ကိုသန်းလွင် – ကျောင်းဆရာ

June 25, 2014

ကျောင်းဆရာ
၊ ဇွန် ၂၅၊ ၂၀၁၄

(၁)

ခြင်္သေ့မ ကလေးမွေးရာသို့ မြေခွေးမက မီးနေသည် အမေးရောက် လာသည် “ ဟောတော့ ကလေးမွေးတာ ကလဲ တကောင်ထဲတော့” ဟုဝေဖန်လေသည်၊ “ ဟဲ့ ဒါက ခြင်္သေ့ဟဲ့ ခြသေ့င်္” ဟု ခြင်္သေ့မက ပြန်ပြော လေ သည်၊ လူထုဦးလှရေးသော ကျေးလက်ပုံပြင်များထဲမှ ပုံပြင်တပုဒ်ဖြစ်ပါသည်၊

(၂)

ကျွန်တော်သည် ရေနံ လုပ်ငန်းတဖက်နှင့် သုံးလတကြိမ် အိမ်သို့ ခွင့်ပြန်ရသောအခါ ၁၀တန်းကလေးတွေကို စာသင် ပေး ရပါသည်၊ တကြိမ်တွင် ကျွန်တော့် ကျောင်းသားမှာ တယောက်ထည်း ဖြစ်နေသည်၊ စားပွဲမှာ ထိုင် ရင်း မျက်နှာခြင်းဆိုင် သင်ပေးရခြင်းဖြစ်ပါသည်၊ ၁၀ တန်းစာ သင်ရိုးကုန်အောင် တက်သုတ်ရိုက် သင်ပေး ရခြင်းဖြစ် ပါသည်၊ ကျွန်တော့် ကျောင်းသားမှာ တယောက်ထဲ ဖြစ်သောကြောင့် “ဟင် … ကျောင်းသားကလည်း တယောက် ထဲ နော်” ဟု ပြောကြလေသည်၊ ထိုအခါ ကျွန်တော်က “ဒါကခြင်္သေ့ဟဲ့ “ ဟုပြောလိုခြင်းဖြစ်ပါ၏၊ ဤ ပုံပြင်မှာ  မန္တလေး တွင် ဟံသာဝတီ သတင်းစာတိုက် ဖွင့်စဉ် က ဆရာဦးဝင်းတင် ပြောသွားသောပုံပြင် လည်း  ဖြစ်ပါလေသည်၊ ရန်ကုန်မှာ သတင်းစာတွေများပြီး မန္တလေးမှာ တစောင်ထဲသာ ရှိသောကြောင့် ဦးဝင်းတင် က ခုခံ ပြောဆို သွားခြင်းဖြစ်ပါသည်၊  တယောက်ထဲသော ကျွန်တော့် တပည့်မှာ ခြင်္သေ့ကဲ့သို့ ရဲရင့် တည်ကြည် ပါသည်ဟု ပြောလိုက်ခြင်းပါပေ၊ ယခု ကျွန်တော့် တပည့်မ သည် အင်္ဂလန်နိုင်ငံ မှာ ဆရာဝန်မ ကြီး ဖြစ်နေပါပြီ၊

(၃)

ကျွန်တော်၏ ဖခင်မှာ မူလတန်းကျောင်းအုပ်ဆရာကြီး ဖြစ်ပြီး အမေမှာ မူလတန်းပြ ဆရာမ ဖြစ်လေသည်၊ ကွှန်တော့်ငယ်စဉ်က ဘ၀မှာ ကျောင်း ဆရာဆရာမတွေ ကြားမှာ ကြီးပြင်းခဲ့ရပါသည်၊ ကျွန်တော့် ပါတ်ဝန်းကျင် မှာ စာသင်ကျောင်း၊ ကျောင်းဆရာ၊ ဆရာမ၊ ကျောင်းသား ကျောင်းသူတွေနှင့်သာ ပြည့်နှက် နေခဲ့ပါ၏၊ ကျွန်တော် နားလည်သော အသက်မွေးဝမ်းကျောင်းအလုပ်မှာ ကျောင်းဆရာ အလုပ်သာဖြစ်ပြီး၊ ထိုအလုပ်သည် သာ အလုပ်ဟူသမျှဂုဏ် ရှိစွ ဆိုသည့်အထဲတွင် ဂုဏ်အရှိဆုံးအလုပ်ဟု ယူဆခဲ့ပါသည်၊

ထိုစဉ်က ပညာအုပ် ရုံးဆိုတာမပေါ်သေး၊ လကုန်၍ ဆရာတွေ လခ ထုတ်ပြီ ဆိုလျင် နယ်ကျောင်း တွေက လာကြ သော ဆရာ ဆရာမတွေမှာ ကျွန်တော် တို့ အိမ်တွင်စုကြပါသည်၊ ခင်ဦးမြီုနယ် တခုလုံးဆိုလျင် ကျောင်းဆရာ ဆရာမပေါင်း တရာကျော်မျှရှိပါသည်၊ ကျေးရွာအုပ်စု ၅၀ ကျော်ရှိပြီး တအုပ်စုလျင် ကျောင်း တကျောင်း အနည်း ဆုံးရှိရာ လကုန်ရက်တွင် မြို့ ကိုတက်ပြီး လခ ထုတ်ကြရသော ဆရာဆရာမပေါင်း ရာကျော်ရှိတတ်ပါသည်၊ သူတို့သည် မြို့ပေါ်ရှိ ကျွန်တော်တို့ အိမ်သို့ ဦးတိုက်လာကြပါသည်၊ မနက်ပိုင်းမှာ ကိုယ်စားလှယ် ဆရာများက ငွေ တိုက်သို့ သွားငွေ ထုတ်ကြပြီး ညနေ ပိုင်းမှာ ကျောင်းအလိုက် လစာငွေ ကို ခွဲဝေ ထုတ်ယူကြခြင်းဖြစ်ပါသည်၊ ပညာအုပ်လုပ်သူက ဆရာတွေ ကိုပြောစရာရှိပြီဆိုလျင် ကျွန်တော်တို့ အိမ်မှာပင် စည်းဝေးပြောဆိုပါသည်၊

ကျွန်တော်တို့ အိမ်မှာ လေးတိုင်စဉ်အမြင့် နှင့် သက်ကယ်မိုး အိမ်ဖြစ်ရာ ဘယ်မှာ ထိုင်စရာပြည့်ပြည့် စုံစုံ ရှိပါ မည်နည်း။ ကုတင်ရှည်ပေါ်မှာ။ ထိုင်ခုံပေါ်မှာ အိမ်ပေါ်တက်သည့် ခွေးကတက်မှာ ဖြစ်သလိုထိုင်ပြီး ပညာအုပ် စကားပြောသည်ကို နားထောင်ကြရခြင်းဖြစ်ပါသည်၊ ထိုင်စရာနေရာမရှိလျင် မိုးတိုးမတ်တပ် တချို့  မြေပေါ်မှာ ဖြစ်သလို ဆောင့်ကြောင့် ထိုင်ကြရသည် လည်းရှိ၏၊

အိမ်သို့ရောက်လာကြသောဆရာ ဆရာမကြီးများနှင့် ကျွန်တော် မျက်မှန်းတန်းမိနေလေပြီ၊ ကျွန်တော်သည် ပေသီးပစ်တန်းကစားလျင် ကစားနေမည်၊ ကြက်ပေါင်းကွင်း တွေ အလဲအထပ်လုပ်လျင် လုပ်မည် ဆရာ ဆရာမ တွေကို ကား ရိုသေရမည်ဟု ငယ်စဉ်ကတည်းက သဘောပေါက်ခဲ့ပါသည်၊  သူတို့က လဘက်ရည် ၀ယ်ခိုင်းလျင်ဖြစ်စေ၊ တစုံတခု ပြေးပြီး ၀ယ်ဘို့ ခိုင်းလျင်ဖြစ်စေ ကျွန်တော် မဆိုင်းမတွ လုပ်ပေးရတတ်သည်၊ အကိုအရွယ် မိဘသဘွယ် ဆရာတွေမှာ ကျွန်တော့် မိတ်ဆွေတွေ လိုဖြစ်နေပေပြီ၊ ငါးကျပ် တဆယ် မုန့်ဖိုးလည်း ရတတ်သည်၊ အိမ်မှာ ဧည့်သည်တွေနှင့် စည်ကားနေလျင် ကျွန်တော် အလွန်ပျော်ပါသည်၊

မြို့ကိုတလတကြိမ် တက်လာကြသောဆရာတွေအဖို့ ဤခရီး ဤသို့ လာဘို့ အရေးသည် အလွန်အရေးကြီး ပါသည်၊ ရွာအတွက်လိုတာတွေ ၀ယ်ကြမည်၊ ကြွေးဟောင်းပေး၍ ကြွေးသစ်ယူကြမည်၊ တွေ့စရာရှိသူကိုတွေ့၍ လုပ်စရာရှိသည်ကို တက်သုတ်ရိုက် လုပ်ကြရသည်၊ မိုးမချုပ်မီ ရွာကိုပြန်ကြရမည်၊ ကျောင်းဆရာဆိုသော လူတန်းစား သည် အလွန်ရိုးသားသလို အလွန် ပွင့်လင်းကြသူတွေလည်းဖြစ်ပါသည်၊ အရွယ်မရွေး အချိန်မရွေး တပါးသူကို ကူညီရန် ၀န်မလေးကြပေ၊ ဂါရ၀ တရား နိဝါတ တရားနှင့် ပြည့်စုံကြပြီး မြန်မာတို့၏ ယဉ်ကျေးမှု ကို ထိမ်းသိမ်း စောင့်ရှာက် နေသူတွေလည်းဖြစ်ပါသည်၊ ဆရာ လူတန်းစားကို တပည့်တွေ ကလည်း ချစ်ကြောက် ရိုသေကြပြီး သူတို့ကို သွန်သင်ဆုံးမပေးခြင်းဖြင့် မြန်မာ့ ယဉ်ကျေးမှုကို လက်ဆင့်ကမ်း သယ်ဆောင်ပေးသူ တွေ လည်းဖြစ် ကြပါသည်၊

သူတို့သည် သူတို့ ဘ၀များအတွက် ဘာတွေဖြစ်ရမည်ဟု မျှော်မှန်းနေကြသူတွေမဟုတ်၊ ရသည့်လစာကို အလျင်မှီ အောင်သုံးစွဲပြီး အသက်စေ့လျင် ပင်စင် သွားနိုင်ဘို့ဘဲ သူတို့ရည်ရွယ်ကြပါသည်၊ ကျွန်တော့်တွင် အစ်ကို ၅ ယောက်ရှိရာ ၁၀ တန်းအောင်လျင်အောင်ခြင်း မူလတန်း ကျောင်းဆရာဝင်လုပ်ကြပါသည်၊ ထိုစဉ်က သူတို့ ကို ဆွဲခန့် ဟုခေါ်ပြီး မြို့နယ်ပညာအုပ်လုပ်သူက အလုပ်ခန့်ပေးနိုင်ပါသည်၊

ကျောင်းဆရာဆိုသော လူတန်းစားနှင့် တချိန်လုံးနေလာပြီး ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင် လာသော ကျွန်တော့် အဖို့ ကျောင်းဆရာသာဖြစ်ချင်ခဲ့သည်မှာ မဆန်းပါ၊ ကျွန်တော့်ရင်ထဲမှာ မွေ့ပျော်ဘွယ်အကောင်းဆုံး အလုပ်မှာ ကလေးတွေကို စာသင်ပေးရသော အလုပ်သာဖြစ်ပါလေသည်၊

(၄)

၁၉၇၇ ခု စက်မှုတက္ကသိုလ်က ကျောင်းပြီးသောအခါ မြို့မှာ ကျွန်တော် ကျူရှင်ကျောင်းဖွင့်လေသည်၊ ကျွန်တော် တို့မြို့မှာ အလွတ်ပညာသင် ကျူရှင်ကျောင်းဟူ၍ မရှိ ကျွန်တော့် ကျောင်းမှာ ခင်ဦးမြို့ အဖို့ ပဌမ ဆုံးကျူရှင် ကျောင်း ဖြစ်လေသည်၊ စက်မှုတက္ကသိုလ်က ဘွဲ့ရခဲ့သော ကျွန်တော့်အဖို့ ၁၀ တန်းစာမှာမခက်ပါ၊ တောမြို့မို့ ကလေးတွေ အဖို့မှာ ဘယ်မေးခွန်းလာလျင် တသဝေ မတိမ်း ဘယ်လိုဖြေ ရမည်ဟု မသိကြပါ၊ ရန်ကုန် ကျူရှင်တွေ မှာတော့ ဘာလာရင်ဘာဖြေဟု နည်းတွေပေါ်နေပါပြီ၊ သူတို့အဖို့ မပင်မပန်း အလွယ်တကူ ဖြေနိုင်ကြပါပြီ၊ အမှတ်တွေလည်းကောင်းကြပါသည်၊

ကျွန်တော်တို့ ၁၀ တန်းစာမေးပွဲ ဖြေ ရပုံမှာလည်း ဆရာတွေ သင်ပေးတာကို မိမိ နားလည်သလို မိမိအသိ ဥာဏ်နှင့် ဖြေကြရခြင်းဖြစ်ပါသည်၊ ထင်ရာတွေကို ရှောက်ရေးနေခြင်းဖြင့် လိုရာမရောက်တော့ပါ၊ ဘယ်လို ဖြေလျင် ဘယ်လိုပေးရမည်ဟု အမှတ်ပေးစည်းမျဉ်းဆွဲ ထားသောအခါ နယ်ကျောင်းသားတွေမှာ အမှတ် ကောင်း မရကြတော့ပါ၊ နယ်ကျောင်းတွေမှာကား သင်ရိုးညွှန်းတန်းစာအုပ်ကို ရှေ့မှာချပြီး တခုမကျန် သင်ပေး ကြပါ သည်၊ စာမေးပွဲမှာ ဘာလာရင် ဘာဖြေဟူသော ညွှန်ကြားချက်မျိုးမပါ သောအခါ မေးခွန်း မြင်မှ ကျောင်းသား က လည်းမိမိ စိတ်ကူးပေါ် သလို ဖြေရပါလေသည်၊

ကျွန်တော် ကျူရှင်ကျောင်းမှာ ကျောင်းသား ၄၀ ကျော် ၅၀ နီးပါးရှိပါသည်၊ ကျူရှင်ခ မှာ တလလျင် ခုနှစ်ကျပ်၊ ငွေ ၄၀၀ နီးပါးမကိုင်ဘူးသော ကျွန်တော့် အမေ မှာ ပထမဆုံးကလေးတွေ က လခပေး တော့ တပြုံးပြုံး၊  ထမင်းအိုး တည်ရင်းဖြစ်စေ၊ ငရုပ်သီးထောင်းနေရင်းဖြစ်စေ ကျွန်တော် စာသင်တာကို စောင့် ကြည့်တတ်သည်၊ ကျွန်တော့်အဖို့ မှာကား ကျောင်းသားတွေရှေ့မှာရပ်ပြီး စာသင်ကြားပို့ချ ရသော အတွေ့အကြုံသည် မေ့မရ နိုင် သော အတွေ့ အကြုံများဖြစ်ပါလေသည်၊

ကျွန်တော့်ကျူရှင်ကျောင်းမှာ တနှစ်ကျော်သာခံသည်၊ ကျွန်တော် ရေနံကော်ပိုရေးရှင်း တွင်အလုပ်ရသောအခါ ကျောင်းကို ပိတ်လိုက်ရလေသည်၊ ကျောင်းဆရာ ဖြစ်ချင်နေသော ပိုး ကား ကျွန်တော့် နှလုံးသားမှာ အမြစ် တွယ်နေခဲ့လေပြီ၊ ကျွန်တော့်ရေနံမြေ အင်ဂျင်နီယာ အလုပ်မှာ ရေနံမြေတွင် တလအလုပ် လုပ်ပါက တပါတ် ခွင့်ရသည်၊ အားရက်များကို စုထားပြီး အလုပ်ခွင်မှာ မှာ သုံးလနေသော် အိမ်ကို သုံးပါတ်ခန့်ပြန်ပြီး နေရ လေ သည်၊ တပည့်ဟောင်းတွေ ကဆက်သွယ်ပြီး ကျွန်တော် အိမ်မှာရှိနေချိန်တွင် စာသင်ပေးရသော တပည့်တွေ ရှိ နေခဲ့ပါသည်၊

(၅)

ကျွန်တော် စင်္ကာပူကိုရောက်ချိန်မှာတော့ လွန်ခဲ့သော အနှစ် ၂၀ ကျော်က ကျောင်းဆရာ ဖြစ်ခဲ့သောကျွန်တော် သည် ကျောင်းဆရာ အလုပ်ကိုမေ့နေခဲ့လေပြီ၊ ဇနီးသည်ဦးစီးသော ဆိုင်မှာ ကျွန်တော် ဈေးသည် လုပ်ရ ပါ သည်၊ ဈေးမရောင်းတတ်သော ကျွန်တော့်မှာ လူပိုလိုဖြစ်လာ ခဲ့သည်၊  ဖေါက်သည်တွေကို ကောင်းကောင်း စကားမပြောတတ်သော ကြောင့် ဈေးသည်အလုပ်မှာ ကျွန်တော် မအောင်မြင်ခဲ့ပေ၊

ကျွန်တော့်တွင်းသားနှစ်ယောက်ရှိရာ သူ့တို့ ကိုမူ စာသင်ပေးသည် ဆိုခြင်းထက် သူတို့ ကျောင်းစာ မလုပ်တတ်တာ ကို ကူညီ ဖြေရှင်းပေးရတာမျိုး ဘဲရှိပါသည်၊ စာ တွေများ လာသောအခါ ဘယ်လိုလုပ်ပါလား ဆိုပြီး အကြံပေး သည့် အလုပ်ကိုသာလုပ်ရလေသည်၊ သား နှစ်ယောက် လုံးက ကျွန်တော်စာသင်မှာကို ကြောက် ကြ သည်၊ ကျွန်တော်နှင့် ထိုင်ဖြစ်သည့် အချိန်များလျင် သူတို့ စာမေးပွဲမှာ ဂရိတ် ကောင်းတတ်သည်၊ ပစ်ထားမိလျင် ဂရိတ်က မကောင်းလာတော့၊ အကျိုးကျေးဇူးရှိတာ ကိုတော့သိပါ၏၊ သို့သော် “ တစ်မနှုတ် လောက် ကိုးလာ၊ လာရ တစ်တိုး “ ဆိုဒါတွေ ကို သူတို့ လက်မခံ ပေ၊ သူတို့ ဆရာက ဘယ်လို သင်ပေး လိုက် သည် ကိုလည်း ကျွန်တော်က မသိနိုင်၊ သူတို့ နည်းနှင့် သူတို့ သာ ပေါင်းကြ နှုတ်ကြသည်ကို ကွှန်တော် ဝေဖန် နိုင်ခွင့် မရှိခဲ့ပေ၊ အငယ်ကောင် က အင်္ဂလိပ်စာ အရေး အသားမှာတော်သည်၊ ကျွန်တော်ရေးထားသော စာကြောင်း တွေကို ဂရမ်မာ နည်းမကျ ကြောင်း ခဏခဏ ပြောလေသည်၊ ထိုကျောင်းသားမျိုးကို ဘယ်လို ကျွန်တော် စာသင်ပေး ရမည်နည်း၊ ခေတ်က ပြောင်းသွားပေပြီ၊

(၆)

တနေ့သော် စင်္ကာပူ အမျိုးသားတက္ကသိုလ် အေရှားလေ့လာရေးဌာနကြီးမှ ပရော်ဖက်ဆာ ဦးမောင်မောင်သန်းမှ လွှတ်လိုက်သည်ဟုဆိုခါ အိန္ဒိယ အမျိုးသမီးတယောက် ပေါက်ချလာပါသည်၊ သူက သူသည် မြန်မာ နိုင်ငံ အကြောင်း စာတန်းရေးနေပါသည်၊ သူ့ကို မြန်မာပြည်အကြောင်း မသိတာလေးတွေကို မေးခွင့်ပြုပါဟု ဆိုလေ သည်၊ သူသည် ကျွန်တော့်ထံသို့ တပါတ်လျင် အနည်းဆုံး သုံးကြိမ်လောက်လာခါ တခါ ထိုင်လျင် ၂ နာရီ ခန့် ကြာတတ်လေသည်၊ ပြန်ပါတော့ ပြောလျင်လည်းမပြန်၊ သူု ကျေနပ်မှု မရှိမချင်း မေးခွန်းတွေကို ထိုင်ပြီးဖြေရ လေသည်၊

ထိုစာရေးဆရာမသည် ခေသူ မဟုတ်၊ မြန်မာပြည်ကို အခေါက်ခေါက် ရောက်ဖူးသည်၊ မန္တလေးမှာ စာအုပ်ပွဲ တော် ကျင်းပသည်ကို တက်ပြီးစကားပြောဘူးသည်၊ ကျွန်တော်နှင့် ငြင်းခုန်စရာပေါ်လာလျင် ဆရာကြီး ဦးသော်ကောင်း ကို ဖုံးဆက်ပြီး အဖြေတောင်းဖူးသည်၊  မြန်မာပြည် ကစာရေးဆရာမတွေ မှာ သူ့ သူငယ်ချင်း တွေ ဖြစ်နေပေပြီ၊ မြန်မာပြည်က မဂ္ဂဇင်း အတော်များများ က အယ်ဒီတာတွေကို သိသည်၊ ဆရာတော်ကြီး ဦးပန္တိတ ထံသွားပြီး မေးခွန်းတွေ မေးလျောက်ဖူးသည်၊

သူကစာရေးဆရာမကြီး လူထုဒေါ်အမာအကြောင်း သူမရေးသောစာအုပ်တွေ အကြောင်းမေးသည်၊ ကံအား လျော်စွာ ဒေါ်အမာ၏ မွေးရာဇာတိမှာ ခင်ဦးနယ် မူးသာရွာက ဖြစ်နေလေသည်၊ သူမ ရွာကို အခေါက်ခေါက် ကျွန်တော် ရောက်ဖူးလေသည်၊ စပါးတွေ ကို ပုတ်ကြီးတွေနှင့် သိမ်းသည်ဆိုတော့ထို စပါးပုတ်ကြီးတွေထဲမှာ တူတူပုန်းတန်း ကစားခဲ့ဘူးသော ကျွန်တော် အဖို့ သုတေသနပြုသူ ငေးနေလောက်အောင် ရှင်းပြနိုင်ပါသည်၊ မြန်မာ ကျေးလက် တောရွာတွေမှာ နိုင်ငံခြားသားမဆိုနှင့် ဦး တော်ရုံ မြန်မာ တို့ အဖို့ပင် နားမလည် နိုင်သော ဓလေ့တွေ ထုံးစံတွေရှိတတ်ပါသည်၊ ကျွန်တော်သည် မမောနိုင် မပန်းနိုင်၊

သူပြောသောကြောင့် သာ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်ကတည်း က ဆရာမကြီး ဒေါ် ခင်မျိုးချစ် သည် “မ” ဆိုသော မိန်းမ တို့၏ အခွင့်အရေးနှင့်ပါတ်သက် သောစာအုပ်ရေးဘူးကြောင်းကျွန်တော်သိရ ဖတ်ရခြင်း ဖြစ်ပါသည်၊ ကျွန်တော်ဘာသာပြန်တာ ဟန်မကျလျင် သူ့ ကို မြန်မာပြည်မှ ဘာသာပြန်ပေးနေသူ၏ အာဘော် နှင့် တိုင်ဆိုင်ပြီး ပေါက်ပေါက်ရှာရှာဝေဖန်ချက်ထုတ် တတ်သည်၊

ကျောင်းဆရာဘ၀ ကိုမေ့နေခဲ့သော ကျွန်တော်သည် ဤစာရေးဆရာမ နှင့်တွေ့ခါမှ ကျောင်းဆရာပြန်ဖြစ် နေပြန် ပါသည်၊ ဖနီးလုပ်သူက ဧည့်သည်ကို ကော်ဖီတော့ တိုက်ပါ၏၊ သို့သော် ဧည့်သည် မပြန်နိုင်ဖြစ်တာ ကိုတော့ မကြိုက်ကြောင်းပြတတ်သည်၊ အပြင်မှာ ဆိုင်ခင်းကျင်းဘို့ သူတယောက်ထည်း မတတ်နိုင်၊ အလေးအပင် ကို ကျွန်တော် က မရ ရွှေ့ရ လုပ်ရသည်မဟုတ်ပါလား၊  ဈေးဝယ်တွေ က စာသင်နေတာ လားဟုမေးကြသည်၊ ကျွန်တော်စာသင်တာကို ကျေနပ်ပြီး ကြည့်နေတတ်သော ကျွန်တော့်အမေ ကို သတိရမိသည်၊

လွန်ခဲ့သော အနှစ် ၃၀ ကျော်က ကျွန်တော့် တပည့်တွေမှာ အများစု ကဆရာ၊ ဆရာမ တွေဖြစ်နေကြပြီ၊ အထက်တန်း ပြ ဆရာ ဆရာမတွေလည်းပါပါသည်၊ သူတို့က သင်လိုက်သော ကလေးတွေ ပင် နေရာ အသီးသီးကို ရောက်ကုန်ကြပြီ၊ နိုင်ငံ ၀န်ထမ်းတွေ ဖြစ်ကုန်ကြပြီ၊ ကျောင်းဆရာတို့၏ ပီတိ ဆိုသည်မှာ လွယ်လွယ်နှင့် ရှင်းပြနိုင်သော အရာမဟုတ်ပေ၊ အခုကျွန်တော် ဘာသာ ပြန်ပေးနေရသော ကျောင်းသား အသစ် မှာ နောင်အနှစ် ၂၀ တွင်ဘာဖြစ်နေမည်ဟု ကျွန်တော် မပြောနိုင်၊ သူရေး လိုက်သော စာအုပ်သည် ကမ္ဘာ ကျော်ကောင်းကျော်သွားမည်၊ ဆုတွေ အမျိုးမျိုးတွေ ရကောင်းရမည်၊ ကျွန်တော်မသိ၊ ကျွန်တော်သိသည် ကား ကျွန်တော့်ရင်ထဲက ကျောင်းဆရာတို့၏ ပီတိပင်ဖြစ်တော့သည်၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, ရေခြားမြေခြား မြန်မာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်