သက်ခိုင် – ဒုအရန်တပ်သားအောင်ဖေနဲ့ ပယော်စခန်း

August 1, 2014

သက်ခိုင် – ဒုအရန်တပ်သားအောင်ဖေနဲ့ ပယော်စခန်း
အောင်ဖေ အခန်းဆက် အပိုင်း ၆
သြဂုတ် ၁၊ ၂၀၁၄

(၁)

၁၅ရက်လောက် ပေါက်ကြူရွာမှာနေပြီးတော့ အောင်ဖေတို့အဖွဲ့တွေ ထိုင်းမြန်မာနယ်စပ်၊ ရေးနဲ့ထားဝယ် မြို့နယ်ကြားလောက်မှာရှိတဲ့ (PDF) ဗဟိုပယော်စခန်းကို သွားကြတယ်။ မနက်စောစောကတည်းက ပေါက်ကြူကနေထွက်တာ နားနားနေနေဆိုတော့ ညနေစောင်းလောက်မှာရောက်တယ်။ ပယော်ရွာဆိုတာ ထိုင်းနယ်စပ် အစွန်ဆုံးက ဒုက္ခသည်ရွာလေးတရွာပဲ အိမ်ခြေက ဘာမှမရှိဘူး ၂၀ကျော်လောက်ပဲရှိတာ၊ ဒါကိုကျော်ပြီး တောင်တလုံးကိုတက် တောင်စွန်းဘက်ကို ဝင်သွားတော့မှ စခန်းကဘွားကနဲပေါ်လာတာ၊ စခန်းမှာက စခန်းမှူးအဖြစ် ကိုမောင်မောင်ငြိမ်း (ခ)ကဗျာဆရာ ကိုငြိမ်း (မောင်ငြိမ်းလူ၊ ဟယ်လ်ပင်) ကဦးစီးတယ်၊ သူကရန်ကုန်သား ဟယ်လ်ပင်လမ်းမှာနေလို့ သူ့ကလောင်ကို အဲဒီလိုပေးထားတာ၊ အသားကအတော်ကိုမဲတာ ညအမှောင်ထဲ ငုတ်တုတ်ထိုင်နေလို့ကတော့ မမြင်ရဘူး ဝင်တိုက်မိမယ်၊ တခါတခါစောင်ကြီးခြုံပြီး ဆေးပေါ့လိပ်ကို သဲသဲမဲမဲ ဖွာနေလိုက်တာများ မီးပြောင်းနဲ့သွားမှုတ်ရင် မီးထတောက်မလား မှတ်ရတယ်။ သူကစစ်တပ်ကနေ တပ်ကြပ်နဲ့ထွက်လာပြီး သင်္ဘောလိုက်မယ်ဆိုပြီး တောခိုလာတာတဲ့ ခေသူမဟုတ်တွေ၊ အေဘီမှာလည်း ဒုရင်းမှူး ယာယီလုပ်ဖူးသေးတယ်။ ၂၀၁၂ခုနှစ်မှာ မဲဆောက်မှာပဲ ကွယ်လွန်သွားတယ်၊ အောင်ဖေရဲ့ ပထမဦးဆုံးတပ်မှူးပေါ့။

သူနဲ့အတူ ပီဒီအက်ဖ်က ရဲဘော်တွေ အယောက်၂၀ လောက်ရှိမယ်၊ ဘားတိုက်ကြီး ၂လုံး၊ လက်နက်တိုက်နဲ့ တဲသေးတလုံး၊ စားဖိုဆောင်ကြီးကြီးတလုံး စသဖြင့်တဲတွေတော့ ဆောက်ထားတယ်၊ ညဘက်ကြီး ရောက်ကြတာဆိုတော့ မိတ်ဆက်စကားပြော ညအိပ်ပေါ့လေ၊ မနက်မိုးလင်းတော့ ဟိုဟိုဒီဒီလိုက်ကြည့်ရင်း စခန်းအလံတိုင်ကွင်း အရှေ့ဘက်က တောင်ယာပျက်လိုဖြစ်နေတော့ မေးကြည့်တာ အဲဒါရွာက သင်္ချိုင်းကုန်းဟောင်းတဲ့ ဗုဒ္ဒေါ။

အောင်ဖေတို့ရောက်တော့ ဒီဇင်ဘာထဲမှာဆိုတော့ အတော်အေးနေပြီ အရိုးခိုက်အောင်ကိုအေးတာ၊ စခန်းက ပယော်ရွာကနေ သာမာန်လူတက်ရင် မိနစ်၂၀လောက်တက်ရတယ်၊ အောင်ဖေတို့စစ်သားခြေထောက်ကတော့ ၁၀မိနစ်ထက်မပိုပါဘူး နားမှမနားတာ တောင်ကိုဆက်တိုက်တက်ပေါ့ ရတာပဲဟာ။ ဒါပေမယ့် စခန်းကနေ တောင်ကြော ကျော်သွားလို့ အဆင်းဆိုရင် မြန်မာဘက်ခြမ်းဖြစ်တာဆိုတော့ အဲဒီတောင်ခြေကနေ ဒီတောင်ထိပ်ထိကို တက်မယ်ဆိုရင် အနည်းဆုံး ၁နာရီခွဲနီးပါးရှိတယ်၊ ဆိုလိုတာက ကုန်သည်လမ်းကြောင်းက ဒီလမ်းကြောအတိုင်း တက်လာရတာကိုး။ ဟိုးပင်လယ်ကမ်းစပ် ရေးမြို့နယ် ခေါဇာ၊ ကဗျာဝ၊ ကျောက်လုံးကြီး ဘက်ကနေ မွန်ထားဝယ်ခရိုင်စခန်းကိုဖြတ် ရွာစုလေးတွေကိုကျော်ပြီးမှ နောက်ဆုံး ဒီတောင်ကိုတက်မှ ထိုင်းဘက်ခြမ်း ရောက်တာကိုး၊ အောင်ဖေတို့ကတော့ ဒီတောင်ထိပ်မှာ ကျောက်ခဲတွေစုပုံထားပြီး ကျောက်ပုံတောင်လို့ နာမည်ပေးထားတယ်၊ တောင်ထိပ်ကဆင်းလို့ ၃-၄မိနစ်ဆို သနပ်ခါးပင်တပင်ကို ခုတ်လှဲထားတဲ့ ပင်စည်တခု တောင်ကြောပေါ်မှာ ရှိတယ်၊ မိန်းကလေးဖြစ်တဲ့ မအေးအေးအောင်အတွက် ရဲဘော်တချို့က သနပ်ခါးတုံး သွားသွားခုတ်လာပေး ဖူးတယ်။

သူ့ကိုတော့ အမျိုးသမီး တယောက်တည်းဆိုတော့ လက်နက်တိုက်မှာ ထားတယ်။ ဒါကြောင့် အောင်ဖေကစတယ် “မအေးအေးအောင် တချွတ်ချွတ်ကြားလို့ဆိုပြီး လက်ပစ်ဗုံး ပစ်မခွဲနဲ့နော်၊ အားလုံး ရှောကုန်မယ်” ဆိုတော့ သူကရယ်တယ်။

စခန်းကို တချို့တွေကလည်း နောက်ပိုင်းမှ တဖွဲဖွဲရောက်လာတယ်၊ အောင်ဖေတို့နောက်ရောက်လာတဲ့ ကိုအောင်မျိုး (တောင်ပေါက်ဂွင်မှာကျဆုံး)ရဲ့အကိုတော်တဲ့ ဆရာဦးသိန်းဝင်းက ရဲဘော်တွေကို ကရာတေး သင်ပေးတယ်၊ အောင်ဖေက အာ ကျနော်သိုင်းသင်ဖူးတယ် ရောကုန်မှာစိုးလို့ ဘာညာ ဆင်ခြေပေးပြီး မသင်ဘူး၊ စိုင်တို့၊ နံတို့စံတို့တောင် ကျနော်ကိုင်ဖူးတယ် ဘာညာရွီးတော့တာ၊ လူတွေကလည်း နည်းနည်းတော့ ရှိန်သွားတာပေါ့ ကွန်ဖူးဆိုတာ အကောင်သေးလည်း လျှော့တွက်မရဘူးပေါ့လေ၊ ဟုတ်ချင်ဟုတ်နိုင်တယ်ပေါ့၊ ဘရုစ်စလီကလည်း နာမည်ကြီးခဲ့တာကိုး၊ အမှန်က အဲဒီလိုမဟုတ်ဘူး ဘာသိုင်းမှ သင်ဖူးတာမဟုတ်ဘူး မနက်အစောကြီးထပြီး သင်ရမှာကိုပျင်းတာ အဲဒီလိုတက်ကြွတာ။

ပယော်စခန်းမှာ အစားအသောက်က မဆိုးဘူးခေါ်ရမယ်၊ ဒုက္ခသည်စခန်းကို ဝေပုံကျပေးတဲ့ ပဲတွေကို မွန်လူမျိုးတွေက သိပ်မစားတော့ စခန်းကဒိုင်ခံဝယ်လို့ရသလို၊ မြန်မာပြည်ထဲက တက်လာတဲ့ ကုန်သည်တွေ ဆီကလည်း ကုလားပဲတွေ ဝယ်လို့ရတယ်၊ ဒါကြောင့် မနက်တိုင်းပဲဟင်းကို လမ်းဘေးမှာ အလေ့ကျပေါက်တဲ့ ပန်းဇောက်ထိုးခေါ်တဲ့ ခေါင်းလောင်းပန်း အညွှန့်လေးတွေထည့်ချက်ပြီး စားကြရတယ်။

စခန်းအပြင်ဘက် ကုန်သည်လမ်းကြောင်းဘေးမှာ ၈၈ကတည်းက ပြည်မြို့ပေါ်က ဘုန်းကြီးဘဝကနေ လူထွက်ပြီး တော်လှန်ရေးထဲပါလာတဲ့ ကိုပြည်အုပ်တို့ မိသားစုနေကြတယ်၊ သူတို့အိမ်လေးမှာလည်း မုန့်ဆိုင်သေးသေးလေး ဖွင့်ထားပေါ့၊ အထူးသဖြင့် ဖြတ်သွားဖြတ်လာ ကုန်သည်တွေ နားနေစားသောက်ကြတယ်၊ ညနေစောင်းရင်တော့ သူတို့အိမ်ရှေ့က ကွင်းပြင်မှာ ကုန်သည်အချို့နဲ့အတူ ရဲဘော်တွေ ဘောလီဘော ကစားကြတယ်။

(၂)

ဒီဇင်ဘာကုန်ခါနီးမှာ စခန်းတခုလုံး အလုပ်ရှုပ်ကုန်ရော၊ ဘာလို့ဆို အဘ(ဗမက) ဦးစိန်မြက စခန်းမှာ ဆင်းလာနေမယ်ဆိုတဲ့ အတွက်ကြောင့်။ ဒီမှာတင် အဘအတွက်တဲဆောက် ကြက်ခြံတွေဘာတွေ သေချာဆောက်ပေါ့၊ ရဲဘော်တွေလည်း ပျော်နေကြတာပေါ့၊ ဘာပဲဖြစ်ဖြစ် အဘကိုအနီးကပ် စောင့်ရှောက်ခွင့် ပြုစုခွင့်ရပြီပေါ့၊ သိတဲ့အတိုင်း အဘဦးစိန်မြက မာနယ်ပလောသွားလိုက် ချင်းမိုင်တက်လိုက် ဘန်ကောက်မှာ တချက်နားလိုက် အဲဒီလိုမျိုး တပ်ပေါင်းစု ကိစ္စတွေအတွက် အလုပ်ရှုပ်နေရတာကိုး။

ကြက်ခြံဆောက်တယ်ဆိုလို့ တခုတော့ပြောရဦးမယ်၊ စခန်းမှာ ဆိတ်နှစ်ကောင်ရှိတယ် ဘယ်တုန်းကဘယ်လို မွေးထားလဲတော့ မမှတ်မိဘူး၊ ရည်ရွယ်ချက်ကတော့ အကယ်၍များ အဘလာခဲ့ရင် အသက်၇၀ကျော် အဘအတွက် အားရှိအောင် ဆိတ်နို့တိုက်ဖို့ စီစဉ်ထားတာဖြစ်မယ်၊ ဘာလို့ဆို အဘဦးစိန်မြက ငယ်ငယ်က ဆိတ်နို့နဲ့ ကြီးပြင်းလာခဲ့တာလို့ သိကြတယ်။

ဒီအထဲက ဆိတ်အထီးကြီးကို ရဲဘော်တွေက ဆိတ်သိုးကြီးလို့ နာမည်ပေးထားတယ်၊ အတော်စွာတဲ့ကောင် လူကသွားစရင် ခုန်ပြီးခွေ့မယ်ချည်းပဲ၊ ဂျိုစွမ်းအတော်ပြချင်တဲ့ကောင်၊ ဆိတ်မကတော့ အေးဆေးပါပဲ နောက်ပိုင်းတောင် ဆိတ်လေး၂ကောင်လားမသိ မွေးသေးတယ်၊ နောက်ပြီး ဝက်သိုးကြီးလို့ အမည်တွင်တဲ့ ဝက်အထီးတကောင်နဲ့ ဝက်မတကောင်လည်း ရှိသေးတယ်၊ ဒါ့အပြင် ဘိုဖြူလို့နာမည်ပေးထားတဲ့ မွေးစုတ်ဖွား ခွေးထီးကြီးနဲ့အတူ ခွေးပုမျိုးဖြစ်တဲ့ အဖြူမ အနီမဆိုတဲ့ ခွေးမလေးတွေရှိတယ်၊ ဒီအထဲက အနီမကအကြီး အပျိုကြီး၊ အဖြူမက စပ်စလူး၊ ဘာလို့ဆို အနီမက သာမာန်နေစား ဆော့ကစားတာကလွဲရင် ဟိုကောင်ဘိုဖြူ လာပြီး မရိုးမသားနဲ့ အမြှီးထောင်ခေါင်းယမ်း ရစ်သီရစ်သီလုပ်မယ်ဆို လက်မခံဘူး ရှောင်ထွက်သွားကော။ အဖြူမက အဲဒီလိုမဟုတ်ဘူး နဂိုကတည်းက လက်လက်ကိုထနေတော့ နောက်ဆုံးဘိုဖြူနဲ့ သူပဲရတော့တာပေါ့။ တခါတခါ အောင်ဖေကသစ်ပင်တို့ ဘာတို့ တခုခုမှီပြီး ခြေဆင်းထိုင်နေရင် လူ့ခြေထောက်ကို ကျော်သွားရမှန်း မသိတဲ့ကောင်မ အောင်ဖေ့ခြေထောက်ကို နင်းနင်းသွားတတ်တယ်လေ၊ အဲဒီလို အောင်ဖေတို့ လေးစားခံရပုံများ။

စခန်းမှာမွေးထားတဲ့ ကြက်ကလေးတွေအထဲက မက်ဒေါနားလို့ အမည်ပေးထားတဲ့ ကြက်မလေးအကြောင်း ပြောရဦးမယ်၊ သူကတိန်ညင်မျိုးထက် နည်းနည်းပဲသာမယ်ထင်ပါရဲ့ အကောင်သေးတယ် အောင်မလေး လမ်းလျှောက်ပုံကအစ ကြွရွလို့ ကြက်အထီးကောင်တွေများ မျက်စိကျမှကျ၊ ကြက်မှာလည်း ကွင်းတွေကင်းတွေ ရှိသလား၊ ပေါ်ပြူလာရှိသလားတော့ အောင်ဖေလည်း သေချာမသိပါဘူး၊ တရက်တော့ မက်ဒေါနား တောထဲကနေ ကတော်ကတော်နဲ့ အော်ပြီးထွက်လာတယ်၊ အာဒီကောင်မ ခြံထဲမှာဝပ်ကျင်းတွေ လုပ်ပေးထားတယ် မဥဘူး အပြင်မှာ သွားဥတယ်ပေါ့၊ ရဲဘော်တွေ လိုက်ရှာကြတယ် တွေ့ကိုမတွေ့ဘူး၊ ဘယ်မှာသွားဥလဲကိုမသိ၊ နောက်ပိုင်းပျောက်သွားကော သွားဝပ်နေတာလေ၊ ဘိုဖြူတို့အကူအညီတောင်းပြီး စခန်းတခုလုံး သေသလား ရှင်သလားမသိတဲ့ မက်ဒေါနားပျောက် ရှာပုံတော်ဖွင့်တယ် တွေ့ကိုမတွေ့ဘူး အစာဆာမှ ဆတ်စလူးထပြီး စခန်းထဲပြေးဝင်လာတောင်းပေါ့၊ ရှိပစေပေါ့လေ၊ အားပါး ရက်အတော်ကြမှ မက်ဒေါနားရယ်လေ ကလေးတွေတပြုံကြီးကို တကွပ်ကွပ်လုပ်ပြီး စခန်းထဲခေါ်လာတာ ကြက်ပေါက်ကလေးတွေ ကလည်း အရမ်းချစ်ဖို့ကောင်းပေါ့ လူတွေက အစာတွေဘာတွေပစ်ကျွေးပေါ့။ အဲဒီလိုလည်တာ။

သူ့ကိုအတုခိုးတာလား ဘာလားမသိပါဘူး နောက်ကြက်မတကောင်လည်း အဲဒီလိုပဲ တောထဲသွားဥတယ်၊ အောင်ဖေတို့က အဘတဲအတွက် ပြင်ဆင်ရှင်းလင်းရေးလုပ်ပြီး အမှိုက်တွေ မီးရှို့တော့မှ ရေးကြီးသုတ်ပျာနဲ့ ပြေးထွက်လာပြီး အောင်မလေးကယ်ပါဦးတော့ ကျမတော့ သားပျက်ပါပြီ ဘာညာနဲ့ အော်တော့တာ အဲဒီကြမှ တပ်တခုလုံးဝိုင်းရှာတာ အသိုက်တွေ့ရင် တွေ့တဲ့ကောင် ဥတလုံးပိုရမယ်ပေါ့၊ ဘာလို့ဆို ချက်စားမှ ရတော့မယ်လေ ဘယ်သူတွေ့လဲ မသိတော့ပါဘူး ညနေစာတော့  မီးမဖုတ်တဖုတ် ဖြစ်နေတဲ့ ကြက်ဥဟင်းနဲ့ အောင်ဖေတို့လွှေးရတာပေါ့။

(၃)

အဘရောက်လာတော့ တရက်နှစ်ရက် စခန်းကိုလေ့လာတယ်၊ သူ့ရဲဘော်တွေဖြစ်တဲ့ တပ်မှူးတွေ စုမှူး၊ စိတ်မှူးတွေဖြစ်တဲ့ ဒုတပ်မှူးဖြစ်တဲ့ ကိုရန်အောင်၊ ကိုငြိမ်း၊ ကိုစိုးဝင်း၊ ကိုမောင်လတ်၊ ကိုကျော်ဇေယျ၊ ကိုကျော်နိုင်ထွန်း စတဲ့သူတွေကို ခေါ်တွေ့တယ်၊ နောက်၃ရက်လောက်ပဲကြာပါတယ် အခြေခံစစ်သင်တန်း အားလုံးတက်ရမယ်တဲ့၊ ဝေးးးး အောင်ဖေတို့ပျော်တာပေါ့ အခုမှ အမှန်အကန်စစ်သားဖြစ်ရမယ် အတုဘဝက လွတ်ပြီပေါ့လေ။

သင်တန်းပေးတော့ ပဲခူးသားကြီး ကိုဂျော်နီက ထမင်းဒိုင်ခံချက်တယ်၊ သူ့ကို မအေးအေးအောင်က ဝိုင်းကူပေါ့လေ၊ မနက်ဆို ၄နာရီထ PT ပြေး၊ လေ့ကျင့်ခန်းလုပ်ပေါ့၊ နေတက်လာတော့ စစ်သင်ခန်းစာတွေ စတယ်၊ မနက်စောစောထတဲ့အချိန်မှာ အောင်ဖေအတော်ခံစား သွားရတယ် ဘာလို့ဆို လရောင်က ပျပျလေးရှိသေးတယ်၊ လသာတဲ့အခါတွေမှာ တညလုံး မအိပ်တတ်ဘူးထင်ရတဲ့ ဥသြသံက လွမ်းလွမ်းဆွေးဆွေး အော် တော်လှန်ရေးကိုး။

ကိုပြည်အုပ် အိမ်ရှေ့မှာ လူတွေကအဆင်သင့် လူစု၊ သွေးပူလေ့ကျင့်ခန်းလုပ် ပြီးရင် ပယော်ရွာအထိကို ဆင်းပြေးရတာ၊ သင်တန်းမှူးလုပ်တဲ့ ကိုငြိမ်းက ပါးစပ်ကနေ “ဘာလုပ်နေလဲ” လို့အော်ရင် အောင်ဖေတို့က “လေ့ကျင့်နေတယ်” ပေါ့၊ ပြီးတော့ “ဘယ်သူ့အတွက်လည်း” “ပြည်သူ့အတွက်ပဲ” “ဘာလုပ်ဖို့လဲ” “တိုက်ပွဲဝင်ဖို့” “ဘာစိတ်ဓါတ်လဲ” “သံမဏိစိတ်ဓါတ်” “ဘာလိုချင်လဲ” “ဒီမိုကရေစီ” ဘယ်ညာ၊ ဘယ်ညာ အဲဒီလိုအော်ပြီး ပြေးဆင်းရတာ မချောင်ဘူး၊ တောင်ပေါ်ကဆင်းလို့ ပယော်ရွာထိပ်က ဆေးရုံရှေ့ရောက်ရင် တချက်ရပ် အကြေလျှော့ PT လုပ်၊ ပြီးရင် ပြန်ပြေးတက်ရကော ရိုးရိုးသာမာန်တောင်ကို တက်ရတာတောင် ၁၅မိနစ်လောက်ရှိတာ အောင်ဖေတို့ ပြေးတက်ရတာဆိုတော့ တွက်သာကြည့်၊ လမ်းမှာချောင်း ဟပ်တဲ့ကောင်ကဟပ်၊ အမောဆို့တဲ့ကောင်ကဆို့ပေါ့ ဒါကိုသင်တန်းအကူတွေကကြည့် ဘာဖြစ်လဲပေါ့၊ ဒီကောင်ကတော့ သွားပြီ အမှတ်ကတော့ မကောင်းဘူးပေါ့ ဘာလို့ဆို သင်တန်းမှာ ဆုတွေဘာတွေပေးမယ် ဘာညာပြောထားတော့ လူတွေက ကြွတက်နေကြတာကိုး၊ ဒီလောက်တောင် ဆေးပေါ့လိပ် ထောင်းလမောင်း ထနေအောင်သောက်တဲ့ ကိုငြိမ်းကတော့ ခပ်တည်တည်ပဲ စက်ရုပ်ကို သံပတ်ပေးပြီး တောင်ပေါ် ပြေးတက်ခိုင်းသလို ဘာမှမဖြစ်၊ လူတွေကလမ်းမှာ သူ့ဆီကအသံထွက်လာမှာ ကြောက်နေရတယ် ဘာလို့ဆို သူတိုင်ရင် ကိုယ်တွေက လိုက်ပြီးအဖောက်ကို အော်ရမှာကိုး စဉ်းစားကြည့် မောရတဲ့အထဲ ပြန်ပြန်အော်ပြီး ပြေးတက်ရတာ။ ဝီစီမှုတ်ရင်တော့ အေးဆေးပဲ ဘယ်ညာမှန်အောင်သာ ဂရုစိုက်ရတာ။

တရက်တော့ ပစ်ထောက်လှိမ့်မှောက် စတဲ့အခြေခံ စစ်ပညာသင်ရကော၊ အဘဦးစိန်မြကလည်း တုတ်ကောက်ကြီးထောက်ပြီး ဒီကောင်တွေ ဘယ်လိုလေ့ကျင့်သလဲပေါ့ ရပ်ကြည့်နေတယ်၊ အဖွဲ့၃-၄ဖွဲ့ ဖွဲ့ပြီးတော့ လေ့ကျင့်ရတာကိုး၊ ကိုငြိမ်းဝီစီမှုတ်တာနဲ့ ပါးစပ်ကလည်း သေနတ်ပစ်လိုက်တဲ့ပုံစံ ဒိုင်းကနဲအော် သေနတ်ဒင်ကို မြေမှာထောက် လူ့ခန္ဒာကိုယ်ကိုလှိမ့်ထွက် ပြီးတော့မှောက်ပြီး ထပ်ပစ် အဲဒီလိုလုပ်ရတာ၊ အောင်ဖေတို့ အလှည့်ရောက်တော့ အဘကလည်း ကြည့်နေတာဆိုတော့ ကိုငြိမ်းက သတိပေးထားတယ် မမှားကြနဲ့နော်တဲ့၊ လူတွေကကိုယ်ကိုင်းပြီး အသင့်အနေအထားချီတက်လာ၊ ကိုငြိမ်းကဝီစီကို “ရွှီး” ကနဲမှုတ်တော့ အောင်ဖေ့နှယ် “ဒိုင်း” ကနဲ ပစ်ပြီး သေနတ်ဒင်ကိုမြေထောက် လှိမ့်ထွက်မယ်လုပ်တာ၊ ဒင်ကချော်ပြီး သေနတ်ကိုယ်ထည်က ၉၀ဒီဂရီ မတ်မတ်မကျဘဲ ၄၅ဒီဂရီလောက်စောင်းပြီး နဖူးတည့်တည့်ကို လာနမ်းတာ “ခွပ်” ကနဲနေတာပဲ၊ လူလည်း အတော်ထူပူသွားတယ် ကွဲသလားဖုသလား မကြည့်အားတော့ဘူး အနာခံပြီး လှိမ့်ထွက်၊ မှောက်ပြီး ပါးစပ်က တဒိုင်းဒိုင်း ပစ်ပြရတယ်။ အောင်ဖေတို့အလှည့်ပြီးတော့ အဘကို မသိမသာလှမ်းကြည့်တော့ မရှိတော့ဘူး တော်ပါသေးရဲ့ပေါ့၊ နောက်မှ သိရတာက အဘဘေးနားရပ်နေတဲ့ ဆရာဦးသိန်းဝင်းက ရယ်ပြီး ပြန်ပြောပြတာ အောင်ဖေနဖူးနဲ့ ဒင်နဲ့နမ်းတာကို အဘကတွေ့ပြီး ပြောသွားတာက။

“ဒီကောင် သုံးစားမရဘူး” တဲ့။

အောင်ဖေတို့ အောင်မြင်ကျော်ကြားပုံများ ပြောပါတယ်။

(၄)

စခန်းမှာက အငယ်ဆုံးနှစ်ယောက်ရှိတယ် ဆန်းဦးနဲ့ကျော်ထင်၊ ၂ယောက်လုံးက မွန်လူမျိုးတွေကြီးပဲ အတော်လည်းအားကိုးရတယ် အသက်တွေက ၁၈-၁၉တွေ၊ ဒီအထဲက ဆန်းဦးနဲ့ ဆိတ်သိုးကြီးက တစောင်းစေးနဲ့ မျက်ချေး၊ ဒီကောင်က သွားသွားစ ဆိတ်သိုးကြီးက တရှုးရှုးနဲ့ ပြန်ခွေ့မယ်လုပ် ဒါကိုသူကသဘောကျ အဲဒီလို။

တရက်ကြတော့ သင်တန်းနားချိန်၊ နေ့လည်ထမင်းစားရတော့မယ်၊ ဆန်းဦးကဘားတိုက်ထဲကနေ လေလေးချွန်ပြီး ထွက်လာတယ်၊ တဲဘေးမှာ ဆိတ်သိုးကြီးက တကုန်းကုန်းနဲ့ ဘာလုပ်နေလည်းမသိ၊ ဆန်းဦးကို ဆန်းဦးမှန်းလည်း သတိမထားမိဘူး ထင်ပါရဲ့၊ ဒါကိုဆန်းဦးက ဂွင်ဝင်တုန်းစဦးမှဆိုပြီး ဖင်ကိုပိတ်ကန်လိုက်တာ ပြီးတော့ တပြုံးပြုံးပေါ့ ဒီတခါ အပိုင်တွယ်(စ)လို့ ရပြီပေါ့၊ အမှန်က စားဖိုထဲမှာရှိနေတဲ့ အောင်ဖေတို့တွေက သူ့လုပ်ပုံကိုကြည့်ပြီး လန့်သွားတာ၊ ဒီကောင်မမြင်မစမ်းနဲ့ ဆိတ်ဖင်သွားကန်တာ စားဖိုဘေးတဲအစပ်မှာ ရဲဘော်တွေ ထမင်းစားနေတာကို တုတ်ကောက်နဲ့ ရပ်ကြည့်နေတဲ့ အဘဦးစိန်မြကို မမြင်ဘူးကိုး။

အဘက မျက်ရိပ်ပြလိုက်တော့ ကိုဂျော်နီက ဆန်းဦးကိုလှမ်းခေါ်လိုက်တယ်၊ ဟိုကောင် မျက်နှာပျက်နေပြီ အခုမှသူမြင်တာ အဘကို။

“ဟေ့ကောင်”

“ဟုတ်ကဲ့အဘ”

သတိဆွဲပြီးဖြေတာ၊ အတော်ကြည့်ကောင်းသား တုတ်တုတ်မှမလှုပ်။

“မင်းကို အဲဒီဆိတ်က ဘာလုပ်လို့လည်း”

“ဘာမှမလုပ်ပါဘူးအဘ”

“ အေး ဒါဆို ဒိုက်အခါ ၅၀ထိုးကွာ”

ဆန်းဦးရယ်လေ မမြင်မစမ်းနဲ့ အဘချစ်တဲ့ ဆိတ်ကိုမှ လစ်ပြီထင်ပြီး သွားစရတယ်လို့။

စားဖိုထဲမှာ စားနေတဲ့ အောင်ဖေတို့ တခွိခွိပေါ့လေ။

အခြေခံစစ်သင်တန်း နောက်ဆုံးပိုင်းတွေကတော့ တပ်စိတ်တပ်စု တိုက်ပွဲတွေပေါ့။ ဒါတွေကို စခန်းကထွက် နယ်ခြားကြောပေါ်မှာရှိတဲ့ ကုန်သည်လမ်းမှာ တဖွဲ့ကစောင့်ပစ် တဖွဲ့ကချီတက်တိုက်ပေါ့ အဲဒီလိုလုပ်ရကော၊ တရက်တော့ အောင်ဖေတို့အဖွဲ့က ချီတက်စခန်းသိမ်းပေါ့၊ ဒီကုန်သည်လမ်းက တက်လာခဲ့ သေနတ်ဖောက်ရင် အနီးဆုံးကုန်းကို တက်သိမ်းရမယ် အဲဒီလို ကိုငြိမ်းကမှာပြီး သူကတောထဲမှာ သွားနေတာ။

ဒါနဲ့ပွိုင့်တွေဘာတွေထုတ်ပြီး သတိထားချီတက်ရတာပေါ့၊ ကြောပေါ်စတက်နေပြီ ဘာမှမဖြစ်သေးဘူး ဘယ်နေရာရောက်မှ ကိုငြိမ်းသူ့ကာဘိုင်ကို ဖောက်မလဲလဲမသိ၊ လာရင်းလာရင်းနဲ့ ဗြုန်းဆို ကုန်သည်အုပ်ကလည်း တက်လာတာ တွေ့ပါလေရော တောင်းအကြီးကြီးတွေကို ကြိုးနဲ့သိုင်းပြီး ခေါင်းနဲ့ခါးမှာ အဆိုင်းတွေနဲ့ ထိန်းပြီးတက်လာကြတာ၊ အောင်ဖေတို့စစ်ကြောင်းတွေ့တော့ မြင်နေကြဆိုတော့ ပြုံးပြပေါ့၊ အောင်ဖေတို့ကတော့ ပြုံးပဲပြုံးပြတယ် စကားတော့ မပြောပါဘူး။

အဲဒီလိုဆုံတုန်း ဗြုံးကနဲ။

“ဒိုင်း ဒိုင်း”

ဆိုပြီး သေနတ်ဖောက်သံကြားပါလေကော၊ အောင်ဖေတို့တွေလည်း။

“ဝပ် နေရာယူ”

“ဟေ့ကောင်တွေ အောင်ဖေတို့ ဘယ်ကတက်ကွ”

“ကျော်ထင်တို့ ညာဖက်ကဖိပစ်”

“ဝင်းကြူ လက်နက်ကြီး ပစ်ကူဟေ့”

စသဖြင့် တတောလုံး ဆူညံသွားကော၊ သေနတ်ပစ်သံမဟုတ်ပါဘူး အောင်ဖေတို့ပါးစပ်က အော်ပစ်ပြီး နေရာယူကြ လှုပ်ရှားကြတာတွေပါ၊ ဖြစ်ချင်တော့ အောင်ဖေနေရာယူလိုက်တဲ့ သစ်ပင်ဘေးနားမှာ ကုန်သည်တယောက် ထမ်းလာတဲ့တောင်းကြီးကိုချပြီး တုန်နေလိုက်တာများ တဆတ်ဆတ်နဲ့ကို၊ အောင်ဖေလည်း မကြည့်အားဘူး “ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း” နဲ့အော်ပြီး သူ့ဘေးက ပြေးတက်သွားရတာ။ ဟုတ်တယ်လေ ပါးစပ်ကပဲအော်မှ ရတာလေ၊ ကျည်ဘောက်ထဲ ဘာကျည်ဆန်မှ ထည့်ထားတာမှမဟုတ်တာ။ လေ့ကျင့်ရေး လုပ်နေတာကိုး။ ဝီစီသံကလည်း တရွှီရွှီနဲ့ ကိုငြိမ်းမှုတ်နေတာ ဘယ်နေရာကမှန်းတော့ မသိဘူး။

စခန်းသိမ်းလုပ်ပြီးတော့မှ ကုန်သည်တွေလဲ ဝပ်သူဝပ် ပုဆိုးခြုံပြီး သစ်ပင်ကွယ်မှာ ကွယ်နေသူတွေ ပြန်ထလာကြတယ် လူတွေကတော့ အူကြောင်ကြောင်ပေါ့၊ နောက်မှ သဘောပေါက်သွားတယ် အောင်ဖေတို့တွေ စစ်ရေးလေ့ကျင့်နေတာကို၊ နောက်တော့ သူတို့ပြန်ပြောတာက “ဆရာတို့ကလည်း တကယ် သေနတ်ဖောက်တော့ တိုက်ပွဲဖြစ်တယ်မှတ်နေတာ လူတွေက အော်ပဲအော်နေတော့ ဘာပါလိမ့်ဆိုပြီး ခေါင်းလည်းမထောင်ရဲ ငြိမ်နေကြရတယ်” တဲ့။ ကိုငြိမ်းက ကျနော်တို့က ချိန်သားကိုက်စီစဉ်ထားလို့ပါ ဒီနေရာမှာ လေ့ကျင့်ရမှာမို့ ဘာညာနဲ့ဖြေသိမ့်ရတာပေါ့။

(၅)

သင်တန်းတွေပြီးသွားတော့ စခန်းမှာနားနေကြတုန်း၊ တရက်မှာ အမျိုးသမီးငယ်ငယ်၂ယောက်နဲ့ လူကြီး၃-၄ဦး စခန်းကိုရောက်လာတယ်၊ ကောင်မလေးတွေက ချောချောလေးတွေ အောင်ဖေတို့ရွယ်တူတွေ၊ ဟာ တယ်မိုက်ပါလားပေါ့ တောထဲမှာလည်း ဒီလိုအပျံစားလေးတွေ ရှိတယ်ပေါ့၊ သူတို့အဖွဲ့နဲ့ လူကြီးတွေနဲ့ စကားပြောနေကြတာပေါ့၊ အောင်ဖေတို့ ငယ်တဲ့ကောင်တွေက လတ်လျှားလတ်လျှားနဲ့ အဲဒီဘားတိုက်ဘေး ကပ်ကပ်လမ်းလျှောက်သွားပြီး ရေနွေးများတည်ခိုင်းမလား၊ ဘာညာများယူခိုင်းမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့၊ ကိုငြိမ်းက သိပုံရတယ် ယောင်လို့တောင် ဘယ်ကောင်မှ လှမ်းခေါ်မခိုင်းဘူး။

အောင်ဖေလည်း ယောင်တောင်ပေါင်တောင်နဲ့ အနားကဖြတ်လျှောက်သွားတော့မှ၊ ဟာ လန့်သွားတယ်၊ ကောင်မလေးတွေက ပစ္စတိုလ်တွေနဲ့ဗျ၊ လူလည်းမယောင်ရဲတော့ဘူး ဘယ့်နှယ်ကိုယ်တွေက အေကေလေး တလက်လောက်ကို သေသေချာချာ တိုက်ချွတ်ဆေးကြော ကိုင်ဖူးတယ်ဆိုယုံရှိသေး၊ သူတို့တွေက အတိုတွေနဲ့ မဖြစ်ဘူး သောက်ရမ်းကာရော သွားငမ်းလို့မဖြစ် ပြေးပေါက်မှားနေမယ်ပေါ့၊ အောင်ဖေနောက်တခေါက် မထွက်ရဲတော့ဘူး ဘားတိုက်ထဲကပဲ အသာကြည့်နေလိုက်တယ်၊ နောက်မှ သိရာတာက သူတို့က ဒီမိုကရေစီပြည်ချစ်တပ်မတော် (DPA) ထားဝယ်နဲ့မြိတ်ခရိုင်ကတဲ့ ကောင်မလေးတယောက်က တပ်ခွဲမှူး ဗိုလ်ကြီးတဲ့ အားပါးပါး။ သူများတွေကတောင် ဗိုလ်ကြီးဖြစ်နေပြီ အောင်ဖေတို့ကတော့ အဘကောက်ချက်အရဆို ဒုအရန်တပ်သားတောင် မဖြစ်သေး။

နောက်ပိုင်းတပတ်နှစ်ပတ်လောက်ကြာတော့ အောင်ဖေတို့ မြန်မာဘက်ခြမ်းမှာရှိနေတဲ့ သူတို့စခန်းတွေကို သွားလည်ဖြစ်ကြတယ်၊ အဲဒီကြမှသိတာက အောက်မှာလည်း စခန်းတွေ ရှိနေကြတာကိုး၊ ဘယ်ကလာရန်သူက အလွယ်တကူတက်လာလို့ ဖြစ်မလဲပေါ့။

တခါတခါ နေ့ခင်းဘက် အလုပ်နည်းနည်းပါးပြီဆိုရင် အောင်ဖေတယောက် အေကေလေးလွယ်ပြီး တောင်ကြောအတိုင်း သေနတ်ခါးပင်လောက်အထိ ဆင်းဆင်းကြည့်တယ်၊ စစ်ယူနီဖောင်းကို သေသေချာချာ ကျကျနနဝတ်ပြီး တောင်ကြောပေါ်ကနေ တဂွပ်ဂွပ်နဲ့ ဆင်းဆင်းသွားပြီး အဲဒီနေရာရောက်မှ ဟိုးအဝေးမှာ မြင်နေရတဲ့ မှိုင်းညို့ညို့ တောင်တန်းတွေကို အရသာခံကြည့်တာပေါ့၊ တရက်တော့ ထုံးစံအတိုင်း ဆင်းသွားပြီး သေနပ်ခါးတုံးအပေါ်ထိုင်ပြီး ငေးမယ်ကြံတုန်း ကုန်သည်တွေတက်လာကြတယ်၊ အဲဒီအထဲက အသက်၄၅နှစ်လောက်ရှိမယ့် မိန်းမကြီးတဦးက အောင်ဖေ့ကိုပြုံးပြီး ပြောသွားတာက။

“ဘယ့်နှယ် ဒီစစ်သားကလည်း တောင်ပေါ်ကဆင်းလာတာ ဖိနပ်သံတဂွပ်ဂွပ်နဲ့” တဲ့၊ သေရော။

အဲဒီလို ကုန်သည်ကတောင် အထင်ကြီးတာ မခံခဲ့ရတဲ့ ဒုအရန်တပ်သားဘဝကို အောင်ဖေတို့ ရရှိခဲ့ပါလေရော။

နောက်ပိုင်းမှာတော့ ထောက်လှမ်းရေးမှူးကြီး ဖြစ်သွားရတဲ့ အောင်ဖေအကြောင်း ရေးသားပါဦးမယ်။
သက်ခိုင်

(၁၉း၁၆)နာရီ

၁.၇.၂၀၁၄

Photo Credit – painfulpaulie.blogspot.com, KNLAF: This Karen Commando is about to fire upon approaching Burmese soldiers as they appear over the edge of the steep sides of the Spur-line


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, သက်ခိုင်, အခန်းဆက်များ, ဖြစ်ရပ်များ၊ အမှတ်တရများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်