ညံစီ – နှင်းဆီ ဖြူဖြူ

July 12, 2014

နှင်းဆီ ဖြူဖြူ

ညံစီ

မတ် ၁၉၊ ၂၀၀၉

( ၂၀၀၉ ခုနှစ်၊ အကျဉ်းကျနေစဉ်ကတုန်းက ပေးပို့ခဲ့တဲ့ စာမူပါ။ မိုးမခမှာ တင်ခဲ့ဖူးပါတယ်။ အခု အမှတ်တရ ပြန်လည်တင်ဆက်လိုက်ပါတယ်။ အဲဒီတုန်းက ကလောင်နံမယ်က ညံစီပါတဲ့။ အခြားကလောင်ခွဲတွေက အများကြီးရှိပါသေးတယ်။ ကိုဇာဂနာဖခင် ဆရာ နန်းညွှန့်ဆွေ ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အမှတ်တရအဖြစ် ရှိတာလေးနဲ့ တင်ဆက်လိုက်ပါတယ်။ )

(၁)

တနေ့က အသက် ၇၀ ပြည့်ခဲ့ပြီ။ နက်ဖြန်ဆိုလျင် အိမ်ထောင်သက် အနှစ် ၅၀။ သတင်းစာတွေ ဂျာနယ်တွေမှာလို ရွှေရတုသဘင် ဆိုတာမျိုး လုပ်လို့ရသည်။ ကိုယ့်အနေအထားနှင့်က မဖြစ်။ ဆီဒိုးနား ငှားနိုင်တာတောင် လာမယ့်သူက မရှိ။ ဆိုက်ကားစီးပြီး ဆင်ဝင်အောက် သွားရပ်လို့က သင့်တော်မည် မထင်။

အိမ်နားက ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ရ ကောင်းမလား၊ တဆိတ်ရှိ ဘုန်းကြီးဆီ ဦးတည်တည်နေရမျိုးလည်း သိပ်မကြိုက်ချင်။ အိမ်တက်လည်း ဘုန်းကြီး၊ လူတက်လည်း ဘုန်းကြီး၊ ကိုယ့်အသက်အရွယ်နဲ့ဆိုတော့ ဘုန်းကြီးရှေ့မှာ ရေစက်ချတဲ့ ရေခွက်ကိုင်ပြီး အိနြေ္ဒကြီးနဲ့ လုပ်ရပေလိမ့်မည်။ တော်ပါတော့။ အိမ်မှာလည်း ဆွမ်းမကပ်ချင်။ စားသောက်ဆိုင်မှာ သားသမီးတွေ မြေးတွေနဲ့ စားရင်း သောက်ရင်း ကရာအိုကေ ဆိုကြရင်ကော။ အနည်းဆုံး ၁ သိန်းခွဲတော့ ကုန်ပေလိမ့်မည်။ မဖြစ်။ နောက်ဆုံးတော့သည် မှတ်တိုင်ပဲ ကားက ရပ်ရတော့သည်။ သားတွေ သမီးတွေကို အိမ်ခေါ် မုန့်လုပ်စားကြဖို့သာ။

(၂)

တစက်ကလေးမှ အိပ်မပျော်။ တီဗီကြည့်ပြီးကတည်းက ၀င်လိုက်ရသည့် စဉ်းစားခန်း။ နက်ဖြန် နှစ် ၅၀ ရွှေရတု အမှတ်တရမှာ မှတ်မှတ်ရရ ဘာလုပ်ရင် ကောင်းမည်နည်း။ အားပေးသူအဖွားကတော့ဖြင့် တခေါခေါဖြင့် နံဘေးမှာ အိပ်မောကျလျက်။ အဖိုး အဖွားကို မကျေမနပ်ကြည့်လိုက်သည်။ နောက်တော့ ကျေကျေနပ်နပ် ကြည့်လိုက်သည်။ ၆၈ နှစ်ဆိုသော အဖွားသည် အဖိုး၏မျက်စိထဲတွင် ၁၈ နှစ်သမီးလေး ဖြစ်သွားသည်။

ကိုကျော်ဝင်းနှင့် မသန်းခင် ရည်းစားဖြစ်တော့ ရည်းစားဖြစ်တော့ အသက်တွေက ၂၀ နှင့် ၁၈ နှစ် အသီးသီး ဖြစ်၏။ ကြားက စာပေးလို့ ရည်းစားဖြစ်လာကြတော့လည်း တယောက်နှင့် တယောက် စကား ၁၀ ခွန်း ပြည့်အောင် မပြောဖူးကြ။ တရပ်ကွက်တည်းသားချင်း ဖြစ်လို့ သူ့အိမ်အကြောင်း ကိုယ့်အိမ်အကြောင်း အပြန်အလှန်သိသူများပင်။ မသန်းခင်အမေ စွာတာ၊ ဘယ်သူမှ ဂရုမစိုက်တာ အားလုံးအသိ။

ဒီကြားထဲကမှ ကိုကျော်ဝင်းနှင့် မသန်းခင် ရည်းစားဖြစ်လာကြတော့ လူသိမခံဝံ့။ ချိန်းမတွေ့ဝံ့။ မသန်းခင့်အမေကို ကြောက်ကြ၍ ဖြစ်သည်။ တနေ့ ကိုကျော်ဝင်း မွေးနေ့။ မသန်းခင်ကို ချိန်းသည်။ မုန့်အတူတူ သွားစားမည်။ ဘုရားအတူတူ သွားကြမည်။ အမေအလစ်မှာ မသန်းခင် အိမ်ကထွက်ခဲ့သည်။ ကိုကျော်ဝင်း စက်ဘီးပေါ်တက်လို့ လေး ငါး ဆယ် လိမ့် ရသေး၊ အမေနှင့် ပက်ပင်းတိုးတော့၏။ ဘာပြောကောင်းမလဲ၊ နင်းလိုက်ရသည်မှာ တန်းလို့။ ဝေးလေ ကောင်းလေ သဘောထားပြီး ကိုကျော်ဝင်းကလည်း နင်း၊ မသန်းခင်ကလည်း အော်နှင့်၊ ဈေးကြီး တောင်ဘက်ဂိတ်အထိ ရောက်သွားတော့သည်။ စက်ဘီးကို လက်ဖက်ရည်ဆိုင်မှာ ရောင်းပစ်ခဲ့ပြီး ရသည့်ငွေနှင့် မြို့တက်လာခဲ့ကြတာ ခုထိ မပြန်ဖြစ်တော့။

မသန်းခင် အမေကလည်း ဖြတ်၊ ကိုကျော်ဝင်း မိဘတွေကလည်း ပြတ်နှင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ခဲ့ကြသည်။ အလုပ်စုံ လုပ်ပြီး ရုန်းကန်ခဲ့ကြရသည်။ ခုလို နေထိုင်နိုင်အောင် နှစ် ၅၀ လုံး အနားမရခဲ့။ သားသမီးတွေ အိမ်ထောင်ရက်သားကျသည် အထိလည်း မနားခဲ့ရ။ မြေးတွေ မွေးရာလည်း ပါခဲ့ရ။ မြေးတွေ ကျောင်းထားရာလည်း ပါခဲ့ရ။ မြေးတွေ ရန်ဖြစ်တာတောင် မနေခဲ့ရ။ ခုတော့ အိမ်ထောင်သက် နှစ် ၅၀ ပြည့်ပြီ။

“ဟုတ်ပြီ … ဟေ့ ဟုတ်ပြီ”

အိပ်မောကျနေသော အဖွား အလန့်တကြား ထ ထိုင်လေသည်။

“ဘာဖြစ်တာလဲ”

“ဟေ့ ဒီမယ် ငါ စိတ်ကူးရပြီဟေ့”

“ဘာလဲ”

“နက်ဖြန် နှစ် ၅၀ ပြည့်တဲ့နေ့ အမှတ်တရ လုပ်ဖို့ ငါ အကောင်းဆုံး စိတ်ကူးရပြီ။”

အဖွားက အူကြောင်ကြောင်ဖြင့် ကြည့်နေသည်။ ကိုကျော်ဝင်းနှယ် … ညကြီးသန်းခေါင် ရူးကြောင်ကြောင်နှင့် ဆိုသော မျက်နှာပေးဖြင့် အဖိုးကို ကြည့်နေတော့၏။

“တို့ဘ၀မှာ တခါမှ မလုပ်ခဲ့ဖူးသေးတာကို လုပ်မယ်။ မင်းနဲ့ ငါနဲ့ ရည်းစားဖြစ်ခဲ့ရော ချိန်းမတွေ့ခဲ့ကြဖူးနော်”

“အဲတော့ ဘာဖြစ်လဲ။ ရူးပေါပေါနဲ့ …”

“မရူးဘူး။ အမှန်အကန် နက်ဖြန် မင်းနဲ့ ငါ ချိန်းတွေ့မယ်။ ပြီးရင် ပန်းခြံသွားမယ်။ ဘုရားတက်မယ်။ တို့ ၂ ယောက် အတူတူ လည်မယ်။”

အဖွား တွေသွားသည်။ ဟုတ်ပေသားပဲ။ အမေ့ကို ကြောက်လို့ လင်နောက်လိုက်ခဲ့ချိန်မှ ခုချိန်ထိ အဖွားတို့ နှစ်ယောက် အတူတွဲကာ ဘယ်ကိုမှ မသွားဘူးခဲ့။

“ဒီတော့ နက်ဖြန်မနက် ၈ နာရီ လမ်းထိပ်လက်ဘက်ရည်ဆိုင်ကနေ စောင့်နေမယ်။ မင်း ထွက်လာခဲ့။”

“ ရှင်နဲ့ ကျမ တခါတည်း ထွက်လည်း ရတာပဲ။ ၈ နာရီ ခွဲအထိစောင့်”

“အော် ဒုက္ခပါပဲ။ ချိန်းတွေ့ပါတယ် ဆိုမှ တူတူထွက်လို့ရမလား။ ငါ အရင်သွားနှင့်မယ်။ မင်း ၈ နာရီခွဲမှ ထွက်လာခဲ့”

သို့ဖြင့် ၂ ဦး သဘောတူညီချက် ရသွားသည်။ အဖိုးက ၈ နာရီထိုးမှာ အိမ်က ထွက်မည်။ လက်ဖက်ရည်ဆိုင်မှာ စောင့်နေမည်။ အဖွားက တူမတော်သူ ခင်ခင်အေးကို စောင့်မည်။ ချက်စရာ ပြုတ်စရာ လျော်စရာ ဖွတ်စရာတွေ ပေးခဲ့ပြီး ၈ နာရီ ခွဲ အရောက် လက်ဖက်ရည်ဆိုင်ကို လာခဲ့မည်။ သည့်နောက်မှာတော့ ဘီရိုထဲက အ၀တ်တွေ ထုတ်ရတော့၏။ ချစ်သူနှင့် ချိန်းတွေ့ရာမှာ ၀တ်ရမည့် အလှဆုံး အကောင်းဆုံးဆိုတာတွေ စိတ်ကြိုက်ရွေးလေတော့သည်။ မနက် ၄ နာရီ ထိုးမှ ရွေးပြီးတော့၏။ အဖိုးက ဂျိန်းစ်ဘွန်းအပြာ လက်ရှည်၊ တက်ထရက် နက်ပြာ ဘောင်းဘီရှည်၊ အဖွားကတော့ ဖော့ပန်းရောင် လက်ရှည်နှင့် ယောထဘီ အုန်းခွံရောင်ဖြစ်လေသည်။

(၃)

“ကဲ … သွားပြီဟေ့။ မြန်မြန်လိုက်ခဲ့နော်”

အဖိုးကတော့ ၈ နာရီ ထိုးသည်နှင့် အိမ်မှ ထွက်ခဲ့သည်။ အဖွားက သူ့တူမကို စောင့်နေဆဲ။ အစကတော့ ချက်စရာ ပြုတ်စရာတွေ စီစဉ်ပေးဖို့ ကြံသေးသည်။ အိပ်ယာထ နောက်ကျသွားသောကြောင့် လျော်စရာအ၀တ်တွေပဲ ပေးရတော့မည်။

အဖိုးကတော့ လက်ဖက်ရည် ၁ ခွက်မှာလိုက်ပြီး ဘယ်ကို သွားရကောင်းမလဲ တွေးနေမိသည်။ ဗိုလ်ချုပ်ပန်းခြံထဲ တပတ်လျှောက်၊ လျှောက်ပြီးတော့ ရွိုင်ရယ်ဂါးဒင်းမှာ ဒင်းဆမ်းစား၊ ပြီးရင် ရွှေတိဂုံဘုရားပေါ်တက်၊ အဆင်းမှာ တောင်ဘက်မုဒ်က ဟက်ပီးဝေါ့လ်ဒ်ကို ၀င်၊ ကန်တော်မင်ပန်းခြံထဲမှာ ဓာတ်ပုံရိုက်။ ဒါ အကောင်းဆုံး အစီအစဉ် ဖြစ်ပေသည်။ သဘောကျပြီး အဖိုး ခေါင်းတညိတ်ညိတ် လုပ်နေမိ၏။ ဆိုင်ရှင်နှင့် စာပွဲထိုးတို့ကလည်း အဖိုးကိုကြည့်ပြီး ခေါင်းညိတ်နေမိကြသည်။

နံရံက ပိုစတာကိုကြည့်ရင်း အဖိုး စိတ်ကူးတခု ရသည်။ နှင်းဆီဖြူ။ ဟုတ်ပြီ။ အဖွားသည် နှင်းဆီပန်းဖြူဖြူ သိတ်သဘောကျသည်။ အဖိုးက အဖွားအတွက် နှင်းဆီဖြူဖြူ လက်ဆောင်ပေးရပေမည်။

စားပွဲထိုးလေးကို ဆိုက်ကားငှားခိုင်းပြီး အဖိုး ဈေးဖက် ထွက်လာခဲ့သည်။ ဈေးထဲ ရောက်ဖူးသည် မဟုတ်တော့ ငါးစိမ်းတန်းကို ၀င်သွားမိသည်။ ဘွတ်ဖိနပ်နှင့် ဗွက်ရှပ်စီးပြီး နှင်းဆီရှာတော်ပုံ ဖွင့်ရ၏၊ တွေမယ့်တွေ့တော့လည်း ဈေးသည်တောင်းထဲမှာ ညှိုးရော်ရော် သုံး လေး ပွင့်။ သူ ညွှန်လိုက်ပြန်တော့ အဖိုးမှာ ဆိုက်ကားစီးပြီး နှင်းဆီခြံရောက်ရပြန်လေသည်။

ခြံရှင်ကိုယ်တိုင်က အပင်မှ ဖြတ်ပေးသဖြင့် ကျေးဇူးတင်ရ၏။ အပြန်ခရီးမှာတော့ ဆိုက်ကားပေါ်မှာ နှင်းဆီဖြူတပွင့်ကို ကိုင်လျက် ပြုံးပြုံးကြီးဖြစ်လာသော အဖိုးကို လမ်းသွားလမ်းလာများ စောင်းငဲ့ကြည့်ကြတာ ဘာမှ မဆန်းတော့ချေ။ ရှစ်နာရီခွဲနေသဖြင့် အဖွားရောက်နေမှာကိုသာ အဖိုးခင်ဗျာ ပူနေရှာတော့၏။

(၄)

ကျွဲမြီးတော့ နည်းနည်းတိုချင်လာပြီ။ ၈ နာရီ ခွဲ အရောက်လာပါလို့ ပြောထားရက်နဲ့ ခု ၈ နာရီ ၄၀ ရှိနေပြီ။ အဖွားရောက်မလာသေး။ ဟိုတုန်းကလည်း သည်မိန်းမ ဒီအချိုးမျိုးတွေ ချိုးလို့ သူ့အမေနဲ့ တည့်တည့်တိုးခဲ့ရဖူးပြီ။ လက်ဖက်ရည်ဆိုင်ကောင်တာမှာ တင်ထားသည့် တယ်လီဖုံးကို ဆက်ခွင့်တောင်းပြီး သားကြီးဆီ၊ ထိုမှ သားလတ်၊ သမီးကြီး၊ သမီးငယ်၊ သားငယ်တို့ဆီ လျောက်ဆက်ကာ ညကျ အိမ်ကို လာခဲ့ကြဖို့ နှိုးဆော်နေရသည်။ စောင့်နေရင်း အလုပ်မရှိသည့်အတူတူ ဖုံးဆက်နေရသော်လည်း အာရုံက နာရီပေါ်မှာ။

ကဲ ကြည့် … ၉ နာရီ ထိုးပြီ။ အဖိုးသည်းညည်း မခံနိုင်တော့။ စားပွဲပေါ်က နှင်းဆီဖြူကို ဆွဲယူပြီး လက်ဘက်ရည်ဆိုင်ထဲမှ ထွက်လာခဲ့တော့သည်။

(၅)

လမ်းထဲဝင်လာတော့ တလမ်းလုံး ရှင်းနေသည်။

ခါတိုင်းဆို ပြေးလွှားနေကြ ဖိုးသံလုံးတို့ကိုလည်း မတွေ့။ အော်ကြီးဟစ်ကျယ် စကားပြောလေ့ရှိသော မောင်ကျော်ဆန်းတို့ လင်မယားအသံလည်း မကြားရ။ ပိုထူးနေတာက အဖိုးတို့ ခြံရှေ့တံခါး။ ပွင့်နေသည်။ အဖိုးထွက်လာတုန်းက ပိတ်ခဲ့သည်။ တူမ ခင်ခင်အေး ဖွင့်ဝင်သည်ဆိုလည်း ပြန်ပိတ်လေ့ရှိသည်။ ခုတော့ ဟင်းလင်းပွင့်။ တခုခုတော့ ဖြစ်ပြီ ထင်သည်။

ခုမှ အဖိုး ရင်တွေ ခုန်လာသည်။ ခုတလော အဖွားကျန်းမာရေးက သိတ်မကောင်းချင်။ နှလုံးက ပြန်ဖောက်နေသည်။ စိတ်လှုပ်ရှား၍ မရ။ အဖွားတခုခု ဖြစ်ပြီ ထင်သည်။

အဖိုး ခြေသွက်သွက် လှမ်းကာ အိမ်ရှေ့တံခါးဝ အရောက် အသော့နှင်လိုက်ရ၏။

အလို …

အဖွားကား အိမ်ရှေ့လှေကားရင်းမှာ ဖိုသီဖတ်သီဖြင့် ထိုင်နေသည်။ အင်္ကျီကြယ်သီးတွေ တပ်မထား။ ဆံပင်တွေ ကလည်း ဖြီးသင်မထား။ ဖို့ယို့ဖားယား။

အဖိုး အဖွားဆီသို့ ခတ်သွက်သွက် လျှောက်ရင်း နံဘေးမှာ ထိုင်ချလိုက်သည်။

“ကဲ … ဘာဖြစ်နေတာလဲ။”

“ဘာမှ မဖြစ်ပါဘူး”

“ဘာမှ မဖြစ်ရင် ဘာလို့ လိုက်မလာတာလဲ။ ငါဆိုင်မှာ စောင့်နေတာ ကြာလှပြီ။”

“ဟီး … ဟီး …”

ပြောပြောဆိုဆို အဖွား ထငိုသည်။ အဖိုး တော်တော် ဂေါက်သွား၏။

“ဟာ ဘာဖြစ်တာပါလဲ ဆိုနေမှ”

“ဟို … ရှင့်နောက်လိုက်ခဲ့ချင်ပါတယ်။ ဒါပေမဲ့ … အမေဆူမှာ ကြောက်လို့ပါတော့် …”

“ဟေ …”

အဖိုးလက်ထဲမှ နှင်းဆီဖြူလေး မြေပေါ်သို့ ကျသွားတော့၏။

(ဖေဖော်ဝါရီ ၄၊ ၂၀၀၉)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments