စံပယ်ဖြူ၊ – ကွာလာလမ်ပူတခွင် ခရီးနှင်

July 16, 2014

ကွာလာလမ်ပူတခွင် ခရီးနှင်
၊  ဇူလိုင် ၁၆၊ ၂၀၁၄

သွားပါများ ခရီးရောက်ဆိုသလို နိုင်ငံအနှံ့ကို ကျွန်မ မရောက်ပေမဲ့ မလေးရှားရောက် မြန်မာမိန်းကလေးတစ်ယောက် ကွာလာလမ်ပူမှာ ကျက်စားနေထိုင်ရင်း တွေ့ရတာတွေကို စမြုံ့ပြန်ပြောပြချင် ပါတယ်။ ရောက်တဲ့အရပ်မှာ ကျွန်မ ပျော်အောင်မနေတတ်ပေမဲ့ တွေ့တဲ့လူနဲ့ အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံရင်း ကွာလမ်ပူမှာ တော်တော်လေးကို နေသားကျနေပါပြီ။ မလေးရှားရောက် မြန်မာတွေကို အရောင်အမျိုးမျိုး ပြောင်းပေးတဲ့မြို့။ ကဗျာဆရာတွေအတွက် ရေးစရာမကုန်နိုင်တဲ့မြို့။ ဒီမြို့မှာ ကျွန်မ နေခဲ့တာ ငါးနှစ်ပြည့်တော့မယ်။ ကွာလာလမ်ပူကို မရောက်ခင်က စရင်ဘန်း (Seremban) မြို့လေးမှာ နှစ်နှစ်လုပ်ခဲ့တာ ပေါင်းလိုက်ရင် မလေးရှားမှာ  ကျင်လည်နေတာ(၇)နှစ်ရှိပြီ။

အသက်အန္တရာယ် လုံခြုံမှုမရှိတဲ့ မလေးရှားမှာ အလုပ်လာလုပ်ကြတဲ့ မြန်မာတွေ ကျီးလန့်တွေလို ထိတ်ထိတ်လန့်လန့်နဲ့ သွားလာနေ ရပါတယ်။ ကွာလာလမ်ပူကို ရန်ကုန်လိုသဘောထားပြီး သွားလာနေတဲ့ ကျွန်မ လူတိုင်းနီးပါးကြုံဖူးတဲ့ အတွေ့အကြုံတွေ ရခဲ့ပါတယ်။ ကျွန်မရုံးခန်းမှာ Laptopနဲ့ လက်ကိုင်ဖုန်း အသစ်စက်စက်ကလေး အခိုးခံခဲ့ရတယ်။ မကြာသေးခင်ကပဲ ညနေအိမ်အပြန်လမ်းမှာ Laptop တစ်လုံး ထပ်ပြီးအလုခံလိုက်ရပါတယ်။ သမင်မွေးလိုက် ကျားစားလိုက်ဆိုတဲ့ စကားပုံက မလေးရှားမှာ ငွေလာရှာတဲ့ မြန်မာတွေအတွက် ရည်ရွယ်ခဲ့ဟန်တူပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းက မြန်မာမိန်းကလေးတစ်ယောက် အသတ်ခံလိုက်ရပါတယ်။ မနက်စောစော အလုပ်သွားတဲ့လမ်းမှာ အိတ်ကိုလုတာ၊ ကောင်မလေးက လွတ်မပေးပဲ ပြန်လုလို့ လည်းပင်းကို ဓားနဲ့ထိုးသွားတာ ပွဲချင်းပြီး ဆုံးသွားပါတယ်။ မလေးရှားမှာ ဒီလို အဖြစ်ဆိုးတွေ မရေနိုင်မတွက်နိုင်။

ရာဇ၀တ်မှုတွေပေါပေမဲ့ စီးပွားရေးအခြေအနေ ကောင်းတဲ့ မလေးရှားမှာ လုပ်သက်ဆယ်နှစ်ကျော်လောက်ရှိတဲ့ လူလတ်ပိုင်းတွေ အားလုံးနီးပါး ကားစီးနိုင်ကြပါတယ်။ ကား၊ ရထားတွေ အချိန်မမှန်တာကြောင့်ရယ်၊ လမ်းလျှောက်ရင် လုံခြုံမှုမရှိတာရယ်ကြောင့် တတ်နိုင်တဲ့လူတိုင်း ကိုယ်ပိုင်ကားမောင်းပြီး အလုပ်သွားကြပါတယ်။ မနက်ရုံးသွားချိန်နဲ့ ညနေရုံးပြန်ချိန်တွေဆို ယာဉ်ကြောတွေပိတ်ပြီး ခရီးသွားရတာ အချိန်တွေ အလွန်ကြန့်ကြာပါတယ်။ ကိုယ်ပိုင်ကား မရှိတဲ့ကျွန်မကတော့ ကားမှတ်တိုင်ကို လမ်းလျှောက်၊ ရထားဘူတာကို ကားစီးသွား၊ ဆင်းတဲ့ရထားဘူတာကနေ ကားပြန်စီး၊ လမ်းလျှောက်ရတာ အချိန်ကုန်လူပင်ပန်းပြီး စိတ်ပျက်စရာတွေ မကြာခဏ ကြုံရပါတယ်။ ကားခပေးဖို့ အကြွေမဆောင်ခဲ့မိရင်တော့ ရန်ကုန်မှာလိုပဲ စပယ်ယာ ငေါက်တာခံရပါတယ်။ တခါတလေ ခရီးသယ်နဲ့ စပယ်ယာ ရန်ဖြစ်ကြတာကိုမြင်ရင် ရန်ကုန်ကို သတိရလို့ ကျွန်မ ပြုံးမိပါတယ်။ ရန်ကုန်မှာတုန်းက လိုင်းကားတိုးစီးရတဲ့ ဒုက္ခကို မမေ့သေးဘူး။

စိတ်မွန်းကြပ်စရာကောင်းတဲ့ ကွာလာလမ်ပူုမြို့မှာ မနက်စောစောလေကို ရှူပြီး လမ်းလျှောက်ရတာ စိတ်ကိုကြည်လင် စေပါတယ်။ လေ့ကျင့်ခန်းလည်းဖြစ်၊ ပတ်ဝန်းကျင်နဲ့လည်း ရင်းရင်းနှီးနှီးထိတွေ့ခွင့်ရတာမို့ လမ်းလျှောက်ရတာကို ကျွန်မသဘောကျ ပါတယ်။ ကျွန်မ ဘယ်လောက်ထိလမ်းလျှောက်လဲဆို ပေါချောင်ကောင်း ဖိနပ်ဝယ်ရင် တစ်လထက်ပိုမစီးရဘူး။ အကောင်းစားဖိနပ်ဝယ်ရင် သုံးလထက်ပိုမစီးပါ။ ဒါပေမဲ့ အလုခံရပြီးတဲ့ နောက်ပိုင်းမှာတော့ လမ်းလျှောက်ရမှာကို လန့်သွားပြီမို့ အပြင်ထွက်ရမဲ့ ကိစ္စဆို တတ်နိုင်သလေက် ရှောင်နေလိုက်ပါတယ်။ စိတ်လုံခြုံမှု မရှိတော့ပဲ ခြေထောက်တွေ မရှိတော့သလို ခံစားရပါတယ်။ ဆိုင်ကယ်သမားမြင်ရင် သံသယနဲ့ ထိတ်လန့်နေရ အဖြစ်၊ လူတွေအပေါ် ယုံကြည်မှုကင်းမဲ့ နေရတဲ့အဖြစ်က အရိုးခံတောင်သူလယ်သမား၊ ရွာသားတွေကြားမှာ ကြီးပြင်းခဲ့ရတဲ့ ကျွန်မအတွက် စိတ်ဒုက္ခဖြစ်ပါတယ်။

လမ်းမလျှောက်ချင်လို့ တက္ကစီနဲ့သွားဆိုရင်လည်း အန္တရာယ်မကင်း ပါဘူး။ မလွဲမရှောင်သာလို့ တက္ကစီ စီးရတဲ့အခါ တက္ကစီသမားနဲ့ ဆက်ဆံရေး အဆင်ပြေဖို့လို ပါတယ်။ သူတို့စပ်စုသမျှကို သည်းခံပြီးဖြေပေးရတာ စိတ်ကုန်စရာကောင်း ပါတယ်။ ဘယ်သူမေးမေး ကျွန်မက မြန်မာလို့ပဲဖြေပါတယ်။ မြန်မာမှန်းသိရင် အနိုင်ကျင့်ခံရမှာ စိုးရိမ်ပြီး ဘယ်တော့မှ ညာပြီးအဖြေခဲ့ပါဘူး။ မြန်မာပြည်မှာ တိုင်းရင်းသား အစုံရှိမှန်းသိတဲ့ တက္ကစီသမား အချို့က ချင်းလား၊ ရှမ်းလားလို့ မေးလာရင်တော့ ကရင်ပါလို့ ဂုဏ်ယူစွာ ဖြေလေ့ရှိပါတယ်။မြန်မာပြည်မှာ ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ပြီးနောက်ပိုင်း မလေး တက္ကစီသမားအချို့က ကျွန်မကို ဗုဒ္ဓဘာသာလားလို့မေးရင် ဟုတ်တယ်လို့ပဲ ဖြေပါတယ်။ မြန်မာတွေ မွတ်စလင်တွေကို သိပ်မုန်းသလားလို့ မေးလာတဲ့အခါ သူတို့နားလည်အောင် ကျွန်မတတ်နိုင်သလောက်တော့ ပြန်ဖြေခဲ့ပါတယ်။ မလေးရှားတရုတ် တက္ကစီးသမားတစ်ယောက်က ပြောဖူးပါတယ်။ ရိုဟင်ဂျာတစ်ယောက်ကို တွေ့တုန်းက မြန်မာပြည်ကို မပြန်ဘူးလားလို့မေးတော့ မပြန်ရဲဘူး ပြန်ရင် အသတ်ခံရလိမ့်မယ်လို့ ဖြေပါသတဲ့။ အကြောင်းအကျိုးကို သေချာမလေ့လာတဲ့ လူတွေရဲ့အမြင်မှာ မြန်မာတွေက လူသတ်သမားတွေနေတာကို စိတ်မကောင်းဖြစ်မိပါတယ်။ ဘာတတ်နိုင်မှာလဲ။ ကျွန်မကိုယ်တိုင်ရဲ့ အပြုအမူ အပြောအဆိုကြောင့် ဗုဒ္ဓသာသနာ ထွန်းကားတဲ့ မြန်မာပြည် သိက္ခာမကျရအောင် ဆင်ခြင်နေထိုင်ရုံပဲ တတ်နိုင်ပါတယ်။

မလေးရှားမှာ ကျွန်မက သူနာပြု၊ နည်းပြ အနေနဲ့ရော ဘွဲ့လွန်ကျောင်းသူအနေနဲ့ပါ ကျင်လည်ခဲ့ရတာမို့ ဆူကြုံနိမ့်မြင့် အလွှာပေါင်းစုံက လူနာတွေ၊ ငယ်ရွှယ်နုပျိုတဲ့ သူနာပြုကျောင်းသူလေးတွေ၊ ပညာတတ်အလွှာက လူတွေနဲ့ ထိတွေ့ဆက်ခံခွင့် ရခဲ့ပါတယ်။ အခြေခံလိုအပ်ချက်တွေ ပြည့်ပြည့်စုံစုံ ထောက်ပံ့မှုတွရကြတဲ့ မလေးအမျိုးသမီးလေးတွေ သူတို့ရိုးရာဝတ်စုံကို မြတ်မြတ်နိုးနိုး ၀တ်ဆင်တတ်ကြပြီး၊ အနေအထိုင် အပြောအဆို သိမ်မွေ့ကြပါတယ်။ မြန်မာမိန်းကလေးတွေသာ သူတို့လို အထောက်အပံ့ကောင်းတွေ ရကြရင် သူတို့ထက်ပိုယဉ်ပြီး၊ ထက်မြက်သော စွမ်းဆောင်ရှင် အမျိုးသမီးတွေ ဖြစ်ကြမှာလို့ တွေးမိပါတယ်။

ကွာလာလမ်ပူမှာ ကျွန်မကို ကူညီဖေးမခဲ့တဲ့ မလေးရှားနိုင်ငံသား ကျေးဇူးရှင်တွေ အများကြီး ရှိပါတယ်။ နေရာတကာမှာ အကောင်းနဲ့အဆိုး ဒွန်တွဲနေတတ်တာမို့ နှပ်ကွပ်ခံရ စိတ်ဆင်းရဲခဲ့ရတာတွေလည်း ရှိပါတယ်။ မြန်မာတွေ ရိုင်းတယ်ဆိုတာမျိုး အပြောမခံချင်လို့ အောင့်အင်းမျိုချ သည်းခံရတာတွေ ရှိပါတယ်။ အတွေ့အကြုံတွေကနေ နက်နက်နဲနဲ အသိလေးတစ်ခုတော့ ရလိုက်ပါတယ်။ သူတော်ကောင်းစိတ် ရှိသူတွေနဲ့ ကြုံဆုံရတဲ့အခါ စိတ်ဓာတ်အင်အားတွေ တက်လာတယ်၊ မိမိကိုယ်ကိုနဲ့ လူတွေအပေါ် ယုံကြည်မှုတွေတိုးလာပြီး၊ အကောင်းမြင်စိတ်တွေ ဖြစ်လာပါတယ်။ မသူတော်တွေနဲ့ ကြုံရတဲ့အခါမှာတော့ ဆန့်ကျင်ဖက်တွေ ဖြစ်သွားပါတယ်။ တကယ်ပဲ စိတ်ဓာတ်အင်းအားနဲ့ ယုံကြည်မှုတွေကို ကျဆင်းစေပါတယ်။

ကျွန်မကို ကူညီဖေးမကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတန်းဖော်သူငယ်ချင်းတွေဟာ မလေး၊တရုတ်နဲ့ အင်ဒီယန်း လူမျိုးစုံပါတယ်။ မွတ်စလင်ဘာသာဝင် မလေးလူမျိုးတွေ အများစု စိတ်သဘောထား နူးညံ့ကြပြီး၊ ခင်မင်စရာ ကောင်းပါတယ်။ အမျိုးကို သိပ်ချစ်တဲ့ သူတို့ရဲ့ ကျဉ်းမြောင်းသော မျိုးချစ်စိတ်ဓာတ်ကိုတော့ ကျွန်မသဘောမကျပါဘူး။ မလေးလူမျိုးနဲ့ မွတ်စလင်တွေကို သာသာထိုးထိုး အခွင့်အရေးပေးထာတဲ့ မလေးရှားမှာ လူ့အခွင့်အရေးကို နိုင်ငံသားတိုင်း တန်းညီမျှ ခံစားခွင့်မရကြပါ။ ဘာသာခြား နိုင်ငံခြားသားများ အတွက်တော့ ပြောနေစရာကို မလိုတော့ပါ။ မွတ်စလင်နဲ့ လက်ထပ်ရင် မွတ်စလင်ဘာသာကို ပြောင်းရတယ်ဆိုတာ မလေးရှားက တည်ဆဲဥပဒေ တစ်ခုပါ။ အစိုးရဌာနတွေမှာ မွတ်စလင်ဖြစ်မှသာ အကြီးအကဲဖြစ်ခွင့်ရှိတဲ့ မလေးရှားနိုင်ငံဟာ စစ်မှန်သော ဒီမိုကရေစီ ထွန်းကားတဲ့ တိုင်းပြည်မဟုတ်ပါ။ တရားမျှတမရှိ လွတ်လပ်စွာ ပြောဆိုဝေဖန်ခွင့်မရှိသော တိုင်းပြည်မှာ ကျင့်သုံးတဲ့ ဥပဒေမျိုးကို အတုယူပြီး၊ မြန်မာပြည်မှာ ဥပဒေအသစ်တွေ ပြဌာန်းချင်ကြတာကို ကျွန်မ အားမပေးလိုပါဘူး။  အသက်သာ အသေခံသွားမယ် ရတနာသုံးပါးကို ဘယ်တော့မှ မစွန့်ဘူးဆိုတဲ့ အသိစိတ်နဲ့ နှလုံးသားမှာ သာသနာတံဆိပ် ခပ်တာမျိုးကိုပဲ အားပေးချင်ပါတယ်။

လူအများစု လူမျိုးစွဲ ဘာသာစွဲ မကင်းနိုင်ကြသူတွေမို့ မလေးရှားက တရုတ်ဗုဒ္ဓဘာသာဝင်တွေက ကျွန်မကို ချစ်ခင်ကြပါတယ်။ မလေးရှားမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာကို ကြည်ညိုမှီခိုတဲ့ တရုတ်တွေရှိနေတာကို ကျေနပ်မိပါတယ်။ ဘုရားကျောင်းကန် များများမရှိပေမဲ့ ကုသိုလ်အလုပ်ကို အပြောလျှော့ပြီး၊ လက်တွေ့လုပ်တတ်တဲ့ အကျင့်တွေကို ကျွန်မသဘောကျပါတယ်။ မြန်မာပြည်မှာ အဓိကရုဏ်းတွေ မကြာခဏ ဖြစ်နေတာကို သူတို့ဘ၀င်မကျ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး ဘာလို့ ရန်ကိုရန်နဲ့ တုန်ပြန်ကြသလဲလို့ အပြစ်တင်ပါတယ်။ ဗုဒ္ဓသာသနာစစ်စစ် ထွန်းကားတဲ့ မြန်မာပြည်ရဲ့ ဂုဏ်သတင်း မညှိုးနွမ်းစေချင်တဲ့ သူတို့ရဲ့ စေတာနာကို ကျွန်မ ခံစားနားလည်နိုင်ပါတယ်။

မြန်မာပြည်ကို ရောက်ဖူးတဲ့ မလေးရှားတရုတ် ဗုဒ္ဓဘာသာဝင် သူနာပြုအုပ်တစ်ယောက်က ကျွန်မကို ပြောပါတယ်။ မြန်မာပြည်မှာ ရဟန်းကျင့်ဝတ်အတိုင်း မနေတဲ့ အသက်ငယ်ငယ် ဘုန်းကြီးတွေ အများကြီးရှိနေတာကို သူသဘောမကျဘူးလို့ ပွင့်ပွင့်လင်းလင်း ဝေဖန်ပါတယ်။ တိုင်းပြည်အတွက် အလုပ်တွေလုပ်နိုင်တဲ့ အရွယ်မှာ ဆင်းရဲတဲ့ ပြည်သူတွေရဲ့ လှုဒါန်းထောက်ပံ့မှုကို ယူနေပြီး သာသနာနဲ့ မဆိုင်တဲ့အလုပ်တွေ လုပ်နေတာ မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။ (သာသနာတော်အတွက် တကယ်အချိန်ပေး ကြိုးပမ်းနေကြသော သံဃာတော်များကို ဝေဖန်ခြင်း မဟုတ်ပါ။) လူ့ဘောင်ထက်မြတ်တဲ့ ရဟန်းဘောင်မှာနေရင် မြင့်မြတ်သန့်စင်သော ၀ိနည်းကျင့်ဝတ် အတိုင်းနေတာမျိုးပဲ ဖြစ်စေချင်တာမို့ သူနာပြုအုပ် ဝေဖန်တာ မလွန်ဘူးလို့ ကျွန်မ ယူဆပါတယ်။ သူများဘာသာကို အပြစ်ရှာ ရှုတ်ချမဲ့အစား၊ ကိုယ့်ဘာသာ သာသနာ သန့်ရှင်းစေဖို့နဲ့ ကိုယ့်ကိုကိုယ် ပြန်ကြည့်တတ်ပြီး ပိုကောင်းအောင် ပြုပြင်နိုင်ဖို့ အရေးကြီးတယ် မဟုတ်လား။

အယူအဆ အမျိုးမျိုးနဲ့ လူမျိုးပေါင်းစုံရှိတဲ့ ကွာလာလမ်ပူမှာ နေနေရင်း  မလေးရှားရဲ့ အုပ်ချုပ်ရေး မြို့တော်ဖြစ်တဲ့ ပူထရွာဂျာယာ (Putrajaya) က ကျွန်မသူငယ်ချင်းနေတဲ့ ၀န်ထမ်းအိမ်ရာမှာ ကျူးကျူးကျော်ကျော် သွားနေဖူးပါတယ်။ သူငယ်ချင်းဆိုပေမဲ့ ကျွန်မထက် ဆယ်နှစ်ကျော်လောက် စီနီယာကျတဲ့ တရုတ်ဗုဒ္ဓဘာသာ၊ သူနာပြုအုပ် တစ်ယောက်ပါ။ သူ့အိမ်မှာနေရတာ တော်တော်လေးကို ဇိမ်ကျပါတယ်။ သူများအစိုးရတွေ ၀န်ထမ်းတွေကို လစာလုံလောက်အောင်ပေးပြီး၊ လူလိုသူလို နေရအောင် ထောက်ပံ့ပေးထားကို အားကျမိပါတယ်။ အရင်က စာမေးပွဲနီးရင် သူ့အိမ်မှာ စာသွားဖတ်တယ်။ ကျွန်မငှားနေတဲ့ အိမ်မှာရေပျက်ရင် သူအိမ်ခဏသွားနေပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းက ကျွန်မရဲ့ သုတေသန စာတမ်းအတွက် ပူချွန်းကို နေ့တိုင်းမနက်စောစော သွားရမှာမို့ သူ့အိမ်မှာ တစ်လသွားနေခဲ့ပါတယ်။ ပူထရာဂျာယာကနေ ပူချွန်းကို သွားရတာ ပိုလွယ်ပြီး၊ အချိန်ကုန် သက်သာလို့ပါ။ လေးပတ်တိတိ မနက်တိုင်း ပူထရာဂျာယာ မြို့ပတ်ကားကိုစီးရင်း သာယာသောရှူခင်းတွေကို မြင်ရတာ ဝေဒနာတွေ ပိုတိုးလာပါတယ်။ သူ့မြေ သာယာတာကို မုဒိတာစိတ်ဖြစ်ပါတယ်။ ကိုယ့်မြေမှာ သာယာမှုတွေဆိတ်သုန်းနေပြီး၊ တည်ငြိမ်မှုမရှိတဲ့ အခြေအနေ၊ ကိုယ်တိုင်လည်း ပြည်တော်ပြန်ဖို့ စိတ်ကူးမယဉ်နိုင်တဲ့ အခြေအနေကို တွေးပြီးစိတ်မကောင်းလည်း ဖြစ်မိပါတယ်။

ကွာလာလမ်ပူမှာ နှစ်တွေအကြာကြီးနေရင်းက မြို့ပြရဲ့ အဓိပါယ်ကို ကျွန်မ သိလာခဲ့ပါတယ်။ မြို့ပြက ပကာသန အဆောင်အယောင်တွေက လူတွေကိုလှည့်စားတတ်သလို၊ လူတွေရဲ့ ရိုးသားဖြူစင်မှုကို အရောင်ပြောင်းပေးတယ်။ စိတ်တွေကို ကယောင်ချောက်ခြား ဖြစ်စေပါတယ်။ ဒါပေမဲ့လည်း မြို့ပြက လူမှုဆက်ဆံရေး နယ်ပယ်ကျယ်ဝန်းတဲ့အတွက် လူမှုဗဟုသုတလည်း များများရပါတယ်။ လူတွေအကြောင်း ပိုသိလာရပြီး၊ မတူညီကွဲပြားသူတွေဆီက အသိအမြင်သစ်တွေကို ရစေပါတယ်။ အရာရာတိုင်းကို သင်ယူစရာ အတွေ့အကြုံတွေပဲလို့ သဘောထားမယ်ဆိုရင် ကွာလာလမ်ပူမှာ နေထိုင်ခဲ့တဲ့ နေ့ရက်တွေဟာ ကျွန်မဘ၀အတွက် အရေးပါသော အချိန်ကာတွေ ဖြစ်ပါနေလိမ့်မယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

၁၂၊၀၇၊၂၀၁၄။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, ရေခြားမြေခြား မြန်မာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်