့ တနင်္ဂနွေလဲ ဖြစ်ပြန်။ သူ့အလုပ်ကလဲ ရှားရှားပါးပါး အားရက်လေး ရချိန်။ လစာလေးကလဲ ထုတ်ထားချိန်။ အပြင်မထွက် ဖြစ်တာလဲ သုံးလကျော်ပြီ။ ထို့ကြောင့် အပေါင်းအသင်း ရောင်ရင်းများနဲ့ တွေ့ဖို့ ပင်နီဇူလာမှာ ချိန်းထားရင်း ခပ်စောစော ထွက်လာခြင်း ဖြစ်သည်။

အေးမြင့် စင်္ကာပူကို ရောက်တာ နှစ် နှစ်ကျော် သုံးနှစ်ထဲမှာ။ WP နဲ့ အလုပ်လေး တစ်ခုရဖို့ သူ့မှာ ပွဲစားခ ပေးခဲ့ရသေးတာက သူ့လစာ သုံးလစာ။ ရောက်ကတည်းက အလုပ်နဲ့ အလုပ်။ အလုပ်ပြီးတော့ အလုပ်။ သူ့ အခြေခံလစာက စင်္ကာပူငွေ ခုနှစ်ရာကျော်ကျော်လေး။ အလုပ်က နေစရာ အဆောင်ပေးသည်။ ဧည့်သည် အပေါင်းအသင်း လူပိုခေါ်လို့မရ။ စားတာ ကိုယ့်စားရိတ်နဲ့ကိုယ်။ သွားစရိတ် လာစရိတ်၊ စားစရိတ် နှစ်ခုပေါင်းလိုက်ရင် အချိန်ပို မလုပ်လို့ကတော့ သူ့အခြေခံလစာလေး တစ်ခုတည်းနဲ့ ဘယ်လိုမှ အဆင်မပြေ။ မြန်မာနိုင်ငံမှာတုံးက သူသိပ်ကြိုက်သော ကွမ်းယာတောင်မှ  အခု စင်္ကာပူကို ရောက်တော့ ပြတ်သလိုလိုတောင် ဖြစ်သွားသည်။ ဈေးကြီးသည်လေ။

အခုတော့ ပြီးခဲ့တဲ့ သုံးလလောက် အချိန်ပိုတွေ အရမ်းလုပ်။ ဘယ်ကိုမှ မထွက်ဖြစ်ဘဲ အလုပ်ထဲမှာဘဲ အချိန်တွေ ကုန်ခဲ့ရသည်။ အခုတော့ ချိန်းထားသော ဘော်ဒါတွေ လူစုံရင် နည်းနည်းပါးပါး ခပ်ပါးပါးလေး အရည်လေးလဲ မှီဝဲအုံးမှ လို့ စိတ်ထဲမှာ တေးထားသေးသည်။ ကွမ်းယာလေး ပါးစောင်မှာ မြုံ့ထားလိုက်ရရင်ဖြင့် အာဂပါးစပ် လူဖြစ်ကျိုးနပ်ပေပြီလို့ တွေးရင်း သူ့မျက်နှာပေါ်မှာ ပြုံးရိပ်တစ်ခုတောင် ခပ်ရေးရေး ဖြတ်သွားသည်။

အေးမြင့် ကွမ်းဝယ်။ ရှမ်းခေါက်ဆွဲစား။ အိမ်ကို ဖုန်းဆက်ဖို့ ဖုန်းကဒ်ဝယ်ပြီးသော အချိန်ကျမှ သူ့ဘော်ဒါတွေ ရောက်လာသည်။ သူ့အပေါင်းအသင်းတွေကလဲ သူ့လို WP သမားတွေ။ ဆောက်လုပ်ရေး လုပ်ငန်းတွေ၊ သင်္ဘောကျင်းတွေ၊ သံချည်သံကွေး လုပ်ငန်းတွေမှာ လုပ်ရသည်။ သူ့သူငယ်ချင်း တစ်ယောက်ဆိုလျှင် ထူးထူးဆန်းဆန်း အလောင်းပြင်ပေးသော အလုပ် လုပ်ရသည်။ သက်မဲ့ ကိုယ်ခန္ဓာကြီးကို ရေချိုးပေး၊ အ၀တ်အစား သပ်သပ်ရပ်ရပ်ဖြစ်အောင် ၀တ်ပေး၊ မိတ်ကပ်လေး ဘာလေး လိမ်း၊ အမွှေးနံ့သာတွေ ဆွတ်ပေးရသည့် အလုပ်။ ဒီနေ့တော့ ဒီကောင်လာမယ်လို့တော့ သူ့ကို ပြောထားသည်။ ဒီကောင်နဲ့ သူနဲ့ မတွေ့ရတာလဲ ကြာပြီလေ။ အနည်းဆုံးတော့ လေး၊ ငါးလတော့ ရှိရောပေါ့။

အေးမြင့်တို့ အပေါင်းအသင်းနှစ်ယောက်ဆုံတော့ သုံးယောက်မြောက်ကိုစောင့်။ သုံးယောက်ဆုံတော့ လေးယောက်မြောက်ကိုစောင့်။ နောက်ဆုံး သူ့ဘော်ဒါ အလောင်းအလှပြင်ညာရှင် (အေးမြင့်တို့က သူ့ကို အဲဒီလိုဘဲ ခေါ်သည်။) ရောက်လာတော့မှ “ကိုင်း..ဘာလုပ်မှာလဲပြော..မင်းမကြိုက်ရင် လာမရှုပ်ပါနဲ့တော့” လို့ အေးမြင့်က Rap သီချင်းစာသား တစ်ပိုင်း တစ်စကို ရွတ်ဆိုရင်း နှိုးဆော်သည်။ ပုလင်း တစ်လုံးဝယ်သည်။ မြည်းစရာ နည်းနည်းဝယ်သည်။ တစ်ယောက် ဆယ်ဒေါ်လာ၊ နှစ်ဆယ်ဒေါ်လာ ထည့်ဝင် ၀ယ်လိုက်ကြတော့ သူတို့ အဆင်သင့်ဖြစ်ပြီ။ ဘယ်မှာ သွားသောက်ကြမလဲ။ ဒီဒုက္ခကလဲ မသေးလှ။

စည်းကမ်းကောင်းသော စင်္ကာပူမှာ အရက်ပုလင်းထောင်ပြီး သောက်ချင်တဲ့ နေရာမှာ သောက်လို့ရတာမဟုတ်ဆိုတာ အေးမြင့်တို့အဖွဲ့သိသည်။ ဆိုင်သွားသောက်ရအောင် ဆိုတာလဲ ဘယ်လိုလုပ်ပြီး ပိုက်ဆံ ကုန်ခံနိုင်မှာလဲ။ ဒီတော့ ပင်နီဇူလာ ပလာဇာကနေ မြန်မာတွေ အခေါ် ဒူးရင်းသီး အဆောက်အဦးသွားရာ လမ်းဘေးက မြက်ခင်းပြင်ကြီးဆီသို့ ချီတက်သွားကြသည်။ အဲဒီမှာ သူတို့လို ၀ိုင်းလေးတွေ ရှိသည်။ ၀ိုင်းပြီးရင်သာ အမှိုက်ကို စနစ်တကျ ပြစ်ခဲ့ရင် ပြီးပြီ။ ပြောစမ်းပါလေ့ စကားကို ခပ်ကျယ်ကျယ်။ အော်စမ်းပါလေ့ သီချင်းတွေ။ ရယ်စမ်းပါလေ့ အားရပါးရ။ ဘယ်သူ့ကိုမှ အားမနာရ။ အပိုငွေ မကုန်။

လမ်းကူးခါနီး မီးပွိုင့်ရောက်မှ အေးမြင့် တစ်ခု သတိရသည်။ ဒီကောင်တွေ မူးလာရင် သူ့ကွမ်းကို ယူစားကြအုံးမှာ။ သူ့မှာ ကွမ်းယာ လက်ကျန် သိပ်မရှိတော့ ။ ကွမ်းသွေးထွေးဖို့ အိတ်အပိုလဲ ပါမလာ။ ကွမ်းယာလဲ ထပ်ဝယ်ရင်း၊ ကွမ်းထွေးဖို့အိတ်လဲ ယူချင်သည်။ “မင်းတို့သွားနှင့် ငါ ကွမ်းထပ်ဝယ်လိုက်အုံးမယ်” လို့ ပြောရင်း ပင်နီဇူလာဘက်ကို အေးမြင့် ပြန်လှည့်လာသည်။ ခပ်မြန်မြန်ဝယ်၊ ခပ်မြန်မြန်လိုက်သွားမှ။ တော်ကြာ တစ်လုံးထဲနဲ့ ရေတံလျှောက်တွေ၊ ကြွက်တွင်းတွေနဲ့ နောက်ကျနေရင် စိတ်မချရဘူးလို့ တွေးရင်း သူ့ခြေလှမ်းကို ခပ်သွက်သွက်လှမ်းလိုက်သည်။

အေးမြင့်တစ်ယောက် စိတ်လောပြီး လျှောက်လာစဉ် မြန်မာဖြစ်ဟန်တူသည့် အမျိုးသမီးတစ်ယောက် နှင့် တိုက်မိတော့မလို ဖြစ်သွားသည်။ “ဆောရီးဗျာ” လို့ ပါးစပ်က အလိုလို တောင်းပန်မိလိုက်ပေမယ့် တစ်ဖက်က ကောင်မလေးမှာ သူ့ကို ရှောင်ရင်း ခပ်ယိုင်ယိုင်ဖြစ်သွားရရှာသည်။

(မေမာ)

မေမာတစ်ယောက် ဒါကြောင့်မို့လို့ ဒီလို တနင်္ဂနွေနေ့ လိုမျိုးမှာ ပင်နီဇူလာကို မလာချင်တာ။ လူအရမ်းရှုပ်သည်။ ကြပ်သည်။ တစ်ခါတစ်ရံ လမ်းလျှောက်ရတာပင် အဆင်မပြေချင်လောက်အောင် လူတွေ အရမ်းများသည်။ အခုလဲ ကြည့်တော့။ သူ့ကို မြန်မာယောင်္ကျားလေး တစ်ယောက်က တိုက်မိမလို ဖြစ်နေလို့ ရှောင်ရင်း သူ့ကိုယ်ခန္ဓာလေးတောင် ယိုင်သွားရသည်။ ဒီလူဘာတွေ လောနေသည် မသိ။ လူကြည့်ရတာလဲ မျက်တွင်း ဟောက်ပက်။ အလုပ် ပင်ပန်းထားသလို ပုံစံမျိုး။

နောက်ပြီး မေမာ ပင်နီဇူလာကို လူရှုပ်ချိန်မှာ မလာချင်သော အကြောင်းလဲ ရှိသေးသည်။ တနင်္ဂနွေနေ့လိုမျိုးတွေမှာ ၀င်ပေါက်တွေမှာ၊ ကော်ရစ်ဒါတွေမှာ ယောက်င်္ကျားလေးတွေ ၀ိုင်းဖွဲ့နေကြသော ကြောင့်လဲ ပါသည်။ ကိုယ့်ကို ဘာမှ မလုပ်ပေမယ့် သူဖြတ်သွားချိန် သူ့ကို နောက်ကနေ လိုက်ကြည့်သော မျက်လုံးတွေကို မကြိုက်။ သူ့ရည်းစားဖြစ်သူ “ကို” တောင်မှ သူ့ကို အဲဒီလို ခြေဆုံး ခေါင်းဆုံး ကြည့်နေရင် သူက နေတတ်တာ မဟုတ်။

ဒီနေ့တော့ သူ့အိမ်ကို ငွေလွှဲစရာလဲ ရှိသည်။ အရင်လို အင်တာနက် Banking နဲ့ လွှဲလို့ မရ။ နောက်ပြီး သူသိပ်ကြိုက်သော မုန့်ဟင်းခါးချက်စားဖို့ မုန့်ဟင်းခါး အခြောက်ထုပ်တွေလဲ ၀ယ်ရအုံးမည်။ နောက်လထဲမှာ မြန်မာနိုင်ငံကို ပြန်စရာရှိသေးသည်။ လေယာဉ်လက်မှတ်လေးလဲ ၀င်ပြီး မေးမြန်းအုံးမှလို့ တွေးမိသည်။ နောက်ပြီး ဒီနေ့ မေမာတစ်ယောက် မဖြစ်မနေ လုပ်ရမယ့်ကိစ္စတစ်ခု ရှိသေးသည်။ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဖို့ လက်မှတ်ထိုးရမည်။ သူ့သူငယ်ချင်းတွေကတော့ ပင်နီဇူလာမှာ လက်မှတ်ထိုးလို့ရတယ်လို့တော့ ပြောကြသည်။ အပေါ်ထပ်ရောက်မှ မေးစမ်းကြည့်ရင် ရှိမှာပါ။ အမေစုကို ယုံသည်။ အမေစုကို ချစ်သည်။ သူလုပ်နိုင်တဲ့ အားပေးကူညီတာလေးတွေ လုပ်ရမှာဘဲလို့ မေမာတွေးမိသည်။

ပင်နီဇူလာ ဒုတိယထပ်ရောက်တော့ မေမာ မေးစရာမလိုဘဲ ပုဒ်မ ၄၃၆ အတွက် လက်မှတ်ထိုးနေသော လူတွေကို တွေ့သည်။ မေမာတစ်ယောက် ကသောကမြောသွားရင်း ဘယ်မှာ လက်မှတ်ထိုးရမလဲလို့ ဦးဆောင် လက်ခံ နေသူတွေကို မေးသည်။ သူတို့ ပေးသော စာအုပ်မှာ လက်မှတ်ထိုးမလို့ အလုပ်မှာ မေမာ့အနောက်က “Excuse Me” ဆိုသည့် ငါးပိသံ နည်းနည်းစွက်သော အင်္ဂလိပ်စကားကို ကြားလိုက်ရသည်။ ဟုတ်ပေသားဘဲ။ သူစိတ်လောတကြီး လက်မှတ်ထိုးချင်တာနဲ့ လမ်းကို ပိတ်မိသလို ဖြစ်နေတာဘဲ။ “ဆောရီးနော်” လို့ မေမာတစ်ယောက် အဲဒီ Excuse me ပြောသော လူကြီးကို တောင်းပန်လိုက်သည်။ ဒါတောင်မှ အဲဒီလူကြီးက သူ့ကို စောင်းငန်း စောင်းငန်းကြည့်သွားသေးသည်။ မကျေနပ်လဲ မတတ်နိုင်ဘူး လို့တွေးရင်း မမေမာထွန်း၊ အဘ ဦးထွန်းဝင်း ဆိုတဲ့ အချက်အလက်တွေ ရေးထည့်လိုက်သည်။ နေရပ်လိပ်စာကြတော့ စင်္ကာပူက သူ့အိမ်လိပ်စာလား၊ မြန်မာနိုင်ငံက သူ့အိမ်လိပ်စာလား ဘယ်ဟာကို ဖြည့်ရမယ်မှန်း မသိလို့ မေးဖို့ လူလိုက်ရှာနေမိသည်။

(ဦးညီလွင်)

ဘယ်လို လူမျိုးတွေလဲ မသိ။ ကိုယ်လုပ်မှ ကိုယ်စားရမယ့် အရေးမှာ အရေးမပါတဲ့ လက်မှတ်ထိုးတာတွေ၊ ဆန္ဒပြတာတွေ သိပ်လုပ်ချင်ကြသော လူမျိုးကို ပြပါဆိုလျှင် မြန်မာလူမျိုးကို ပြရမယ်လို့ ဦးညီလွင် တွေးလိုက်သည်။ အခုလဲ ကြည့်အုံး။ လမ်းသွား လမ်းလာတွေ အနှောင့် အယှက်ဖြစ်ပြီး ပုဒ်မ ၄၃၆ ပြင်ဖို့ လက်မှတ်ထိုးကြသတဲ့။ သူတို့ လက်မှတ်ထိုးတာ အရေးမကြီး။ လက်မှတ်ထိုးနေသော ချာတိတ်မတစ်ယောက် ရှေ့မကြည့်နောက်မကြည့် လမ်းကို ပိတ်သလိုတောင် ဖြစ်နေသည်။ အပိုတွေ သိပ်လုပ်ကြတဲ့ လူမျိုး။

ဒါတွေ ဒီလို ရှုပ်ရှက်ခတ်နေမှာ သိလို့ ဦးညီလွင် တစ်ယောက် တနင်္ဂနွေဆိုရင် ပင်နီဇူလာကို လုံးဝ မလာချင်တာ။ တနင်္ဂနွေမှ မဟုတ်ပါဘူးလေ။ ကျန်တဲ့ နေ့တွေမှာလဲ ပင်နီဇူလာကို မလာချင်။ ကွမ်းနံ့တွေ၊ ငါးပိနံ့တွေ၊ ချွေးနံ့တွေနဲ့ စင်္ကာပူမှာ နေလာတာ အနှစ် နှစ်ဆယ် ပြည့်ခါနီး သူ့လိုလူအတွက် ခေါင်းကိုက်သည်။ ဒီနေ့တော့ သူ့မိန်းမ အမျိုးတွေ မြန်မာနိုင်ငံက အလည်လာချင်တယ်ဆိုတာနဲ့ ဗီဇာကိစ္စ စုံစမ်းဖို့ သူ့မိန်းမက တကျီကျီ လုပ်နေတာနဲ့ အလုပ်လဲ အားနေတာနှင့် ထွက်လာခြင်း ဖြစ်သည်။ အရင်ကတော့ ဗီဇာကို အွန်လိုင်းကနေ သူ့ဘာသာ လျှောက်ပေးသည်။ ဒါပေမယ့် နောက်အပါတ်ထဲမှာ သူ့အလုပ်ကိစ္စနဲ့ ခရီးသွားစရာရှိသည်။ အပြီးအစီး ဗီဇာရဖို့ အေးဂျင့်အပ်ရမှာမို့ လာရခြင်းဖြစ်သည်။ မလာချင်။ အထူးသဖြင့် မြန်မာလူမျိုးတွေ ကြားထဲကို သူမလာချင်။

မြန်မာလူမျိုးတွေ ပျင်းသည်။ အတင်းပြောသည်။ တစ်ယောက်နှင့် တစ်ယောက် မနာလို အရမ်းများသည်။ နိုင်ငံရေးတွေ၊ ဒေါ်စုတွေ လုပ်မနေနဲ့။ ဘယ်တော့မှ လူရာဝင်မယ့် နိုင်ငံမဟုတ်ဘူးလို့ ဦးညီလွင်က တွေးထားသည်။ အခုကြည့်။ ရှုပ်ရှက်ခပ်လိုက်တဲ့ လူတွေ။ တစ်ချို့က ဟောင်ဖွာဖွာ စကားပြောနေသည်။ တစ်ချို့က ကွမ်းသွေးတွေ တဖွမ်းဖွမ်းနဲ့။ တစ်ချို့က ကော်ရစ်ဒါမှာ ဘီယာဝိုင်းဖွဲ့သည်။ တစ်ချို့က လျှောက်ပြန်သံပေး ရေရေရာရာ မရှိဘဲ ဟိုဘက်လျှောက်လိုက် ဒီဘက် လျှောက်လိုက် လုပ်နေသည်။ ဒီလို အရေမရ အဖတ်မရ လူမျိုးတွေနဲ့ သူနဲ့ မဖြစ်ဘူးဆိုတာလဲ သိလို့ ဦးညီလွင်က သူ့မိသားစုနှင့် သြစတေးလျကို သွားဖို့ စီစဉ်နေသည်။ အဲဒီမှာဘဲ အပြီးနေတော့မည်။ သူ့ဘာသာ ဒီမိုကရေစီ ရ ရ၊ မရ ရ လုပ်ကြစမ်းပစေ။ သူ့မိသားစု အော်ဇီမှာ အခြေကျဖို့ သူအကုန်စီစဉ်ပြီးပြီ။ နောက်နှစ်ထဲဆိုရင် သူတို့ မိသားစုလိုက် ပြောင်းရွှေ့တော့မည်လေ။ သူ့မိသားစုထက် အရေးကြီးတာ ဘာဆို ဘာမှကို မရှိ။

(အေးမြင့်၊ မေမာ၊ ဦးညီလွင်)

အေးမြင့်တစ်ယောက် မြက်ခင်းပြင် ၀ိုင်းဖွဲ့ပွဲက ထပြီး လူစုခွဲလာတော့ အနည်းငယ် ရေချိန်ကိုက်နေပြီ။ တကယ်ဆိုရင် သူ ဆက်ပြီး သောက်ချင်သေးသည်။ သောက်နိုင်သေးသည်။ ဒါပေမယ့် MRT ပေါ်မှာ အရမ်းမူးနေလို့ မဖြစ်။ တက်ခ်စီငှားပြီး ပြန်ရအောင်ကလဲ အပိုကုန်ကျငွေ ဘယ်လိုမှ အကုန်မခံနိုင်။ ပြီးတော့ မနက်ဖြန်မနက် စောစော အလုပ်ထသွားရအုံးမယ်မို့လား။ သူ့အဆောင် ပြန်ရောက်တော့ ည ၁၁ နာရီ ထိုးခါနီးပြီ။ အမေ့ဆီကို ဖုန်းဆက်ပြီး ကျန်းမာကြောင်း၊ ငွေပို့ထားကြောင်း၊ အိမ်အမိုး ပြန်မိုးဖို့မှာရသည်။ အမေနဲ့ ဖုန်းပြောအပြီး သူအိပ်ရာထဲ ၀င်တော့ သန်းခေါင်ကျော်ခါနီးပြီ။ စင်္ကာပူမှာ သန်းခေါင်ကျော်ခါနီးဆိုတော့ မြန်မာနိုင်ငံမှာ ၁၀ နာရီခွဲခါနီးဘဲ ရှိအုံးမှာပေါ့လို့တောင် သူတွေးမိသည်။ သူမအိပ်ချင်သေး။ ဘာဘဲ ဖြစ်ဖြစ် အိပ်မှ ရတော့မည်လို့ တွေးရင်း အိပ်ပြစ်လိုက်ရသည်။

မေမာထွန်း တစ်ယောက် အိမ်ပြန်တာ နောက်ကျလို့ သူ့ အခန်းဖော် အမက “နောက်ကျလိုက်တာ မေမာရယ်” လို့ စိုးရိမ်ရှာသည်။ သူဝယ်လာသော မုန့်ဟင်းခါးအခြောက်ထုပ်တွေ၊ အခြောက် အခြမ်း အထုပ်တွေကို မီးဖိုထဲမှာ နေရာချပြီး အခန်းထဲ ပြန်ဝင်လာတော့ သူ့ဖုန်းမှာ Miss Call တွေ တွေ့သည်။ “ကို” ခေါ်ထားတာဘဲ။ တစ်ဖက်က စိတ်ပူပြီး စိတ်ကောက်ချင်နေသော ကို့ ကို ချော့လို့အပြီးမှာ နာရီကြည့်တော့ ၁၂ နာရီ ထိုးခါနီးပြီ။ အိပ်မှ.. အိပ်မှ။ အလုပ်သွားရအုံးမည်။ မနက်ခင်း စောစောထပြီး ဟင်းချက်သွားရအုံးမည်။ Good Night Ko လို့ မက်ဆေ့ခ်ျပို့ပြီး ဘုရားရှိခိုးကာ အိပ်လိုက်တော့သည်။ အိပ်ရာထဲရောက်တော့ သူနဲ့ ကိုနဲ့ လက်ထပ်ကြဖို့။ မြန်မာနိုင်ငံ ပြန်ပြီး စီးပွားရေး လုပ်ဖို့ တွေးရင်း တလူးလူး တလွင့်လွင့် ဖြစ်နေတုံးမှာ Good Night Kid လို့ ကို က မက်ဆေ့ခ်ျပြန်လာသည်။ သူမက်ဆေ့ခ်ျပြန်မပို့တော့ ။ ဒါမို့ဆိုရင် အပြန်အလှန် မက်ဆေ့ခ်ျပို့နေတာနဲ့ သန်းခေါင်ကျော်ပြန်အုံးမည်။ သန်းခေါင်ကျော်လို့ မရဘူးလေ။ အိပ်ပြီဟာ ရှုပ်တယ်လို့တွေးရင်း အိပ်ပြစ်လိုက်ရသည်။

ဦးညီလွင် အိမ်ပြန်ရောက်တော့ သားအကြီးကောင် ပြန်မလာသေးဘူးလို့ သူ့မိန်းမက တိုင်သည်။ သူ့ကို တိုင်လဲ အလကားဆိုတာ ဒီမိန်းမ သိသည်။ သူ့သားတွေက စင်္ကာပူမှာကျောင်းတက်ပြီး ကြီးပြင်းလာကြသော ကလေးတွေပီပီ ပြောရ၊ ဆိုရ ဆုံးမရတာ သိပ်မကောင်း။ ဒါပေမယ့် ဦးညီလွင် ကြိုက်သည်။ ဒီလိုမျိုး ယုံကြည်ချက် မြင့်မားအောင် သင်ကြားပေးသော ပညာရေးစနစ်ကို သူကြိုက်သည်လေ။ သူ့မိန်းမဖြစ်သူကို ခွန်းတုံ့ပြန်မနေဘဲ အ၀တ်အစားလဲကာ ရေခဲသေတ္တာထဲက ဟန်နီကယ် တစ်ဗူးကို ဖောက်လိုက်သည်။ အေးမြသော ဘီယာကို တစ်ငုံ စုပ်ရင်း ၀န်ရန်တာဘက်ကို ထွက်လာခဲ့သည်။ သူ့မျက်လုံးက မီးရောင်တွေ ရောင်စုံဖြင့် တောက်ပနေသော ဖိတ်ဖိတ်တောက် စင်္ကာပူကြီးကို ကြည့်ကာ အားရကြည်နူးသွားသည်။ မြန်မာနိုင်ငံမှာ ငါဆက်လုပ်နေရရင် အခုဆိုရင် မီးပျက်တဲ့ အိမ်ထဲမှာ ထိုင်ပြီး ဘီယာသောက်ဖို့ မဆိုထားနဲ့ ခြင်တွေ မောင်းထုတ်နေရင် နေရမှာလို့ တွေးရင်း ချခင်းထားသော Dream Bed ပေါ်သို့ သူ့ကိုယ်ခန္ဓာကြီးကို သက်တောင့် သက်သာဖြစ်အောင် နေရာချထားလိုက်သည်။

“ဟော..ကိုညီ..အဲဒီလေတိုက်ထဲမှာ အိပ်ပျော်နေပြန်ပြီ။ ထ..ထ..အခန်းထဲ ပြောင်းအိပ်။ ရှင်ကလေ ရှင့်ကိုယ်ရှင် ငယ်လှပြီ ထင်မနေ နဲ့” လို့ သူ့မိန်းမ စကားသံကို ကြားသောကြောင့် အိပ်မှုံစုံဖွား ထပြီး အခန်းထဲက အိပ်ယာသို့ ပြောင်းအိပ်လိုက်သည်။

ဦးညီလွင် အိပ်ရာပေါ်မှာ ခြေပြစ်လက်ပြစ် အိပ်ပျော်သွားသော အချိန်မှာလဲ စင်္ကာပူ စံတော်ချိန် သန်းခေါင် ရောက်ခါနီးပြီ။

သို့သော်…မြန်မာနိုင်ငံမှာတော့ ည ဆယ်နာရီတောင် မခွဲတတ်သေး။ တကယ်ကျတော့ မြန်မာနိုင်ငံ စံတော်ချိန်တွေကို ဦးညီလွင်မေ့ထားတာ ကြာပါပြီကောလား…

(စင်္ကာပူ)

စင်္ကာပူ စံတော်ချိန် သန်းခေါင်ယံတိတိ မှာတော့ စင်္ကာပူရဲ့ ဧည့်သည် သုံးယောက်လုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြလေပြီ။ သို့သော် သူတို့ သုံးယောက်ရဲ့ အိပ်မက်တွေကတော့ ထပ်တူကျ တူညီဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။
(ဖိုးထက်)

Photo credit – Irrawaddy Burmese


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ရသဆောင်းပါးစုံ, ရေခြားမြေခြား မြန်မာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments