ရန်ဝင်း (တောင်တံခါး) – မြန်မာ့ဂီတနှင့် မြန်မာ့ဂီတအရသာ

July 11, 2014

မြန်မာ့ဂီတနှင့် မြန်မာ့ဂီတအရသာ

ရန်ဝင်း (တောင်တံခါး) / ဧပြီ ၁၂၊ ၂၀၀၉

(မိုးမခပြန်လည်ဆန်းသစ်ခြင်း)

၁၉၅၅ ခုနှစ် ဘန်ကောက်မြို့ရောက် မြန်မာ့တူရိယာအဖွဲ့တဖွဲ့ (ဓာတ်ပုံ- Bettmann/CORBIS)

– – – ဂီတကို ဖန်တီးသည့် တူရိယာချင်းလည်း မတူ၊ အခြေခံကြိုက်နှစ်သက်ပုံချင်းလည်း ကွဲပြားသဖြင့် မြန်မာ့ဂီတကို အနောက်တိုင်းဂီတနှင့် နှိင်းယှဉ် ပြောကြားရာ၌ မည်သည့်ဂီတက ပို၍ ကောင်းမွန်ကြောင်း မဆုံးဖြတ်နိုင်ပေ – – -”

ကျွန်တော့်ဆောင်းပါးကို မြန်မာ့ဂီတနှင့်၊ မြန်မာ့ဂီတအရသာဟု အမည်ပေးလိုက်သောအခါ ထိုကြီးမားကျယ်ဝန်းလှသော အကြောင်းအရာ တရပ်လုံးကို ဤမျှသော ဆောင်းပါးဖြင့် လုံးဝဥဿုံ ခြုံငုံမိမည်ဟု မဆိုဝံ့ပါ။ မြန်မာ့ဂီတ အရသာ အကြောင်းကို ကျွန်တော် လေ့လာ ခံစားမိသမျှလေးများကိုသာ မျှဝေ တင်ပြလိုက်ခြင်း ဖြစ်ပါပေသည်။

မြန်မာ့ဂီတအရသာကို ခံစားကြစို့ ဟု ဆိုလျှင် မြန်မာ့ဂီတဆိုသည်မှာ မည်သည်ကိုခေါ်၍၊ အရသာ ဆိုသည်မှာ မည်သို့ဖြစ်ပြီး၊ ခံစားမည့်သူသည် မည်သူနည်းဟု ဆင်ခြင်ရန် ရှိလာလေသည်။ အဘယ်ကြောင့်ဆိုသော် ခံစားကြည့်မည့်သူများ အပေါ်တွင် မူတည်၍ မည်မျှ နှစ်သက် အားရကြောင်း ဆုံးဖြတ်ချက်များသည် တူညီနိုင်လိမ့်မည် မဟုတ်ပေ။ မြန်မာတို့ နားလည် လက်ခံထားကြသော စိတ်၏ အရသာကို မြန်မာ့စာပေ၌ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း၊ ဂရုဏာသက်ခြင်း၊ နှစ်သက်ခြင်း၊ စက်ဆုတ်ခြင်း၊ အားတက်ခြင်း၊ ထိတ်လန့်ခြင်း၊ အံ့သြခြင်းနှင့် တည်ငြိမ်ခြင်း ဟု ကိုးမျိုး ခွဲခြားထားလေသည်။ ထို အရသာ ကိုးမျိုးစလုံးကို မြန်မာတို့၏ ဂီတတွင် ပြည့်ပြည့်ဝဝ ရရှိကြလျက် ခံစားသူ၏ ခံစားချက် အတိမ်အနက်ကိုပါ အကျိုး သက်ရောက်စေနိုင်လေသည်။

ထို့အပြင် အစဉ်မပြတ် ပြောင်းလဲ စီးဆင်းလျက်ရှိသော မြန်မာ့ဂီတ ရေစီးကြောင်းတွင် လိုက်ပါ ဖြတ်သန်းရသည့် အချိန်ကာလ အပိုင်းအခြားပေါ်တွင်လည်း မူတည်ပါလိမ့်ဦးမည်။ ဂီတစာဆို စန္ဒယား (ဦး)လှထွတ်က သူ၏ မြန်မာ့ဂီတရေစီးကြောင်း စာအုပ်တွင် မြန်မာ့ ဂီတ ရေစီးကြောင်း ဖြတ်သန်းခဲ့သည့် ခေတ်များ အကြောင်းကို တင်ပြခဲ့လေသည်။

မဟာဂီတဝင် သီချင်းကြီးများ၊ ကာလပေါ်သီချင်းများ၊ ရေဒီယိုခေတ်သီချင်းများနှင့် ယနေ့ ခေတ်ပေါ်တေးများကို အသက် ၆ဝ၊ အသက် ၄ဝ၊ အသက်၂ဝ စီ ရှိကြသော ပရိသတ်ကို နားထောင်စေသော် ထိုပရိသတ်တွင် တဦးချင်းစီ၏ နားလည် ခံစားမှုချင်း တူညီနိုင်ကြလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် မြန်မာ့ဂီတ ဟု ဆိုရာ၌ မည်သည့် ကာလ အပိုင်းအခြားနှင့် မည်သည့် အမျိုးအစားကို ဆိုလိုကြောင်းကိုပါ ထပ်ဆင့် ဖော်ပြရမည်ဖြစ်ပေသည်။

အထက်တွင်ဆိုခဲ့သည့်အတိုင်း ထိုသို့မြန်မာပြည်တွင် မွေးဖွားကြီးပြင်းလာကြသော မြန်မာများအပြင် မြန်မာ့ဂီတနှင့် လုံးဝ မနီးစပ်သော နိုင်ငံခြားသားများ၊ မြန်မာ့ဂီတကို လေ့လာနေသည့် နိုင်ငံခြားသားများ စသည်ဖြင့် နားဆင်သူ အမျိုးမျိုးလည်း ရှိနိုင်ပေသည်။ သာမန် နိုင်ငံခြားသားတဦးသည် မြန်မာ့တူရိယာများ၏ တီးမှုတ်ပုံ၊ တီးလုံးတီးကွက် အယူအဆများကို သိရှိနိုင်မည် မဟုတ်ပေ။ ထိုသူ၏ အနေဖြင့် တေးသွား နှင့် စည်းဝါး ကစားမှုကိုသာ နားထောင်နိုင်ပေမည်။ တီးကွက်၏ လှပခြင်း၊ ဟန်နေဟန်ထား ခံ့ငြားခြင်း၊ အတွဲအဖက်များ၏ သပ်ယပ် ပြေပြစ်ခြင်း စသည့် အခြားသော မြန်မာ့ဂီတ အရသာများကို ခံစားနိုင်လိမ့်မည် မဟုတ်ပေ။ ထိုသူမှာ မြန်မာ့ ဂီတ အခြေခံ သဘောကို မတီးခေါက်မိခြင်းကြောင့် ဖြစ်သည်။

နားဆင်သည့် ပရိသတ်၏ ခံယူချက် အနေအထားသည်လည်း များစွာ အရေးပါကြောင်း တွေ့ရပေမည်။ မြန်မာပညာရှိ ဆရာကြီး ဦးဂုဏ်ဘဏ်က နားဆင်သူ ပရိသတ်၏ အဆင့်အတန်းဟု သုံးနှုန်းခဲ့ပါသည်။

နားဆင်သူ၏ အဆင့်အတန်းမြင့်လေလေ၊ ခံစားနိုင်မှု ပိုလေလေ ဟု ဆရာကြီးက ဆိုပါသည်။ ထိုအဆင့်အတန်း အကြောင်းကို ကျွန်တော် နားလည်သမျှ ရှင်းပါဦးမည်။

မြန်မာ့ဂီတဟုဆိုလိုက်သည်နှင့် ပထမဦးစွာ စည်းနှင့်ဝါးကို သတိရကြပေမည်။ စည်းနှင့်ဝါးသည် မည်သည့် ဂီတတွင်မဆို အရေးအကြီးဆုံး ဖြစ်လေသည်။ စည်းဝါးမပါရှိသော သံစဉ်တခုသည် ဂီတသံမဟုတ်ပေ၊ ဆူညံသံသာ ဖြစ်ပေသည်။

ပန်းပဲဖိုမှ တူထုရိုက်သံ ဖြစ်စေ၊ သစ်ပင်ကို လေတိုးသည့် အသံဖြစ်စေ၊ ငှက်မြည်သံ ဖြစ်စေ၊ အချက်ကျကျ စည်းဝါးတကျ ရှိနေလျှင် သာယာ နာပျော်ဖွယ် ဂီတသံ ဖြစ်လာလေသည်။ ထို့ကြောင့် ဂီတတေးသွားကို နားမလည်သည့်တိုင်အောင် စည်းဝါးတကျ ရှိနေသော ထိုဂီတကို ရင်ထဲမှ စည်းဝါး ဖြည့်စွက်လျက် ခံစားနိုင်ကြပေသည်။

နားဆင်သူတိုင်း၌ စနစ်တကျ လေ့ကျင့်မထားသော်လည်း သဘာဝကပေးသည့် စွမ်းရည်ဖြင့် တီးလုံးတိုင်းတွင် နှေးသည်၊ မြန်သည် စသည်ဖြင့် ရင်ထဲမှ စည်းဝါး လိုက်နိုင်ကြပေသည်။ နားလည်မှု များလာလေလေ နားဆင်သူ၏ အဆင့် မြင့်လာလေလေ ဖြစ်သောကြောင့် တေးသွားတခုကို မြန်မာ့ ဆိုင်းဝိုင်းကြီးက တီးမှုတ်ရာတွင် ပတ်တီးဆရာက ပတ်ရင်း၊ ပတ်လယ်၊ ပတ်ဖျား မည်သို့ နိုင်နင်းကြောင်း၊ ခြောက်လုံးပတ် ဒိုးဆရာက အဆို့အပို့ ကောင်းလှကြောင်း၊ နှဲဆရာက သက်ပြန်မှုတ် ကောင်းလှကြောင်း စသည်ဖြင့် ဝေဖန် ဆုံးဖြတ်လာနိုင်ပေသည်။ ထိုသို့ ဆုံးဖြတ်နိုင်ရန်အတွက် နားဆင်သူ ကိုယ်တိုင် တီးမှုတ်တတ်ရန် မလိုပေ။ တဖြည်းဖြည်း နားထောင်ရင်း ခံစားခြင်းဖြင့် ရင့်ကျက်လာရခြင်း ဖြစ်ပေသည်။

မြန်မာ့ဂီတကို အခြားသော နိုင်ငံတကာ ဂီတများကဲ့သို့ပင် သီဆိုခြင်းနှင့် တီးမှုတ်ခြင်း ဟု ခွဲခြားနိုင်ပေသည်။ အတီး မပါသော သီချင်းများတွင် ဒွေးချိုး၊ လေးချိုး၊ တြိချိုး၊ ရတု၊ ရကန်၊ သဖြန်၊ ခွန်းထောက်၊ သံချို၊ ဧချင်း၊ ကာချင်း၊ အဲချင်း၊ အိုင်ချင်း၊ လွမ်းချင်း၊ စသဖြင့် အမျိုးကွဲ များစွာ ရှိလေသည်။ အတီးအမှုတ် သတ်သတ် ဖြစ်စေ၊ အဆိုနှင့် တွဲဘက်၍ ဖြစ်စေ သီဆို တီးမှုတ်နိုင်သော သီချင်းများမှာလည်း ဘောလယ်၊ တေးထပ်၊ နတ်ချင်း၊ ရေလား၊ ပတ်ပျိုး၊ ကြိုးနှင့် ယိုးဒယား၊ သီချင်းခန့် စသည့် အမျိုးစုံလင်စွာ ရှိလေသည်။ တီးမှုတ်ပုံ တဘာသာစီ ဖြစ်သော ဗျော၊ အိုးစည်၊ ဒိုးပတ်၊ ဗုံလတ်၊ ဗုံကြီး၊ စည်တော်ကြီးစသော တီးဝိုင်း အုပ်စုများလည်း ရှိကြသည်။

(photo: Robert Gartias)

 

ထိုသို့ အမျိုးကွဲပေါင်းများစွာ ရှိကြရာတွင် တမျိုးစီ တမျိုးစီ၌ ကိုယ်ပိုင်စည်းကမ်းနှင့် ကိုယ်ပိုင်ဟန်ထားများ ထားရှိရလေသည်။ ဥပမာအားဖြင့် အိုးစည်ဝိုင်း နှင့် ဒိုးပတ်ဝိုင်းသည် အယိုင် တီးမှုတ်ကြရာ၌ ဆင်တူသလိုလို ထင်မှတ်ရသော်လည်း၊ အမှန်အားဖြင့် သီချင်းအတောမှစ၍ ကွဲပြားကြလေသည်။ မြန်မာ့ဂီတတွင် မည်သည့်သီချင်းကို မည်သည့် တူရိယာနှင့်မှသာ တီးမှုတ်ရမည်ဟု ပုံသေကားချပ် မရှိပေ။ သာယာ နာပျော်ဖွယ် ဖြစ်စေခြင်း၊ လိုက်ဖက်ညီစေခြင်းကို ရည်ရွယ်၍သာ စိတ်ကြိုက်တူရိယာများကို ရွေးချယ်နိုင်ပေသည်။

တူရိယာတခုခုဖြင့် တီးမှုတ်လိုက်သည်နှင့် တပြိုင်နက် ထိုတူရိယာ၏ ဟန်၊ မှင်မောင်းကို အပြည့်အဝ ထည့်သွင်းကြရလေသည်။ ဥပမာအားဖြင့် တောနှင့် တောင်စွယ် ယိုးဒယားသီချင်းကို စောင်း၊ ပတ္တလား၊ ပလွေ တို့ဖြင့် တီးမှုတ်ကြသည် ဆိုပါစို့။ တီးလုံး တီးကွက် အပြည့်အဝ ဖော်ထုတ် တီးမှုတ်ကြရာတွင် စောင်းတီးကွက်သည် ပတ္တလား တီးကွက်နှင့် သော်လည်းကောင်း၊ ပလွေ၏ လက်ပေါက်များနှင့် သော်လည်းကောင်း တလုံးချင်းစီ ထပ်တူ ထပ်မျှ မကျရောက်ပေ။ အဓိက မူရင်း အသံကျများတွင်သာ လာရောက် ပေါင်းဆုံ တူညီကြသော်လည်း အလှည့်အပတ်၊ မှင်မောင်း၊ ဟန်ပန်များကို ဖန်တီးရာတွင် ကိုယ်ပိုင်မူများနှင့် လွတ်လပ်စွာ ဖန်တီးခွင့် ရှိကြလေသည်။

မြန်မာ့တူရိယာများတွင် အသံရှည် တူရိယာများ ဖြစ်သော တယော၊ နှဲ၊ ပလွေ တူရိယာများသည် အသံရှည်ဖြင့် ဆွဲငင်၍ အသံကျတွင် အဆုံးသတ် ကျရောက်စေသည်များလည်း ရှိပေသည်။ စည်း၊ ဗျောက်၊ သံလွင်၊ ယ(လင်း)ကွင်း၊ ခြူကုံး၊ ဝါးလက်ခုပ်၊ စခွန့်၊ ခြောက်လုံးပတ်၊ စည်တို၊ ပတ်မကြီးတို့သည် အသံမစုံ တုံး(ဒုံး)တူရိယာများ ဖြစ်ကြသည့် အတိုင်း၊ တီးလုံး တီးကွက်အတိုင်း မတီးမှုတ်သော်လည်း ပန်းချီကားချပ်ကို ဘောင်သတ်မှတ်ပေးသည့်ပမာ တိကျ ပြတ်သားစေသည်။

ယိုးဒယား ကန်တော့ခန်းဟု ခေါ်လေ့ရှိကြသော တီးလုံးသည် အဆို မပါဝင်ပေ။ ထိုတီးလုံးကို မြန်မာ့ဆိုင်းဝိုင်းကြီးက တီးမှုတ်ရာတွင် ကြေးနောင်ဝိုင်းနှင့် နှဲတူရိယာများ၏ လွှမ်းမိုးမှုကို သတိထားမိနိုင်ပေသည်။ ခြောက်လုံးပတ်၏ အဆို့အပိတ်များကလည်း အရေးပါလှကြောင်း တွေ့ရှိနိုင်ပေသည်။ ထိုတီးလုံးကို စန္ဒယားနှင့် တီးခတ်ပြီး အနောက်တိုင်း၏ လေမှုတ်တူရိယာများပါ ပါဝင် တီးမှုတ်ကြ၍၊ တီးလုံး တီးကွက်များကိုပါ ပြင်ဆင်ဖြည့်စွက်၊ ဆန်းသစ် ကြည့်ကြပေသည်။ မည်သို့ပင် ထပ်ဆင့်၍ တီထွင်သည် ဖြစ်စေ၊ မူရင်းတေးသွား နှင့် ဟန်ပန်ကိုကား ပြောင်းလဲမပစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် တေးသွားကို နားထောင်ကောင်းရုံ၊ အသံထုထည်များကို ထည့်သွင်းရုံနှင့် မပြည့်စုံနိုင်ဘဲ မူရင်း အနှစ်သာရဖြစ်သည့် မြန်မာ့ဟန်ပန် စင်စစ်ကို ထိန်းသိမ်းထားနိုင်မှသာလျှင် တီထွင်မှု အောင်မြင်သည်ဟု ဆိုနိုင်သည်။

ဂီတစာဆို ဆရာမြိ့မငြိမ်းသည် ထိုသို့ ရည်ရွယ် ကြံစည်ခဲ့ဖူးလေသည်။ စစ်ကြိုခေတ်က မန္တလေးမြို့ရှိ သီပေါရုပ်ရှင်ရုံတွင် ကျင်းပသော အမျိုးသမီးများအသင်း၊ ရန်ပုံငွေပွဲတွင် ဆရာမြို့မငြိမ်းက ဦးစွာ စမ်းသပ်၍ အနောက်တိုင်း သင်္ကေတဖြင့် ဖွဲ့ဆိုသော မြန်မာ့ မူမပျက်၊ မြန်မာ့ အဖွဲ့ အနွဲ့အတိုင်း မြို့မဖွဲ့ကြီးနှင့် တီးမှုတ်ခဲ့သည့် မြန်မာသီချင်းမှာ တောမြိုင်ခြေလမ်း ယိုးဒယား ဖြစ်ပေသည်။

၁၉၅၂ ခုနှစ် အတွင်းတွင် ထိုခေတ်က ပြန်ကြားရေးဝန်ကြီး ဦးထွန်းဖေ၏ မေးမြန်း၊ အားပေး တိုက်တွန်းချက်အရ အနောက်တိုင်း နည်းအားဖြင့် စံရာတောင်ကျွန်း ယိုးဒယား သီချင်းကို အသံများ ခွဲခြားပြီး စန္ဒယား၊ တယောနှင့် အနောက်တိုင်း လေမှုတ်တူရိယာများ တလက်စီအတွက် သီးခြား သင်္ကေတများ ခွဲခြား ရေးခဲ့လေသည်။ ထိုတူရိယာများ တလက်ချင်း သတ်သတ်စီ တီးမှုတ်လျှင် သီချင်း အပြည့်အစုံ ဖြစ်မလာပေ။ အားလုံးပေါင်းစပ်၍ တီးဝိုင်းတခုလုံး တီးမှုတ်လိုက်မှသာလျှင် တီးလုံး ပေါ်လွင်လာပေသည်။

မြန်မာ့ပတ်ဝိုင်း တူရိယာနှင့်ဖြစ်စေ၊ စောင်းတူရိယာနှင့် ဖြစ်စေ မြန်မာ့သီချင်းကြီးများကို တီးခတ်နေစဉ်တွင် ဆိုခဲ့သော အနောက်တိုင်း လေမှုတ်တူရိယာများက ဝိုင်းဝန်း ပို့ဆောင်ပေးမည့် တီထွင်မှုကို တွင်ကျယ်စွာ မပြုလုပ်နိုင်သေးစဉ်မှာ ဆရာမြို့မငြိမ်း ကွယ်လွန်ခဲ့လေသည်။

ဆရာမြို့မငြိမ်း၏ ရွှေအိုးစည်တီးလုံးသည် အိုးစည်သံ တီးလုံး ဖြစ်သော်လည်း အိုးစည်ဝိုင်း၏ မူလ တူရိယာများ မပါဝင်ပေ။ တယောကြီး၊ တယောလတ်များဖြင့် တီထွင် ဖန်တီးထားခြင်း ဖြစ်သည်။ အိုးစည်၏ တီးပုံဟန်ပန်များကို မကြားနိုင်ကြသော်လည်း အိုးစည်ဝိုင်းနှင့် ခြားနားသော ရသတမျိုးကို ရရှိကြပေသည်။ မကြာသေးခင်က တယောဆရာကြီး ဦးတင်ရီနှင့် အဖွဲ့ တီးခဲ့ကြသော တယောသမားတီးတဲ့ ရွှေအိုးစည်တီးလုံးမှာ မူလက ဆရာမြို့မငြိမ်း၏ တီထွင်မှု သဘောတရားကို ပြန်လည် ဆန်းသစ်ခြင်းဖြစ်သည်။

ဒိုးပတ်သီချင်းကို လျှပ်စစ်ဂီတာဖြင့် တီး၍ Drum Set ဖြင့် ဖြည့်စွက်ထားလျှင် ဒိုးပတ်ဝိုင်းအဖြစ်သို့ မရောက်နိုင်ပေ။ ဒိုးပတ်တီးလုံးဟုသာ ခေါ်ဆိုနိုင်ပေသည်။ အသံစုံ တူရိယာဖြစ်သော နှဲ၊ ပလွေတို့အစား လျှပ်စစ်ဂီတာ များဖြင့် ဒိုးပတ်သီချင်းကို တီးပြီး ဒိုးပတ်၊ ယကွင်း၊ ဝါးလက်ခုပ်များကို မပြောင်းလဲစေဘဲ တီးမှုတ်လျှင်လည်း ဖြစ်နိုင်ပေသည်။ သို့သော် မူလ ဒိုးပတ်ဝိုင်းမှ နှဲ ပလွေတို့၏ ကြူခြင်း၊ နွဲ့ခြင်း၊ စိမ်ခြင်း စသော အဆွဲအငင်တို့ မပါဝင်တော့သဖြင့် ဆန်းသစ်သော်လည်း ခံစားရသည့် အရသာမှာ ခြားနားနေပေတော့သည်။

မြန်မာ့တူရိယာများဖြင့်လည်း အနောက်တိုင်း သီချင်း တီးလုံးများကို တီးမှုတ်နိုင်မည်လားဟု မေးလျှင် ဖြစ်နိုင်ပါသည်ဟု ဖြေရပေမည်။ ထိုသို့ တီးမှုတ်ခြင်းမှာ မြန်မာ့ဂီတသမိုင်းတွင် အစိမ်းသက်သက် မဟုတ်ပေ။ ဆိုင်းဆရာကြီး စိန်ဗေဒါက အနောက်တိုင်းဘင်သံ၊ တရုတ်နှဲပတ်စမ်းသံ စသည်ဖြင့် တီးမှုတ်ခဲ့ပါသည်။ စောင်းဆရာကြီးများကလည်း ဂျပန်နိုင်ငံမှ ဆာကူရာ သီချင်းကို စောင်းတီးကွက်ဖြင့် တီးခဲ့ကြဖူးပါသည်။

အပြန်အလှန်အားဖြင့် ၁၉၅၈ ခုနှစ်အတွင်းက ဂီတစာဆို ဆရာ မြို့မငြိမ်း၏ ပျို့မှာတမ်း သီချင်းကို ဂျပန်နိုင်ငံမှ NHK Orchestra ကြီးက တီးမှုတ်ခဲ့ဖူးလေသည်။ ထိုစဉ်က Asia Broadcasters’ Conference, Tokyo, Japan သို့ မြန်မာ့အသံ BBS က တက်ရောက်ရာတွင် NHK သို့ လက်ဆောင်အဖြစ် ပေးခဲ့သောသီချင်း ဖြစ်လေသည်။

တိုင်းတပါးမှ တူရိယာကို ကိုယ်ပိုင်ဟန်သို့ ပြောင်းလဲ၍ဖြစ်စေ၊ တိုင်းတပါးဂီတမှ ကောက်နှုတ်ချက်များကို ဆီလျှော်အောင် ပြု၍ မိမိ၏ ဂီတတွင်းသို့ သွတ်သွင်းသည် ဖြစ်စေ ထိုသို့ ဖန်တီးမှုများသည် မူရင်း ဂီတကို မလွှမ်းမိုးစေသဖြင့် ဂီတ အရသာ မပျက်စီးကြောင်း တွေ့ရှိနိုင်ပေသည်။ ယိုးဒယားဖရင်းခြား ပန်းမြိုင်လယ်သည် မြန်မာ့ မဟာဂီတဝင် သီချင်းကြီးများအနက် တီးလုံးတီးကွက် ခံ့ညား လှပသော သီချင်းကြီးတပုဒ် ဖြစ်ပေသည်။ အနောက်တိုင်း တူရိယာ ပီယာနို အသုံးပြု၍ ထိုပန်းမြိုင်လယ်သီချင်းကို ဂီတလုလင် မောင် (ဦး)ကိုကိုက ဆန်းသစ်ခဲ့လေသည်။ မူရင်း လက်ကွက်များ အတိုင်း တီးခတ်သည့် စန္ဒယားလက်သံနှင့် ထို တီထွင်ထားသော တီးခတ်မှုကို နှိုင်းယှဉ်ကြည့်လျှင် ကွဲလွဲချက် များစွာ ရှိမည် ဖြစ်သော်လည်း မြန်မာ့ ဂီတပင် ဖြစ်ပေါ်လာ၍ မြန်မာ့ဂီတ နယ်ပယ်အတွင်းမှ လမ်းလွဲ၍ မသွားပေ။

ဆရာမြို့မငြိမ်း၏ ကရဝိတ်(သ)မြူးဇစ် သီချင်းသည် အနောက်တိုင်း၏ JAZZ စနစ် နှင့် ဖွဲ့ဆိုထားခြင်း ဖြစ်၍ သေခြာစွာ နားထောင်ကြည့်လျှင် JAZZ ဂီတစည်းမျဉ်းများ၊ တီးကွက်ဟန်ပန်များ ပါဝင်ကြောင်းကို တွေ့ရပေမည်။ သို့သော် မူလရှိပြီးသား တေးသွားတွင် စကားလုံးများကို မရအရ သွင်းခြင်းမျိုး မဟုတ်ဘဲ အသစ်ရေးသည့် သီချင်း ဖြစ်၍ ဥပဒေနှင့် ညီညွတ်သော မြန်မာက ရေးသည့် မြန်မာဘာသာ နှင့် JAZZ တီးလုံးပင် ဖြစ်လေသည်။

မြန်မာ့ဂီတသည် တေးသွား မယ်လိုဒီ အပေါ်တွင်သာ မူတည်ထားလျက် အသံထုထည် ရစေသော ကော့(ဒ်)များပေါ်တွင် အလေးမထားကြောင်း မကြာခဏ ရေးသား ပြောဆိုလေ့ ရှိကြလေသည်။ အမှန်အားဖြင့် မြန်မာ့ဂီတတွင် မိတ်ဖက်သံ၊ အတွဲအဖက်များ ရှိလေသည်။ ပုဇဉ်းတောင်သံကြိုးသီချင်းတွင် ပါဝင်သော တျာ၊ တေ၊ တျော၊ ဒလု၊ ထုံ၊ ဒျန့် အတွဲ အဖက်များသည် မြန်မာ့ဂီတ၏ အခြေခံ အသံအတွဲအဖက် စည်းမျဉ်းများ ဖြစ်သည်ဟု ဆိုနိုင်သည်။ ဂီတကို ဖန်တီးသည့် တူရိယာချင်းလည်း မတူ၊ အခြေခံကြိုက်နှစ်သက်ပုံချင်းလည်း ကွဲပြားသဖြင့် မြန်မာ့ဂီတကို အနောက်တိုင်းဂီတနှင့် နှိင်းယှဉ် ပြောကြားရာ၌ မည်သည့်ဂီတက ပို၍ ကောင်းမွန်ကြောင်း မဆုံးဖြတ်နိုင်ပေ။

မြန်မာ့ဆိုင်းဝိုင်းကြီးတွင် ပါဝင်သော ပတ်ဝိုင်း၊ ကြေးဝိုင်း၊ မောင်းဆိုင်း နှင့် နှဲတို့သည် အသံစုံ တူရိယာများ ဖြစ်၍ တေးသွားတခုကို အသံတူ အသံကျ တီးမှုတ်နေချိန်တွင် ထို တူရိယာတခုချင်းစီကလည်း ကိုယ့်ဟန်၊ ကိုယ့်အတွဲအဖက်ဖြင့် ကိုယ်စီကိုယ်ငှ မူရင်းတေးသွားဆီသို့ ပေါင်းစပ် ပို့ဆောင်နေကြောင်း သတိထားမိလျှင် သိရှိနိုင်ပေသည်။ အသံမစုံ ‘ဒုံး’ တူရိယာများကလည်း တီးလုံး၏ ပြည့်စုံမှုကို ဝိုင်းဝန်း ပို့ဆောင်ကြလေသည်။

မြန်မာတို့၏ ထူးခြားလှသော စွမ်းအားတမျိုးမှာ မည်သို့သော အမျိုးကွဲ ဂီတကို ဖြစ်စေ၊ တူရိယာကိုဖြစ်စေ မြန်မာမှုနှင့်တကွ မြန်မာဆန်စွာ ဖန်တီးနိုင်ခြင်းပင် ဖြစ်သည်။ မြန်မာက တီးသော မြန်မာ့စန္ဒယားသံသည် အနောက်တိုင်း တူရိယာဖြစ်သော ပီယာနို ပေါ်တွင် မြန်မာသံ မြန်မာဟန်ဖြင့် မြန်မာဆန်နေပေသည်။ ကျွန်တော့်မိတ်ဆွေ အနောက်နိုင်ငံဖွား ဂီတပညာရှင်များသည် သူတို့ လေ့လာထားကြသော မြန်မာ့ဂီတကို ပီယာနို ပေါ်တွင် တီးလျှင် စန္ဒယား ဟုသာ ခေါ်ဆိုလေ့ရှိကြသည်။ ဗျပ်စောင်း၊ မယ်ဒလင်၊ ဂီတာ၊ ဘင်ဂျို၊ လက်ဆွဲဘာဂျာ စသော နိုင်ငံခြား တူရိယာများသည် မြန်မာ့တူရိယာ အနွယ်ဝင်များ ဖြစ်လာကြသောအခါ အသံညှိပ၊ုံ ကြိုးညှိပုံ၊ အတွဲအဖက် နည်းစနစ်မှ စ၍ တီးခတ်ပုံ လက်ကွက်ပါ မကျန် မူရင်းတူရိယာများနှင့် ကွဲပြား ခြားနားစွာ မြန်မာ့မူ မြန်မာ့စနစ်သို့ ကူးပြောင်း မွေးစားခဲ့ကြလေပြီ။

မြန်မာ့ရိုးရာဂီတပညာ၏ အသံစဉ်အခြေခံသည် ခုနှစ်သံစဉ် ဖြစ်ပါသည်။ ရှေးမူလက ထိုခုနှစ်သံ သံစဉ်သည် အနောက်တိုင်းမှ Diatonic Fundamental Scale D နှင့် မတိမ်းမယိမ်းရှိပါသည်။ မြန်မာ့သံစဉ်၏ သံမှန် ဖြစ်သော တစ်ပေါက်သံသည် အနောက်တိုင်း၏ D နှင့် ညီညွတ်လုနီးပါး ရှိခဲ့ပါသည်။

ယနေ့အချိန်တွင် မြန်မာ့ ‘သံမှန်’အဖြစ် Middle C အတိုင်း ထားရှိ သုံးစွဲနေကြပါသည်။ ထိုသို့ဆိုလျင် မြန်မာ့ဂီတကို အနောက်တိုင်း သံစဉ်များအတိုင်း လုံးဝဥဿုံ ပြောင်းလဲကျင့်သုံးကြပြီဟု မဆိုနိုင်ပါ။ မူတည်သံ ဖြစ်သော ‘သံမှန်’ကိုသာ ညီညွတ်စေခြင်းဖြစ်သည် ဟုဆိုလိုပါသည်။

ဤနေရာ၌ ကြားဖြတ်၍ တင်ပြစရာအကြောင်းတရပ်ရှိပါသည်။ မြန်မာ့ဂီတကိုလေ့လာနေသော ကျွန်တော့် မိတ်ဆွေ အနောက်တိုင်းသားတဦးက သူလေ့လာမိသော မြန်မာ့ဆိုင်းဝိုင်းကြီးတွင် ပါဝင်သမျှ တူရိယာများ၏ အသံစဉ်များသည် အခြေခံအားဖြင့် အနောက်တိုင်း၏ JAZZ Key C နှင့် ညီညွတ်လျက် ရှိနေသည်ကို တွေ့ရသဖြင့် ရှေးယခင်ကတည်းက အဆက်ဆက် ထိုသို့ သုံးစွဲလာသလားဟု မေးမြန်းပါသည်။

ဆိုင်းဆရာကြီး ဆရာဖေ၏ သားများ ဖြစ်ကြသော ဆရာစိမ့်နှင့် ဆရာစိန်ဗေဒါတို့ ခေတ်တွင် ပွဲလမ်းသဘင်တခု၌ ဆိုင်းပြိုင်အဖြစ် ဆိုင်းဝိုင်းနှစ်ခုလုံးကို ငှားရမ်း၍ ဆိုင်းပြိုင်၊ လက်ပြိုင် တီးကြသောအခါ သီချင်းတပုဒ်တည်းကို တီးကြစေကာမူ နှစ်ဝိုင်းစလုံး တပြိုင်နက် သံပြိုင်တီး၍ မဖြစ်ကြပေ။ တဝိုင်းက တီးပြီးလျှင် အသံရှိန်ကုန်အောင် ခေတ္တ စောင့်ဆိုင်းပြီးမှ နောက်တဝိုင်းက တီးရခြင်း ဖြစ်လေသည်။ အဘယ်ကြောင့် ထို့သို့ သံပြိုင်တီး၍ မရသနည်း ဆိုသော် ဆိုင်းဝိုင်းတခုစီတွင် သုံးစွဲသော ‘သံမှန်’သည် တစ်ဝိုင်းနှင့် တဝိုင်း အနည်းငယ်စီ ကွဲပြားကြ သောကြောင့် ဖြစ်လေသည်။

ဆိုင်းဆရာကြီး စိန်ဗေဒါ နာမည်ကျော်ကြားချိန်တွင်၊ ဂီတစာဆို မြို့မငြိမ်း ဦးစီးသော မန္တလေး မြို့မ အဖွဲ့ကြီးကလည်း ဖွံ့ဖြိုးတိုးတက်လာချိန် ဖြစ်လေသည်။ မြို့မတူရိယာအဖွဲ့သည် အနောက်တိုင်း လေမှုတ်တူရိယာများကို သုံးစွဲသဖြင့် အားလုံးသော တူရိယာများသည် အနောက်တိုင်း၏ အသံစဉ်များနှင့် ညှိထားပြီး ဖြစ်ကြသည်။

ပွဲလမ်းသဘင်တခုတွင် ဆိုင်းဆရာကြီး စိန်ဗေဒါ၏ ဆိုင်းဝိုင်းကြီးနှင့် မြို့မအဖွဲ့ကြီးကို အတူတူ ငှားရမ်းသောအခါ ရှေးဦးအခါက တဖွဲ့နှင့်တဖွဲ့ တွဲဖက်၍ မတီးမှုတ်နိုင်ပေ။ ထုံးစံအတိုင်း တလှည့်စီသာ တီးကြရလေသည်။

ထိုစဉ်က ပျံလွန်တော်မူခဲ့သော ဆဋ္ဌသင်္ဂါယနာတင် မဟာနာယက ညောင်ရမ်း ဆရာတော်ဘုရားကြီး၏ ဈာပနတွင် ရှစ်ဆယ်ပေါ်တေးထပ်ဖြင့် ဧယင်ကျူး၍ ပူဇော်ရာ၌ မြန်မာ့ဆိုင်းဝိုင်းကြီးနှင့် မြို့မအဖွဲ့တို့ အတူတူ တွဲဘက်၍ တီးမှုတ်စေလိုကြောင်း ထိုအချိန် ပြန်ကြားရေးဝန်ကြီး ဗိုလ်ခင်မောင်ကလေးက ဆန္ဒရှိလေသည်။ မန္တလေးမြို့သို့ ကိုယ်တိုင် လာရောက်ပြီး ဆွေးနွေးရာတွင် ဆရာမြို့မငြိမ်းက ဖြစ်နိုင်ပါကြောင်း ပြောသဖြင့် ကုန်ကျစရိတ်ကို ဝန်ကြီးက ထုတ်ပေးလေသည်။

ဆရာမြို့မငြိမ်းက ရွာစားစိန်မောင်ကိုကြီး၏ ဆိုင်းဝိုင်းမှ သံမှန်ဖြစ်သော ကြေးနောင်လုံးကို ငှားယူ၍ ပျားဖယောင်းဖို့ကာ စန္ဒယားမှ ‘စီ’သံနှင့် ကိုက်ညီစေလေသည်။ ထိုကြေးနောင်လုံးက ‘စီ’ သံ ထွက်ပြီ ဆိုသောအခါ မန္တလေးမြို့ ကြေးသွန်းခတ်တန်းသို့ မြို့မကိုဗစိန်ကို စေလွှတ်ကာ ထို ‘စီ’သံကို သံမှန် အဖြစ် ထားရှိလျက် ကြေးနောင် တဝိုင်း နှင့် မောင်းဆိုင်း တဝိုင်းစီပြုလုပ်စေခဲ့သည်။ ထိုအခါ ဆိုင်းဝိုင်းကြီးတခုလုံးမှ ပတ်ဝိုင်း အပါအဝင် တူရိယာတို့၏ အသံများကို ထိုအသံသေ တူရိယာများ ဖြစ်ကြသော ကြေးဝိုင်း၊ မောင်းဆိုင်းတို့နှင့် ညှိရန် မခက်ခဲတော့ပေ။ ထိုနည်းအားဖြင့် မြန်မာ့ ဆိုင်းဝိုင်းကြီးနှင့် မြို့မ အဖွဲ့ကြီးတို့ တွဲဖက်လျက် အပြိုင်အဆိုင် တီးမှုတ်နိုင်ခဲ့ကြလေသည်။ ထိုအချိန်မှစ၍ မြန်မာ့ဆိုင်းဝိုင်းကြီးများသည် သံမှန်အဖြစ် အနောက်တိုင်း၏ ‘စီ’ကို စတင် အသုံးပြုလာခဲ့ကြရာ၊ ရွာစားကြီး စိန်ဗိုလ်တင့်က သံမှန်ကို ‘စီရှပ်’သို့ ပြောင်းလဲ မသုံးစွဲမီ၊ ‘စီရှပ်’ခေတ်သို့ မရောက်ခင်အထိ ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။ ယနေ့ မြန်မာ့ ဆိုင်းဝိုင်းကြီးများတွင် သံမှန်ကို ‘စီရှပ်’ မှာ ထားရှိ သုံးစွဲနေကြပါသည်။

ထိုသို့ မြန်မာတို့၏သံမှန်ကို အနောက်တိုင်း၏ ‘စီ’နှင့် ညီညွတ်စေခြင်းအားဖြင့် မြန်မာ့ ‘တပေါက်’ သံစဉ်တခုတည်းသာလျှင် အနောက်တိုင်း၏ ‘ဒို-ရေ-မီ-ဖာ သံစဉ်စနစ်’ နှင့် ကိုက်ညီသော်လည်း အနောက်တိုင်း အခေါ်အားဖြင့် Mode အနေနှင့် တီးမှုတ်သော အခြား မြန်မာ့သံစဉ်များသည် ထို ‘ဒို-ရေ-မီ-ဖာ စနစ်’ နှင့် ကွဲလွဲကြလေသည်။

ထိုသို့ဖြစ်ရခြင်းမှာ မြန်မာ့ဂီတတွင် အသံဝက် များကို အသုံးမပြုသောကြောင့်ဖြစ်သည်။ အကယ်၍ ဒို-ရေ-မီ-ဖာ အသံစဉ်ကို နားစွဲနေလျှင် ထိုမြန်မာ့သံစဉ်များသည် အချို့နေရာများ၌ ထောင့်နေ၊ ကြောင်နေသည်ဟု ခံစားမိပေမည်။

ဥပမာအားဖြင့်၊ ‘စီ’သံသည် ‘တပေါက်’ ခေါ် ‘သံမှန်’ ဖြစ်သောအခါ၊ ခုနှစ်သံချီသည် ‘ဒီ’ ဖြစ်သည်။ ထို ‘ဒီ’၏ ဒို-ရေ-မီဖာ အသံစဉ်တွင် အသံဝက် နှစ်ခု ပါဝင်လာသောကြောင၊့် ထို ‘ဒီ’ ကို မူတည်သံထား၍ ဒို-ရေ-မီ-ဖာ အသံစဉ်အရ တီးမှုတ်မည် ဆိုလျှင်၊ မြန်မာ့ ခုနှစ်ပေါက်အသံစဉ်နှင့် မညီညွတ်တော့ပေ။ မည်သို့ပင်ဖြစ်စေ မြန်မာ့မွေးစားတူရိယာများတွင်မူ အားလုံးသော မြန်မာသံစဉ်များကို တီးမှုတ်နိုင်ကြပေသည်။

မြန်မာ့ဂီတတွင် မဟာဂီတဝင် သီချင်းကြီးများကို သီဆို တီးမှုတ်သည့်အခါ အသံစဉ်ကို ပြောင်းလဲခွင့် မရှိပေ။ မည်သည့်သီချင်းကို မည်သည့်အသံစဉ်နှင့်သာ တီးမှုတ်ရမည်ဟု မူသေ သတ်မှတ်ထားသော ဂီတဥပဒေများ ရှိပါသည်။ ခေတ်အဆက်ဆက် ပြောင်းလဲလာသော်လည်း ထိုဥပဒေများကို လိုက်နာကြခြင်းမှာ ထိုဥပဒေများသည် အကြောင်းမဲ့ ထားရှိခြင်း မဟုတ်သောကြောင့်ပင်။ ထိုဂီတဥပဒေများ အကြောင်းကို တင်ပြရန်မှာ ကျမ်းတစောင်၏ ပမာဏမျှ ရှိပေမည်။

မြန်မာ့ဂီတအရသာကို မြန်မာတို့၏နား၊ မြန်မာတို့၏ စရိုက်၊ မြန်မာတို့၏ အကြိုက်၊ မြန်မာတို့၏ ခံစားချက် မြန်မာတို့၏ ဓလေ့ ထုံးစံများနှင့်ပါမကျန် နှစ်ခြိုက်သလို ခံစားနိုင်ကြပါပေသည်။     ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်