အရှင်ဝိသုဒ္ဓ (သုတေသီ) – စာဖတ်စေချင်တယ်ဆိုရင်

July 21, 2014

အရှင်ဝိသုဒ္ဓ (သုတေသီ) – စာဖတ်စေချင်တယ်ဆိုရင်

ဇူလိုင် ၂၁၊ ၂၀၁၄

ဒီတစ်ခေါက် ရွာပြန်ရောက်တော့ ဦးကြီး တစ်ယောက်အိမ် အလည်သွားရင်း သားတော်မောင် မတွေ့ပါလားလို့ မေးကြည့်တဲ့အခါ ဦးကြီးလုပ်သူက စိတ်ပျက်တဲ့လေသံနဲ့ ဟိုနားဒီနားသွားထင်ပါရဲ့ဘုရားတဲ့။ တစ်ခါတစ်ခါ တော့လည်း ဖဲဝိုင်းသွားသလား မပြောတတ်ပါဘူးတဲ့။ ညီတော်မောင်ကို တွေ့တဲ့အခါမေးကြည့်တော့ ဘာမှလုပ်စရာမရှိတော့လည်း ပျင်းတယ်ဘုရားတဲ့။ အဲဒါလေးနဲ့ဘဲ အပျင်းဖြေရတယ်တဲ့။ အရက်ဆိုင်လည်း မသွားချင်ဘူးတဲ့။ ကဲ ဘာတတ်နိုင်သေး။ အရက်ဆိုင်မသွားသေးတာကိုဘဲ ချီးကျူးရတော့မပေါ့။

ရွာ့ကျက်သရေဆောင် အရက်ဆိုင်ကလဲ ရွာထိပ်မှာတင်။ လိုင်စင်ရှိ မရှိတော့ မသိ။ လူနေခွင့် လန မရှိသည် ကတော့သေချာသည်။ အမြန်ကားလမ်းဘေး ဥပစာမှာမို့ဖြစ်သည်။ ကားလမ်းဘေးမှာ အလှူရှင်တစ်ဦး ဆောက်ထားတဲ့ ဇရပ်ဘေးမှာ ကွမ်းယာဆိုင်လေးဖွင့်ရင်းကနေ တဖြည်းဖြည်း တိုးချဲ့လာလိုက်တာ ခုဆို အများတကာ ကားစောင့်ရင်း နားနေ တည်းခိုဘို့ ဆောက်ထားတဲ့ ဇရပ်က သူ့အရက်ဆိုင်အတွက်ဖြစ်နေပြီ။ ဇယ်တောက်ခုံပါ ထောင်ထားပေးတော့ သူ့ဆိုင်မှာ နေရော ညပါ လူကမပြတ်။ သူ့ဆိုင်မှာ လူမပြတ်တော့ ရွာလူငယ်တွေရဲ့ အကျင့်စာရိတ္တက ပျက်စီးဘို့ ပိုလွယ်နေသည်။ သက်ဆိုင်ရာတာဝန်ရှိသူတွေကလည်း သူများစီးပွားရေး မဖျက်ဆီးကောင်းဘူးထင်လို့နဲ့ တူပါရဲ့။ ဘယ်သူမှ ပြောဟန်မတူ။ မပြောတာလား မပြောချင်အောင် ပသထားတာလားတော့မသိ။

တောသူတောင်သား လုပ်ငန်းပါးတဲ့အချိန် ဟုတ်ဟုတ်ညားညား လုပ်စရာမရှိ။ အချိန်အား များစွာရှိနေသည်။ ထိုအချိန်များကို ဘယ်လိုအသုံးချရမည်ဆိုတာကို သူတို့မသိ။ မသိတာလား အသုံးချဘို့နေရာ မရှိတာလား။ စဉ်းစားစရာ။ ဆိုပါစို့ စာရေးသူတို့ ငယ်စဉ်က ရွာနှစ်ရွာရဲ့အလယ်မှာ ဘောလီဘောပိုက်ရှိသည်။ အလုပ်ပါးတဲ့အချိန်ဆို ရွာရှိကာလသားတွေ ဘောလီဘောပုတ်။ ခြင်းခတ်နဲ့ အမြဲစည်ကားနေသည်။ ထိုအချိန်တုံးကဆိုလျှင် ရွာကနေ ခရိုင်အဆင့် တိုင်းအဆင့် လက်ရွေးစဉ် ဘောလီဘော သမားတွေတောင် ရှိခဲ့ဘူးသည်။
ခုတော့အဲဒီကွက်လပ်က လူနေအိမ်တွေ ရောက်လာလို့ အားကစားကွင်း ပျောက်သွားပြီ။  ကစားစရာ နေရာကျယ်ကျယ်မရှိတော့ ရှိတဲ့နေရာနဲ့ အဆင်ပြေတဲ့ ကစားနည်းတွေက အစားဝင်လာတော့သည်။ ဒိုးဇက်။ ဇယ်တောက်ခုံ။ ဂျင်ဝိုင်း၊ ဖဲဝိုင်း။ အစကတော့ ကြိတ်ဝိုင်းလေးပါဘဲ။ နောက်တော့ လိုင်စင်ရ၀ိုင်းလို ဖြစ်လာတော့သည်။ ထိုအားကစားနည်းတွေက မွေးထုတ်ပေးထားတဲ့ အားကစားသမားတွေနဲ့ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ၀င်ပြိုင်တဲ့အခါ တစ်နိုင်ငံလုံး ဘယ်လိုခံစားခဲ့ရတယ်ဆိုတာ ထူးပြီးပြောနေဘို့မလို။

အရင်ကတော့ ဂျင်ဝိုင်း ဖဲဝိုင်းဆိုတာမရှိမဟုတ်။ ရှိသည်။ သို့သော် ရွာထဲမှာမဟုတ်။ ရွာထဲမလုပ်ရဲကြ။ ရွာနဲ့ ခပ်ဝေးဝေးမှာ တိုးတိုးတိတ်တိတ် ကြိတ်ပွဲလေးတွေလုပ်ကြရသည်။ ခုတော့ ကိုယ့်နီးစပ်ရာရာ အစုအစုလေးတွေနဲ့ ပေါ်တင်ဖြစ်သည်။ အပျင်းပြေတဲ့။

”မင်းတို့အပျင်းပြေက အလကားကြေးလား”ဆိုတော့ “အာ ဦးဇင်းကလည်း အလကားကြေးဆို  ၀ိုင်းက ဘယ်အသက်ဝင်မလဲ”တဲ့။

“မင်းတို့ အားတဲ့အချိန် စာဖတ်ပေါ့ကွ။ စာဖတ်တာ ၀ါသနာမပါဘူးလား။ စာမဖတ်ကြဘူးလား”ဆိုတော့ “အာ ဦးဇင်းကလည်း စာဖတ်တာက ထမင်းစားဘို့ ရတာမှ မဟုတ်ဘဲ။ ဖဲကမှ နိုင်ရင် မျိုးမျိုးမြတ်မြတ်လေး စားရသေးသတဲ့။ စာဖတ်နေမယ့်အစား နှစ်လုံး သုံးလုံး ကလင်ဒါ ကြည့်တာကမှ ဂွင်ကောင်းတွေ့ရင် ဘ၀ ပြောင်းနိုင်သေး”တဲ့။

“ဟ နှစ်လုံး သုံးလုံးတွေ စီမံချက်နဲ့ ဖမ်းတာ ဒို့ဘက်တွေ မရောက်ဘူးလား”ဆိုတော့ “စီမံချက်က တစ်ခါတစ်ခါ လာပါတယ်။ စီမံချက်လာမယ်ဆိုတာ ကြိုသိရတယ်။ အဲဒီသူတို့စီမံချက်လာမယ့်နေ့ ချဲဒိုင်က ရွာထဲမှာ မထိုင်တော့ဘဲ ဘုန်းကြီးကျောင်းမှာ သွားထိုင်တယ်၊၊ ဘုန်းကြီးကျောင်းဆိုတော့ တော်တော်တန်တန် မ၀င်ကြဘူး”တဲ့။

စာရေးသူ တော်တော် စိတ်လေသွားသည်။

ရွာကနေပညာကြိုးစားလို့ မြို့မှာအထိုက်အလျောက် အောင်မြင်နေသည့် ရွာသားတွေ စာရေးသူဆီ လာနှုတ်ဆက်ကြတော့ပြောကြည့်သည်။

“ဒို့ တစ်ခုခု လုပ်ပေးသင့်တယ်။ ဘာလုပ်ပေးသင့်တယ်ထင်လဲ။ ရွာသားတွေ ဖတ်ဘို့ စာကြည့်တိုက်လုပ်ပေးရရင် ကောင်းမလားလို့။” ဆိုတော့

“ဦးဇင်းကလည်း စာကြည့်တိုက်က နိုင်ငံတော် စီမံကိန်းနဲ့ လာဖွင့်ထားတာ ရှိတယ်လေ”တဲ့။

“ဟေ။ ကိုယ်ကလည်း ကိုယ့်ရွာနဲ့ အဲလောက် အဆက်အသွယ်တွေရှိနေသည်။ ဘယ်မှာတုံး ပြောသံမကြားပါလား”ဆိုတော့။

“လမ်းဘေးမှာ ဦးဇင်း”တဲ့ “ဒါပေမယ့် စာကြည့်တိုက်ခတ်တဲ့သော့က ဖွင့်တောင်ရပါအုံးမလား မသိဘူး”တဲ့။

“အေ ။ ဘာတတ်နိုင်သေး။ မလွယ်ဘူး ဘုရားတဲ့။ လူငယ်တွေကလည်း စာမဖတ်ကြဘူး။ လူကြီးတွေကလည်း ဘာမှမလုပ်ဘဲ စာဘဲဖတ်နေရင် မကြိုက်ကြဘူး”တဲ့။

ခက်ခြေပြီ။ ဒီအတိုင်းသာ ရှေ့ဆက်သွားလို့ကတော့ ဆင်းရဲနွမ်းပါမှု လျှော့ချရေး ပညာအရည်အသွေး တိုးတက်ရေး ဘာရေး ညာရေး ဘယ်သူတွေ ဘယ်လောက် အသံကောင်းပေးပေး ကိုယ့်ရွာကတော့ ကျန်ရစ်ဖြစ်မှာ သေချာသည်။

စာရေးသူ စဉ်းစားနေမိသည်။ ကိုယ်လည်းဘဲ အထိုက်အလျောက်စွမ်းနိုင်လာပြီ။ တိုင်းပြု ပြည်ပြု မဟုတ်တောင် အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်ဖြစ် ကိုယ်နိုင်ရာဝန်ကို ထမ်းသင့်ပြီ။ ထမ်းတော့မည်။ ဘယ်ကစ၍ ဘာလုပ်ရပါ့။ ဘာလုပ်ပေးရရင် ကောင်းမလဲဆိုတဲ့ အတွေး တွေးနေမိသည်။
ဟုတ်သည်။ ငယ်ငယ်လေးထဲက ရွာသားစုပြီးဆောက်ပေးထားတဲ့ ကျောင်းမှာနေ။ ရွာသားတွေ ပို့လှူတဲ့ ဆွမ်းကိုစား။ ရွာသားတွေ တတ်နိုင်သလောက် လှူကြတန်းကြတာလေးတွေစု စရိတ်လုပ်ပြီး မြို့တက်ပညာသင်လို့ အထိုက်အလျောက် အရာထင်လာပြီ။ ခုချိန်ထိ ရွာကိုပြန်ပြီး ဟုတ်တိပတ်တိ ထိထိမိမိ ကျေးဇူးပြုဘူးတာ ဘာမှမရှိသေး။ ကိုယ်နိုင်သမျှလေးနဲ့ အများအကျိုးရှိရာကို ဆောင်ရွက်သင့်သည်။ ဆောင်ရွက်တော့မည်။ ဘာလုပ်သင့်လဲ။ ဘာလုပ်ရရင် ကောင်းမလဲ။

ဆိုတော့ ရှိပြီးသားဖြစ်သည့် စာကြည့်တိုက်ထဲကို စာအုပ်ကောင်းတွေ တတ်နိုင်သလောက် ၀ယ်ထည့်ပေးရရင် ကောင်းမလား။ ထို့အတွက်တော့ မခဲယဉ်းလှ။ နောက် ငွေကြေးတတ်နိုင်တဲ့ စေတနာရှင်တွေကို စည်းရုံးပြီး လှူခိုင်းဘို့လည်း ခဲယဉ်းမည်မဟုတ်။ ခဲယဉ်းတာက စာအုပ်ကောင်းတွေ မြောက်မြားစွာထားသည့် စာကြည့်တိုက်သော့ သံချေးမတက်အောင်လုပ်ပေးဘို့။ ပင့်ကူမျှင်တွေ ဖုန်တွေထဲ စာအုပ်တွေ မနေရစေဘို့။ ထိုအရာက တော်တော်ခဲယဉ်းသည့်ကိစ္စ။

ထိုသို့ မဖြစ်အောင် သက်သက်အချိန်ပေး ကိုယ်ရော စိတ်ပါ နှစ်ပြီး လုပ်ပေးနိုင်တဲ့ ၀ါသနာရှင် စေတနာရှင် စာကြည့်တိုက်မှူးလိုသည်။ ကျောက်ဆယ်နယ်က ရွာတစ်ရွာမှာ စာရေးသူ၏ အကိုဝမ်းကွဲတော်သူ ဦးစီးပြီး စာကြည့်တိုက်ဖွင့်သည်။ စာကြည့်တိုက် အသက်ဝင်စေရန် စကားရည်လုပွဲတွေ ဘာတွေလုပ်ပေးဘူးသည်။ အစ တစ်နှစ် နှစ်နှစ်တော့ ဟုတ်သည်။ နောက်တော့ အနီးကပ် ကြီးကြပ်ဦးစီးနိုင်မည့်သူ မရှိသည့်အတွက် စာကြည့်တိုက်သည် အေးစက်သွားပြီဟူ၏။
စာရေးသူတွေ့ခဲ့ဘူးသော ကြံခင်းမြို့မှ နိုင်ငံ့သားကောင်း တစ်ဦးကတော့ သူတတ်နိုင်သလောက် စာအုပ်တွေဝယ်၊ စက်ဘီးခြင်းထဲထည့်။ တစ်အိမ်ဆင်း တစ်အိမ်တက် စာအုပ်တွေ အခမဲ့ လိုက်ငှား။ ဒီစာအုပ် ဘယ်လို ကောင်းကြောင်း ဟိမ၀န္တာချီးမွမ်းခန်းဖွင့်ပြီး တစ်ပါတ် တစ်ခါ အလဲအလှည်လုပ်ပေးသည်။ နောက်ပိုင်း သူ့ရဲ့ အကျိုးပြုလုပ်ငန်းက အတော်အောင်မြင်လာသည်ဆို၏။

ထိုသို့သော နိုင်ငံ၏သားကောင်းရတနာများ ရှိရင် ဆရာ ဟာဂျူလီ(ကသာ) ၏ အင်မတန်ကောင်းပြီး ဖြစ်နိုင်ခြေကစဘို့ အကြံပေးထားသော “ချင် တတ်စေချင်လွန်းလို့”  ဆောင်းပါးမှာ ပြောတဲ့နည်းများဖြင့် လူငယ်တွေ စည်းရုံးဘို့ဖြစ်နိုင်သည်။ သို့သော် ထိုသို့သော စာကြည့်တိုက်မှူးမျိုး ၀ါသနာရှင်မျိုးဆိုသည်မှာလည်း စာရေးသူတို့၏ မဟာပညာကျော် ရွာဆော်တွေကြားမှာ ရှာမှရှား။ ကိုယ်ကိုယ်တိုင်ကလည်း တစ်နှစ်မှ တစ်ခေါက်လောက် ရွာကိုပြန်။ တစ်ခေါက်လဲ အလွန်ဆုံးနေလှ တစ်ပါတ်။ ဆိုတော့ ထိုနည်းလမ်းသည် စာရေးသူတို့ ရွာအတွက်တော့ မဟန်ပြန်။

ထိုသို့ တောင်တောင် အီအီတွေးရင်း လက်တွေ့ကျပြီး ဖြစ်နိုင်ခြေရှိသော အတိုင်းတာတစ်ခုနဲ့ စလုပ်ဘို့ စိတ်ကူးရသည်။ လက်ရှိ အရွယ်ရောက်ပြီး ရွာသူရွာသားတွေရဲ့စိတ်ထဲမှာ စာဖတ်လိုစိတ် သွင်းပေးဘို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စဖြစ်သွားပြီ။ ဒီတော့ ဖြစ်နိုင်တဲ့အတိုင်းအတာက စပြီး အကောင် အထည်ဖော်မည်။

စာရေးသူတို့ ရွာမှာ မူလတန်းကျောင်းရှိသည်။ ရွာထဲမှာ ကျောင်းမနေရတဲ့သူလည်း မရှိသလောက်။  စာရေးသူရဲ့ တားဂတ် ဦးတည်ချက်က မူလတန်း ကျောင်းသားလေးတွေကိုဘဲဖြစ်သည်။ ကျောင်းက ဆရာ ဆရာမတွေကို စိတ်ပါအောင်စည်းရုံးပြီး ကလေးတွေ စာဖတ်ဖြစ်အောင် တိုက်တွန်းခိုင်းရမည်။ ဆယ်စုနှစ်တစ်ခုလောက်ဆိုရင် စာရေးသူ၏ စီမံကိန်းသည် အောင်မြင်သော အသီးအပွင့်တွေ ဖူးပွင့်လာမည်ဟု မုချ ယုံကြည်သည်။

ထိုသို့သော စိတ်ကူးကိုရင်ဝယ်ပိုက်၍ ကျောင်းအုပ်ဆရာမကြီးနဲ့ တွေ့လိုက်သည်။

“ဦးဇင်းအနေနဲ့ ရွာမူလတန်းကျောင်းမှာ တစ်ခုခု လုပ်ပေးချင်ပါတယ် ဘာလုပ်ပေးရရင် ကောင်းမလဲ”လို့ မေးကြည့်တော့ “သူတို့ကျောင်းမှာ ရေ အခက်ခဲဖြစ်နေပါတယ်”တဲ့။ “ဖြစ်နိုင်ရင် ရေတွင်းနဲ့ ရေစုပ်စက်လေး ရချင်တယ်”လို့ဆိုသည်။

တိုက်တိုက်ဆိုင်ဆိုင် မြို့ရောက်နေတဲ့ ရွာသားတွေ ကိုယ့်ရှေ့မှာ တိုင်ပင်နေကြတာက ရွာမူလတန်းကျောင်း ထွက်တွေစုပြီး လိုအပ်တာလုပ်ပေးမယ်ဆိုတဲ့ အစီအစဉ်ကို ကိုယ်ကသိထားတော့ ပြောအားရှိသွားသည်။ “အဲဒီကိစ္စကို ကျောင်းသားဟောင်းတွေ အစီစဉ်ရှိတယ် ဆရာမကြီးလို့။ စောင့်ကြည့်လိုက်ပါ။ သူတို့အဖွဲ့တွေ လုပ်ပါလိမ့်မယ်။ မလုပ်ခဲ့ရင် ဦးဇင်းလုပ်ပေးပါမယ့်” လို့ အာမခံပြီး ကိုယ်ပြောချင်တာရောက်အောင်ပြောပြသည်။

“ဦးဇင်းစဉ်းစားမိတာဗျာ” လို့ “ဆရာမကြီးတို့ အနေနဲ့ ဘယ်လိုသဘောရှိလဲလို့။ ခုရွာရှိ လူငယ် လူရွယ်တွေ အရွယ်ရောက်ပြီးတဲ့သူတွေဟာ ဦးဇင်းသိသလောက်တော့ စာဖတ်တဲ့သူ အင်မတန်နည်းတယ်။ သူတို့အားလပ်ချိန်ကို လောင်းကစားနဲ့ ဖြုန်းပစ်ကြတယ်။ နဂိုကတော့ ဘောလီဘောကွင်းရှိတော့ အဲဒီမှာလူစုကြတယ်။ ခု အဲဒီကစားကွင်းကို လူနေအိမ်တွေရောက်လာလို့ အားကစားလုပ်တာလဲ ပျောက်သွားပြီ။ ဒီတော့ ယောက်ျားလေးတွေက ဖဲရိုက် ဒိုးဆက် ဇယ်တောက်ခုံ အရက်ဆိုင်နဲ့ အချိန်ကုန်။ မိန်းကလေးတွေက ကိုရီးယားကားနဲ့ အချိန်ကုန်။ သူတို့တွေစာအုပ်ဖတ်ရ ကောင်းမှန်းမသိတော့ဘူး။ သူတို့ကိုလည်း ခုချိန်မှ စာဖတ်ဘို့ တိုက်တွန်းနေလို့လည်း မလွယ်တော့ဘူး။ ဒီတော့ ဦးဇင်းအနေနဲ့ မူလတန်းကျောင်းသားရွယ် ကလေးဘ၀ထဲက စာဖတ်တဲ့ အလေ့အကျင့်လေး ပြုစု ပျိုးထောင် ပေးလိုက်မယ်ဆိုရင် သူတို့ကြီးလာတဲ့အခါ အထူးတိုက်တွန်း စရာမလိုဘဲ သူဟာသူ ရှာဖတ်တတ်တဲ့ အလေ့အကျင့်ရမယ်လို့  ယုံကြည်နေတယ်။ …”

“အဲဒီအတွက် ဦးဇင်းအနေနဲ့ ကလေးတွေနဲ့ သင့်လျော်မယ့် ရွှေသွေးတို့ တေဇတို့လို အပတ်စဉ် လစဉ်ထုတ် စာစောင်လေးတွေ အပတ်စဉ် လစဉ် တင်ပေးမယ်။ ဆရာမကြီးတို့က အဲဒါလေးကို ကျောင်းမှာ ထိန်းသိမ်းစောင့်ရှောက်ပေးစေချင်တယ်။ နောက်ဖတ်ဖြစ်အောင် တစ်ပတ်မှာ တရက်၊ တစ်ရက်မှာ စာသင်ချိန် တစ်ချိန် လျှော့ပြီး စာဖတ်ချိန်လို့ လုပ်ပေးရင်၊ နောက် ဆရာမ တစ်ယောက်ယောက် သို့မဟုတ် ကျောင်းသားတစ်ယောက်ယောက်က ဖတ်ပြ ကျန်တဲ့ ကျောင်းသားတွေက ၀ိုင်းနားထောင်၊ အဲလိုမျိုးလုပ်ပေးရင် ဖြစ်နိုင်မလား”ဆိုတော့

“ ဖြစ်နိုင်ပါတယ်။ အဲဒါကောင်းတဲ့ အစီစဉ်ပါဘုရားတဲ့။ ကလေးတွေက အရုပ်ပါရင် အားတက်သရောဖတ်တယ်ဘုရားတဲ့။ ကျောင်းမှာ ယူနီဆက်ကပေးထားတဲ့ စာအုပ်လေးတွေရှိတယ်။ အဲဒါ ကလေးတွေက ခဏခဏယူယူ ဖတ်လွန်းလို့ တပည့်တော်တို့ကလည်း အထက်က လာစစ်တဲ့အခါမှာ စုတ်ပြဲနေရင် ထောင်းခံရမှာစိုးလို့ သိမ်းသိမ်းထားရတယ်တဲ့။ ကလေးကတော့ အရုပ်ပါရင် တပည့်တော်တို့တောင် တိုက်တွန်းစရာမလိုဘူးတဲ့ သူ့ဟာသူဖတ်မှာ သေချာတယ်ဘုရား”တဲ့။

ဟုတ်ပြီ ဒီလိုဆို စာအုပ်သိမ်းဘို့ ဗီဒိုလေးတစ်လုံး သို့ စာအုပ်စဉ်လေးတစ်ခုဘဲ လိုမယ်။ ကျန်တာတွေကို လစဉ်ဝယ်ပေးဘို့ စီစဉ်ပေးခဲ့မယ်လို့ ပြောပြီး ပထမဦးဆုံး အနေနဲ့ ကလေးစာအုပ်လေးတွေ တစ်သိန်းဘိုး လောက်ဝယ်တင်ပေးခဲ့သည်။ ကျောင်းသားလေးတွေရဲ့ စိတ်ထဲမှာ အပတ်စဉ် လစဉ် ထွက်မယ့်ရက်ကို မျှော်တတ်နေအောင် အသစ်အသစ် စာစောင်တွေကို အပတ်စဉ် လစဉ် မပြတ်အောင် ၀ယ်တင်ပေးဘို့ သေချာ မှာခဲ့သည်။

ရွှေသွေး၊ ပုတတ်၊ ယဉ်ကျေးလိမ္မာ ဂျာနယ်သုံးစောင်က တစ်ပတ်တစ်ကြိမ်ထွက်သည်။ ကစ်ဇုံဆိုသည့် စာစောင်က နှစ်ပါတ် တစ်ကြိမ်ထုတ်သည်။ အားလုံးကို စုပြီး အပါတ်စဉ် တနင်္လာနေ့တိုင်း ဆိုင်သွားယူရသည်။ လစဉ် စာစောင်ဘိုး ကုန်ကျငွေ သောင်းဂဏန်းခန့်သာရှိသည်။ ပထမဆုံး  ခြေတစ်လှမ်းကို မူလတန်းကျောင်းကနေ စလှမ်းလိုက်သည့် သဘောဖြစ်သည်။ အလယ်တန်းကျောင်း နှင့် အထက်တန်း ကျောင်းများကတော့ နဲနဲအလှမ်းဝေးနေသေး၍ ရှိစေဦး။ ဦးကျော်သူစကားကို ငှားပြီးပြောထားဦးမည်။ ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်ပေါ့။

လောလောဆယ်တော့ ကိုယ်လက်လှမ်းမီတဲ့ မူလတန်းကျောင်းလေးမှာဘဲ ကိုယ်လုပ်နိုင်သလောက် အတိုင်းအတာနဲ့ စာပေ မျိုးစေ့လေးတွေ စိုက်ပျိုးလိုက်အုံးမည်။  ကိုယ်နဲ့ နီးစပ်တဲ့ စွမ်းနိုင်သူတွေကိုလည်း မူလတန်းကျောင်းတွေမှာ စာပေမျိုးစေ့လေးတွေ စိုက်ပျိုးကြအောင် တိုက်တွန်းအုံးမည်။ မကြာမကြာ ဖုန်းဆက်ပြီး မေးကြည့်သည်။ ကလေးတွေ ထင်မှတ်ထားသည်ထက်တောင် ပို၍ဖတ်ကြသည်ဟူ၏။ ပီတိဖြစ်ရပါသည်။ မြန်မာတစ်နိုင်ငံလုံးရှိ မူလတန်းကျောင်းတိုင်းသာ ဒီလို စီစဉ်ပေးနိုင်မည်ဆိုလျှင် နောက်ဆယ်စုနှစ် နှစ်ခု သုံးခု ကြာသည့်အခါ ကမ္ဘာ့ စာအဖတ်ဆုံးနိုင်ငံတွေ စာရင်းထဲများ ပါနိုင်လေမလား မသိ။

အရှင်ဝိသုဒ္ဓ (သုတေသီ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အတွေးအမြင်, ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်