ငြိမ်းချမ်းအေး – ကျနော် ပင်လယ်ဓားပြ

July 28, 2014

ငြိမ်းချမ်းအေး – ကျနော် ပင်လယ်ဓားပြ
မိုးမခ။ ဇူလိုင် ၂၇၊ ၂၀၁၄

တချို့ကိစ္စတွေမှာ မူပိုင်ခွင့်ကို အလေးအနက်ထား ကြောင်း မကြာခဏ ပြတတ်တော့ လူအများက ကျနော့် ကို မူပိုင်ခွင့် ထောက်ခံသူ/သမား လို့ ထင်ကြတယ်။  တကယ်တော့ မူပိုင်ခွင့် ဆိုတာ အရင်းရှင်စနစ် ရဲ့ ပြယုဂ် တခု။  လက်ဝါးကြီးအုပ်မှု ကို ကျင့်ဝတ်၊ သီလ၊ အသိဉာဏ် ပညာရပ်ပိုင်းဆိုင်ရာ ပစ္စည်းဆိုတဲ့ လှပတဲ့ ခေါင်းစဉ်များ နဲ့ သကြားအုပ်မှု တခု။

ကျနော်တို့က မွေးလာကတည်းက စာအုပ်တွေကြားကြီးလာရင်း အများစု လူမှုတရားမှု ရှာ လက်ဝဲအယူအဆ လှိုင်းများကြား ကူးခတ်လာခဲ့သူ။

အယူဝါဒ ရေးရာ အရ ဖိနှိပ်သူ လူတန်းစား အာဏာရှင်တွေကို ပြန်လည် တွန်းလှန် နှိပ်ကွပ်ဖို့၊ သူခိုးအကြီးစား တွေဆီက ပြန်လည် လုယူဖို့၊ လူသတ်ကောင်တွေကို သုတ်သင်ဖို့ ဆိုတာတွေဟာ “လူမှု တရားမျှတမှု” ရှာမှု တခုပဲဆိုတာ ယုံကြည်တဲ့ “ပုန်ကန် စိတ်အနေအထား”။

ဆိုတော့ မူပိုင်ခွင့် ကို မလွတ်တမ်း ဖက်တွယ် ထားစရာ အကြောင်း မရှိဘူး။

ဘာကြောင့်ဆို မူပိုင်ခွင့် အော်နေတဲ့ နိုင်ငံပေါင်းစုံ စီးပွား ကော်ပိုရေးရှင်းကြီးတွေလောက် ကျင့်ဝတ်မဲ့၊ သီလ ချိုးဖောက်၊ လူသား ရဲ့ အသိဉာဏ် ပိုင်းဆိုင်ရာ၊ ပညာရဲ့ အနှစ်သာရ သဘော နဲ့ လူသားရဲ့ အခြေခံ မွေးရာပါ အခွင့်အရေးများကို စော်ကားချိုးဖောက်တာ ဘယ်သူ ရှိမလဲ။  ဒီလို လူတွေက “အသိဉာဏ် ပိုင်းဆိုင်ရာ” ပြော လက်ဝါးကြီး အုပ်နေတာကို ရွံ့စရာလို့ပဲ ခံယူတာပေါ့။

ကျနော်တို့ ကြီးလာတဲ့ ခေတ်ကလည်း နည်းပညာ ခေတ်ကြီး။  “ကမ္ဘာကြီး ပြားပြီ” ဆိုပြီး ကယောင်ကတမ်း အော်ကြတဲ့ ဂလိုဘယ်လ်လိုင်ဇေးရှင်း ခေတ်ကြီး။  တကမ္ဘာလုံး နီးစပ် ထိကပ် အရံအတားတွေ ကျိုးပျက်၊ မညီမျှမှုတွေ အထိုက်အလျောက် လျော့ပါး သွားရခြင်း အကြောင်းတခုမှာ ခေတ်နည်းပညာ ကြောင့် ဆိုပြီး အရင်းရှင်စနစ်ဆိုးကြီး စည်ပင်ဟန် ပုံဖော်မှုကို အရင်းရှင်စာသင်ခန်းတွေမှာ သင်ခဲ့ရတယ်။

တကယ် လက်တွေ့ လည်း မှန်သင့်သလောက် မှန်တဲ့ အတွက် ဘဝ အသိ မျက်မြင်လည်းရှိတယ်။

နည်းပညာ လွတ်လပ်မှု ရဲ့ အသီးအပွင့် ကို ကမ္ဘာ့ အဆင်းရဲဆုံး စာရင်းဝင် တိုင်းပြည်မှာ ကြီးပြင်း ပညာသင်ခဲ့ရတော့ ကောင်းကောင်းလည်း တန်ဖိုးထားတတ်ခဲ့တယ်။

ကမ္ဘာ့ စွယ်စုံကျမ်း တခုလုံးကို ပိုက်ဆံလေး မြန်မာငွေ ရာဂဏန်းပေးပြီး အိမ်ထဲမှာ ထည့်ထားနိုင်ခဲ့တယ်။

မိုက်ကရိုဆော့ဖ် ကမ္ဘာ မှာ ဗိုလ်ကျ လက်ဝါးကြီး အုပ်သမျှကို ကိုယ်က ပိုက်ဆံ မပေးဘဲ အသုံးချဖို့၊ လေ့လာဖို့၊ ပြန်လည် ဖြန့်ဖြူးဖို့ ကွန်ပျူတာ ထဲ “ချေဖျက်” ရအောင်ထည့်၊ အောင်မြင်သွားချိန် ဖန်သားပြင်မှာ “ကျေးဇူးတင်ကြောင်း” ပေါ်လာရင် မိန့်မိန့်ကြီး ကြည်နူးတတ်တယ်။

ဒီလိုနဲ့ ငါတို့ “နည်းပညာ အစွမ်း” နဲ့ “လူမှု တရားမှု” တနိုင် ရှာနိုင်ပါ့လားဆိုတဲ့ အယူအဆရေးရာ အတွေး ကို လက်တွေ့ ရခဲ့တယ်။

အွန်လိုင်း နည်းပညာခေတ်ရဲ့ “ကွန်မြူနစ်ကြေညာစာတမ်း” ဖြစ်တဲ့ မော့ဂ်လန် ရဲ့ အယူအဆတွေ ဆိုတာ နောက်မှ ဖတ်ဖူးတာ။  ကိုယ်တွေ့က အရင် သိခဲ့တာ။

ပစ္စည်းမဲ့၊ အခြေအနေမဲ့၊ အခွင့်အရေးမဲ့၊ လုပ်ပိုင်ခွင့်မဲ့၊ ရပိုင်ခွင့် မဲ့၊ လွတ်လပ်မှုမဲ့၊ အရာရာမဲ့ တရားမျှတမှု ဆိတ်သုဉ်း နေတဲ့ နိုင်ငံမှာ ကြီးပြင်းခဲ့ရသူ အတွက် နည်းပညာ မှော်ဆရာ တောင်ဝှေး နဲ့ ဆေးကြိမ်လုံး ကို သုံး “ညီမျှမှု” ကို တတ်နိုင်သမျှ ရှာနိုင်ပါ့လား ဆိုတာက ဘဝပေး အသိ။

ခု ဒုဝန်ကြီး လုပ်နေတဲ့ ဆရာဦးသောင်းတင် သူ့ဆီက ကျောင်းသားတွေကို အင်တာနက် သုံးဖို့ စီစဉ်ပေးတော့ ဆိုတယ်။  “မင်းတို့ အမေရိကား က ကျောင်းသား တွေ နဲ့ အခွင့်အရေး တူသွားပြီ၊ မင်းတို့ ကြိုးစားဖို့ပဲ လိုတယ်”။  သူပြောတာ မှားတယ် မဆိုနိုင်ဘူး။

ခေတ်ဦးမှာ အင်တာနက် အတွက် လေးငါးခြောက်မိုင် သွားရတာ၊ လူတစု ရေပေါ်ဆီ အသိုင်းအဝန်း အတွက် သက်သက် ဖြစ်နေတာ (အခုအချိန်ထိလည်း လူအများစု အတွက် မဟုတ်သေးပါဘူး)၊ အချိန်၊ မြန်နှုန်း အပါအဝင် အခြား အထွေထွေ ကန့်သတ်မှုတွေမှာ ကမ္ဘာ က ဖိုးကံကောင်း များ နဲ့ ယှဉ်ရင် မတူညီ မညီမျှမှုတွေ ရှိတယ်ဆိုတာလည်း မှန်တာပေါ့။

ဒါပေမယ့် နောက်ခံ စနစ် ပျက်ယွင်းနေတဲ့ ပစ္စည်းမဲ့ လူအများ အပြည့်နဲ့ နိုင်ငံမှာ ဒီလူတစု အတွက်တော့ “နည်းပညာ စွမ်းပကား” နဲ့ ကမ္ဘာ ကို ရင်ဘောင်တန်းခွင့်ရသွားတဲ့ သဘောဟာ အသိအမှတ်ပြုထိုက်တယ်။  လူအများစု မသုံးနိုင်သေးပေမယ့် နည်းပညာ ရဲ့ အကျိုးကျေးဇူးဟာ ဆင်းရဲတဲ့ တိုင်းပြည်တွေကို ထိရောက် အကျိုးကျေးဇူးကြီးမားတယ်။

ကမ္ဘာ မှာ လူတန်စား တစုကချည်း အမြဲတမ်း အသာစီးရ၊ လုပ်ပိုင်ခွင့်ရ၊ အကျိုးအမြတ်ရနေတာကိုလည်း နည်းပညာ ကပဲ ချေဖျက်ပေးတယ်။  နည်းပညာ ကုမ္ပဏီ ကြီးတွေရဲ့ တဦးတည်း မောင်ပိုင်စီးနေမှု လမ်းကြောင်းကနေ လူအများ စိတ်ကြိုက် အခမဲ့သုံးနိုင်ဖို့ လမ်းပေါက်အောင် နည်းပညာ က စွမ်းဆောင်ခဲ့တယ်။

ဒီအောင်မြင်မှု ရဲ့ ရလဒ် က အခုဆိုရင် ကမ္ဘာ့စီးပွားနည်းပညာ ကုမ္ပဏီကြီးတိုင်းဟာ ကမ္ဘာ့လူတန်းစား ဆူကြုံနိမ့်မြင့် မရွေး လက်လှမ်းမီ အသုံးပြုနိုင်ဖို့ ဆိုတဲ့ အချက်ကို မဖြစ်မနေ သူတို့ရဲ့ စီးပွားပုံစံမှာ ထည့်သွင်းလာရတယ်။  ဒါကြောင့် အိုင်တီ ထုတ်ကုန်အသစ် နဲ့ နည်းပညာတွေ တနေ့ထက်တနေ့ ဈေးလျော့လာတာပေါ့။

နည်းပညာ မှာဆိုရင် သူတို့ အဲ့ဒီလို မလုပ်ရင် လွတ်လပ်တဲ့ ပုဂ္ဂလိက အိုင်တီသမားက သူတို့ နည်းပညာ ထုတ်ကုန်ကို အခမဲ့ သုံးလို့ရအောင် ချက်ချင်း လုပ်ပစ်လိုက်မှာပဲ ဖြစ်လို့ သူတို့ အကျိုးစီးပွား ထိခိုက်တာကိုး။  ဒါ့အပြင် မူပိုင်ခွင့် ကန့်သတ်မထားတဲ့ အလားတူ အရည်အသွေး၊ စွမ်းဆောင်ရည်ရှိ လွတ်လပ်တဲ့ မူရင်းမဲ့ နည်းပညာ ပစ္စည်းတွေကလည်း ရှိလာနေတာကိုး။

ဒီသဘောရဲ့ နောက်ထပ် သွယ်ဝိုက် အကျိုးကျေးဇူး တခုက ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်းမှာ ဆိုရင် နည်းပညာလက်ဝါးကြီးအုပ်မှု နဲ့ ချမ်းသာလာတဲ့ ဘီးလ်ဂိတ် တို့လို သူကြွယ်ကြီးတွေဟာ ဆေးဝါးလို လူသားအခြေခံ လိုအပ်ချက် ရပိုင်ခွင့်တွေမှာ မူပိုင်ခွင့် ပပျောက်ဖို့၊ ဈေးနှုန်းတွေ သက်သာဖို့၊ အလကား ဖြန့်ဖြူးနိုင်ဖို့ တွေ အိတ်စိုက် လူမှုရေး လုပ်ငန်းအနေနဲ့ လုပ်လာကြရတယ်။  မူပိုင်ခွင့်ကြောင့် ကျိကျိတက် ချမ်းသာလာခဲ့သူတွေ ကိုယ်တိုင် အခု မူပိုင်ခွင့် လျှော့ချဖို့တွေ ဦးဆောင်လာရတယ်။

ဒါတွေအားလုံးဟာ “နည်းပညာ တော်လှန်ရေး” ရဲ့ “လှုမှုတရားမျှတမှု” အောင်ပွဲတွေပါ။

ဒီလို သဘောကြောင့် အသိဉာဏ်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့်၊ နည်းပညာ လွတ်လပ်ခွင့်၊ လူသား အခြေခံ အခွင့်အရေး ခံစား ခွင့် ဆိုတာတွေဟာ နိုင်ငံရေး အယူဝါဒ ရှိသူ၊ လူမှုတရားမျှတမှု အတွေးအခေါ် ရှိသူတင် မဟုတ်ဘဲ နည်းပညာ သမား တယောက်အတွက်လည်း (တွေးတတ်သူဆိုရင်) ရှိအပ်တယ်။

ဆိုတော့ အယူဝါဒရေးရာ စိတ်သန်သူလည်း ဖြစ်ပြန် အိုင်တီခေတ်ကြီးမှာ ကြီးလာသူလည်း ဖြစ်ပြန်တဲ့ ကျနော့် အတွက် “မူပိုင်ခွင့်” ဆိုတာ ဘုန်းကြီး နဲ့ ဘီးပါ။  ဒါက အခြေခံ သဘော မူဝါဒ ကို ဆိုလိုတာပါ။

လက်တွေ့ ရေးရာတချို့မှာ “မူပိုင်ခွင့်” အကြောင်း ပြောဖို့လိုတာတွေလည်း ရှိပါသေးတယ်။

အေ့ဒ်စ် ရောဂါ ခံစားနေရတဲ့ ကလေးသူငယ် အတွက် ဆေး ကို လက်ဝါးကြီးအုပ်ချင်နေရင် ဆန့်ကျင်ရမယ် ဆိုတာ မှန်တယ်။  အသိပညာ နဲ့ ခေတ်နည်းပညာ ငတ်နေတဲ့ ကမ္ဘာ့ ထောင့်ကြား တနေရာက လူတွေ အတွက် ပညာအခွင့်အရေး၊ နည်းပညာ လွတ်လပ်မှု အကြောင်း ကို တိုက်ပွဲဝင်ရမယ်ဆိုတာ မှန်တယ်။  ဒါပေမယ့် ဗမာပြည် လို အရာရာ ချွတ်ခြုံကျ ဖွတ်ဖွတ်ကြေ တိုင်းပြည်မှာ စည်ပင်အပ်တဲ့ စာပေလို၊ ဂီတ လို အနုသုခုမ ကဏ္ဍ တွေမှာ “မူပိုင်ခွင့်” အရေး ဇောင်းပေး ပြောအပ်တာတွေ ရှိတယ်။

မင်းအစိုးရ ဖော်ဆောင်တဲ့ စနစ်ဆိုးကြောင့် ရန်သူမျိုး (၅) ပါး ဒဏ်ပိ ကျောမွဲ “ငဘ” ထမင်းနပ်မမှန် အများစု မှာ စာပေ ဂီတ တွေ မလိုက်စားနိုင်ပါဘူးကွာ ဆိုမယ်။  မှန်တာပေါ့ ဘယ် လိုက်စားနိုင်မလဲ။  တိုင်းပြည် စနစ်ပျက်ယွင်းနေတာကိုး။

ဒါပေမယ့် ဒီလို ဖြစ်ရခြင်း အကြောင်းထဲမှာ အနုသုခုမ လိုက်စားဖို့ အခွင့်အရေး ပေးတဲ့ ထမင်းဝနေသူ အလယ်လတ်တန်းစား နဲ့ လူမလိုင်များရဲ့ အားပေးမှု မမှန်လို့ ဆိုတာလည်း ပါတယ်။

စာဖို့သောက်ဖို့ မပူရတဲ့ ဗိုက်ပြည့်နေသူများ ရဲ့ အာရုံ မှာ လက်ကိုင်ဖုန်း အသစ်အဆန်းသာ ထွက်တိုင်း လဲ ရင် လဲမယ်၊ ပေါ်ပင် နိုင်ငံရပ်ခြားသာ ဈေးဝယ် ထွက်ရင် ထွက်မယ်၊  စာအုပ်တအုပ် ဝယ်ဖတ်ဖို့တော့ ဝန်လေးတယ်။  အခု နိုင်ငံရပ်ခြား မှာ အခြေချ နေတဲ့ သူတွေ အလုပ်အကိုင် နဲ့ ပုံမှန်ဝင်ငွေ ရှိနေတာပဲ။  စာအုပ် ဝယ်ဖတ်သလား အွန်လိုင်း က အလကား ယူဖတ်သလား ဆိုတာ ကိုယ့်ဘာသာ အသိဆုံးပါ။

အခု ဗမာပြည်က နိုင်ငံတကာ လူသားဖွံ့ဖြိုးမှု ညွှန်းကိန်းမှာ အနိမ့်ဆုံး စာရင်းဝင်၊ ဆင်းရဲမွဲတေမှု က ကြောက်ခမန်းလိလိ။  ဒါပေမယ့် သန်း (၆၀) ကျော်မှာ အနည်းဆုံး လူ (၆) သိန်း တော့ စာအုပ် ဝယ်ဖတ်နိုင်ပါတယ်။  ဆိုတော့ အနည်းဆုံး စာအုပ်တအုပ် ထွက်ရင် သောင်း ဂဏန်းတော့ ရိုက်သင့်၊ ရောင်းရသင့်တာပေါ့။  အခု တော့ ငါးရာ၊ တထောင် အများဆုံး။  အရောင်းသွက်တဲ့ ပေါ်ပင်စာရေးဆရာတွေမှ အများဆုံး ရှိလှ ထောင့်ငါးရာ၊ နှစ်ထောင် ပေါ့။

အဲ့ဒီ အရေအတွက်ကြည့်ပြီး ပေါ်ပင် အပေါစား လျှို့ဝှက်သည်းဖို၊ သရဲ တစ္ဆေတွေတောင်မှ ဗမာများ မဖတ်ကြတော့ဘူး လား မထင်ပါနဲ့။  နာမည်ကြီး အွန်လိုင်း စာအုပ် အလကားဖြန့်တဲ့ နေရာများကို ဝင်ကြည့်ပါ။  တချို့ အကြိမ်အရေအတွက် မှတ်တမ်း ပြထားပါတယ်။  လူစိတ်မဝင်စားဆုံး စာအုပ်တောင်မှ ယူသူ အရေအတွက် ရာဂဏန်း၊ ထောင်ဂဏန်း ရှိတယ်။  လူကြိုက်များသူ စာရေးဆရာတွေရဲ့ စာအုပ်တွေဆိုရင် သိန်းချီ ယူသူ ရှိတယ်။  မယုံရင် အွန်လိုင်း သက်ဆိုင်ရာ နေရာတွေမှာ လေ့လာကြည့်ပါ။

“နိုင်ငံခြား ရောက်နေလို့ပါ၊ လက်လှမ်းမမီ မဝယ်နိုင်ပါ” လို့ ဒီခေတ်မှာ အကြောင်းပြချက် ပေးလို့မရပါ။  ကမ္ဘာတခုလုံးဆိုတာ အိမ်ဦးနဲ့ကြမ်းပြင် ထိစပ် နေတဲ့ ဆယ်သွယ်ရေး လွယ်ကူနေတဲ့ ခေတ်ကြီးမှာ တကယ် ဝယ်ဖတ်ချင်တဲ့ စိတ် ရှိဖို့သာ လိုပါတယ်။  တတ်နိုင်သူများ တကယ် ဝယ်ဖတ်ချင်တဲ့ စိတ် ရှိလာကြရင် အလွယ်တကူ ရပ်နီး ရပ်ဝေး နေရာတိုင်းက ဝယ်ဖတ်နိုင်တဲ့ လျှပ်စစ် စာအုပ် ဈေးကွက်တွေလည်း ကျယ်ပြန့်လာမှာပါ။

အခု အလကား ဖတ်နေသူတွေထဲက တဝက်ပဲ ကိုယ်နှစ်သက်တဲ့ စာအုပ် တအုပ်ကို တလ တခါ ဝယ်ဖတ်ပါ၊ ဗမာ့ စာပေလောက အခုထက် ပိုစည်ပင်လာမယ်၊ တန်ဖိုးရှိစာအုပ်တွေလည်း ပိုဈေးကွက်ဝင် ထုတ်ချင်သူ များလာ ကျယ်ပြန့်လာမယ်၊  စာအုပ်ဈေးတွေလည်းကျမယ်၊ နောက်ဆက်တွဲ အကျိုးအဖြစ် စာဖတ်ဖို့ လက်လှမ်းမမီသူ ငမွဲထိပ်ခေါင် ဗမာပြည်သူ နင်းပြားများလည်း စာနဲ့ပေနဲ့ နီးစပ်ဖို့ ပို ဖြစ်လာမယ်။  ဒီလိုနဲ့ တိုင်းပြည်မှာလည်း ပေမီဒေါက်မီ နိုင်ငံကြီးသားတွေ ပေါလာကာ လူ့အဖွဲ့အစည်း ယဉ်ကျေးမှု မြင့်မား နိုင်ငံတကာမှာ လူစဉ်မီလာ မှာ ဧကန်ပါ။

ခိုးကူး များနဲ့ ဘဝ ပျက်နေတဲ့ ဂီတလောကလည်း အလားတူပါပဲ။  ဂီတမှာဆိုရင် အခုနောက်ပိုင်း အွန်လိုင်း က တဆင့် ဗမာပြည်က အဆိုတော်တွေ တပုဒ်ချင်း တွေ ထုတ်လာကြတယ်။  သီချင်း တေးစု အသစ် တွေလည်း အွန်လိုင်းကနေ လွယ်လွယ်ကူကူ ဝယ်လို့ ရလာတယ်။  ခေတ်ဆွေး အဟောင်း တချို့တောင် သက်ဆိုင်ရာ ကာယကံရှင်များ ခွင့်ပြုချက်နဲ့ အွန်လိုင်း တင် ရောင်းလာနိုင်ကြတယ်။  ဒီဈေးကွက် ဘယ်လောက် ကျယ်ပြန့် (ဝယ်နိုင်သူ) လူအများ ဝယ်ယူအားပေးနေကြသလဲ။  မျက်မြင်ကတော့ အလကားရတဲ့ နေရာတွေမှာ ပွဲစည်နေဆဲပါ။

စာပေ နဲ့ ဂီတ ဟာ လူသား အခြေခံ အခွင့်အရေး၊ အသိဉာဏ် ပိုင်းဆိုင်ရာ၊ နှလုံးသား ခံစားနားလည်မှု ရသ တိုးပွားမှု ဆိုင်ရာ အတွက် လွတ်လပ်စွာဖြန့်ချီ စားသုံးခွင့် မရှိဘူးလာဗျာ လာမေးရင် ရှိသင့်တာပေါ့၊ ဖြစ်သင့်တာပေါ့။  ဒါပေမယ့် လက်ရှိ ပါးလျချည့်နဲ့နေတဲ့ ဗမာပြည် နောက်ခံ အနေအထား နဲ့က လက်တွေ့ မှာ ဖြစ်မှ မဖြစ်နိုင်တာ။  စာပေ၊ ဂီတ အနုသုခုမ လို တိုင်းပြည် ရဲ့ စိတ္တ အာဟာရ အတွက် မရှိမဖြစ် လိုအပ်တဲ့ ကဏ္ဍ တွေ စည်ပင် ဝပြောတိုးပွားအောင် နဲ့ လူအများစု လက်လှမ်းမီ လာဖို့ရယ်က ငွေကြေးစိုက်ထုတ် ကုန်ကျနိုင်သူ လူအများက အမှန်တကယ် ဝယ်ယူ အားပေးချင်စိတ်လေးရှိ၊ လက်တွေ့ အလုပ် လေး လုပ် ဝယ်ပြမှသာ ဖြစ်မှာပါ။

ဒါကြောင့် ကျနော် ဟာ နိုင်ငံတကာ အရင်းရှင်ကြီးများရဲ့ ဆေးကဏ္ဍ လို လူသား အသက်နဲ့ ယှဉ်ကာ မတရား အကျိုးအမြတ် ယူချင် လက်ဝါးအုပ်ကြီး အုပ်နေတာမျိုးတွေကို ဆန့်ကျင်တယ်။  ပညာရပ် နည်းပညာတွေကို ချုပ်ကိုင်ထားမှု ကို မနှစ်မြို့ဘူး။  ဗမာပြည်မှာ အာဏာ ရှိသူ နဲ့ အပေါင်းအပါ ခရိုနီ တသိုက် တိုင်းပြည် ဓနကို မောင်ပိုင်စီး၊ တိုင်းပြည် အရင်းအမြစ် ကို စိတ်တိုင်းကျ အဓမ္မ မုဒိန်းကျင့်ခွင့်ရနေတာမျိုးတွေကို တိုက်ဖျက်တယ်။

အအေးခန်းထဲက လူကြီးလူကောင်း အယောင်ဆောင် သူခိုး၊ ဓါးပြ အကြီးစား တွေ ကို တိုက်ထုတ် ဖို့ရာ အတွက်  ကျနော်တို့ ဟာ “ပင်လယ်ဓားပြ” တွေလို ခံယူတတ်ရမယ်။  ဒါမျိုးတွေ အတွက် ကျနော်ဟာ အင်တီ မူပိုင်ခွင့် သမား၊ အင်တီ လက်ဝါးကြီးအုပ် သမား အင်တီ မောင်ပိုင်စီး သမား Piracy ထောက်ခံသူ “ပင်လယ်ဓါးပြ” ပါ။

ဒါပေမယ့် ထောက်ပြခဲ့သလို မျက်မှောက် ပကတိ ဗမာပြည်မှာ စာပေ၊ ဂီတ လို ကဏ္ဍတွေမှာ မူပိုင်ခွင့် ကို အလေးထားမှသာ စည်ပင်ဝပြော သာယာကာ အခြေခံလူတန်းစား လူအများလည်း ခံစားနားလည် ခွင့် ရလာ၊ လူဖြစ်ရကျိုးနပ်လာမှာ ဖြစ်ကြောင်း ဆင်ခြင် နားလည် သိအပ်ပါတယ်။  လက်တွေ့ ကျင့်ကြံ စည်းလေးတွေ ထားအပ်ပါတယ်။  တဦးချင်းက စ ရမှာပါ။

အားလုံး စဉ်းစား မြော်မြင်ကြည့်စေချင်ပါတယ်။

ငြိမ်းချမ်းအေး

၂၇၊ ဇူလိုင်၊ ၂၀၁၄

(ဆက်သွယ်ရန် – nyeinchanaye81@gmail.com)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်, ငြိမ်းချမ်းအေး

One Response to ငြိမ်းချမ်းအေး – ကျနော် ပင်လယ်ဓားပြ

  1. Catwoman on July 28, 2014 at 5:27 am

    We might want to read books but they say postage is very expensive. They won’t even send books to writers from outside of the country. That s a problem we can’t solve.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်