ဖိုးထက် – သီးခံကြပါ မြန်မာ ဒီ အိပ်ခ်ျ လောရင့်စ်များ

June 26, 2014

သီးခံကြပါ မြန်မာ ဒီ အိပ်ခ်ျ လောရင့်စ်များ
ဖိုးထက်၊ ဇွန် ၂၆၊ ၂၀၁၄

ဆရာကြီး မြသန်းတင့်၏ “ကြာညိုနံ့သင်းသော ရေ၀တီမ” ဆိုတဲ့ စာအုပ်ထဲမှာ အင်္ဂလိပ်စာရေးဆရာ D. H. Lawrence ၏ Lady Chatterley’s Lover (လေဒီချက်တာလေ၏ ချစ်သူ) ဆိုသည့် စာအုပ် အကြောင်း ဆောင်းပါးလေး ကျွန်တော် ဖတ်ဘူးသည်။

ဒီ အိပ်ခ်ျ လောရင့်စ်က ၁၉၂၆ ကနေ ၁၉၂၈ ခုနှစ်အထိ အီတလီနိုင်ငံ ဖလောရင့်စ် နယ်မှာ ရေးပြီး ပထမဆုံး ရေးသား ထုတ်ဝေခဲ့တယ်တဲ့။ သူ့နိုင်ငံ အင်္ဂလန်နိုင်ငံမှာ အဲဒီအချိန်က ထုတ်ဝေရင် ညစ်ညမ်းစာပေးဆိုပြီး အရေးယူမှာစိုးလို့ တစ်ခြားနိုင်ငံတွေမှာဘဲ တည်းဖြတ်ထားကြတဲ့ စာမူတွေကိုဘဲ ထုတ်ဝေခဲ့ရတယ်။ ဒါပေမယ့် နာမည်ကြီးလာတော့ တိုးတိုးကျိတ်ကျိတ် ထုတ်ဝေနေတာတွေလဲ ရှိသတဲ့။ ၁၉၆၀ ကျမှ သူ့နိုင်ငံမှာ ပင်ဂွင်းစာအုပ်တိုက်က ထုတ်ဝေတယ်။ အဲဒီမှာ အင်္ဂလန် အစိုးရဘက်က ညစ်ညမ်းစာပေဆိုပြီး ပင်ဂွင်းစာအုပ်တိုက်ကို တရားစွဲတယ်။

တရားခွင်မှာ အစိုးရဘက်က စာရေးဆရာရဲ့ စာအုပ်ဟာ ညစ်ညမ်းတယ် ဆိုပြီး စာအုပ်ထဲက ညစ်ညမ်းတဲ့ စာလုံးတွေကို ယူပြီး လျှောက်လဲတယ်။ အက်ဖ်နဲ့ စတဲ့ စကားလုံး ဘယ်လောက်ပါကြောင်း။ ဘီနဲ့ စတဲ့ စကားလုံး ဘယ်လောက် ပါကြောင်း ဘာညာပေါ့လေ။ စာအုပ်တိုက်ဘက်ကလဲ ရှေ့နေကြီးတွေနဲ့ အတူတူ စာရေးဆရာတွေ၊ စာပေ ပညာရှင်တွေက ခုခံ လျှောက်လဲကြတယ်။ အဲဒီ အမှု တရားခွင်ဟာ စာပေလေ့လာ ဆွေးနွေးရေးကြီးလို ဖြစ်လာတယ်တဲ့။  တိုတိုပြောရရင် နောက်ဆုံးမှာ အမှုကို စာအုပ်တိုက်ဘက်က နိုင်သွားတယ်တဲ့။

အမှုပြီးတော့ တရားခွင် အပြင်မှာ တရားခံရှေ့နေကြီးက “လောရင့်စ်လို စာရေးဆရာက ဒီဝတ္ထုထဲမှာ ဒီရည်ရွယ်ချက်နဲ့ ဒီစကားလုံးတွေကို သုံးစွဲသွားတာဟာ ဥပဒေနဲ့ မငြိစွန်းဘူးလို့ ကျွန်တော် လျှောက်လဲခဲ့တာပါ။ ဒါပေမယ့် လောရင့်စ်ကို တုပြီး လိုက်ရေးကြလို့တော့ မဖြစ်ဘူးဗျ။ ဒီစကားလုံးတွေကို တခြားပေါက်တတ်ကရ စာရေးဆရာတွေက သူတို့ ၀တ္ထုတွေထဲမှာ ထည့်သုံးရင်တော့ အဓိပ္ပါယ်တစ်မျိုး ဖြစ်လိမ့်မယ်” လို့ ပြောခဲ့တယ်။

ကျွန်တော်က ဒီစာအုပ်နဲ့ ပါတ်သက်ပြီး ဆရာမြသန်းတင့်ရဲ့ ဆောင်းပါးလေးနဲ့ ၀ီကီပီဒီးယား က အကျဉ်းချုပ်လေးဘဲ ဖတ်ဘူးတာပါ။ မူရင်းဖတ်ဘူးဖို့ ဝေးပေါ့။ ကျွန်တော် ဘာကြောင့် ဆရာကြီးရဲ့ ဆောင်းပါးလေးကို သွားပြီး သတိရသလဲ ဆိုရင် အခု မြန်မာနိုင်ငံ စာပေနယ်မှာ Hot နေတဲ့ စာအုပ် တစ်အုပ်ကြောင့်ပါ။

အဲဒီစာအုပ်ကို ဖတ်ဘူးပြီလားဆိုရင်လဲ အခုအချိန်ထိ မဖတ်ဘူးသေးဘူး။ စာအုပ်ထက် စာရေးဆရာကို ကျွန်တော် လိုက်ကြည့်ပြန်တော့ မသိပြန်ဘူး။ ဒီလိုဆို စာအုပ်လဲ မဖတ်ရသေးဘူး၊ စာရေးဆရာကိုလဲ မသိဘူး။ ဝေဖန်ရေး နဲ့ လေကန်ရေး မလုပ်တာဘဲ ကောင်းမှာပေါ့။ အကောင်းဆုံးကတော့ စာအုပ်ကို ဖတ်ပြီးမှ ကောက်ချက်ချတာ အကောင်းဆုံးနေမှာပါ။ ဒါပေမယ့်…

ကျွန်တော် အထက်တန်းအောင်တာ မန္တလေး အ.ထ.က (၁) က။ ယောက်င်္ကျားလေးကျောင်း။ ဆရာမတွေနဲ့ မုန့်ရောင်းတဲ့ အန်တီကြီးတွေကလွဲလို့ အကုန် ကျားကြီးပါဘဲ။ ဒီတော့ နေတာထိုင်တာ သိပ်လွတ်လပ်တယ်။ ဆိုလိုတာက စည်းကမ်း မကောင်းတာကို ပြောတာ မဟုတ်ဘူး။ ဘေးမှာ အမျိုးသမီးတွေ မရှိတဲ့ အချိန်များတာဆိုတော့ စကားပြောရတာ လွတ်လပ်တယ်။ အားရပါးရ အော်ဆဲချင်လဲ ဆဲနေကြတာပါဘဲ။ နောက်ပြီး အဓိက ပြောချင်တာက ယောက်င်္ကျားလေးတွေကြား ထဲမှာ တိုးတိုးတိတ်တိတ် လက်ဆင့်ကမ်းဖတ်ရတဲ့ စာအုပ်တွေ မဖတ်ချင်မှာ အဆုံး။ ဖတ်လို့ သိပ်ကောင်းကြပေါ့။ ဒါပေမယ့် အခု ပြန်စဉ်းစားကြည့်ရင် အလွန်အောက်တန်းကျတဲ့ ဇာတ်လမ်းတွေကို အားပေး အားမြှောက်ပြုတဲ့ ဇာတ်လမ်းတွေ များတာဘဲ။ ဇာတ်လမ်းဖြစ်ပြီးရော အပြင်မှာ မုဒိန်းမှုမြောက်မယ့် ဇာတ်လမ်းမျိုးတွေ ချည်းပါဘဲ။

သူဘဲ ဖတ်ခဲ့ပြီးတော့ အခုမှ အလွန်အောက်တန်းကျသလေး ၊ ဘာလေး ပြောနေတယ်လို့ မထင်စေလိုဘူး။ ကျွန်တော်သာ အဲဒီအချိန်ကတည်းက အခု အသက်အရွယ်အထိ ကြားထဲမှာ စာဖတ်ဝါသနာ မပါခဲ့ဘဲ (၀ါ) စာမဖတ်ခဲ့ဘဲ နေခဲ့ရင် အဲဒီစာအုပ်တွေ အခုအချိန်ထိ ခေါင်းထဲ ရှိချင် ရှိနေနိုင်အုံးမှာပေါ့။ စာဖတ်နည်းနည်း ရင့်ကျက်လာအောင် (ကိုယ့်ဘာသာ ရဲရဲတင်းတင်း ထင်ပါရစေ) စာအုပ်တွေကို အချိန်ပေးပြီး ဖတ်ခဲ့ကြရတာ မဟုတ်ဘူးလား။ အဲဒီလို စာဖတ်ခဲ့ကြမှဘဲ အဲဒီ ဘယ်စာအုပ်ကတော့ အပြာရောင်သမ်းတယ်၊ ဘယ်စာအုပ်ကတော့ ဘယ်လို ကောင်းတယ်လို့ ခွဲနိုင်တာ။ ဘာစာအုပ်မှ အစဉ်အဆက် ကောင်းကောင်းမဖတ်ခဲ့ကြတဲ့ လူတွေကို ဒေါက်တာ အောင်ခင်ဆင့်ရဲ့ “ဖို မဆက်ဆံရေး” စာအုပ် ပေးဖတ်လဲ သူ့မှာ ဒုက္ခများနေဖို့ ဘဲ ရှိမယ်။

ဆရာဆွေလှိုင်ဦးရဲ့ စာအုပ်တွေမှာ ဘာမှ တစ်တစ်ခွခွ မပါတဲ့ အရေးအသားတွေမှဘဲ ကျွန်တော်တို့ စာဖတ်သက် မရင့်ခင်က လူကို ပူထူနေအောင် ဖတ်ခဲ့ကြရတာမို့လား။ “မချောဆယ်ယောက် ကိုယ်တစ်ယောက်” ဖတ်ပြီး အိပ်မက်တွေတောင် မက်လောက်အောင် စွဲခဲ့ကြဘူးတယ်။ အခုဒီအသက်အရွယ်ကျမှ ပြန်ကြည့်တော့ ဆရာဆွေလှိုင်ဦးစာတွေဟာ အချိန်ရဲ့ မှတ်ကျောက်တင်မှုကို ခံနိုင်တဲ့ စာတွေ မဟုတ်ဘူးဆိုတာ သိလာရတာ။

“လူ့စိတ်သည် မကောင်းမှုတွင် မွေ့လျော်သည်” လို့ ကျွန်တော်တို့ ဘုရားရှင်က မှတ်ချက်ပေးခဲ့တယ်။ သိပ်မှန်တဲ့ စကားပါ။ လူ့စိတ် အခြေခံမှာကိုက မကောင်းတာနဲ့ ကောင်းတာ လုပ်ဖို့မှာ မကောင်းတာ လုပ်ဖို့ သိပ်တိုက်တွန်းစရာ မလိုဘူး။ အခု အင်တာနက် ခေတ်ကြီးမှာ အရင်လို တစ်ယောက်နဲ့ တစ်ယောက် လက်ဆင့်ကမ်းဖတ်ရမယ့် စာအုပ်တွေ မလိုတော့ဘူးလေ။ မလိုချင်၊ မမြင်ချင်မှာ အဆုံး။ သိပ်ကို လွယ်လွယ်ကူကူနဲ့ ရနိုင်ပါတယ်။ အင်တာနက်ပေါ်မှာ ဗဟုသုတတစ်ခုခု တိုးအောင် ရှာဖွေပြီး ဖတ်ကြ၊ မှတ်ကြမလား။ မဟုတ်တာ ရှာဖွေ ကြည့်မလား။ ဘယ်ဟာကို အထူးသဖြင့် လူတွေ လုပ်နေကြသလဲ လို့ မေးခွန်းမေးဖို့ ကျွန်တော့်မှာ အားမရှိပါဘူး။ ဘာလို့လဲ ဆိုတော့ ကိုယ့် ကိုယ် ကိုယ် အသိဆုံးမို့ပေါ့။

အခု ဒီဆရာရဲ့ စာအုပ် ဘယ်လို နေမလဲ ကျွန်တော် မသိပါဘူး။ သေချာတာကတော့ ဒီဆရာက ဆရာမြသန်းတင့်လောက် မတော်နိုင်မှာတော့ သေချာတယ်။ ဒီ အိပ်ခ်ျ လောရင့်စ်လောက် ရေးတတ်၊ တင်ပြတတ်ပါ့မလား (ရည်ရွယ်ချက် ကောင်းစေအုံးတော့)။ ဒီလို အပြာ စာအုပ်မျိုးလို့ အသံထွက်လာစေမယ့် စာအုပ်မျိုးကို ဆရာ နေ၀င်းမြင့်၊ ဆရာ ချစ်ဦးညို (ကန်တော့ပါ ဆရာတို့) တို့ ရေးတယ်ဆိုရင် ဘာသံသယမှ မ၀င်ဘဲ ကျွန်တော် ဖတ်ဖြစ်မှာပါ။ ဆရာတွေရဲ့ သိက္ခာ၊ သမာဓိဟာ ငရဲမီး အစားခံပြီးသားပါ။ မှတ်ကျောက် အတင်ခံပြီးသားမို့လား။

နောက်ပြီး ၁၉၆၀ က အင်္ဂလန်နဲ့ ၂၀၁၄ က မြန်မာနိုင်ငံ အဆင့်အတန်းတူပြီလား။ ကျွန်တော်တို့ရဲ့ ပညာရည် အဆင့်အတန်းကကော ခေတ်မှီမှီ ကမ္ဘာကြည့် ကြည့်နိုင်ပြီလား။ စာအုပ် စာပေတွေကို အရမ်းကို ချစ်မြတ်နိုး ခင်တွယ်နေကြတဲ့ လူမျိုး ဟုတ်ရဲ့လား။ ကျွန်တော့် အတွေးတွေကဘဲ အရမ်း ကွန်ဆာဗေးတစ် ဖြစ်လွန်းနေသလား။

ဘယ်လိုဘဲ ဖြစ်ဖြစ် အဲဒီဆရာရဲ့ စာအုပ်ကို ကျွန်တော် ဖတ်ဖြစ်အောင် ဖတ်အုံးမယ်။ ကျွန်တော့် အသက်ကလဲ ၁၈ နှစ်ကျော်ပြီးတာ နှစ်ခါတောင် ရှိရော့မယ်။ နောက်ပြီး ကျွန်တော့်ရဲ့ စာအုပ် ဦးဏှောက်ကို ကျွန်တော် ယုံကြည်စိတ်ချစမ်းပါရစေ။ ကိုယ်ကြိုက်တာ ကိုယ်ရေးကြတာပေါ့လေ။ ကိုယ့် အယူအဆကိုယ် ကိုယ် ကြိုက်သလို တင်ပြနိုင်ကြတာပေါ့။

ဒါပေသိ ကျွန်တော်တို့ စိတ်ထဲမှာ ရှိနေရမှာက မြန်မာနိုင်ငံဟာ အခု အချိန်မှာ အသက်အရွယ် အရေးမကြီးဘူး။ ၁၈ နှစ်တွေ၊ ၁၀ နှစ်တွေ ဘေးချိတ်။ ကိုယ်ကောင်းစားဖို့၊ ကိုယ်စိတ်ကျေနပ်စေဖို့ မမွေးသေးတဲ့ မျိုးဆက်တွေကိုတောင် အသုံးချလိုက်ဖို့ သွားရည်တမြားမြားနဲ့  ဖြစ်နေကြတာ မို့လား။ “တစ်မျိုးသားလုံး ပညာရည် မြင့်မားရေးနှင့် စာရိတ္တ ကောင်းမွန်ရေး” ဆိုတဲ့ ဆောင်ပုဒ်တွေဟာ လက်ရှိအချိန်မှာ သိပ်ပြီး ဟားဖို့ ကောင်းနေတယ် မို့လား။

နောင်ပြီး ကျွန်တော်တို့ဟာ ဒီ အိပ်ခ်ျ လောရင့်စ် မဟုတ်ဘူး။ မြသန်းတင့် မဟုတ်ဘူး။ သိန်းဖေမြင့် မဟုတ်ဘူး။ စာအုပ်ကို ဖတ်မယ့် သူတွေဟာလဲ ကမ္ဘာကျော် တက္ကသိုလ်ကြီးတွေ ရှိတဲ့ တိုင်း၊ နိုင်ငံက ပြည်သူတွေ မဟုတ်ဘူး။ စစ်ကျွန်ဘ၀မှာ တစ်ရက်လုပ် တစ်ရက်စား (ကျွန်တော်လဲ အတူတူ) အသက်မထွက်အောင် ရုန်းနေရတဲ့ ပြည်သူတွေ။

နိုင်ငံသား တစ်ဦးဝင်ငွေ ကမ္ဘာ့အဆင့်မှီလာရင်၊ ညနက်သန်းခေါင် ဘယ်အဖော်မှ မပါဘဲ အိမ်ကို ဘေးမသီး ရန်မခ ပြန်နိုင်တဲ့ ဘ၀တွေ ဖြစ်လာရင် ဒီလို အငြင်းပွားရတဲ့ စာအုပ်တွေကို ရေးကြပေါ့။ အခု လက်ရှိ ခေတ်ကြီးမှာတော့ သီးခံကြပါ မြန်မာ ဒီ အိပ်ခ်ျ လောရင့်များ။
(သရုပ်ဖော် – စောငိုကာတွန်းကို ဖြတ်တောက်သုံးစွဲသည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, အတွေးအမြင်, ဝေဖန်ရေးရာ

One Response to ဖိုးထက် – သီးခံကြပါ မြန်မာ ဒီ အိပ်ခ်ျ လောရင့်စ်များ

  1. Pho Kyar on June 26, 2014 at 5:50 am

    good .
    great
    I agree with you.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်