ဟိန်းထိုက်ဈာန် – ဆိုင်ကယ်များနှင့် မြို့

July 4, 2014

ဆိုင်ကယ်များနှင့် မြို့
ဟိန်းထိုက်ဈာန်
ဇူလိုင် ၄၊ ၂၀၁၄
 
 

ကျွန်တော်ဆိုင်ကယ်စီးတတ်ပါသလားဆိုသည့် မေးခွန်းကို တစ်စုံတစ်ဦးက ယခုအချိန်တွင် မေးလာခဲ့လျှင် မည်သို့ဖြေရမည်ကို ကျွန်တော် မပြောတတ်တော့ပါ။ ယခင်ကတော့ ကျွန်တော် ဆိုင်ကယ်စီးဖူးခဲ့ပါသည်။ သို့ဆိုရလျှင် ကျွန်တော် ဆိုင်ကယ်စီးတတ်ခဲ့ဖူးသည်ဟု ဖြေမည် ဆိုပါက မှန်ကန်ပါမည်။

ဆိုင်ကယ်စီးတတ်ခြင်း၊ စက်ဘီးစီးတတ်ခြင်း၊ ကားမောင်းတတ်ခြင်း၊ ရေကူးတတ်ခြင်းဆိုသည်မှာ တတ်ကျွမ်းခဲ့ဖူးသူတစ်ဦးအဖို့ တရေးနိုးထ လုပ်၍ လုပ်လို့ရသော အလုပ်များဖြစ်ပေသည်။ ကျွန်တော်တို့ ငယ်ငယ်က ကျွန်တော်နေသည့်မြို့ငယ်လေးတွင် ဆိုင်ကယ်စီးနိုင်သူဆိုသည်မှာ လက်ချိုးရေတွက်၍ပင်ရပါသည်။ မှတ်မိသလောက်ဆိုရလျှင် ရွှေရောင်ဆူပါကပ်၊ ဇီးရောင်ဆူပါကပ်၊ ဒီ့နောက် ကျောက်စိမ်းရောင်၊ ခဲရောင် ဆူပါကပ်များ ပေါ်လာခဲ့သည်ကို အမှတ်ရမိပါသေးသည်။

လွန်ခဲ့သောနှစ်များစွာ ၁၉၈၈ မတိုင်ခင်က ရွှေရောင်ဆူပါကပ်များ ခေတ်စားခဲ့ပါသည်။ ထိုစဉ်က ကျွန်တော်တို့အိမ်က မန္တလေးမြို့သို့ ရွှေ ရောင်ဆူပါကပ် ဝယ်ရန်သွားခဲ့ဖူး၏။ မန္တလေးအရောက်တွင် ရေဒီယိုသတင်းကြေညာချက်ကြောင့် ဆိုင်ကယ်ဝယ်ရန်ယူသွားသော ငွေစက္ကူများမှာ စက္ကူစုတ်များဖြစ်သွားခဲ့လေတော့သည်။ ဆိုင်ကယ်တော့ ပါမလာခဲ့လေတော့။ ကျွန်တော်သည် ငယ်နုစဉ်အခါကတည်းက ရွှေရောင်ဆိုင်ကယ်များနှင့် သုံးမရသော ငွေကြေးဟုခေါ်ဆိုသည့် စက္ကူစုတ်များကို တွဲမြင်မိခဲ့တော့သည်။

ဆိုင်ကယ်အကြောင်းပြောရမည်ဆိုလျှင် စက်ဘီးမှာ မပါမဖြစ်ပါရပါလိမ့်မည်။ အဆင့်ဆင့်တိုးတက်လာခြင်းဟုတော့ ပြောနိုင်ပါ၏။ ဆိုင်ကယ်များယခုကဲ့သို့ မပေါများခင်က လူတိုင်းလိုလို သို့မဟုတ် စက်ဘီးဝယ်နိုင်သူများမှာ စက်ဘီးစီးကြပါသည်။

ဘီးဆိုသည့်အရာကို စတင်တွေ့ရှိပြီးနောက်ပိုင်းတွင် ရှေးရှေးလူသားများသည် ဘီးကို အသုံးပြု၍ သွားလာရေးအထောက်အကူပြု ယာဉ် များကို တီထွင်ခဲ့ကြလေသည်။ လူ့ခြေထောက်ကို အသုံးပြု၍ သွားလာရ မလွယ်ကူသော၊ ဝေးကွာသောအရပ်များသို့ သွားလာနိုင်ရန် ဘီးသည် လူ့သမိုင်းတွင် အရေးပါသည့် ရှာဖွေတွေ့ရှိချက်ဖြစ်ခဲ့သည်။

ဘီးသည် အချိန်တွေကို ချုံ့ပစ်နိုင်ခဲ့လေသည်။ ဤကမ္ဘာကြီးတွင် ဘီးဆိုသည့် အရာဝတ္ထုသာ မရှိခဲ့လျှင် ကျွန်တော်တို့ ယခုအချိန်တွင် မည်သို့ မည်ပုံ ရှိနေကြလိမ့်မလဲဆိုသည်မှာ တွေးတောဖွယ်ရာပေပင်။

မည်သို့ပင်ဆိုစေ၊ ကျွန်တော် မြို့မှ စွန့်ခွာခဲ့ပြီးနောက်ပိုင်းတွင် ဆိုင်ကယ်များမှာ ယင်ကောင်များကဲ့သို့ တဝီဝီနှင့် ကျွန်တော့်မြို့ကလေး ရင် ပေါ်မှာ ရစ်ပတ်ခဲ့လေပြီ။

ကျွန်တော့်ညီသည် ဆိုင်ကယ်စီး၏။

ကျွန်တော့်ညီ မိန်းမသည် ဆိုင်ကယ်စီး၏။

ကျွန်တော့်အမေသည် ဆိုင်ကယ်စီး၏။

လူတိုင်းလိုလို ဆိုင်ကယ်တွေ စီးကြ၏။

တရုတ်ဆိုင်ကယ်တွေက တဝူးဝူး၊ တဝီဝီနှင့် မောင်းနှင်နေကြ၏။

ကျွန်တော်သည် ဆိုင်ကယ်များကိုကြည့်ရင်း မျက်စိသူငယ် နားသူငယ်ဖြစ်၍ နေသည်။ ဆိုင်ကယ်ကို ထော်လာဂျီနှင့် တွဲသည့် တုတ်တုတ် လား၊ ထုတ်ထုတ်လား ဆိုတာလည်း ရှိသေးသည်။

ကျွန်တော် ဆိုင်ကယ်မစီးရဲပါ။

ဆိုင်ကယ်နောက်ထိုင်လိုက်ရသည်ကိုပင် ကြောက်လန့်နေရသည်။

ကတ္တရာလမ်းမမှာ ချိုင့်တွေ့တော့ ကျွန်တော့် ညီက ဆိုင်ကယ်ကို ချိုင့်ထဲမကျအောင် ရှောင်လိုက်၏။ နောက်ကလာသည့် ဆိုင်ကယ်က ရုတ်တရက်ဆိုတော့ တိုက်မိမလိုဖြစ်သွား၏။ သူ့အထာနှင့်သူလို့ ပြောရမလားမသိ၊ နောက်က ဆိုင်ကယ်က အသာလေးတိမ်းသွားသည်။
ကျွန်တော့်မှာ အသည်းတဖျားဖျား။

ကျွန်တော့်အမေဆိုင်ကယ်စီးသွားရင်တော့ အိမ်ပြန် မရောက်မချင်း ကျွန်တော့်မှာ နေမထိ၊ ထိုင်မသာ။

ကျွန်တော့် အမေဆိုင်ကယ်စီးရင်း လမ်းဘေးအကြော်ဆိုင်ကို ဝင်တိုက်လို့ လက်မှာ ဆီပူတွေလောင်တာ တစ်ခါ၊ ကျွန်တော့်အဖေအတွက် ဆေးဝယ်ထွက်ရင်း လမ်းပေါ်က ဂမုနဲ့တိုက်ပြီး ဆိုင်ကယ်လဲလို့ လက်ကျိုးတာက တစ်ခါ။

ကျွန်တော်နှင့် ကျွန်တော့်ညီ ပြောပြောထားလို့ အမေက ဆိုင်ကယ်သိပ် မစီးတော့။ ဒါပေမဲ့ သူက ခုထိ လူအလစ်မှာ ဆိုင်ကယ်စီးချင်တုန်း။
တစ်ခါတစ်ခါတော့ မေမေ့ကို ပြောရလေသည်။

“မေမေက အဘွားကြီးဖြစ်နေပြီ။ ဒေါ်အောင်ဆန်းစုကြည်ထက် တစ်နှစ်ပဲ ငယ်တာ။ ကိုယ့်ဘာသာ ငယ်တယ်ထင်မနေနဲ့။ ဆိုင်ကယ်မစီးတော့ပါနဲ့ဗျာ”

ကျွန်တော်ထိုသို့ပြောတော့ မေမေက ဒီလိုပြန်ပြောလေသည်။

“ဟဲ့…ဒေါ်အောင်ဆန်းစုကြည်တောင် ခုချိန်ထိ သွက်သွက်လက်လက်နဲ့ တိုင်းပြည်ရေးအတွက် လှုပ်ရှားနေတာ။ ဟိုသွားလိုက် ဒီသွားလိုက် နဲ့။ ငါကို အဘွားကြီးလို့ မခေါ်နဲ့။ ငါ အခု လမ်းမတွေပေါ် မစီးတော့ဘူး။ လမ်းထိပ်က ဈေးလေးသွားရုံတင်ပါ။ ငါက ဒေါ်အောင်ဆန်းစုကြည်ထက် တစ်နှစ်တောင် ငယ်သေးတယ်။ နင်သာ ဆိုင်ကယ်လည်း မစီးလည်းရဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်ပြောင်နေပြီး အဘိုးကြီးပုံပေါက်နေတာ”

ထားစေတော့။

ဆိုင်ကယ်တွေက မောင်းနေကြသည်။
တရုတ်လုပ်ဆိုင်ကယ်တွေက မြန်မာပြည်ထဲမှာ အင်တိုက် အားတိုက်ဝင်လာသည်။

တဝီဝီ၊ တစီစီနှင့်။

ဆိုင်ကယ်ကြောင့် သေသူတွေကလည်း များလှသည်။

ကျွန်တော် ဆိုင်ကယ်နောက်မှာ ထိုင်လိုက်တိုင်း ဖြေးဖြေးပဲ မောင်းပါကွာလို့ ပြောရ၏။ ဆိုင်ကယ်စီးတာကို သေခြင်းတရားပေါ်တက်စီးနေ ရသလို ကျွန်တော်က တွေးထင်နေ၏။

ဟုတ်တော့လည်း ဟုတ်ပေ၏။

ကျွန်တော်တို့က နေ့စဉ်နေ့တိုင်း သေခြင်းတရားကို စီးနေကြ၏။

ကျွန်တော့် သူငယ်ချင်းတစ်ယောက်က ဆိုင်ကယ်ကြောင့် သေခဲ့ရသည်။

အသက်ရှင်ခြင်းဆိုတာ ပါးလျလှသည့် ဂါဝန်တစ်ထည်လို၊ အလင်းရောင်ထိုးလိုက်တိုင်း သေခြင်းတရားကို လှမ်းလှမ်းမြင်နေရလေ၏။

သွားနေသည့် ဆိုင်ကယ်က ညမှောင်မှောင်မှာ မီးထိုးလိုက်လေသည်။

ဆိုင်ကယ်များသည် သွားလို့ နေ၏။

သေခြင်းတရားဆီသို့လည်း ကျွန်တော်တို့ သွားလို့နေကြသည်။

ဝူးကနဲ၊ ဝီကနဲအသံတွေနှင့်အတူ ကျွန်တော်တို့ မျက်ရည်တွေ လမ်းမထက်မှာ ကပ်ပါကျန်ခဲ့ကြလေသည်။  ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)