ကေသွယ် – မြန်မာ့စာပေ နဲ့ အမျိုးသားရေးစိတ်

June 20, 2014

 

မြန်မာ့စာပေ နဲ့ အမျိုးသားရေးစိတ်
ကေသွယ်၊ ဇွန် ၂၀၊ ၂၀၁၄

လူတယောက်ဟာ  ကြီးပြင်းလာလို့   . . . တချိန်ချိန်မှာ  သူ့လူမျိုး ရဲ့ ဇစ်မြစ် သမိုင်းတွေကို စိတ်ဝင်စားလာတာ   လိုက်စားဖြစ်လာတာ  အနဲဆုံး . . . အချိန်ပေး ဖတ်ရှုဖြစ်လာတာ ဟာ.. သဘာဝ ကျတဲ့ ဖြစ်စဉ်တခုပါ။

အခုလဲ   ဒေါ်စု ရဲ့  စာတမ်းတချို့ ကို  စဖတ်ကြည့်တော့မှ  ၊ ဗမာ့သမိုင်းတွေ  ဗမာ့စာပေ တွေကို ၊ ရှေးမဆွထဲက နက်နက်နဲနဲ နှိုက်ယူ ထားနိုင်ပုံ ကို မယုံနိုင်စရာ ကောင်းလောက်အောင် တွေ့လိုက်ရတယ်။ အခု ဗမာ့စာပေ နဲ့ အမျိုးသားရေးစိတ်ဓါတ် ဆိုတဲ့ စာတမ်းက ၊ ၁၉၈၇ ခုနှစ် ကျိုတို တက္ကသိုလ်မှာ ဒေါ်စု စာတမ်းပြုစု ချိန်က ၊ ရေးသား ဖော်ပြခဲ့တဲ့ တခုပါ။

စာတမ်းမှာ  ၂၀ ရာစု အစောပိုင်း ကာလတွေကို ၀ံသာနု ခေတ် လို့ တင်စားထား ပြီး ၊ သမိုင်းကြောင်း အကျဉ်း နဲ့အတူ တင်ပြထားပါတယ်။ ၁၉၃၀ မှာ အင်ဒို- ဗမာ အရေးအခင်းကနေ မငြိမ်မသက်မူတွေ စဖြစ်လာတာ ၊ ကမ္ဘာ့စီးပွားပျက်ကပ်နဲ့အတူ ဆရာစံ သူပုန် ပေါ်လာတာ ၊ အဲဒီ နောက်  ၊  ဒို့ဗမာ အစည်းအရုံးကြီးနဲ့အတူ လက်ဝဲစာပေ တွေ ထွန်းကားလာရာကနေ  ၁၃၀၀ ပြည့်အရေးတော်ပုံ ကြီးဖြစ် ၊ နောက်ဆုံး ဒုတိယကမ္ဘာ စစ်မီး တောက်လောက် ကူးစက်လာတဲ့ ဗမာ့ နိုင်ငံရေး အခင်းအကျင်း ကြီးတွေ ကို အခြေခံလို့ပေါ့..။ အဲဒီ နိုးကြားလှုပ်ရှားမူတွေ မဖြစ်လာခင် တုန်းက.. ဗမာ့ ရှေးစာပေ တွေကို ၊ အုပ်ချုပ်သူ အနောက်တိုင်းသား ပညာရှင်တွေက စိတ်မ၀င်စား ကြ သလို အထင်လည်း မကြီး ပါဘူး။

အဲဒီ နေရာမှာ ထူးထူးခြားခြား စိတ်ဝင်စားဖို့ ကောင်းတာက၊  အဲဒီလို ဘယ်သူမှ စိတ်မ၀င်စား အလေးမထားတဲ့ အချိန် . . . ၁၉၁၀ လောက် မှာ ဗြိတိသျှ အရာရှိ လည်း ဖြစ် ပညာရှင်လည်း ဖြစ်တဲ့  J.S. Furnivall ကနေပြီး ၊  The Burma Research Society ဆိုတာ ကို စတည်ထောင်ပေးခဲ့တာ ပါပဲ။ ဗမာ အရာရှိ ဦးမေအောင် နဲ့ တွဲဖက်ပြီး သူကိုယ်တိုင် ကမ ကထ ပြုခဲ့တဲ့   သူ့ရဲ့ ရည်ရွယ်ချက်က ၊ မြန်မာလူမျိုးတွေ နဲ့ ဗြိတိသျှ လူမျိုးတွေ ကြားထဲက ၊ တူညီတဲ့  စိတ်ဝင်စားမူ တွေနဲ့ မြန်မာနိုင်ငံကြီးကို အကျိုးပြုနိုင်ဖို့ လို့ဆိုပါတယ်။ နောက်ပိုင်း “ဦးကြီး ဖာနီဗယ်” လို့ ချစ်စနိုးခေါ် လာကြတဲ့  အဲဒီ မျက်နှာဖြူ ကြီးရဲ့ ၊ မြန်မာ့သမိုင်း စာပေ တွေအပေါ် စိတ်စေတနာ ကြီးပုံတွေကို မြန်မာစာပေပညာရှင်တိုင်း သိကြပါတယ်။ ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက ၊ အဲဒီ အသင်းကြီးဟာ ၁၉၈၀ ခုနှစ်တွေ အထိကို ရှိနေခဲ့သေးတာပါ။ ( ဒေါ်စု ရဲ့  နောက်စာတမ်းတခု အရ- ဦးကြီးဖာနီဗယ်၏ Burma Book Club ကပဲ  မြန်မာပြည်ထဲကို လက်ဝဲစာပေ များ မိတ်ဆက်ပေးခဲ့ တာ .. လို့ ဖော်ပြထားပါတယ်)

တကယ်တော့ . . .  ခေတ်ပညာတတ်တွေ လည်းဖြစ်ကြ  မျက်နှာဖြူ အုပ်ချုပ်သူတွေ နဲ့ လဲ နီးစပ်ကြ လို့ ၊  ဗမာမျိုးချစ် တွေ အနေနဲ့ နှစ်နှစ်ကာကာ မရှိလှတဲ့ ၊  ဦးကြီး ဖာနီဗယ်တို့  ဒေါက်တာ လုစ် တို့   ဦးဖေမောင်တင် တို့ အုပ်စု တွေ နဲ့ . . . တခြား မစ်ရှင် ကျောင်းထွက် တွေကပဲ  ဗမာ့စာပေ သမိုင်းတခုကို စတင် ခဲ့ကြတာပါလား… လို့ ၊ စာတွေပေါ်ကနေ ရောင်ပြန်ဟပ်ပြီး တွေးကြည့် မိတယ်။ ဒီကြားထဲမှာမှ . . . ဆရာကြီး သခင်ကိုယ်တော် မှိုင်းတို့လို  ရိုးရာ ဓလေ့ ဘုန်းကြီးကျောင်းပညာတတ်  က၀ိ အကျော်ကြီးတွေ ကလည်း ၊ အပြိုင် ဆိုသလို ဖြစ်လာ ခဲ့တယ် မဟုတ်လား။ အဲဒီလို . . . ပါဠိ အထုံအမွှန်း ရှေးမြန်မာစာ အခန့် နဲ့ ခေတ်အမြင် ကမ္ဘာ့အတွေးတွေ ရောယှက်လာတဲ့ ၊ ခေတ်သစ် မြန်မာစာကို လှပ အဆင်ပြေစွာ ပေါင်းကူး ပေးခဲ့တာကတော့ ၊ ဆရာကြီး ဦးဖေမောင်တင် မွေးထုတ်လိုက်တဲ့  “ခေတ်စမ်း စာပေ”  ပဲ လို့  . . . စာတမ်းထဲမှာ သုံးသပ်ထား ပါတယ်။

တကယ်လည်း မြန်မာစာသစ် ရဲ့ အခန်းကို စတင် ဖွင့်လှစ် ခဲ့တဲ့ ၊ ပထမဆုံး ၀တ္တု  `မောင်ရင်မောင် မမယ်မ ( ၁၉၀၄)´ ကို ရေးသားခဲ့သူဟာ ၊ အောက်မြန်မာပြည်သား  မစ်ရှင်ကျောင်းထွက်  ခရစ်ယန်ဘာသာဝင်  ဂျိမ်းစ်လှကျော်(ဂျော်) ဖြစ်တယ်။ ၀တ္တုကတော့ ၊ နိုင်ငံခြားစာအုပ်ဖြစ်တဲ့ မွန်တီခရစ်စ်တို မြို့စားကြီးကို မှီငြမ်း ထားတာ ဖြစ်ပေမဲ့ ၊  ပထမဆုံး မြန်မာ ဇတ်လမ်းဝတ္တုတပုဒ် အဖြစ် သမိုင်းဝင် နေခဲ့တယ်။

သူ့နောက်မှာ ဆက်ထွက်လာတဲ့ ၊ ဦးလတ် ရဲ့ `စပယ်ပင်´(၁၉၁၂) နဲ့ `ရွှေပြည်စိုး´ (၁၉၁၄) ၀တ္တုကြီးတွေ အကြောင်းကိုလည်း ၊  ဒေါ်စုက သေသေချာချာ ဖတ်ရှု သုံးသပ်ထားပုံ ပါ။ ဦးလတ်ကလည်း  ရန်ကုန်သား  မစ်ရှင်ကျောင်းထွက်  အစိုးရ အရာရှိ။ အဲဒီ ဇာတ်လမ်းတွေ မှာ ၊ နိုင်ငံရေး ဆိုပြီး   တိတိပပ အရိပ်အယောင်တွေ မပါပေမဲ့ ၊ ခေတ် ရဲ့  လူမူစီးပွား မှန်ကူကွက် တွေ ဖြစ်တဲ့ ၊ ရိုးရာ အစဉ်အလာ နဲ့ ခေတ်ပညာတတ် တို့ရဲ့ ၀ိရောဒိတွေ . . . လူမျိုးခြားများ ၀င်ရောက် နေထိုင်မူရဲ့ နောက်ဆက်တွဲပြသာနာတွေ . . . ဒါတွေအပြင် ဘာသာရေးဆိုင်ရာ ထောက်ပြ ဆန်းစစ်ချက်တွေ ပါခဲ့တာမို့ ၊ သမိုင်းတန်ဖိုး ရှိခဲ့ တယ် လို့   ဆိုတယ်။
အဲဒီနောက်တော့ ၊ မြန်မာ့စာပေသမိုင်းမှာ အခု ထက်တိုင် လွှမ်းမိုး ပဲ့တင်နေသေးတဲ့  ဆရာကြီးသခင်ကိုယ်တော်မှိုင်း ရဲ့ ဋီကာ တွေပေါ့။ ဆရာကြီးရဲ့  လေးချိုးကြီးတွေကလည်း ၊ ခေတ်စနစ်နဲ့ ကျွန်ပြုခံ သာမန်ပြည်သူတွေ ရဲ့ နှလုံးသား နဲ့ ထပ်တူ ကျနေ ခဲ့တယ်။ စာတမ်းထဲမှာတော့ ၊ သခင်ကိုယ်တော်မှိုင်း ဆိုတာ ဒုတိယ ကမ္ဘာစစ် မတိုင်မီ ကာလ မြန်မာ့စာပေ ကို ၊ အများကြီး ကိုယ်စား ပြု ခဲ့ ပေ တယ် လို့ သုံးသပ်ထားပြီး ၊  ဂန္တ၀င်စာပေ အရေးအသား နဲ့ အသုံးအနှုံး တွေကို ထိန်းသိမ်း နိုင်သလောက် ၊  ကိုလိုနီ ခေတ် ပညာရေး က ထွက်ပေါ်လာတဲ့  လူငယ်တွေရဲ့ အတွေးအမြင် ခေတ်မှီမူတွေကိုလည်း.. လက်ဝဲစာပေတွေ အထိ လေးစား လက်ခံ အမီလိုက်နိုင် ခဲ့တဲ့ ၊ အမြင်ကျယ်သူ တယောက်အဖြစ် ရေးသား ထားပါတယ်။ ဒါပေမဲ့ ၊ သူ့ရဲ့ နောက်လိုက် တပည့် သာဝကတွေ သက်ဝင်ယုံကြည်တဲ့ မာ့က်စ် ရဲ့ ဆိုရှယ်လစ် အယူအဆ တွေကို ဘယ်လောက်ထိ . . . သူ တကယ် ဖမ်းဆုပ် ဖြစ်ခဲ့သလဲ ဆိုတာတော့  မေးခွန်းထုတ်စရာ ပါလို့  လည်း ၊ ဒေါ်စုက ထပ်ဆင့်မေးခွန်းထုပ် ထားပါတယ်။

၁၉၃၃ ကနေ ၁၉၃၄ အထိ ကိုတော့၊  “ခေတ်စမ်းစာပေကာလ” လို့ ဆိုပါတယ်။ ရန်ကုန်တက္ကသိုလ် ကြီးမှာ ၊ မြန်မာစာဌါန ကြီးတခု  ဖြစ်လာအောင် အားထုတ် ကြိုးပမ်းခဲ့တဲ့ ၊ ဆရာကြီး ဦးဖေမောင်တင် ရဲ့ တပည့်ရင်း တပည့်ဦး တွေ ဖြစ်တဲ့ ၊ သိပ္ပံ မောင်ဝ  ဇော်ဂျီ နဲ့ မင်းသုဝဏ် တို့ သုံး ဦးဟာ ခေတ်စမ်း စာပေ ရဲ့ ထင်ရှားတဲ့ ပုံရိပ် တွေ ဖြစ်ပါတယ်။ သူတို့အုပ်စု ဟာ ၊ ရှေး ဂန္တ၀င် စာ ပေ တွေကို လည်း နှံ့စပ်တဲ့အပြင် ၊ အင်္ဂလိပ်စာ – ပျူ – မွန် နဲ့ ပါဠိ စာပေ တွေကိုပါ ၊ ကျွမ်းဝင် ကြပါတယ်။ ပါဠိ အသုံး ကိုးကားမူ တွေ  နည်း နိုင်သမျှ နည်းနည်း နဲ့ ၊ ရိုးရှင်း တဲ့ ၀ါကျ တည်ဆောက်ပုံတွေကို အစောပိုင်း မှာ တော့ ၊ လက်ခံ အားပေးမူ မရခဲ့ ကြပါဘူး ။ ၁၉၃၀ လောက်မှာ ပေါ်ခဲ့တဲ့.. ဦးဖိုးကျား နဲ့  ပီမိုးနင်း စာတွေ ကိုလည်း ၊ ခေတ်စမ်း ရဲ့ ရှေ့ပြေးတွေ အဖြစ် ယှဉ်တွဲ သုံးသပ် ထားပါသေးတယ်။

ခေတ်စမ်း သုံး ယောက်ထဲမှာဖြင့် ၊ “သိပ္ပံမောင်ဝ” ကို ဝေဖန်အခံရဆုံး ဖြစ်တယ် လို့ ဆိုတယ်..။ အင်္ဂလိပ်မင်း တွေ အောက်မှာ၊  အမူထမ်းတဲ့ အိုင်စီအက်စ် အရာရှိ ဖြစ်နေခဲ့တာကို ၊ အကြမ်းဖျင်း စာဖတ် ပရိသတ်အနေနဲ့  လက်ညှိုးထိုးစရာ ဖြစ်နေခဲ့တာဟာ ၊ တကယ်တော့..စိတ်မကောင်းစရာပါ။ သူ့စာတွေက အခြေခံ လူတန်းစားကို အပေါ်စီးက ကြည့်တယ်လို့ ပြောသူပြော . . . မျိုးချစ်စိတ် မရှိသူလို့ ဆိုသူက ဆိုကြ ပါတယ်။ တကယ်တော့  သပိတ်မှောက် ကျောင်းသားလည်း  ဖြစ်ခဲ့ . . . အမျိုးသား ကျောင်းဆရာ လည်း  လုပ်ခဲ့ဖူးတဲ့ ၊ သိပ္ပံမောင်ဝ( ဦးစိန်တင်)ဟာ ၊ တရားဥပဒေ ကို အင်မတန် အလေးထားတဲ့ နိုင်ငံကြီးသားတယောက်ဖြစ်ပြီး ၊ ဒီလို တန်ဖိုးထားခြင်းဟာ – လွတ်လပ်တဲ့ တိုင်းပြည်တခုမှာ ဂုဏ်အင်္ဂါ တရပ် ဖြစ်ပေမဲ့  ၊ နိုင်ငံခြားသား အုပ်စိုးမူအောက်က ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ ပြည်သူတွေ အတွက်တော့ ၊ မေးခွန်းထုတ်စရာ ဖြစ်နေခဲ့ ရ ခြင်းပဲ. . . လို့  ဒေါ်စုက  သုံးသပ်ထားပါတယ်။ သိပ္ဗံမောင်ဝ ကို ဘင်္ဂါလီစာရေးဆရာတယောက်နဲ့ နှိုင်းယှဉ် ပြထားပြီး သူသာ အသက်ငယ်ငယ်ရွယ်ရွယ်မှာ မကွယ်လွန် ခဲ့ဖူးဆိုရင် ( ၁၉၄၁ မှာ ဓါးပြ သတ်လို့ အသက် ဆုံး ခဲ့ပါတယ်) လွတ်လပ်တဲ့ မြန်မာနိုင်ငံကြီးမှာ ၊ စာရေးဆရာ တယောက်အဖြစ် ဘယ်လို ပြည်သူ့ အကျိုးပြုလိမ့်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး . . . လို့ မှတ်ချက်ပြုထားပါတယ်။
ဇော်ဂျီ နဲ့ မင်းသုဝဏ် ရဲ့ ကဗျာစာပေ တွေမှာတော့ ၊ ဇော်ဂျီရဲ့ စာတွေ ဟာ. . .တော်လှန်ရေး နိုးဆော်သံတွေ  နိုင်ငံရေး အငွေ့အသက်တွေ ပါ ပြီး . . . မင်းသုဝဏ်က တော့  သဘာဝ တော တောင် အလှ နဲ့  ကျေးလက် သဘာဝတွေ   ကလေး ကဗျာတွေ မှာ ပိုပြီးသက်ဝင် တယ်လို့ . . . ခွဲခြား သုံးသပ်ထားပါတယ်။

အချုပ်မတော့ ၊ ခေတ်စမ်း စာပေ ကဗျာတွေဟာ  အတုံးလိုက် အတစ်လိုက် နိုင်ငံရေး ဝေါဟာရတွေ ၊ ချဲ့ကား စိတ်ကူးယဉ် ထားတဲ့ သမိုင်းကြောင်းတွေ မပါပဲ ၊ တကယ့် လူမူ သဘာဝကို  ဖော်ပြ ရင်း ၊ တပြိုင်တည်းမှာပဲ  ၀ံသာနု တရားတွေကို လည်း ပေါင်းကူးယှက်နွယ်ပေးလျက်က ၊ စာဖတ်သူတွေ ရဲ့ ရင်ထဲကို၊ အမျိုးသားရေးနိုးကြားမူတွေ မသိမသာ ကိန်းအောင်းစေခဲ့တယ်လို့ . . .  နှစ်သက်စွာ ရေးသားထားပါတယ်။

အဲဒီခေတ်က ၊  အမျိုးသားရေး နိုးကြားဖို့ ဆိုတဲ့  စေတနာ ရည်ရွယ်ချက် နဲ့ သမိုင်း နောက်ခံ စိတ်ကူးယဉ် ဇတ်လမ်းတွေကလည်း ၊ အတော့်ကို ထင်ရှား ခဲ့တာကိုး။ ဒေါ်စုက တော့်တော့် ကို နှိုက်နှိုက်ချွတ်ချွတ် လိုက်လံ ဖတ်ရှုထား ခဲ့ပုံပါ ။ သူမ နမူနာ ပြခဲ့တာတွေက ၊ လယ်တီပဏ္ဍိတ ဦးမောင်ကြီး ရေးတဲ့ ၊`နတ်သျှင်နောင် (၁၉၁၉)´  မဟာဆွေ ရဲ့ `သူပုန်ကြီး”(၁၉၃၆)၊   `စစ်ထွက်သူ” (၁၉၃၉) ၊ ဇေယျ ရဲ့

`မြတ်လေးရွှေဓါးဘို” ( ၁၉၂၁) ၊  ဦးသိန်းမောင် ရဲ့ ` ရဲမြန်မာ့ ”(၁၉၃၁) စသည်ဖြင့်  တော်တော့်ကို စုံ ပါတယ်။

နောက်ဆုံး ၊ ဒဂုန်ခင်ခင်လေး ရဲ့ `ရွှေစွန်ညို” ( ၁၉၃၃) ကို ဆိုရင် ၊ အသေအချာ တောင် ဇတ်ကြောင်းပြန် ပြ ထားပါသေးတယ်။ အဲဒီမှာ ၊  ကုန်းဘောင်မင်းဆက် အရှုပ်တော်ပုံတွေ ကြားကနေ ၊ ပြေးလာတဲ့ မင်းမျိုးနွယ် တယောက် ကစလို့ ၊  သူ့ရဲ့ မျိုးဆက် သုံးဆက်မှာ ၊  နောက်ဆုံး တရုတ် မြန်မာ နယ်ခြားက  လက်ဝဲ တော်လှန်ရေး သမား တယောက်ထိ ရေးပြထားတယ် ဆိုတော့ ၊  ဖတ်ကြည့်ချင် စိတ်တောင် ပေါက်လာပါတယ်။

“သိန်းဖေမြင့်” ကိုတော့ ၊ ဒေါ်စုက တော်တော့်ကို လေးလေးနက်နက် သီးသန့် ခေါင်းစဉ်တပ်ပြီး ရေးပြထားပါတယ်။ `သခင်ကိုယ်တော်မှိုင်း ဦးလွန်း အတ္တုပတ္တိ´ ဆိုတဲ့သူ့ ရဲ့ စာအုပ်မှာ ရေးခဲ့တဲ့ ၊  နိဒါန်း အမှာ ထဲက  စာသားတခုကို အသေအချာ ကောက်နုတ်ပြ ထား တာ တွေ့ရတယ်။  လူမူရေး နိုင်ငံရေးတွေမှာ ၊ မှားယွင်း ဖောက်ပြန်မူတွေကို လုံးဝ လျစ်လျူရှုထားလို့ မဖြစ်နိုင်ဘူး. . . စာရေးဆရာ တွေရဲ့ တာဝန်က ၊ ဒါတွေကို ထောက်ပြ ရုံတင် မဟုတ် ပဲ၊  အဖြစ်နိုင်ဆုံး ဖြှေရှင်း နိုင်တဲ့ နည်း လမ်း တွေကိုပါ လမ်းညွှန် ထောက်ပြပေးသင့်တယ်— ဆိုတဲ့ သဘောမျိုးပါ။

ဒေါ်စု ကိုယ်တိုင် ပြောတာကလည်း ၊ စာရေးဆရာ တွေ ဟာ ၊  ပြည်သူတွေရဲ့ ရင်ခုန်သံ နဲ့ ဝေးပြီး ၊ သူတို့ရဲ့ အသိပညာ အတတ်ပညာ လေး ထဲမှာတင် ရှိမနေသင့် သလို. . . တဖက်ကလည်း ပြည်သူကို ခင်းပြ ချပြ ရမဲ့ ၊ နည်းလမ်းကောင်းတွေ အတွေးအခေါ် အသစ်တွေကို လည်း  အမြဲ ဆန်းသစ် ဖော်ထုပ် နေသင့်တယ်လို့  . . . ဆိုထားပါတယ်။

နောက်ဆုံးပိုဒ်မှာ သူမ ထောက်ပြတဲ့ စိတ်ဝင်စားစရာ တချက်ကတော့ ၊ ဗမာပြည်ထက် ကိုလိုနီ သက်တမ်းပိုရှည်တဲ့  ပိုစောတဲ့ ၊ အိန္ဒိယ နိုင်ငံမှာတော့ ၊ စာရေးဆရာ တွေ ပညာရှင်တွေဟာ   အနောက်နိုင်ငံသားတွေ ရဲ့ ၁၈ ရာစု လစ်ဘရယ် ထုံးစံ အမူအကျင့်တွေ ကို  ပိုမို ထိတွေ့ ကူးစက်ခွင့် ရခဲ့ပြီး ၊ အဲဒီ ရလဒ်တွေ အဖြစ် . . . ၁၉ ရာစု လောက်ကတည်းက ဖွဲ့တည်လာတဲ့ ၊ လစ်ဘရယ်အယူအဆ တွေနဲ့  ၂၀ ရာစု အစောပိုင်း လွတ်လပ်ရေးလှုပ်ရှားမူ တွေကို ၊ တည်တည်ငြိမ်ငြိမ် ဆောင်ရွက်နိုင်ခဲ့တယ်လို့ . . . ဆိုပါတယ်။ ဒါဆိုရင် ၊ ဗမာနိုင်ငံမှာ  ၂၀ရာစု အစောပိုင်းကမှ   အသက်ဝင်လာခဲ့တဲ့ စာပေ လှုပ်ရှားမူတွေ နဲ့အတူ  ၁၉၃၀ ပိုင်းလောက်မှာ ဖြစ်နေတဲ့ ၊ မြန်ဆန်တဲ့ အပြောင်းအလဲ  ကမ္ဘာ့အခင်းအကျင်းတွေ   ရုံးကြွလာတဲ့ ၀ံသာနုအမျိုးသားစိတ်တွေ ကတော့ ၊  လစ်ဘရယ် အခြေခံ တွေနဲ့  အလှမ်းဝေးခဲ့လို့များ  ပြသာနာတွေ မငြိမ်းနိုင်ခဲ့လေ သလား လို့  . . .  ကိုယ့်ဖာသာ ဆက်ပြီး စဉ်းစားနေ မိသေးတယ်။
ဒေါ်စုက ၊ ဒီ စာတမ်းကို ပြုစုတဲ့အခါ၊  တမင်တကာကိုပဲ  ပညာရပ်ဆန်တဲ့ အကိုးအကား စာအုပ်တွေကို မသုံးပဲ ၊ အဲဒီ ၀ံသာနု ခေတ်ကာလက ၊ ပြည်သူတွေကြားထဲမှာ ထဲထဲဝင်ဝင် နှစ်နှစ် ခြိုက်ခြိုက် ရှိခဲ့တဲ့ ၊  စာအုပ်တွေ – စိတ်ကူးယဉ် ၀တ္တု တွေကို အသုံးပြုခဲ့ တာလို့ ဆိုပါတယ်။ အဲဒါမှလည်း ၊ ပြည်သူထဲက လာတဲ့ ရင်ခုန်သံ စစ်စစ် စိတ်ဆန္ဒအမှန်တွေကို ၊ နားလည် သုံးသပ်နိုင်မှာ မဟုတ်လား. . .။ ရာဇ၀င် ဆိုတာတွေကတော့ ၊ နံမယ်နဲ့လိုက်အောင်  မင်းစိုးရာဇာတွေရဲ့ အကြောင်းတွေ ချည်းပဲ မို့လို့ . . . အဲဒီ ခေတ်တွေက  ရှားရှာပါးပါး ဦးပုည ရဲ့ ရေသည်ပြဇတ် လို သရုပ်မှန် စာပေမျိုးလေး တွေက လွဲရင် အားလုံးလိုလိုက မှန်နန်းဆောင် ပေါ်က ၊ သမိုင်းတွေ ချည်း ဖြစ်နေခဲ့တာပဲ လေ။

အဲဒီလို ပြည်သူ့ စာပေတွေ မပေါ်သေးတဲ့ ခေတ်တွေကနေ. . . ပြည်သူ့ စာပေတွေ အင်နဲ့ အားနဲ့ ရုန်းကြွ လာခဲ့ ။ အခုတော့လည်း . . . ပြည်သူ့ အသံ တွေဆိုတာ   သောသောကို ညံ လို့ . . . ။
ကေသွယ်

မတ် ၂၂ ၊ ၂၀၀၉

Ref: Literature and Nationalism in Burma, Freedom from Fear by Aung San Suu Kyi


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, ကေသွယ်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်