fbpx

ကိုသန်းလွင် – လူရည်ချွန်

July 2, 2014

လူရည်ချွန်
ကိုသန်းလွင်
ဇူလိုင် ၂၊ ၂၀၁၄
 
 
(၁)

၁၉၆ရ၊ ၁၉၆၈ နှစ်နှစ် ဆက်၍ ကျွန်တော် လူရည်ချွန် အရွေးချယ်ခံရဘူးသည်။ ရွှေဘို ခရိုင်မှာ အထက်တန်း ကျောင်း ဆယ့်သုံးကျောင်းခန့်ရှိရာ ရ တန်းမှ ၁၀ တန်းအထိ တတန်းလျင် တယောက် ရွေးချယ်ရခြင်းဖြစ်ပါသည်။ မြန်မာစာ၊ သင်္ချာ၊ အထွေထွေ ဗဟုသုတ မေးခွန်းတွေ ဖြေရသည်ထင်ပါ၏။ ကျွန်တော်သည် ငပလီသို့ တကြိမ်၊ အင်းလေးသို့ တကြိမ် အပမ်းဖြေသွားရဘူးလေသည်။

 
(၂)

နှစ်ထပ်ကျောင်းကြီးတွေပေါ်မှာ ကုတင်တွေ စီခင်းပြီး ကျွန်တော်တို့ အိပ်ကြရပါသည်။ ဟောပြောပွဲတွေ နားထောင်ရသည်။ ရုပ်ရှင်ကားတွေ ကြည့်ရသည်။ ဒေသန္တရ ဗဟုသုတအတွက် ခရီးတွေထွက်ရသည်။ ပျော်စရာ ကောင်းသော ရက်တွေဖြစ်ကြပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကအဖြစ်အပျက်တွေ ကို သဲသဲ ကွဲကွဲတော့ကျွန်တော် မမှတ် မိနိုင်တော့ပြီ။ ကျွန်တော်အသေအချာ မှတ်မိသည်ကတော့ အဆိုတော် ကိုလှဦး၊ သူ့ဇနီး၊ စန္ဒယား ကျော်ဇောလေးစသည့် အဆိုတော်တွေနှင့် စန္ဒယားတီး လူရည်ချွန်သီချင်းတွေ သီဆိုရခြင်း ဖြစ်ပါသည်။ ကျွန်တော့်အဖို့မှာ စန္ဒယားဆိုသည်ကို ထိုစဉ်ကမှ အနီးကပ်သေသေချာချာ မြင်ဘူးရခြင်းဖြစ်ပါသည်။ ရန်ကုန်ကို ရောက်မရောက် ဘယ်မှာတည်းရသည် ဆိုသည်ကို သေချာ မမှတ်မိတော့ပါ၊ လေယာဉ်ပျံ မစီးရဘဲ ငပလီကို သင်္ဘောနှင့်သွားရတာကိုတော့ မှတ်မိပါသည်။
အမ်းမြို့ဘဏ်တိုက်ကို သူပုန်တွေဝင်စီးကာ မေးခွန်းတွေကို ယူသွားသောကြောင့် ကျွန်တော်တို့ ရှစ်တန်းနှစ်မှာ စာမေးပွဲကို နောက်ဆုတ် လိုက်ရသည်။ လူရည်ချွန်စခန်းကို ပယ်ဖျက်သလိုလို ကြားရပြီးမှ တက်သုတ်ရိုက်လာကြပါဟု ခေါ်သဖြင့်ကျွန်တော်တို့ စစ်ကိုင်းတိုင်းနှင့် အထက်မြန်မာပြည်က လူရည်ချွန်တစု ရန်ကုန်ကတက်လာသောအုပ်စုနှင့် မန္တလေးမှာဆုံပြီး မီးရထားနှင့် အင်းလေးသို့ သွားရတာကို လည်း ကျွန်တော် မှတ်မိနေလေသည်။ ခေါင်တိုင်စခန်းမှာ ကျွန်တော်တို့ ရှစ်တန်းတအုပ်စုထဲမို့ လူနည်းသည်။ အင်းလေးကန်ထဲမှာ လှေစီး ရတာ၊ ပင်းဒယကို ဘုရားဖူးရောက်တာ၊ တောင်ကြီးမြို့ကို ရောက်ရတာတွေကို ကျွန်တော်မှတ်မိနေလေသည်။

လူရည်ချွန်ဖြစ်သောကြောင့်ဆိုကာ ကျွန်တော့်ဘ၀မှာ ဘာမှမထူးခြားပါ၊ အမေက ဖာသိဖာသာနေသော်လည်း အဖေက အကြွားသန်သည်။ လာသမျှလူကို သားလူရည်ချွန်မှာ ကြီးလာရင် ဘာဖြစ်မှာဘဲ ညာဖြစ်မှာဘဲ ပြောတတ်သည်။ အစိုးရကလဲ ကျောင်းထားပေးလိမ့်မည် အရာ ရှိကြီးဖြစ်မှာ အမှန်ဘဲဟု စိတ်ကူးယဉ်တာတွေ ကို ပြောတတ်လေသည်။

 
(၃)

နိုင်ငံတ၀ှမ်းမှ ထူးချွန်သောကျောင်းသားတွေကို ရွေးချယ်ပြီး အပမ်းဖြေစခန်းကို စေလွှတ် ဗဟုသုတရှာစေခြင်းမှာ အလွန်ကောင်းမွန်သော အစီအစဉ်တခုဖြစ်ပါသည်။ အမေရိကန်၊ အင်္ဂလန်၊ ရုရှား စင်္ကာပူ ဘယ်နိုင်ငံမှာမှမရှိသော မကြားဘူးသော အစီအစဉ်တခုဖြစ်ပါသည်။ ယခု ကဲ့သို့ ထူးခြားကောင်းမွန်သော အစီအစဉ်မှာ ကျွန်တော်တို့ ဂုဏ်ယူကြရမည့် အစီအမံတခုဖြစ်ပါသည်။ သို့ပါသော်လည်း လူရည်ချွန်စခန်းက ပြန်လာသည်နှင့် လူရည်ချွန်ဆိုသော စီမံကိန်းကြီးကို မေ့ပစ်လိုက်ကြခြင်းမှာ အလွန်ဝမ်းနည်းစရာကောင်းသည်။ လူရည်ချွန်ဖြစ်ရခြင်း ကြောင့် စိတ်ဓါတ်တွေ တဖွားဖွားတက်ခဲ့ကြမည်၊ မိမိကျောင်းသို့ ပြန်ရောက်၊ အတွေ့အကြုံတွေ ပြောပြ၊ ဆုပေးတာတွေကိုခံယူ၊ ပြီးလျင် လူရည်ချွန်ဆိုသောအဖြစ်သည် ဘာမှသုံးမရတော့ပေ။ ရထားလက်မှတ် တ၀က်ခနှင့် တနှစ်စီးခွင့်ရှိတာလေးတော့ ရှိပါသေး၏။

၁၀  တန်းအောင်သော်  မိမိဘာသာ တက္ကသိုလ်ကို လျောက်ရသည်။ လူရည်ချွန်ဖြစ်ဖူး မဖြစ်ဖူးခြင်းမှာ မိမိတက္ကသိုလ် ရွေးချယ်ခြင်းနှင့် ဘာ မျှမဆိုင်။ ထိုစဉ်က ၁၀ တန်းအောင်မှတ်များသူတွေသည် ဆရာဝန်နှင့် အင်ဂျင်နီယာလိုင်းကိုသာ ရွေးကြသည်။ နောက်တိုင်းပြည်တွင် သချာင်္တော်သူ၊ ရူပဗေဒတော်သူတွေ ရှိရမည်ဟုဆိုကာ သချာင်္ရညခ်ျွန်ဆု၊ ရူပဗေဒရည်ချွန်ဆုတွေ ပေါပေါက်လာပြန်ပါသည်။ ရစ်ချပ်ဖေမင် တို့ မာရီဂျဲမင်းတို့ ဘီလ်ဂိတ်တို့၊ မြန်မာပြည်မှာ လူလာဖြစ်လျင်လည်း သူတို့သည် ထိုရည်ချွန်ဆု အတန်းတွေမှာ တက်ကြရပါလိမ့်မည်။ သို့ပါသော်လည်း အခုလို နိုဗယ်ဆုတွေရ ကုမ္ပဏီပိုင်ရှင်တွေဖြစ် ပိုက်ဆံတွေ ဘီလီယံချီပြီးချမ်းသာဆိုသော ဘ၀များကိုတော့ ရကြမည် မထင်။

လူကောင်းကိုသာရွေးချယ်ကြရမည်ဆိုသောမူအရ လူရည်ချွန်တွေမှာ လူတော်တွေသာဖြစ်ပြီး လူကောင်းစာရင်းတွင် ပါဟန်မရှိပေ။ အစိုးရ သည် ပညာထူးချွန်သောကလေးတွေ ကိုမြေတောင်မြှောက်ရမည်ဟုလည်းကောင်း၊ နေရာပေးမည်ဟူ၍လည်းကောင်း၊ အစီအစဉ်လည်းမရှိ စိတ်ဝင်စားဟန်လည်း မပြခဲ့ပေ။

ကျွန်တော်သည် ရေနံဝန်ထမ်းဖြစ်လာခဲ့ပြီး လူရည်ချွန် သူငယ်ချင်းတွေကိုကြည့်လိုက်သော် နေရာအသီးသီးမှာ ရာထူး နေရာတွေရကြ ပါသည်။ ရောက်သည့်နေရာမှာတော့ ထူးချွန်ကြပါသည်။ တက္ကသိုလ်မှာ ပရော်ဖက်ဆာတွေ၊ ဌာနကြီးတွေမှာ ဌာနမှူးတွေဖြစ်လာကြပါသည်။ ပုသိမ်ဘက်က ကိုမြင့်စိုးတယောက်သာ စစ်တက္ကသိုလ်ရောက်သည်ကြားရပြီး အခုတော့ ဘယ်ရောက်နေမှန်း ကျွန်တော်မသိပေ။ ကသာက ကိုအောင်ကြီးမှာ စာတွေရေးနေသည်။ ကိုတင်ထွန်းဦးက ကျွန်တော်တို့ထက် တတန်းစောသည်။ လူရည်ချွန်အချင်းချင်း သံ ယောဇဉ်တွေဖြစ်ပြီး အိမ်ထောင်ကျသွားသူတွေလည်း ရှိသည်။ ကျွန်တော့်မှာ ခင်မင်သူ အပြင်မှာ တကြိမ် နှစ်ကြိမ် ထပ်တွေ့ဘူးသူ ယောက်ျားလေး၊ မိန်းကလေး သူငယ်ချင်းတွေတော့ ရှိခဲ့ပါ၏၊ သို့သော် လိပ်စာတွေပြောင်း၊ လူကြီးတွေဖြစ်နှင့် အဆက်အသွယ် မရှိတော့ပေ၊ ဘယ်သူဖြင့် ကွယ်လွန်ရှာပြီဆိုတာတွေလည်း ကြားနေရပါသည်။

မကြာသေးမှီက လူရည်ချွန် Website တခု ပေါ်လာပါသည်။ ပြီး တွေ့ဆုံပွဲတွေလုပ်သည်ဟု ကြားလိုက်ရပါ၏၊ ဘယ်သူတွေ လာကြ စုကြ တယ်ဟုလည်း ကြားရသည်။ ကျွန်တော့်မှာ စင်္ကာပူရောက်နေတာဆိုတော့ သွားရန်တွေ့ရန်အရေးမှာ မလွယ်ပါ။ မှတ်ပုံတင်လိုသော် အသိ နှစ်ဦး ကထောက်ခံရမည်ဆိုတော့ ပိုလို့ပင် ခက်သွားပြန်သည်။

ကျွန်တော်တို့ အရွယ်သည် အသက် ၆၀ နီးနေသည့်၊ ပင်စင်စားအရွယ်တွေ၊ ဂိတ်ဆုံးနေသည့် အရွယ်တွေမို့ အရေး မကြီးပါ။ သို့ပါသော်လည်း အနာဂါတ်နိုင်ငံတော်အတွက် ခေါင်းဆောင်ကောင်းတွေ မွေးလို လေ့ကျင့်ပေးလိုသည်ဆိုပါမူ သတိပြုရန်အချက်အနည်းငယ်ကို တင်ပြလိုပါ သည်။

စင်္ကာပူမှာ စာတော်သည့်ကလေးတွေကို ငယ်ငယ်ကတည်းက စကောလားရှစ်ပေးသည်။ စကောလားရှစ်ရပြီဆိုသည်နှင့် ထိုကလေး ၏ဘ၀သည် အတော်ကြီးစိတ်ချသွားရပါပြီ။ ကောင်းပေ့ဆိုသည့်တက္ကသိုလ်တွေ ကိုပို့ သည်။ ထိုစကောလားရှစ်ရသည့်ကလေးပြန်လာလျင် အစိုးရဌာနတွေမှာ နေရာပေးသည်။ ထိုသူတွေမှာ အနာဂါတ်ကို ဦးစီး ဦးဆောင်ပြုကြ မည့်ကလေးတွေဟုလည်း အသိအမှတ်ပြုသည်။ လာဘ်စားရင်တော့ ပြုတ်ပေါ့လေ။ ၀န်ကြီးအများစုမှာ စကောလားရှစ်ရသူတွေဘဲဖြစ်ကြသည်။

ကျွန်တော်တို့ လူရည်ချွန်ဆိုသည်မှာ စခန်းက အိမ်ပြန်ရောက်သည်နှင့် ကိစ္စပြီးလေသည်။ ကျွန်တော်ရှစ်တန်းမှာ လူရည်ချွန်စခန်းမှာ လူ ရည်ချွန်လက်မှတ်တွေပေးတော့ ကျွန်တော့်အတွက် လက်မှတ်ပါမလာခဲ့ပေ။ နောင် ရန်ကုန်တွေ့ဆုံပွဲတခုမှာ ဆရာဦးဝေလင်းကိုတွေ့တော့ ထိုအကြောင်းကို ပြောပြလေသည်။ ဆရာက ဘေးကလက်ထောက်တွေကို ကျွန်တော့်လူရည်ချွန် လက်မှတ်ရအောင် လုပ်ပေးလိုက်ပါ ဟု ခိုင်းသည်။ ဆရာကွယ်သွားသည်နှင့် “ဆရာ့ကို တိုက်ရိုက်ပြောရသလား။ သူတို့ကို အရင်မပြောရကောင်းလား” ဆိုကာ ကျွန်တော့်ကို ၀ိုင်းအပြစ်တင်ကြလေသည်။ အပြစ်တင်သာခံလိုက်ရသည်။  ယနေ့အထိ လူရည်ချွန် အသိအမှတ်ပြုလက်မှတ်ကို ကျွန်တော်မရခဲ့ပေ။

အနည်းဆုံး ပညာတော်သည့်ကလေးတွေကို အစိုးရက မှတ်တမ်းပြုစုပြီး သူတို့လေးတွေကို အမေရိကား၊ အင်္ဂလန်က ကောင်းပေ့ဆိုသည့် တက္ကသိုလ်တွေက ဘွဲ့တွေရအောင် ဆောင်ကျဉ်းပေးသင့်သည်။ အစိုးရ ယန္တယားကြီး၏ အဆင့်ဆင့်တွင် ပညာတော်သူတွေ နေရာရအောင် ဆောင်ရွက်သင့်သည်။ ပြည်တွင်းမှာ ပညာသင်ရမည်ဆိုလျင်လည်း အစိမ်းအကျက်မရွေး နယ်စပ် ပြည်မ မရွေး တက္ကသိုလ်ကောလိပ်တွေ တက်နိုင်အောင် စီစဉ်ပေးသင့်သည်။  စင်္ကာပူအစိုးရသည် ဉာဏ်တော်ဉာဏ်ကောင်းသူတို့ကို မရ အရ လိုက်ရှာပြီး အစိုးရဌာနကြီးများတွင် တာဝန်ယူစေခြင်းမှာ အားကျစရာကောင်းသည်။

အစိုးရပြောင်းသည်နှင့် လူရည်ချွန်စီမံကိန်းကြီး ဖျက်သိမ်းသွားရသည်မှာ မဖြစ်သင့်ပါ၊ တိုင်းပြည်အနာဂါတ်အတွက် လူတော်တွေကို စုစည်း ပေးသော ဤစံနစ်သည် ရှိနေသင့်ပါသည်။ အစိုးရကတော့ ငွေအား လူအား ထောက်ပံ့ရမည်ပေါ့လေ၊

 
(၄)

ကျွန်တော်ရေနံဝန်ထမ်းဘ၀က မြန်အောင်နှင့်ကြံခင်းကို မော်တော်ကားဖြင့် ကူးရသည်။ တံတားကူးသော် ရထားလမ်းနှင့်တွဲလျက် ရှိနေ သဖြင့် တခါတရံ ရထားကိုစောင့်ရသည်။ တနေ့သော် ရထားမလာပါဘဲလျက် တံခါးကို ဂိတ်မှူးက ပိတ်ထားလေသည်။ သူသည် ပိုက်ဆံ လိုချင်သည်ထင်ပါ၏။ ကျွန်တော်က ဒရိုင်ဘာကို ဂိတ်ဆင်း အဖွင့်ခိုင်းပြီး ကားမောင်းသွင်းပါသည်။ ဂိတ်ကို ကျွန်တော်ကိုယ်တိုင်ပြန် ပိတ်ခဲ့ပါသည်။ တံခါးစောင့်လုပ်သူက မကျေနပ်။ ကျွန်တော့်ကား ဖြတ်မောင်းသဖြင့် သံလမ်းတွေပျက်စီးရပါသည်ဟု ပြဿနာရှာလေသည်။

ကျွန်တော်မြန်အောင်ရုံးသိုရောက်သောအခါ ထိုဂိတ်မှူးက ကျွန်တော့်ဌာနကကားသည် ဂိတ်ကို အတင်းဖွင့်မောင်းသဖြင့် သံလမ်းတွေ ပျက် စီး ရပါသည်ဟု တယ်လီဖုန်းဖြင့် လှမ်းတိုင်သည်။ ဟုတ်ကဲ့ပါ မေးမြန်းစုံစမ်းပြီး အရေးယူလိုက်ပါမည်ဟု အကြောင်းပြန်လိုက်သည်။ ကျွန်တော့် စိတ်ထဲက ပြီးသွားပြီဟု ထင်ခဲ့၏။

နောက်သုံးလေးရက်ကြာသော် “ကိုသန်းလွင်နှင့် ပြောချင်ပါသည်” ဆိုပြီး လူရည်ချွန်သူငယ်ချင်းက ဖုန်းဆက်သည်။ သူက ဧရာဝတီတိုင်း မီးရထားမင်းကြီးဖြစ်နေလေသည်။ “သူငယ်ချင်းမင်းကို ရဲတိုင်မဲ့ကိစ္စကို ငါတားလိုက်ရတယ်” ဟု ပြောလေသည်။ သူငယ်ချင်းကို မတွေ့ရ သည်မှာ ၁၅ နှစ်ခန့်ရှိပါပြီ။ ကျွန်တော့်နာမည်နှင့် ရေနံဌာနကဟုဆိုသောကြောင့် သူက ကယ်လိုက်နိုင်ခြင်းဖြစ်ပါသည်။

(၅)
မကြာမီကမှ ကျွန်တော် ငပလီသို့ နှစ်နှစ် ဆက်တိုက်ရောက်သည်။ ကျွန်တော်၏နံပါတ် ၃ အစ်ကိုမှာ သံတွဲသူနှင့် အိမ်ထောင်ကျပြီး သံတွဲမှာ အချေချနေထိုင်လေသည်။ မိဘတွေရှိစဉ်က တနှစ်တကြိမ် အိမ်သို့ပြန်လာသော်လည်း အဖေရော အမေရောဆုံးပြီးသောအခါ အလာကျဲသွားသည်။ သူက မလာသောအခါ ကျွန်တော့်သားတွေကိုပြဖို့ ကျွန်တော်တို့ ကသံတွဲကို သွားရပါသည်။ ပထမအခေါက် ရန်ကုန် မှထွက်၊ ပြည်မှာ ညအိပ်ပြီး နောက်နေ့မှာ ဆင်တဲ၊  ငဖဲမှတဆင့် ရိုးမကိုကျော်ရပါသည်။

ဒုတိယအခေါက် ကျွန်တော့်သားတွေပါသောအခေါက်မှာ၊ ငါးသိုင်းချောင်း၊ ဂွလမ်းမှသွားလျင် မိုင် ၅၀ ကျော် သက်သာသည်ဆိုသောကြောင့် ထိုလမ်းမှ စမ်းပြီး ကားမောင်းသွားပါသည်။ လမ်းသည် အင်္ဂလိပ်တွေဖောက်သွားသော အခြေအနေအတိုင်းဖြစ်ပြီး လမ်းကိုပြင်ဟန်မတူ၊  သံတွဲအရောက်မောင်းမည်ဟု အားခဲထားသော်လည်း ညမိုးချုပ်လာသောကြောင့် ဂွမှာဘဲ အိပ်လိုက်ရသည်။

မိတ်ဆွေတဦးက ညွှန်သောကြောင့် လင်းသာဦ ဟော်တယ်မှာ တည်းခိုပါသည်။ သံတွဲမှ ကတ္တရာလမ်းအတိုင်း နာရီဝက်မျှ ကားမောင်းထွက် ပါသော် လင်းသာ၊ မဇင်၊ ဂျိတ်တော စသည်ဖြင့် ရွာတွေကိုကျော်ပြီး လင်းသာဦး တည်းခိုခန်း ဟော်တယ်ရှိရာကို ရောက်ပါသည်။ တည်း ခိုခန်းခမှာဈေးမကြီးလှပါ။ အကောင်းစားအခန်းကို တည ၅ သောင်းပေးရပြီး ရိုးရိုးအခမ်းမှာ တညလျင်  ၂ သောင်းသာ ကျပါသည်။

အာရုံမတက်မီ၊ နေလုံးကြီးဝင်မသွားမီ အချိန်များမှာ သဲသောင်ပြင်ပေါ်၌ လမ်းလျှောက်ရသောအချိန်များ ဖြစ်ပါသည်။ ပထမအခေါက် က တည်းက လမ်းလျှောက်ရင်း မပြုံး၏ဆိုင်ကို ကျွန်တော် သတိထားမိခဲ့ခြင်းဖြစ်ပါသည်။ သူသည် သဲသောင်ပြင်မှာ ဒီအတိုင်းထိုင်ပြီး ခရုပုတီး တွေကို ထင်းရူးသေတ္တာ အဟောင်းတလုံးပေါ်မှာတင်ပြီး ရောင်းနေခြင်းဖြစ်ပါသည်။ သူထိုင်နေသည်ကို အဝေးကြီးက ကျွန်တော်တို့ လှမ်း မြင်ရပါသည်။ သနပ်ခါးကိုမူ ပါး ၂ ဖက်စလုံး ကွက်ကျားထင်းနေအောင် လိမ်းထားလေသည်။ ပြုံးနေသောမိန်းကလေးကို မပြုံးဟု ကျွန်တော်က အမည်ပေးလိုက်ခြင်းဖြစ်ပါ၏။ အသက်က ၃၀ ကျော် ၄၀ တွင်းဟုထင်ရလောက်အောင် နုပျိုလေသည်။ သဲပြင်ပေါ်မှာ ထိုင် နေပုံမှာ အေးအေးဆေးဆေးရှိသည်။ မြင်မြင်ချင်း ခင်စရာကောင်းသည်။ စာရှုသူတို့ ယနေ့သွားပါသော် မပြုံးကို တွေ့ရဦးမည်ပင်။

ကျွန်တော်ကမေးသည်နှင့် “ငပလီ ရွှေဝါချိုင်စခန်းဆိုတာ ဒီနေရာပေါ့” ဟု လက်ကိုဝှေ့ယမ်း၍ ပြသည်။ “အစိုးရပိုင် မဟုတ်တော့ဘူးလေ၊ ပိုင်ရှင် ၂ ဆက် ၃ ဆက်ပြောင်းသွားပြီ” ဟုဆိုသည်။ “ကျွန်မက လူရည်ချွန်တွေလာတုံးက အခုလိုဘဲ ခရုပုတီးရောင်းတာပေါ့ “ ဟုဆိုသည်။

အံ့အားသင့်ရသူက ကျွန်တော်။ “ကျွန်တော်လဲ လူရည်ချွန်ဘဲ။ ဒီ ကို ၁၉၆ရ တုံးက တခေါက်ရာက်ဖူးတယ်” ဟုဆိုပြီး သူ့အသက်ကို မေးရ လေသည်။ “၅၀ ကျော်ပြီလေ” ဟု ဆိုသည်။ ကျွန်တော် ရုတ်တရက် စိတ်ဝင်စားသွားလေသည်။ သူသည် ငပလီကမ်းခြေ ဤနေရာတွင် အသက်ထက်ဆုံးနေခဲ့သည်။ ခေတ်တွေအမျိုးမျိုးပြောင်းတာကို သူတွေ့ခဲ့ပါလိမ့်မည် ။ မပြုံးကို ကျွန်တော်တို့ ချက်ခြင်းခင်မင်သွားကြလေ သည်။  မပြုံးတို့သည် ဟော်တယ်ပိုင်ရှင်တဦးက သူ့အဆောက်အဦးကို  စောင့်ပေးပါဟုဆိုသဖြင့် ဆောက်လက်စ အဆောက်အဦးတခုတွင် စောင့်ပေးရင်း နေကြလေသည်။ ကျွန်တော်တို့ဝန်းကျင်မှာ အပြီးမသတ်သေးသော တိုက်အဆောက်အဦး များစွာကိုတွေ့ရပါသည်။

နောက် သူက လူရည်ချွန်စီမံကိန်းပျက်သွားသဖြင့် သူတို့စီးပွားမဖြစ်ကြပုံအကြောင်းကို ၀မ်းပမ်းတနည်း ပြောနေလေသည်။ လူရည်ချွန် စီမံကိန်း ပြန်စအောင် ကျွန်တော်လည်းမတတ်နိုင်။ စီမံကိန်းကို စင်္ကာပူမှာ စကောလားရှစ်ပေးပြီး ခေါင်းဆောင်တွေမွေးထုတ်သည့် ပုံစံ မျိုးဖြစ်အောင်ဆိုသော် အခု လက်ရှိ အခြေအနေတွေနှင့်ဆိုပါက သကြားမင်းကြီး ဆင်းပြီးလုပ်မှ ဖြစ်မည်ထင်သည်။

ဒုတိယအကြိမ် ငပလီကိုရောက်သွားသောအခါ မပြုံး ကျွန်တော့်ကို ကောင်းကောင်းမှတ်မိလေသည်။ သူကလည်း နံရံတဖက်ကာ ဆိုင်က လေးနှင့်ဖြစ်နေလေပြီ။ စားစရာတွေ ရောင်းနေလေ၏၊ တရုတ်စာ အကြော်အလှော်၊ အုန်းရေ အေးအေးလည်း ရသည်။ ကျွန်တော်တို့ အဖေါ် တစု မပြုံးကို အလုပ်ရှုတ်သွားအောင် မှာပြီး စားကြလေသည်။

ဖြစ်ချင်တော့ ငွေပေးချေချိန်မှာ ဂဏန်းပေါင်းရင်း မပြုံးက ငွေငါးထောင်ခန့် လျော့ပြီးတောင်းလေသည်။ အမှားကို ကျွန်တော်တို့လည်း အခန်းပြန်ရောက်မှသိကြသည်။ ထိုညမှာပင် မေးရင်းစမ်းရင်း ကျွန်တော်တို့ အခန်းကို သူရောက်လာသည်။ ကျွန်တော်တို့က မငြင်းပါ၊ ၀မ်း မြောက်ဝမ်းသာ လိုသောပိုက်ဆံကို ပေးလိုက်ကြပါသည်။

နောက်တနေ့တွင်လည်း မပြုံးပေါက်ချလာပြန်ပါသည်။ ခရုပုတီးတွေ လက်ဆောင်ပေးချင်လို့ပါဆိုပြီး ပုတီးတွေ ခရုနှင့်လုပ်သော ပိုက်ဆံ အိပ်တွေ လက်ဆောင်ပေးပါလေသည်။ ဘယ်မှာ ငါးထောင်ဘိုး ကပါမည်နည်း။ ကျွန်တော်တို့က ၀မ်းသာမဆုံး ပျော်တပြုံးပြံးပေါ့။

“ပိုက်ဆံပြန်ရတော့ ကျွန်မ ယောကျာင်္းကပြောတယ်။ နင့်ဟာ လူကောင်းတွေမို့ ပြန်ပေးတာ။ အေးလေ လူရည်ချွန်တွေဆိုတော့ လူကောင်း တွေပေါ့” ဟု ဆိုသည်။ ကျွန်တော်သည် ထိုစကားကို အလွန်ကြိုက်သွားလေသည်။

“လူရည်ချွန်ဆိုတော့ လူကောင်းတွေပေါ့လေ”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

2 Responses to ကိုသန်းလွင် – လူရည်ချွန်

  1. Zaw Aung on July 2, 2014 at 12:24 pm

    ကောင်းတယ်ဗျို့၊ ဆက်ရေးပါဦး
    ခေတ်သစ်၊ လူရည်ချွန်ငယ်များ အခြေခံပညာ ၂၀၁၂၊ ၂၀၁၃ ၂ကြိမ်ရွေးချယ် အပမ်းဖြေစေလွှတ်နေပါပြီ။ လူရည်ချွန်ကြီးများကို ဖေ့စ်ဘုတ်ကို စတင်ခဲ့ပြီး စုစုပါင်း ၄၀၀၀ကျော်မှာ ၃၀၀ကျော် အဖွဲ့ဝင်ရှိပါတယ်။ ပညာချွန်များ Eleven Media ဒေါက်တာသန်းထွဏ်အောင်မှ လူရည်ချွန်လစဉ်တွေ့ဆုံပွဲ နဲ့ အဖွဲ့စတင်ခဲ့ပါပြီ။ နိုင်ငံအတွက် ဘာတွေလုပ်ပေးနိုင်မလဲ၊ Eleven Media ကတော့ အများကြီးလုပ်ပေးလျှက်ရှိပါတယ်…

  2. သန်းထွန်း၊ထီလာ on July 2, 2014 at 3:07 pm

    ကျနော်လဲ၁၉၆၇ခုနှစ်မှာ*၇*တန်းလူရည်ချွန်နဲ့ငပလီရောခဲ့ပါတယ်အတိတ်ကို့ပြန်ဖော်ပေးလို့ကျေးဇူးပါ့

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)