ဦးဇဝန (နိုင်ကျဉ်းဟောင်း) – ရွက်လှပန်း ကိုစည်သူ နှင့် ယုံကြည်ချက်မော်ကွန်း

July 14, 2014
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ကွန်ကရစ်ရွာ သံမဏိတံခါးကြားမှ မျက်ရည်မှတ်တမ်းများ

 

 ရွက်လှပန်း ကိုစည်သူ နှင့် ယုံကြည်ချက်မော်ကွန်း

ဦးဇဝန၊ ဇွန် ၁၉၊ ၂၀၁၀

(မိုးမခပြန်လည်ဆန်းသစ်ခြင်း)

 

(၁)

လူ့ဘဝ ခရီးလမ်းတလျှောက် အကွေ့အကောက်တို့်က များပြားလှသည်။ ထို အကွေ့အကောက်တို့တွင် ဆူးငြောင့်ခလုတ်များ ချိုင့်များကလည်း ပြွန်းတီးနေသည်။ အခက်အခဲတခုကြုံလာတိုင်း တွေ့ကြုံပြီးသား အခက်အခဲများနှင့် နှိုင်းယှဉ်ကြည့်မိကြသည်။ ကြမ်းတမ်းမှုတခု ကြုံတွေ့ရပြန်လျှင်လည်း ဖြတ်သန်းခဲ့ဖူးသော ကြမ်းတမ်းခါးသီးမှုတို့နှင့် ချိန်ထိုးကြစမြဲပင်။

 

ထို့အတူပင် ဦးဇင်းတို့ဖြတ်သန်းခဲ့ရသော ခရီးတလျှောက် ရက်စက်မှုတခုကြုံရလျှင် ရက်စက်မှုချင်း၊ အစော်ကားခံရတာတခုကြုံရလျှင် အစော်ကားခံရတာချင်း အလေး အပေါ့ ‘ဆ’ ကြည့်မိသည့် ဖြစ်ရပ်က ဒုနဲ့ဒေး။ မိမိကိုယ်ပေါ်ကျလာသော ဒုက္ခ၊ သောကတို့ကို တခုနှင့်တခု ယှဉ်ထိုးကြည့်မိတာ ရှိသလို၊ အတူဖြတ်သန်းနေသော ရဲဘော်တို့ရဲ့ အနှိပ်စက်ခံရမှုတွေအပေါ် နှိုင်းယှဉ်မိတာတွေ ရှိသည်။ သာမန်ကြုံတွေ့ရမှုတွေထက် ထူးခြားလွန်းသည့် ဖြစ်ရပ်များပင်။ ဦးဇင်း ကြုံခဲ့ရသည့်အထဲ ထူးထူးခြားခြား အမှတ်ရနေမိသူတယောက်က ကိုစည်သူ။ ရွက်လှပန်းနဲ့ တင်စားရမယ့်လူမျိုး။ နေပြင်းလေ အဆင်းလှလေ၊ ဇွဲ အပူဒဏ် ရိုက်ချက်ပြင်းပေမယ့် ခေါင်းငုံမခံတဲ့ သတ္တိကြောင့် အရွက်ဆိုပေမယ့် ပန်းဆိုပြီး ဦးညွှတ်ကြရမြဲ။

 

(၂)

 

သူ့ကို ဦးဇင်း စတင်သိရှိချိန်မှာ ၁၉၉၇ ခုနှစ်ထဲတွင် ဖြစ်သည်။ သူက သာယာဝတီထောင်ကို ဦဇင်းတို့နောက်မှ ရောက်လာသည်။ သို့သော် ထောင်ထဲရောက်မှုကတော့ ဦးဇင်းတို့ထက် စောပါသည်။ သူက စကားနည်းသူ တယောက်မို့ တွေ့တွေ့ချင်း မရင်းနှီး။ အတူနေသူတို့ ထုံးစံအတိုင်း ကြာလာတော့ တယောက်အကြောင်း တယောက်သိလာကြသည်။

 

“ကိုစည်သူက စမ်းချောင်းကဆိုတော့ ဘယ်လမ်းမှာနေလဲ”

 

“တပည့်တော် မြင့်မိုရ်လမ်းမှာ နေပါတယ်”

 

ဦးဇင်းက စမ်းချောင်းသားဆိုလျှင် ကိုယ်နေထိုင်ခဲ့ဖူးသောအရပ်မို့ စိတ်ဝင်စားသည်။

 

“ခင်ဗျား ကျောင်းတက်တာ ဘယ် အထက လဲ”

 

“တစ်”

 

သူကတိုတိုပဲ ပြန်ဖြေသည်။ သည်တွင် စိတ်ဝင်စားမှုက ပိုလာလို့ ဦးဇင်းကပဲ …

 

“ခင်ဗျား ဆရာမ ဒေါ်အောင်ကြည်ကို သိလား”

 

ဒီတော့ အံဩဟန်ဖြင့် ဦးဇင်းကို ကြည့်သည်။ ဆက်ပြီး …

 

“ဆရာမ ဒေါ်ခင်ထွေးစုကိုကော သိလား”

 

သူပုံက ပိုအံသြသွားပြီး ဒီဘုန်းကြီး ဘာလဲဟ ဆိုတဲ့ မျက်လုံးနှင့် ကြည့်သည်။

 

ပြီး မဖြေဘဲ “ဦးဇင်းကကော အဲဒီကျောင်းထွက်ပဲလား” ဆိုပြီး မေးခွန်းပြန်ထုတ်သည်။

 

“မဟုတ်ပါဘူး၊ အဲဒီ ဆရာမတွေက ဦးဇင်း ဒကာမတွေလေ၊ ဒေါ်အောင်ကြည်ဆို ရဟန်းအမ”

 

“အော် … ဟုတ်လား” သူက ပို အံဩသွားဟန်ဖြင့် ပြောသည်။

 

“သူက တပည့်တော်တို့ အတန်းပိုင်လေ။ မင်းလမ်းက ဆရာမအိမ်ကို တပည့်တော် ရောက်ဖူးတယ်”

 

ရဟန်းဒကာဆိုတာ ကိုယ့်မိဘလိုဖြစ်နေတာမို့ ဦးဇင်းရဲ့နေအိမ်လိုဖြစ်နေပြီ။ ထိုအိမ်မှ ထူးခြားသည့် အမှတ်သားများကို ကိုစည်သူက ပြောပြနေပြန်သေးသည်။

 

“တပည့်တော် အမေကလည်း အထက်တန်းပြ ဆရာမပဲ၊ အထက ၁ မှာတော့ မဟုတ်ဘူး။ ဆရာမချင်း အပ်ထားတာမို့ ဒေါ်အောင်ကြည်တို့၊ ဒေါ်ခင်ထွေးစုတို့ကို တပည့်တော်က အရမ်းကြောက်ရတယ်။ သူတို့ရှေ့မှာ မဟုတ်တာ မလုပ်ရဲဘူး” ဟု ရယ်ကျဲကျဲ ပြောသည်။

 

“မဟုတ်တာ တခုခုလုပ်တာနဲ့ ချက်ချင်း အိမ်ကို သတင်းရောက်ရော”

 

“ခင်ဗျားက ကိုဌေးကြွယ်နဲ့ တကျောင်းတည်းဆို”

 

သူက ခေါင်းညိတ်သည်။ ကိုဌေးကြွယ်နှင့် တကျောင်းတည်းသာမက တဖွဲ့တည်းလည်း ဖြစ်သည်။ အမှုတွဲလည်း ဖြစ်သည်။ ကိုဌေးကြွယ်ကတော့ ဦးဇင်းတို့နှင့်အတူ ၁၉၉၄၊ ဇွန်လ ၁၁ ရက်ကတည်းက သာယာဝတီထောင် ရောက်နှင့်သူ။ ၁၉၉၇ ခုနှစ်ရောက်မှ အင်းစိန်မှလိုက်ပြောင်းလာသူ ကိုစည်သူနှင့် ကိုဌေးကြွယ် အမှုတွဲခြင်း သာယာဝတီ၌ ပြန်ဆုံကြသည်။

 

(၃)

 

ကိုစည်သူအကြောင်းပြောရလျှင် အတူနေခဲ့သောရက်များအတွင်းက သူ့ ထူးခြားချက်ကလေးများ ခေါင်းထဲ ပေါ်လာသည်က အစီအရီ။ သူက ဂစ်တာတီးကောင်းသူ၊ အေးအေးဆေးဆေး နေတတ်သူ၊ သူ့ကို အတူနေများက နာမည်ပြောင်ဖြင့် စနောက်လျှင် ပြုံးပြီး တုံ့ပြန်စမြဲ။ ရှေ့တည့်တည့်က သွားနှစ်ချောင်း ထိခိုက်မှုကြောင့် အနည်းငယ် အက်နေသည်။ ညနေတိုင်း ဘောင်းဘီတိုနှင့် ပိုက်ကျော်ခြင်းခတ်ရင်း ကျန်ရဲဘော်များနှင့် တသွေးတည်း တသားတည်း။ အချင်းချင်းတွေကြားတွင် ဖျန်ဖြေရေးသမားကောင်း တယောက်။

 

တခါတော့ ကျောင်းသားနှစ်ယောက် ပြဿနာတခုကို အချေအတင် ငြင်းခုံနေကြသည်။ အမှတ်မထင် ဦးဇင်းလည်း သူတို့ထံ ရောက်သွားသည်။ အနားမှာ ကိုစည်သူက ဂစ်တာတလက်နှင့် စကားဝိုင်းကို စိတ်မဝင်စားဟန်ရှိသည်။ အငြင်းသန် ရန်များမည်ကို ဦးဇင်းကလည်း စိုးရိမ်နေသည်။

 

ကိုစည်သူကို သူတို့နှစ်ယောက် ရန်များဖြစ်နေသလားဟု မေးဆတ်ပြီး ဦးဇင်းက မေးလိုက်သည်။ သူက ပြုံးပြီး အသာနေဟု လက်ကာပြသည်။ ပြီးတော့ စကားတခွန်းဖြင့် သူတို့ကို နောက်ပြောင်လိုက်သည်။ အရှိန်မြင့်နေသော ထိပ်တိုက်တိုးမှုက ချက်ချင်း လျှော့ကျသွားသည်။ ဒါက ကိုစည်သူ့ အရည်အချင်းတခုပင် ဖြစ်သည်။

 

သာယာဝတီထောင်နေစဉ် စိတ်ဖိစီးမှုကြောင့် ဆောက်တည်ရာမရသော လူငယ်တယောက်ကိစ္စ ပေါ်လာသည်။ တခြားသူများက သီးခြားတိုက်တခုသို့ ပို့ဆောင်ပေးစေလိုကြသည်။ ကိုစည်သူက ထိုကျောင်းသားကို တနေရာသို့ ခွဲထားလိုက်လျှင် သူ့အခြေအနေ ပိုဆိုးသွားနိုင်သည်။ ထို့ကြောင့် လူငယ်လေးကို ဘယ်မှမရွှေ့ဘဲ သူ့အခန်းထဲ ထည့်ပေးရန်ပြောပြီး အခန်းထဲ ခေါ်ထားလိုက်သည်။

 

ဒီလို ကိုစည်သူရဲ့ ရဲဘော်ရဲဘက်ချင်း ကူညီစောင့်ရှောက်မှုတွေကို ကိုဌေးကြွယ်ရော၊ ကိုဂျင်မီကပါ အင်းစိန်ထောင်မှာ မြင်တွေ့ဖူးသည်ဟု ဦးဇင်းကို ပြောပြသည်။ စိတ်နောက်သွားသော ရဲဘော်တဦးကို တခန်းတည်း အတူနေရင်း ပြုစုခဲ့သည်။ ဒါ စတန့်ထွင်သော ကိစ္စမဟုတ်။ တကယ့် စိတ်ရင်းအမှန်ကို လှစ်ပြနေသောကိစ္စ။

 

(၄)

 

ကျောင်းသားလူငယ် အများဆုံးရှိသောထောင်ကား သာယာဝတီထောင်ဖြစ်မည်။ ၁၉၉၇ ခုနှစ်ထဲတွင် ကျောင်းသားအများစု အပြင်သို့ ပြန်ရောက်ကြတော့မည်။ ထိုအချိန်တွင် ကျောင်းသားအားလုံးကို ထောက်လှမ်းရေး အရာရှိကြီးတဦးက တဦးချင်း ခေါ်တွေ့သည်။ သဘောထားကို မေးမြန်းသည်။

 

အများစုက ဘယ်သို့ဖြေသည် မသိ။ လေးငါးဦးကိုတော့ သူတို့ပြောပြချက်အရ သူတို့အဖြေတွေကို သိရသည်။ ထောက်လှမ်းရေးမေးမြန်းစဉ်က ကိုစည်သူ နေမကောင်းဖြစ်နေချိန်။ မေးခွန်းတွေကို သူဖြေဆိုခဲ့ပုံက အေးအေးဆေးဆေး။ ထောက်လှမ်းရေးအရာရှိနှင့်တွေ့စဉ် စိတ်လှုပ်ရှားမှု မတွေ့ရ။

 

ထောက်လှမ်းရေးအရာရှိက အပြင်လောက၌ တိုးတက်နေပြီဖြစ်ကြောင်း၊ ကျောင်းသားတွေ နိုင်ငံရေးလုပ်ဖို့ မလိုကြောင်း ပြောသည်။ ကိုစည်သူက အေးအေးဆေးဆေးပင် လက်မခံနိုင်ကြောင်း ငြင်းသည်။ သူ့အတွက် တကိုယ်ရေလွတ်မြောက်ဖို့ အလိမ္မာသုံးလိုက်လျှင် ရသည်။

 

ဒါပေမယ့် သူက ဒါကို ဂရုမထား၊ ယုံကြည်ချက်ကို ဘဝချမ်းသာရေးနှင့်မလဲ။ ခံယူချက်ကို ချမကျွေး။ သူက ဒီမိုကရေစီကို ယုံကြည်သူ။ ဒီမိုကရေစီရှေ့၌ မည့်သည့်နာမဝိသေသနမှ တပ်ချင်းကို မလိုလားသူ။ မေလထဲတွင် သူ လွတ်ရက်စေ့တော့မည်။ သူ့လွတ်ရက်ကို စောင့်နေသော်လည်း ကျန်းမာရေးက မကောင်း။

 

(၅)

 

အားလုံး ဝမ်းသာသွားကြသည်။ ကိုစည်သူဟု ဘူးဝမှ ခေါ်သံကား အားလုံး၏ရင်ခုန်သံကို မြန်သွားစေသည်။ လွတ်ရက်စေ့ကာနီး လူတယောက်ကို ထိုသို့ခေါ်သံကို မကြာခဏ ကြားဖူးပြီးသား။ သို့သော်လည်း လွတ်ရက်စေ့သူတဦးကို လာခေါ်တိုင်း ရင်ခုန်သံကား မြန်ကြစမြဲ။

 

ကြည်နူးမှုက မြင့်တက်မြဲ။ ကျန်းမာရေးမကောင်းသော ကိုစည်သူအတွက် လူတိုင်းက အမြန် အပြင် ပြန်ရောက်စေချင်သည်။ ဤအပျော်နှင့် ရင်ခုန်သံကား အားလုံးကို တထပ်တည်းကျ တူညီနေသည်။

 

ဦးဇင်းတို့ ရင်ခုန်သံကား နာရီပိုင်းသာခံသည်။ ဦးဇင်းတို့အပျော်ကား လမ်းတဝက်တွင်ပင် ဘရိတ်အုပ်ခြင်း ခံလိုက်ရသည်။ ခေါင်းငိုက်စိုက်နှင့်ပြန်လာသော ကိုစည်သူထံသို့ တိုက်တွင်းရှိ ရဲဘော်များ ဝိုင်းအုံကြသည်။ ဟင် … ဘာဖြစ်လို့ ပြန်လာတာလဲ ဟု ထပ်တူကျသောမေးခွန်းကို ကိုစည်သူ့ကို လူတိုင်းက မေးကြသည်။

 

ဘာမှမဖြစ်သလို ဖြေကြားနေသော ကိုစည်သူ့ကိုကြည့်ရင်း အားမလိုအားမရ ဖြစ်ရသည်။ ငါသာဆိုရင် တော်တော် ပေါက်ကွဲမှာပဲလို့လည်း ခံစားရသည်။ မနေ့ညက စမ်းချောင်းရဲစခန်းမှ အရာရှိတဦးက ကိုစည်သူ့အိမ်သို့ လာပြောသည်။ မနက်ဖြန် ကိုစည်သူ လွတ်မည်တဲ့။ အဝတ်အစားသစ်တစုံနှင့် လာရောက်ကြိုဆိုသော သူ့မိသားစုက လွတ်လာမည်ဖြစ်သော ကိုစည်သူ့ကို မျှော်လင့်တကြီး ငေးနေကြသည်။

 

အချိန်တန်လို့ ရောက်မလာတော့ စုံစမ်းမှုတွေ လုပ်ရသည်။ ထောင်မှတာဝန်ရှိသူများပင် တအံတဩ ဖြစ်ကြရသည်။ ထောင်ကို ဘာအကြောင်းမှ ကြားထားခြင်းမရှိ။ လွတ်မည်ဆိုလျှင် ထောင်ကို အရင် အကြောင်းကြားရမည်။ ယခုတော့ အိမ်နှင့် စမ်းချောင်း ရဲစခန်းတို့က ပြောသော်လည်း ထောင်၌ ဘာအစီအစဉ်မှ မရှိ။

 

ဒီတော့ လွတ်လူလာကြိုသော အိမ်သားများ ထောင်ဝင်စာတွေ့ပြီး ပြန်သွားကြရသည်။ အထဲမှ လူကိုသာမက အပြင်မှ အိမ်သားများကိုပါ အနှောင့်အယှက်ပေးပြီး စိတ်မချမ်းသာအောင်လုပ်မှုက စစ်အာဏာရှင် ဖက်ဆစ်တို့ လုပ်နေကြတခု မဟုတ်လား။

 

ပထမအကြိမ်ဖြစ်စဉ်က ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းတခု လွဲချော်မှုဟု နားလည်ပေးနိုင်သော်လည်း ဒုတိယ အကြိမ် ထပ်ဖြစ်မှုကိုကား လွဲချော်မှုဟု မသတ်မှတ်နိုင်။ အသေချာစီစဉ်မှု ဖြစ်လိမ့်မည်။ ဒုတိယအကြိမ်လည်း ပထမအကြိမ်လို အိမ်ကို အကြောင်းကြားသည်။ အိမ်က လာကြိုသည်။ ထောင်ကိုတော့ အကြောင်းကြားစာ ရောက်မလာ။

 

ဒီတော့ ဘူးတံခါးဝမှ အပြင်သို့မရောက်ဘဲ တိုက်ခန်းကျဉ်းထဲသို့သာ ပြန်ရောက်လာသည်။ ထောင်မှလည်း နောက်တခေါက်ဖြင့် ဒီလိုလွဲချော်မှုမျိုး မဖြစ်ပါစေနဲ့ဟု နှစ်သိမ့်စကားဖြင့် တောင်းပန်သည်။

 

(၆)

အရာရှိတဦး ရောက်လာသည်။ ဒီတခါတော့ လွတ်ပါပြီဟု ပြောသည်။ နေမကောင်းဖြစ်နေသော ကိုစည်သူ အဝတ်အစားလဲသည်။ အားလုံးတန်းစီပြီး နှုတ်ဆက်ကြသည်။ ကြည်နှုးမှုတဝက် စိုးရိမ်မှုတဝက်နှင့် လူတိုင်းရင်မှာ မတင်မကျ။ အရာရှိကိုယ်တိုင် လာခေါ်မှတော့ ၅၀/၅၀ ရာခိုင်နှုန်း မကတော့။ အပြင်ပြန်ရောက်ဖို့ ရာနှုန်းပိုများသည်ဟု ထင်မိကြသည်။

 

မိနစ်ပိုင်းအတွင်း အဖြေကပေါ်လာသည်။ ကိုစည်သူ့ အိပ်ယာလိပ်ကို လာယူသည်။ အခြားတိုက်တခုသို့ ကိုစည်သူ့ကို ခေါ်သွားသည်။ ထောင်မှ ကိုစည်သူကို လွတ်ရက်စေ့ပြီဖြစ်ကြောင်း ပြောကြားသည်။ ပြီးနောက် နောက်ထပ် စာအိပ်တခုကို ထပ်ဖွင့်ဖတ်ပြသည်။ ၁၀(က)ပုဒ်မဖြင့် ထပ်မံ ချုပ်နှောင်ထားမည်ဖြစ်ကြောင်း အသိပေးစာ ဖြစ်နေသည်။

 

(၇)

 

၁၉၉၉ နှင့် ၂၀၀၀ များအတွင်း ကျောင်းသားများကို ၁၀(က)ဖြင့် ထပ်မံချုပ်နှောင်ကြသည်။ ဤအထဲ ပထမ ခံရသူက ကိုစည်သူ။ ကိုဌေးကြွယ်က ကိုစည်သူ့ထက် ရက်ပိုင်းနောက်ကျပြီးမှ ၁၀(က)ဖြင့် ထပ်မံ အချုပ်ခံရသည်။

 

၁၉၉၉ ဇူလိုင်၂၂ ရက်နေ့တွင် ကိုစည်သူ၊ ကိုဌေးကြွယ် အပါအဝင် အတူနေဖက်များနှင့် ဦးဇင်း ခွဲခွာခဲ့ရသည်။ ဆေးကုသမှုခံရန် အင်းစိန်သို့ ပြန်ပြောင်းခဲ့ရသည်။ ၂၀၀၀ ဇန်န၀ါရီတွင် သာယာဝတီသို့ ပြန်မပို့ဘဲ တောင်ငူထောင်သို့ အပို့ခံရသည်။ တောင်ငူထောင်ရောက်ပြီး မကြာမီပင် သတင်းဆိုးတခုက ဦးဇင်း၏ နှလုံးသားကို ဓားနှင့်လာမွှန်းသည်။ ကိုစည်သူ ဆုံးပြီ တဲ့။

 

အတူနေပြီး ရင်းနှီးကျွမ်းဝင်ရသူ၊ လေးစားတန်ဖိုးထားရသူ၊ အများထက် ထူးခြားစွာ နအဖ နှိပ်စက်မှုများကို ခံရသူ။ ယခုလို ကြွေလွင့်မှုက ဦးဇင်း နှလုံးသားကို ပိုမိုနာကျင်စေသည်။

 

တိုက်ဆိုင်၍လား မပြောတတ်။ ယခု ဦးဇင်း အုန်းပြန့်ဒုက္ခသည်စခန်း ရောက်လာသည်ဆို၍ လာရောက် အားပေးကြသည်။ ထိုအထဲတွင် “မကသ” ကို ဦးဆောင်ခဲ့သူတယောက်ဖြစ်သည့် ဦးဇော်ဝင်းလည်း ပါသည်။ သူနှင့် ကိုစည်သူ၊ ကိုဌေးကြွယ်တို့အကြောင်း ပြောဖြစ်သည်။

 

ကိုစည်သူတို့ အမှုဖြစ်စဉ်တွင် သူ့အိမ်၌ ဖြစ်ခဲ့ပုံတွေ ပြောပြသည်။ ကိုစည်သူက ရဲနိုင် အမည်နှင့် အလုပ်လုပ်ခဲ့ပုံတွေကို ဦးဇော်ဝင်းက ပြောပြသည်။ ကိုစည်သူအကြောင်း ရေးကာနီး တိုက်တိုက်ဆိုင်ဆိုင် ဦးဇော်ဝင်းနှင့် ဆုံတွေပရမှုပင်။ ရဲနိုင် ခေါ် ကိုစည်သူ။ ဦးဇော်ဝင်းကလည်း ကိုစည်သူ လုပ်ငန်း အတိအကျ လုပ်တတ်ပုံ၊ အေးဆေးပုံ။ ယုံကြည်ချက် ခိုင်မာပုံတွေပြောရင်း ကိုစည်သူအား သတိရ အလွမ်းစကားများ ပြောဖြစ်ကြသည်။

 

ရွက်လှပန်းဆိုတာ သာမန် အသီး အရွက် အပွင့်တွေထက် ထူးတဲ့နာမည်။ သူ့ရဲ့ ခံနိုင်ရည် စွမ်းရည် သတ္တိကြောင့် အရွက်ကိုပင် ပန်းလို့ ဦးညွှတ်ရခြင်း မဟုတ်လား။ ယခုတော့ ရွက်လှပန်းလို ထူးခြားသတ္တိတွေနှင့် ကြွေလွင့်ခဲရတဲ့ ကိုစည်သူအား ဂုဏ်ပြုရင်း ကဗျာလေးကို အဆုံးသတ်မိတော့သည်။

 

သော့ခလောက်သံ

ချောက်ခနဲ အပိတ်မှာ

ကျောကုန်းနဲ့ ရင်ဘတ်က ဒဏ်ရာကို

ကဗျာအဖြစ် အသွင်ပြောင်းဖို့

အဲဒီ့ပန်းက လမ်းတွေပြခဲ့။ ။

 

 

ဦးဇဝန


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း), ပြန်လည်ဆန်းသစ်ခြင်း

One Response to ဦးဇဝန (နိုင်ကျဉ်းဟောင်း) – ရွက်လှပန်း ကိုစည်သူ နှင့် ယုံကြည်ချက်မော်ကွန်း

  1. Catwoman on July 15, 2014 at 7:37 am

    Dear sayadaw,
    May be you shouldn’t focus too much on the past and prison life. It might be better to forget the past and live in the present. You might not be able to forgive but you can try to forget and enjoy the present

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်