သက်ခိုင် – သူပုန်အောင်ဖေ

June 28, 2014

သူပုန်အောင်ဖေ
သက်ခိုင်
ဇွန် ၂၈၊ ၂၀၁၄

 
© Lee Yu Kyung

(၁)

ချင်းမိုင်မြို့စွန်၊ ဒွိုင်ဆူထစ်တောင်ခြေရှိ ရေကာတာအသေးလေးပေါ် ကို ဖြတ်တိုက်လာသည့် လေနုအေး လေးကတော့ နေ့လည်ခင်းကလို ပူစပ်ပူလောင် မဟုတ်တော့။ မာန်လျှော့သွားသည့်သဘော သာသာညှင်းညှင်းလေးသာ တိုက်ခတ်နေတော့သည်။ ဘာရယ်မဟုတ် ကိုအောင်ဖေနှင့်ကျနော် ဆိုင်ကယ်တစီးစီဖြင့် ဆူထစ်လမ်းအတိုင်း တက်လာရင်း တမံဘောင်ပေါ်တွင် လေညှင်းခံကာ ထုံးစံအတိုင်း ကျနော်ကသူ့ကို စကားဖောင်ဖွဲ့ ဖြစ်နေခြင်းပင်။ 
“အမှန်တော့ဗျာ ကျနော်တို့တွေလည်း တိုင်းပြည်အတွက် လုပ်ခဲ့ကြတာပဲလေ၊ ကျနော်တို့တွေက ဘာတွေများ တောင်းဆိုခဲ့လို့လဲ၊ တိုင်းပြည်ရဲ့ ကံကြမ္မာအတွက်ပဲ ရိုးရိုးသားသား ဒီမိုကရေစီရေးကိုပဲ တောင်းဆိုခဲ့ တိုက်ပွဲဝင်ခဲ့ကြတာပဲ ရှိတာလေ၊ ဒီအတွက် အခုအချိန်မှာ ကျနော်တို့အတွက် ပိုင်ဆိုင်မှုဆိုတာကော ခင်ဗျားသိတဲ့အတိုင်း ဘာများရှိလို့လဲဗျာ၊ အတွေ့အကြုံ ဗဟုသုတနဲ့ အသုံးချညာဏ်ရည်တွေပဲ ရှိကြတာပါ၊ ဒါတွေကိုတော့ တိုင်းပြည်အတွက် လိုတဲ့ထောင့်တနေရာရာကနေ ဖြည့်ဆည်းပေးချင်စိတ်တော့ ရှိနေသေးတာပဲလေ၊ ဒါပေမယ့် ကျနော်တို့တွေကို အသိအမှတ်ပြုတဲ့ အနေနဲ့တောင် ထုတ်ဖော်ပြောဆို လက်ခံကြိုဆိုမှုတွေ မရှိသေးမှတော့၊ ကျနော်ထင်ပါတယ် အဝေးကနေပဲ ကျနော်တို့တွေ တိုင်းပြည်အတွက် ဆက်အလုပ် လုပ်နေရဦးမှာပဲလေ” 
ကျနော်စိတ်မကောင်းဖြစ်သွားသည်၊ ကိုအောင်ဖေ့စကားကြောင့်လည်း ရင်ထဲမှာအပူလှိုင်းတခု စီးဆင်းသွားသလို ခံစားရသည်။ ဟုတ်တော့ဟုတ်သည် ဒီအချိန်အထိ အစိုးရမှ မိမိယုံကြည်ချက် အသီးသီးကြောင့် တိုင်းပြည်ပြင်ပသို့ ထွက်ခွာကာ နည်းလမ်းပေါင်းစုံဖြင့် မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းခဲ့ကြသူများ၊ ကြိုးပမ်းနေကြသူများကို တိုင်းပြည် ပြန်လည်တည်ဆောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် တရားဝင် သဘော ဖိတ်ခေါ်မှုကတော့ မရှိသေး၊ ဆိုလိုသည်မှာ အဖွဲ့အစည်း အသီးသီးနှင့်တော့ စကားပြောနေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် တသီးပုဂ္ဂလဆန်ဆန် ရပ်တည်လှုပ်ရှားနေသူများကိုတော့ မည်သို့သော တုန့်ပြန် ဖိတ်ခေါ်မှုမျိုးမှမရှိ။

သူများတွေတောင် ပြန်ကုန်ကြပြီ၊ ပြီးတော့ အပြောင်းအလဲတွေလည်း ရှိနေပြီလို့ တချို့တွေကပြောနေကြတယ်၊ ခင်ဗျားကကော ဘယ်တော့ပြန်မယ် ဆုံးဖြတ်ထားသလဲလို့ ကျနော်မေးတော့၊ မိကျောင်းမျက်ရည်ကျတဲ့ အဆင့်ပဲ ရှိပါသေးတယ်ဗျာဟုဆိုကာ အဆိုပါ စကားကို သူပြောလာခဲ့ခြင်းပင်။ ဆိုလိုသည်က မိကျောင်းတို့မည်သည် အစာစားရတော့မည်ဆိုပါက အာခံတွင်းကို ဖြဲဟရသောကြောင့် အလိုအလျှောက် မျက်ရည်ကျဆင်းလာခြင်းကို ဆိုလိုသည်၊ သို့အတွက် မြန်မာပြည်ပြောင်းလဲလာပြီဟု ဆိုသည်မှာ မဖြစ်မနေ သဘောတရားအရ ပြောင်းကိုပြောင်းရမည့် အခြေခံ နိယာမအဆင့်တခုသာ ရှိသေးပြီး၊ မဟာဗျူဟာအရ မပြောင်းလဲသေးဟု သူဆို လိုခြင်းပင်။

“ဒါကြောင့် ကျနော်ကတော့ ဘုရားဆက်ဖူးနေရဦးမှာပါပဲလေ” ဟု ရယ်ကျဲကျဲနှင့်ဆိုသည်။

သူဆိုလိုသည်ကို ကျနော်သဘောပေါက်လိုက်သည်၊ ဒါကြောင့် လူကောင်ကျစ်ကျစ်နှင့် စိတ်ထားရိုးပြီး သူတပါးကို ကူညီတတ်သော၊ စိတ်တိုလွယ်သော၊ ထက်မြက်သော၊ အလွဲလွဲအချော်ချော် ဖြစ်လေ့ရှိကာ အလုပ်မျိုးစုံနီးပါး လုပ်ကိုင်ခဲ့ဖူးသည့် အောင်ဖေဆိုသည့် တော်လှန်ရေးသမားတဦးအကြောင်းကို အစအဆုံး ရှင်းပြမှ ရတော့မည်ဖြစ်သည်။ 

(၂)

အချိန်ကား ၁၉၉၂ခုနှစ် ဇန်နဝါရီလအတွင်း ရန်ကုန်မြို့တော်၏ မြို့နယ်တခုဖြစ်သော တောင်ဥက္ကလာ မြင်သာဒေသရှိ တခုသော အိမ်အ တွင်းတွင်ဖြစ်သည်။

“သားစပါးရောင်းတာက မပြီးသေးဘူးလား၊ ဘယ်တော့ပြန်ဖြစ်မလဲ”

ဝင်းနိုင်(UK)အမေက အောင်ဖေ့ကိုမေးလိုက်ခြင်းဖြစ်သည်။ အောင်ဖေလှစ်ကနဲ ဝင်းနိုင်ကိုလှမ်းကြည့်လိုက်ရင်း။

“ဒီလိုဒေါ်ဒေါ်ရ၊ အခုပဲကျနော်တို့ ဒေါ်ဒေါ်တို့ကိုပြောမလို့” ဟုအစချီကာ၊ ဝင်းနိုင်၊ အောင်ဖေနှင့် ကိုအေးမြင့်ဆိုသော သူငယ်ချင်း၃ယောက် ကျိုက်ထီးရိုး ဘုရားဖူးဖို့ အစီအစဉ်ပေါ်လာကြောင်း၊ ဘာကြောင့်ဆို ကိုအေးမြင့်အဖေက ဒု-ဗိုလ်မှူးကြီးတဦးဖြစ်ပြီး ယခုအလုပ်အားလပ်ရက် သူတို့မိသားစု၃ဦး အလည်အပတ် ဘုရားဖူးထွက်ရာတွင် မိမိတို့ပါ လိုက်လိုကလိုက်ခဲ့ရန် သူ့သားမှတဆင့်ပြောသဖြင့် အခုလိုအခွင့် အခါကြုံခိုက် သွားဖို့တိုင်ပင် နေကြခြင်းဖြစ်ကြောင်း ယုတ္တိရှိရှိ လိမ်တော့သည်။

အမှန်တော့ ဒီစကားက ဝင်းနိုင်ပြောရမည့်စကား သို့ပေမယ့် ဒီကောင်ကအေးတော့ ပြောတတ်မည်မဟုတ်၊ နေရာတကာ ခပ်တည်တည်နှင့် ပုံပြောတတ်သော အောင်ဖေကပြောမှ ဖြစ်မည်ဆိုသည်ကို တိုင်ပင်နေတုန်း အခုလို မေးလာတာခံရတော့ တခါတည်းကိစ္စပြတ် ဇတ်လမ်းထွင် ရွီးလိုက်ခြင်းဖြစ်သည်။

“ဖြစ်ပါ့မလားသားတို့ရဲ့၊ ခေတ်ကြီးကမကောင်း အဲဒီဘက်တွေတောင် ပေါ်တာဆွဲတယ်ဘာညာနဲ့”

ဝင်းနိုင်အမေက စိုးရိမ်ဟန်လေသံဖြင့် အခြေအနေကို ထပ်မံစေ့ငုလိုက်သည်။

ဂွင်ကတော့ဝင်သွားပြီ မသွားနဲ့လို့ ယတိပြတ်ပြောခြင်းမဟုတ်၊ တိုင်းရေးပြည်ရေး အခြေအနေကို စိုးရိမ်စိတ်လေး ရှိကြောင်း ထုတ်ဖော်ပြခြင်းသာ။ စိတ်အေးသွားသောအောင်ဖေက သက်တောင့်သက်သာ ရှိသွားသည့် လေသံဖြင့်။

“ဒါပေါ့ဒေါ်ဒေါ်ရာ၊ မဟုတ်ရင် ကျနော်တို့လည်း ဘယ်သွားမလဲ ဟိုကောင့်အဖေက တပ်ကအရာရှိကြီးဆိုတော့ ဘယ်သူကလာထိရဲမလဲ ဒါကြောင့်ကျနော်တို့ လိုက်မယ်ပြောလိုက်တာလေ”

တခါတည်းယတိပြတ် ဒီခရီးစဉ်ကို သွားတော့မည်ဆိုသည့်လေသံဖြင့် လူကြီးကို ညာတာပါတေး ပြောနေပုံကိုက နားရင်းရိုက်ချင်စရာ၊ အောင်ဖေ့ကိုလည်းသူ့သားအရင်းလိုချစ်သော သဘောကောင်းသော ဝင်းနိုင်အမေ ဘာဆက်ပြောရမှန်း မသိတော့၊ အေးလေသူတို့ကျောင်းလည်းအားတုန်း သွားချင်သွားပါစေလေဟု သဘောထားလိုက်ပုံ ရသည်။

အဲဒီနောက် ၄ရက်သာကြာမည်ဖြစ်ကြောင်း စိတ်ချစေလိုကြောင်း အပြန်တွင်ဘာတွေဝယ်ခဲ့ ရမည်နည်း အကိုကြီးတို့ အမကြီးတို့ကော ဘာမှာချင်သနည်းစသဖြင့် မဟုတ်တမ်းတရားတွေကို ဝင်းနိုင်အမတွေ၊ အကိုတွေကို  ဖောင်လောက်အောင် အောင်ဖေပြောနေတော့သည်။ အမှန်တော့ အိမ်ကမထွက်လာခင် ကတည်းက အမတွေရဲ့ ဆွဲကြိုးတွေ လက်စွပ်တွေကို သူငယ်ချင်းတယောက်အိမ်မှာ အလှူရှိသည် ဒီမနက်သွားမလို့ ခဏပေးလိုက်ပါ ဟုဆိုကာ ရောင်းချပြီး ထွက်လာခဲ့သည့် အောင်ဖေကို ဝင်းနိုင်တို့အိမ်ကလည်း ငွေရွှင်တုန်း ဘုရားဖူးသွားသည်ဟု ထင်ပုံရသည်။

ဆိုတော့ မနက်ဖြန်ပဲ ခရီးစထွက်ရတော့မည်၊ ဆိုင်းမဆင့်ဗုံမဆင့် ဘာမှမတိုင်ပင်ဘဲ မနက်ဖြန် ခရီးထွက်မည် ဆိုတော့ ဝင်းနိုင်ကမျက်နှာနည်းနည်းတော့ ပျက်နေသည်၊ မင်းကဘာလို့စွတ်ရွတ်ပြီး မနက်ဖြန်ထွက်မယ် ပြောရတာလဲကွဟုမေးတော့ ဟေ့ကောင်ရ တုန်းထွက်မှဟ တော်ကြာလူကြီးတွေက ဟာကျောင်းဖွင့်တော့မယ် ဘာညာမသွားနဲ့ဆို သေရောဟုသာ အောင်ဖေဆင်ခြေပေးသည်။

ဝင်းနိုင်က RIT ဒုတိယနှစ်တက်နေတုန်း ကျောင်းပိတ်ရက်ကာလ၊ အောင်ဖေက ညောင်တုန်းကနေ ရန်ကုန်မှာ စပါးလာရောင်းသလိုလို၊ ဆန်လာဝယ်သလိုလိုလုပ်ပြီး ဝင်းနိုင်တို့အိမ်ကို ရောက်နေသောအချိန်ဖြစ်သည်၊ ဒါကြောင့် ဆန်အရောင်းအဝယ်က မပြီးသေးဘူးလား မပြန်ရသေးဘူးလားဆိုသည့်သဘော လူကြီးတွေက မေးလာခိုက် အခုလို ဇတ်လမ်းထွင်ပြီး စွတ်ရွတ်ပြောခြင်းသာ ဖြစ်တော့သည်။

(၃)

နောက်တနေ့ မနက်(၁၀)နာရီခန့်ကြတော့ ဝင်းနိုင်မိဘတွေကလည်း မုန့်ဖိုးပေး၊ လမ်းတလျှောက် ဘုရားတရား မမေ့ဖို့နဲ့ ကောင်းကောင်း သွားကြဖို့ မှာကြားကာ ထမင်းစားပြီးနောက် ကိုအေးမြင့်တို့အိမ်မှာ စီစဉ်စရာရှိသည်များ စီစဉ်မည်ဟုဆိုကာ နှစ်ယောက်သား လစ်ထွက် လာကြတော့သည်။ ၄ ရက်စာဟု ယုတ္တိရှိလောက်အောင် အဝတ်အစားတချို့သာယူခဲ့ပြီး လမ်းရောက်တော့ မည်သို့မည်ပုံ ကိုအေးမြင့်ကို ခေါ်ထုတ်မည်နည်းဟု တိုင်ပင်ရပြန်သည်။ ကိုအေးမြင့်ကတော့ ကိစ္စမရှိ နဂိုကတည်းက အဆင်သင့်ဖြစ်နေရန် ပြောထားပြီးဖြစ်၍ အောင်ဖေက သူ့အိမ်ကိုသွားကာ လက်ဘက်ရည်ဆိုင်ထိုင်မည့်အထာဖြင့် ခေါ်ထုတ်ယုံသာ။

ကိုအေးမြင့်ကလည်း သူ့အိမ်ကို အောင်ဖေတို့နှင့် ဘုရားဖူးသွားမည်ဟု ပြောထားသဖြင့် အစစအရာရာ အဆင်ပြေ ချောမွေ့သွားတော့သည်။ ထို့နောက် ၃ယောက်သား လမ်းတလျှောက် လိုက်လံပို့ဆောင်မည့် ကိုပေါက်စီဆီသွားကာ သူ့အိမ်တွင်ညအိပ်ကြသည်။

နောက်နေ့မနက် ရန်ကုန်တောင်ငူ ကားလက်မှတ်ဝယ်ကာ ၄ ယောက်သား ဘုရားဖူးသွားရန်ဟု အမည်ကင်မွန်းတပ်၍ ရန်ကုန်မြို့ တော်ကြီးအား  ကျောခိုင်းလိုက်ကြလေပြီ။

“လမ်းမှာ သူများတွေမေးရင် ရွာကဆွေမျိုးတွေဆီ မင်းတို့ သွားလည်ကြမှာလို့ပြော ကြားလား”

ကိုပေါက်စီက လူရှင်းသော လယ်ကွင်းပြင်ဖုန်ထူထူလမ်းလေးအရောက် အားလုံးကိုပြောလိုက်ခြင်းဖြစ်သည်။ အမှန်တော့ ငယ်သော အောင်ဖေနှင့် ဝင်းနိုင်ကိုသာ ဦးတည်ပြောခြင်းဖြစ်သည်၊ ကိုပေါက်စီအိမ်မှာ ရောက်နှင့်ပြီး အောင်ဖေတို့ကို ၄-၅ရက်ခန့် စောင့်ဆိုင်းနေခဲ့သော ကိုရဲဝင်းအောင်နှင့် ကိုအေးမြင့်တို့ကတော့ ကိုပေါက်စီနှင့်ရွယ်တူ အသက်တွေက၂၅-၂၆တွေ၊ အောင်ဖေနဲ့ဝင်းနိုင်သာ အသက် ၂၀ ကျော်ကျော် ရှိကြသေးသည်၊ ဒါကြောင့်ရင်းရင်းနှီးနှီး မင်းနဲ့ငါပြောကာ ကိုပေါက်စီကလည်း ဂွင်ဝင်တုန်း ဆရာလုပ်ခြင်းပင်။

မနက်ကတည်းက ကြည့်မြင်တိုင် အဝေးပြေးကားဂိတ်မှ ထွက်လာပြီး၊ ဖြူးနှင့်အုတ်တွင်းကြား အဝေးပြေးကားလမ်းမ နေရာတခုအရောက် ကိုပေါက်စီက ကားကိုရပ်ခိုင်းကာ အခုလို လမ်းဆင်းလျှောက်လာ ကြခြင်းဖြစ်သည်၊ ဦးတည်ရာအရပ်ကတော့ မြန်မာနိုင်ငံ အရှေ့ရပ်ဝန်း ဒေါနတောင်တန်းဆီသို့။

နေကပူ ဖုန်ကထူဆိုတော့ အောင်ဖေတို့မြို့သားပေါက်စနတွေ တောလမ်းမှာ ဒုက္ခရောက်တော့သည်။ ဝတ်လာသည့် ထိုခေတ်ထိုကာလက ခေတ်စားသော (JOY) ဂျာကင်ကလည်း နွေးထွေးမှုလွန်ကာ ပူလောင် အိုက်စက်မှုကို ဖြစ်စေတော့သည်။

နေ့လည်၁နာရီလောက်ကတည်းက လမ်းလျှောက်နေရသည်မှာ ယခုပဲညနေ၄နာရီထိုးတော့မည်၊ အောင်ဖေမနေနိုင် စပ်စုတော့သည်။

“ဟေ့လူ မရောက်သေးဘူးလားဗျ၊ ဘယ်မှာအိပ်ရမှာလဲ ဘာတောင်မှလည်း မတွေ့ရသေးပါလား”

“ဟေ့ကောင် ဒါကြောင့်ငါပြောတယ်၊ လမ်းမှာ သောက်စကားမများနဲ့လို့၊ အချိန်တန်တော့ရောက်မှာပေါ့၊ မင်းတို့ပြောတုန်းက ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်နဲ့ ဒီပုံနဲ့ဆို ပုရွက်ဆိပ်တောင် မိမှာမဟုတ်ဘူး”

မေးတာကတခြား၊ အခုတော့ အသားလွတ် စိန်ပေါက်စီတွယ်တာ ခံလိုက်ရပြီ၊ ဆိုလိုတာက ဒီခရီးမထွက်မလာခင် ညကအကုန်စုပြီး လက်ဘက်ရည်ဆိုင်ထိုင်စဉ်မှာ မြေပေါ်နိုင်ငံရေးတိုက်ပွဲနဲ့ ဆက်လက်တိုက်ပွဲဝင်၍တော့ မရတော့၊ ထို့ကြောင့် လက်နက်ကိုင်တော်လှန်ရေးဖြင့် ဆင်နွှဲမှသာ မိမိတို့လိုချင်သည့် ဒီမိုကရေစီကို ရနိုင်မည်၊ ထို့ကြောင့် တောခိုကာ လက်နက်ကိုင်တိုက်မည်၊ ထို့အတွက် ဘဝ၊ အသက် စသည်တို့ကို စွန့်လွှတ်ဖို့ ဝန်မလေးကြောင်း ဘာညာကြားဖူးနားဝတွေကော ပိုပိုသာသာ လေများခဲ့ခြင်းကို ကိုပေါက်စီကမြင်ပြင်းကပ်၍ အခုလိုတွယ်ခြင်းဖြစ်မည်။

ကိုပေါက်စီတာဝန်က လူတွေကိုပို့ဆောင်ပေးဖို့ တာဝန်ဖြစ်သည့်အတွက် ဒီလမ်းကိုသူကကျွမ်းနေပြီ၊ အသစ်လေးတွေဖြစ်သော အောင်ဖေတို့အတွက်ကတော့ ခြေညောင်း၊ နေပူ၊ ဖုန်ထူထူနှင့်ဆိုတော့ အမေနဲ့ရွာကို လွမ်းရတော့မလိုလို၊ ရောက်ရာနေရာတွင် ပစ်လှဲရအောင်လည်း လယ်ကွင်းပြင် ကောက်ရိုးပြတ်တွေချည်းပင် တခါတခါမှ သစ်ပင်တပင်နှစ်ပင်တွေ့၍ ခဏအမောဖြေရသလို ရွာတရွာရွာ ဖြတ်လျှင်တော့ သစ်ရိပ်ဝါးရိပ်အောက်မှ ဖြတ်လျှောက်ခွင့်ရသည်။ နားခွင့်တော့မရ နားချင်လျှင်ရွာပြင်မှာသာ နားရမည်ဟု စိန်ပေါက်စီ အမိန့်ထုတ်ထား၍ ဖြစ်သည်။ အောင်ဖေတို့က ကိုပေါက်စီကို နာမည်ပြောင်ပေးထားသည်က စိန်ပေါက်စီ၊ ဘာကြောင့်ဆို စိုးရိမ်စိတ်များပြီး အမယ်အိုကြီးလို တဗျစ်တောက်တောက် မြည်တွန် တောက်တီးနေတတ်၍။

ညနေစောင်း ၆ နာရီခန့် အမှောင်ပျိုးတော့မှ ညောင်ခြေထောက်ဆိုသည့်ရွာကိုရောက်သည်၊ ရေမိုးချိုး အိမ်ရှင်ချက်ကျွေးသည့် ထမင်း ဟင်းစားကာ အညောင်းပြေ၊ အညာပြေခြေဆန့်လက်ဆန့်လှဲရင်း ရွာအကြောင်း အိမ်ရှင်လုပ်သူမှ မိတ်ဆက်ပေးသည်မှာ ဤရွာတွင် ၇ လောင်းပြိုင် လူသတ်မှုဖြစ်ဖူးသည်တဲ့ ဘုရား ဘုရား။

ဟိုဟိုဒီဒီ တိုးတိုး၊ တိုးတိုးပြောရင်းက နောက်ဘယ်လောက်သွားရဦးမည်လဲဆိုတော့ လမ်းလျှောက် ၂ ညအိပ်ပဲတဲ့ သေပြီ။

(၄)

ဆိုခဲ့သည့်အတိုင်း ၂ညအိပ်ခရီးကို ထုံးစံအတိုင်းလမ်းလျှောက်ပြီး ယခုမနက် ၁၀နာရီခန့်မှာတော့ ဒေါနတောင်ခြေဟု ခေါ်ဆိုရမည်ဖြစ်သည့် ကနစိုးပင်ရွာကို အောင်ဖေတို့ ရောက်ရှိလာခဲ့ခြင်းပင်။ လာခဲ့သည့်ခရီးတလျှောက် ခေတ္တခဏ တည်းခိုသည့် ရွာတိုင်းကလိုလို အထူးခရီးသည်သဘော ဟင်းကောင်းတွေ ချက်ကျွေးခဲ့သည်။ ထမင်းစားမည်ဟု ရည်ရွယ်သော အိမ်ရောက်လျှင် အိမ်ရှင်က လေးဂွကိုင်ကာ တဲအောက်ဆင်းပြီဆိုလျှင်ဖြင့် အောင်ဖေတို့ပြုံးပြုံး၊ ပြုံးပြုံးနှင့် နေတော့သည်။ ဘာကြောင့်ဆိုတော့ အိမ်မွေးကြက်ကို လေးဂွနှင့်ပစ်ကာ ချက်ကျွေးတော့မည်ဆိုတာ ၃ရက်တာ ခရီးစဉ် ဗဟုသုတကြောင့်ဖြစ်သည်။

ဒါပေမယ့် တခါတော့ အာချောင်လွယ်ပေမယ့် ခပ်တုန်းတုန်းဖြစ်သောအောင်ဖေ ခံလိုက်ရသည်၊ ညနေစောင်း၍ အိပ်စက်နားခိုမည့် အိမ်ရောက်တော့ ထုံးစံအတိုင်း အိမ်ရှင်က အဓိကဟင်းအဖြစ် ကြက်သားချက်သည်၊ စားမည်ဟု ပြင်ဆင်တော့ ကိုရဲဝင်းအောင်က အိမ်ရှင် ကို ခပ်တည်တည်ဖြင့် အောင်ဖေကဒီခရီးစဉ်တွင် အသားရှောင်ကြောင်း သို့ပေမယ့်ကိစ္စမရှိ ဟင်းသီးဟင်းရွက်ဖြင့် စားတာသူအဆင်ပြေကြောင်း ဦးအောင်လျှောက်ပြောတော့ အောင့်သက်သက်နှင့် ရယ်ကျဲကျဲလုပ်ကာ ငါးပိရည်တို့စရာ အရွက်ကြော်ဖြင့်သာ စားခဲ့ရဖူးသည်။ တညလုံး ကိုရဲဝင်းအောင်ကိုတော့ မျက်စောင်းတထိုးထိုး ဟိုလူကလည်းလူလည် တချက်မှ သူ့စကားလှည့်မပြော အိမ်ရှင်ပြောစကားသာ စိတ်ဝင်စားသလိုလို။

“ခင်ဗျားတို့က ကိုဌေးတို့စခန်းသွားကြမှာဆို”

ထမင်းစားပြီး ပြတင်းပေါက်မှ ဝင်လာသော လေတဖြူးဖြူးကို အရသာခံစားရင်း လှဲလျှောင်းနေကြသော အောင်ဖေတို့ကို ပုဆိုးကိုလည်မှာ ပတ်ထားသော ပိန်ပိန်ပါးပါး အရပ်သွယ်သွယ် ရွာသားတယောက်က တဲအပြင် ပြတင်းပေါက်နားကပ်ခါ မေးလိုက်ခြင်းဖြစ်သည်။

ဟုတ်ကဲ့ဟုသာ အောင်ဖေက အေးအေးဆေးဆေးဖြေလိုက်ပြီး၊ ဒီရွာသားက ဖိုးစပ်စု ဖြစ်နိုင်တယ်လို့ ကောက်ချက်ချမိသည်။ ကိစ္စမရှိ လုံခြုံစိတ်ချရသည့် နေရာကိုရောက်ပြီ၊ ဘာမှပူစရာမရှိတော့၊ ပြောချင်တာ ပြောလို့ရပြီ၊ စိန်ပေါက်စီလည်း မပါတော့ပြီ။ ညောင်ခြေထောက်ကနေ ထွက်ခဲ့ပြီး၊ တမနက်အထိသာ အိမ်ရှင်ဖြစ်သူနှင့် လိုက်ပို့ခဲ့ပြီး သူတို့ပြန်သွားခဲ့ခြင်းဖြစ်သည်။ မပြန်ခင်အလွမ်းသယ်နေသေးသည် အစစအရာရာ သတိထားဖို့ တနေ့နေ့ တချိန်ချိန် ပြန်ဆုံမည်ဟု မျှော်လင့်ကြောင်း ဘာညာသာရကာ ပြောသွားသေးသည်။

ထိုရွာသားက စကားဆက်ပြောလာသည်၊ ဟာဒါဆို ကျနော်တို့နဲ့ လိုက်ခဲ့ကြပေါ့ဗျာတဲ့၊ အောင်ဖေက ခပ်တည်တည်ပဲ ပြန်ပြောလိုက်တယ်။

“အာ ကိစ္စမရှိပါဘူးဗျာ၊ အေဘီ (ABSDF ကျောင်းသားတပ်မတော်) က ရဲဘော်တွေ ရှိတယ်ပြောတယ်၊ သူတို့နဲ့ ကျနော်တို့ လိုက်သွားဖို့ ပြောထားပြီးပြီ”

“ဟုတ်ကဲ့၊ အဲဒါကျနော်တို့ပဲလေ”

ဗုဒ္ဒေါ၊ ရွာသားမှတ်နေတာ သူကအေဘီက ရဲဘော်ကိုး၊ ဘယ်သိမလဲ ကျောင်းသားတပ်မတော်ဆိုတော့ ယူနီဖောင်းနဲ့ စမတ်ကျကျ ဦးထုပ်ဆောင်း သေနတ်လွယ်ပြီး လာကြမယ်ထင်နေတာ၊ တခြားစီ။

နောက်မှ သူကမိတ်ဆက်ပေးတယ် သူ့နာမည် ကိုကျော်သူရ၊ တာဝန်က တပ်စုမှူး၊ သူနဲ့အတူ တပ်ရင်းမှူးလုပ်သူ ကိုနေမျိုးတို့လည်းပါတယ်၊ ပြောရဦးမယ်၊ ကိုနေမျိုးကလည်း အာအိုင်တီကပဲ ဒါကြောင့် ဝင်းနိုင်ကို ကျောင်းမှာတွေ့ဖူးတယ်တဲ့၊ သူကစီနီယာကိုး သိတာပေါ့၊ ဟိုကောင်က အခုမှ ဆိုဖိုမိုး (sophomore) ကိုး ထားတော့။

တောင်ပေါ်တက်မယ်ဆိုတော့မှ ဟိုကတယောက် ဒီကတယောက် ထွက်လာကြပြီး၊ ယူနီဖောင်းလဲသူကလဲ ရွာသားလို ပုဆိုးနဲ့ ဖားကမာ(ထိုင်းနံငယ်ပိုင်း)နဲ့ ဝတ်သူကဝတ်၊ သေနတ်လွယ်သူကလွယ် ဆန်ထုတ် ထမ်းသူကထမ်းနဲ့ အားလုံးပေါင်း ၁၀ယောက်လောက်ရှိတယ်၊ သူပုန်ဆိုတာ ဒီလိုကိုး။

ရွာကထွက်လာတော့ နေ့လည်၁၂နာရီ။ အောင်ဖေတို့က တောင်ဆိုတာ တခါမှတက်ဖူးတာမဟုတ် ရွှေတိဂုံဘုရားရှိတဲ့ သိင်္ဂုတ္တရကုန်း တော်လောက်ပဲ ဟိုငေးဒီငေးတက်ဖူးတာ အခုတော့ဘာမှငေးမရဘူး တက်ဆိုတက်ပဲ၊ ငေးစရာဆိုလို့ သစ်ပင်နဲ့ ဝါးတောတွေချည်း စိတ်ကူးယဉ်နေလို့ကတော့ ကျန်ခဲ့မယ်၊ မလွမ်းရတဲ့။

အေဘီက ရဲဘော်တွေက စိတ်ရှည်လက်ရှည် စောင့်စောင့်ခေါ်ပါတယ်၊ နားနားနေနေပါပဲ ခက်တာက တောင်တက်တယ်ဆိုတာ ရုပ်ရှင်ထဲကလို ကြွကြွရွရွလေးမှ မဟုတ်ဘဲ အတော်ကိုခြေညောင်းတာကိုး၊ ညောင်းတာမှ ဘာဒီမိုကရေစီမှကို မရချင်တော့ဘူး။

တောင်မတက်ခင်ကတည်းက တပ်ရင်းမှူးကိုနေမျိုးကိုမေးခဲ့တယ်၊ တောင်ပေါ်မှာ ရေဆာရင် ဘယ်လို လုပ်ရမလဲပေါ့၊ ဘာမှမပူနဲ့ ရှိတယ်တဲ့၊ ဒါနဲ့ ဒီမိုကရေစီကော ရွာကဘကြီးဘုန်းကြီးကော ငယ်ရည်းစားကော ဘာတခုမှ သတိရမအားဘဲ ခြေညောင်းတာကို ဘဝမှာပထမဆုံး ခံစားရင်း၊ အားတင်း တက်လာခဲ့တာ တနေရာကြတော့ ရေကဆာလာပြီ။

ကိုနေမျိုးကအနားကနေ တောက်လျှောက်တက်လာတာဆိုတော့ သူ့ပဲထပ်မေးရတယ်၊ ရေဘယ်လို သောက်ရမလဲပေါ့၊ ခဏပဲ ရှေ့နားမှာ ရမယ်တဲ့။

“ရေသောက်ချင်သောက်လို့ရပြီ”တဲ့။

ဟာ သောက်ဖို့ရေဆိုတာ တောထဲကစမ်းချောင်းကိုပြောတာကိုး ရွာရှိမယ် တဲရှိမယ် သောက်ရေအိုးစင်ရှိမယ် မှတ်နေတာ ဘယ်ကလာ၊ သူထိုးပြတဲ့ စမ်းချောင်းကလည်း ကျွဲဖြတ်နွားဖြတ်ကလည်းရှိတော့ စမ်းချောင်းထဲမှာ နောက်ချေးပုံတွေလည်း မြင်နေရတယ်၊ အောင်ဖေတို့ လေသွားတယ်၊ တောထဲက စမ်းချောင်းရေသောက်ရင် ဌက်ဖျားမိမယ် ဘာညာပေါ့ ကြားဖူးနားဝကလည်း ရှိထားတော့၊ ချီတုံချတုံ။ အားရစရာကောင်းတာက သူတို့ရှင်းပြတဲ့စကား၊ “ဘာမှမပူနဲ့ ဌက်ဖျားက ဖြစ်ကိုဖြစ်မှာ လူတိုင်းဖြစ်တယ်တဲ့” သူတို့လည်း ဒီရေပဲသောက်တာ မသောက်ရင် ငတ်မယ်တဲ့၊ ဒါကြောင့် ချောင်းဖျားဘက် နည်းနည်းတက်ပြီး နွားချေးပုံ လွတ်တဲ့နေရာရောက်တော့ လက်ခုပ်နဲ့ရေကို သောက်ကြရတော့တယ်၊ ငတ်နေပြီ မတတ်နိုင်ဘူး။

ညနေစောင်းမှောင်စပျိုးတော့ အေဘီကုန်းလို့ခေါ်တဲ့ ကရင့်တပ်မတော်ရဲ့ တပ်မဟာ(၃)၊ ရင်း(၈)၊ ခွဲ(၁)ကို ရောက်တယ်၊ ဒါကတောင် ထိပ်ဆုံးမှာ၊ ခံစစ်ကုန်းခေါ်မှာပေါ့၊ ကျန်တာက မြေပြင်နိမ့်လိုက် မြင့်လိုက်ဖြစ်သွားပြီ တောက်လျှောက်တက်ရတဲ့ အနေအထား မဟုတ်တော့ ဘူး။

ဒါပေမယ့် အဲဒီမှာ ခဏပဲနားပြီး အောက်ကိုထပ်ဆင်းလိုက်တယ် ကိုဌေးစခန်းပေါ့လေ၊ အောင်ဖေတို့ သွားရမယ့်စခန်း ဘာတဲ့နိုင်ငံရေး လုပ်ငန်းစခန်းပေါ့၊ ADNSC လို့ခေါ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး အမျိုးသားသွေးစည်းညီညွတ်ရေး ကော်မတီစခန်း၊ လူတိုင်းကတော့ ပြောပါတယ် အရှည်ကြီးစခန်းတဲ့ ပေးထားတဲ့နာမည်က ရှည်လွန်းအားကြီးလို့၊ အဲဒီရောက်တော့မှ လူဟောင်းတွေပြန်ဆုံကြတာပေါ့၊ မီးခွက်ထွန်း ထမင်းချက်ကျွေး၊ ကိုယ်တွေက မြန်မာပြည်ထဲ အခြေအနေရှင်းပြသလို သူတို့ကလည်း တောထဲက အခြေအနေရှင်းပြပေါ့။

ဒါကတော့ အောင်ဖေဆိုတဲ့ အသက်၂၀ ကျော် လူငယ်လေးတဦး အမိမြေကနေခွာပြီး သူပုန်စဖြစ်လာတဲ့ အခြေအနေပေါ့၊ ဘာကြောင့်ဖြစ် လာခဲ့ရတယ် ဘာတွေ ဆက်ဖြစ်ခဲ့တယ်ဆိုတာကိုတော့ ကိုအောင်ဖေ ပြောစကားတွေကို မှတ်တမ်းထဲက ထုတ်နုတ်ပြီး ဆက်လက် တင်ပြ သွားမှာ ဖြစ်ပါတယ်။

သက်ခိုင်
(၁၈း၄၂)နာရီ
(၂၇.၄.၂၀၁၄)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အခန်းဆက်များ, ဖြစ်ရပ်များ၊ အမှတ်တရများ

One Response to သက်ခိုင် – သူပုန်အောင်ဖေ

  1. ma oo on June 28, 2014 at 9:25 pm

    ဆက်ရေးပါနော်။ဖတ်ရန်စောင့်နေပါတယ်။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်