နောင်ကျော် – ခုနေများမှာ ဆရာကြီးမှိုင်းသာ ရှိနေသေးရင်ဖြင့်

July 27, 2014

   – ခုနေများမှာ ဆရာကြီးမှိုင်းသာ ရှိနေသေးရင်ဖြင့်
(မဟာမှိုင်းအလွန် နှစ်ငါးဆယ်ပြည့် အခမ်းအနားမှာ ဖတ်ကြားတဲ့ စာတမ်း)
မောင်လင်းရိပ်၏ ဖေ့စ်ဘွတ်မှ ကူးယူဖော်ပြသည်၊ ဇူလိုင် ၂၆၊ ၂၀၁၄

ဆရာမောင်လင်းရိပ်က ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့စာတွေနဲ့ ပတ်သက်ပြီး စာတမ်းတစ်စောင်ရေးပေးဖို့ ပြောပါတယ်။ ဆရာကြီး ကွယ်လွန်တဲ့ နှစ်၅၀ ပြည့် အခမ်းအနားအတွက် … တဲ့။ ကျွန်တော်က သူ့ကို ပြောပါတယ်။ သခင်ကိုယ်တော်မှိုင်းရဲ့စာတွေနဲ့ ပတ်သက်လို့ ဇော်ဂျီက ‘သခင်ကိုယ်တော်မှိုင်းဋီကာ’၊ မောင်တင်ရွှေက ‘သခင်ကိုယ်တော်မှိုင်းစာ၊ သခင်ကိုယ်တော်မှိုင်းဘ၀’၊ ဒေါက်တာသန်းထွန်းက ‘မှိုင်းဋီကာ အရပ်ရပ်က နိုင်ငံရေး သဘောထားအထွေထွေ’ ဆိုတာတွေနဲ့တင် လုံလောက်နေပါပြီလို့ ပြောပေမဲ့ ကျွန်တော့်ကို အသစ်တစ်ခုခုရေးဖို့ ပြောပါတယ်။ သူက ကဗျာဆရာ သမဂ္ဂမှာ “အကောင်” ဆိုတော့ ကျွန်တော်လည်းထပ်မငြင်းရဲဘဲ သဘောတူခဲ့ရပါတယ်။ ကဗျာဆရာဆိုတာ ကြောက်စရာကိုး။

ကဗျာဆရာ ဆိုတာ တစ်ယောက်ချင်းအနေနဲ့တောင်ကြောက်တတ်ရင် ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်တွေပါ။ ကဗျာဆရာရဲ့ ကဗျာတစ်ပုဒ်ဟာ ခေတ်ပြိုင်လောကကိုကိုင်လှုပ်နိုင်စွမ်း၊ ပြောင်းလဲမှုတွေ ဖြစ်လာအောင် လှုံ့ဆော်နိုင်စွမ်း ရှိပါတယ်။ ဖိနှိပ်တဲ့အစိုးရတွေ၊ လုပ်စားကိုင်စား နိုင်ငံရေးသမားတွေ ဆိုရင် လက်သံပြောင်တဲ့ ကဗျာဆရာတွေကိုကြောက်လည်းကြောက်၊ မုန်းလည်း မုန်းကြပါတယ်။ ဒီလို အခြေအနေမျိုးမှာ ကဗျာဆရာက “စိမ်းကားသောအပြုံး”နဲ့ ပြုံးနေတတ်ပါတယ်။

တစ်ယောက်ချင်းတောင် ကြောက်စရာကောင်းနေတတ်တဲ့ကဗျာဆရာတွေက အစုအဖွဲ့တွေ ဖွဲ့ပြီး သမဂ္ဂ ဖြစ်လာတာ ဆိုတော့ ဘယ်သူ ကြောက်ကြောက် မကြောက်ကြောက်၊ကျွန်တော်ကတော့ ကြောက်ပါတယ်။ ခေတ်ကြီးကိုက “ကြောက်တတ်ရင် ၀န်ကင်း” တဲ့ ခေတ်။ဒါပေမဲ့ ကျွန်တော်ကတော့ ကြောက်တတ်ပေမဲ့ ၀န်မကင်းလို့ ဒီစာတမ်းကို ရေးရတာပါ။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့ ပတ်သက်လို့ရေးခဲ့ကြတဲ့ စာတွေက အများကြီးပါ။ သိန်းဖေမြင့်ရဲ့ ဆရာလွန်း အတ္ထုပ္ပတ္တိ၊ ၀ိဓူရ သခင်ချစ်မောင်ရဲ့ကမ္ဘာလှည့် သခင်ကိုယ်တော်မှိုင်း၊ လူထု ဒေါ်အမာရဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းလို စာအုပ်တွေက  စပြီး ဂျာနယ် မဂ္ဂဇင်းတွေမှာ တစ်ဦးချင်း ရေးခဲ့တာတွေကလည်းသောင်းခြောက်ထောင်ရှိတယ်။ မှိုင်းရာပြည့် အထိမ်းအမှတ်စာစောင်က လည်း ၂ အုပ် ရှိတယ်။ စာရေးဆရာတစ်ယောက်ချင်းအနေနဲ့ ပြောရရင် ဒဂုန်တာရာက ဆရာကြီးအကြောင်း ရေးခဲ့တဲ့ စာတွေတင် အတော်များပါတယ်။ ပြီးတော့တက္ကသိုလ်မှာ မဟာဝိဇ္ဇာကျမ်းအတွက် ပြုစုထားတာတွေ ရှိသေးတယ်။ ဆရာကြီးမှိုင်းနဲ့ ပတ်သက်လို့ရေးခဲ့တဲ့ စာတွေကို စုစည်းပြီး (သူရေးခဲ့တဲ့ စာတွေနဲ့အတူ) သခင်ကိုယ်တော်မှိုင်း စာကြည့်တိုက်ဆိုပြီးသီးခြား စာကြည့်တိုက် အငယ်စားလေးတောင် လုပ်လို့ ရလောက်ပါတယ်။ ဆရာကြီးမှိုင်းနဲ့ ပတ်သက်ရင်အဲဒီလောက် များပါတယ်။ မြန်မာ စာပေသမုဒ္ဒရာမှာ စာပင်လယ်ကြီး တစ်ခုစာ ရှိတယ်လို့ ဆိုကြပါစို့။

ဆရာကြီးမှိုင်းဟာ သူ ဖြတ်သန်းခဲ့တဲ့ ခေတ်တွေမှာဘာတွေ လုပ်ခဲ့၊ ဘယ်လို ရပ်တည်ခဲ့တာကို ဒီစာတမ်းမှာ မပြောတော့ပါဘူး။ သူ့ခေတ်ပြိုင်မှာဖြစ်နေတာ၊ မြင်နေရတာတွေကို ဘယ်လို ရေးခဲ့တယ် ဆိုတာတွေကို နမူနာ နည်းနည်းလောက် ထုတ်ပြပြီးဒီကနေ့ ခေတ်မှာ ဆရာကြီးမှိုင်းသာ သက်ရှိထင်ရှား ရှိနေသေးရင် ဘယ်လိုတွေးပြီး ဘယ်လို ရေးမှာပါလိမ့်ဆိုတာကို စဉ်းစားကြည့်မှာပါ။

ဘယ်လို ရေးလို့ ဘယ်လို ပြေးရတာ၊ ဘယ်လိုရေးလို့ဘယ်လောက် ထောင်ကျတာ၊ ဘယ်လို ရေးတတ်လို့ စာရေးခွင့် အပိတ်ခံရတာ၊ ဘယ်လိုစာတွေကို စိစစ်ရေးကဘယ်လို ဖြတ်ပစ်၊ ဖြုတ်ပစ်တယ် ဆိုတာအထိ ကျွန်တော်က လိုက်ပြီး စဉ်းစားကြည့်မှာ မဟုတ်တဲ့အကြောင်းကိုလည်း ကြိုတင်ပြောထားပါရစေ။

ဆရာကြီးမှိုင်း ဖြတ်သန်းခဲ့တဲ့ ခေတ်ဟာနယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးနဲ့ လွတ်လပ်ရေး ရပြီးတော့ ငြိမ်းချမ်းရေးကြိုးပမ်းအားထုတ်မှု ခေတ်တွေ ဖြစ်တယ်လို့ အကြမ်းဖျင်း ပြောနိုင်ပါတယ်။ အဲဒီခေတ်တွေဟာဆရာကြီးမှိုင်းရဲ့ စာတွေမှာ ပီပီပြင်ပြင် ပေါ်လွင်တယ်။ ဆရာကြီးမှိုင်းကိုယ်တိုင်လည်း သူဖြတ်သန်းခဲ့တဲ့ ခေတ်တွေကို အသိရှိရှိ၊ သတိရှိရှိ ကြည့်မြင်သုံးသပ်ခဲ့ပြီး ပါသင့်ပါထိုက်တဲ့လှုပ်ရှားမှုတွေမှာ (အဖွဲ့အစည်းသဘောအနေနဲ့ပါ) ပါဝင်လှုပ်ရှားခဲ့တာကလည်း အရေးကြီးတဲ့ အကြောင်းအချက်ဖြစ်ပါတယ်။

ဆရာကြီးရဲ့ လေးချိုးကြီးတွေကို ယေဘုယျကြည့်ရင်ရပ်တည်ချက်မှာ ပြည်သူလူထုအကျိုး၊ တိုင်းပြည်အကျိုးအတွက် ခိုင်ခိုင်မာမာ ရပ်တည်ပြီးရေးခဲ့တာကို တွေ့ရမှာပါ။ တိုင်းပြည်ကောင်းဖို့၊ ပြည်သူလူထု ကောင်းစားဖို့ ရပ်တည်ကြည့်မြင်ပြီးရေးတဲ့အခါမှာ တိုင်းပြည်မကောင်းအောင်၊ ပြည်သူလူထု ဒုက္ခရောက်အောင် လုပ်ခဲ့ ကိုင်ခဲ့၊ဖောက်ပြန်ခဲ့၊ ဖိနှိပ်အနိုင်ကျင့်ခဲ့သူတွေဟာ ဆရာကြီး ပစ်ရမယ့် ပစ်မှတ် ဖြစ်ခဲ့တယ်။တိုက်ရမယ့် ရန်သူဖြစ်ခဲ့တယ် ဆိုတာကိုလည်း “ကျွဲကူးရေပါ” တွေ့ကြရမှာပါ။

ကဲ ဆရာကြီးမှိုင်းက သူ့ခေတ်ပြိုင်ကိုဘယ်လိုကြည့်ပြီး ဘယ်လို ရေးခဲ့တယ် ဆိုတာနဲ့ ဒီကနေ့ခေတ်အထိ အသက်ရှင်နေသေးရင် ဘယ်လိုတွေးပြီး ဘယ်လိုများ ရေးလိမ့်မလဲ ဆိုတာ စဉ်းစားကြည့်ကြရအောင်။

 လယ်ယာကိစ္စ

ပထမဆုံး ပြချင်တဲ့ ကဗျာကတော့ ‘အညာမင်္ဂလာဆောင်ဘွဲ့’လေးချိုးကြီးထဲကပါ။ မင်္ဂလာဆောင်တော့ ရတဲ့ လက်ဖွဲ့တွေထဲမှာ နွားတစ်ရှဉ်းနဲ့ ယာတစ်ခင်းပါတယ်။ ခန်းဝင်ပစ္စည်းတွေကလည်း မနည်းလှပါဘူး တဲ့။ အိမ်ထောင်ရေးသက်တမ်းကာလမှာ လောင်းကစားဆိုလို့ကြက်ပွဲတောင်မှ မလောင်းခဲ့ပါဘူးတဲ့။ အဲဒီလို ရိုးရိုးသားသားကြိုးကြိုးစားစား လုပ်ကိုင်နေပါလျက်နဲ့စီးပွားရေး အဆင်မပြေလို့ အကြွေးတင်တယ်။ ကြွေးရှင်က ကြွေးတောင်းလို့ နွားတစ်ရှဉ်းနဲ့ယာခင်းကို ရောင်းပြီး ကြွေးဆပ်လိုက်ရတဲ့ (အဲဒီခေတ်က) လယ်သမား၊ ယာသမားတွေရဲ့ ဒုက္ခကိုဒီလိုဖွဲ့တယ်။

“ခေါင်းတခါခါနှင့် ဆတ်လှစွာသော

လှလှစွေ့စွေ့ရယ်နှင့် ၀၀ပြေ့ပြေ့ နပြာတရှဉ်းကိုလ

ကျောင်းတကာကိုသာ အပ်လိုက်ပေရော့

ရသရွေ့ ဘာဘာညာညာရယ်လို့ မငြင်းလေနှင့်

‘မလေးရယ်’ ရောင်းကာသာ ဆပ်လိုက်ပေတော့

ရွာရှေ့ ယာတစ်ခင်း။”

ဆရာဇော်ဂျီက ဒီကဗျာနဲ့ ပတ်သက်လို့ မှတ်ချက်ပေးရာမှာ”နယ်ချဲ့ အရင်းရှင်စနစ်ကြောင့် ဆင်းရဲတွင်းမှ မတက်နိုင်ကြသော တောင်သူလယ်သမားတို့ကိုလည်းသတိပြုမိခဲ့သည်။ ဤတွင်လည်း သူတစ်ပါး၏ လက်အောက်ခံဘ၀သို့ ရောက်နေကြရသောကြောင့် တောင်သူလယ်သမားတို့သည် ကယ်သူ မရှိ ဖြစ်နေကြရပြီဟု ဆရာကြီး ယူဆလိုဟန်တူသည်။ တောင်သူလယ်သမားအရေးနှင့်စပ်လျဉ်း၍ ဆရာကြီး၏ အသိ၊ သတိတို့သည် ခေတ်ရှေ့ပြေးခဲ့သည်ဟုပင် ဆိုလောက်ပါသည်။ … … တောင်သူလယ်သမားတို့တွင် အကြွေးနှိပ်စက်လှသဖြင့် လယ်မြေ လက်လွတ် ဖြစ်ကြရခြင်းသည် ထိုခေတ်က တောင်သူလယ်သမားတို့၏ ဒုက္ခတစ်ခု ဖြစ်ဟန်တူသည် …” ဆိုပြီး ရေးခဲ့တယ်။ ဒါက နယ်ချဲ့ အင်္ဂလိပ်ခေတ်ကလယ်သမားတွေရဲ့ ဘ၀ပါ။

ဒီကနေ့ ခေတ်မှာ လယ်ယာတွေကို စစ်တပ်ကသိမ်း၊ အစိုးရက သိမ်း၊ ကုမ္ပဏီတွေက သိမ်းလို့ လယ်ပိုင်ယာပိုင်ဘ၀ကနေ လယ်မဲ့ ယာမဲ့ ဘ၀ရောက်ခဲ့ကြရသူတွေဟာ မြန်မာနိုင်ငံရဲ့ မြောက်ဖျားက တောင်ဖျား၊ အရှေ့ဖျားက အနောက်ဖျားအထိတောင်တန်းဒေသ ရော မြေပြန့်ဒေသမှာပါ ရှိနေကြတယ်။ ဘိုးဘွားပိုင်မြေကို ကြွေးတင်လို့ ရောင်းပြီးဆပ်လိုက်ရတာကြောင့် လယ်မဲ့ ယာမဲ့ ဖြစ်နေကြရတာ မဟုတ်ပါဘူး။ အမိန့်တွေ၊ အာဏာတွေနဲ့ အသိမ်းခံရတာပါ။အသိမ်းခံရလို့လည်း လျော်ကြေး ရကြတာ မဟုတ်ဘူး။ ရပြန်တော့လည်း နှစ်ပြားတစ်ပဲ လောက်ပဲရကြတာပါ။ ပြီးတော့ အဲဒီမြေကို သိမ်းထားသူတွေက စီးပွားရေးလုပ်တယ်။ သတ္တုတူးတယ်။ အိမ်ကွက်ရိုက်ရောင်းတယ်။ဒါကို လယ်ရှင်တွေက မကျေနပ်လို့ တန်ရာတန်ဖိုး တောင်းတယ်။ မပေးဘူး။ မကျေနပ်လို့ ဆန္ဒပြတော့အကြမ်းဖက်နှိမ်နင်းတယ်။ ဖမ်းဆီးထောင်ချတယ်။ ဒါဟာ ဒီကနေ့ ခေတ်ပြိုင်ကာလရဲ့ ဗမာပြည် တစ်နံတစ်လျားမှာဖြစ်နေကြတာပါ။

ဆရာကြီးမှိုင်းသာ သက်ရှိ ထင်ရှားရှိနေရင်ဒီလို မတရားမှုမျိုးကို မရေးဘဲ မနေပါဘူး။ ကျိန်းသေ ရေးမှာပါ။ ဘယ်လို ရေးမယ် ထင်ပါသလဲ။

“မြို့ရော တောပါ တောအညာမှာဖြင့်၊အရာရာ ညှဉ်းပေတဲ့ … ငါသာ တမင်းရယ်လို့၊ အာဏာကလဲ ပြင်းလိုက်ပါဘိသနှင့်၊ အတင်းအမျိုးမျိုးလုပ်သဟာ၊ အိုကွယ် … ရာဇာသနင်းရယ်တဲ့ မင်းဆိုး မင်းယုတ်မာ”

လို့များ ‘တိန္ဒုက ဇာတ်ပွဲ ယပ်လှဲ လေးချိုးကြီး’ထဲကလိုရေးလေမလား။ ဒါမှမဟုတ်

“အထူး လှပတဲ့ ဖာအိမ်မှာတောင်၊ အာဏာရှိန်ပြပြပြီး၊ ည ည ဒမြသူခိုးတွေရဲ့ပြင်…၊ အစိုးရလူ ဟူသရွေ့တို့ကလည်း၊ နေ့နေ့ သူခိုးဒမြအလားပေမို့၊တိုင်းကားပြည်ရွာ ပျက်တော့မည့် အကြောင်းတွေနှင့် ”

ဆိုပြီး ရေးလေမလား။ ခေတ်အသစ်၊ အဖြစ်အသစ်၊အညစ်အပတ် ယုတ်မာ နှိပ်စက်မှုအသစ်တွေကို စစ်ကြေညာမောင်းတီးပြီး ခုခံရေးစစ်ပွဲကြီး နွှဲဖို့ရေးလေမလား။ စဉ်းစားကြည့်စရာပါ။

ဒါကလည်း ဆရာကြီးမှိုင်းဟာ မတရားမှု မှန်သမျှကိုခုခံတော်လှန်ဖို့ စိတ်ထားမွေးခိုင်းပြီး တော်လှန်ရေးဘက်က အမြဲတမ်း ရပ်တည်ရေးခဲ့တဲ့စာဆိုကြီး ဖြစ်လို့ပါပဲ။

 လယ်သမားတွေ သူပုန်ထတော့

နယ်ချဲ့ရဲ့ ကိုလိုနီဘ၀မှာ လယ်သမားတွေဆင်းရဲဒုက္ခက ကြီးသထက် ကြီးပြီး နက်သထက် နက်လာခဲ့တယ်။ အခွန်ပေါင်းစုံရဲ့ ဖိစီးမှုတွေ၊အကြွေးပေါ် အတိုးတက်ပြီးရင်း ထပ်တက်တာတွေကြောင့် လယ်သမားတွေ လယ်မဲ့ယာမဲ့ ဖြစ်ရတဲ့အပြင်ဖိနှိပ်မှုတွေ၊ အနိုင်ကျင့် ခံရတာတွေ များလာတော့ ဆရာစံ ဦးဆောင်တဲ့ တောင်သူလယ်သမား အရေးတော်ပုံကြီးပေါ်လာခဲ့တယ်။ အဲဒီအခြေအနေကို ဆရာဇော်ဂျီက

“ထို့နောက် စံဖဲ ကိစ္စပေါ်လာသော အခါ၌လည်းကောင်း၊ဆရာစံ ခေါင်းဆောင်သော တောင်သူလယ်သမား တော်လှန် ပုန်ကန်သော ဂဠုန်အရေးတော်ပုံ၌လည်းကောင်းဆရာကြီးသည် လက်ပိုက်၍ ကြည့်မနေနိုင်။ အရေးတော်ပုံ ဒုက္ခသည်တို့ အား တစ်ဖက်တစ်လမ်းမှအကူအညီပေးခဲ့ပါသည်။”

ဆိုပြီး မှတ်ချက်ချတယ်။ အဲဒါကတော့ ဆရာကြီးမှိုင်းရဲ့’ဆရာစံ အာဇာနည်၏ သာယာဝတီ ဂဠုန်ဘွဲ့ လေးချိုးကြီး’ကို ရေးခဲ့တဲ့ ကိစ္စပါပဲ။

“သာမျှို့အရကို အစုံဖန်ပေါ့

ရဂုံ’စံ’ ချစ်စရာတပည့်တို့မှာဖြင့်

‘ဥုံ အရဟံ’ သစ္စာကတိတွေနှင့်

‘ဂဠုန်သရဏံ ဂစ္ဆာမိ’ကြပေတော့”

ဆိုတဲ့ စာသားပါတဲ့ လေးချိုးကြီးဟာ အင်္ဂလိပ်နယ်ချဲ့အစိုးရရဲ့ မတရား ဖိနှိပ်မှုတွေကို လက်နက်ကိုင် ပုန်ကန်တဲ့ တောင်သူလယ်သမား အရေးတော်ပုံကြီးဘက်ကမားမားမတ်မတ် ရပ်ပြီး ရေးခဲ့တဲ့ ကဗျာပါ။ အဲဒါမျိုးတွေကြောင့်လည်း ဆရာကြီးမှိုင်းကိုစာပေသမားတွေရော၊ နိုင်ငံရေးသမားတွေကပါ လေးစားကိုင်းရှိုင်းကြရတာ ဖြစ်ပါတယ်။ ဘယ်ဘက်ကရပ်ရမလဲဆိုတာ ပြတ်ပြတ်သားသား နားလည်ပြီး ရဲရဲရင့်ရင့် ရပ်တည်ခဲ့လို့ပါ။

ဒီဘက်နှစ်ကာလတွေထဲမှာ ဗမာပြည်တစ်နံတစ်လျားကလယ်သမားတွေဟာ မတရား အသိမ်းခံထားရတဲ့ သူတို့ လယ်မြေထဲ ပြန်ဝင်လာပြီး ထွန်တုံးတိုက်ပွဲတွေဆင်နွှဲကြတယ်။ မတရား သိမ်းထားတဲ့ လယ်ထဲမှာ လာတူးထားတဲ့ ငါးကန်တွေကို ဖောက်ချကြတယ်။ လယ်မြေကိုပြန်မပေးရင် ကာလတန်ကြေးအတိုင်း ပေါက်ဈေးနဲ့ အလျော်ပေးဖို့ တောင်းဆိုကြတယ်။ “ငွေမလိုချင်ဘူး။မြေကိုပဲ ပြန်လိုချင်တယ်” ဆိုတဲ့ စကားသံတွေကိုပါ ကြားလာရတယ်။ ပြီးတော့ လယ်သမားတွေထောင်ချခံကြရတဲ့ သတင်းတွေက မနေ့တစ်နေ့က အထိ ကြားနေရတုန်း။

ကျေးလက်ဒေသမှာ လုပ်စားကိုင်စားရတာ အဆင်ပြေလို့မြို့တက်ပြီး အလုပ်ရှာကြ၊ နိုင်ငံခြား (ထိုင်း၊ မလေးရှား၊ တရုတ်နယ်စပ်) သွားပြီး အလုပ်ကြမ်းသွားလုပ်ကြနဲ့ကျေးလက် လူမှုဘ၀တွေ ပျက်ကုန်ကြပြီ။ ကျေးလက်ဒေသရဲ့ အေးချမ်းလှပတဲ့ အလှတွေပါ ဖျက်ဆီးခံနေရတဲ့ခေတ်ပြိုင်ကာလကြီး။

ဒီလိုခေတ်မှာ ဆရာကြီးမှိုင်းသာ အသက်ရှိနေဦးမယ်ဆိုရင် ဘယ်လိုမျိုးတွေ ရေးလိမ့်မယ်လို့ တွေးမိပါသလဲ။ ‘ဆွာရတ်ဋီကာ နိဒါန်း လေးချိုးကြီး’ထဲကလို

“အနှိပ်စက်ဘယာ ထူပါတဲ့ မြန်မာ ဇမ္ဗူတလွှား

အိုကွယ် … သပိတ်ဘက် ပါသူတွေမှာဖြင့်ဗျာပါအပူများ”

လို့များ ရေးလေမလား။ ‘ဖက်ဆစ်ဋီကာ မဟာနိဒါန်း’လေးချိုးကြီးထဲကလို

“သြော် … သပိတ်အတွက်ကယ်လို့

အနှိပ်အစက်တွေကြောင့်၊ စိတ်လက်ဆရာ မအေးရာက…

‘အမယ်မင်း’ ရှေးကျကျဉာဏ်နှင့်၊ တက်ခေတ်ပြည်မြန်မာအရှည်အကြာ လွမ်းလောက်အောင်

သြော် … အရေးအလှ၊ ဘေးဘယတွေကြောင့်၊ ရေးရပြန်ပကွဲ့’ဖက်ဆစ်ဋီကာ’ တကျမ်း။”

ဆိုပြီးတော့များ ရေးလေမလား။ စဉ်းစားကြည့်စရာပါ။

မတရား အနိုင်ကျင့်၊ နှိပ်စက်ခံနေရတဲ့ခေတ်ပြိုင်လယ်သမားတွေဘက်ကနေ ဆရာကြီး မှိုင်းက ပြတ်ပြတ်သားသား ရပ်မှာ သေချာပါတယ်။

‘သံဝေဂကဗျာ၊ ဇရာဒုက္ခဘွဲ့’ မဟာလေးချိုးကြီးထဲကလို

“သြော် … တက်ခေတ် တက်ခေတ်နှင့်၊အဖက်ဖက် ညစ်ချင်တဲ့

(Fascist)ဖက်ဆစ်သဖွယ် ယခုတသုတ် မင်းတွင်ဖြင့်

သပြု ကျွန်ုပ်မကင်းသူတို့နဲ့ ဘုရားထဲတရားပွဲသဘင်

‘အိုကွယ်’ ဘသူ့အရှုပ်အရှင်းကိုမှ၊ ကြားလဲမကြားချင်။”

ဆိုပြီးတော့လည်း စိတ်ပျက်လက်ပျက်နဲ့ရေးချင် ရေးဦးမှာပါ။ ‘လွတ်လပ်ရေးအတိတ် သပိတ်ဖွဲ့ကဗျာ’ မဟာ လေးချိုးကြီးထဲကလို

“မြန်မာတခွင် သပိတ်အမှောက်ပေါချိန်မို့

ဆရာသခင် အရိပ်နိမိတ် တဆိတ်ဟောလိုက်မကွဲ့

မြှောက်သနဲ့၊ ချောက်သနဲ့ ရာဇဂုဏ်ကို

မြောက်တဲ့ ကြောက်တဲ့ အာရုံမစောကြလေနဲ့”

ဆိုပြီး မကြောက်တရားနဲ့ အားပေးလေဦးမလားဆိုတာလည်း စိတ်ဝင်စားစရာ ကောင်းနေပါသေးတယ်။ ခုနေများ ဆရာကြီးသာ ရှိနေသေးရင်ဖြင့်။

 ရှက်စရာ လူမျိုးရေး ပြဿနာ     

ဖိနှိပ်ဖောက်ပြန်တဲ့ အစိုးရတွေဟာ သူတို့အတွက်နိုင်ငံရေး အကျပ်အတည်းကြုံလာခဲ့ရင် (ဒါမှမဟုတ်) ကြုံလာနိုင်ခြေ ရှိရင် ဂယ်ပေါက် ဖောက်ပြီးလမ်းလွှဲလေ့ရှိတယ်။ ရှိနေတဲ့ ပြဿနာအသေးအမွှားကို ကြီးကြီးမားမား ဖြစ်အောင်၊ ပြဿနာ မရှိတာကိုပြဿနာကြီးလို့ အများက ထင်လာမြင်လာ စိုးရိမ်လာအောင် ဆွတတ်၊ ဖွတတ်၊ မီးမွှေးတတ်တာမျိုးကိုကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်ပါတယ်။ ဆရာကြီးမှိုင်း ဖြတ်သန်းခဲ့ရတဲ့ နယ်ချဲ့အင်္ဂလိပ်အစိုးရလက်ထက်မှာကုလားဗမာ အဓိကရုဏ်း ဖြစ်ခဲ့တယ်။ လူ့သဘာဝထဲမှာ ထင်ရှား နေတဲ့ အချက်တစ်ခုက လူမျိုးရေး၊ဘာသာရေး ပြဿနာမျိုးဆိုရင် (အတော်များများက) အဆင်ခြင်ကင်းမဲ့စွာနဲ့ ကောက်ကောက်ပါ အောင်နောက်ကနေ လျှောက်ပါတတ်လေ့ရှိတာပါပဲ။

လူမျိုးရေး ဘာသာရေးဆိုတာဟာ ပြဿနာ မကြီးကြီးအောင် ဖွရ ဆွရ လွယ်ကူတဲ့ ကိစ္စမျိုးမှန်း ဖိနှိပ်ဖောက်ပြန်တဲ့ အစိုးရတွေက ကောင်းကောင်းကြီးနားလည်ပြီး ကြုံကြိုက်တိုင်း သူတို့ အကျိုးအတွက် ဖန်တီးအသုံးချလေ့ ရှိပါတယ်။ အင်္ဂလိပ်နယ်ချဲ့ခေတ်တုန်းကကြုံခဲ့ရသလို လွတ်လပ်ရေး ရပြီး နောက်ပိုင်း ကာလတွေမှာလည်း ဖန်တီးလို့ ဖြစ်ခဲ့တာတွေဟာမနေ့တနေ့တုန်းက အထိပါပဲ။

ဆရာကြီးမှိုင်းကတော့ သူ့ခေတ်တုန်းက ကြုံခဲ့တာကိုဒီလိုမြင်ပြီး ဒီလိုတွေးတယ်။

“သြ … ကုလားအရေးလောက်ကိုဖြင့်

စကားအကြွေးမမောက်ပါဘု

ဓားသွေးလောက်တယ် ဆရာမထင်လို့မို့

အားပေးအားမြှောက် မပါချင်တဲ့ပြင်”

ဆိုတာမျိုး ရေးခဲ့သလို ဒီလိုလည်း ပြောခဲ့ပါသေးတယ်။

“အများတစု မြန်မာတွေနှင့်တကွ

ကုလားလူထု သတ္တ၀ါတွေကို

သနားကရုဏာ အတိုင်းရယ်နှင့်

သြော် … အခွန်တိုး စာရင်းတွေနှင့်

ဝန်ထပိုးမကင်းနိုင်တဲ့

အလွန်ဆိုးခြင်း ပမာမှာလေ

ကျွန်မျိုးချင်း စာနာလို့မှ မနှိုင်းကြရော့သလား

နထိုင်း နပျက် နနက် နပြာတွေလိုနော်ကွယ်

အရိုင်းသက်သက် တလိုင်းနှက်သလိုမို့

… … …

‘မှိုင်း’ ရှက်သကွာ”

ဆရာကြီးရဲ့ ဒီလေးချိုးမှာ သုံးထားတဲ့’တလိုင်း’ဆိုတဲ့ စကားဟာ ‘မိုက်မဲသော သူများ၊ လူမိုက်’ ဆိုတဲ့ အဓိပ္ပာယ်နဲ့ သုံးတာပါ(ပေါရာဏကထာ အဘိဓာန် ကြည့်ပါ)။ ‘ရန်ကုန် ကုလားဗမာရိုက်ပွဲကို ရပ်စဲဖို့ရာ မေတ္တာရပ်သည့်လေးချိုးကြီး’မှာ ဆရာကြီး မှိုင်းက ပြဿနာကို ဒီလိုကြည့်ပြထားတာကိုပါ တွေ့ရပါသေးတယ်။

“သဘောသေးသယောင် ၀ါသနာ ၀သီရွဲ့သူတို့ကဖြင့်

ရှောမွေးကလေးတကောင် ဗာရာဏသီချဲ့ချိန်မို့”

ဆိုပြီး ပြဿနာမဟုတ်တာကို ပြဿနာလုပ်နေတာလို့ထောက်ပြထားပါတယ်။ ကဲ … ဆရာကြီးမှိုင်းရဲ့ လူမျိုးရေး ပြဿနာကို ကြည့်မြင်ပုံက ရှင်းမနေဘူးလား။လျှောမွေးကလေးအသေကို ပိုက်ပြီး ဗာရာဏသီလိုက်ချဲ့မနေနဲ့တဲ့။ ပုံကြီးချဲ့ ပြဿနာလုပ်မနေနဲ့တဲ့။စိတ်သဘောထား အဆင့်မရှိသူ၊ စရိုက်ဝါသနာ မမှန်သူတွေသာ လုပ်တဲ့ အလုပ်တဲ့။

၁၉၈၈ အရေးတော်ပုံကြီး ဖြစ်ခါနီးမှာ ကုလားဗမာအဓိကရုဏ်းတွေ ပေါ်ခဲ့ကြတယ်။ ကျောင်းသားနဲ့ ရဟန်းရှင်လူ ပြည်သူလူထုက ပြဿနာရဲ့ ဇာစ်မြစ်ကိုထောက်ပြပြီး ၀ိုင်းထိန်းနိုင်ခဲ့တယ်။ ပြီးခဲ့တဲ့ ၂ နှစ်လောက်ကနေ မနေ့တနေ့ကအထိ ဗမာပြည်အနှံ့မှာလူမျိုးရေး ဘာသာရေး ဘက်ကို ဇောင်းပေးပြီး ပေါက်ကွဲခဲ့တဲ့ အဓိကရုဏ်းတွေဟာ ဖန်တီးခဲ့လို့ဖြစ်ခဲ့ကြတယ်။ လူမျိုးရေး၊ ဘာသာရေးကို အခြေခံပြီး ပြဿနာတွေ ဖြစ်လာတိုင်း သက်ဆိုင်ရာလူမျိုးတွေ၊ ဘာသာဝင်တွေ အားလုံးဟာ မဆီမဆိုင်ဘဲ အထိတ်တလန့် ဖြစ်ရတယ်။ ပြဿနာဖြစ်တဲ့ ဘက်နှစ်ဘက်စလုံးဟာဘိုးစဉ်ဘောင်ဆက် ဒီတိုင်းပြည်ထဲမှာ နေခဲ့ကြသူတွေ၊ အများစုဟာ ဘာသာမတူ၊ လူမျိုးမတူပေမဲ့ချစ်ချစ်ခင်ခင်၊ ကြည်ကြည်ဖြူဖြူ၊ ရင်းရင်းနှီးနှီး ရှိခဲ့ကြသူတွေ။ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်နဲ့ဖောက်ပြန်ဖိနှိပ်တဲ့ အစိုးရခေတ်တွေ အဆက်ဆက်မှာ ပါးရိုက်တာလည်း အတူတူခံခဲ့ရ၊ ဖနောင့်နဲ့ပေါက်တာလည်း အတူတူ ခံခဲ့ကြရပြီး ဖိနှိပ်သူ အစိုးရဆိုးတွေကို ပြန်ချကြရအောင် ဆိုတော့လည်းအတူတူ လက်တွဲပြီး ပြန်ချဲခဲ့ကြသူတွေပါ။ အစိုးရဆိုးတွေဟာ သာမန်ဖြစ်လေ့ရှိတဲ့ ရာဇ၀တ်မှုတွေကိုတရားဥပဒေဘောင်ထဲက မရှင်းဘဲ လျှောမွေးကလေးကို ဗာရာဏသီ ချဲ့ခဲ့ကြတာပါ။

အဲဒီလို ကြည့်ကြကြေးဆိုရင် ရှမ်း၊ ၊ချင်းဒေသတွေမှာ ဖြစ်ခဲ့တဲ့၊ ဖြစ်နေတဲ့ ဗမာစစ်သားမုဒိန်းမှုတွေကို ခံရသူတွေဘက်က ဘာသာရေးရှုထောင့်ကနေပြီးစွဲချက်တင်တဲ့အခါ ဘာပြောကြမှပါလဲ။ အဓမ္မမှု နောက်ကွယ်တိုင်းမှာ အကျိုးဖြစ်နေသူတွေ ရှိနေတတ်ပါတယ်။

ဒီလိုကာလမှာ ဆရာကြီးမှိုင်းသာ ရှိနေရင်ဘယ်လိုတွေးပြပြီး ဘယ်လို ရေးချမယ် ထင်ပါသလဲ။ ]နိုင်ငံခြား သာသနာပြုဘွဲ့ ကဗျာ}ထဲကလို

“လုပ်သမျှ အရာရာ စွဲစေဖို့

ရမ်းကာ သန်းက ရှုပ်ကြလျှင်ဖြင့်

ဒုက္ခ မဟာငရဲပါကွဲ့”

လို့များ ဝေဖန်ရေးဖွဲလေဦးမလား။ ‘တိန္ဒုကဇာတ်ပွဲ ယပ်လှဲ လေးချိုးကြီး’ထဲက လယ်သမား ကလော်ဆဲသလို

“အရပ်ရပ်ညှဉ်းပေတဲ့ … ဗြဟ္မဒတ်မင်းကျွန်

လူလွန်မသားတွေ၊ နိုင်ငံမွှေဖို့

နေမမြင့်မီ၊ စီစီမံမံ”

ဆိုပြီးတော့ပဲ အကျယ်ချဲ့ ရေးလေမလား။အဲဒီလိုမှ မဟုတ်ဘဲ ‘သာယာဝတီ မဟာထေရ် ဦးညေယျ၏ မြန်မာ့နောင်တော်ဘွဲ့ကဗျာ’ မဟာလေးချိုးကြီးထဲကလို

“ကပြောင်းကပြန် အရှုပ်ဉာဏ်သမားတွေရဲ့

ကြောင်းမတန် မဟုတ်မမှန်စကားတွေနှင့်

မတရားတချို့ မတော်လေတယ်နော်ကွယ်

နားတဖြို့ဖြို့ ခါးသမို့သာပ၊ ကြားလို့မလျော်။”

ဆိုတာမျိုးပဲ ရေးလေဦးမှာလား။ ဒါမှမဟုတ်ပြဿနာမဟုတ်တာကို ပြဿနာလုပ်ပြီး ဇာတ်ရှုပ်အောင် တီထွင်တဲ့ အစိုးရရှင်ဘုရင်တွေကို ‘အင်္ဂလန်သို့ဘုရင်ခံ ပြန်ပို့ရာ မေတ္တာစာလေးချိုးကြီး’ထဲမှာ ရေးသလို

“နသိုး ထပိုးကသကဲ့သို့

ရိုးရိုးရွရွ မရွှင်မပြုံးမူ၍

သြော် … တန်ခိုးတပြပြ၊ သခိုးဒမြကဲ့သို့သော

အစိုးတရ ရှင်ဘုရင်ကိုတောင် မမြင်ချင်အောင်မုန်း”

လို့ပဲ ရေးလေဦးမလား။ စဉ်းစားကြည့်ချင်စရာပါ။

 ပူးသတ်တာလား၊ ပူးကပ်တာလား

ဆရာကြီးမှိုင်းရဲ့ လေးချိုးတွေထဲမှာ သတိထားမိတာတစ်ခုကတော့ ဟုမ္မရူးနဲ့ ဒိုင်အာခီ ပြဿနာပေါ်မှာ အခြေခံပြီး ရေးတဲ့ လေးချိုးအရေအတွက်ကတခြား အကြောင်းအရာတွေထက် ပိုများနေတာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဟုမ္မရူးကနေ လိုင်းပြောင်းပြီးပူးသတ်မယ် ဆိုတဲ့ လူတွေ၊ ရာထူး (လခ) မက်တဲ့ လူတွေကို နာနာလေး နှက်တဲ့ လေးချိုးတွေဟာထင်သာ မြင်သာ ပိုရှိနေတာကို ပြောချင်တာပါ။

ဒေါက်တာသန်းထွန်းရဲ့ ]မှိုင်းဋီကာအရပ်ရပ်ကနိုင်ငံရေး သဘောထားအထွေထွေ}စာတမ်းမှာ ဒီလို မှတ်ချက်တွေ တွေ့ရတယ်။

“ယခုကာလအခါ မြန်မာပြည်တစ်ပြည်လုံးကမကြိုက်မနှစ်သက် မလိုချင်သော ဒိုင်အာခီလို့ ရေးထဲ့တာကိုလည်း ခွေးဋီကာထဲမှာ ဖတ်ရပါတယ်။”

“အိန္ဒိယမှာတော့ ပါဝင်ဆောင်ရွက်ကြတဲ့သူတွေဟာရိုးသားကြလို့ အမှန်ပူးသတ်နိုင်ပေမဲ့ မြန်မာပြည်မှာတော့ ပူးသတ်သွားကြတာနဲ့ ‘ကျွန်ရာဇ၀င်’ရှည်နေတယ်လို့ဆရာကြီး နောက်တော့ ဝေဖန်ပါတယ်။”

“တကယ်တော့ ဆရာကြီးက ဒိုင်အာခီကိုတညီတညွတ်တည်း သပိတ်မှောက်စေချင်တဲ့ ဆန္ဒပါပဲ။ အခု ဖော်ပြခဲ့တဲ့အတိုင်း ဒိုင်အာခီခေတ်ကဆရာကြီးဟောတဲ့ ညီညွတ်ရေးဆိုတာ ခေါင်းဆောင်အချင်းချင်း ညီညွတ်ကြဖို့ ရည်ညွှန်း တယ်။”

ဒေါက်တာ သန်းထွန်းပြောတဲ့ ဆရာကြီးရဲ့ဒိုင်အာခီအပေါ် ထားတဲ့ သဘောထားနဲ့ ဒိုင်အာခီနဲ့အတူတူ ပူးသတ်မယ် ဆိုတဲ့ လူတွေ အပေါ် ဆရာကြီးရဲ့သဘောထားကို လေးချိုးတွေထဲမှာ ဒီလို ရေးပါတယ်။

“ဒေါင်းရောင်နေ မှေးသကို အခိုက်တွင်မှ

ခေါင်းဆောင်တွေ ရှေးနဂိုရ်မလိုက်ပြန်တော့

အရေးထိုထို၌ အခိုက်အခွင့်မဟန်

အိုကွယ် … ခွေးလို ကိုက်ချင်တဲ့ စရိုက်အကျင့်တန်။”

“နွံနစ်ရှာတောင်

ကျွန်ခေတ် ငါတကောင်ဟဲ့လို့

တစွာစွာတဟောင်ဟောင် သို့ကလောက် ဟိန်းကြလျှင်ဖြင့်

မှောက်ကိန်း အရှေသွားမည်ကြောင့်

ငွေငါးထောင် အရာလုတွေကဖြင့်

သာဓုခေါ်စရာပ …”

(သြ၀ါဒကတာ မေတ္တာဘာဝနာစီးဖြန်းသည့် လေးချိုး)

“သို့ကလို ချောက်စခန်းတွင်မှ

အောက်တန်း သခင်နဲ့ မွေးနေကြ

ပေါက်ပန်း မင်တဲ့ ခွေးလိုပ

လွေးဘို့ရာ မှိုင်ကာမြည်ကြတဲ့

‘ဒိုင်အာကီ’အမတ်မင်းတွေရဲ့

ဇာတ်ခင်းပုံ ပလီပလာနဲ့ ကလီကမာကြောင့်

ပြည်ရွာမှာ ညီညာဘို့ ခက်ပုံနှင့်…”

(အညာစကိုင်းတခွင် ခရီးစဉ် … မဟာလေးချိုးကြီး)

“ပြေသူ့အပူကို၊ ဝေစုအယူနပ်တဲ့အပြင်

အမတ်ဆိုသူ ဟိုတချို့ဟာကလဲ

ကိုယ်တို့လူ သူ့ဘက်တွင်းတွေမို့…”

(ဆွာရတ်ဋီကာ နိဒါန်း လေးချိုးကြီး)

“ထူးမြတ်လျော်ကန်၊ ပူးသတ်အကော်ကြံဖို့အတော်ဟန်သမို့

မှူးမတ်အခေါ်ခံကြတဲ့၊ မဟော်သဏ္ဌာန် တပဲ့ဒကာရင်းတွေနှင့် ”

(ဒိုင်အာကီသံဝေဂ တမ်းချင်းကဗျာ …)

“နှစ်ကျိပ်တပါး မှူးလျာမတ်တွေကလဲ

ပူးကာသတ်မယ် ‘ကောင်စီ’၀င်လို့မို့

အနှောင်ပြည်အင် ကွဲရှာသနေ့ရယ်လ

တကောင့်တကောင် ထီမထင် ဇွဲမာမာနဲ့ ခွေ့ကြလေတော့

အကွဲဟာ မစေ့နိုင် ယနေ့တိုင်အောင်မိုက်ချိန်နှင့်”

(ရွှေတိဂုံ ဘုရားတိုင်ဘွဲ့ကဗျာ မဟာလေးချိုးကြီး)

ဆရာကြီးမှိုင်းက ဒိုင်အာခီကိစ္စနဲ့ ပတ်သက်လို့ရေးခဲ့တဲ့ လေးချိုးတွေက အများကြီးပါ။ သမိုင်းဆိုင်ရာ ကိစ္စတွေနဲ့ ဆက်စပ်ပြီး ပြောရင်ရှည်လျားထွေပြားနေမှာစိုးလို့ မပြောတော့ပါဘူး။ လူကြီးတွေကို အားကိုးလို့ မရနိုင်မှန်းသိလာတော့ ဆရာကြီးမှိုင်းက လူငယ်တွေကို အားကိုးတယ်။ သူတို့တွေနဲ့ တို့ဗမာအစည်းအရုံးမှာတွဲလုပ်တယ်။ ဒါက အတိတ်သမိုင်း။

ဒီကနေ့ခေတ် ရှစ်လေးလုံး အရေးတော်ပုံကြီးကိုဖြတ်သန်းပြီးတဲ့အခါ ပါတီတွေ ပေါ်လာတာနဲ့အတူ ဗြောင်ကျကျ စစ်အာဏာရှင်စနစ်နဲ့ ထပ်တွေ့တယ်။လက်နက်ကိုင်တိုက်ဖို့ ထွက်သူ ထွက်၊ ထောင်ကျသူ ကျ၊ ရွေးကောက်ပွဲ နိုင်ပေမဲ့ အာဏာမရ… စတဲ့ အခြေအနေတွေနဲ့ ခေါင်းကြောမာတဲ့ စစ်အာဏာရှင်တွေရဲ့ လက်အောက်ကနေ စစ်တပ်သြဇာ ကမ္ဘာတည်သရွေ့အာဏာပိုင်စေမယ့် ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ ပေါ်လာ။ ရွေးကောက်ပွဲ၊ ကြားဖြတ်ရွေးကောက်ပွဲ၊ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ အရင်တုန်းက သူပုန်တွေ ဖြစ်ခဲ့သူတွေက အစိုးရနဲ့ သမ္မတအကြံပေးတွေဖြစ်လာကြ၊ ကြောင်ကြာကြာ ရေမငုပ်နိုင်သလို အာဏာရှင်စရိုက်တွေ တဖွားဖွား ပြန်ပေါ်လာတဲ့အရပ်ဝတ်အစိုးရနဲ့ ခေတ်ပြိုင်နိုင်ငံရေး လှုပ်ရှားမှုတွေ။

     ဒီလို အခြေအနေတွေကို ဆရာကြီးမှိုင်းသာရှိနေသေးရင် ဘယ်လိုတွေးပြီး ဘယ်လိုများ ရေးမလဲလို့ စဉ်းစားကြည့်မိပါတယ်။

“သာသနာ ငါးထောင်အရပ်တွင်မှ

အသပြာ ငါးထောင် ဟပ်နိုင်မှ

အစားချောင်သတတ်ကယ်လို့ အလဲလဲ ပျော်ပါစေ။

မော်တော်ကား အသရေငယ်နှင့် တထိန်ထိန်တဝေေ၀ညီး

အိုကွယ် … ကတော်မယားမေမှာတော့ စိန်တွေရွှေတွေသီး”

(စိတ်ကူးချိုချိုတိုက်ထုတ် စာ -၁၆၈)

ဆိုပြီးရေးခဲ့သလိုမျိုး ရေးရင်း ‘အသပြာငါးထောင်’ နေရာမှာ ‘ဒေါ်လာ တစ်သောင်းခွဲ ယူပြီး၊ ဗလောင်းဗလဲ အလံထူ၊ အစိုးရလူ ဖြစ်သွားတဲ့သူပုန်ဟောင်း’လို့များ ပြောင်းပြီး ရေးမလားပဲ။ ဒါမှမဟုတ် ‘ခွေးမင်း ပရိတ်မွှန်း ကဗျာအလင်္ကာလေးချိုးကြီး’ထဲကလို

“ငွေငါးထောင် အစာဒုလ္လဘရယ်ကြောင့်

ပြေအားတောင် ဘာမဖြုန်ညာမဖြုန်သကွရယ်လို့

မဟာ သူပုန်ထခဲ့တဲ့ အရေးတတ်သူတွေ

အမွေးခတ်ရှေရှေရယ်နဲ့ အမိုက်ဝါသနာကိုး…

‘အရီးစိမ်းရယ်’ ခွေးအငတ်မပြေတပြေတွေမှာဖြင့်ကိုက်စရာ အရိုး။”

ဆိုပြီးတော့ အစိုးရနဲ့ ပေါင်းပြီး အရိုးအရင်းကိုက်နေကြတဲ့လူတွေအကြောင်းကို ဆရာကြီးမှိုင်းက ခေတ်နဲ့ညီအောင် ပြောင်းရေးလေ မလား။

အစွယ်မကျိုးနိုင်သေးတဲ့ စစ်အာဏာရှင်စနစ်ဆိုးရဲ့ဘေးကို တွေးတွေးပြီးတော့ ‘၁၉၅၂ ခု မေလထုတ်၊ ရန်ကုန်တက္ကသိုလ် အိုးဝေမဂ္ဂဇင်းဘွဲ့’ထဲကလို

“ကျွန်ခေတ် စာရင်း တဖန်တခါ ပြန်ကာရောက်မလားလို့

နောက်တီး နောက်ချ၊ မခန့်စွာ စိတ်ကယ်နှင့်

ကြောက်လည်းကြောက်ခါ လန့်ကာထိတ်မိတဲ့ပြင်…

အမယ်မင်း} မြန်မာ့ ရန်နှစ်ထွေ အရိပ်ပေမို့

တိတ်နှင့် နိမိတ်နှင့် အရာရာ တွေးတွေးပြီး

သြော် … ဗမာ့မြန်ပြေ ထိပ်ဆိုတဲ့

ဗမာချန်ကေရှိတ်တို့ကြောင့် စိတ်ဖြင့်ဆရာမအေး။”

လို့ပဲ ရေးလေမလား။ တွေးကြည့်စရာ ကောင်းပါတယ်။ဒါဟာ ကျွန်တော်တို့ ဂုဏ်ယူတန်ဖိုးထားရတဲ့ ဆရာကြီးမှိုင်းပါပဲ။

 မငြိမ်းချမ်းသေးတဲ့ ငြိမ်းချမ်းရေး

ဆရာကြီးမှိုင်းလို့ ပြောလိုက်ရင် ငြိမ်းချမ်းရေးသင်္ကေတကလည်း တွဲပါလာတတ်ပါတယ်။ ဒေါက်တာ သန်းထွန်းကတော့ ဆရာကြီးမှိုင်းရဲ့ ငြိမ်းချမ်းရေးသဘောထား၊ လှုပ်ရှားမှုနဲ့ ပတ်သက်လို့ ဒီလို မှတ်ချက်ချခဲ့တယ်။

“အရင် ၁၉၃၀ ကျော်တုန်းက သူ အားကိုးတဲ့လူငယ်တွေဟာ နောက် ၁၉၅၀ ကျော်တဲ့အခါ လူကြီးလူကျယ်တွေ ဖြစ်ပြီး အချင်းချင်း ဦးရာလူကနှိပ်စက်နေတာကို တွေ့ရတော့ ဆရာကြီးအနေနဲ့ ငြိမ်းချမ်းရေးတရားကိုပဲ ဖိပြီး ဟောပြောနေရတာပဲဖြစ်တယ်လို့ ဆိုရပါမယ်။”

(မှိုင်းဋီကာ အရပ်ရပ်က … )

ဆရာကြီးဟာ စဖြစ်ပြီး မကြာခင်မှာပဲငြိမ်းချမ်းရေး ကိစ္စအတွက် နှိုးဆော်လှုပ်ရှားခဲ့သူပါ။ အဲဒီကာလ ပြည်တွင်းစစ်နဲ့ ပတ်သက်လို့ဆရာကြီးရဲ့ အမြင်က ဒီလို ရှိပါတယ်။

” ‘ဒို့ဗမာ’သခင်ဗဟိုဝယ်

တို့သာလျှင် တဗိုလ်ကျယ်မဟဲ့ဆိုတဲ့

အလိုမငယ် ‘ဆိုရှယ်လစ်’ကယ်နှင့် …

တံခွန်တလူလူ ‘ကွန်မြူနစ်’ကယ်တို့

မချစ်သာ မေတ္တာကင်းပြန်သနဲ့

အချင်းချင်းပင် တငြင်းထဲ ငြင်းငြင်းပြီး

မင်းပွဲအတုမှာ၊ ထမင်းပွဲလုကာ လယ်မျိုခဲပါလို့

ပွဲချင်းပြီး အသေအကြေ တအူအူ အသံဗလံနှင့်

တဆူဆူ တညံညံ ကိုက်ကြ တိုက်ကြ မိုက်ကြတော့။”

ပြည်တွင်းစစ်ကို ခွေးအချင်းချင်း ကိုက်သလိုနှိုင်းပြီး ရေးရဲတာ၊ ရေးခွင့်ရှိတာဟာ ဆရာကြီးမှိုင်းပဲ ဖြစ်ပါတယ်။ နာမည်ကြီး ထင်ရှားတဲ့နိုင်ငံရေးခေါင်းဆောင် သူပုန်နဲ့ အစိုးရကို ဆရာကြီးမို့လို့ပဲ ရေးရဲတာပါ။ တခြားသူတွေမရေးရဲ၊ မရေးဝံ့ဘူး ထင်တယ်။ ဆရာ

ကြီးမှိုင်းရဲ့ လွတ်လပ်ရေး ရပြီး ခေတ်ကနေကွယ်လွန်ချိန်အထိ နိုင်ငံရေး လှုပ်ရှားမှုဟာ ငြိမ်းချမ်းရေး လှုပ်ရှားမှုပါ။

ခုန ထုတ်ပြခဲ့တဲ့ ‘ငြိမ်းချမ်းရေး သ၀ဏ်လွှာ’ကဗျာလေးချိုးကြီးထဲမှာပဲဆရာကြီးမှိုင်းက ဒီလို ရေးထားတယ်။ အဲဒီကာလဟာ ကူမင်တန် တရုတ်ဖြူနယ်ချဲ့ရန်ကို တွန်းလှန်ဖို့အတွက်ညီညွတ်ငြိမ်းချမ်းရမယ့် ကာလပါ။

“ကမ္ဘာအေး စေတီ ဒါယကာ (ကိုရွှေနု)တို့ရဲ့ပြင်…

… … … …

ဟိုအရင်ယမန် တပိုးတဲ့တဲ့ ထမ်းခဲ့ကြတဲ့

(စိုး)နဲ့ (သန်း)တို့ကိုလဲ

တမျိုးကွဲ့လွမ်းသူ ဆရာဖအေက

မာပါစေ သာပါစေ လာပါစေ ဆုမွန်တောင်းလိုက်ကဲ့

က၀ိကူဘော် တပည့်သူတော်ကောင်းရယ်တို့

ဇာတ်ပေါင်းကာ အတည်ကျလျှင်တော့

‘အမယ်မင်း’ တည်တည်ပပ၊ ညီညီမျှမျှနှင့်

ပြည်မြန်မာ့ အလံ မညှိုးမူ၍

‘သြော်’ အနှီသမယ၊ အပြည်ပြည်ကတောင် ခရပေမည့်

(အို တပဲ့တို့ရဲ့) ထိုတကယ့် ပထ၀ီဇယ မန္တန်တန်ခိုး။”

ဆရာကြီးမှိုင်းက ငြိမ်းချမ်းရေး ဇာတ်ပေါင်းခန်းရောက်ရင်နိုင်ငံတကာကတောင် ခခယယဖြစ်မယ်၊ ဦးညွတ်ရမယ်၊ လေးစားရမယ် ဆိုတာကို အဲဒီကတည်းက ပြောခဲ့ပါတယ်။ဖဆပလ တစ်ခေတ်လုံးမှာ ငြိမ်းချမ်းရေး မရတဲ့အပြင် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ တိုးလာခဲ့တယ်။ ၁၉၆၃ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကလည်း အစိုးရဘက်က တကယ်ငြိမ်းချမ်းရေးရချင်တာ မဟုတ်တော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပျက်ခဲ့ပြန်တယ်။

“ငါ မသေခင်တိုင်းပြည် ငြိမ်းချမ်းရေး ရတာ မြင်သွားချင်တယ်”လို့ ပြောခဲ့တဲ့ ဆရာကြီးမှိုင်းလည်း၁၉၆၄၊ ဇူလိုင် ၂၃ မှာ ကွယ်လွန်ခဲ့တယ်။ သူ့ရဲ့ စာပေနဲ့ ငြိမ်းချမ်းရေး တပည့်ကြီး ဒဂုန်တာရာလည်းငြိမ်းချမ်းရေး တမ်းတစိတ်နဲ့ ၂၀၁၃ မှာ ကွယ်လွန်ခဲ့ပြန်တယ်။ အခုထိ ငြိမ်းချမ်းရေး မရသေးဘူး။အခုခေတ်ကျတော့ ငြိမ်းချမ်းရေး ဆွေးနွေးဘက်ဟာ ပြည်တွင်းစစ်အစတုန်းကလို ကွန်မြူနစ်နဲ့ဆိုရှယ်လစ် မဟုတ်တော့ဘဲ စစ်အုပ်စုနဲ့ တိုင်းရင်းသား လူမျိုးများရဲ့ တော်လှန်ရေး အဖွဲ့တွေဖြစ်လာတယ်။ အခုထိ ငြိမ်းချမ်းရေး မပြောနဲ့၊ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်မထိုးနိုင်သေးဘူး။

ဒီအခြေအနေမှာ ဆရာကြီးသာ ရှိနေသေးရင်ဘယ်လိုတွေးပြီး ဘယ်လို ရေးမယ် ထင်ပါသလဲ။ အရင်တုန်းက ပြောခဲ့သလို ‘သူမသာ ကိုယ်မနာရေး’မူပေါ်က ရပ်ခံပြီး တိုင်းပြည်ကောင်းစားရေး လမ်းကြောင်းကနေ တိုက်တွန်းမှာတော့ သေချာပါတယ်။ဒါပေမဲ့ အရင်က သူပုန်လုပ်ပြီး အနောက်နိုင်ငံတွေမှာ ပညာသင်လာခဲ့သူတွေက အစိုးရရဲ့ ငြိမ်းချမ်းရေးကောင်စီ(MPC)မှာ အကြံပေး လုပ်နေကြတာတွေကိုတော့ ‘ဇေယျဒေါင်းလံဘွဲ့ လေးချိုးကြီး’ထဲကလို

“သြော် … လက်စသတ်တော့

အချက်မကျ အကွက်မကျသနှင့်

နှစ်ပက္ခ အခြေမညီအောင်ကွာ ပွေပွေလီလီပ

(A, B, C) အေ ဘီ စီ ငါတယောက်ကယ်လို့

ခွာထောက်ခါ တဆိတ်ကြွားနိုင်တဲ့

နှစ်ကျိပ်တပါး အချွန် ၀န်အသစ်တွေပေါ့

ကျွန်ခေတ်မှာ လူရာဝင်တို့ကလဲ…”

လို့များ ရေးလေဦးမလား။ တစ်ဖက်မှာ ငြိမ်းချမ်းရေးစကားကိုပြောပြီး နောက်တစ်ဖက်မှာ စစ်ပွဲတွေ ဖြစ်နေတာကို မြင်ရ ကြားရလို့ ရတယ်။

(ပန်းချီသရုပ်ဖော် – ပန်းချီသန်းဌေးမောင်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments