အောင်ဒင် – အမေရိကန်ဆန်ရှင်၊ စီးပွါးရေးကျင့်ဝတ်နှင့် မြန်မာ့ခရိုနီများ၊ အပိုင်း (၁)

August 1, 2014

မဇ္ဈိမနေ့စဉ်သတင်းစာ၊ ဇူလိုင် ၃၁ ရက်၊ ၂၀၁၄၊ ကြာသပတေးနေ့၊ စာမျက်နှာ ၁၆)
 

အောင်ဒင် – အမေရိကန်ဆန်ရှင်၊ စီးပွါးရေးကျင့်ဝတ်နှင့် မြန်မာ့ခရိုနီများ၊ အပိုင်း (၁)

 

#တိုးမြှင့်လာသော ထိတွေ့ဆက်ဆံမှုများ (More Engagement)

 

၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုအစိုးရ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တွမ်မာလင်နော့စကီး (Assistant Secretary of State Tom Malinowski) ခေါင်းဆောင်တဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို တစ်ပါတ်ကြာလာရောက်ခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်အစိုးရတက်ပြီး ၂၀၁၁ ခုနှစ်ကစလို့ အမေရိကန်အစိုးရရဲ့  အဆင့်မြင့်အရာရှိတွေ မြန်မာနိုင်ငံကို အကြိမ်များစွာလာရောက်ခဲ့၊ လာရောက်နေကြတာမို့ အဲဒီခရီးစဉ်ဟာ အခြားအမေရိကန်ကိုယ်စားလှယ်အဖွဲ့များရဲ့  အခြားခရီးစဉ်များလိုပဲ ပုံမှန် ခရီးစဉ်တစ်ခုလို့ ထင်စရာအကြောင်းရှိပါတယ်။ မဟုတ်ပါ။ တကယ်တော့ အဲဒီခရီးစဉ်ဟာ အမေရိကန်ပြည်ထောင်စုက မြန်မာအစိုးရနဲ့ ထိတွေ့ဆက်ဆံရေးကို နောက်တစ်ဆင့် ထပ်မံတိုးမြှင့်လိုက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။

 

၂၀၁၁ ခုနှစ်က စပြီး အမေရိကန်အစိုးရက မြန်မာအစိုးရ၊ ပြည်ထောင်စုလွှတ်တော်တို့နဲ့ ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအတွက် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒုက္ခသည်များအရေး၊ တိုင်းရင်းသားအရေး အထောက်အပံ့များကို တိုးမြှင့်ပေးအပ်ခဲ့ပါတယ်။ ဒီနှစ်များအတွင်း နှစ်နိုင်ငံဆက်ဆံရေးတွေ တိုးတက်လာပြီးတဲ့နောက် လူ့အခွင့်အရေးအဖွဲ့များနဲ့ ကွန်ဂရက်လွှတ်တော်အမတ်များ ကန့်ကွက်နေတဲ့ကြားက အမေရိကန်အစိုးရက မြန်မာ့တပ်မတော်နဲ့ပါ အကန့်အသတ်နဲ့ စတင်ထိတွေ့ဆက်ဆံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် နောက်ပိုင်းကစပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီးနဲ့ မြန်မာကာကွယ်ရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးတာ၊ အမေရိကန်သံအမတ်နဲ့ အစိုးရအရာရှိကြီးများကို မြန်မာကာကွယ်ရေးဦးစီးချုပ်က လက်ခံတွေ့ဆုံတာတွေ ရှိလာပါတယ်။  မြန်မာစစ်တပ်ကို သဘာဝဘေးအန္တရာယ်များကာကွယ်တားဆီးရေး၊ မြေမြှုပ်မိုင်းများရှင်းလင်းရေး၊ လူ့အခွင့်အရေးလေးစားလိုက်နာရေးဆိုင်ရာ သင်တန်းတွေပေးဖို့ အမေရိကန်ပြည်ထောင်စုက စတင်ကြိုးပမ်းခဲ့ပါတယ်။

 

တွမ်မာလင်နော့စကီးဟာ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာဗျူရို (Bureau of Democracy, Human Rights and Labor) ရဲ့  အကြီးအကဲဖြစ်ပြီး သူဦးဆောင်တဲ့ အမေရိကန်အစိုးရကိုယ်စားလှယ်အဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက အခြားအဆင့်မြင့်အရာရှိတွေအပြင် ကာကွယ်ရေးဝန်ကြီးဋ္ဌာန ဒုလက်ထောက်ကာကွယ်ရေးဝန်ကြီး ဒေါက်တာအေမီဆီးရိုက် (Deputy Assistant Secretary of Defense Dr. Amy Searight)၊ ပစိဖိတ်ဒေသဆိုင်ရာစစ်ဋ္ဌာနချုပ် ဒုတိယတပ်မှူး ဒုဗိုလ်ချုပ်ကြီးအန်ထိုနီခရပ်ခ်ျဖီးလ် (Deputy Commander of the U.S. Pacific Command Lt. General Anthony Crutchfield)၊ ဘဏ္ဍာရေးဝန်ကြီးဋ္ဌာန ပြည်ပပိုင်ဆိုင်မှုများထိန်းချုပ်ရေးဋ္ဌာန (Office of Foreign Assets Control) တွဲဖက်ညွှန်ကြားရေးမှူး ဂျွန်စမစ် (John Smith)၊ အမျိုးသားလုံခြုံရေးကောင်စီ စီးပွါးရေးပိတ်ဆို့မှုဆိုင်ရာအရာရှိ ဒေးဗစ်မော့တ်လော့က် (David Mortlock) စတဲ့ ကာကွယ်ရေး၊ ဘဏ္ဍာရေး၊ နဲ့ အိမ်ဖြူတော်တို့က အဆင့်မြင့်အရာရှိကြီးများ ပါဝင်ခဲ့ပါတယ်။ ခရီးစဉ်အတွင်းမှာ တွမ်မာလင်နော့စကီးနဲ့ ဒေါက်တာ အေမီဆီးရိုက်၊ ဒုဗိုလ်ချုပ်ကြီး အန်ထိုနီခရပ်ခ်ျဖီးလ်၊ သံအမတ်ကြီး ဒဲရက်မစ်ချယ်တို့ဟာ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့  ခွင့်ပြုချက်နဲ့ ဒုဗိုလ်ချုပ်ကြီး အန်ထိုနီခရပ်ခ်ျဖီးလ်က စစ်ဦးစီးတက္ကသိုလ်မှာ မြန်မာ့တပ်မတော်အရာရှိကြီးများကို ဇွန်လ ၂၅ ရက်နေ့မှာ မိန့်ခွန်းပြောခွင့်ရခဲ့ပါတယ်။

 

ဟောပြောအပြီးမှာ မြန်မာစစ်အရာရှိကြီးများက အမေရိကန်တပ်မတော်ဖွဲ့စည်းပုံနဲ့ ပါတ်သက်ပြီး မေးခွန်းတွေ စိတ်ဝင်တစားမေးမြန်းကြတာကို အမေရိကန်ဗိုလ်ချုပ်ကြီးက ဖြေကြားခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို အမေးအဖြေလုပ်ရင်းနဲ့ အမေရိကန်ဗိုလ်ချုပ်ကြီးက “ကျုပ်က ဒု-ဗိုလ်ချုပ်ကြီးဖြစ်ပေမည့် မူဝါဒပိုင်းဆိုင်ရာ တာဝန်မရှိဘူး၊ (အတူပါလာတဲ့ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးကို လက်ညှိုးထိုးပြပြီး) တွမ်မာလင်နော့စကီးလို အရပ်သား ဝန်ကြီးက မူဝါဒတွေကို ချမှတ်တယ်။ ကျုပ်တို့စစ်အရာရှိတွေက အဲဒီ မူဝါဒတွေကို အကောင်အထည်ဖော်ရတယ်” ဆိုပြီး အမေရိကန်ပြည်ထောင်စုမှာ လက်နက်ကိုင်တပ်ဖွဲ့များဟာ အရပ်သားအုပ်ချုပ်ရေးရဲ့  ဦးဆောင်မှုကို ခံယူကြောင်း နမူနာပြရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ ဒါဟာဖြင့် အမေရိကန်စစ်တပ်ရဲ့ အဆင့်မြင့်အရာရှိကြီးတစ်ဦးနဲ့ အလယ်အလတ်တန်း မြန်မာစစ်အရာရှိများ ပထမဆုံးအကြိမ် ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း စကားပြောနိုင်ကြတာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုက မြန်မာ့တပ်မတော်နဲ့ ထိတွေ့ဆက်ဆံရေးအရှိန်အဟုန်ကို သိသိသာသာတိုးမြှင့်လိုက်နိုင်တာပဲ ဖြစ်ပါတယ်။

 

ဒါတင်မကသေးပါဘူး။ တွမ်မာလင်နော့စကီးဟာ အမျိုးသားလုံခြုံရေးကောင်စီအရာရှိ ဒေးဗစ်မော့တ်လော့က်၊ ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနအရာရှိ ဂျွန်စမစ်တို့နဲ့အတူ အမေရိကန်ပြည်ထောင်စုက နံမည်ပျက်စာရင်းသွင်းပြီး စီးပွါးရေးပိတ်ဆို့အရေးယူထားဆဲဖြစ်တဲ့ မြန်မာစီးပွါးရေးလုပ်ငန်းရှင် (၁၀) ဦးကို ရန်ကုန်မြို့က အမေရိကန်သံရုံးမှာ သီးခြားစီတွေ့ဆုံပြီး သူတို့ကို ဘာကြောင့် အမေရိကန်အစိုးရက အရေးယူထားတယ်၊ နံမည်ပျက်စာရင်းက လွတ်မြောက်ဖို့ ဒီစီးပွါးရေးသမားတွေက ဘာတွေလုပ်ဆောင်သင့်တယ်ဆိုတာတွေကို ဆွေးနွေးခဲ့ပါတယ်။ ဒါဟာဖြင့် အမေရိကန်ပြည်ထောင်စုက (Engagement Policy) မြန်မာနိုင်ငံဆိုင်ရာထိတွေ့ဆက်ဆံမှုတွေမှာ မြန်မာအစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့နဲ့ အပြင် ခရိုနီစီးပွါးရေးသမားများအထိ တိုးချဲ့လိုက်တာပဲ ဖြစ်ပါတယ်။ ဒါဟာဖြင့် အမေရိကန်အစိုးရက မြန်မာ့ခရိုနီစီးပွါးရေးသမားများနဲ့ ပထမဆုံးအကြိမ် ထိတွေ့ဆက်ဆံမှုပဲ ဖြစ်ပါတယ်။

 

A U.S. Government Delegation led by Assistant Secretary of Democracy, Human Rights, and Labor Tom Malinowski and Ambassador Mitchell discussed the status of inter-faith relations and need for peaceful co-existence with Monk Bhadanta Bar La in Mon State. (Photo Credit: U.S. Embassy Rangoon Facebook)

 

#အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ

 

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကြီးကို ထောက်ခံအားပေးကြတဲ့ ကမ္ဘာ့နိုင်ငံတွေထဲမှာ အမေရိကန်ပြည်ထောင်စုဟာ အားအကိုးရဆုံး၊ အခိုင်မာဆုံးဖြစ်တယ်လို့ ကျနော့်ရဲ့  ၁၀နှစ်ကျော် အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ပြီး မြန်မာ့အရေးအတွက် စည်းရုံးဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံများကို အခြေခံပြီး ရဲရဲကြီးပြောနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စု အစိုးရ၊ ကွန်ဂရက်လွှတ်တော်နဲ့ အမေရိကန်ကျောင်းသား၊ ပြည်သူများဟာ ကျနော်တို့ မြန်မာပြည်သူများဖက်က ကာလရှည်ကြာ ယုံယုံကြည်ကြည်ရပ်တည်ကြတဲ့ မိတ်ဆွေကောင်းတွေပါ။ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလကစလို့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးကို စစ်အစိုးရက အကြမ်းဖက်ဖြိုခွဲပြီး ဒီမိုကရေစီတောင်းဆိုသူများကို ရက်ရက်စက်စက် ဖိနှိပ်ခဲ့တဲ့ ကာလတလျှောက်လုံး အမေရိကန်ပြည်ထောင်စုက မြန်မာစစ်အစိုးရအပေါ် နိုင်ငံရေး၊ စီးပွါးရေး၊ သံတမန်ရေး ဖိအားတွေအဆက်မပြတ်ပေးပြီး ပြစ်ဒဏ်ခတ် အရေးယူခဲ့တာပါ။

 

မြန်မာစစ်အစိုးရရဲ့  လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကန့်ကွက်တဲ့အနေနဲ့ ၁၉၉၇ ခုနှစ်မှာ သမ္မတကလင်တန်က အမေရိကန်စီးပွါးရေးလုပ်ငန်းများကို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုမလုပ်ဖို့ တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ် ဒီပဲယင်းလုပ်ကြံမှုကြီးအပြီးမှာ သမ္မတ ဘွတ်ရှ်က ပိုပြီးပြင်းထန်တဲ့ စီးပွါးရေးပိတ်ဆို့မှုတွေနဲ့ အရေးယူခဲ့ပါတယ်။ မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများကို အမေရိကန်ပြည်ထောင်စုကို တင်သွင်းခြင်းမပြုဖို့ ပိတ်ပင်တားဆီးခဲ့သလို မြန်မာစစ်ခေါင်းဆောင်များနဲ့ မိသားစုဝင်များ၊ မြန်မာစစ်အစိုးရကို ငွေရေးကြေးရေးထောက်ပံ့နေတဲ့၊ မြန်မာစစ်ခေါင်းဆောင်များနဲ့ ပူးပေါင်းပြီးအကျိုးစီးပွါးဖြစ်ထွန်းနေတဲ့ အလိုတော်ရိစီးပွါးရေးသမားများကို နံမည်ပျက်စာရင်းသွင်းပြီး အမေရိကန်ပြည်ထောင်စုကို လာရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ လူ့အခွင့်အရေးကောင်စီ အပါအဝင် နိုင်ငံတကာအစည်းအဝေးများမှာလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ထွန်းကားရေးအတွက် စစ်အစိုးရမှ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တွေ့ဆုံဆွေးနွေးရေး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးအတွက် နိုင်ငံတကာမှ ဝိုင်းဝန်းဖိအားပေးကြဖို့ အမေရိကန်ပြည်ထောင်စုက ဦးဆောင်စည်းရုံးခဲ့ပါတယ်။

 

ရီပတ်ဘလီကန်ပါတီက သမ္မတ ဘွတ်ရှ်ရဲ့  သမ္မတသက်တမ်း (၈) နှစ် (၂၀၀၁-၂၀၀၈) မှာ ကွန်ဂရက်လွှတ်တော်ရဲ့  ဦးဆောင်မှုနဲ့ မြန်မာစစ်အစိုးရအပေါ် စီးပွါးရေးပိတ်ဆို့မှုနဲ့ ဖိအားပေးမှုကို တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တင်ခဲ့ပါတယ်။ မြန်မာနိုင်ငံအရေးကိစ္စကို ကမ္ဘာ့အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UN Security Council) က တာဝန်ယူ ဖြေရှင်းရမည့် နိုင်ငံတကာပြသနာတစ်ခုအဖြစ်လက်ခံလာအောင် ဆောင်ရွက်နိုင်ခဲ့လို့ မြန်မာစစ်အစိုးရကိုရော၊ မြန်မာစစ်အစိုးရအားကိုးအားထားပြုရာ တရုတ်အစိုးရကိုပါ နိုင်ငံရေးအရ အမြင့်ဆုံးဖိအားတွေ ပေးနိုင်ခဲ့ပါတယ်။ သမ္မတဘွတ်ရှ်ရဲ့  သက်တမ်းအတွင်းမှာ မြန်မာစစ်အစိုးရကို ဖိအားပေးမှုတွေကိုသာ အရှိန်မြှင့်ဆောင်ရွက်ခဲ့ပြီး စစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံရေးကို ဦးစားမပေးခဲ့ပါ။ တရုတ်အစိုးရရဲ့  အစီအစဉ်နဲ့ အမေရိကန် ဒု-လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အဲရစ်ဂျွန် (Deputy Assistant Secretary of State Eric John) နဲ့  နအဖဝန်ကြီး သုံးဦး (ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆန်း၊ ယဉ်ကျေးမှုဝန်ကြီး ဗိုလ်ချုပ်ခင်အောင်မြင့်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဉဏ်ဝင်း) တို့ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ၂၀၀၇ ခုနှစ်၊ ဇွန် ၂၅ နဲ့ ၂၆ ရက်တွေမှာ တစ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပေမည့် တိုးတက်မှု တစ်စုံတစ်ရာမရှိခဲ့ပါ။

 

၂၀၀၉ ခုနှစ်မှာ ဒီမိုကရက်တစ်ပါတီက ဘားရက် အိုဘားမား အမေရိကန်သမ္မတဖြစ်လာပြီး ဟီလာရီကလင်တန်ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။ သမ္မတအိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်တို့ရဲ့  ဦးဆောင်မှုနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စုရဲ့  မူဝါဒများကို ပြန်လည်သုံးသပ်ပြီး မြန်မာနိုင်ငံအရေးကိစ္စကို ဝင်ရောက်ဖြေရှင်းပေးရာမှာ စစ်အစိုးရအပေါ် ဖိအားပေးမှုနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံမှုကို တွဲဖက်ကျင့်သုံးဖို့ (Pressure and Engagement Policy) ဆုံးဖြတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း စစ်တပ်က တိုက်ရိုက်အုပ်ချုပ်တဲ့ စနစ်ကနေ စစ်တပ်ကကြိုးကိုင်ထားတဲ့ အရပ်သားအုပ်ချုပ်ရေးစနစ်နဲ့ အစားထိုးဖို့ ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်သွင်းဖို့ စတင်တဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုနဲ့ ဖိအားပေးမှုတွေကို ထိန်းသိမ်းထားရင်း အမေရိကန်အစိုးရနဲ့ မြန်မာစစ်အစိုးရအကြား ဆွေးနွေးညှိနှိုင်းမှုတွေ စတင်ခဲ့ပါတယ်။ သမ္မတအိုဘားမားက ၂၀၁၁ ခုနှစ်မှာ အာရှဒေသနဲ့ မြန်မာ့ရေးရာကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဋ္ဌာန ဒု-လက်ထောက်ကာကွယ်ရေးဝန်ကြီး ဒဲရက်မစ်ချယ် (Derek Mitchell) ကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် (U.S. Special Representative and Policy Coordinator for Burma) အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။

 

၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံမှာ အစိုးရ၊ လွှတ်တော် စတဲ့ အရပ်သားအသွင်ဆောင် အာဏာပိုင်အဖွဲ့အစည်းများပေါ်ပေါက်လာပြီးတဲ့နောက် အမေရိကန်အစိုးရနဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေး စတင်ကောင်းမွန်လာပါတယ်။ အမေရိကန်ရဲ့  တောင်းဆိုချက်တွေကို လိုက်လျောတဲ့အနေနဲ့ မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးတာ၊ စာပေလွတ်လပ်ခွင့်ပေးတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လွှတ်တော်ထဲ ဝင်ရောက်ခွင့်ပေးတာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ စေ့စပ်ဆွေးနွေးတာတွေ ပြုလုပ်ပေးခဲ့ပါတယ်။

 

အပြန်အလှန်အားဖြင့် အမေရိကန်ပြည်ထောင်စုကလည်း နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နဲ့ သမ္မတအိုဘားမားတို့ကိုယ်တိုင် မြန်မာနိုင်ငံကို လာရောက်လည်ပတ်တာ၊ သမ္မတဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းတို့ကို ဝါရှင်တန်ဒီစီကို ဖိတ်ကြားဧည့်ခံတာ၊ မြန်မာသံအမတ်ကို ဝါရှင်တန်ဒီစီမှာ ပြန်လည်လက်ခံလို့ ၂၀၁၂ ခုနှစ်၊ ဇွန်လမှာ ဒဲရက်မစ်ချယ်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြင့် ခန့်အပ်ပြီး နှစ်ပေါင်း ၂၀ ကျော်အဆင့်လျှော့ချခဲ့တဲ့ သံတမန်ဆက်ဆံရေးကို ပြန်လည်ထိန်းသိမ်းတာ၊ မြန်မာကာကွယ်ရေးဝန်ကြီးကို အမေရိကန်နဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်ခွင့်ပေးတာ၊ စီးပွါးရေးပိတ်ဆို့မှုနဲ့ အရေးယူမှုတွေကို အဆင့်လိုက်လျှော့ချပေးတာတွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။ ဒီလိုနဲ့ သမ္မတအိုဘားမားလက်ထက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စုရဲ့  မူဝါဒဟာ ဖိအားပေးမှုတွေလျှော့ပေးပြီး တိုက်ရိုက်ဆက်ဆံမှုကို တိုးမြှင့်တဲ့ဘက်ကို ပြောင်းလဲခဲ့ပါတယ်။

 

(အောင်ဒင်၏ ဆောင်းပါးများကို မိုးမခက အခြားဂျာနယ်မဂ္ဂဇင်းများမှ ကူးယူဖော်ပြသည်။ စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။ အောင်ဒင်သည် မိုးမခမီဒီယာ၏ ပေါ်လစီအတိုင်ပင်ခံအဖြစ် ကူညီဆောင်ရွက်လျက် ရှိသည်။)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး, အောင်ဒင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)