ဆလိုင်းရွှေလင်း – ဖိနပ်ကြောင့် . . .

June 24, 2014

ဖိနပ်ကြောင့် . . .
၊ ဇွန် ၂၄၊ ၂၀၁၄

ကန်ပတ်လတ်မြို့နယ်အသင်း ဖွဲ့စည်းနိုင်ဖို့ အထူးကြိုးပမ်းခဲ့သူ ဦးခိုင်ထွန်း(ကွန်လွန်)က ပြောဖူးသည်။ “ကျွန်တော်က အသက် ၂၀-ကျော်မှ ဖိနပ်ဆိုတာ စီးဖူးတာ” တဲ့။ လူထွေးလဲ အသက် ၈-နှစ်လောက်မှာမှ ဖိနပ်ကို စ၍ စီးဖူးသူဖြစ်သည်။ လူထွေးတို့ တစ်ရွာလုံးတွင် ဖိနပ်ကို အမြဲတစေ စီးသူဟူ၍ မရှိခဲ့။ အားလုံး ဖိနပ်ဗလာဖြင့်သာ အတက်အဆင်း အသွားအလာ လုပ်ကြရသည်။ ဖိနပ်မစီးရလို့ အနေခက်သူ တစ်ဦးမျှ မရှိ။

လူထွေး၏ဖခင်က ရွှာသူကြီးဆိုတော့ စစ်သားအချို့ ရွာသို့ ပြန်ရောက်လာလျှင် လေးစားသမှုဖြင့် စစ်ဖိနပ် အဟောင်းတွေ တပတ်နွမ်းတွေကို လက်ဆောင်ပေးကြသည်။ ဖခင်ကြီးကလဲ ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူစွာ လက်ခံထားသည်။ သို့သော် တရံတခါမျှ ထုတ်စီးသည်ဟူ    ၍ မရှိ။ နောင်တွင် သိရသည်မှာ ဖခင်ကြီး၏ခြေထောက်အရွယ်နှင့် ဖိနပ် sizeက မကိုက်သည့်အတွက် စီး၍ မရ။ ချောင်လွန်းနေသည်။ (သို့) ကြပ်လွန်းနေသည်။ အရွယ်အစားကိုက်လျှင်ပင် စီးကာစ၌ ဖိနပ်ပေါက်တတ်သေးရာ၊ အရွယ်မကိုက်ခြင်းကြောင့် ဖခင်ကြီး မစီးနိုင်ပါလေ။

လူထွေးတို့ကလေးတွေသာ ထိုစစ်ဖိနပ်တွေ၊ ကင်းဗတ်စ်ဖိနပ်တွေကို ခြေထောက်စွပ်၍ သွားလာဆော့ကစားနေကြသည်။ လူက ဖိနပ်ကိုစီးခြင်းမျိုးမဟုတ်ပဲ ဖိနပ်က လူကို စီးခြင်းမျိုး ဖြစ်နေသည်။ ဖိနပ်ချောင်လွန်းနေသည့်အတွက်လည်းကောင်း၊ ဒူးခေါင်းနီးပါးလောက်ရောက်နေပြီး ကြီးလွန်းနေ၍ လည်းကောင်း၊ ဖိနပ်ကို ကျွတ်ကျန်ရစ်မှု မဖြစ်အောင် သယ်ဆောင်စီးနင်းနေရ၍ ဖြစ်သည်။ မတ်စောက်သော အတက်အဆင်းများ၌ အန္တရယ်ရှိသဖြင့် ချွတ်ပြီး လက်နှင့်ကိုင်သွားရသေးသည်။ သို့ဂလောက် ကြိုးစားပမ်းစား စီးနေသည့်ကြားက ဖိနပ်ကြီးတွေနှင့် ဆော့နေရသလားဟု မိဘလူကြီးတွေက မြည်တွန်တောက်တီးတာလဲ ခံရသေးသည်။

လူထွေး ၇-နှစ်သားလေက်တွင် ရွာမူလတန်းကျောင်း၌ စတက်ရသည်။ ကျောင်းဆရာတို့ မိသားစုမှလွဲ၍ မည်သည့်ကျောင်းသား ကျောင်းသူမျှ ဖိနပ်စီးသည်ကို မတွေ့ရ။ စာကို ဘယ်လိုမှ စိတ်မဝင်စားသော လူထွေးသည် ဝမ်းကွဲညီကိုတစ်ဦးနှင့်အတူ ကျောင်းအနီးရှိ ချောင်းငယ်သို့သွားကာ ကျောက်တုံးများအပေါ်၌ ကျောက်တံကို သွေးကြ၏။ ထို့နောက် တိုင်ပင်ညီညွတ်ကြပြီးလျှင် ချောင်းရိုးအတိုင်း အထက်သို့ ဆန်တက်ကြ၏။ ဆွေမျိုးများတောင်ယာခင်းသို့ဝင်၍ သခွါးသီးတို့ကို ခူးဆွတ်စားသောက်ကြ၏။ တနေကုန် ကျောင်းပြေးကြ၏။ နောက်ပိုင်းတွင် လူထွေး ငယ်သေးသည်ဟုဆို၍ မိဘများက ကျောင်းမထားကြတော့ပေ။

၁၉၇၂ လူထွေး ၈ နှစ်သားလောက်တွင်မူ အကိုအမများ တက်ရောက်နေသော ကန်ပက်လက်မြို့ အ-လ-က သို့ သွားတက်ရ၏။ ထိုစဉ်က မြို့ဟောင်းနေရာ ဖြစ်၍ အထက ကျောင်းပင် မရသေးပေ။ လူထွေးကား ညီကို မောင်နှမ ၉- ယောက်တွင်အငယ်ဆုံး ဖြစ်၍ အားလုံးက ချစ်ကြ အလိုလိုက်ကြရာ စာတတ်ဖို့ မလွယ်ဟု အကြောင်းပြလျက် အကိုကြီးဖြစ်သူက မြို့ပေါ်သို့ သွားတက်စေခြင်း ဖြစ်သည်။ သူ့ကို ရာဘာဖိနပ်လေး ဝယ်ပေးထားရာ သူ့ခမြာ အတော်လေးပင် ကြိုးစားပမ်းစား စီးနေရ၏။ စီးကျင့်မရှိသဖြင့် သွားရင်းလာရင်း ဖိနပ်က ကျွတ်ကျန်ရစ်ခဲ့သည်။ သဲကြိုးတိုင်ကို ခြေညှိုးနှင့် ခြေမဖြင့် ဖိကုတ်ထားရသည်။

(၁၉၉၀ ပြည့်လွန်နှစ်များတွင် လူထွေးသည် မိခင်ကြီးကို ရန်ကုန်သို့ ခေတ္တခေါ်ထားရာ တစ်သက်လုံး ဖိနပ်မစီးခဲ့သော မိခင်ကြီးသည်လည်း ဖိနပ်စီးရာ၌ ဒုက္ခ ရောက်နေတော့၏။ အသက် ၇၀ နီးပါးမိခင်ကြီးအတွက် မိတ်ဆွေတစ်ဦး၏ အကြံပေးချက်အတိုင်း ညှပ်ဖိနပ်အစား ကင်းဗတ်စ်ဖိနပ်ကို စီးစေတော့မှ အဆင်ပြေသွားတော့၏။ )

ထိုကာလက ဖိနပ်တစ်ရံ ဝယ်ပြီဆိုလျှင် အောက်ခံ ရာဘာများ ပါးလှပ်ပေါက်ပြဲသွားမှ စွန့်ပစ်တတ်ကြသည်။ သဲကြိုးကတော့ ခဏခဏပင် ပျက်၏။ သဲကြိုးအပိုများကို ဝယ်ထားပြီး ပြတ်သော အဟောင်းကို ဖြုတ်၍ သဲကြိုးအသစ်ကို တပ်ကြရသည်။ ထိုစဉ်က ရာဘာနည်းပညာလည်း မတိုးတက်သေး။ ဖိနပ်ဈေးလည်း တော်တော် ကြီးဟန်တူသည်။ (လူထွေးတို့ ရပ်ကွက်ထဲတွင်နေသော အသက် ၇၀ ကျော်ဦးလေးကြီးတစ်ဦးက ၁၉၇၀- ဝန်းကျင်လောက်တွင် ထိုခေတ်က ထင်ပေါ်ကျော်ကြားသော ဆင်ကြယ်ရာဘာဖိနပ် အစစ်တန်ဖိုးမှာ ထိုခေတ်ရွှေဈေး၏ ၁၀ပုံ ၁ပုံ ပင်ရှိကြောင်း ယခုခေတ် ရွှေဈေးနှင့် တွက်ကြည့်လျှင် ကျပ် ၇-သိန်းလောက်ရှိကြောင်း အလှူအတန်း အခန်းအနားများ၌ ထိုဖိနပ်မျိုး မကြာခဏ ပျောက်လေ့ရှိကြောင်း ပြန်ပြောပြလေ့ရှိပါသည်။)

ဖိနပ်ကို ကြိုးစားပမ်းစား စီးကျင့်နေသော လူထွေးသည် မော်လမြိုင် ဓမ္မပါလကျောင်းတိုက်သို့ ရောက်သောအခါ ဖိနပ်တန်ဖိုးကို မျက်ဝါးထင်ထင် တွေ့လာရ၏။ ကျောင်းတိုက်ကြီးက ကျယ်သလောက် ချုံနွယ် ပေါင်းမြက်တွေ ဂမူတောင်စောင်းတွေ ပေါလှ၏။ ကျောင်းအားရက်များတွင် ကိုရင် ကျောင်းသားတွေ ချုံ ရှင်းကြ၊ အပင်စိုက်ကြရသည်။ ကျောင်းဝင်း၌ လူတွေ ဖိနပ်စီးခွင့် မရှိသဖြင့် ဆူးစူးခြင်းမျိုး ကျောက်တုံးကို ခလုတ်တိုက်မိခြင်းမျိုး မကြာခဏဖြစ်၏။ အညစ်အကြေးများကိုလည်း မကြာခဏ တက်နင်းမိတတ်၏။ ကျောင်းဝင်းထဲမှာ ဘာ့ကြောင့်များ ဖိနပ်စီးခွင့် မပြုပါလဲဟု တွေးတောမိလာ၏။ (နောင်တွင် တောင်မြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာ ဘိဝံသ၏ စာကို ဖတ်ရသောအခါ ကျောင်းဝင်း၌ အညစ်အကြေးမဖြစ်စေဖို့ ဖိနပ်စီးသင့်ကြောင်း ဖော်ပြထားသဖြင့် သဘောကျကြည်ညိုသွားပါသည်။) ဖိနပ်မစီးခြင်းကြောင့် ခြေဖဝါးပြင်ကို ဖောက်၍ဝင်သွားသော ပိုးမွှားများအကြောင်း ပညာပေး ရုပ်ရှင်ကိုလည်း ကြည့်ဖူးသည်။

လူထွေးအရွယ်ရောက်လာသောအခါ ဗုဒ္ဓဓမ္မအလိုကျ တွေးခေါ်ကျင့်သုံးဖို့ ကြိုးစားသည်။ ဖိနပ်ဆိုသည်မှာ အပူအအေးဒဏ်၊ အညစ်အကြေးဒဏ်၊ ဆူးစူးမှုဒဏ်များကို ကာကွယ်ပေးဖို့သာ အဓိကဖြစ်သည်။ ထိုသို့ ကာကွယ်ပေးနိုင်လျှင် ဘယ်ဖိနပ်အမျိုးအစားမဆို အသုံးဝင်သည်သာ ဖြစ်၏။ ထိုသို့ ခံယူ၏။ သို့သော် မဒန်လူထွေးကတော့ လက်မခံ။ တောင်းမှာအကွပ်၊ လူမှာ အဝတ်ဆိုသလို ဖိနပ်အမျိုးအစားကောင်းခြင်း၊ ဈေးကြီးခြင်း၊ အမည်ကျော်ကြားခြင်းတို့ ကြောင့် အထင်သေးမှု အထင်ကြီးမှု ဖြစ်နိုင်ပုံကို ရှင်းပြသည်။ လူထွေးကလည်း ဖိနပ်ဆိုသည်မှာ ……….. ဟု အစချီ၍ သူ့ခံယူချက်ကို ရှင်းပြ၏။ သို့သော်မဒမ်လူထွေးသည် သူမ၏ ဗီတိုအာဏာကို အသုံးပြုပြီးသကာလ “ တန်ဖိုးနည်း စုတ်စုတ်ပြတ်ပြတ် ဖိနပ်မျိုးနဲ့ဆိုလျှင် တွဲမသွားဘူး” ဟု ငြင်းဆန်လေသည်။ ထို့ကြောင့် လူထွေးလည်း သူ့ဇနီးဝယ်ဆင်ပေးသော သူမကြိုက်သော တန်ဖိုးကြီးသော ဖိနပ်မျိုးကို စီးနေရလေတော့၏။ တန်ဖိုးကြီးသဖြင့် ပျောက်ရှသွားမှာ ပူပင်ရသော ဒုက္ခကြီးကလဲ ပိုလာသေး၏။ ဖိနပ်ကို ဖိနပ်ဟုမမြင်၊ အဘယ်ရွေ့အဘယ်မျှ တန်ဖိုးရှိသော ငွေထုပ်ကြီးဟု မြင်နေရ၏။ လူက ဖိနပ်ကို မစီးရ၊ ဖိနပ်က လူကို စီးနေသကဲ့သို့ ရှိချေ၏။

မဒမ်လူထွေးကိုယ်တိုင်လည်း ဖိနပ်နှင့်စပ်လျဉ်းသော ဒုက္ခဆင်းရဲများ မကြာခဏ ကြုံတွေ့ရလေ့ရှိသည်။ တစ်ရံခါတွင် သူမအလွန်ကြိုက်သော ဖိနပ်မှာ ဈေးကြီးလွန်သဖြင့် မဝယ်နိုင်ရှာ။ ကျပ်ငွေ ၄ သောင်းကျော်သဖြင့် အောင့်အီး စောင့်စည်းနေရ၏။ ထိုဖိနပ်မျိုးကို promotion ပွဲတစ်ခုတွင် ကျပ်ငွေ ၂ သောင်းကျော်ဖြင့် ဈေးချရောင်းလေရာ မဒမ် လူထွေးလည်း အပြေးအလွှားဝယ်၏။ ထီပေါက်သူကဲ့သို့ ဝမ်းသာနေ၏။ သို့သော် ထိုဝမ်းသာခြင်းမှာ သစ်ကိုင်းထက်၌ လာနားသော ငှက်ကဲ့သို့ ပျံသန်းထွက်ခွာသွား၏။ အကြောင်းမှုကား တစ်လကျော်စီးရုံနှင့် ကွာဟပျက်စီးလာသောကြောင့် ပင်တည်း။

လူထွေးလည်း နိုင်ငံခြားသို့ရောက်၍ ညှပ်ဖိနပ်အစား ကွင်းထိုးဖိနပ်တစ်မျိုးကို စမ်းသုံးကြည့်ရာ များစွာသဘောကျလေတော့၏။ လမ်းလျှောက်ရာ၌ အလိုက်သင့်ပါလာသည့်အပြင် ကြည့်ရှုလို့လည်း တော်တော်ကောင်းသည်ဟု သူထင်၏။ ထိုနေ့ထိုရက်မှ အစပြု၍ လူထွေးလည်း ကွင်းထိုးဖိနပ်ကိုသာစီးကာ ဖိနပ်ရောဂါကို ရသွားလေတော့၏။ သူ GTI တက်ခဲ့စဉ်က ဖိနပ်ဆွေးဆွေး လူဆွေးဆွေးဟု ပြောစမှတ်တွင်လောက်အောင် တာရှည်ခံသော အမည်ကျော်သော မြင်းကျယ်ရာဘာဖိနပ်ကို နှစ်အတန်ကြာ စီးခဲ့ရကြောင်း သတိရပုံ မပေါ်တော့ပေ။

တစ်ရံခါ၌ မဒမ်လူထွေးသည် ဒေါက်မြင့်ဖိနပ်တစ်ရံကို စိတ်လိုလက်ရဝယ်လာပြီးလျှင် စီးနေ၏။ မကြာမီ ရှုံ့မဲ့ငြီးငြူပြီး မစီးတော့ပေ။ အကြောင်းမှာ သည်းခံစိတ်ရှည်စွာ စီးပါသော်လည်း ဖိနပ်ပေါက်ပြီး အသားမကျနိုင်သောကြောင့် တည်း။ ဒါလည်း တစ်ဒုက္ခပါလားဟု လူထွေးမှတ်ချက်ပြု၏။ ဒေါက်မြင့် ဖိနပ် စီးခြင်းကြောင့် အမျိုးသမီးတွေ တင်အလှ ပေါ်ထွက်လာသော်လည်း ကိုယ်လုံးအချိုးအဆစ် စနစ်ကျနမှုကို ထိခိုက်စေသဖြင့် ကျန်းမာရေးနှင့် မညီကြောင်း ဆေးပညာ သုတေသနဆိုင်ရာ သတင်း တစ်ပုဒ်၌ ဖတ်ရ၏။ လူထွေးပျော်နေသည်။ မဒမ်လူထွေးမှာ ဒေါက်မြင့် မစီးရတော့ခြင်းကြောင့် ကျန်းမာရေး မထိခိုက်နိုင်တော့။

လခစားဝန်ထမ်း ယောင်္ကျားလေးတစ်ဦးမှာ ချစ်သူရှိ၏။ ထိုချစ်သူ၏မိခင်က “ ငါ့သမီးကို လိုချင်ရအောင် နင့် လစာက ငါ့သမီး ဖိနပ်တစ်ရံဖိုးတောင် ရှိလို့လား” ဟုဆိုသည်။ ရုပ်ရှင်ဇာတ်ဝင်ခန်းထဲက စကားမဟုတ်။ အပြင်မှာလည်း ကြားရတတ်သော စကားပင်ဖြစ်သည်။ ယခုအခါ ဖိနပ်အမျိုးအစားကို လိုက်၍ ထောင်ဂဏန်းမှ သိန်းဂဏန်းထိရှိ၏။ ဖိနပ်သည် ( န = စနေနံ ) ဖြစ်ခြင်းကြောင့် အဝင်မခံထိုက်၊ စွန့်ပစ်လေ ကောင်းလေဟု ယူဆသူကလည်း ရှိသေးသည်။ အလကားရလျှင် ကောက်ရလျှင် မယူသင့်ဟုဆိုကြ၏။ သို့သော် တစ်ခုပြီးတစ်ခုဝယ်ပြီး ဘာ့ကြောင့်အဝင်ခံကြပါလိမ့်ဟုလည်း တွေးတောစရာ ဖြစ်နေသည်။

မိန်းကလေးတွေသာမက ယောင်္ကျားလေးတွေလည်း ဖိနပ်ရောဂါထကြလေသည်။ လခ ၅ သောင်းလောက်ရသူ လူငယ်တစ်ဦးသည် ကြိုးစားပမ်းစား အလုပ်ဆင်းနေ၏။ မိဘများက ခိုင်းလျှင် တစ်ခုမျှ လက်ကြောတင်းအောင်မလုပ်သူသည် ထိုသို့ အပင်ပန်း ခံနေသည်မှာ အကြောင်းရှိ၏။ ၈ သောင်းခန့် ပေးမှ စီးရမည့် ဖိနပ်တစ်ရံကို လိုခြင်းသောကြောင့် ဟု ဆိုလေသတည်း။ ဩော်……….. စွဲလမ်းမှုက အဖုံဖုံ ၊ရှုးနည်းက အစုံစုံပင်တည်း။

ဈေးကြီးသော ဒေါက်ဖိနပ်ချွန်ချွန်ကို စီးနေစဉ် ဟန်ချက်ပျက်ကာ ချော်လဲ၍ အရှက်တကွဲ အကျိုးနည်းဖြစ်သွားသော မိန်းကလေးငယ်တစ်ဦးအကြောင်းလည်း ကြားဖူး၏။ ဒေါက်ဖိနပ်ချွန်ချွန်ဖြင့် တက်နင်းမိသောကြောင့် ထိခိုက်ဒဏ်ရာ ရသွားသူကို ဆေးဖိုးလျော်လိုက်ရတာမျိုးလည်း ကြားရဖူးသည်။

ရဟန်းများသည် ဆွမ်းခံလျှင် ဖိနပ်စီးလေ့ မရှိကြ။ မြတ်ဗုဒ်ဓက ဝိနည်းဒေသနာတော်တွင် ကျန်းမာသော ရဟန်းများအား ဖိနပ်စီးခွင့် မပေးကြောင်း၊ ပလိဗောဓ ဖြစ်ခြင်းကြောင့် တားမြစ်ခဲ့တာဖြစ်ကြောင်း ကြားဖူးသည်။ သို့သော် အနူပညတ်အရ အချို့အချက်များအား ပြန်လည် ခွင့်ပြု ခဲ့သည်ဟု မှတ်သားဖူးသည်။

ဆရာစန္ဒြ၏ ဘဝခရီးနှင့် အတွေ့အကြုံများ စာအုပ်တွင် ဟိန္ဒူ ယောဂီများ ကျင့်သုံးသော ကျန်းမားရေးနည်းလမ်းတစ်ခုကို တင်ပြထား၏။ ဖိနပ်မစီးပဲ လမ်းလျှောက်ခြင်း ဖြစ်သည်။ ခြေဖဝါး၌ အကြောပေါင်းစုံရှိရာ ဖိနပ်မစီးဘဲ လမ်းလျှောက်ခြင်းဖြင့် ခြေဖဝါးအကြောများကို နိုးကြားလှုပ်ရှားပေးရာရောက်၍ ကျန်းမာစေသည်ဟု ဆို၏။ ထိုသို့ဆိုလျှင် တစ်သက်လုံး ဖိနပ်မစီးဘဲ နေခဲ့သော လူထွေးတို့ရွှာက ယခင်ရွာသားများသည် ကျန်းမာခဲ့ အသက်ရှည်ခဲ့သည်မှာ ထိုနည်းကြောင့် ဖြစ်နိုင်သည်။ ဆူးစူး၍၊ သံစူး၍၊ အညစ်အကြေးနင်းမိ၍၊ တောင်ယာခင်းမီးလောင်ပြင်နင်းမိ၍ ကြမ်းထော်အက်ကွဲနေသော ခြေထောက်များ ပိုင်ရှင် ရွာသားများ၌ ထိုအကြောင်းများကြောင့် ကျန်းမားရေးထိခိုက်ကာ အသက်တိုသွားရသူများလည်း ရှိနိုင်သည်သာ ဖြစ်၏။

နိုင်ငံအလိုက် စာရင်းကောက်ကြည့်လျှင် ဖိနပ်နှင့် ပတ်သတ်၍ လိုအပ်ချက်အရ စီးနေခြင်းထက် လိုချင်မှုအရ စီးနေခြင်းများက ပို မို နိုင်သည်။ ဖိနပ်လှလှလေးတွေမြင်၍ အငမ်းမရ ဝယ်ကြသည်။ သို့သော် ခဏလေးနှင့်ပျက်၍ ထပ်ဝယ်ကြရပြန်သည်။ ဖိနပ်ထုပ်လုပ်ရောင်းချသူတွေကတော့ မြန်မြန်ပျက်လေ များများထုတ်၍ များများ မြတ်လေဟု ဆိုကြပေလိမ့်မည်။

လူထွေး၏တောင်တောင်အီအီ အတွေးများကို မဒမ်လူထွေးက သရော်၏။ “ကျူပ်တို့ ဖိနပ်ဝယ်တယ်ဆိုတာ ဘာဟုတ်သေးလို့လဲ။ ဖိလပ်ပိုင်နိုင်ငံရဲ့ အာဏာရှင် သမ္မတ မားကို့စ်ရဲ့ ကတော်လေ……..။ အဲ့ဒီ့အမျိုးသမီးရဲ့ဖိနပ်တွေ ထောင်ပေါင်းများစွာ ရှိသတဲ့။ တစ်နေ့တစ်ရံစီးရင်တောင်၊ ဒီတစ်သက် စီးမကုန်ဘူးဆိုပဲ” ဟု ပြော၏။

လူထွေးက ဆို၏။ “ တို့နိုင်ငံရဲ့ အမည်ကျော် အနုပညာရှင်တွေ အဆိုတော်တွေလည်း မခေပါဘူးကွ။ ပွဲလေးတစ်ခုတက်ရဖို့ စင်္ကာပူသွားပြီး ဖိနပ်နှင့် အသုံးအဆောင်တွေ ဝယ်သတဲ့။ ကျပ် ၅ သိန်းတန် ဖိနပ်ရှိသတဲ့။ လူနေမှု အဆင့်အတန်းကွာခြားချက် ကြီးမားနေတဲ့ တို့နိုင်ငံမှာ shopping ထွက်ပြီး ငွေတွေဖြုန်းနေ၊ အဲ့လေ…………..။ သုံးနေလိုက်ကြပုံများ ”

မဒမ်လူထွေးက တုံ့ပြန်၏။ “ သူတို့ရှိလို့ သူတို့သုံးတာပဲ။ ရှင့်ငွေကိုလာသုံးလို့လား။ ကိုယ်ကဖြင့် မရှာနိုင်ပဲနဲ့များ ”

လူးထွေးကလည်း အညံ့မခံ “ စားစရာ မရှိတဲ့သူနဲ့ ထားစရာ မရှိတဲ့သူ ……… ဒီနှစ်မျိုးပဲ ရှိလာရင် အန္တရာယ်များမယ်။ ဒါတွေကြောင့် ဘုံစနစ်ဆိုတဲ့ ကွန်မြူနစ်တွေ ပေါ်ခဲ့တာ။ အကောင်းဆုံးလို့ ငါထင်တာကတော့ ဗုဒ်ဓတရားရဲ့ အဆုံးအမပဲ။ လိုအပ်ချက်ကိုပဲ ဦးစားပေးဖို့၊ လိုချင်မှုကို ရှေ့တန်းမတင်ဖို့ ဆုံးမခဲ့တယ်။ သံဃာတွေ ပစ္စည်းလေးပါးသုံးဆောင်တဲ့အခါ ကျန်းမာဖို့၊ ခန်ဓါကိုယ် တည်တံ့ရေးဖြစ်ဖို့၊ ရဟန်းအလုပ် လုပ်နိုင်ဖို့၊ တစ်နည်းအားဖြင့် လိုအပ်ချက်အရပဲ သုံးဆောင်ကြတယ်။ လူတွေက ရဟန်းတွေလောက် မကျင့် နိုင်ဘူးပေါ့။ သို့ပေမယ့် ကျင့်သင့် သလောက် ကျင့်ဖို့လိုတယ်လေ။”

မဒမ်လူထွေ၏ အောက်ပါစကားကြောင့် လူထွေးလည်းအသာလေး ငြိမ်နေရလေတော့သည်။ ငြိမ်ချင်၍ ငြိမ်ခြင်းကား ဟုတ်ဟန်မတူ။ “ကဲ ကဲ … ဓမ္မကထိကရေ။ ဘုန်းကြီးသာ ဝတ်လိုက်ပေတော့။”

Photo Credit – www.josscrowcroft.com


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

One Response to ဆလိုင်းရွှေလင်း – ဖိနပ်ကြောင့် . . .

  1. glass on June 24, 2014 at 4:10 pm

    အယ်ဒီတာကြီးများ ခင်ဗျား..သတ်ပုံလေးတွေ စီစစ်ပြီးမှ တင်ပေးရင်ပိုကောင်းမည်ထင်ပါသည်.. ဒီအတိုင်းဆက်သွားနေလို့ကတော့ မြန်မာစာ ပျက်ပါပြီ..

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်