ရန်ဝင်း (တောင်တံခါး) – လွမ်းတော်မူလို့ စာကိုစီတယ်

July 9, 2014

လွမ်းတော်မူလို့ စာကိုစီတယ်

ရန်ဝင်း (တောင်တံခါး)ဇွန် ၁၃၊ ၂၀၁၀

(မိုးမခပြန်လည်ဆန်းသစ်ခြင်း)

 

“လွမ်းတော်မူလို့ စာကိုစီတယ်၊ တိမ်နီ တိမ်ဝါ တိမ်ပြာတွေ သန်းပြန်တော့၊

ဘယ်ဆီသို့ ဘယ်ညာသို့ လွမ်းပါရမယ်၊ ညွှန်းကာဆကွယ်၊ ကြာပင်အိုင်ကြီးရယ်။”

နန်းတော်ရှေ့ဆရာတင်

 

လွမ်းရပါသော်ကောလေ။ တရံရောအခါတုန်းက ကြာမျိုးစုံတို့နဲ့ဝေဆာလို့ ရေညိုရစ်ခါသန်းခဲ့တဲ့၊ မန္တလေးမြို့ အရှေ့အရပ်ဆီက အောင်ပင်လယ်ကန်ကြီး နဲ့ အောင်ပင်လယ်နယ်မြေကြီးကို မှန်းဆလို့လွမ်းရပါတယ်။ မန္တလေးမြို့အထွက်၊ ပြင်ဦးလွင်မြို့သွားတဲ့ လမ်းအကွေ့ အောင်ပင်လယ်ကန်ပေါင်ရိုးကနေပြီး အရပ်လေးမျက်နှာကို မျှော်ကြည့်လိုက်ရင်ဖြင့်၊ အရှေ့ဖက်ဆီမှာ ကျွဲနဖါးတောင်ကြီးနဲ့ အဝေးက ရှမ်းရိုးမ တောင်တန်းကြီး မှိုင်းမှိုင်းညို့ညို့၊ မြောက်ဖက်ဆီမှာ ရန်ကင်းတောင်၊ ငါးရံ့မင်းတောင်၊ မန္တလေးတောင်တွေက ပြာပြာမှိုင်းမှိုင်း၊ အနောက်ဖက်ဆီမှာတော့ စစ်ကိုင်းတောင်ရိုးတန်းကို မြူခိုးဝေဝေထဲမှာ မှုန်မှုန်ဝါးဝါးနဲ့ ဆွတ်ပျံ့ဖွယ်ရာ မြင်ရပေလိမ့်မယ်။ တချိန်တုန်းကတော့ တောင်ဖက်တခိုမှာ မိုးတွင်းအချိန်ဆိုရင် တိမ်ရောင်စုံ တောက်နေတဲ့ ကောင်းကင်အောက်က မြစိမ်းရောင်လဲ့လဲ့ လယ်ကွင်းပြင်တွေ၊ စပါးမှည့်ချိန်ဆိုရင် ရွှေအိုရောင် လယ်ကွင်းကြီးတွေ တမျှော်တခေါ်ကြီး ဝင်းအိနေခဲ့ပေလိမ့်မယ်။

 

အောင်ပင်လယ်ကန်ကြီး ကို ဆည်တဲ့သူက၊ သက်တော်ရှည် အလောင်းစည်သူမင်းကြီး (ပထမ စည်သူ၊ နန်းစံနှစ်၊ ခရစ် ၁၁၁၃-၁၁၆ဝ) ရဲ့ သားတော်ကြီး မင်းရှင်စော ဖြစ်ပါတယ်။ တနင်္ဂနွေသား မင်းရှင်စော က မာနလည်းကြီး၊ လုပ်ရည်ကိုင်ရည်၊ ကြံရည်ဖန်ရည်ရှိပြီး အင်မတန်မှထက်မြက်တဲ့သူပါ။ ဖခင် အလောင်းစည်သူမင်းကြီးအပ်ါမှာ သစ္စာရှိပြီး ရိုးသားဖြောင့်မတ်သူလည်းဖြစ်တယ်။ တချိန်မှာတော့ အလောင်းစည်သူမင်းကြီး နဲ့ မင်းရှင်စောတို့ အကြားမှာ မကျေမလည်ဖြစ်ကြပြီး၊ မင်းကြီး အမျက်တော်ရှလို့ မင်းရှင်စော နယ်နှင်ခံရလေတယ်။

 

“သတိုးတင့်မော၊ မင်းရှင်စောကို၊ မျက်ဒေါသထား၊ ဝေးစေခြား၍၊ ညာဖျားမြောက်ချောင်၊ ကျွဲနက်တောင်နှင့်၊ ကန်အောင်ပင်လယ်၊ မြစ်ငယ်ချောင်းမ၊ ရွှေလောင်းစသား၊ ထာဝရမှု၊ ဖန်ဆင်းပြု၏။”

ဣသျှံဂူမော်ကွန်း

 

နယ်နှင်ခံရတော့ မင်းရှင်စောက နောက်လိုက်နောက်ပါတွေနဲ့အတူတူ မြို့သာ၊ မြို့သစ်၊ တပျက်သာ (မြစ်ငယ်) ဒီနောက် ထွန်တုံး၊ ပူတက် အရပ်တွေကို ပြောင်းရွှေ့သွားခဲ့တယ်။ ပိုတက်/ဗိုလ်တက် လို့ ခေါ်တဲ့ ပူတက် အရပ်မှာ မြို့ရိုးဟောင်းတွေ နဲ့ ပုဂံခေတ်လက်ရာ ဘုရားတွေ တွေ့နိုင်ပါသေးတယ်။ အောင်ပင်လယ်ကန်ဆည်ရွာ ကုန်း ၉ ကုန်း၊ ကျောက်သံပတ်ရွာတဝိုက်၊ အုန်းကျော နဲ့ နားတောင်းကျ အရပ်တွေမှာလည်း မင်းရှင်စော က လှည့်လည် နေထိုင်ခဲ့တယ်။ တချို့အရပ်တွေကတော့ ဒီနေ့မှာ ရွာဆိုးကုန်းတွေ အဖြစ်ကျန်နေရစ်ခဲ့တယ်။

 

မင်းရှင်စောက တောကြီး မျက်မည်းတွေကို ခုတ်ထွင်ရှင်းလင်းပြီး လယ်သစ်တွေ တီတယ်။ ချောင်းမြောင်း အင်းအိုင်နဲ့ သဘာဝမြေသြဇာ ဓါတ်ခံကလည်း ကောင်းမွန်တော့၊ အဲဒီဒေသကြီးတခုလုံး မင်းရှင်စောရဲ့ အစီအမံအောက်မှာ ဖွံ့ဖြိုးတိုးတက်ခဲ့တယ်။ ပညာရှိပုဂ္ဂိုလ်တွေကို မြှောက်စားတယ်။ ရဟန်းသံဃာအပေါင်းနဲ့ သာသနာကလည်း ထွန်းတောက်လို့၊ အင်မတန်မှပဲ သာယာစည်ပင်ဝပြောခဲ့လေတယ်။

 

သက္ကရာဇ် ၁၁၅၂ ခုနှစ်မှာ တမုတ်ဆိုး၊ တပျက်သာ၊ ဇောင်းကလော၊ နဲ့ ကန်တိလိ ခေါ် အောင်ပင်လယ်ကန်ကြီး တွေကို မင်းရှင်စောက ဆည်ဖို့ခဲ့တယ်။

 

“မင်းရှင်စော မျောသည့်ဖေါင်ဝယ်၊ လေးကန်စလုံးကို သိမ်းကျုံး ဆည်တော်မူတယ်၊”

အောင်ပင်လယ်၊ နန်းတော်ရှေ့ ဆရာတင်

 

“စိမ်းလဲ့မောင်း နန္ဒာကြည်ရှင်း၊ ကန်မင်း အောင်ပင်လယ်မှာ၊ ကြာမျိုးငါးသွယ် လှိုင်ကြွယ်မွှေး ပျံ့လှောင်းပါလို့လေး။”

မန္တလေးဘွဲ့ တျာချင်း

 

ထီးမွေနန်းမွေ ဆက်ခံထိုက်သူဖြစ်ပေမယ့်လည်း ပုဂံထီးနန်းနဲ့ လွဲခဲ့ရတဲ့အပြင်၊ အလောင်းစည်သူမင်းကြီး နတ်ရွာစံပြီးချိန်မှာ ညီတော် ကုလားကျမင်း ခေါ် အိမ်တော်ရှင် နရသူ (နန်းစံနှစ်၊ ၁၁၆ဝ-၁၁၆၅) က မလိမ့်တပတ်နဲ့ အကောက်ကြံပြီး ပုဂံနေပြည်ကို ခေါ်ယူလုပ်ကြံလို့ အရွယ်ကောင်းဖြစ်တဲ့ အသက် ၄၇နှစ် မှာ မင်းရှင်စော ကွယ်လွန်ခဲ့ရတယ်။ အဲဒီအချိန်က အောင်ပင်လယ်နယ်ထဲမှာ အရှေ့မြို့တော် (မြို့တော) ကို မင်းရှင်စော တည်နေဆဲပါ။ မန္တလေး၊ ပြင်ဦးလွင် လမ်းမကြီးဖြတ်သန်းသွားတဲ့ အခု ကျောက်မီး လို့ ခေါ်တဲ့ နယ်ထဲမှာ မြို့တောမြို့ဟောင်းနေရာ ကျန်ရစ်ပါတယ်။

 

၁၇ နှစ်ရာစု အင်းဝခေတ်မှာတော့ သမိုင်းမှာနာမည်မပြောင်ခဲ့တဲ့ အရည်အချင်းနည်းပါးသူ အင်းဝဘုရင် ဆင်ဖြူရှင် တရဖျား က အောင်ပင်လယ်တောထဲမှာ တောလည်ရင်း စိတ္တဇရောဂါ စပြီးစွဲကပ်လာခဲ့တယ်လို့ ဖတ်ရဖူးပါတယ်။

 

ရတနာပုံခေတ်မန္တလေးမြို့ကြီး နယ်ချဲ့ကျူးကျော်အုပ်စိုးသူတွေရဲ့ လက်ထဲကို ကျရောက်ပြီးချိန်မှာတော့ အောင်ပင်လယ်နယ်ကြီးက တော်လှန်တဲ့ နယ်မြေအဖြစ်နဲ့ သမိုင်းတခေတ်ထွန်းတောက်ခဲ့ပြန်တယ်။

 

အထင်ကရဖြစ်ခဲ့တဲ့ နယ်ချဲ့တော်လှန်ရေးမှာ၊ ရွှေဘိုနယ် နဲ့ ရွှေဘိုမြောက်ဖက်နယ်တွေက ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်၊ မင်းသား ထိပ်တင်မှတ်၊ မင်းသား ထိပ်တင်သန့်၊ မင်းသား စောရန်နိုင်၊ မင်းသား စောရန်ပိုင် တို့နဲ့ တချိန်ထည်း၊ အောင်ပင်လယ်နယ်မြေကိုအခြေခံလို့ မြင်စိုင်းမင်းသား က နယ်ချဲ့ကို တော်လှန်ခဲ့တယ်။ မြင်စိုင်းမင်းသား က မင်းတုန်းမင်းကြီးနဲ့ လက်ပံစဉ်မိဖုရားတို့ရဲ့သားတော်ပါ။ သီပေါမင်းနန်းတက်ခါစအချိန်မှာ မင်းညီမင်းသားတွေကို အစုလိုက် အပြုံလိုက် သုတ်သင်တဲ့အထဲက လွတ်မြောက်သွားတဲ့ မြင်စိုင်း၊ ကျပင်း၊ ကောလင်း၊ ပျဉ်းမနား၊ လေခ၊ မင်းသားငါးဦးထဲက မြင်စိုင်းမင်းသားဖြစ်ပါတယ်။

 

အောင်ပင်လယ်နယ်ကြီးကိုခြေကုပ်ယူပြီး၊ မြင်စိုင်းမင်းသား နဲ့ အပေါင်းအပါတွေက နယ်ချဲ့အုပ်စိုးသူကို ပြင်းပြင်းထန်ထန် ရွပ်ရွပ်ချွံချွံ တော်လှန်တိုက်ခိုက်ခဲ့ကြတယ်။ မြင်စိုင်းမင်းသားရဲ့ စီမံခန့်ခွဲမှု နဲ့ စည်းရုံးရေး ကောင်းမွန်တာကြောင့် တိုင်းရင်းသား လူမျိုးစုတွေ အပါအဝင် အနယ်နယ်ရပ်ရပ်က တော်လှန်ရေးသမားတွေ လာရောက်ပေါင်းစည်းကြလို့ အင်အားကြီးမားပြီး တိုက်ရေးခိုက်ရေးမှာလည်း နည်းစံနစ်ကောင်းကောင်းနဲ့ ပရိယာယ်ကြွယ်ဝတဲ့ အဓိကရ အင်အားစုကြီး ဖြစ်ခဲ့တယ်။

 

မြင်စိုင်းမင်းသားရဲ့တပ်တွေက နယ်ချဲ့အုပ်စိုးသူတွေ တပ်စွဲထားတဲ့ စခန်းတွေနဲ့ မြို့တွေ ရွာတွေထဲအထိ ဝင်တိုက်ကြတယ်။ နယ်ချဲ့အုပ်စိုးသူကလည်း မြင်စိုင်းမင်းသားကို သူတို့ရဲ့ခြေမှုန်းဖို့ ရန်သူစာရင်းမှာ ထိပ်ဆုံးအဆင့် တင်ထားပြီး သည်းသည်းမည်းမည်း လိုက်လံတိုက်ခိုက်ခဲ့တယ်။

 

၁၈၈၆ ခုနှစ် သြဂုတ်လမှာ ငှက်ဖျားရောဂါနဲ့ မြင်စိုင်းမင်းသား ကွယ်လွန်ပြီးတဲ့နောက်ပိုင်းကျတော့မှ တော်လှန်ရေး အင်အားစုကြီးလည်း တဖြည်းဖြည်းနဲ့ ပြိုကွဲခဲ့ရလေတယ်။

 

အောင်ပင်လယ်ကန်ကြီးကလည်း ခေတ်အဆက်ဆက်ကို ဖြတ်သန်းလာခဲ့တယ်။ ဘိုးတော်ဘုရားလက်ထက် ၁၇၈၉ ခုနှစ် နဲ့ မင်းတုန်းမင်းကြီးလက်ထက် ၁၈၅၆ ခုနှစ်တွေမှာလည်း ထပ်မံဆည်ဖို့ ပြုပြင်ခဲ့သေးတယ်။ အောင်ပင်လယ်ကန်ကြီးကိုမှီပြီး တနှစ်မှာ သုံးသီးစားရတဲ့ ကန်ရေသောက် လယ်တွေ ပယ်ပေါင်း ၃ သောင်းကျော်ရှိခဲ့ဖူးတယ်။ ကြာပန်းရောင်စုံတွေနဲ့ တင့်တင့်တယ်တယ်ရှိခဲ့လေတယ်။

 

“ကြာစိမ်း ကြာပြာ ပွင့်နီများ၊ လှုပ်ရှားကာရယ် များစွာကွယ်။ လေယူရာ ကြိုင်လှိုင်မွှေးလို့ အေးကြည်တယ်။”

အောင်ပင်လယ်၊ နန်းတော်ရှေ့ ဆရာတင်

 

အပြုအပြင်နဲ့ မွှမ်းမံတာလည်းမရှိ၊ ရေအဝင်၊ ရေအနေတွေကလည်း နည်းလာတာကြောင့် ကိုလိုနီခေတ်ဦးက စပြီး အောင်ပင်လယ်ကန်ကြီး တဖြည်းဖြည်း ကောသွားလိုက်တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီလေ။ နောက်ဆုံးမှာတော့ အောင်ပင်လယ်ကန်ကြီး ကိုယ်တိုင်လည်း တချိန်က ကန်ရေသောက်ခဲ့တဲ့ လယ်ကွင်းတွေနဲ့ ဘဝတူ လယ်ကွင်းကျယ်ကြီးအဖြစ်ကို ရောက်ခဲ့လေတယ်။

 

မင်းရှင်စော ဖေါင်မျောခဲ့တဲ့ ကြာပန်းရောင်စုံတွေ ဝေဝေဆာဆာနဲ့ အောင်ပင်လယ်ကန်ကြီးက အခုအချိန်ု ဘယ်လိုများနေမှာပါလိမ့်လို့ မေးလာကြရင်၊ နန်းတော်ရှေ့ ဆရာတင် ရဲ့ သီချင်းကိုဆိုညွှန်းလို့၊ လွမ်းလွမ်းနဲ့ပဲ အဖြေပေးရပါတော့မယ်။

 

“အောင်ပင်လယ်၊ တကယ် တော အစစ်ကဲ့သို့၊ လယ်ကော ဖြစ်လို့မို့၊

ကောင်းဘို့ ရွယ်သော ခေတ်ကို၊ အထူးသဖြင့် မျှော်မိတယ်”

အောင်ပင်လယ်၊ နန်းတော်ရှေ့ ဆရာတင်

 

အထူးကျေးဇူးတင်စွာဖြင့် ကိုးကားခြင်း

 

(၁) အနှစ် ၁ဝဝ ပြည့် မန္တလေး (ရွှေကိုင်းသား)၊ ဧပြီလ ၂ဝဝ၇

(၂) တောင်သမန် ရွှေအင်းက လေညင်း ဆော်တော့၊ မြသန်းတင့်၊ မတ်လ၊ ၂ဝဝ၆

(၃) မန္တလေး အနှစ် ၁၅ဝ ပြည့် မဂ္ဂဇင်း၊ မေ ၁၄၊ ၂ဝဝ၉

(၄) တနေ့တစ်လံ ပုဂံဘယ်ပြေးမလဲ (ဒေါက်တာ သန်းထွန်း)၊ သြဂုတ်လ ၂ဝဝ၆

(၅) မြို့တော်သမိုင်း မန္တလေး (တင်နိုင်တိုး)၊ မေလ ၂ဝဝ၉

(၆) ပြည်သူချစ်သော အနုပညာသည်များ၊ လူထုဒေါ်အမာ၊ မေလ၊ ၁၉၆၄

 

(Photo – linnmyatyaungsin.blogspot.com )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ပြန်လည်ဆန်းသစ်ခြင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်