ဖိုးထက်၊ Multi Level Marketing နှင့် မေကြီးရဲ့ ငွေတွင်း

June 28, 2014

Multi Level Marketing နှင့် မေကြီးရဲ့ ငွေတွင်း
ဖိုးထက်၊ ဇွန် ၂၈၊ ၂၀၁၄

ခင်မင်တဲ့ အပေါင်းအသင်းတွေ မများလှဘဲ၊ ရန်သူတွေ လက်ချိုးရည်တွက် လို့ရသော ကျွန်တော့်ဘ၀မှာ အသက်ကြီးလာလေ စိုသောလက်များ ခြောက်သွေ့သွားမှာ အလွန်စိုးရိမ်ပါသည်။

လွန်ခဲ့သော တစ်လခန့်က ခရီးသွားဟန်လွှဲ ကျောင်းတုံးက မျက်မှန်းတန်းမိသော မိတ်ဆွေတစ်ယောက်ကို ပြန်တွေ့သည်။ ပြီးခဲ့သော ရက်သတ္တပါတ်ကတော့ ကျွန်တော့်ကို သူက ဖုန်းတွေ ခဏ ခဏ ခေါ်လာသည်။ ကျွန်တော် အချိန်အားရှိရင် တွေ့ချင်တယ်တဲ့လေ။ အားချင်ရင် အားပြီး မအားချင်ရင် သေမင်းကလွဲလို့ သိကြားမင်းတောင် ထ မတွေ့ချင်သော ကျွန်တော့်အတွက် အိမ်နားအထိ အရောက်လာမည်ဆိုသော သူ့အတွက် “အားပါတယ်ဗျာ..တွေ့တာပေါ့” ဟု ဆိုကာ တွေ့ဖြစ်ခဲ့သည်။

အလာပ္ပ၊ ဿလာပ္ပ ဟိုကောင်ကြီး ဘယ်ရောက်၊ ဟိုကောင်မကြီး ဘယ်ရောက်။ ဘယ်လိုတွေ စိတ်ကူးထားသလဲ။ ဘယ်လိုတွေ ကြံစည်ထား သလဲဆိုသည့် မေးခွန်းများဖြင့် အပြန်အလှန် စပ်စုကြသည်။ ထိုသို့ မေးမြန်းပြီးသကာလ သူ့စကား တစ်ခွန်းကြောင့် ကျွန်တော့်ကိုယ် ကျွန်တော် အလွန်ဝမ်းနည်းသွားသည်။ ယူကျုံးမရ ဖြစ်သွားသည်။ မှန်ကြည့်ပြီး “ငါ..ဒီလောက်တောင်ဘဲ ငတုံးပုံစံ ပေါက်နေသလား” လို့ မှန်ထဲက ကျွန်တော့်ကိုယ် ကျွန်တော် စေ့စေ့ကြည့်ပြီး မေးချင်မိသွားသည်။ သူပြောသော စကားက “ခင်ဗျား…အချိန်ရသေးတယ်မို့လား။ ခင်ဗျားကို တစ်ခု ပြောပြချင်လို့ဗျ။ Multi Level Marketing ဆိုတာ ကြားဘူးလား…” တဲ့။

သူပြောသော Multi level marketing အတွေ့အကြုံကို အရင်က ကျွန်တော် တွေ့ကြုံဘူးသည်။ အဲဒီတုံးက ယမကာ ဆိုင်တစ်ဆိုင်မှာ ရင်ဘတ်မိတ်ဆွေ တစ်ယောက်နှင့် သောက်စားနေသော ကျွန်တော်တို့ နှစ်ယောက်ဝိုင်းကို စားပွဲဝိုင်းအလွတ်မရှိသောကြောင့်ဆိုပြီး ဆံပင် နီကြောင်ကြောင်၊ နားသံသီး ခပ်ကြီးကြီး၊ အ၀တ်အစား ဖိုသီဖတ်သီနှင့် လူငယ်တစ်ယောက် လာထိုင်သည်။ မူးတူးရိပ်တိတ်ဖြစ်နေသည့် ကျွန်တော်တို့ နှစ်ယောက်ကို ခပ်မြှောက်မြှောက်ပြောပြီး အဲဒီ Multi level marketing ကို မိတ်ဆက်သွားခဲ့ဘူးသည်။ ပြောချင်သော စကားများကိုသာ စွတ်ရွတ်ပြောနေခဲ့သော အဲဒီ ကောင်လေးကို ကျွန်တော်တို့နှစ်ယောက်က ခပ်ပြုံးပြုံးဖြင့် ကြပ်ပေးကြသည်။ မေးခွန်းတွေ အများကြီး မေးသည်။ ချောင်တွေ ပိတ်သည်။ သူပြောသည့် အလုပ်ကောင်းကောင်းမလုပ်ဘဲ ပိုက်ဆံ အများကြီး ရသော သူများကို အခု ဖုန်းနံပါတ်ပေးပါ။ အခု ဖုန်းဆက်မယ်ဆိုပြီး ရစ်ခဲ့ကြဘူးသည်။ အလုပ်မလုပ်ဘဲ ပိုက်ဆံရတယ်ဆိုသည့် အယူအဆကို လုံးဝ အယုံအကြည်မရှိသော ကျွန်တော်တို့နှစ်ယောက်အတွက် ပျော်စရာ ယမကာ ၀ိုင်းတစ်ခု ဖြစ်စေခဲ့တာထက် မပိုခဲ့။

အခုတော့ ကြုံရပြန်လေပြီ။ ဒီသူငယ်ချင်းကတော့ ကျောင်းကတည်းက မေးထူးခေါ်ပြော အဆင့်ပေမယ့် သူ့ရဲ့ အေးဆေး တည်ငြိမ်မှုကို ကျွန်တော်က သိပြီးသား။ ကိုယ်နဲ့ ဆန့်ကျင်ဘက် လူများကို သတိထားမိသော လူ့သဘာဝအရ သူ့ရဲ့ အေးဆေးသော အမူအရာကို ကျွန်တော်က လေးစားသည်။ တက်ကြွသော မျက်ဝန်းအစုံ၊ ယုံကြည်ချက် အပြည့်ရှိသော မျက်နှာ အဆင်အပြင်နှင့် သူပြောမည့် ကိစ္စကြီးကို ကျွန်တော်က အဘယ်မှာ ငြင်းဆန်နိုင်သော အားအင် ရှိနိုင်ပါမည်နည်း။ သူပြောပြသော အကြောင်းအရာတွေကို ကျွန်တော် နားလည်သလောက် ပြန်ရှင်းခွင့် ပေးစေချင်သည်။

Multi Level Marketing ဆိုတာ ဆင့်ကဲ ဆင့်ကဲ လက်ဆင့်ကမ်းပြီး ဈေးကွက်ကို ချဲ့ထွင် ဖောက်ထွက်သော စနစ်တဲ့။ သူက အပေါင်းလက္ခဏာ တစ်ခုကို ရေးဆွဲသည်။ ဘယ်ဘက် အပေါ်ထောင့်မှာ သူနှင့် ကျွန်တော်တို့လို ကိုယ်လုပ်မှ ကိုယ်စားရတဲ့ အလုပ်သမားတွေတဲ့။ ကျွန်တော် အားငယ်သွားသည်။ သူ့အောက်တည့်တည့်က စီးပွားရေး လုပ်ငန်းသေးသေးလေးတွေတဲ့။ အပေါင်းလက္ခဏာရဲ့ ညာဘက် အောက်ထောင့်က စီးပွားရေး လုပ်ငန်း ခပ်ကြီးကြီး။ (ကုမ္ပဏီ ခပ်ကြီးကြီး တစ်ခုခုတဲ့)။ သူ့အပေါ်ကမှ KFC လို မက်စ်ဘာဂါလို လုပ်ငန်း အကြီးကြီးတွေတဲ့။ သူက နောက်ထပ် X ၀င်ရိုးနှင့် Y ၀င်ရိုးကို ဆွဲသည်။ X ၀င်ရိုးက လစာငွေကြေး ပမာဏ။ Y ၀င်ရိုးမှာ အချိန် အတိုင်းအတာ။ ကျွန်တော်တို့လို ၀န်ထမ်းတွေက ဆယ်နှစ်အလုပ် လုပ်မလား။ လစာတိုးလာမည်။ အချိန်ဆိုသည့် အသက်အရွယ် အပိုင်း အခြား တစ်ခု ပေးရမည်။ ဒါပေမယ့် အဲဒီအသက်အရွယ်အပိုင်း အခြားမှာ ရသည့် Active Income က ဘ၀တစ်လျှောက်လုံးမှာ ဘယ်လိုမှ ပြည့်စုံလုံလောက်မည် မဟုတ်တဲ့။ ခေါင်းဘယ်နှစ်ကြိမ် ညိမ့်မှန်းမသိဘဲ ကျွန်တော် ညိမ့်မိသည်။ “နင် နိုင်ငံခြားမှာ အလုပ် လုပ်နေတာ ကြာပြီ။ အခုထိ ဘာမှလဲ ဖြစ်မလာဘူး…ဟွန်း..ဟွန်း..ဟွန်း” ဆိုသည့် အမငယ်ကို သတိရသွားသည်။

ခပ်တိုတိုဘဲ ဆိုပါရစေတော့။ သူတို့ MLM (Multi Level Marketing) က ကိုယ်လုပ်မှ ကိုယ်စားရတဲ့ ဘ၀တွေထဲက ဖောက်ထွက်ဖို့ အကူအညီပေးတဲ့ အဖွဲ့အစည်းတဲ့။ သူ့ဆရာတွေ အခု မြန်မာပြည်မှာ ဒီအလုပ်မှာ အောင်မြင်သွားပြီး တစ်လကို ဒေါ်လာ ငါးသောင်းခန့်စားနေသတဲ့။  ကျွန်တော့် သွေးတွေ ပွက်ပွက်ဆူအောင် လောဘတက်၏။ တစ်ယောက်စကား တစ်ယောက်နား လက်ဆင့်ကမ်းပြီး အလုပ် လုပ်သွားရုံနဲ့၊ ဈေးရောင်းသွားရုံနဲ့ layer တွေ များသထက် များလာပြီး  Diamond အဆင့်အထိ ရောက်အောင် သွားနိုင်သတဲ့။ အဲဒီအဆင့်ရောက်သွားလို့ ဒီအလုပ်ကိုမလုပ်ချင်ရင်တောင်မှ ကော်မရှင်ခတွေက ဒေါ်လာ တစ်သောင်းအထက် ၀င်ငွေရှိသတဲ့။ အဲဒီဝင်ငွေကိုဘဲ ကိုယ်သေသွားရင် ကိုယ့်သား၊ သမီးကို လွှဲခဲ့လို့ရသေး သတဲ့။

ဘာတွေ ရောင်းရမှာလဲလို့ မေးတော့ ကျွန်တော့် စိတ်ဝင်စားမှုကို အသိအမှတ်ပြုရှာသည်။ ထုတ်ကုန် ၂၄ မျိုးရှိသတဲ့။ ခင်ဗျားလို ဥာဏ်ကောင်းတဲ့ လူအတွက် ဒီထုတ်ကုန်တွေ သိဖို့ မခက်ဘူးတဲ့။ ကြွတတ ဖြစ်သွားသော ဖင်ကို ပူနေသော ဗိုက်ဖြင့် အမြန်ဖိချလိုက်ရသည်။ ဒီလုပ်ငန်းမှာ လိုတာက အဲဒီဥာဏ်ကောင်းတာလဲ မဟုတ်။ အဓိက လိုအပ်တာက ခင်ဗျားလို Social Dealing ကောင်းသော လူဘဲတဲ့။ “ဟာ..ခင်ဗျား ညနေစာ မစားရသေးရင် တစ်ခုခုမှာလေဗျာ” လို့ ကျွန်တော့်ပါးစပ်က အဘိယာစက စကားများ အလိုအလျောက် ထွက်သွားသည်။ ဒီအထိ ကျွန်တော် သံသယ အနည်းငယ် ရှိပေမယ့် သူ့လို စိတ်ချ ယုံကြည်ရသည့် မိတ်ဆွေ၏ စကားကို လေးလေးစားစား နားထောင်သည်။ သို့သော်….

သူတို့ ထုတ်ကုန် ဆေးတွေထဲက တစ်မျိုးက ကင်ဆာ ပျောက်တယ် ဆိုသည့် စကားကြောင့် ကျွန်တော် စိတ်ညစ်သွားသည်။ ကင်ဆာရောဂါဆိုတာ မြန်မာနိုင်ငံ နိုင်ငံရေးလိုဘဲ လှီးဖဲ့ထုတ်မှဘဲ ပျောက်မယ်လို့ ယူဆထားသော ကျွန်တော့်အတွက် အတော်ကြီး လွန်သွားပြီထင်သည်။ AIDS နှင့် ကင်ဆာသည် ကမ္ဘာမှာ လူသားတွေ လက်ပိုက်ကြည့်ပြီး အပြုသဘောဆန်သည့် ဆေးဝါးများဖြင့် အရှင်းမပျောက်သော်လည်း အသက်ကို ဆွဲဆန့်ရသည့် ရောဂါများလို့ သိထားခဲ့သော ကျွန်တော့်အတွက် သူ့စကားတွေက ယုတ္တိမဲ့လွန်းတယ်လို့ ထင်နေမိသည်။ တစ်ခုခုတော့ အကြီး အကျယ်မှားနေပြီ။ သူကတော့  လက်တွေ့ပြနိုင်သတဲ့။ “သြော်..နိုဘယ်ဆုတောင် ရနိုင်တဲ့ အဖွဲ့အစည်းကြီးထဲက လူနဲ့ စကားပြောနေရတာပါလား” ဆိုသည့် ခပ်နောက်နောက်အတွေးတွေကြောင့် ပြုံးစိစိ ဖြစ်လာသော မျက်နှာပိုးကို အမြန်သတ်လိုက်ရသည်။ စကားဝိုင်း အဆုံးမှာတော့ သူငယ်ချင်းက အဖွဲ့ဝင် အဆိုပြုလွှာတွေကို ပေးလိုက်သည်။ သူတို့ အဖွဲ့အစည်းကြီး၏ စာအုပ်များကို လေ့လာဖို့ ဆိုပြီး ကမ်းလိုက်သည်။ စာအုပ်ဆိုလျှင် အလကား မရဘဲ ခိုးရမည်ဆိုလျှင်ပင် ခိုးချင်၊ ၀ှက်ချင်သော ကျွန်တော်က အေးအေးဆေးဆေး လက်ခံယူပြီး အိမ်ပြန်ခဲ့သည်။

အိမ်ပြန်ရောက်တော့ ကျွန်တော်မှန်မကြည့်ဖြစ်ဘဲ အေးအေးလူလူ တွေးနေမိသည်။ အမေ့ အမေ ကျွန်တော့် အမေကြီး၏ ချွေးဂျီးစော်နံနေသည့် ဘော်ဘီ အကျီ င်္ အိတ်ကပ်လေးကို သတိရလာသည်။ အမေကြီးက သူ့ကိုယ်ပိုင် ပိုက်ဆံငွေကြေးလေးတွေကို သူ့ဘော်လီအိတ် ခပ်ညစ်ညစ်လေးထဲမှာ အမြဲ ထည့်ထားတတ်သည်။ သူ့မြေးတွေကို သူယုံသည်။ သူ့သမီးကို သူစိတ်ချသည်။ သူ့အိတ်ကပ်ထဲမှာ ဘယ်လောက် ရှိလို့ ရှိမှန်းမသိဘဲ မေကြီးက ပိုက်ဆံ ထည့်ထားတတ်သည်။

ကျွန်တော် တစ်တန်းနှစ်မှာ လေတံခွန်လွှတ်တတ်သည်။ အမြီးတပ်လွှတ်ရသည့် ဂျွမ်းထိုးလို့ မရသည့် အိငြေ်္ဒရေရရ လွှတ်ရသည့် လေတံခွန်မျိုးကို ကျွန်တော် မကြိုက်တတ်တော့။ အမြီးမပါသော လေတံခွန်ဖြင့် လေထဲမှာ ဘယ်ဘက်ယိမ်းလိုက်၊ ညာဘက်ယိမ်းလိုက် ဘီးလုံးဟုခေါ်သော ရစ်ဘီးလုံးဖြင့် ထိန်းချုပ်ပြီး အခြား စွန်တွေနှင့် ရင်ဆိုင် ယှဉ်ပြိုင်ပြီး စွန်ဖြတ်ချင်လှပြီ။ သို့သော် အဲဒီလို စွန်ဖြတ်ဖို့ အိမ်က သတင်းစာ အဟောင်းတွေဖြင့် ထမင်းလုံးကော်ကပ် အိမ်ဖြစ်လေတံခွန်ဖြင့်တော့ မဖြစ်။ ကုန်စုံဆိုင်မှာ ရောင်းသော ရောင်စုံ ဆီစိမ် လေတံခွန်တစ်ခု လိုသည်။ မှန်စာကြိုးဟု ခေါ်သည့် မှန်စတွေကို ထောင်း၊ ကော်ရည်ဖြင့်ရောပြီး အပ်ချည်ကြိုးမှာ သုတ်ထားသည့် ထက်၊ ရှ လှသော မှန်စာကြိုးလဲ လိုသည်။ ဒီနှစ်ခုရလျှင် ကျွန်တော့် ရစ်ဘီလုံး အဟောင်းကြီးနှင့် တွဲဖက်ပြီး စွန်ဖြတ်ရလျှင် အဘယ်မျှ အရသာ ရှိမလဲဆိုသည့် ချဉ်ခြင်းက အလွန်တပ်သည်။ အမေက ခွင့်မပြု။ မှန်စာကြိုးတွေနဲ့ ရှပြုကုန်ရင် ခက်ရချည်ရဲ့လို့ သူ့သားငယ်ကို စိုးရိမ်သည်။ ဈေးကွက်ဝင် လေတံခွနှ်နှင့် မှန်စာကြိုးဝယ်ဖို့ ငွေမထုတ်ပေး။

မုန့် ငတ်ကြီး အလွန်ကျသော ကျွန်တော့် မုန့်ဖိုးနဲ့ ၀ယ်ရအောင်ကလဲ ဘယ်လိုမှ မဖြစ်နိုင်။ ကျွန်တော် လိုချင်တာတွေ ရဖို့ ဘတ်ဂျက်က အနည်းဆုံး လေးကျပ် (အဲဒီခေတ်က) ရှိရမည်။ ကျွန်တော် ဘာလုပ်ပါသနည်း။ ခိုးပါသည်။ အမေကြီးပိုက်ဆံကို ခိုးပါသည်။ ညနေရေချိုးချိန်မှာ ချိတ်ထားသော မေကြီး၏ ဘော်လီ အကျီ င်္ အိပ်ကပ်ထဲက ပိုက်ဆံကျပ်စေ့ လေးစေ့တိတိကို စောရနက္ခတ်ပါဟန်တူသည့် ကျွန်တော်က ခိုးဝှက်ပါသည်။ မေကြီးက သိတော့ သူ့သမီးကို တိုင်သည်။ သူ့သမီးက သူ့မြေးကို ပါယ်ပါယ်နှယ်နှယ်တွယ်ပါသည်။ သူ့မြေးက အာဗြဲကြီးနှင့် အော်ငိုသောအခါ သူကဘဲ သနားပြီး လေတံခွန်နှင့် မှန်စာကြိုးတွေကို ကိုယ်တိုင် လိုက်ဝယ်ပေးသည်။ ထို့အပြင် သူ့မြေး စွန်လွှတ်သည့်အနောက်ကို တောင်ဝှေးကြီးဖြင့်လိုက်ကာ “ဟဲ့…ဟဲ့..ဟိုကောင် နင့်စွန်ကို လာဖြတ်တော့မယ်… ဘယ်ဘက် ကို ဂျွမ်းထိုးရှောင်လိုက်။ လေက တောင်ဘက် တိုက်နေတာ။ ညာဘက်ကနေ သူ့အပေါ်ကို ခုတ်ဆွဲ။ အေး…အေး အဲဒီအတိုင်း..ဒါမှ ငါ့မြေး” ဆိုပြီး အားပေး အားမြှောက် ပြုရှာသည်။

အဲဒီကတည်းက မေကြီး မဆုံးခင်အထိ ငွေတွင်းသည် ကျွန်တော့်အတွက် မနက်ပါ။ မေကြီး သား..ဘယ်လောက် ယူသွားတယ်နော် ဆိုသည့် အသိပေးတာလိုလို၊ ဘာလိုလို လုပ်ကာ အမြဲ နှိုက်သည်။ မေကြီးက “ဒီကောင်လေးဟာလေ” ဆိုသည့် စကားထက် ပိုမပြော။ အခု ကျွန်တော် အသက်ကြီးလာတော့ မေကြီး ဘော်လီ အိတ်ကပ်လေးကို လွမ်းသည်။ မေကြီး ရှိနေသေးရင်တောင်မှဘဲ လေတံခွန်နဲ့ မှန်စာကြိုးထက်ပိုလာသည့် ကျွန်တော့် လိုအင်ဆန္ဒတွေကို သူ့အိပ်ကပ်လေးက ဖြည့်ဆည်းပေးနိုင်မည် မထင်။ အလိုဆန္ဒတွေ များလာသည်။ လိုချင် တပ်မက်မှုတွေ ပိုလာသည်။ ပြီးတော့ ငွေတွင်းက နက်သထက် နက်သထက် နက်လာသည်။

ကျွန်တော့် သူငယ်ချင်းကို ယုံကြည်ပေးလို့ရပါသည်။ သူလို လူတစ်ယောက် ယုံကြည်နေသည့် အလုပ်ကြီးကို (သူတို့စကားအရ) ကျွန်တော်က ပျက်ရယ် ပြုဖို့ မလိုအပ်ပါ။ ဒါပေသိ သူ့ငွေတွင်းကလဲ နက်နေတာ ကျွန်တော် သတိထားမိသည်။ အလုပ် မလုပ်ဘဲ ပိုက်ဆံရသည့် ကိစ္စက ဘီယာဝိုင်းတွေမှာ ကျွန်တော် ဆုတောင်းနေကြ “အလုပ်မလုပ်ဘဲ ပိုက်ဆံရပါစေ” ဆိုသည့် စကားထက် မပိုနိုင်ပါ။

ငွေတွင်းနက်ပါသည်။ သို့သော် တစ်ချို့တွေ အတွက် ငွေတွင်း မနက်ပါ။ စင်္ကာပူမှာ ကွန်ဒိုမီနီယမ်တွေ မရည်မတွက်နိုင်အောင် ၀ယ်ထားကြသော လူများအတွက် ငွေတွင်းသည် ခါးကုန်းနှိုက်စရာ မလိုဘဲ ခြေမနှင့် ကလော်ထုတ်ရုံဖြင့် သုံးမကုန်အောင် ပိုက်ဆံ ငွေကြေးများ ထွက်လာနိုင်သည်။ ကျွန်တော်လို လူများအတွက်ကျတော့ ခါးချိုးရမည်။ ချွေးထွက်ရမည်။ အပြောအဆို ခံရသည်။ အထင်အမြင် အသေးခံနိုင်ရသည်။ မပျော်သော အရပ်မှာ ပျော်အောင် နေတတ်ရန် ကြိုးစားရသည်။

သူငယ်ချင်းဖြစ်သူ ပြောသွားသည့်စကားတွေကို ကျွန်တော် သတိရနေမိသည်။ သူတို့ အဖွဲ့အစည်းကြီးထဲကို ၀င်ပြီး အလုပ်လုပ်ရင် အလုပ်မလုပ်ဘဲ (အလုပ်နည်းနည်း လုပ်ရုံနဲ့) ပိုက်ဆံတွေ အများကြီး ရသတဲ့။ သေသွားရင်တောင်မှ ဘဏ်ထဲကို ငွေက ပုံမှန်ထည့်ပေးနေသတဲ့။ ကျွန်တော့်အတွက်ကတော့ ငွေတွင်းသည် နက်ရှိင်းဆဲဖြစ်သည်။ ငွေတွင်း မနက်ချင်လျှင် မေကြီးဘော်လီအိတ်ကို နှိုက်သလိုမျိုး ခိုးဖို့ လိုလာပြီ။ ဒီအသက်အရွယ်မှာ ကျွန်တော်ခိုးဖို့ကျတော့ လူတွေက မေကြီးလို “တယ်..ဒီကောင်လေးဟာလေ” လို့ ပြောလိမ့်မည် မထင်။ ကျွန်တော့် သိက္ခာတွေ ပေးရမည်။ မရှိမဲ့ ရှိမဲ့ ကိုယ်ကျင့်တရားတွေ အပွန်းအတိုက်ခံရမည်။ မျက်နှာပြောင် တိုက်ပြီး ခိုးဖို့လိုသည်။ ဘယ်သူဘာဖြစ်ဖြစ် အကန်တော့ခံရဲဖို့လိုသည်။

ကျွန်တော့်ရဲ့ ယုံကြည်စိတ်ချရသော သူငယ်ချင်း၏ Multi Level Marketing ငွေတွင်းသည် သူထင်သလောက် မတိမ်ဘူးထင်ပါသည်။

ကျွန်တော်ကတော့ မေကြီးရဲ့ ဂျီးအထပ်ထပ် ဘော်လီ အကျီ င်္ အိတ်ကြီးကို အိပ်မက်ထဲအထိ ထည့်မက်ရလောက်အောင် လွမ်းနေမိတတ်သည်။

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ခေတ်ပြိုင်အတွေ့အကြုံ, ရေခြားမြေခြား မြန်မာများ

One Response to ဖိုးထက်၊ Multi Level Marketing နှင့် မေကြီးရဲ့ ငွေတွင်း

  1. Catwoman on June 29, 2014 at 12:23 am

    It is called Ponzi scheme. They will lie to anyone including monks to sell their products. Of course they make money because they jack up the prices.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်