ထူးထူး (တောင်ငူ) – ဝေးရာဆီသို့

July 11, 2014

ဝေးရာဆီသို့

ဇူလိုင် ၁၁၊ ၂၀၁၄
 
 
 

ပူအိုက်သောရာသီဥတုနှင့်အပြိုင်ဆရာဦးလှချိုတစ်ယောက်ချွေးပြန်လျက်ရှိသည်။ တပည့်တွေကို တော်စေချင်၊ တတ်စေချင်လို့ အပင်ပန်းခံပြီး သင်္ချာဥပမာပုစ္ဆာတွေကိုတစ်ပုဒ်ပြီးတစ်ပုဒ်ရှင်းပြ၊ တွက်ပြနေတာဖြစ်သည်။ ဒဿမတန်းဆိုတာအခြေခံပညာသင်ကြားနေသော ကျောင်းသား တစ်ယောက်အတွက်အလွန်အရေးကြီးသည် မဟုတ်ပါလား။ အထူးသဖြင့်ဒဿမတန်းသင်္ချာဆိုတာ တစ်ခြားဘာ သာတွေနဲ့မတူ၊ အလွတ်ကျက်လို့မရ၊ တစ်ကယ်သဘောပေါက်နားလည်မှရတာဖြစ်တယ်။ တကယ်သဘောပေါက်နားလည်ပြီဆိုရင်လည်း၊ ဘယ်လိုပုစ္ဆာပဲလာလာကျောင်းသားအတွက်အခက် အခဲမရှိတော့ပြီ။ 
 
မြန်မာပြည်ပညာရေးကလည်းခက်သား- တစ်သက်လုံးဘယ်လောက်ပဲတော်ပြီး၊ ကြိုးစားခဲ့ ကြိုးစားခဲ့၊ ဒဿမတန်းမှာ အကြောင်းတစ်ခု ခုကြောင့် ခြေချော်၊ လက်ချော်လက်ချော်ဖြစ်ပြီးအမှတ်နည်းခဲ့ရင်၊ အဲ့ကျောင်းသား အတွက် ဘ၀မှာနောက်ထပ်အခွင့်အရေးမရှိတော့ပြီ။ တစ်ခုတော့ရှိတာပေါ့လေ၊ စကားကပ်ပြောတတ်တဲ့သူတွေအတွက်တော့- ခြစ်ချခဲ့၊ နောက်နှစ်ပြန်ဖြေပေါ့- ပြောတော့လွယ်တယ်၊ (၁၀) တန်းကျောင်းသားတစ်ယောက်ရဲ့စရိတ်ဆိုတာလွယ်တာမဟုတ်ဘူး။ မိဘတွေခဗျာ ပြဲနေအောင်ရုန်းကန်ရတာမဟုတ်လား။

ဒါကြောင့်လည်း ဆရာဦးလှချိုတစ်ယောက်သူ့တပည့်တွေအတွက်ရေရှည်ကိုမျှော်တွေးကာ၊ ဆန်ရင်းနာနာဖွတ်ဆိုသလို ပုစ္ဆာတွေကိုနားလည်အောင်အရင်ရှင်းပြတယ်။ တပည့်တွေ တကယ် နားလည်၊ မလည်ဆိုတာကို သူတို့မျက်လုံးလေးတွေကတစ်ဆင့်မြင်နေရတယ်။ အတွေ့အကြုံနဲ့လည်း ဆိုင်တာပေါ့လေ။ သူတို့တွေ တကယ်နားလည်ပြီဆိုတော့မှ၊ လေ့ကျင့်ခန်းပုစ္ဆာတွေကို ကြိမ်ဖန်များစွာ တွက်ခိုင်းတယ်။ ဆရာဦးလှချိုရဲ့ထူးခြားချက်ကကျူရှင်မသင်ဘူး၊ ဘယ်တော့မှလည်းသူသင်တဲ့ သင်္ချာကိုအိမ်စာမပေးဘူး။ ပေးလို့လည်းမလွယ်ဘူးလေ၊ ကလေးတွေခဗျာညနေကျောင်းဆင်းလို့ အိမ်ပြန်သွားရင်အခြားဘာသာရပ်အိမ်စာတွေကတစ်ပုံတစ်ပင်၊ ဒီကြားထဲဟိုကျူရှင်ပြေးရ၊ ဒီစာကျက်ဝိုင်းသွားရ၊ ညဘက်ရောက်တော့မီးကမမှန်။
+++++

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့အထက်တန်းကျောင်းလေး၏ဂုဏ်သတင်းမှာမွှေးပျံလျက်ရှိ သည်။ကျောင်းကအောင်ချက်ကောင်း သည်။ အထူးသဖြင့် ဒဿမတန်းကျောင်းသားကျောင်းသူတွေ တော်တော်များများ သင်္ချာဂုဏ်ထူးထွက်ကြသည်။ ပန်းသတင်းလေညှင်း ဆောင်သလို၊ လူသတင်း လူချင်းဆောင်တော့ ဒဿမတန်း သင်္ချာဆရာဦးလှချို၏ဂုဏ်သတင်းမှာရေနီနယ်တစ်ဝိုက်တွင် ကြော်ကြားလျက် ရှိသည်။

ဆရာဦးလှချိုက နတ်မောက်သား၊ စကားပြောရင်ပြတ်တယ်။ ဘယ်တော့မှအပိုစကားမပြောဘူး။ ပွင့်ပွင့်လင်းလင်းနဲ့ရိုးရိုးရှင်းရှင်းနေတဲ့ဆရာ့ကိုသူ့တပည့်တွေသာမဟုတ်၊ ကျောင်းသားမိဘတွေ၊ မြို့မိမြို့ဖတွေကလည်း ချစ်ခင်လေးစားကြတယ်။ ဒီနယ်ကမဟုတ်တဲ့ဆရာ့ကိုနယ်ပြောင်းသွားမှာ၊ ကျောင်းပြောင်းသွားမှာ သူတို့တစ်တွေစိုးရိမ်ကြတယ်။

လူပျိုကြီးဆရာဦးလှချိုတစ်ယောက်၊ ကျောင်းပိတ်ရက်ဈေးသွားပြီဆိုရင်၊ ဝယ်တာကနည်းနည်း၊ သူ့ထက်ငါ ကျောင်းသားမိဘဈေးသူဈေးသားတွေကစေတနာနဲ့ထည့်ပေးလိုက်လို့ အမြဲတမ်း မနိုင်မနင်းနဲ့ပြန်ပြန်လာရတာချည်းပါပဲ။ မေတ္တာရောင်ပြန်ဟပ်တယ်ဆိုတာဒါကိုပြောတာထင်ပါရဲ့။
+++++

လွန်ခဲ့သောလအနည်းငယ်ခန့်က ရေနီမြို့ကလေးကို တပ်မတော်အမှတ်(၅)လေ့ကျင်းရေးတပ်ဆို တာပြောင်းရွှေ့လာခဲ့တယ်။ မြို့လေးရဲ့လူဦးရေလည်းရုတ်ချည်းတိုးလာသလို၊ ဆရာဦးလှချို အပါအဝင်မြို့သူမြို့သားများလည်း မင်္ဂလာစုံတွဲအတွဲလိုက်ပေါက်ပါတော့တယ်။

တပ်ပြောင်းလာပြီးတစ်ပတ်ခန့်အကြာမှာ၊ ဒုတိယဗိုလ်မှူးကြီးဆိုတဲ့တပ်ရင်မှူးတစ်ယောက်ကျောင်းကို ဆိုင်းမဆင့်၊ ဗုံမဆင့်ဘဲပေါက်ချလာပြီး၊ ကျောင်းအုပ်ကြီးရုံးခန်းကိုဝင်ကာ ဆရာ၊ဆရာမအားလုံးနဲ့တွေ့ ချင်တယ်၊ အရေးကြီးတယ်ဆိုဘဲ။

ကျောင်းအထွေထွေလုပ်သားလေး မောင်မြင့်ဝေ သူ့ကိုလာခေါ်တော့၊ (၁၀) တန်းစာမေးပွဲတွေနီးလို့ သေသေချာချာပြင်ဆင်ပြီးသင်ကြားနေတဲ့ ဆရာဦးလှချိုတစ်ယောက်နည်းနည်းတော့ ဒေါကန် သွား တယ်။

အခန်းအဝကိုရောက်နေတဲ့မောင်မြင့်ဝေကို “ဟေ့ မောင်မြင့်ဝေ ဝင်ခဲ့လေကွာ၊ ဘာကိစ္စရှိလို့တုန်း”

“ကျောင်းအုပ်ကြီးကခေါ်ခိုင်းလိုက်လို့ပါ ဆရာ၊ အရေးကြီးတယ်လို့ပြောခိုင်းလိုက်တယ်ဆရာ” မောင်မြင့်ဝေကပြောပြီးတာနဲ့တခြားအခန်းကဆရာတွေကိုပါပြောဖို့ထွက်သွားပါတော့တယ်။

ကျောင်းသားတွေကို သင်္ချာပုစ္ဆာတွေတွက်ဖို့ပေးခဲ့ပြီး၊ ဆရာဦးလှချို ကျောင်းအုပ်ကြီးရုံးခန်းကိုလာခဲ့ပါ တော့တယ်။ စိတ်ထဲမတော့ နည်းနည်းထူးဆန်းနေသလိုပဲ။ ဆရာကြီးကဘယ်တော့မှ စာသင် နေချိန် မှာ ဒါမျိုးခေါ်လေ့ခေါ်ထမရှိဘူး။ အေးလေ… အရေးကြီးလို့နေမှာပါ လေလို့ ကိုယ်ဖာသာတွေးပြီး လျှောက်လာခဲ့တော့တယ်။

ကျောင်းအုပ်ကြီးရုံးခန်းထဲရောက်တော့ ဆရာတွေအကုန်လုံးနီးပါးရောက်နေပါပြီ။ ထူးခြားတာက ဆရာကြီးရဲ့စားပွဲမှာခပ်တည်တည်နဲ့ထိုင်နေတာကတော့ တပ်မတော်အရာရှိတစ်ဦးပါပဲ။

ဆရာတွေအားလုံးစုံတော့ ကျောင်းအုပ်ကြီးကမိတ်ဆက်ပေးတယ်။

ဒါအမှတ် (၅) လေ့ကျင့်ရေးတပ်က တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးခင်အောင်တဲ့ … ကိုယ်ခန္ဓာကဝဝဖိုင့်ဖိုင့်၊ ဗိုက်ကချွဲချွဲ အသားကမည်းမည်း၊ ရွှေရောင်အပွင့်အခက်တွေ တဝင်းဝင်းနဲ့ ခန့်ငြားချင်တိုင်း ခန့်ငြားနေပါတော့တယ်။

ဆရာကြီးရဲ့စကားအဆုံးမှာတော့ ဒုတိယဗိုလ်မှူးကြီးဆိုသူကမတ်တပ်ထရပ်ပြီး၊ သူဟာရှေ့တန်း စစ်မြေပြင်တွေမှာ တိုင်းပြည်အတွက် အသက်ကိုပဓာနမထားဘဲ၊ ရွပ်ရွပ်ချွံချွံတိုတ်ပွဲဝင်ခဲ့ကြောင်း၊ သူ့ကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်တွေများစွာရှိကြောင်း၊ ဒါတွေအတွက်သူအမြဲဂုဏ်ယူနေတယ်ဆိုတဲ့ အကြောင်းတွေကို မနားမနေပြောပြီးတဲ့နောက်၊ ယခုအခါ သူ့အနေနဲ့ အရေးကြီးတဲ့ တာဝန်တစ်ရပ် ကိုထမ်းဆောင်နေတာဖြစ်ကြောင်း၊ အဲ့ဒါကတော့ စွမ်းရည်ပြည့်ဝသောတပ်မတော်သားတွေကို မွေးထုတ်ပေးနေတာဖြစ်ကြောင်း၊ အဲ့အတွက် သူ့ကိုနားလည်ပေးစေလိုကြောင်း၊ သူကလိုအပ်လို့ အကူအညီတောင်းတဲ့အခါ ပေးစေလိုကြောင်း၊ သူ့ဖက်ကပေးနိုင်တဲ့အကူအညီများရှိရင်လည်း ပေးမည်ဖြစ်ကြောင်း တလစပ် မရပ်မနားပြောပါတော့တယ်။ဒီမြို့လုံခြုံရေးကိုလည်းသူတာဝန်ယူ ကြောင်း ပြောပါသေးတယ်။
+++++

အချိန်သည်ကား ၁၉၉၄ ခုနှစ်ဝန်းကျင်၊ ဇန်နဝါရီလကုန်ပိုင်းလောက်မှာ ရေနီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတတ်ရေးအသင်းကြီး၏တာဝန်ရှိသူလူကြီး (၃)ဦး ကျောင်းအုပ်ကြီးရုံးခန်းကို ရောက်လာပါ တော့တယ်။

ထုံးစံအတိုင်း… မောင်မြင့်ဝေလေး ဆရာဦးလှချိုအခန်းကိုပေါက်လာပါတော့တယ်။ ကိစ္စကတော့ ဆရာကြီးခေါ်ခိုင်းလိုက်တာပေါ့။ ဒါနဲ့ဆရာဦးလှချိုတစ်ယောက် ဆရာကြီးရုံးခန်းရောက်တော့ မဖိတ်ဘဲရောက်လာတဲ့ဧည့်သည် (၃) ဦးကိုတွေ့ရပါတော့တယ်။

ကိစ္စကတော့ … တစ်အိမ်တက်ဆင်း၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကြီးရဲ့စည်းရုံးရေးဆင်းမည့်ခရီးစဉ်မှာ အင်းအားပြတဲ့ အနေနဲ့ လိုက်ပေးဖို့ (၁၀) တန်းကျောင်းသား ယောက်ျားလေး (၅) ဦး၊ မိန်းကလေး (၅) ဦးပေးပါတဲ့။ ကလေးတွေကိုနေ့လည်စာကျွေးမှာဖြစ်ကြောင်းပြောလာပါတော့တယ်။ ဒါနဲ့ ကျောင်းအုပ်ကြီးလည်းကြံရာမရဖြစ်ပြီး ငါ့ကိုလှမ်းခေါ်တာနေမှာလို့တွေးမိပြီး ဆရာဦးလှချိုက “နောင်ကြီးတို့- ကလေးတွေက ခင်ဗျားတို့အသင်းဝင်လည်းမဟုတ်ဘူး။ ပြီးတော့စာမေးပွဲကလည်းအရမ်းနီးနေပြီ၊ နောက်ပြီး သူတို့မှာ ခင်ဗျားတို့အသင်းဝတ်စုံတွေလည်းမရှိနဲ့ဆိုတော့ ဖြစ်မည်မထင်ပါဘူး” လို့ပြောတော့၊

ဧည့်သည်တစ်ယောက်ကပြန်ပြောတယ်၊ “အဲ့အတွက်တော့ မပူပါနဲ့ဗျာ၊ ကလေးတွေကို ကျွန်တော်တို့အသင်း ဦးထုပ်ဆောင်းပေး လိုက်ရင်ရပါပြီ။ ဝတ်စုံထွေထွေထူးထူးမလိုပါဘူး။ သူတို့လည်း အဖြူအစိမ်း၊ ကျွန်တော်တို့လည်းအဖြူအစိမ်းပါပဲ။ နောက်ပြီး ကလေးတွေ စာမေးပွဲနီးတာမှန်ပေမည့်၊ ဒီကိစ္စကအထက်ကခိုင်းတဲ့ကိစ္စမို့ပါ” တဲ့။

ဆရာဦးလှချိုလည်းအကျယ်အကျယ်မဖြစ်ချင်တာနဲ့ သူ့အတန်းက ကလေး(၁၀)ယောက်ကို မထည့်ချင်ဘဲနဲ့ ဘာမှန်းမသိတဲ့ အထက်က ဆိုတာကြီးကြောင့်ပဲ ထည့်လိုက်ရတယ်၊ ရင်ထဲမှာတော့မကောင်း။

နောက်နေ့ကျောင်းပိတ်ရက်- ရေနီစက္ကူစက်ဝန်ထမ်းအိမ်ယာထဲကအသိအိမ်ကိုအလည်အပတ်သွားတဲ့ ဆရာဦးလှချိုတစ်ယောက် လမ်းမှာထီစပေါက်ပါတော့တယ်…

ရေနီမြို့ထဲကနေ သူ့ကျောင်းကိုကျော်ပြီးခါတိုင်းလိုစက်ဘီးလေးနင်းလာတဲ့ဆရာဦးလှချိုတစ်ယောက်၊ ဝန်ထမ်းအိမ်ယာအဝင်လမ်းမှာ “ဟေ့လူ… ဟေ့လူ… ရပ်… ရပ်” ဆိုပြီးဂိတ်တဲထဲကနေ စစ်သား(၂)ယောက်ပြေးထွက်လာပါတယ်။

ဆရာဦးလှချိုလည်း စီးလာတဲ့စက်ဘီးကိုရပ်လိုက်ရင်း၊ ဘာကိစ္စရှိလို့လည်းဗျာလို့ပြန်မေးလိုက်ပါတယ်။ စစ်သားတစ်ယောက်က “ခင်ဗျား …. နားမလည်ဘူးလား၊ ဒီနေရာမှာစက်ဘီးမစီးရဘူးဆိုတာ”။ ဆရာဦးလှချိုလည်းစိတ်ပေါက်လာတာနဲ့ “မင်းတို့စစ်တပ်ဒီမြို့မရောက်ခင် လွန်ခဲ့တဲ့ ပဝေနသီကတည်းက ငါဒီလမ်းမှာစက်ဘီးစီးလာတာ”၊ “မင်းတို့ကစက်ဘီးမစီးရဘူးပြောရအောင်၊ ဒီလမ်းကစက္ကူစက်နဲ့မြို့ထဲနဲ့ဆက်သွယ်ထားတဲ့လမ်း၊ ဒီတစ်လမ်းပဲရှိတယ်၊ ဒီလမ်းမှာစက်ဘီးမစီးရဘူးပြောရအောင်၊ မင်းတို့ဆိုင်းဘုတ်ချိတ်ထားလားလို့” ပြန်တွန်းပါ တော့တယ်။

ခုနကစစ်သားက “မလိုချင်ဘူး၊ မင်းလျှာမရှည်နဲ့။ ခုန် … မင်း ဖားခုန် အခါ (၃၀) ခုန်” တဲ့။ ဆရာဦးလှချိုလည်း မထူးတော့ပြီမို့၊ “မခုန်ဘူးကွာ၊ မင်းတို့ အနိုင်ကျင့်ချင်တိုင်းကျင့်ရအောင် ငါငတုံးမဟုတ်ဘူးကွ”၊ “ငါဒီမြို့ကကျောင်းဆရာ” လို့ပြန်ပြောပြီး စက်ဘီးကိုနင်း ထွက်ခဲ့ပါတော့တယ်။

အသိအိမ်ရောက်လို့အကျိုးအကြောင်းပြောပြတော့၊ “ဆရာရေ မလွယ်ဘူးဗျာ၊ ကျွန်တော်တို့ စက္ကူစက်အရာရှိလိုင်းခန်းက အိမ်အလွတ် တွေမှန်သမျှ၊ သော့ဖျက်ပြီး ဒင်းတို့တွေတတ်နေတော့တာ”တဲ့။ အပြန်မှာတော့ အသိကစက္ကူစက်ကသူ့ကားနဲ့စက်ဘီးကော၊ လူကော တင်ပြီးလိုက်ပို့လို့တော်သေးတယ်။
+++++

နောက်တစ်ပတ်လောက်နေတော့ လေ့ကျင့်ရေး (၅)က တပ်ရေးဗိုလ်ကြီးဆိုသူရယ်၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြို့ရေးအသင်းက ဥက္ကဋ္ဌဆိုသူရယ်ကျောင်းကိုရောက်လာပြီး၊ နောက်နေ့နံနက် ၉ နာရီမှစပြီး ကျောင်းရှိကျောင်းသားအကုန် ရန်ကုန်- မန္တလေးအမြန်လမ်းမဘေးမှာ လူကြီးလမ်းကြောင်းရှိလို့ကြိုရမယ် ဆိုပြီး အမိန့်လိုလို၊ ခိုင်းတာလိုလိုအချိုးမျိုးလုပ်လာပါတယ်။ ကျောင်းအုပ်ဆရာကြီးကလည်းသူပင်စင်သွားခါနီးလေးဆိုတော့ကြောက်လို့ခေါင်းတညိမ့်ညိမ့်နဲ့။ မဟုတ်ရင်မခံတတ်တဲ့ ဆရာဦးလှချိုကတော့ ဈေးဆစ်တယ်ပဲပြောပြော၊ ခံတွန်းတယ်ပဲဆိုဆို အဲ့တပ်ရေးဗိုလ်ကြီးဆိုသူကို၊

“ခင်ဗျားတို့ လူကြီးကဘယ်အချိန်ဒီမြို့ကိုဖြတ်သွားမှာလဲ…. အထူးသဖြင့်ဒီအချိန်ဟာ ပြန်လှန်လေ့ကျင့်ခန်းတွေ၊ အတန်းတင်စာမေးပွဲကြီးအတွက်ပြင်ဆင်တာတွေ လုပ်နေရလို့ ဆရာကော၊တပည့်ပါ အားလိုတောင်မကုတ်နိုင်ဘူး။ အဲ့တော့ ကျန်တဲ့အတန်းတွေကိုခေါ် သွားပါ၊ ရပါတယ်- ဒါပေမယ့် (၁၀) တန်းကလေးတွေကိုတော့ ချမ်းသာပေးပါဗျာ” လို့ဈေးဆစ်မိလိုက်တယ်။ တပ်ရေးဗိုလ်ကြီးက “ခက်တာပဲ ဆရာရယ်၊ အဘကရေဗူးပေါက်တာမလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တာဗျ။ အေးလေ… ဖြစ်လာတဲ့ပြဿနာကျွန်တော်နဲ့မဆိုင်ဘူးနော်”လို့ပြောပြီးပြန်သွားကြတယ်။

ဒီလိုနဲ့ သူငယ်တန်းကနေ နဝမတန်းအထိစာမေးပွဲတွေဖြေပြီးလို့၊ (၁၀)တန်းတွေစာမေးပွဲဖြေဖို့ရက်ပိုင်း အလိုမှာ… တပည့်တွေကိုသေသေချာချာပြင်ဆင်ပေးနေတဲ့၊ ပြန်လှန်လေ့ကျင့်ခန်း တွေအထပ်ထပ် အခါခါလုပ်၊ မေးခွန်းဟောင်းတွေနဲ့ပွဲမဝင်ခင်အပြင်ကလေ့ကျင့်ပေးနေတဲ့ ဆရာဦးလှချို ကို မောင်မြင့်ဝေ တစ်ယောက် ဆရာကြီးခေါ်ခိုင်းလို့ဆိုပြီးလာခေါ်ပါတယ်… ဆရာဦးလှချိုတစ်ယောက် ခါတိုင်းလိုပဲ မိတ်ဆွေကြီး တွေရောက်နေတာမှတ်လို့၊ ဆရာကြီးရုံးခန်းထဲဝင်တော့ ဆရာကြီးက မျက်နှာမကောင်းဘူး။

“ဆရာရေ … စိတ်မကောင်းပါဘူးဗျာ။ အခုတင် တိုင်းကစာရောက်လာတယ်… ဆရာဖတ်ကြည့်ပါ” ဆိုပြီး စာကိုထိုးပေးပါတယ်… ဆရာဦးလှ ချိုတစ်ယောက် ကမ္ဘာကြီးစောက်ထိုးမိုးမျှော် ဖြစ်သွား သလိုခံစားလိုက်ရပါတော့တယ်… ဟုတ်ပါတယ် ဆရာဦးလှချိုတစ်ယောက်တာဝန်မှအပြီးရပ်စဲခံလိုက် ရတာပါ… စာဖတ်နေရင်း အဲ့စာကိုကိုင်ထားတဲ့ဆရာ့ရဲ့လက်အစုံဟာတုန်နေသလို၊ မျက်ဝန်းအစုံမှာ လည်း ကြေကွဲရိပ်တွေသန်းနေပါတော့တယ်။ နောက်ဆုံးမတော့ ဆုံးဖြတ်ချက်ကိုပိုင်ပိုင်ချပြီး ဆရာကြီးနဲ့တီးတိုးတိုင်ပင်ပါတော့တယ်… ဆရာကြီးကလည်းသဘောတူသဖြင့်၊ ဆရာကြီးနဲ့အတူ  ကျောင်းခန်းတွင်းပြန်လာကာတပည့်တွေကို စာမေးပွဲနဲ့ပက်သက်ပြီးနောက်ဆုံးအနေနဲ့မှာစရာရှိ တာများ ကိုမှာကာ၊ နတ်မောက်မှာရှိတဲ့ ဆရာ့အဖေနေမကောင်းလို့ ခေတ္တခဏပြန်မယ့်အကြောင်း၊ ဒီကြားထဲမှာ ဆရာကြီးက ဆရာ့နေရာကိုဝင်ပြီးသင်မယ်ဆိုတာကိုပြောပြီး၊ဆရာကြီးနဲ့တပည့်တွေကို နှုတ်ဆက်၊နောက်လုပ်ဖော်ကိုင်ဖက်တွေကိုနှုတ်ဆက်ပြီးအနှစ်နှစ်အလလကသံယောဇဉ်တွယ်ခဲ့တဲ့ ကျောင်းလေးကိုကျောခိုင်းရင်း ဆရာဦးလှချိုတစ်ယောက် ရင်နာနာနဲ့ပဲ ပူပြင်းတဲ့နေရောင် အောက်မှာ ကျောင်းနှင့်ဝေးရာဆီသို့……။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)