သက်ခိုင် – စံခရဘူရီ၊ ပေါက်ကြူနဲ့ နွားတိုက်ပွဲ

July 26, 2014

သက်ခိုင် – စံခရဘူရီ၊ ပေါက်ကြူနဲ့ နွားတိုက်ပွဲ
ဇူလိုင် ၂၆၊ ၂၀၁၄

(၁)

အောင်ဖေတို့ စံခရဘူရီရောက်တော့ ညအမှောင်ကလွှမ်းမိုးနေပေပြီ၊ ဈေးဝင်းအနားတွင် ကားရပ်ပြီးနောက် ခပ်ခွန်မားမားခပ် ဟုဆိုကာ ကားသမားက နုတ်ဆက်၍ ကိုယ့်လူတို့ သွားချင်ရာသွားတော့လို့ ပြောသယောင်ယောင်၊ ဆိုင်ကယ်ကယ်ရီသမားအချို့ကတော့ အနားကပ်လာကာ ဖိပိုင်နိုင်ခပ် (ဘယ်သွားကြမလဲ အကိုတို့) စသဖြင့် ခရီးသည်လာဆွယ်သေးသည်။ ဒါပေမယ့် ဦးဆောင်ခေါ်လာသည့် ကုလားအောင်နိုင်၏ မိုက်ပိုင်ရိုင်ခပ် (ကိစ္စမရှိဘူးခင်ဗျ) ဟုဆိုသည့်စကားကြောင့် သူတို့လည်း အခြားသူများကိုသာ တင်ဆောင်၍ ပျောက်ကွယ်သွားကြတော့သည်။

ကုလားအောင်နိုင်၏ ညွှန်ကြားချက်အတိုင်း ကားလမ်းဘေးကပ်ကာ တအုပ်လုံး တန်းစီလမ်းလျှောက် ကြရတော့သည်။ တောမြို့လေးလည်းဖြစ် တောင်ပေါ်ဒေသလေးလည်းဖြစ်သော စံခရဘူရီကား လွန်စွာ တိတ်ဆိတ် ဆေးချမ်းလှပေသည်။ တခါတရံ ညမိုးချုပ်မှ တန်းစီလမ်းလျှောက်လာသော အောင်ဖေတို့ကို ဟောင်၍ကြိုဆိုကြသော ခွေးအနည်းမှလွဲ၍ လမ်းသွားလမ်းလာဆိုသည်မှာ မရှိ၊ ဆိုင်ကယ်၊ ကားအနည်းငယ် တို့ဖြင့် သွားလာသည်ကတော့ ရှိကြသည်။

ဆမ်ဆွပ်ဟုခေါ်သည့် တောင်ကုန်းပေါ်ရှိ လမ်းဆုံးစားသောက်ဆိုင်ဘေးမှနေ၍ ကုန်းအောက်သို့ အသာဆင်းသွားသောအခါ ဘွားကနဲ ရေပြင်ကျယ်ကြီးကိုတွေ့လိုက်ရသည်။ တောင်ပေါ်တွင် ဤမျှကြီးမားသော ရေပြင်ကျယ်ကြီးကို တွေ့ရသဖြင့် အောင်ဖေအတော်ကို ထူးဆန်းသွားသည်။ ဒါကိုသိသော ကိုအောင်နိုင်က ဒါကစံခအင်းကြီးလို့ ခေါ်တယ်ဗျ နွေဆိုရင်တော့ ရေကျလို့ ဘုရားသုံးဆူအဟောင်း ပေါ်လာတတ်တာကို မြင်ရတတ်တယ်လို့ ရှင်းပြသည်။ ဆိုလိုသည်မှာ ရှေးအတီတေက သတ်မှတ်ထားခဲ့သည့် နယ်ခြားမှတ်တိုင်မှာ ဆည်ဆောက်လိုက်၍ ရေအောက်ရောက်သွားသော အဆိုပါစေတီသုံးဆူ တည်ရှိရာကို မွန်လူမျိုးတို့က သတ်မှတ်လက်ခံထားခဲ့သည်။ ထိုင်းတွေက ဆည်ဆောက်လိုက်တော့ အဆိုပါစေတီ တည်ထားသည့် တောင်ကြောလည်း ပျောက်ကွယ်သွားသလို မြန်မာပိုင်နယ်မြေလည်း ထိုင်းဘက်ပါသွားသည်ဟု ဆိုကြခြင်းဖြစ်သည်။

ကုန်းဆင်ခြေလျှောအောက် မရောက်တရောက်တွင် လူအချို့ရှိနေပြီး မွန်သံဝဲဝဲဖြင့် ဟိုဘက်ကမ်းသွားမလို့လား အကိုတို့ လှေရှိတယ်နော်ဟုဆိုသည်၊ ရတယ် တံတားပေါ်ကပဲ လမ်းလျှောက်သွားမယ်ဟု ကိုအောင်နိုင်ပြောတော့ တံတားကကျိုးနေပြီဗျလို့ ဆိုကြသေးသည်။ ဒါကို ဘာမှခွန်းတုံ့ပြန်မနေဘဲ ကိုအောင်နိုင်က ဦးဆောင်ကာ အင်းကိုဖြတ်ဆောက်ထားသည့် သစ်သားတံတားအတိုင်း ဝင်းကဟုခေါ်ဆိုသည့် မွန်လူမျိုးများ နေထိုင်ရာဘက်ကမ်းသို့ ဦးတည်လမ်းလျှောက်တော့သည်။ ဘာရမလဲ မျက်စိသူငယ် နားသူငယ်အောင်ဖေတို့လည်း လိုက်ကြသည်ပေါ့။ တံတားတဝက်အရောက် ဟာဟုတ်တာပဲ တံတားက ဘယ်အချိန်ကကျိုးနေလဲ မသိဟု ကိုအောင်နိုင်ပြော၍ အောင်ဖေတို့လှမ်းကြည့်လိုက်ရာ အင်းအလယ်လောက် အရောက် ထိုင်းနိုင်ငံတွင် အရှည်လျှားဆုံး သစ်သားတံတားဟု ဆိုကာ မွန်လူမျိုးတို့၏ ဝင်းကဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးစီးထိန်းသိမ်းလာခဲ့သည့် တံတားကြီးမှာ အလယ်မှပြတ်၍ ကျိုးကျနေပေသည်။

သို့အတွက် နောက်ကြောင်းပြန်လှည့်ကာ တံတားအောက်သို့ ဆင်းကြရပြီး လှေဖြင့်အင်းကို ဖြတ်ကူးရန် စီစဉ်ကြရတော့သည်။ လှေသမားက ကျနော်ပြောသားပဲ အကိုတို့က ယုံမှမယုံတာဟု “ခြေရှည်တဲ့ကောင်တွေ ခံပေါ့ကွာ” ဟုဆိုသည့် မျက်နှာပေးဖြင့် မသိမသာ ပညာပေး၏။ တမျိုးတော့လည်းကောင်းသည် ညမှောင်မှောင် မဲမဲကြီးအထဲမှာ ကျိုးကျနေသော ရေပြင်အထက် ပေ၃၀ခန့်ရှိ သစ်သားတံတားကြီးကို အရသာခံ ကြည့်ခွင့်ရခဲ့သည်။ အဆိုပါတံတားမှာ ကျိုးကျခဲ့သည်မှာ ရက်ပိုင်းပဲရှိသေးသည်ဟု သိရသည်။ နောက်တော့ မွန်ဘက်ကမ်းကို လှေကပ်ပြီးနောက် PDF တပ်ဖွဲ့၏ အထောက်စခန်းသဘော ထားသည့် ဝင်းကရွာအတွင်းရှိ အိမ်လေးသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိကြတော့သည်။

(၂)

အောင်ဖေတို့ စံခရောက်တဲ့အချိန်က ဆောင်းတွင်းဆိုတော့ ပေါက်ကြူလို့ခေါ်တဲ့ မွန်ဒုက္ခသည်စခန်းကို ကားလမ်းကပေါက်နေပြီ။ စံခမှာ တရက်နှစ်ရက်နေပြီးတော့ ပေါက်ကြူကို ဆင်းဖြစ်ပါလေရော၊ ပေါက်ကြူရွာဆိုတာက အိမ်ခြေထောင်နဲ့ချီရှိပြီး အဲဒီမှာ ထိုင်းစစ်တပ်ကလုံခြုံရေး ယူပေးထားတယ်၊ ဒုက္ခသည်စခန်းဆိုပေမယ့် အထင်တော့ မသေးလိုက်နဲ့ ရွှေဆိုင်ကအစရှိတယ် အဓိကကတော့ ပန်းထိမ် လုပ်တာပေါ့၊ မွန်ပြည်သစ်ပါတီ (NMSP)ရဲ့ ပညာရေးဌာနတို့၊ အဲဒီအချိန်က ပါတီအတွင်းရေးမှူးတွေ၊ တပ်မှူးကြီးတွေလည်း နေထိုင်နေတဲ့ရွာ၊ စံခကလာတဲ့ကားလမ်းက ရွာအလယ်ကို ဒိုးယိုပေါက် ထိုးဆင်းလာတဲ့သဘော။

ရွာရဲ့ညာဘက်ကို ဆက်သွားရင် ရေရှိတီလို့ခေါ်တဲ့ မွန်ဗဟိုဘက်ကိုသွားတဲ့လမ်း၊ ဘယ်ဘက်ရွာအစွန်ကို သွားရင်တော့ တောင်ကြောကြီးတခုရှိတယ်၊ အဲဒီကကျော်သွားရင် တနေ့ခရီးလောက်မှ ပယော်ဆိုတဲ့ ရွာကလေးရှိတယ်၊ အဲဒီရွာတွေဘက်ကနေ ကုန်သည်ပွဲစားတွေက နေ့နေ့ညည ကုန်ပစ္စည်းတွေ ထမ်းပိုးလာပြီး ပေါက်ကြူ၊ ဒါမှမဟုတ် စံခအထိတက်ရောင်းတက်ကြတယ်၊ အထူးသဖြင့်တော့ အစားအသောက်တွေများတယ်၊ အပြန်ကြရင်တော့ ထိုင်းထွက် အသုံးအဆောင်ပစ္စည်းတွေ ပြန်သယ်ပေါ့၊ တခါတလေ ကျွဲ၊ နွား၊ ဝက် စတာတွေကိုလည်း ထိုင်းဘက်ကိုမောင်းတက်ပြီး လာရောင်းကြသေးတယ်၊ မြန်မာ့ကျွဲ၊ နွား အကောင်လှလှတွေပေါ့လေ။

ပေါက်ကြူရွာကို တပတ်ကို ၂ခါလောက်တော့ ထိုင်းအချုပ်ကနေ လူလာသွန်လေ့ရှိတယ်၊ ဆိုလိုတာက IDC လို့ခေါ်တဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို ဘန်ကောက်နဲ့ တခြားမြို့ကြီးတွေမှာ ရဲကဖမ်းမိရင် မြန်မာဘက်ခြမ်းကို လာလာပြန်ပို့တာကိုပြောတာ၊ တခါတခါဆို လူ၂၀၀လောက် လာလာသွန်တယ်၊ ဒါပေမယ့် မကြာပါဘူး ထိုင်းနိုင်ငံအထဲ လူတွေအလိုလို ပြန်ပြန်ဝင်ကြတာပါပဲ ပွဲစားတွေကလည်း ပေါတာကိုး ကားဂိတ်မှာကိုထိုင်ပြီး ပြန်ဝင်မဝင် ထိုင်မေးနေတော့တာ၊ အဲဒီအချိန်ကာလတွေအထဲက ထိုင်းနိုင်ငံအထဲကို မြန်မာတွေ ရွှေ့ပြောင်းအလုပ်သမားအနေနဲ့ ဝင်ရောက်နေထိုင် လုပ်ကိုင်နေကြတာ အခုမှမဟုတ်။

ဒီလိုသွန်တဲ့အထဲမှာ တခါတလေတော့လည်း ဘန်ကောက်မှာ အခြေချနေတဲ့ မောင်ကျောင်း (၈၈ကတောခိုပြီး ဘန်ကောက်မှာ ရှိနေကြသူတွေ) တွေလည်း ပါလာတတ်တယ်၊ မြန်မာပြည်သားတွေ နေတဲ့ရွာဆိုတော့ ဗမာလိုညနေဘက် အော်ကျယ်ဟစ်ကျယ်ပြော ပြီးတော့ယမကာလေး မှီဝဲပြီး၊ စစ်အစိုးရကို လက်နက်ကိုင်ပြီး ပြန်တိုက်မယ်၊ ဖမ်းပို့တဲ့ ထိုင်းအစိုးရကိုလည်း မကျေနပ်ဘူး ဘာညာပေါ့၊ ဒီအထဲကနေ တချို့ကတော့ တော်လှန်ရေး နိုင်ငံရေး ပြန်လုပ်မယ်ဆိုပြီး ရှိနေတဲ့အဖွဲ့အစည်းတွေမှာ နေခဲ့ကြသူတွေလည်း ရှိတယ်၊ ဒါပေမယ့် အနည်းအကျဉ်းပါ အကုန်ပြန်တက် ကြတာတွေချည်းပါပဲ။

အောင်ဖေတို့ပေါက်ကြူရောက်တော့ ရွာရဲ့ဘယ်ဘက်အစွန်ဆုံးမှာ ပီဒီအက်ဖ်က စခန်းထောက်အနေနဲ့ ထပ်ထားထားတဲ့ တဲကလေးတလုံးရှိတယ်၊ အဲဒီတဲကလေးမှာ အရင်ရောက်နှင့်ပြီးသားလူတွေဖြစ်တဲ့ ကိုဇော်မိုးကျော်၊ ကိုအောင်မိုးတို့နဲ့အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) NLD-LA က ဦးသန်းထွဋ်၊ ဦးအောင်သန်း၊ မအေးအေးအောင် စတဲ့သူတွေလည်း ရှိကြတယ်၊ သူတို့က အောင်ဖေတို့အဖွဲ့ကို စောင့်နေတာ၊ လူစုံမှစခန်းဆင်းမယ်ပေါ့။

စခန်းဆိုတာ မြန်မာနယ်စပ်နဲ့ကပ်လျှက် အစောကပြောတဲ့ ပယော်ရွာလေးနားမှာ တည်ထားတဲ့ အဘ ဗိုလ်မှူးကြီးစိန်မြရဲ့ ပီဒီအက်ဖ်တပ်စခန်းပြောတာ၊ အဲဒီမှာ မွန်ဒေသနိုင်ငံရေး လုပ်ငန်းအဖွဲ့အနေနဲ့ NLD, DPNS, PDF စသဖြင့် ပူးပေါင်းအခြေချပြီး စစ်ရေး၊ နယ်မြေစည်းရုံးရေး လုပ်မှာကိုး။

ဒီတဲကလေးတွေမှာ တပတ်လောက်ကြာတယ်၊ အဲဒီမှာပေါက်ကြူရွာအကြောင်း၊ ဆေးရုံတို့ မွန်စာသင်ကျောင်း တို့ကိုလည်း လေ့လာရင်း နားနာနေနေပေါ့။ တရက်တော့ အိတ်တွေရှင်းကြရင်းနဲ့ အရင်ထွက်လာကြတဲ့ ကိုဇော်မိုးကျော်တို့ အိတ်ထဲက ပစ္စတိုလ်ကျည်ဆံတွေ ပါလာတာ သွားတွေ့ကြကော၊ “အားပါးကံကောင်းလို့ ထိုင်းထဲကဖြတ်လာတာ ရဲတွေဘာတွေစစ်လို့ တွေ့သွားလို့ကတော့ မာလကီးယားဖြစ်ပြီ” လို့တောင် ပြောပြီး အောင်ဖေတို့ ရယ်ကြသေးတယ်။ သူတို့နဲ့ တွဲလာတဲ့ လူကြီးတွေကတော့ မျက်နှာပျက်ပေါ့။

(၃)

တရက်တော့ အောင်ဖေတို့တတွေ ရွာထဲကရင်းနှီးနေပြီဖြစ်တဲ့ မွန်အဘိုးကြီးကဖိတ်လို့ နွားတိုက်ပွဲ သွားကြည့် ကြတာပေါ့၊ ရွာသားတွေ ဘောလုံးကစားလေ့ရှိတဲ့ ကွင်းထဲမှာလောင်းကြေးထပ်ပြီး နွားတိုက်ကြတာ၊ အောင်ဖေတို့ကိုလည်း ဒီအဖိုးကြီးက ထမင်းစားဖိတ်ထားတာဆိုတော့ အနည်းဆုံးဟင်းကောင်းကောင်းတော့ တွယ်ရမပေါ့ဆိုပြီး ချီတက်သွားကြတာ လူ၇-၈ယောက်လောက်ရှိမလားမသိ၊ ရောက်တဲ့အခါကြတော့ နွားတိုက်ပွဲ ပြီးရင် ထမင်းစားကြတာပေါ့ဗျာတဲ့ အဖိုးကြီးက။ လောင်းကြေးကလည်း မေးကြည့်တော့ ဘတ်ငွေ၎-၅သောင်းတဲ့ ဘုရားဘုရား ဒုက္ခသည်စခန်းက နွားတိုက်ပွဲလောင်းကြေးကလည်း ကြောက်ခမန်းလိလိ။

အဖိုးကြီးက သူ့နွားကိုပြတယ် အဖြူရောင်နဲ့ တော်တော်တောင့်တောင့်တင်းတင်းပါပဲ ဒါပေမယ့် ဂင်တိုတိုဖြစ်နေတယ်လို့ အောင်ဖေကထင်မိတယ်၊ လူဆိုရင် အရပ်ပုဂင်တိုပေါ့၊ သူ့နွားက ဘယ်လောက် တော်ကြောင်း သူ့သားလိုဖြစ်နေကြောင်း ဖအေကိုလည်း လုပ်ကျွေးပေါင်း များပြီဆိုတဲ့ အကြောင်းတွေ ပြောပြတယ်။

ခဏနေတော့ သူနဲ့တိုက်မယ့်နွားကို တဘက်ကလူတွေ ဆွဲလာကြတယ်၊ ဟာသွားပြီ ဟိုအကောင်ကြီးက နည်းတာမဟုတ်ဘူး အမည်းရောင် အကောင်အကြီးကြီး ဂျိုကြီးကလည်း နည်းတာမဟုတ်၊ ထမင်းကျွေးမယ့် အဖိုးကြီးနွားတော့ သေချာပေါက်ရှုံးတော့မှာပဲ၊ စားရမယ့်ထမင်းတောင် ဝင်မှာမဟုတ်လောက်တော့ဘူး၊ စိတ်ထဲတော့ အတော်လေး လေသွားတယ်။

ရွာသားတွေကလည်း တဘက်နဲ့တဘက်အပြိုင်ပေါ့လေ သူ့နွားနိုင်ရမယ်၊ ငါ့နွားနိုင်ရမယ် အပြိုင်အဆိုင်ပေါ့၊ ကြားပေါက် လောင်းနေကြသူတွေလည်း ရှိကြသေး။ အောင်ဖေတို့ကိုဖိတ်တဲ့ အဖိုးကြီးကတော့ အေးဆေးပါပဲ၊ ဘာမှမသိသလို၊ သူ့နွားရှုံးလည်းရှုံးပစေလို့ သဘောထားသလားမသိ၊ အောင်ဖေကတော့ လောင်းကြေးကို နှမျောနေတယ်၊ ဘတ်ငွေ၅သောင်းဆိုတာ AKသေနတ်ဝယ်မယ်ဆိုရင် တပ်စိတ်တစိပ်စာလောက်တော့ ကောင်းကောင်းကြီးရတယ်၊ အဲဒီကာလက တလက်မှ ဘတ်ငွေ၎-၅ထောင်ဆို ရတယ်လေ။

တိုက်ပွဲက မစရသေးဘူး ဟိုအကောင်မဲကြီးက မင်းလိုကောင်လေးကို အမှုန့်ကြိတ်ပစ်မယ်၊ ချမယ်နှက်မယ်နဲ့ တရှုးရှူး လုပ်နေပါရော၊ အဖိုးကြီးနွားကတော့ ခံရလည်းခံလိုက်တော့မယ်ဆိုတဲ့ သဘောလားမသိ သိပ်တော့ ဂဏှာမငြိမ်ဘူး၊ လူတွေဆွဲခေါ်လာတော့ မလိုက်ချင်သလို လိုက်ချင်သလို ဒီတချီတော့ မတိုက်လို့ မဖြစ်ဘူးလားဗျာ ဘာညာ ပြောနေသယောင်ယောင်၊ ဟိုအကောင်က အတော်ကြီးတာကိုး၊ သူလည်း လန့်နေပြီလားမသိ။

ဘေးနားက ကိုလွင်ဦးကို အောင်ဖေက တိုးတိုးလေး ကပ်ပြောလိုက်တယ်။

“ဟေ့လူ ရှုံးသွားရင်တော့ ကျုပ်တို့ ထမင်းပါငတ်တော့မယ်နဲ့တူတယ်ဗျ၊ တဲမှာလည်း ဘာမှချက်မထားဘူး၊ ဒီနွားက ကမျောက်ကချောက်နဲ့ နိုင်မယ့်ပုံလည်းမပေါ်ဘူး” လို့ပြောတော့ ကိုလွင်ဦးက အာ မင်းကလည်း ကြည့်ပါဦးဟ ပြောရတာ မဟုတ်ဘူး၊ နွားဆိုတာက သခင်မြှောက်ပေးရင် အသေချတာကွတဲ့။

သူကတောကျွဲအင်းသားဆိုတော့ နာမည်နဲ့လိုက်အောင် နွားတွေ၊ လယ်တွေနဲ့ အတွေ့အကြုံရှိတာဆိုတော့ အောင်ဖေဘာမှ မဝေဖန်တော့ဘူး။

တိုက်ပွဲစတော့ ထင်တဲ့အတိုင်းပဲ နွားနှစ်ကောင် ခေါင်းချင်းဆိုင်တာ အဖြူကောင်ဘာခံနိုင်မလဲ အကောင်က သေးတော့ အမဲကောင်ကြီး တွန်းတာကို ဖင်ဆုတ်ဖင်ဆုတ်ရင်း မနည်းခံနေရတော့တာပဲ၊ ပြန်ကွာသွားလိုက် ပြန်ပြီးခေါင်းချင်း ဆိုင်လိုက်နဲ့ အမဲကောင်ကြီးက သာပါ့။ ဒီကောင်ကြီးဘက်က လောင်းတဲ့သူတွေလည်း အတော်များတယ်ထင်တယ် အားပေးလိုက်တာများ ပေါက်ကြူတရွာလုံး ခြိမ့်ခြိမ့်သဲသဲ။

ထမင်းကျွေးမယ့်အဖိုးကြီးကတော့ မျက်တောင်လေး ပေကလပ်ပေကလပ်နဲ့ ပိုက်ဆံ ၅သောင်းမြင်ယောင်နေပုံပဲ၊ ခဏခဏ အမဲကောင်ကတွန်းလို့ အဖြူကောင်က ပေခံနေရင်းက နောက်ကိုဆုတ်ဆုတ်သွားတယ်၊ ဒီလောက် ဖြစ်နေတာတောင် အရှုံးမပေးတော့ ဧရာမအမဲကောင်ကြီးက အတော်ဒေါပွလာပုံရတယ် တဟုန်ထိုးပဲ သူ့ဂျိုကားကားကြီးနဲ့ ဖိတွန်းတော့တာပါပဲ။ အဖြူကောင်ပြေးတော့မယ်ဟေ့ ဘာညာနဲ့လူုတွေက ဝိုင်းအော်ပြီး အဆုံးသတ်ခိုင်းနေကြပြီ၊ ဟုတ်ပါ့ မြန်မြန်ရှုံးရင်လည်း ရှုံးလိုက်ပေါ့ ဒီမှာက အောင်ဖေတို့က ထမင်းဆာလှပြီ၊ စားရမယ် မစားရဘူးကလည်း မသေချာတော့ဘူး။

“ဖြောင်း”

အောင်ဖေလန့်သွားတယ် အတော်ကျယ်တဲ့အသံပဲ၊ နွားနှစ်ကောင်ဆိုင်နေတဲ့ဆီက ထွက်လာတာ၊ ရုတ်တရက်တော့ ဘာဖြစ်မှန်းမသိဘူး၊ အဲဒီအချိန်မှာ တချိန်လုံးခေါင်းငုံပြီး အမဲကောင်တွန်းတာခံနေရတဲ့ အဖြူကောင်က ခေါင်းကိုအသာထောင်လိုက်ပြီး အမဲကောင်ကိုရင်ဆိုင်ကြည့်လိုက်တယ်။ အရှုံးပေးလိုက်ပြီ ထင်ပါရဲ့။

ရုတ်တရက်တော့ အမဲကောင်ကြီးက တချက်ပြန်ကြည့်ပြီး တဟုန်ထိုး ထွက်ပြေးတော့တာပဲ၊ ဟာ ဘာဖြစ်ကုန်တာလဲပေါ့၊ “အမဲကောင်ကြီး ရူးသွားလားမသိဘူးဗျ” လို့ ကိုအောင်မိုးကိုပြောတော့ “မင်းအဘက ဂျိုကျိုးသွားတာ မတွေ့ဘူးလားဟ” တဲ့ ကိုအောင်မိုးက အမျိုးစပ်ပေးတယ်။ အဲဒီကြမှသိတာ ဟိုအကောင်ကငြိမ်ပြီးတော့ အမဲကောင်တွန်းတာကို သူ့ဂျိုနဲ့ အသာလေးနှဲ့နေတာကိုး အမဲကောင်ကြီး ဟန်ချက်တချက်အပျက် သူ့ဂျိုတိုတိုလေးနဲ့ ကလန့်ပြီးချိုးပစ်လိုက်တာလေ၊ အမဲကောင်ကြီး သူအားကိုးတဲ့ ဂျိုမရှိတော့ ပြေးရရှာလေသတည်းပေါ့လေ။

ဟား အောင်ဖေတို့ပျော်သွားတယ် ထမင်းသေချာပေါက် စားရပြီပေါ့၊ အဖိုးကြီးကလည်း ပြုံးနေတာမှ ဒေါနတောင်တန်းကသစ်တွေ အလကားကန်ထရိုက်ရနေသလိုလို၊ ဒါနဲ့ထမင်းဝိုင်း ပြင်ပေးတော့မှ သတိထားမိတယ်၊ အော သူချက်ထားတာက မိုးဗြဲဒယ်နဲ့ကို ဝက်သားဟင်းချက်ထားတာ ရှုံးရှုံးနိုင်နိုင် စားမယ့်သူ အားလုံးကို ကျွေးမယ်ဆိုတဲ့သဘော၊ အောင်ဖေပေါက်ကရ တွေးသလို မနိုင်ရင်မကျွေးဘူး ဆိုတဲ့အထာမရှိဘူးကိုး။

ထမင်းစားပြီးတော့ ပြန်ကြတော့မယ်ပေါ့လေ၊ ဒါနဲ့အဖိုးကြီးလည်း နုတ်ဆက်ပြီးတော့ အောင်ဖေကအောင်လံထူ စစ်သူကြီး အဖြူကောင်နွားကြီးကို နုတ်ဆက်တဲ့အနေနဲ့ ကျောကိုသွားပွတ်ပေးလိုက်တယ်၊ “ဂွပ်” ကနဲနေအောင် အောင်ဖေ့ခြေထောက်ကို နွားကန်လိုက်တာများ အားပါး အတော်နာပါ့၊ လူတွေကြားမှာ ကိုယ်နာသွားတာကို မသိသလိုဟန်ဆောင်ပြီး လူပြန်လှည့်လာခဲ့တယ်။ စိတ်ထဲကတော့ ပြောလိုက်တယ်။

“သေချင်းဆိုး အစောကတည်းက ရှုံးရမယ့်အကောင်” လို့။

နောက်အပတ်မှာတော့ အောင်ဖေတို့ တပ်စခန်းရောက်ပြီး စစ်သင်တန်းတက်ရပုံ၊ စစ်သားကြီးလုံးလုံး ဗိုလ်မှူးကြီးက သုံးမရဘူး ပြောတဲ့ပုံတွေကို ဆက်လက်တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

(၁၉း၁၉)
၂၈.၆.၂၀၁၄

Photo – ABSDF cadre goes along the Salween River, where a number of its cadres have drowned for decades. (Photo by Lee Yu Kyung)  http://penseur21.com/2010/02/12/forgotten-guerrillas/


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သက်ခိုင်, အခန်းဆက်များ, ဖြစ်ရပ်များ၊ အမှတ်တရများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်