သက်ခိုင် – မာနယ်ပလောရောက် အောင်ဖေ

July 4, 2014

မာနယ်ပလောရောက် အောင်ဖေ
သက်ခိုင်
ဇူလိုင် ၄၊ ၂၀၁၄
 
 
(၁)

အောင်ဖေတို့ တောထဲကို စရောက်တာက တိတိကျကျပြောရလျှင် ၁၉၉၂ခုနှစ် ဖေဖေါ်ဝါရီလ (၉)ရက်နေ့၊ ADNSC စခန်းမှာ အဲဒီတုန်းက ရှိနေကြသူတွေက စခန်းလုံခြုံရေးအတွက် တာဝန်ယူထားရတဲ့ ကရင်ကွန်မန်ဒို ဗိုလ်ရှာဝါး၊ ရဲဘော် ကိုမောင်စိုးနဲ့ ကိုဖိုးချို၊ ကျန်တဲ့သူတွေကတော့ လူ့ဘောင်သစ်နဲ့ အေဘီကချည်းပဲ။ ပြောရရင်တော့ လူ့ဘောင်သစ်က ကိုအောင်ကို (US)၊ ကိုမင်းလွင် (မဲဆောက်)၊ ကိုစိုးငြိမ်း(US)၊ ကိုအောင်မိုး(US)၊ ကိုလွင်ဦး(ကျဆုံး)  စသဖြင့်။ နောက်ပိုင်းမှာ မာနယ်ပလောက ပြန်လာတဲ့ စခန်းမှူး အေဘီကကိုဌေးအောင်၊ ကိုအောင်သန်းမြင့်နဲ့ စစ်ကိုင်းလူ့ဘောင်သစ်က ကိုနိုင်ထွန်း (ချင်းမိုင်တွင် ကွယ်လွန်) စတဲ့လူတွေ။ အောင်ဖေတို့ရောက်လာတော့ စခန်းက အတော်စည်သွားတယ်။

ဒီမှာတခုပြောရဦးမယ် ကရင့်တပ်မတော်က ဗိုလ်ရှာဝါးက အရပ်ခပ်ပြတ်ပြတ်၊ လူကဖျတ်ဖျတ်လတ်လတ်နဲ့ မျက်နှာက အမြဲချိုတယ်၊ ကာဘိုင်သေနတ်လွယ်ပြီး တခါတလေ တောလည်ထွက်တတ်တယ်၊ ညညဆိုလည်း လက်နှိပ်ဓါတ်မီးတလုံးနဲ့ ဂျီဟောက်သံကြားပြီဆိုရင် သူကအဲဒီနား ရောက်ပြီးသား၊ တခုတော့ရှိတယ် သူဗိုက်ဆာပြီဆိုရင် ထမင်းမကျက်သေးရင် စိတ်တိုတတ်တယ်တဲ့။ ကရင်ရဲဘော်တွေက ထမင်းချက်ရတယ်လေ။

အောင်ဖေတို့စရောက်တော့ စခန်းကအဟောင်းလေးမှာ တဲ၂လုံးနဲ့၊ ဒါပေမယ့်ဘာကြာမလဲ ဗိုလ်ရှာဝါးက မောင်းတာခံရတော့တာပဲ၊ စခန်းပြောင်းရမယ်တဲ့။ အဲဒီတော့ အခြားနေရာတခုကို ထပ်ပြောင်းရတယ်၊ ဒါကလည်းယာယီပဲတဲ့ နောက်မှအတည်နေရာ တခုထပ်ရွှေ့ မယ်တဲ့၊ ကြည့် လုပ်ပုံ။ အဲဒီတော့ ဘာရမလဲ ဝါးပိုးတွေ၊ ဝါးဖြူတွေခုတ်၊ ကြွင်းတူး၊ တိုင်ထူ၊ တဲဆောက် အမိုးအတွက် အရွက်ခုတ် အမိုးယက်ပေါ့ လုပ်ကြ ရကော အဲဒီကြတော့ တဲက၃လုံးလောက် ယာယီဆောက်ဖြစ်သွားကော၊ ဗိုလ်ရှာဝါးတို့ တပ်ကတော့ မနီးမဝေးမှာပဲ။

ဒါကလည်း ရက်၂၀လောက်ပဲကြာပါတယ်၊ နေရာတွေ့ပြီ ထပ်ရွှေ့ရမယ်တဲ့၊ တဲဆောက်ရတာ အမောပြေခါစပဲ ရှိသေးတယ်၊ နောက်တနေရာထပ်ပြောင်း ရပြန်ကော။ ဒီနေရာကတော့ တောင်ကြောစောင်းလေး အပေါ်မှာ တောင်ခြေလျှောလေးကို ပတ်ဝိုင်းပြီး တဲခပ်လတ်လတ်လေးတွေ ၄-၅လုံးနဲ့ စားဖိုဆောင်ကြီးကြီးတလုံး၊ ဘာလို့ဆို ဆန်ရေ၊ ရိက္ခာကလည်း အဲဒီမှာ ထားရမှာကိုး။ ပြောတော့သာ ရိက္ခာပါ၊ ဆန်နဲ့ငါးပိနည်းနည်း ဆီနည်းနည်း၊ တခါတလေ ပဲလေးရသလောက်ဝယ်ထားတာ ဒါပဲ။ ကျန်တာကတော့ ရှာစားပေါ့။

တဲဆောက်ရတာကလည်း သက်တော့ မသက်သာဘူး၊ ပြဿနာက မြေကြွင်းတူးရတာ၊ ဘယ်လောက်ပဲ ကြမ်းတမ်းချင်ကြမ်းတမ်းချင် ငယ်ငယ်ကတည်းက အလုပ်ကြမ်း မလုပ်ဖူးတဲ့ အောင်ဖေတို့လက်တွေက ပေါက်ပြဲကုန်တာပဲ ဘယ်လိုမှကို အမာရွတ်မတတ်ဘူးဖြစ်ကော။ အဲဒီလို အထိုင်သဘော စခန်းနေရာ ကျပြီဆိုတော့၊ အောင်ဖေလည်း အေကေ (AK 47) လေးလွယ်၊ မသွားရမယ့် ကြောတွေကိုရှောင်ပြီး တောလည်ထွက်ခွင့် ရသွားတာပေါ့၊ ပြောရရင် စခန်းမှာ သေနတ်က ၄-၅ လက်ပဲရှိတာ လူက ၁၀ယောက် ကျော်တယ်၊ ဆိုတာ့ တဲတခုကို ၂ယောက် အနည်းဆုံးတွဲနေရတာပေါ့၊ အရင်ရောက်နေခဲ့ကြသူတွေက သေနတ်ကိုထိန်းသိမ်းရတယ်။

(၂)

အဲဒီလိုအပြောင်းအရွှေ့ပြီးလို့ ရက်ပိုင်းပဲကြာသေးတယ်၊ ပြည်တွင်းကနေ နောက်ထပ်ရဲဘော်တွေ ထပ်ရောက် လာကြတယ်၊ မှတ်မိသလောက်ပြောရရင် ရန်ကုန်က ကိုဖြူ(ကွယ်လွန်)၊ ကိုမိုက်ကယ်၊ ကိုစိုးမိုး (US)၊ ကိုဗလနဲ့ ပါတီမှာ အသက်အငယ်ဆုံး ပြည်သား အောင်လေး (US)တို့တွေ ထပ်ရောက်လာကြတယ်၊ ပျော်စရာတော့ ကောင်းသွားတယ် ဒါကဧပြီလလယ် သင်္ကြန်ကာလ။ စကားတွေပြောကြ မေးကြမြန်းကြပေါ့။

ဒီလိုစခန်းက လူစစည်ပြီး အထိုင်ကျကာစပဲရှိသေးတယ် ဘဝမှာ ပထမဦးဆုံး ရန်သူစစ်ကြောင်းတက်တာနဲ့ ကြုံရကော၊ ဒီ့မတိုင်ခင်က ကရင့်တပ်မတော် ဌာနချုပ်မာနယ်ပလောဒေသမှာ စစ်ပူနေတာဆိုတော့ အေဘီတပ်ရင်း (၂၁၂)က ရဲဘော်တွေကလည်း ထီးဖားဝီးကျိုးကို ဖေဖေါ်ဝါရီလကုန်ကတည်းက စစ်ကူ ထွက်သွားကြပြီ၊ ခွဲ(၁)မှာ အလွန်ဆုံးကျန်လှ တပ်စိတ်တစိတ်လောက်ပဲ အဲဒီမှာ (PLF)က ရဲဘော်တချို့လည်း ရှိတယ်၊ အဲဒီအထဲက ဦးသန်းလှ အကြောင်း ပြောပြရမယ်။

စစ်ကြောင်းတက်တယ်ဆိုတာ စစ်တပ်က ကနဇိုးပင်ရွာကနေ တက်လာတာ၊ လမ်းတလျှောက် ဖြည်းဖြည်း၊ ဖြည်းဖြည်းပေါ့၊ နောက်ပိုင်းကြား ရတဲ့ သတင်းက လမ်းမှာတွေ့တဲ့ တောင်ယာလုပ်ကိုင်စားနေတဲ့ မိသားစုတစုကို သတ်သွားတာ မြင်မကောင်းဘူး၊ ဘယ်လိုလဲဆို ၂နှစ်သားလေးဆိုရင် ခြေနှစ်ချောင်းကနေကိုင်ပြီး သစ်ပင်နဲ့ ရိုက်သတ်သွားတာ အဲဒီလို ရက်စက်တာ၊ ကျန်တဲ့သူကတော့ ဓါးနဲ့လှီး၊ ခေါင်း ဖြတ် ဘာညာပေါ့၊ သူပုန်အဆက်တွေ ဆိုပြီးတော့လေ။

အဲဒီတက်လာတဲ့စစ်ကြောင်း ခံစစ်ကုန်းခွဲ(၁)ကို မတက်လာနိုင်အောင် တောင်ငူသား ဦးသန်းလှက နေ့တိုင်း ညနေစောင်းရင် ထိပ်ဆုံးတောင်ကြောအစလောက်မှာ မိုင်းသွားထောင်ရတယ်၊ မနက်ဆို ပြန်ဖော်ပေါ့။ ခွဲ(၁)နေရာက ရန်သူထိပ်တိုက်ဆိုတော့ ကျန်တဲ့အေဘီရဲဘော်တွေကတော့ အဆင်သင့်အမြဲတမ်း ရှိနေရတာပေါ့။ ဒီစစ်ကြောင်းက ဒီတခါတက်တာကြာတယ်တဲ့၊ အရင်အခါတွေက ၄-၅ရက်ဆို ပြန်ဆင်းပြီ ကြာကြာမနေရဲဘူး၊ တခါကစစ်ကြောင်းတပ်တာကို ပျောက်ကြားသွားပစ်ကြတာ ဒု-တပ်ရင်းမှူး ဒဏ်ရာရသွား ဖူးတယ်တဲ့၊ RPG နဲ့ပစ်တာလို့ ပြောကြတယ်။

အခုတခေါက်က မရှိဘူးဆို ၂ပတ်လောက်ကြတယ်၊ အောင်ဖေတို့ ဆားတောင်မရှိတော့ဘူး ပြတ်ကော၊ ဒါကြောင့်ကြားဖူးနားဝနဲ့ ဝါးရွက်ပြာချပြီး ဟင်းအရည်ထဲ ခပ်ရတယ် ဆားသဘောပေါ့။ ရေချိုးရင်လည်း စခန်းနားကစမ်းချောင်းမှာ မချိုးရဘူး၊ အရင်ယာယီနေခဲ့တဲ့ တဲလေးတွေနားက စမ်းချောင်းမှာ သွားချိုးရတယ်၊ ၄-၅ယောက်တဖွဲ့သွား၊ ၂ယောက်ကင်းစောင့် ကျန်တဲ့သူရေချိုး၊ တယောက်က အဲဒီနားမှာရှိတဲ့ ကင်းမွန်ချဉ်ပင်က အရွက်တွေခူး အလှည့်ကျပေါ့၊ စားစရာမှ မရှိတာ ဝါးရွက်ပြာချကို ခပ်ထားတဲ့ အဲဒီချဉ်ရေဟင်းနဲ့ ထမင်းနဲ့စားပေါ့။

အဲဒီလိုစစ်ပူနေတုန်း တရက်တော့ ညနေစောင်းအချိန်၊ “ဝုန်း” ကနဲ အသံအကြီးကြီး ခွဲ(၁)ထိပ်ဘက်ကနေ ကြားလိုက်ရတယ်၊ ဟာချကုန်ပြီပေါ့၊ ဗိုလ်ရှာဝါးလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ် အားလုံးအသင့်ပေါ့လေ၊ တူးထားတဲ့ ခံတုတ်ကျင်းထဲ ၂ယောက်ကို သေနတ်တလက်နဲ့ ငြိမ်နားစွင့်နေတယ်၊ ဒါပေမယ့် ဘာသံမှ ထပ်မကြားရဘူး။ ဘာလဲပေါ့။ နောက်တနာရီလောက်ကြာမှ ဗိုလ်ရှာဝါးကပြောတယ်၊ ဦးသန်းလှမိုင်းထိသွားတယ်၊ လူနာကိုကျနော်တို့ စခန်းပို့မယ် မနက်မှ နွားလေးခို(ကရင့် တပ်မတော် ခရိုင်စခန်း)က ဆေးရုံပို့မယ်ပေါ့။

မှောင်လာတော့ ကင်းစောင့်ရကော။ အဲဒီအချိန်လူက မရှိဘူးဆို ၁၅ယောက်လောက်တော့ရှိမယ်။ ဒါကြောင့် ကင်းကို ၂ယောက် တတွဲစောင့်ရတယ် လူတွေက အတွေ့အကြုံလည်း မရှိသေးတော့ မှားတာယွင်းတာ ရှိမှာစိုးလို့ ဗိုလ်ရှာဝါးက စီစဉ်တာ။

ညနေခင်းက ဝုန်းကနဲ မိုင်းကွဲပြီးကတည်းက တတောလုံး တတောင်လုံး တိတ်ဆိတ်နေကော၊ ထူးခြားတာက ပုရစ်လို အကောင်ငယ်လေးတွေ အော်သံကလွဲပြီး ဘာသံမှမကြား၊ တခုရှိတာက အဲဒီညက လကရေးရေးလေး ရှိနေတယ်၊ ဆိုတော့ အလင်းရောင်ဝိုးတိုးဝါးတားလေးက ခပ်ရေးရေး မြင်နေရတယ်ပေါ့၊ စစ်မပူရင်တော့ လွမ်းဖို့ အကောင်းသား။

အောင်ဖေကင်းစောင့်တော့ ကိုအောင်မိုးနဲ့အတူ စောင့်ရတာ၊ သူကလည်း တောင်ငူသား၊ အချိန်က ည၁နာရီကျော်လောက်ရှိမယ်၊ ဦးသန်းလှ မိုင်းထိတာတောင်မေ့နေတယ်၊ ကင်းချိန်စလို့ ၁၅မိနစ်လောက်ပဲရှိမယ်၊ ဗိုလ်ရှာဝါးတဲဘက်ကနေ လှုပ်လှုပ်၊ လှုပ်လှုပ်နဲ့ကင်းစောင့်တဲ့နေရာ ရောက်လာတယ်၊ ဦးသန်းလှကို သယ်လာပြီ၊ မပစ်မိဖို့ လာသတိပေးတာ၊ တော်ကြာ ကြောက်ကြောက်နဲ့ အသံကြားတာကို ပစ်မိတာနဲ့ ကျုပ်တို့ ဒီမှာဗျို့လို့ ရန်သူကို အသိပေးသလို ဖြစ်သွားမယ်လေ။

နောက် ၅မိနစ်လောက်ပဲကြာပါတယ်၊ ပုခက်ကိုသစ်ကိုင်းတခု ခုတ်ချည်လာပြီး ဦးသန်းလှကို အေဘီက ရဲဘော်တွေ ထမ်းလာကြတယ်၊ သူတို့၆ယောက်လောက်တော့ရှိမယ်၊ အောင်ဖေတို့ ကင်းစောင့်တဲ့ နောက်ကျော ကနေဖြတ်သွားရတာ၊ စားဖိုဆောင်မှာ သွားထားတာ၊ စာဖိုဆောင်က အမြင့်မှာ ဆောက်ထားတာလေ။ လူနေတဲ့ တဲသေးသေးလေးတွေက အောက်ဖက်ကြောမှာ။ ရုတ်တရက်တော့ စိတ်ထဲမှာ မတ်လတော်လှန်ရေးကဗျာကို သွားသတိရလိုက်သေးတယ်၊ လရောင်လေးက ပိုတောက်ပ လာနေပြီကိုး။ အေဘီရဲဘော်တွေလည်း ပို့ပြီး ပြန်ထွက်သွားကြတယ်။ နောက်တော့ ကင်းချိန်းချိန်ရောက်တော့ အောင်ဖေလည်း ပုခက်ထဲဝင်အိပ်ပေါ့။

မနက်၎နာရီလောက်ကြတော့ ကိုစိုးငြိမ်းက အားလုံးကို လိုက်နိုးတယ် ထကြ၊ အဆင်သင့်နေကြပေါ့၊ ပြန်ထရ ပြန်ကော၊ ခံတုတ်ကျင်းလေးထဲမှာ ချမ်းချမ်းအေးအေးနဲ့ အသာလေးငြိမ်နေရတယ်။ အဲဒီလိုနေရင်း ရုတ်တရက်။

“စိုးငြိမ်းရေ” ဆိုတဲ့အသံကြီးက စားဖိုဆောင်ဘက်က အကျယ်ကြီးထွက်လာတယ်၊ အသံက အတော်ကို နာနာကျင်ကျင်နဲ့ အော်လိုက်တဲ့အသံ၊ ဦးသန်းလှ ဒဏ်ရာတွေကြောင့် သူတို့တောင်ငူသား ကိုစိုးငြိမ်းကို လှမ်းခေါ်တာ၊ မနာနေပါ့မလား မနက်ခင်းဆို စိမ့်နေအောင်အေးတာဆိုတော့ သူ့ဒဏ်ရာတွေနဲ့ စဉ်းစားသာကြည့် ဘယ်လောက်နာကျင်ရှာမလဲ၊ ကိုစိုးငြိမ်းလည်း အသာလေးအပေါ်တက်သွားတယ် အသံတော့ တိတ်သွားကော။

ဒါပေမယ့် ခဏပါပဲ။

“စိုးငြိမ်းရေ” ဆိုတဲ့ အသံနက်ကြီးက ထပ်ထပ်ထွက်လာကော၊ အတော်တော့ အောင်ဖေသွေးပျက်သွားတယ်၊ ကြောက်စရာကြီးကိုး ဘုရားဘုရား။ နောက်တော့ အေဘီက ကျန်နေခဲ့တဲ့ဆေးမှူးက မေ့ဆေး၊ ထုံဆေး တခုခုထိုးပေးလိုက်ပုံရပါတယ်၊ ဘာသံမှ မကြားရတော့ဘူး။ နောက်အလင်းရောင် ပျပျလေးလာတော့ ထမင်းချက်ကျတဲ့သူတွေက ထမင်းချက်ပြီးလို့ အလှည့်ကျစားကြဆိုတော့ စားဖိုဆောင်ပေါ် ခါတိုင်းလို တက်သွားပြီး ထမင်းစာဖို့ ပြင်တော့တယ်။

အောင်ဖေတက်သွားတုန်းကတော့ အမှတ်တမဲ့ပဲ၊ ဒါပေမယ့် စားဖိုဆောင်ကို ကုန်းစောင်းကနေ လှမ်းမော့ကြည့်လိုက်မှ “ဟာ” လူအတော်လန့်သွားတယ်၊ ဒဏ်ရာရထားတဲ့ ဦးသန်းလှဆိုသူကို တကိုယ်လုံး ပတ်တီးတွေနဲ့ စည်းထားတာ အဲဒီပတ်တီးအဖြူရောင်တွေက သွေးရောင်တွေ လွှမ်းနေပြီ၊ စားဖိုပေါ်က ဖျာလိုရက်ထားတဲ့ အခင်းပေါ်မှာ တုံးလုံးကြီး၊ သူ့မျက်နှာက တောင်ခြေဘက်ကို လှည့်ထားတော့ တက်လာတဲ့ အောင်ဖေကို ပတ်တီးစည်းထားတဲ့ကြားက လစ်လပ်နေတဲ့ မျက်လုံး၂လုံးနဲ့ကြည့်နေတာ၊ အောင်ဖေ အတော်လန့်သွားတယ်၊ ဒဏ်ရာရတယ်ဆိုတာ ဒီလိုပါလားပေါ့၊ သူ့မျက်လုံး ၂လုံးကိုလည်း မကြည့်ရဲတော့ဘူး ထမင်းမြန်မြန်ထည့် ရှိတဲ့အရည်ထပ်ထည့်ပြီး အောက်ကို ပြန်ဆင်းလာခဲ့ရော၊ အားပါး မချောင်ဘူးနဲ့တူတယ် တော်လှန်ရေးဆိုတာက။

မနက်(၆)နာရီကျော်တော့ ကိုစိုးငြိမ်း အပါအဝင်၊ အေဘီဆေးမှူးနဲ့ နည်းနည်းတောင့်တင်းတဲ့ ဗလမင်းထင် အချို့က ဦးသန်းလှကို ထမ်းပြီးနွားလေးခို ဆေးရုံကို သွားပို့ကြတော့တယ်၊ ညနေစောင်းတော့ ပြန်ရောက် လာကြတယ်၊ ဦးသန်းလှ လမ်းမှာဆုံးသွားပြီတဲ့၊ အဲဒီညက အောင်ဖေကင်းသာစောင့်နေရတာ ပတ်တီးကြားက ဦးသန်းလှ မျက်လုံး၂လုံးကို တချိန်လုံးမြင်ယောင်နေကော။ 

(၃)

စစ်ပူပြီးမကြာခင်၊ ကိုဌေးအောင်၊ ကိုအောင်သန်းမြင့်နဲ့ ကိုနိုင်ထွန်းတို့ မာနယ်ပလောကနေ ပြန်ရောက်လာကြတယ်။ ကျနော်တို့က ကိုဌေးလို့ခေါ်တဲ့ ကိုဌေးအောင်က အင်္ဂလိပ်စာကို လေ့လာကြဖို့ အားလုံးကို တိုက်တွန်းတယ် ဒါကြောင့် မရှိမဲ့ရှိမဲ့ dictionary လေးကို အလွတ်ကျက်ဖို့ လုပ်သူကလုပ်ပေါ့၊ ဇွဲရှိကြပုံများ။

မကြာပါဘူး မေလဆန်းရောက်တော့ အောင်ဖေတို့တွေထဲက (၁၀)ယောက်လောက်ကို မာနယ်ပလော သွားရမယ်တဲ့ ကြေးနန်းရိုက်ခေါ်ကော။ အားလုံးပြင်ကြဆင်ကြနဲ့ပေါ့၊ လမ်းမှာဖျားရင်သောက်ဖို့ ဆေးကအစ ထည့်သွားရတယ်၊ အဓိကဒီအဖွဲ့ကို ဦးဆောင်လမ်းပြ ခေါ်သွားမှာက ကိုမောင်စိုး။

မှတ်မိသလောက် အဲဒီတုန်းက သွားကြရတဲ့သူတွေက ကိုမင်းလွင်ဦးဆောင်ပြီး၊ ကိုဖြူ၊ ကိုရဲဝင်းအောင်၊ ကိုမိုက်ကယ်၊ ကိုအေးမြင့်၊ ကိုစိုးမိုး၊ ဝင်းနိုင်၊ အောင်ဖေနဲ့ အောင်လေးစတဲ့သူတွေ အားလုံး (၁၀)ယောက်လောက်ရှိမယ်။ အရင်ရောက်ပြီးသား လူဟောင်းတွေကတော့ စခန်းမှာ ကျန်နေခဲ့ကြတယ်၊ ခရီးစဉ်က စခန်းကနေ နွားလေးခို၊ ပြီးတော့ စောထ။

အရင်က ကိုယ့်စခန်းထဲမှာနေပြီး စခန်းနားက ဈေးကွက်လောက်သာ ရောက်ဖူးတဲ့သူတွေ ခရီးထွက်ရမယ်ဆိုတော့ ပျော်တာပေါ့၊ ခရီးစဉ်တလျှောက်က ကုန်သည်လမ်းကြောင်းလည်းဖြစ်တော့ တခါတလေ တချို့နေရာတွေမှာ ခရီးသွားကုန်သည်တွေ၊ လူတွေကိုတွေ့ရတတ်တယ်၊ ဒါပေမယ့် အောင်ဖေတို့က သူပုန်ဆိုတော့ ကိုမောင်စိုးစီစဉ်တဲ့အတိုင်း ရွာတွေက ချောင်ကျကျ အိမ်တအိမ်အိမ်မှာ တည်းခိုရတာပေါ့၊ တချို့နေရာတွေများ လှမှလှ၊ တောင်ကိုမောမောနဲ့ တက်နေရာက ဗြုန်းကနဲ တောင်ထိပ်လည်းရောက်ရော တောင်ယာစောင့်တဲ သေးသေးလေး၊ စမ်းချောင်းလေး၊ မြက်ခင်းပြင်နဲ့ ဘဲလေးတွေက စမ်းချောင်းထဲမှာ ကူးလို့ခတ်လို့၊ ကိုတိုးကြီးရဲ့ မြက်ခင်းစိမ်းနဲ့တဲငယ်လေးဆိုတာ တကယ်။ စိတ်တောင်ကူးမိကြသေးတယ် ဒီနေရာဟော်တယ် လာဖွင့်ရင် ကောင်းမှာပဲလို့။ အတော်ကိုလှတာလေ။

ဖြတ်သန်းသွားရတဲ့ တောတောင်တွေ အများစုကတော့ တောင်ယာမီးရှို့ထားတဲ့ ရနံ့သင်းသင်းလေးတွေနဲ့ မီးခိုးငွေ့ တလူလူပေါ့၊ ဘာလို့ဆို နွေဦးကတည်းက အသစ်ခုတ်ထွင်ပြီးသား သစ်ပင်အကိုင်းအခက်ခြောက်တွေကို မိုးမကျခင် မီးရှို့ထားကြလို့လေ။ မေလလည်ဆို မိုးကလာပြီကိုး။

ထွက်မလာခင်ကတည်းက ခရီးသွားတာ အတွေ့အကြုံ ရှိသူတွေက ပြောပြထားဖူးတယ်၊ ထိုင်းဘတ်ငွေနဲ့တူတဲ့ ပုံစံတူ ဆူပါမန်းပိုက်ဆံပေါ့ အဲဒီစာရွက်လေးတွေ လမ်းမှာတွေ့ရတတ်တယ်တဲ့၊ သွားကောက်မနေနဲ့ လူတွေ့ရင် အဟားခံရမယ်တဲ့ ပိုက်ဆံမဟုတ်ပေါ့လေ ကလေးတွေအတွက် ကစားစရာပေါ့၊ ဒါကိုအောင်ဖေတို့ တချို့ကသိတယ်၊ ကြုံရင် အသက်အငယ်ဆုံးဖြစ်တဲ့ အောင်လေးကို ကြပ်မယ်(စမယ်)ပေါ့လေ၊ ဒီလိုစီစဉ်ထားတာ။

ဒါကြောင့်အောင်ဖေက ဦးဆောင်သွားရွီးထားတာက “ဟေ့ကောင် ငါတို့အခုသွားမယ့်လမ်းက ကုန်သည်လမ်းနဲ့ ဆုံဆုံသွားတတ်တယ်ကွ၊ အဲဒီမှာ ထိုင်းပိုက်ဆံတွေ ကျကျနေတတ်တယ်ပြောတယ်၊ ၅၀၀ တန်တို့ ၁၀၀တန်တို့ ပေါ့ကွာ၊ တွေ့ရင်သိမ်းထား၊ ဘယ်သူမှ မပြောနဲ့ မင်းနဲ့ငါနဲ့ ဟိုရောက်တော့ သုံးကြတာပေါ့” လို့ပြောခဲ့တာ၊ ဟိုကောင်ကလည်း အေး အေး ပေါ့လေ။

ဒါကြောင့်လမ်းတလျှောက် အောင်လေးဆိုလာတဲ့ မြန်မာသံစဉ် သီချင်းကြီးတွေကို နားညည်းခံပြီး သူနဲ့ မကွာရှေ့ကနေ အပင်ပန်းခံ လျှောက်လာတာ၊ တွက်ထားတဲ့အတိုင်း တနေရာရောက်တော့ ဆူပါမင်းပိုက်ဆံ စက္ကူတရွက် ကျနေတာကို အောင်ဖေတွေ့လိုက်တယ်၊ ဒါကို မမြင်ယောင်ဆောင်ပြီး ဖိနပ်ကြားထဲ ခဲညပ်သလို ဘာလိုလိုလုပ် လမ်းပိတ်ပီး အောင်လေးကို အာရုံပြောင်း သတိထားမိအောင် လုပ်လိုက်တယ်၊ ဂွင်ဝင်သွားတာကတော့ အတိအကျပဲ ဒီကောင်ကလက်သွက်ပါ့ ဆူပါမင်းပိုက်ဆံကို အသာလေး လှစ်ကနဲ ကောက်ပြီး အိတ်ထဲထည့်လိုက်တယ်၊ ပြီးတော့အောင်ဖေ့ကိုမေးတယ် ဟေ့ကောင်ဘာဖြစ်လဲပေါ့၊ ခဲညပ်လို့ပါကွာဆိုပြီး အောင်ဖေတို့ ခရီးဆက်ခဲ့တာပေါ့။

ကရင်ရွာတွေထဲကို ကော့ကော့ ကော့ကော့နဲ့ အောင်ဖေတို့ အရင်ဝင်သွားကြည့်၊ “ပရော်ဟလီး” ဆိုတဲ့ အသံစူးစူး ကြားရပြီး လူတွေပျောက်ကုန်ရော၊ ဆိုလိုတာ “ဗမာလာပြီ” ဆိုပြီး တရွာလုံးပြေးတာ၊ ဒီလိုဖြစ်ရင် ကိုမောင်စိုးက ပူညံပူညံ လုပ်ကော ရှေ့ကအရင်မသွားပါနဲ့ဆို ဘာညာပေါ့၊ ပြီးရင် ရွာစပ်လောက်ထွက်ပြီး ပတ်ကညောလို (ကရင်လို) အော်တော့မှ မယုံရဲ ယုံရဲနဲ့ ရွာသားတွေက ပြန်ဝင်လာတတ်တယ်၊ ဒါမှဆန်တောင်း ထမင်းချက်စား အဲဒီလို လုပ်ရတာ၊ မဟုတ်ငတ်မယ်။

ဒီလိုတရွေ့ရွေ့နဲ့သွားကြတာ မေ(၁၀)ရက်ဝန်းကျင်လောက်ကြတော့ စောထစခန်းကိုရောက်ရော၊ ဒါတောင်လမ်းမှာ ဝင်းနိုင်ဘယ်လိုမှ လမ်းလျှောက်နိုင်တော့လို့ (ခြေဖောယောင်တာ) ယာပလိုတဲမှာလားမသိ ဆေးရုံမှာထားခဲ့ရတယ် နောက်မှ လိုက်လာပေါ့ ကိုယ့်ဒေသနယ်မြေလေ ရန်သူမှမရှိပဲကိုး။ ကျန်သူတွေကတော့ ခရီးဆက်ထွက်ကြရတယ်။

စောထစခန်း၊ သူကသံလွင်မြစ်ဘေးမှာ၊ အောင်ဖေတို့စောထရောက်တော့ ကရင်ရဲဘော်တွေ တည်းတဲ့ သစ်သားဘားတိုက်အကြီးကြီးမှာ တည်းကြရတယ်၊ သူကကုန်းလမ်းခရီးဆုံးကိုး၊ မာနယ်ပလောကို လှေနဲ့သွားကြရမယ်၊ လှေရဖို့အတွက် နောက်ထက် (၁၀)ရက်လောက် စောင့်ကြရသေးတယ်၊ အဲဒီကြမှ သံလွင်ဆိုတာကို မြင်ဖူးတာ၊ တဘက်ကမ်းက ထိုင်းနိုင်ငံ ထိုင်းအလံတလူလူနဲ့ပေါ့၊ ဒီဘက်ကတော့ ကေအင်ယူအလံနဲ့။ လူတွေကပြောကြတယ် ပူလည်းပူတော့ သံလွင်ထဲမှာ ရေချိုးဖို့ မစဉ်းစားနဲ့တဲ့ ဘာလို့ဆို အေးလွန်းအားကြီးတော့ ဖျားမယ်တဲ့။

ဖျားတယ်ဆိုလို့ ဌက်ဖျားက အောင်ဖေတို့တောထဲရောက်ပြီး တလလောက်ကြာကတည်းက စဖျားဖူးပြီ၊ ကွီနိုင်ဆေးပြားကိုသောက်ရတာ လူကိုမူးဝေနေတာပဲ နားထဲမှာ ပုဇင်းရင်ကွဲအော်သံပဲကြားတယ်၊ ဘာမှမကြားရဘူး၊ အူနေတာ၊ ခံတွင်းလည်းပျက်ပေါ့ ခါးနေတော့ ဘာမှစားမဝင်ဘူး၊ ရန်ကုန်လမ်းဘေးက ခေါက်ဆွဲသုပ် ချဉ်ချဉ်ငံငံ စပ်စပ်ကိုပဲ တောင့်တနေမိတတ်တယ်၊ ဒါမှမဟုတ် အမေချက်တဲ့ ချဉ်ပေါင်ဟင်းပေါ့၊ ဒါကြောင့် ထမင်းချက်ကျသူက ဆန်ပြုတ်ပြုတ်ပေးတာကို ဘာအရသာမှ ခံစားမရဘဲ စားကြရတာ။

ရေမချိုးရဆိုပေမယ့် စပ်စုတတ်တဲ့ အကျင့်ကရှိတော့ သံလွင်ရေကိုတော့ ခြေထောက်နဲ့ထိကြည့်မယ်ပေါ့ အောင်ဖေတို့ ၃-၄ယောက် ကမ်းစပ်သွား ခြေထောက်လေးကို အသာလေးမြစ်ထဲစိမ်ကြည့်တယ်၊ သောက်ကျိုးနဲ အေးလိုက်တာ နေပူလို့လူကချွေးတွေ ပြန်နေရတဲ့အထဲ မြစ်ရေကအေးတာမှ ခြေထောက်ကို ရေခဲတုံးနဲ့ ဟမ်ဘာဂါညှပ်လိုက်သလိုပဲ၊ ဒါမျိုးတော့ ရေမချိုးရေးချ မချိုး။ နောက်တော့ သံလွင်ရေကို ယောင်လို့တောင် မထိတော့ဘူး၊ အမှန်ကသံလွင်ဆိုတာ ဟိုးတရုပ်ပြည် ရေခဲတောင်တွေပေါ်ကနေ စီးဆင်းလာခဲ့တဲ့ သမိုင်းဝင်မြစ်ပဲ အေးမှာပေါ့ ဘာဗဟုသုတမှ မရှိဘဲ သွားစမ်းတာ ခံပေါ့။

ဒါနဲ့တရက်မှာတော့ လှေရလို့ မာနယ်ပလောကို ဆင်းခွင့်ရတော့တယ်၊ (PLF) ကစုဆောင်းလာတဲ့ ရဲဘော်ရဲမေလေးတွေ တချို့နဲ့၊ အောင်ဖေတို့ လူ့ဘောင်သစ်အဖွဲ့နဲ့ အတူတူသွားကြရတာ လူပေါင်း ၂၅ယောက်လောက်ရှိမယ်၊ မနက်စောစော စောထကနေထွက်ခဲ့ကြတယ်၊ လမ်းတလျှောက်မှာ ကျောက်စိုင်၊ ကျောက်ခဲတွေကြားက လှေကဖြတ်မောင်းရတာ အသည်းယားစရာ တခါတလ ဘုန်းကနဲ လှေက ရေနိမ့်တဲ့ အဆင့်ကို ပြုတ်ကျသွားတာပါသေး၊ အောက်မှာ ကျောက်စိုင်တွေ ရှိနေတာကိုး။

(၄)

သံလွင်ကနေ စုန်ဆင်း၊ ထိုင်းမြန်မာနယ်စပ် နောက်တခုဖြစ်တဲ့ သောင်ရင်းကို ဆန်တက်ပြီးတော့ မာနယ်ပလောက “ကညင်ဒီကလုတ်သ ဆန်ဖျဲအိမ်” ကိုရောက်ရော၊ အမှန်က ကရင်ဘာသာနဲ့ ပတ်ကညော ဘာဖြစ်တယ် ညာဖြစ်တယ်စတဲ့ “ကရင့် လွတ်မြောက်ရေးတပ်မတော် စစ်ဆေးရေးဂိတ်” လား ဘာလားမသိ၊ ရေးထားတာ အောင်ဖေက မဖတ်တတ်တော့ အခုပြောတဲ့အတိုင်းပဲ ဗမာလိုဖတ်တာ၊ ကျန်သူတွေက ရယ်ပေါ့။

ထုံးစံအတိုင်း လှေပေါ်ကဆင်း ဘယ်ကလာလည်း ဘာလဲ၊ စာရွက်စာတမ်းတွေ စစ်ပေါ့၊ မာနယ်ပလောက ဗဟိုဌာနချုပ်ဆိုတော့ စစ်ဆေးတဲ့ ကရင်တပ်ကြပ်တွေ၊ အရာခံဗိုလ်တွေကလည်း အတော်တင်းတင်းကျပ်ကျပ်ပဲ မျက်နှာမာမာနဲ့၊ အောင်ဖေတို့လည်း ခပ်လန့်လန့်။

ရောက်တာက နေ့လည်၁နာရီလောက်ရှိမယ်၊ အောင်ဖေတို့ကို ဘားတိုက်မှာ ထားထားပြီး ထမင်းစားပေါ့၊ တမင်းကျွေးတယ်၊ ထမင်းကတော့ သိတဲ့အတိုင်းပဲ ဘာမှမပါဘူး ငါးပိရည် အရည်ကျဲကို ထမင်းနဲ့စားရတာ၊ ဒါကပုံမှန်နေ့လည်စာ၊ သိတဲ့သူဆို လမ်းဘေးက အရွက်ခူး တို့စရာအဖြစ်မြုပ်စားပေါ့။ အောင်ဖေတို့ကတော့ သိမနေအားဘူး ဆာလည်းဆာဆိုတော့ စားပစ်လိုက်တာပဲ၊ ပြီးတော့ ဘားတိုက်ထဲ နားနားနေနေ လှဲနေကြတယ်။

“ယောက်ဖတို့အဖွဲ့က တောင့်တာပဲကွ၊ ဘာလည်း စစ်ကူလာကြတာလား”

“ဒါပေါ့ယောက်ဖရာ ကျုပ်တို့လည်း ခင်ဗျားတို့ကို ကူတိုက်ဖို့ တက်လာကြတာ”

ဒါက ဘားတိုက်ပေါ်တက်လာတဲ့ ကရင်ဗိုလ်အငယ်တဦးက ဗမာလိုလှမ်းမေး၊ ပြောတာကို အောင်ဖေက ကြွားကြွားဝါဝါ ပြန်ဖြေလိုက်တာ၊ တောင့်မှာပေါ့ အောင်ဖေတို့အဖွဲ့က အထီးတွေချည်းကိုး၊ ဟိုအဖွဲ့လို ကောင်မလေးတွေမှ မပါတာ၊ ဟာကောင်းတာပေါ့ ဘာညာပြောပြီး ဒီကရင်ဗိုလ်က ယောက်ဖတို့ဆေးဆေးနေဦး ပြောပြီး ဆင်းသွားကော၊ မကြာပါဘူး အတူလာတဲ့ (PLF) ကအဖွဲ့ကို သူ့လူတွေက လာခေါ်သွားတယ် ကိုယ်ချည်း ကျန်ခဲ့ကော၊ ညနေစောင်းတော့မယ် ၄နာရီကျော်ပြီ၊ ဘာမှန်းမသိ ဘားတိုက်မှာ စောင့်နေရတယ်။ အဲံဒီကြတော့မှ အဖွဲ့ဦးဆောင်တဲ့ ကိုမင်းလွင်ကပြောတယ်။

“အောင်ဖေ အာချောင်တာနဲ့၊ ငါတို့ကို ပေါ်တာဆွဲထားပြီလားမသိ” တဲ့။

ဟာ အဲဒီတော့မှ အောင်ဖေသိတယ်၊ စစ်ကူတော့ စစ်ကူလာတာပေါ့ ဒီလိုဘလိုင်းကြီးချက်ချင်း လုပ်သလားပေါ့၊ လူလည်းလန့်သွားတယ် ဗဟိုကိုတော့ အကြောင်းလေး ဘာလေးကြားပေးပြီးမှ ဆွဲပေါ့ယောက်ဖရယ်လို့ စိတ်ထဲက ပြောနေမိတယ်။ အားလုံးကတော့ “မသာလေး၊ မင်းကြောင့်” ဆိုတဲ့ရုပ်နဲ့ အောင်ဖေ့ကို ကွက်ကြည့် ကွက်ကြည့်ပေါ့၊ အောင်ဖေတို့ တိတ် ကိုယ့်အပြစ်နဲ့ကိုယ်။

ညနေ ၅နာရီခွဲလောက်ကြမှ ဖဒိုမန်းရှာ (ဗာလင်တိုင်းဒေးမှာ လုပ်ကြံခံလိုက်ရတဲ့ KNU အထွေထွေ အတွင်းရေးမှူး) နဲ့ ကိုအောင်မိုးဇော်တို့ ရှုးရှုးရှဲရှဲနဲ့ ရောက်လာကြတယ်၊ ဆရာမန်းရှာကတော့ သူ့ကရင် အရာရှိတွေကို အေးအေးဆေးဆေးပါပဲ ဘာပြောနေတယ်တော့ မသိ၊ ဒီလိုနောက်မလုပ်ရ ဘာညာဖြစ်မှာပေါ့၊ အဲဒီတုန်းက သူက ဗိုလ်ချုပ်မြရဲ့ ကိုယ်ရေးအရာရှိ၊ ဗဟိုကော်မတီ။

ဒါနဲ့ ဘားတိုက်ကနေဆင်း အရင် (DAB) ရုံးဟောင်းမှာ ဖွင့်ထားတဲ့ လူ့ဘောင်သစ်ဌာနချုပ်ကို လမ်းလျှောက် ရောက်တော့တာပဲ၊ ကုန်းပေါ်ကဆင်းလာတော့ ဥက္ကဌလုပ်သူ ကိုမြင့်ဇော်က အောင်ဖေ့ကို လှမ်းစတယ်။

“ဟေ့ကောင်အောင်အောင်ဖေ၊ မင်းကို ထောက်လှမ်းရေးက ထမိန်ခိုးမှုနဲ့ ဖမ်းတာဆို” တဲ့။

ပေါ်တာကလွတ်လာတဲ့ မျက်နှာပေးနဲ့ အောင်ဖေရယ်ကျဲကျဲသာ လုပ်နေနိုင်တော့တယ်။ အဲဒီညမှာတင်ပဲ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်လှက ကရင်ပြည်နယ် ထိုးစစ်ကို ရပ်စဲထားလိုက်ပြီ ဖြစ်ကြောင်း ရေဒီယိုက ကြေညာတယ်၊ ရက်စွဲကတော့ ၁၉၉၂ခုနှစ် မေလ (၂၄)ရက်။

နောက်ပိုင်းမှာတော့ ကိုမြင့်ဇော်ပြောတဲ့ အောင်ဖေထမိန်ခိုးလို့ စစ်ထောက်လှမ်းရေးက ဖမ်းတာကို (၄၅)ရက်တိတိ ခံရတဲ့အကြောင်း ရေးသားပါဦးမယ်။

သက်ခိုင်
(၁၉း၃၇)နာရီ
(၂၈.၄.၂၀၁၄)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, အခန်းဆက်များ, ဖြစ်ရပ်များ၊ အမှတ်တရများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်