သက်ခိုင် – ဒေါ်အောင်ဆန်းစုကြည်လမ်း ထူးရာစိုး လက်ဘက်ရည်ဆိုင်နဲ့ ဆက်သွယ်ရေးသမားအောင်ဖေ

July 11, 2014

ဒေါ်အောင်ဆန်းစုကြည်လမ်း ထူးရာစိုး လက်ဘက်ရည်ဆိုင်နဲ့ ဆက်သွယ်ရေးသမားအောင်ဖေ

ဇူလိုင် ၁၁၊ ၂၀၁၄
 


(၁)

မာနယ်ပလောဌာနချုပ်မှာ အဲဒီအချိန်က အရင်ရောက်နှင့်ပြီးသား သူတွေဖြစ်တဲ့ ဥက္ကဌ ကိုမြင့်ဇော်(ကွယ်လွန်)၊ အတွင်းရေးမှူး ကိုအောင်မိုးဇော်၊ ကိုထွဋ်ဦးလှိုင်(စစ်ကိုင်း)၊ ကိုဇော်မိုးကျော်(US)၊ ကိုမင်းမင်းဦး (နော်ဝေ)၊ ကိုအောင်ကျော်စိုး(နော်ဝေ)၊ ကိုဇော်ဇော်ထွန်း (တောင်ငူ)၊ ကိုချစ် (ခ) ကိုစိုးဝင်းညို (နော်ဝေတွင်ကွယ်လွန်)နဲ့ ကိုဗညား(သြစတေးလျှ) စတဲ့သူတွေ (၁၅)ယောက်လောက်ရှိကြတယ်။

အောင်ဖေတို့အဖွဲ့ရောက်လာတော့ ပိုပြီးစည်စည်ကားကား ဖြစ်သွားကော၊ ထမင်းချက်အဖွဲ့တွေခွဲကြ၊ ဘားတိုက်ပြင်ဆင်ရေး လုပ်ကြနဲ့ အတော်တော့ ပျော်စရာကောင်းသား၊ ဘာလို့ဆို ဗိုလ်မောင်လှက အပစ်အခတ် ရပ်တယ်ဆိုတော့ ဘာလက်နက်ကြီးမှလည်း မစိုးရိမ်ရတော့ဘူး၊ အောင်ဖေတို့ ရောက်တဲ့နေ့ကဆို စစ်မြေပြင်လိုပဲ တိတ်ဆိတ်နေခဲ့တာလေ၊ ဟိုနေရာမှာ ဝါးရုံပင်ကြီးက အမြစ်က ကျွတ်ထွက်နေတာမျိုး၊ ဒီနေရာမှာ ကားတစီးစာ ချိုင့်ကြီးဖြစ်နေတာမျိုးတွေကလည်း နေရာအချို့မှာရှိရဲ့ ဘာလို့ဆို ရန်သူပစ်ထားတဲ့ (84 mm) တို့ (120 mm) တို့ အမြောက်ဆန်တွေ ကျထားခဲ့လို့လေ၊ အမှန်တော့ ဒါကလည်းရှားရှားပါးပါး ကျခဲ့တာပါ ဒီအမြှောက်ဆန်အားပြတ်လို့ ကျတာနေမယ်လို့ အောင်ဖေပြောတော့ လူတွေက “သောက်ပေါ မင်းအဘက အားပြတ်တယ် ရှိမလားတဲ့” ဟုတ်တယ်လေ ဘာလို့ဆိုထီးဖားဝီးကျိုးဘက် တောင်တန်းတွေဘက်ကနေ မာနယ်ပလောကိုကာထားတဲ့ ဘောနော်လေးဆိုတဲ့ တောင်ကြီးကိုကျော်ပြီး ဒီအမြှောက်တွေပစ်ရတာ သူ့ကိုကျော်သွားရင် ဘော်နော်လေးနဲ့ သောင်ရင်းချောင်း ကြားထဲက မြောင်လေးမှာတည်ထားတဲ့ မာနယ်ပလော နယ်မြေကို လက်နက်ကြီးက ကျကိုမကျနိုင်တော့ဘူး၊ သောင်ရင်းတဘက်ကမ်း ထိုင်းနယ်မြေထဲကိုပဲ သွားသွားမိတ်ဆက်နေတော့တာကိုး၊ ဒါကြောင့်အောင်ဖေကနောက်ပြီး ဒီကောင်တွေ အားပြတ်သွားလို့ လာကျတယ်လို့နောက်တာ။

ရောက်ရောက်ခြင်းတော့ အောင်ဖေတို့လည်း ဘယ်မှသိပ်မသွားရဲဘူး၊ ဘာလို့ဆိုစစ်မြေပြင်အခြေအနေမျိုး အကုန်လုံးက တပ်လှန့်ထားတာကိုး ပေါက်တတ်ကရလျှောက်သွားလို့ ကရင်တပ်ကတွေ့ပြီး ဘယ်က မှင်စာလေးလဲမသိဆိုပြီး ဖမ်းထားလိုက်ရင် ပွဲခံသွားမှာကိုး၊ ဒါကြောင့်။ ဒါပေမယ့် မကြာပါဘူး အောင်ဖေတို့ လူ့ဘောင်သစ်ဌာနချုပ် စခန်းဘေးက လှေဆိပ်ကို လှေတွေ တစီးပြီးတစီးနေ့တိုင်း လာကပ်တော့တာပဲ၊ ဟာဘယ်သူတွေ ပြန်လာပြီကွ၊ ခင်ဗျားတို့နေကောင်းကြလား ဘာမှမဖြစ်ကြဘူးနော်၊ ဝမ်းသာတယ်ဗျာ ဘာညာနဲ့ အဖွဲ့အသီးသီးက ခေါင်ဆောင်တွေကော ခေါင်းမဆောင်သူတွေကော ပြန်ပြန်လာကြတယ်၊ စစ်ပူလို့ တခြားနေရာကို သူတို့တွေ သွားရှောင်နေခဲ့ကြရတာလေ။

အဲဒီမှာ မာနယ်ပလောက စည်ကားလာရော၊ ထူးရာစိုးလက်ဘက်ရည်ဆိုင်တို့၊ ဒေါ်အောင်ဆန်းစုကြည်လမ်းတို့၊ မာနယ်ပလော စာပေကလာဒ်တို့ဘာတို့ ပေါ်လာပါလေရော၊ အောင်ဖေတို့လည်း ဝန်ကြီးရုံးတို့ ဘာတို့ဘက်သွားတာတို့၊ ကရင်ဗဟိုဘက်ကို တခါတခါလမ်းကြုံလိုက် လေ့လာတာတို့ဘာတို့ ရှိလာပြီ။

တော်လှန်ရေးသမားတွေဆိုတာက အများစုက စာရေးစာဖတ်လည်း ဝါသနာပါကြတာကိုး၊ အဲဒီတော့ ကိုယ်ကရေး သူများကဖတ်၊ သူများကရေး ကိုယ့်ကိုလာပေး ဖတ်ချင်ယောင်ဆောင် ချောင်ထိုးထား၊ ဒါမျိုးတွေ ရှိလာပြီ၊ စာကိုတော့ အောင်ဖေတို့ ရန်ကုန်မှာ စာဝေတုန်းကလို မီးချောင်းနဲ့လှိမ့်ရတဲ့ အဆင့်ပဲပေါ့။ မာနယ်ပလောက ညဆို(၉)နာရီအထိ မီးစက်မောင်းပေးထားတော့ ညဘက်စာဖတ်လို့ ရတယ်။

အဲဒီမှာ မှတ်မိတာတခုက နာမည်ကြီးကဗျာဆရာ၊ ဗိုလ်ကျား၊ သူက ကရင်ကွန်မန်ဒိုဗိုလ်၊ ဗိုလ်ရှာဝါးလိုပေါ့၊ ကရင့်သူရဲကောင်းတွေလို့ ဆိုရမယ်၊ သူကတော့ ပုံမှန် ကဗျာရေး၊ ဖယောင်းဖောက်၊ မီးချောင်းနဲ့လှိမ့်၊ ကဗျာတွေဝေပေါ့၊ လူ့ဘောင်သစ်နဲ့လည်း တော်တော်ခင်ပါတယ်၊ ဘာလို့ဆို လူ့ဘောင်သစ်က အောင်ဖေတို့လိုကောင်တွေက ဟိုစပ်စပ် ဒီစပ်စပ်ဆိုတော့ စာဆိုလည်း မြသန်းတင့်တူ တော်သယောင်ယောင်၊ ဆရာတင်မိုးနဲ့လည်း ကဗျာရေးဘက်လိုလို၊ အဲဒီလို ညာတာပါတေးတွေ ပြောတတ် လုပ်တတ်တော့ လူတွေက အညာခံပြီး လာလာပေါင်းကြတယ်။

ဗိုလ်ကျားက နာမည်ကြီး၊ ဟုတ်မဟုတ်တော့ မသိဘူး၊ သူကတခါတခါ ရာထူးပြုတ်ပြုတ်သွားတတ်တယ်၊ တခါတလေ (၃)ပွင့်ဗိုလ်ကြီးပေါ့၊ တခါတလေ ၂ပွင့် တပွင့်ဘယ်ရောက်လည်းဆို ရာထူးချခံရပြန်တာတဲ့၊ ပုံမှန်ကတော့ တပွင့် ဒါကဘယ်တော့မှမပြုတ်ဘူး၊ စစ်ရုံးချုပ်က ဖြုတ်လို့ကို မရတာ၊ ဘာလို့ဆို သူက စစ်တိုက်တာလည်း အတော်ကို ထူးချွန်တာကိုး၊ ဒါကြောင့်ဗိုလ်ချုပ်မြ ကိုယ်တိုင်က ဒီအပွင့်တပ်ပေးထားလို့တဲ့၊ သူ့ကိုဘယ်လောက် ရာထူးချချင်ချချင် ဘယ်သူမှ သူ့ကိုဒီအပွင့် ဖြုတ်မရဘူး၊ လူကလူတော် သူရေးတဲ့ကဗျာတွေ အောင်ဖေတို့ဆီ လာလာပို့တယ်။ အောင်ဖေတို့က ပထမတော့ မိတ်ဖြစ်ဆွေဖြစ်စကားပြော လက်ခံကဗျာဝေဘန်ရေး ဘာလေးပြောပေါ့၊ နောက်ကြတော့ သိပ်လည်း မဖတ်ဖြစ်တော့ပါဘူး သူလည်းရှေ့တန်းလား ဘာလားမသိ ထွက်သွားရတာကိုး။

(၂)

မာနယ်ပလောမှာ ကဗျာဆရာ ကိုပန်းခက်နဲ့ မခိုင်တို့ စုံတွဲ ဖွင့်ထားတဲ့ လက်ဘက်ရည်ဆိုင်လေးရှိတယ်၊ ဆိုင်နာမည်က ထူးရာစိုးတဲ့ သူတို့ရဲ့ ချစ်စရာကောင်းတဲ့ သားလေးနာမည်၊ ဒါက ဒီဘက်အခြမ်း ဟိုကရင်ဗဟိုဘက်မှာလည်း လောဝါးဒီဆိုင်တို့ ဘာတို့ဆိုင်တွေ ရှိသေးတယ် တခါ၊ နှစ်ခါပဲ အောင်ဖေရောက်ဖူး ပါတယ်၊ နောက်ပိုင်းတော့ ကိုပန်းခက်တို့လည်း ဒီကေဘီအေဘက် ရောက်သွားတယ်လို့ သိရတယ်။ အဲဒီလက်ဘက်ရည်ဆိုင်လေးကို ကိုမြင့်ဇော်ဆီက တခါတခါပိုက်ဆံတောင်းလို့ အဆင်ပြေရင် သွားသွားထိုင်ကြတယ်၊ ဟိုလူကလည်း လူကြီးဆိုတော့ အလှည့်ကျသဘော အငယ်တွေကို ဦးစားပေး ပိုက်ဆံပေးတတ်ပါတယ် တခါပေးမှ ၂ဘတ်၊ ၃ဘတ်ပေါ့ လက်ဘက်ရည်၊ ကော်ဖီတခွက် ၂ဘတ်ပဲရှိတာလေ၊ အဲဒါရှိတဲ့ကောင်နဲ့ပေါင်း သွားထိုင် ကိုခင်မောင်တိုးကြီးရဲ့ ဝေးခဲ့ပြီပန်းခရမ်းပြာတို့ ဘာတို့ကို ဓါတ်ခဲ ကက်ဆက်လေးနဲ့ဖွင့်ခိုင်း အဲဒီလို။ များသောအားဖြင့်တော့ ကိုမြင့်ဇော်ကို ချောင်းနေကြတာများတယ်၊ သူဒေါ်အောင်ဆန်းစုကြည် လမ်းဘက်ထွက်ပြီဆို၊ မသိမသာနောက်က ပါသွားကြကော ဥက္ကဌဘယ်လဲ၊ အဖော်လိုက်ခဲ့ပေးရမလား ဘာညာနဲ့ ကူညီချင်သလိုလို အမှန်တော့ ကော်ဖီတိုက်ခိုင်းမလို့၊ ဟိုကလည်း အေးလိုက်ချင်လိုက်ခဲ့ပေါ့။

တရက်၊ လူတွေက သူ့ဟာနဲ့သူ အလုပ်များနေကြပုံ ပေါ်ပါတယ်၊ စခန်းမှာ လူရှင်းတယ် သိပ်မများဘူး၊ ဒီမှာ အောင်လေးက အောင်ဖေ့ကိုပြောတယ်၊ “ဟေ့ကောင်လာ လိုက်ခဲ့စမ်း” တဲ့၊ အောင်မယ် ရာရာစစ အသံမာမာနဲ့ လူကိုများပေါ့၊ အောင်ဖေလည်း ဆဲထည့်လိုက်တယ်၊ အေးမင်းမလိုက်ချင်နေ နောက်မှငါ့အဆိုးမဆိုနဲ့တဲ့၊ ဒီတော့အောင်ဖေလည်း ဒီကောင်ထူးတော့ထူးတယ် လိုက်သွားကြည့်မှပေါ့၊ ဒါနဲ့ဘယ်လဲဆိုတော့ “ကိုပန်းခက်ဆိုင်” တဲ့၊ အာမင်းက အဲဒီလိုပြောပါလားကွ၊ လာသွားမယ်လေ ဘာညာနဲ့ အောင်ဖေတို့ အချိုးပြောင်းသွားကော၊ အတော်ကို တက်ကြွသွားတာ၊ ဒီကောင်ရေရွှင်လာတဲ့ပုံပဲ ငါတော့ထောပြီ မုန်ု့ပါစားမယ်ပေါ့။

ဆိုင်ကလည်း လူရှင်းတယ်၊ ကော်ဖီနဲ့မုန့်ပါစားလိုက်သေးတယ် အောင်ဖေကတော့ တခုပါပဲ၊ ဒီကောင်က ၂ခုလားမသိစားတယ်၊ ပြီးတော့ မင်းဆေးလိပ်သောက်ချင်သောက်လေတဲ့၊ ဟ တယ်ဟုတ်ပါလား၊ ငါတော့ဘုရားပွဲနဲ့တိုးတာပဲပေါ့၊ အဲဒီတော့ Krong Thip လိုခေါ်တဲ့ ထိုင်းစီးကရက် ၂လိပ်လားမသိ မှာပြီးသောက်တာပေါ့ လူကိုငြိမ့်နေတာပဲ ခါတိုင်းဆိုဘာရမလဲ ကိုအောင်ကျော်စိုးဝေပေးတဲ့ ဆေးပေါ့လိပ် တရက်ကို တယောက်နှစ်လိပ်လားမသိ၊ ကုန်ရင်ညာသိုလို့ခေါ်တဲ့ ဆေးရွက်ကြီးထုတ်ကို သတင်းစာစက္ကူနဲ့ လိပ်ပြီးသောက်ရတာ။

ဖြတ်သွားဖြတ်လာလူတွေကတော့ ဒီမှင်စာ ၂အောင် တယ်ပွဲခံနေပါလားပေါ့ နုတ်ဆက်သွားကြတယ်၊ ကိုယ်ကတော့ လက်ဘက်ရည်သောက် ဘာညာမခေါ်ရဲဘူး တော်ကြာ စခန်းတခုလုံးသိသွားလို့ တပ်နဲ့ချီလာရင် မွဲမယ်ပေါ့၊ ဒါမျိုး သစ္စာရှိတာ၊ နာရီဝက်လောက် အချိန်ဖြုန်းပြီးတော့ အောင်လေးက မခိုင်ကို ဘယ်လောက်ကျလဲပေါ့၊ မခိုင်ကနေ ဘယ်လောက်ကျတယ် ဘာညာပြောတော့ အောင်လေးက အိပ်ကပ်ထဲက ငွေစက္ကူထုတ်ပေးတာ၊ အချဉ်မဟုတ်ဘူး၊ ခါတိုင်းလိုမုန့်ဖိုးတောင်းလို့ရတဲ့ ငွေအကြေစေ့မဟုတ်ဘူး၊ အောင်ဖေလည်း မျက်နှာလွှဲလိုက်ပြီး နောက်ရက်တွေလည်း ဒီကောင်နဲ့ပေါင်းဦးမှပေါ့။

“ဟဲ့အောင်လေး မနောက်နဲ့လေ၊ ဒါကပိုက်ဆံ မဟုတ်ဘူးဟဲ့”

အမ်၊ မခိုင်ပြောတော့မှ အောင်ဖေလည်း လှည့်ကြည့်မိတယ်၊ ဟာသွားပြီ ပြဿနာတော့တက်ပြီ၊ ဒီကောင်လမ်းမှာကောက်လာတဲ့ ဆူပါမင်းပိုက်ဆံကို တကယ့် ၅၀၀တန်မှတ်ပြီး အောင်ဖေ့ကိုခေါ်ပြီး လာဝါးတာကိုး၊ ကိုယ့်ရှူးကိုယ်ပတ်ဆိုတာ အမှန်ပဲ၊ ဟေ့ကောင် ဒါမင်းတို့ငါ့ကို သက်သက်လုပ်ကြံတာ မင်းရှင်းဆိုပြီး ဒီကောင်ဝူးဝူး ဝါးဝါးလုပ်ပြီး ထွက်သွားကော၊ အောင်ဖေလည်း ချွေးပြန်ပြီး မခိုင်ကို အကျိုးအကြောင်း ရှင်းပြရတယ် ဒီကောင့်နောက်ခဲ့မိတာ အခုမှထိတော့တယ်ပေါ့ ဘာညာနဲ့။ မခိုင်ကတော့ ဖြစ်ရလေခြင်းပေါ့ တခိခိနဲ့။

နောက်ဆုံးတော့ ကိုထွဋ်ကို အသနားခံရတော့တာပေါ့၊ ပြစ်ဒဏ်ကတော့ ထမင်း၃ရက်လားမသိ အတူတူ ချက်လိုက်ရတယ်၊ ကျန်တဲ့သူတွေကတော့ ကောင်လေးတွေချက်တဲ့ ထမင်းကတယ်ကောင်းဆိုပဲ၊ ချက်နည်းတောင် အများကြီးမသင်လိုက်ရဘူး နားလည်လွယ်တယ်၊ မဆိုးဘူး အရည်အသွေးရှိတယ် တောက်မယ့်မီးခဲ တရဲရဲလေးတွေ စသဖြင့်စကြတယ်၊ သူတို့သက်သာသွားတာကိုး။ အောင်လေးဆို မင်းကွာ မင်းကွာနဲ့ အောင်ဖေကို မကျေမချမ်းနဲ့။ အဲဒီလို ဆူပါမင်း အကျိုးပေးတာ။

(၃)

လူ့ဘောင်သစ်ဌာနချုပ်က လမ်းဘေးလိုဖြစ်နေတော့ ဖဒိုမန်းရှာက နေ့တိုင်းရုံးတက်ရုံးဆင်း တဘက်လျှိုလေးထဲမှာရှိတဲ့ သူ့အိမ်ကနေ စမ်းချောင်းလေးဖြတ်၊ သောင်ရင်းကမ်းဘေးကပတ်ပြီး အောင်ဖေတို့စားဖိုချောင်ကနေဖြတ်ပြီး ကချင်ကုန်း (KIA) ကုန်းပေါ်ကနေ ပတ်ပြီးကရင်ဗဟိုကို သွားရတာကိုး၊ တရက်တော့ “ကိုမြင့်ဇော် ရဲဘော်တွေကို အလုပ်ရှာလုပ်ခိုင်းဗျ” တဲ့။

ဒါနဲ့ကိုမြင့်ဇော်ကိုယ်တိုင် ပေါက်တူးကိုင်ပြီး မြေပေါက်၊ မြေဆွ အပင်တွေစိုက်၊ ရဲဘော်အချို့က ထင်းအတွက် သစ်ခြောက်ပင်ရှာ၊ အပင်ရေလောင်း၊ အကောင်မွေးပေါ့၊ ဒီအထဲမှာ အောင်ဖေက ကြက်တွေ ဘဲတွေကို အိပ်တန်းအတက်အဆင်း စောင့်ကြည့်ရတယ်၊ မြွေပါးကင်းပါးက အစပေါ့၊ ကြက်မတွေ ဥ ဥဖို့အတွက် ဝပ်ကျင်းကအစ၊ ဘဲမတွေ ဥရင်ကောက်ရတာ အဆုံး၊ ဒီနေရာမှာ ကြက်မတွေက ဥဝပ်ရင် ၂၁ရက်(၃ပတ်)လောက် ကြာတတ်တယ်၊ ဘဲဥကတော့ ၂၈ရက် (၄ပတ်)လောက်မှ အကောင်ပေါက်တတ်တယ်၊ ထုံးစံအတိုင်းဆို ဘဲဥဖောက်ချင်ရင် စဝပ်တဲ့ကြက်မရဲ့ ဥတွေကို ဖယ်လိုက်၊ ချက်စားကြတာများပါတယ်၊ ပြီးရင်ဘဲမ ဥထားတဲ့ ဥတွေကို သူ့ဝပ်ကျင်းထဲထည့် အဲဒီလိုလုပ်ပစ်တာ။ ပေါက်လာမှ ဘဲမအောက် မသိမသာသွားထား၊ ဘဲမကလည်း အူကြောင်ကြောင်နဲ့ ငါကောင်တွေ ပေါက်တာမြန်လှပါလား ဘာညာပေါ့၊ တဂတ်ဂတ်အော်ပြီး ဒိုးတော့တာပဲ၊ ကြက်မကတော့ မိုးလင်းတော့ သူ့ကောင်လေးတွေကို မတွေ့တော့ ကတော် ကတော်နဲ့ ဟိုလျှောက်ပြေး ဒီလျှောက်ပြေးပြီး “ဗိုလ်ချုပ်မြကိုတိုင်မယ်” ဘာညာအော်ကြီး ဟစ်ကျယ်အော်ပေါ့၊ အဲဒီလို ပေါက်တတ်ကရ လုပ်တာ။

တခါတော့ ဘဲဥတလုံးက ပုံမှန်ဘဲမဥတွေအထဲကနေ မပေါက်ဘဲကျန်နေကော၊ ဒါနဲ့အောင်ဖေက နောက်ရက်တွေမှာ ပေါက်တော့မယ့် ကြက်မရဲ့ ဝပ်ကျင်းထဲ သွားထည့်ထားလိုက်တယ်၊ အောင်မယ် သားပေါက်တော့ အဆင်ကိုပြေနေကော ကြက်ကလေးတွေကော ဘဲကလေးကော ပြိုင်တူပေါက်တာ၊ အောင်ဖေလည်း ဝမ်းသာလို့မဆုံး။

ဒါပေမယ့် ပြဿနာက မကြာခင်တက်တာ၊ ပထမတော့ ကြက်မက သူ့ကလေးတွေ ၁၂-၁၃ကောင်နဲ့ နီးနီးနားနားမှာပဲ ခြေယက် အစာရှာပေါ့၊ လူတွေကလည်း ဆန်လေးဘာလေး ပစ်ကျွေးနဲ့၊ နောက် ၃-၄ရက်နေတော့ ကြက်မက ကလေးတွေကို နေရာဝေးဝေးတွေ စခေါ်ကော၊ အဲဒီမှာ စားဖိုချောင်အောက်ဖက်က ပန်းကန်ဆေးလို့ ရေအိုင်သေးသေးလေး ဖြစ်နေတဲ့နေရာကို ကြက်သားအုပ်မက ရောက်သွားပါလေကော။

အဲဒီမှာ ဟိုအကောင်လေးက ဇာတိပြတော့တာပဲ၊ သူကဘဲဆိုတော့ ရေတွေ့တော့ မနေနိုင်ဘူး ရေထဲပလွတ်ဆို ခုန်ဆင်းပါလေကော၊ အဲဒီမှာ ကြက်မက ပျာပျာသလဲနဲ့ ကတော့်ကတော်နဲ့ Chicken language သုံးပြီး ကျုပ်သားကိုကယ်ကြပါဦးဆိုပြီး လူတွေကို အကူအညီတောင်းပုံရပါတယ်၊ နားကိုညည်းနေကော အဲဒါနဲ့အောင်ဖေလည်း ဒီဘဲမသားလေးကို ဆယ်ပြီး ကုန်းပေါ်တင်ကြက်မကိုလည်း ကုန်းပေါ် မောင်းတင်ရတော့တယ်၊ ကြက်မကတော့ သူ့သား ဘဲလေးကို နောက်ဆိုမလုပ်ရဘူး သေတတ်တယ် ရေဆိုတာငါတို့နဲ့ ရန်ဘက် မဆင်းရဘူးကြားလား ဘာညာဆူနေပုံရပါတယ် အနားမှာကပ်ပြီး။

ဒီမှာတင်ဇတ်လမ်းက မရပ်ပြန်ဘူး၊ ဒီကြက်မနေရာရွှေ့သွားတာက တောင်စောင်း၊ ဘယ်ခြေယက်လိုက် ညာခြေယက်လိုက်နဲ့ သူ့သားတွေကို တောင်းစောင်းပေါ် ခေါ်တင်သွားကော၊ အဲဒီမှာ ဟိုဘဲမသားလေးက ပြဿနာအကြီးကြီးကိုတက်တော့တာ၊ ဒီတောင်စောင်းလျှောလေးကို သူတက်တယ်၊ ပြန်လိမ့်ကျတယ်၊ တက်တယ် ပြန်လိမ့်ကျတယ် အဲဒီလိုဖြစ်တာ၊ အောင်ဖေလည်း ကြည့်နေတာ ဒီကောင်ဘာလို့မရပါလိမ့်ပေါ့၊ အားပါးနောက်မှ သတိထားမိတယ် ဘဲဆိုတာ ခြေပြားကြီးနဲ့ကိုး ဘယ်လိုလုပ်ကြက်သားပေါက်လေးတွေလို ခြေသည်းသုံးကုပ်တက်လို့ ရမလဲပေါ့၊ ဒါကြောင့် ဒီကောင်တက်မရဘဲ လိမ့်ကျတာ၊ လူလည်း သေချင်စော်နံသွားတယ်၊ ကြက်မကလည်း လူတွေဘက်လှည့်ကြည့်ပြီး မသင်္ကာတော့ဘူး၊ သူဝပ်နေတဲ့ဥတွေအထဲကို မသန်စွမ်းဥ Disabled egg လာထည့်ထားတယ် ထင်သွားလားမသိ၊ ကတော်ကတော် လုပ်ပြီးပြန်ဆင်းလာတယ်၊ ဒါပေမယ့်နောက်ရက်ကြတော့ အဆင်ပြေသွားတယ်၊ တောင်စောင်းသွားရင် ဟိုဘဲမသားလေးက မလိုက်တော့ဘူး အသာလေးတဟဲဟဲ အော်ပြီးရေအိုင်လေးထဲဆင်း ကူးလို့၊ ကြက်မကလည်း လူတွေပေါက်ကရ လုပ်ထားတာ သိသွားပုံရပါတယ်၊ အော်ကြီးဟစ်ကျုယ် မအော်တော့ဘူး ကျန်တဲ့ကောင်တွေနဲ့ တောင်စောင်းတက် ဆင်းလာမှဟိုကောင်ကို လှမ်းအသံပေး၊ ဘဲမသားလေးလည်း ဆင်းလာကြပြီဆိုမှ ကုန်းပေါ်တက် ကြက်မနဲ့ ကြက်ကလေးတွေနောက် အဲဒီလို compromise စေ့စပ်ညှိနှိုင်းလို့ ရသွားတာ။

(၄)

အောင်လေးနဲ့ အောင်ဖေက အငယ်ဆုံးပုံပေါက်နေတော့ သက်တောင့်သက်သာဖြစ်အောင် ပါတီက ဆက်သွယ်ရေးသင်တန်း တက်ခိုင်းတယ်၊ အဝေးကြီးတော့ မဟုတ်ပါဘူး လူ့ဘောင်သစ်စခန်းပေါ်က ကုန်းပေါ်မှာတည်ထားတဲ့ (PLF) စခန်းမှာတင်ပါပဲ၊ သင်တန်းမှူးက ကိုမြအောင်(ခေါ်)ကိုအိုက် (၅၀၁ လေတပ်စခန်းက တောခို၊ လက်ရှိ USA)၊ သင်တန်းမှာက အောင်ဖေတို့တတွေ စောထစခန်းကို ရှေ့တန်းက တက်လာကတည်းက လမ်းမှာဆုံခဲ့ကြတဲ့ သူတို့ရဲမေသစ်လေးတွေဖြစ်တဲ့ နော်ရီတာတို့၃ယောက်၊ မိုင်းထိလို့ လက်တဘက် လက်ကောက်ဝတ်က ပြတ်နေတဲ့ သူတို့ရဲဘော် ကိုဝဏ္ဍနဲ့ အောင်ဖေတို့နှစ်ယောက်။

သင်တန်းကတလခွဲလောက်ပါပဲ ဒစ်ဒါ၊ ဒါဒစ်ဒါဒစ်၊ ဒါဒစ်ဒစ် စသဖြင့် International Signal တွေပေါ့၊ ဆိုက်ဖာရေးနည်းလည်း ပါတာပေါ့လေ၊ အဲဒီအထဲမှာ ကောင်မလေးတယောက်က ခပ်လှလှလေး၊ ဒါပေမယ့် တခုရှိတာက အောင်ဖေတို့က ဘော်ဒါဖြစ်သွားတာလည်းပါတယ်၊ သင်တန်းဆိုတော့ မငမ်းရဲတာလည်းပါတယ်၊ ဒီလိုပဲ ဘာသိဘာသာ၊ ဒါပေမယ့် စခန်းမှာကျန်တဲ့ ခပ်ရှုပ်ရှုပ်တွေကတော့ မ မမြင်ရတာကြာလို့လားမသိ အောင်ဖေနေမကောင်းရင်ပြော ငါမင်းကိုယ်စား စာသွားကူးပေးရမလား ဘာညာလာလာ စကြတယ်၊ အလားတူပဲ တခါတလေ ထူးဝါးလူဘက်က ကရင်ဆေးဆရာမလေးတွေ ဖြတ်သွားဖြတ်လာဆိုရင် ဟာဆရာမတို့ နားဦးလေ ရေနွေးသောက်ဦးဆိုပြီး၊ အောင်ဖေတို့တွေကို ဦးအောင်ရေနွေးတည်ခိုင်းရော သူတို့ရှိသမျှ သိမ်းထားတဲ့ မုန့်ကအစ ဧည့်ခံတာ၊ အောင်ဖေတို့အငယ်တွေ ငမ်းရတယ်မရှိဘူး သူတို့ချည်းပဲ၊ ဆရာမလေးတွေကလည်း ပညာတတ် ဗမာလိုလည်း ပြောတတ်တော့ တခါတလေ အားနာပါးနာနဲ့ လူသစ်တွေကို အားပေးတဲ့သဘော စကားခဏတဖြုတ်တော့ ပြောတတ်ပါရဲ့၊ ဒီလို အခြေအနေဆို အောင်ဖေတို့ ရေနွေးတည်တဲ့ ဝန်ဆောင်ခက “မင်းကို ကိုပန်းခက်ဆိုင်မှာ ကော်ဖီတိုက်ပါမယ်ကွာ” တဲ့။ ပြောသာပြောတာပါ ဘုရားစူး တခါမှ မသောက်ရဖူးဘူး၊ သူ့အလှည့် ကိုယ့်အလှည်ဆိုတဲ့သဘောနဲ့ အောင်ဖေကတော့ ကူပါရဲ့ သူတို့အလှည့်ချည်းပဲ ကိုယ့်အလှည့်တခါမှ မရောက်ရဘူး၊ ကြီးကြီးငယ်ငယ် သူတို့ပဲ ဦးအောင်ငမ်းကော။

ဆက်သွယ်ရေးသင်တန်း ဆင်းခါနီးကြတော့ အပြင်ထွက် လက်တွေ့ကွင်းဆင်းရတာပေါ့၊ အစိုးရရုံး (National Coalition Government of Union of Burma, NCGUB) ရုံးက ရုံးအုပ်ကြီး ကိုမျိုးဝင်း (ဆင်ကြီး) တို့အိမ်ကိုသွား ဒါဒစ်ဒါဒစ်လုပ်၊ ကိုအိုက်က သူ့စခန်းကနေ ဒါဒစ် ဒါဒစ်လုပ် အဲဒီမှာ မေးခွန်းမေးတာဖြေနိုင်ရင် နောက်ဆုံးတကြောင်းက အိုကေ ပြန်လာခဲ့တော့ ကိုပန်းခက်ဆိုင်ကစောင့်နေမယ် ကော်ဖီတိုက်မယ်၊ အဲဒီလို သင်လည်း သင်ပေးရသေး ကော်ဖီလည်း တိုက်ရသေးပေါ့။

သင်တန်းဆင်းတဲ့ရက်ရောက်တော့ ပါတီကိုပြောတယ်၊ သူငယ်ချင်းတွေနဲ့ ဆရာကို ထမင်းကျွေးချင်တယ်ပေါ့၊ ပါတီကလည်း အိုကေဘာနဲ့ကျွေးမလဲ ဆိတ်သားဆို ရတယ်ပေါ့၊ ဘာလို့ဆို ပြည်သား ကိုဗညားက ဆိတ်သားကို သူကိုင်တာကျွမ်းတယ် မင်းဆိတ်သားကျွေးချင်တယ် ပြောဆိုပြီး တိုးတိုးတိတ်တိတ် တိုင်ပင်ထားကြတာကိုး၊ အသားကလည်း မစားရတာကြာဆိုတော့ ဂွင်ဖန်ကြတာ၊ ကိုထွဋ်နဲ့ ကိုအောင်ကျော်စိုးက အိုကေဆိုတော့ မယ်ပေါထလို့ခေါ်တဲ့ သောင်ရင်းတဖက်ကမ်းကို ဆိတ်ဝယ်ထွက်ရကော၊ ကိုဝဏ္ဍကြီးနဲ့အောင်ဖေနဲ့။ ဘာလို့ဆို ကိုဝဏ္ဍက မာနယ်ပလောအထာ ကျွမ်းနေပြီလေ၊ ဘယ်နေရာ ဘာရှိတယ်ဆိုတာ သူသိတယ်။

မယ်ပေါထက ထိုင်းဘက်ခြမ်းက ကရင်ရွာလေး၊ သူပုန်အမျိုးတွေချည်းပါပဲ ဘာထိုင်းမှ မရှိဘူး၊ လက်နက်တော့ မကိုင်ရဘူးပေါ့၊ အဲဒီကို မာနယ်ပလောဘက်ကနေ လှေနဲ့ကူးရတယ်၊ မကူးခင် ကရင်အမျိုးသမီးတပ် မေးတာမြန်းတာ ကောင်းကောင်းမွန်မွန် ဖြေရတယ် မဟုတ်ရင် အချိုးမပြေရင် ထိပ်တုံးခတ်ချုပ်တတ်ကော။

တခါတော့ အောင်ဖေတို့ဆီကတယောက်က၊ မယ်ပေါထက အရက်ခိုးသယ်လာတာ အမျိုးသမီးတပ်က မိသွားကော သူ့ကိုချုပ်မယ် ဘာညာလုပ်လို့ သွားရှင်းရသေးတယ် ပြောတာပဲ၊ နောက်တော့ အဆင်ပြေသွားသလို၊ သူ့ကိုလည်း ဘယ်တော့မှ စစ်တာမေးတာ မလုပ်တော့ဘူးတဲ့၊ ဘာလို့ဆို တရက် မယ်ပေါထဘက်ကို သူကရောက်သွားပြီး အရက်သောက်မိကော အပြန်ကြတော့ ဘော်ဒါဘော်ချွတ်တွေအတွက် သတိရပြီး အရက်ပါတဲ့ ပလပ်စတစ်အိတ်ကို ခါးပုံစထဲထည့်ပြီး သယ်လာပါလေရော၊ ဟိုကစစ်တော့ သူ့အသံသေး အသံကြောင်နဲ့ ရဲမေတွေကို ရန်တွေ့တာတဲ့၊ ကရင်ရဲမေတွေကလည်း ကွန်မန်ဒိုဗိုလ်ကအစ သူတို့ကို ကြောက်တဲ့သူသာ တွေ့ဖူးတယ် တခါမှ အခုလို ယောင်္ကျားကြီးတန်မယ့် ကက်ကက်လန် ရန်ပြန်တွေ့တာ မတွေ့ဖူးတော့ ကြောင်သွားတယ်၊ ဒါနဲ့ နားလည်းညည်းပုံရပါတယ် သူ့အသံကစူးတာကိုး၊ ဒီလူဘယ်လို ပြောပြော နောက်လည်း အရက်ခိုးသယ်ဦးမယ့်ပုံပဲ ဆိုပြီး လွှတ်ပေးလိုက်တယ်၊ အဲဒီကတည်းက သူက ဂိတ်လွတ်သွားကော။

သင်တန်းဆင်းပွဲအတွက် ဆိတ်ကို မယ်ပေါထကို သွားဝယ်တော့ လူတွေက ဇာတိပြလာကြတယ်၊ ကိုဝဏ္ဍနဲ့ အောင်ဖေကလည်း အတော်လေးကို ခင်နေကြပြီဆိုတော့ ကိုဝဏ္ဍကပြောတယ် “ဟေ့ကောင် အောင်ဖေ၊ ငါတို့အရက်ခိုးသောက်ရအောင်တဲ့” အောင်ဖေက ပြန်ပြောလိုက်တယ်၊ “ကောင်းသား”လို့။

ဒါနဲ့ ဆိတ်အရင်ဝယ် ဈေးတည့်တော့ တိုင်မှာကြိုးချည်ပြီး အမိုးတယောက် အိမ်ဆိုင်တဆိုင်မှာ ထိုင်ကြကော၊ အရက်တပိုင်းသောက်ကြမယ်ပေါ့၊ အရက်က တောဆန်အရက် မသောက်ရတာအတော်ကို ကြာခဲ့ပြီဆိုတော့ သောက်လို့ကလည်းကောင်း ကိုဝဏ္ဍကလည်း တော်လှန်ရေးဆိုတာ ဘာဖြစ်တယ် ညာဖြစ်တယ် အရွီးကလည်း ကောင်းပေါ့။

သတိရတော့ အမိုးကို စတယ်။ “အမိုး၊ အမိုးအရက်က ကောင်းရဲ့လားပေါ့ ကျနော်တို့သောက်နေတာ တပိုင်းရှိတော့မယ် မမူးသလိုပဲ” ပေါ့။ အမိုးက ပြန်ဖြေပါတယ် ဗမာစကားကောင်းကောင်းတော့ မတတ်ဘူး။

“မူးမမူးတော့ ငါမသိ၊ ငါ့အရက်သောက်ပြီး မီးပုံနား သေးသွားမပေါက်နဲ့” တဲ့။

မှတ်ကရော၊ အောင်ဖေတို့လည်း တဟားဟားရီပြီး နောက်တစိတ်လောက် ထပ်သောက်ဖြစ်ကြကော၊ ပြန်လာတော့ နေ့လည်၂နာရီထိုးနေပြီ၊ ထမင်းဟင်းချက်မယ့်သူတွေ၊ ဆိတ်ဖျက်မယ့် သူတွေက စောင့်နေကြပြီ၊ ဆိတ်ကို ကိုဗညားကိုအပ်၊ ပိုတဲ့ပိုက်ဆံ ကိုအောင်ကျော်စိုးကို ပြန်အပ်ပြီးတော့၊ ဘယ်လာ မီးပုံနားတောင် မသွားအားတော့ဘူး အောင်ဖေမူးလာတော့ ဝင်အိပ်လိုက်တာ ညနေစောင်း ၅နာရီကျော်လောက်မှ ကိုထွဋ်က လာနိုးတယ်၊ ဟေ့ကောင်ထ ရေမိုးချိုး ဧည့်သည်တွေ သွားခေါ်ချေ၊ နောက်တောင်ကျနေပြီတဲ့။

ဧည့်ခံပွဲကတော့ မြိုင်မြိုင်ဆိုင်ဆိုင် ပြီးသွားပါရဲ့၊ မာနယ်ပလောမှာ အရက်မသောက်ရလို့ အမိန့်ထုတ်ထားတာကို ခိုးသောက်လာတဲ့အတွက် ရလာတဲ့ အပြစ်ဒဏ်ကတော့ စားဖိုဆောင်နဲ့ ဗဟိုရုံးကြားက ရှိသမျှအမှိုက်ကို အောင်ဖေရှင်းရတော့တာပါပဲ။ ကိုအေးမြင့်တို့က စကြတယ် “တချို့က သပ်ရပ်သန့်ရှင်းမှ ကြိုက်တယ်” တဲ့၊ လူကတော့ ချွေးတပြိုက်ပြိုက်နဲ့ နေပူကြီးထဲမှာ။

နောက်ပိုင်းတော့ ရနောင်းဘက်ကနေ တက်လာတဲ့ ကိုလှမြင့်လည်း မာနယ်ပလောရောက်လာတယ်၊ သူကဟင်းမျိုးစုံး ချက်တတ်တော့ အားလုံးပျော်သွားကြတယ် သူ့ကို စားသောက်ကုန်ဝန်ကြီး ခန့်လိုက်ကြကော၊ မာနယ်ပလောကလည်း လူတွေ ပိုစည်လာတယ်၊ စစ်အေးသွားတော့ ခံစစ်ကြောတွေမှာ တပ်ဆိုင်ထားတဲ့ အေဘီရဲဘော်တွေလည်း မာနယ်ပလောကို ဆင်းလာကြတယ်၊ လူ့ဘောင်သစ်ရုံးမှာ ညညဆိုတအုံးအုံးနဲ့ပေါ့။

ဘာကြောင့်တအုံးအုံးဖြစ်တယ်၊ ဘာတွေပြောကြ လုပ်ကြတယ်ဆိုတာကို ဆက်လက်ရေးသားပါဦးမယ်။

သက်ခိုင်
(၁၉း၃၄)နာရီ
(၂၉.၄.၂၀၁၄)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, ဖြစ်ရပ်များ၊ အမှတ်တရများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်