ကိုသန်းလွင် – ဘွဲ့ယူစာတမ်း

July 26, 2014

– ဘွဲ့ယူစာတမ်း
ဇူလိုင် ၂၆၊ ၂၀၁၄

(၁)

၁၉၇၅ ခုကျွန်တော်ပဉ္စမနှစ်အရောက်မှာ အင်ဂျင်နီယာဘွဲ့ အတွက်ဘွဲ့ယူ စာတမ်းပြုစုကြရမည်ဟု စံနစ်ကို ပြင်ဆင်လိုက်လေသည်၊ ပါမောက္ခချုပ် ဒေါက်တာအောင်ကြီး လက်ထက်မှာဖြစ်ပါသည်၊ နိုင်ငံတကာ တက္ကသိုလ် များ စံနှုံး အရဆိုပါက ဤကိစ္စ ဖြစ်သင့် သည်မှာကြာပါပြီ၊ ကျွန်တော်တို့ နောက်ဆုံးနှစ် နှစ်တ၀က် ကို စာသင်ခမ်းများ သို့ သွားရန်မလိုတော့ဘဲ စာတမ်းကိုသာပြီးအောင်ပြုစုကြရမည်ဖြစ်ပါ၏၊

ကျွန်တော်တို့ လျပ်စစ်အင်ဂျင်နီယာဌာနမှာ “စွမ်းအား” နှင့် “ဆက်သွယ်ရေး” ဟူ၍ လိုင်း နှစ်လိုင်း ခွဲထား ပါသည်၊ ပထမ လေးနှစ်မှာ စာအတူတူ သင်ကြရပြီး ပဉ္စမနှစ်ရောက်သော် အတန်းခွဲ ၍သင်ကြရပါသည်၊ ကျွန်တော်တို့ ပဉ္စမ နှစ်အရောက်မှာပင်  “ဆက်သွယ်ရေး” ကို “အီလက်ထရောနစ်” ဟူ၍အမည်ပြောင်းသည်၊ ကျွန်တော်တို့သည် B.E (Communication) မှ B.E (Electronics) ဘွဲ့ ရကြမည့် ဒုတိယ အသုတ် ဖြစ်လာပါ သည်၊ နှစ်ဝက် စာမေးပွဲ ပြီးသွာသောအခါ စာတန်း ရေးဘို့သာပြင်ဆင် ရပါတော့သည်၊  ကျောင်းသား နှစ်ယောက် တတွဲ တွဲပြီး ဆရာတဦးစီနှင့်  တာဝန် ခွဲပေးပါသည်၊ ကျွန်တော့်ပါတနာမှာ မော်လမြိုင်သား ကိုအေး ဖြစ်ပါသည်၊

ကျွန်တော်တို့ အတန်းထဲမှာ ကျောင်းသား ၂၂ ယောက်မျှရှိရာ စာအတော်ဆုံးကျောင်းသားနှစ်ယောက်မှာ တခြား ဆရာတွေနှင့်ကျပြီး ကိုအေးနှင့် ကျွန်တော်တို့ ၂ ယောက်မှာ ဒေါက်တာဝင်းတင်နှင့် ကျပါသည်၊ ဆရာသည် ခပ်ညံ့ညံ့ ကျောင်းသားစုံတွဲ ကိုကြည့်ခါ စိတ်ဓါတ်ကျသလားမဆိုနိုင်၊ ကျွန်တော်တို့ကို စာတမ်းခေါင်းစဉ် အတွက် ခင်ဗျားတို့လဲစဉ်းစားခဲ့ ပါ သူလည်းစဉ်းစားပေးမည်ဟု ပြောသည်၊

ကျွန်တော်တို့မှာ ဆရာဘယ်နိုင်ငံကဘွဲ့ရခဲ့မှန်းမသိ၊ ဘာနှင့်ဘွဲ့ရခဲ့သည်ဆိုသည်ကိုလည်း စုံစမ်းရကောင်းမှန်း မသိ။ မိမိဘာသာ ဘာလုပ်မည်ဟုပြောတတ်ရန်ကား ဝေလာဝေး၊ ခေါင်းစဉ်ကို “ဆရာဘဲ ရှာပေးပါ” ဟုပြောကြရသည်၊ ဆရာပေးလိုက်သောခေါင်းစဉ်မှာ ထရိုပိုဆဖီးယား ဆက်သွယ်ရေးစံနစ် ( Tropospheric Communication) ဖြစ်ပါသည်၊ ကျွန်တော်တို့သည် တယောက်မျက်နှာတယောက် ကြည့်ခါ နားသာထောင် နေကြရသည်၊ ဆရာဘာတွေပြောနေသလဲ မသိ၊ “မင်းတို့ တတ်နိုင်တာရှာခဲ့ “ဟု ဆရာက နှစ်ပါတ်အချိန် ပေးသည်၊

ယခုခေတ် မိုက္ကရိုဝေ့ ဆက်သွယ်ရာတွင် စလောင်းနှစ်ခုမှာ တခုနှင့်တခုလှမ်းကြည့်လျင်မြင်နေရသော Line of Sight ဆက်သွယ်ရေးစံနစ်ဖြစ်ပါသည်၊ ယခု ရန်ကုန်နှင့် ထားဝယ် ဆက်သွယ် ရန် မှာ Line Of Sight မဟုတ်ပါ လှမ်းကြည့်လျင် မမြင်နိုင်ပါ၊ စလောင်း၂ ခုကို ကမ္ဘာ မြေပြင်အပေါ် ၁ရ ကီလိုမီတာခန့် အမြင့်မှာ ရှိနေမည့် လေထု ထရုပိုစဖီးရားထဲ  မှာဆုံအောင်ချိန်ထားမည်၊ Transmitter မှလာသော ရေဒီယိုလှိုင်းသည် Receiver ဆီသို့ ရောက်အောင် ထရိုပိုစဖီးရားထဲမှာ Handshake လုပ်ယူ ရမည်ဖြစ် ပါသည်၊

စက်မှုတက္ကသိုလ်ပင်မ အဆောင်ကို နံပါတ် ၁ ဆောင်ဟုခေါ်ပြီး ၂ မှာ ညာဘက်ဘေးကအဆောင်၊ ပင်မဆောင် ၏ နောက်ဖက်ရှိ အဆောင် နံပါတ် ၄ မှာ ဆရာသည် ဂျပန်ပြန် တခြား ဒေါက်တာဘွဲ့ရ ဆရာ တယောက်နှင့် တခမ်းထဲ မှာ အတူတူထိုင်ပါသည်၊ ဆရာသည်ဖေါ်ရွေသူမဟုတ်၊ အနေအထိုင်တည်သည်၊ စာနှင့်ပါတ်သက် လာ လျင်မူကား အားနှင့်မာန်နှင့် ဒိုးဒိုးဒေါက်ဒေါက်ပြောတတ်သည်၊ စီးကရက်ကသောက် လိုက်သေးသည်၊ စာသင်လျင်အမြဲ တိုက်ပုံဝတ်ထားပြီး တခါတရံ ကျောင်းသားတွေကို ကျောပေးခါ အကြာကြီး သင်ပုန်းပေါ်မှာ တွက်ချက်နေတတ်သည်၊

ယေဘူယျအားဖြင့်ဆိုသော် ဆရာတွေ လက်ချာပေးနေလျင် အမှီ ကျွန်တော်တို့ မလိုက်နိုင်ပါ၊ ဆရာကကျော ပေးသော် ကျွန်တော်တို့သည်။ တယောက်နှင့်တယောက် စလိုက စမည်၊ ပန်းချီ ကာတွန်းတွေဆွဲမည်၊ အတန်း ပြီးလျင် လစ်ကြဘို့ တိုင်ပင်လျင် တိုင်ပင်မည်၊ စာမေးပွဲ နီးလာမှ စာတွေကို နားလည်အောင်လုပ်မည်၊ မှတ်ကြ ကျက်ကြမည်၊ အသဲအသန် မေးကြမြန်းကြမည်၊

စာတမ်းရေးခြင်းမှာ အချိန်ဆွဲ၍ မရနိုင်ပေ၊ နားမလည်လို့ကလည်းမဖြစ်ပေ၊ ဆရာ့ထံ နှစ်ပါတ်အတွင်း ဘာရေး မည် ဘာလုပ်မည်ဟု ဆိုသည်ကို အကြောင်းပြန်ရမည် ဖြစ်ပါသည်၊ ကျွန်တော်တို့ သည်စာကြည့်တိုက် သို့ပြေးကြ ရလေသည်၊ စက်မှုတက္ကသိုလ်စာကြည့်တိုက်တွင် ဆရာမ ဒေါ်မြင့်မြင့်ခင် ရှိပါသည်၊ သူသည် ကျောင်းသား တွေကို သားသမီးတွေလို စောင့်ရှောက် အလိုလိုက်သည်၊ သူ့ကို အပူကပ်လျင် အမြဲတစေ အကူအညီပေးတတ် သည်၊ သူလည်းကျွန်တော်တို့ လိုချင်တာကိုရှာမပေးနိုင်၊ သူက ကျွန်တော်တို့ ကို ဗဟိုသုတေသန ဌာန  (CRO) စာကြည့်တိုက် သို့သွားရန် ညွှန်လိုက်လေသည်၊

သုတေသန ဌာနမှာ ရန်ကင်း ကမ္ဘာအေး လမ်းမကြီးပေါ်တွင်ရှိသည်၊ စာကြည့်တိုက် အဆောက်အဦ ဟူ၍သတ်သတ်မရှိ၊ ရုံး ၀န်ထမ်းတွေထိုင်သော အခမ်းကျယ်ကြီးထဲမှာ စာအုပ်ဗီရိုတွေ ကို နံရံ ကပ်ထောင်ထား ခြင်းသာဖြစ်ပါသည်၊ သော့ကိုင်သူက နေရာမှာ မရှိတာကများသည်၊ ကျွန်တော်တို့မှာ အချိန်ကလေးရသခိုက်မှာ တက်သုတ်ရိုက် ကူးကြရသည်၊ မိတ္တူကူးစက်ဆိုတာမကြားဖူးသေး၊ IEEE ခေါ် နယူးရော့ အင်ဂျင်နီယာ အသင်း ထုတ် ဂျာနယ် တွေ ကို တအုပ်ပြီးတအုပ်ဖွင့်ပြီးရှာကြရပါသည်၊ ၁၉၅၅ ခုနှစ်တွေ ကတည်းက သူတို့ဆီမှာ ဤဆက်သွယ်ရေး စံနစ် ကို သုံးနေကြပါပြီ၊

ကျွန်တော်တို့သည် မတတ်တတတ် အင်္ဂလိပ်စာ ကလေးနှင့် ပထမ Chapter  ကိုရေးကြသည်၊ ဆရာသည် ကျွန်တော် တို့ရေးလာသော စာကို ကြည့်ခါ မင်နီနှင့် နီရဲနေအောင် လိုင်းတွေဆွဲပြီးပြင်ပါလေသည်၊ “ဆရာက အင်္ဂလိပ်လို ရေးတာကို မကြိုက်ဖူးနော်” ဟု ကိုအေးက အကဲခတ်သည်၊ နောက်တခေါက်သွားတော့ ဗမာလို ရေးသွား ကြ သည်၊ ဆရာနှင့်အဆင်ပြေသွားကြပါသည်၊ အကြံတွေပေးသည်၊ ဘာလုပ်လိုက်ပါဟု ခိုင်းသည်၊ ကျွန်တော်တို့ လည်းဆရာခိုင်းသလိုဖြစ်အောင် ကြိုးစားလုပ်ပါသည်၊

ဆရာက ဂရပ်တခုဆွဲခိုင်းသည်၊ လေးငါးကြိမ်မက ခိုင်းသော်လည်း စာတမ်းသာ ပြီးသွားသည် ကျွန်တော်တို့ မလုပ်မိပေ၊

ကျွန်တော့်အခမ်း ပါတနာမှာ မိန်းကလေးသူငယ်ချင်းတယောက်ရှိသည်၊ ထိုမိန်းကလေးသည် ဆေးသုတေသန ဌာနနှင့် အဆက်အသွယ်ရှိသည်၊ ဆေးသုတေသနဌာနတွင် မိတ္တူကုးစက် တစ်လုံးရှိ ရာကျွန်တော်တို့ က မိတ္တူ ကူးလာသော ပုံတပုံကို ဆရာ့အားသွားပြမိသည်၊  ထိုအချိန်က မိတ္တူကူးစက် ဟူ၍ အပြင်မှာမရှိသေးပါ၊ ဆရာ က ဘယ်မှာကူးတာလဲဆိုတော့ ကျွန်တော်တို့ ကခပ်ဝါးဝါးသာဖြေရလေသည်၊ နောက်ဆရာ့တပည့်တွေ၊ ဆရာ့ အသိ ဆရာတွေကို မိတ္တူကူးစရာ ရှိလျင် ကျွန်တော့်ထံလွှတ်လေသည်၊ ပထမတော့ သူငယ်ချင်းက ကူညီရှာပါ သည်၊ တစ တစ များလာသောအခါ မတတ်နိုင်တော့ဘဲ “ဒီအကြောင်းမပြောပါနဲ့တော့ဗျာ” ဟု တားမြစ်လေ သည်၊ နောင် လေးငါးနှစ်ကြာ ဆရာနှင့် ပြန်ဆုံတော့ ဆရာသည် ကျွန်တော့်ကို အရည်အသွေးကောင်းလှသော ထိုကော်ပီကူးစက် အကြောင်းပြောတုံး ရှိသေးသည်၊

သတ်မှတ်ချိန်အတွင်း ကျွန်တော်တို့ စာတမ်းပြီးပါသည်၊ ဆရာက မီးစိမ်းပြလိုက်သည်နှင့် ကျွန်တော်တို့ လက်နှိပ်စက် ရိုက်မည့်လူကိုရှာကြရသည်၊ သူငယ်ချင်းတယောက်၏ အဖေမှာ ဆောက်လုပ်ရးဌာနတွင် အရာရှိ ကြီးဖြစ်ရာ သူ့ရုံးမှ စာရေးမတွေကို Gasterner ဖေါက်ခိုင်းရတာကိုမှတ်မိနေသည်၊ စုစုပေါင်း ၁၀ စုံလောက် သော စာအုပ်တွေမှာရွှေစာလုံး အဖုံးတွေနှင့်သားနားလှပါ သည်၊ ထိုစာအုပ်တွေဖြစ်လာအောင်ပိုက်ဆံ ဘယ် လောက် ကုန်လိုက်ရသည် ကိုကျွန်တော်မသိ၊ ကုန်ကျသမျှကို ကိုအေး ကပေးလေသည်၊

စာတမ်းကို Defend လုပ်ရတာလည်းဘာမှ မခက်ခဲပါ၊ ဆရာတွေ Judge တွေထဲမှာ မျက်နှာစိမ်းမပါ၊ ကိုယ့်ကျောင်းက ဆရာတွေချည့်ဖြစ်သည်၊ အခုခေတ်လို Power Point တွေ Slide show တွေ တော့ဘယ်ပါ ပါ့မလဲ၊ ဆရာက သူဆွဲခိုင်းသော ဂရပ်ကို မဆွဲသောကြောင့်ဟု ဆိုကာ အပစ်တင်လေသည်၊ ကျွန်တော်တို့က လည်းဆရာပြောမှ ထိုဂရပ်ကို ဆရာ လွန်စွာတန်ဘိုးထားမှန်းရိပ်မိကြတော့သည်၊ ဆရာကကျွန်တော်တို့ကို ဂုဏ်ထူးမှတ် မပေး၊ ဂုဏ်ထူးက အမှတ် ၃၀ ဆိုသော် ကျွန်တော်တို့ကို ၂၉ မှတ်ပေးလေသည်၊

(၂)

ကျွန်တော်သည် ဆရာ ဒေါက်တာအောင်ကြီးကို တကြိမ်ဘဲ မျက်နှာခြင်းဆိုင်စကားပြောဘူးလေသည်၊ ဆရာက ကျောင်းမဂ္ဂဇင်းမှာ စာရေးသူတွေကို ခေါ်ပြီးစကား ပြောသည်၊ မင်းတို့မှာ Talent ရှိတယ် မင်းတို့ ကြိုးစားကြပါ ဟုအားပေးသည်၊ ထို့နောက် သူ့အိမ်က အုန်းပင်မှ အုန်းသီးတက်ခူးသော ကျောင်းသားအကြောင်း ကိုပြောပြ လေသည်။

ညည့်နက်သန်းခေါင်မှာ အုန်းပင်ပေါ်တက်ခူးတာဆိုတော့ သူခိုးလို့ ဘဲပြောရတော့မည်၊ ကျောင်း သား နာမည်ကို ဆရာကြီးက ပြောသော်လည်း ကျွန်တော် မမှတ်မိတော့ပေ၊ အုန်းပင်ခြေရင်းမှာ ခူးထားသော အုန်းသီးတွေနှင့် ဓါတ်မီးကိုင်ကာ အိမ်ပေါ်မှ ဆင်းလာသော ဆရာနှင့် ပက်ပင်းတိုးလေသည်၊ ဆရာက “ ဟေ့ မင်းအုန်းသီးတွေယူသွား “ ဆိုပြီး ပေးလွှတ်လိုက်ပါသည်၊ နောက်တနေ့ ဆရာ့ ရုံးခမ်းကို ထိုကျောင်းသား အရောက်သွားပြီး ဆရာကြီး ကို ကျောင်းမထုတ်ပါရန်တောင်းပန်လေသည်၊ ဆရာကြီး က “ တောက်တီး တောက်တဲ့ ကွာ၊ ကျောင်းမထုတ်ပါဘူး၊ သွား စိတ်အေးအေးနေ “ ဆိုပြီးလွှတ်လိုက်ပါသည်၊ မိဘ သည် မိမိ သားသမီး အား အုန်းသီး ခူးသောကြောင့်ဆိုကာဘယ်မှာ ကျောင်းထုတ်ရ ပါမည်နည်း၊

တခါက စက်မှုတက္ကသိုလ်အသင်း နှင့် ၀ိဇ္ဖာသိပံ္ပအသင်းတို့ ဘတ်စကက်ဘော ကစားကြရာတွင် စက်မှု တက္ကသိုလ် ကအမှတ်ပြတ်နှင့်ရှုံးနေသည်၊ ပွဲပြီးရန် ၁၅ စက္ကန့် အလိုမှာ မီးပျက်၍လား၊ ပရိတ်သတ် ဆူ၍ လားမသိ ပွဲဖျက်လိုက်ရလေသည်၊ တဖက်က ပွဲကပြီးသလောက်ဖြစ်နေပါပြီ၊ သူတို့နိုင်သည်ဟုဆိုသည်၊ ဆရာက အရှုံးမပေး၊ ၁၅ စက္ကန့်ဆိုတာ ဖြစ်ချင်ရာဖြစ်နိုင်တာဘဲဟု ဆိုကာ နောက်တကြိမ်တွင် အစက ပြန်ကစားကြရလေသည်၊

တခါသော် မ၊ဆ၊လခေတ် အစိုးရက၊ ဗိုလ်မှုးကြီးလှဟန်၊ပညာရေးဝန်ကြီး ဒေါက်တာခင်မောင်ဝင်း၊ လမ်းစဉ်ပါတီ ပြန်ကြားရေး မှ ဦးတင်ထွန်း  ဦးစီးပြီး ထိုခေတ်က ပဂေး ပုဂ္ဂိုလ်ကြီး တွေကို ကျောင်းသား တွေ သဘောထား ကို စနည်းနာရန် ကျောင်းသို့လွှတ်လိုက်လေသည်၊ ထိုခေတ် လမ်းစဉ် လူငယ် အဖွဲ့ကလည်း ကျောင်းဆောင် ထမင်း ဟင်းမကောင်းတာ ပဲဟင်း ချက်တာတွေကို တင်ပြရန် ဇတ်တိုက် ထား လေသည်၊ လမ်းစဉ်လူငယ်က တယောက်ပဲ ပြောရသေးသည်၊ ကျောင်းသားတွေက လူကြီးတွေ မကောင်း တာ ချစားတာ စံနစ်ကြီး ယိုယွင်း ပျက်စီနေတာတွေကို တယောက်ပြီးတယောက် ပုံစံ တမျိုးစီ နှင့် ပြောကြလေသည်၊ ပွဲသည်ဆူညံပြီး သြဘာ သံတွေညံနေလေသည်၊

တယောက်က ထတဲ့ပြီး ခင်ဗျားတို့ ရာဇာပလ္လင် အောက်ကိုကြည့်လိုက်ရင် ကျည်ဆံတွေ၊ သွေးတွေ၊ လူတွေရဲ့ အလောင်းတွေဘဲ တွေ့ ကြရမှာဘဲ ဟုပြောလေသည်၊ တော်လှန်ရေးကောင်စီ မ၊ဆ၊လ အစိုးရကို အဘယ်သူ  သည် ထိုသို့ပြောရဲ ကြပါမည်နည်း၊ ဆရာဒေါက်တာအောင်ကြီးက မင်းတို့ တော်လောက်ပြီ၊ နောက်ထပ် “တစ်ယောက် ဘဲပြောတော့ကွာ”  ဟုဆိုကာ ပွဲ ကိုအတင်းသိမ်းရလေသည်၊ စက်မှုတက္ကလိုလ် မှ ကျောင်းသား ပေါင်း ၃၃ ယောက်က ထပြောလိုက်ကြခြင်းဖြစ်ပါသည်၊ သူတိုအပြန်မှာ စိတ်ဓါတ်တွေ တက်ကြွနေသော ကျောင်းသားလူအုပ်သည် VIP ကားမဲကြီးတွေကို ၀ိုင်းထားကြလေသည်၊ ဗိုလ်မှုးကြီးလှဟန် တို့အဖွဲ့ သည် နောက်ထပ် ကျောင်းသား ထုထံ သွားပြီး နားထောင်ရမည့်အစီအစဉ်တွေ ကို ဖျက်သိမ်းလိုက်ကြရလေသည်၊

ဆရာ ဒေါက်တာအောင်ကြီးသာ ကားတွေရှေ့ ကလမ်းလျှောက်ပြီး လမ်းရှင်းမပေးဘူးဆိုလျင် ထိုနေ့ကပွဲပျက် လောက် သည်၊ မြန်မာနိုင်ငံ သမိုင်းသည် တမျိုးတမည်ဖြစ်ကောင်းဖြစ်နိုင်လေသည်၊ ထိုအချိန်ကစပြီး စက်မှု တက္ကသိုလ်ကို သူပုန်းကျောင်းဟု အစိုးရ က သတ်မှတ်လိုက်ဟန်တူသည်၊ တကယ်ကကျွန်တော်တို့ကျောင်းမှာ စက်မှုအတတ်နှင့် ပုစ္စာဖြေရှင်းရာတွင် မှန်မှန်ကန်ကန် မြင်တတ်၊ကြည့်တတ်အောင်သာ သင်ပေးပါသည်၊

ထိုအင်ဂျင်နီယာကျောင်းသားများသည် နိုင်ငံတော်ထူထောင်ရာတွင် အိမ်တွေဆောက်၊ တံတား တွေထိုး၊ လမ်းတွေဖေါက်၊ တည်ဆောက်ရေး၊ ပြုပြင်ရေး ထူထောင်ရေး တွေသာလုပ်ကြမည့်သူများဖြစ်ပါသည်၊ နိုင်ငံ စည်းစိမ် ဥစ္စာများကို အလွဲသုံးစားလုပ်ရန် သင်ပေးလိုက်သော ကျောင်းလည်းမဟုတ်၊  အစိုးရ မကောင်းလျင် ကျောင်းသားဆိုသူတွေကတော့ ဆန့်ကျင်ကြမှာ သေချာပါသည်၊

နောက်ပိုင်းကျောင်းသားတွေက ချစ်သောပုဒ်မနှင့် ဆရာကြီးကို အလုပ်မှ ဖြုတ်လိုက်ဟန်တူသည်၊ ဆရာကြီး လုမ္မနီ မှာအလုပ်သွားလုပ်သည်ဟုလည်းကြားရသည်၊ သတ္တုချကြည့်လိုက်တော့ ကျွန်တော်တို့နိုင်ငံမှာ လူတော်လူကောင်းတွေ မှာ ကောင်းတာတွေကို လုပ်ခွင့် မရတာကိုဘဲ ကျွန်တော်ပြောလိုရင်းဖြစ်ပါသည်၊

(၃)

နောက်ပိုင်းပြန်တွေးကြည့်မှ တက္ကသိုလ်တွင်စာတမ်းပြုစုရခြင်း၏ အကျိုးကျေးဇူးကို ကျွန်တော်တို့မြင်ကြရလေ သည်။ အင်ဂျင်နီယာဆိုသည်မှာနေ့စဉ်နှင့်အမျှ လုပ်ငန်းခွင်မှာပြသနာတွေ ကိုဖြေရှင်းကြရလေသည်၊ မသိတာ ကိုသိအောင်လုပ်၍ မတတ်တာကိုတတ်အောင်သင်ကြရပါသည်၊ စာတန်းရေးရခြင်း မှာထိုအလေ့အထ ကို သင် ကြား ပေးလိုက်ခြင်းပင်၊ ယခုအချိန်သည် စက်မှုတက္ကသိုလ်ကို ပြန်လည်ထူထောင်နေချိန်လည်းဖြစ်ပါသည်၊ ယခုစက်မှုတက္ကသိုလ်အသစ်ကို ကျွန်တော်တို့ ပညာသင်ခဲ့သောကျောင်းကြီးမှာ ပြန်ပြီးဖွင့်တော့မည်ဟု ကြား နေရ ပါသည်၊ ဆရာ ဦးညီလှငယ် ကဦးစီးပြီး ကျောင်းကြီးပြုပြင်ရေးလုပ်ငန်းတွေမှာ အရှိန်ကောင်းကောင်း ရနေပြီဆိုသော ၀မ်းသာစရာသတင်းတွေလည်း မပြတ်ကြားနေရပါသည်၊

( တချို့ကလည်း ဆရာ့ ပရောဂျက် မှာ ဘတ်ဂျက် ဘာမှ မယ်မယ်ရရ မရှိသော နာမည်သာရှိပြီး အလွန်စိတ်ပျက်စရာကောင်းသော ပရောဂျက်ဟု ဝေဖန် နေကြသူ တွေလည်းရှိပါသည်၊ ဆရာသာသူ့ ပရောဂျက်အကြောင်း အသိဆုံးဖြစ်ပါလိမ့်မည်၊ သုံးစရာ ပိုက်ဆံ လုံလုံလောက်လောက် မရှိလျင်ကား ကျောင်းသစ် စီမံကိန်းသည် မျှော်လင့်ချက်မရှိသော စီမံကိန်း သာဖြစ်ပါသည်၊ အစိုးရသည် ကျောင်းသားလူငယ်ပြုပြင်ရေးဆိုသည်ကို ဂရုစိုက်ရကောင်းမှန်းသိသူမဟုတ်၊ စက်မှုတက္ကသိုလ်ကို လယ်ကွက်တွေကြားမှာသင်ကြဟု တခါကပို့ပြီးပြီ)

ကျွန်တော်တို့မှာပြောစရာလေးတွေရှိလာပါသည်၊

ယခုအချိန်မှာ Tropospheric communication ကို ဂူဂယ် မှာရိုက်ကြည့်ပါသော် စာမျက်နှာပေါင်း ၃သိန်း ဂသောင်း ကျော်ပြန်၍ လာပါသည်၊ ကျွန်တော်တို့ လိုချင်သည့် စာတမ်းမျိုးကို တထိုင်တည်းရေးသော် ရနိုင် ပါလိမ့်မည်၊ ခေတ်ကြီးနှင့် အချိန်တွေပြောင်းလဲနေပါလေသည်၊ ကမ္ဘာနှင့် ရင်ဘောင် တန်းကြရပါလိမ့်မည်၊ ထိုအခါ ပြင်ပ ကမ္ဘာကြီးနှင့် ဆက်သွယ်ဘို့လိုလာပါသည်၊

ကျွန်တော့်သားအကြီးကောင်မှာ စင်္ကာပူ အမျိုးသားတက္ကသိုလ်ကဖွင့်သော အထက်တန်းကျောင်းမှာတက်ခွင့် ရသည်၊ မြန်မာအတန်းနှင့်ဆို ၉ တန်းအရောက်မှာ ရုရှားပရော်ဖက်ဆာ တယောက်နှင့် သုတေသန ပရောဂျက် တခုလုပ်ရသည်၊ လေဆာရောင်ခြည်ကို ခရစ်စတယ်အချိုးမျိုးမှာ ရောင်ပြန် ဟပ်ခိုင်းပြီး ရလာသော ရောင်ခြည် ကို သုတေသနလုပ်ရပါသည်၊ သူတို့စာတမ်းပြီးချိန်မှာ စိန့်ပီတာစဘတ် မြီု့မှာ သိပ္ပံ ပြပွဲတခုနှင့် သွားတိုက်ဆိုင် လေသည်၊ သူတို့က ဖိတ်ခေါ်သောအခါ အသက် ၂၀ မပြည့်သေးသော ကျွန်တော့်သား သည် နိုင်ငံ ရပ်ခြားမှ ကွန်ဖရင့်တခုကို သွားတက်ခွင့်ရလိုက်ပါသည်၊ ကျွန်တော် ၉ တန်းတုန်းက မြို့မှာ ရွှံ့တွေ ဗွက်တွေထဲမှာ ဆော့ ကောင်းတုန်းဖြစ်ပါသည်၊

စက်မှုတက္ကသိုလ်တွင် အင်တာနက် ( IT)  ဌာနကြီးတစ်ခုဖွင့်လှစ်ဖို့လိုပါသည်၊ ဟိုတုံးက စက်မှုတက္ကသိုလ်မှာ SPARK ဆိုသော ရေဒီယို  ၀ါသနာရှင်များအသင်းရှိခဲ့ပါသည်၊ လိုင်းပေါင်းစုံမှ ကျောင်းသားတွေ ကို ရေဒီယို ပညာ၊ ပြုပြင်နည်းတွေ သင်ပေးပါသည်၊ ထိုနည်းတူ ၀ါသနာပါသူကျောင်းသားတွေကို အင်တာနက် နှင့် Webpage ဒီဇိုင်း Software ရေးနည်း ပညာ ရပ်များမှာ ကိုသင်ကြားပေး ကြရပါမည်၊ ပြင်ပကမ္ဘာ ကြီး တနေ့တခြား ပြောင်းလဲ တိုးတက်နေသည်ကို အနာဂါတ်ကျောင်းသားတွေ သိဖို့ အမှီလိုက်နိုင်ဘို့ ကျောင်းသစ်ကြီး ကစီစဉ် ပေးပါဟု ကျွန်တော်ပြောလိုရင်းဖြစ်ပါသည်၊ ကွန်ပျူတာ Software  Fortran IV ကိုကျွန်တော်တို့ ပဉ္စမနှစ် အရောက် မှာမှ သင်ပေးသော်လည်း ကွန်ပျူတာ Software  ရေးနည်းကို O Level ဖြေ မည့် ကျွန်တော်သား အငယ်ကို စင်္ကာပူ ကျောင်းက သင်ပေးနေပါပြီ၊

စင်္ကာပူအမျိုးသားတက္ကသိုလ်မှာ စာအုပ်တွေထားသော စာကြည့်တိုက်ရှိသလို တကမ္ဘာလုံးကထွက်သမျှ ဂျာနယ်တွေ မဂ္ဂဇင်းတွေ ကိုဖတ်ရှုနိုင်သော ဒီဂျီတယ် စာကြည့်တိုက်လည်းရှိပါသည်၊ အင်တာနက်မှတဆင့် သုတေသန စာစောင် မှန်ကမျှ မိမိအိမ်က နေပြီးဖတ်နိုင်သလို လိုအပ်သောဖိုင်တွေ ကို Download လုပ်နိုင်ကြပါသည်၊ ကျောင်းသား တွေအဖို့ Online သင်တန်းတွေကလည်း အချိန်မကုန် အိမ်ကမထွက်ရဘဲ ဆရာတွေ၏ လက်ချာတွေကို နား ထောင် နိုင်ကြပါပြီ၊

တိုင်းပြည်၏သယံဇာတခွဲဝေ သုံးစွဲရေး အနာဂါတ်စွမ်းအင် လိုအပ်ချက်၊ စီမံကိန်းတခု လုပ်သင့်မလုပ်သင့် ကိစ္စတွေ ကို ဘာမှနားမလည် ပါးမလယ် စီးပွားရေးသမား တွေ လက်ထဲမှာ ထားလျင် ကိုယ်ကျိုးနည်းကြပါ လိမ့်မည်၊ ကျောင်းသားတွေ၏ အတွေးအခေါ် ပညာရှင်တွေ၏ အယူအဆ မျိုးချစ်စိတ် ရှိသူတွေ၏ အကြံ ဥာဏ်ပေးချက် အားလုံးကို စုပေါင်းပြီးမှ ဆုံးဖြတ်ချက်ချကြရပါမည်၊ အနာဂါတ် စက်မှုတက္ကသိုလ် ကျောင်းသား တွေကို ပေါ်လစီရေးရာတွေမှာ ပါဝင်လာနိုင်အောင် ဆရာတို့က ကျိုးစားပေးစေလိုပါသည်၊

စက်မှုတက္ကသိုလ် တွင် Humanity ကိုသင်ပေးသော ဌာနကြီးတခုလည်းရှိစေချင်ပါသည်၊ ယနေ့ခေတ်သည်၊ ယနေ့ခေတ်မှမဟုတ် လူ့ယဉ်ကျေးမှုကြီးသည် အများနှင့် စုပေါင်း အလုပ်လုပ်ခြင်းဖြင့်သာ ရှေ့သို့ချီတက်ရ ပါသည်၊ ဟိုလူနှင့် မဖြစ်ပါဘူး ဒီလူနှင့်မဖြစ်ပါဘူးဆိုပြီး တွဲ မလုပ်နိုင်ကြသောကြောင့် တိုင်းပြည်ကြီးလည်း နစ်နာလှပါပြီ၊ ထိုဌာနကြီးက လူတွေအချင်းချင်း ဆက်ဆံတတ်အောင် သင်ပေးစေချင်ပါသည်၊ စင်္ကာပူက ၀န်ကြီးချုပ်ကြီးမှာ ရာထူးနေရာမှ ခွင့်ယူကာ အမေရိကန် တက္ကသိုလ်၌ ကျောင်းအိပ်ကျောင်းစားသွားနေပြီး နှစ်နှစ်ကြာအောင် ပညာသင်ခဲ့ခြင်းမှာ ဤသို့ဆက်ဆံရေးကို တတ်အောင် ပညာသင်ရခြင်းဖြစ်သည်ဟု ကျွန်တော်ယုံကြည်ပါသည်၊

ကျွန်တော်တို့ မှာဘွဲ့တွေ ရခဲ့ကြသော်လည်း Debate လုပ်တတ်အောင်၊ စကား အချေအတင် ပြောတတ်အောင် မြန်မာနိုင်ငံ ကျောင်း တွေ ကသင်မပေး လိုက်ပါ၊ နိုင်ငံရပ်ခြားတက္ကသိုလ် များမှာတော့ အချင်းချင်း debate လုပ်တတ်အောင် စကားပြောတတ်အောင် လေ့ကျင့် သင်ကြားကြရသည်ဟု ကျွန်တော် နားလည် ပါသည်၊ သို့မှသာခေါင်ဆောင်ကောင်း ဆိုတာတွေပေါ်လာပြီး ပြသနာတိုင်းကို တိုင်တိုင် ပင်ပင် ညှိညှိနှိုင်းနှိုင်း ဖြေရှင်းတတ်သော အလေ့အကျင့် ကိုရပါမည်၊ နိုင်ငံခြားတက္ကသိုလ်တွေမှာ Management ဘာသာရပ်ကို မသင်မနေရ သင်ပေးမပေးကို ကျွန်တော်မသိ၊ ကျွန်တော်တို့ စက်မှု တက္ကသိုလ်မှာတော့ ကလေးတွေကို အထူးပြုသင်ပေးပါဟု ပန်ကြားလိုပါသည်၊

(၄)

အခုခေတ် အခု Facility တွေနှင့်ဆိုလျင် ကျွန်တော်သည်နောက်တကြိမ် စာတမ်းပြုစုရန်ဝန်မလေးပါ၊ အရင်လို လည်းပင်ပန်း တော့မည်မထင်ပါ၊ အခု ခေါင်းစဉ်ကို ဆရာတို့က လက်ခံမည် ဆိုလျင်  “ Blueprint for New Institute of Technology in Yangon” ဟုအမည်ပေးချင်ပါသည်၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ

One Response to ကိုသန်းလွင် – ဘွဲ့ယူစာတမ်း

  1. Zaw Aung on July 27, 2014 at 2:49 pm

    Good. THANKS

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်