စံလှကြီး – ဓားသွားထက် ကလောင်သွား ထက်ခဲ့သည့် အာဏာရှင် အားလုံးရဲ့ ဆလိမ် ဆရာကြီး

August 5, 2014

– ဓားသွားထက် ကလောင်သွား ထက်ခဲ့သည့် အာဏာရှင် အားလုံးရဲ့ ဆလိမ် ဆရာကြီး
သြဂုတ် ၅၊ ၂၀၁၄

တလောက အင်္ဂလိပ်စာအုပ် တအုပ်ကို ဟိုလှန် ဒီလှန် ကြည့်နေတုန်း Machiavellian ဟူသော စာလုံးတလုံးကို အဓိပ္ပါယ် မသိသဖြင့် အဘိဓါန်ကို မွှေကြည့်ရာ တန်ခိုးအာဏာ ရရေးအတွက် မရိုးဖြောင့်သော နည်းလမ်းများဖြင့် လူများအား လှည့်စားခြင်းဟု ဖွင့်ပြထားသည်ကို တွေ့ရသည်။ စာလုံးမှာ ဆန်းသလို ဖြစ်မိသဖြင့် ဆက်ရှာကြည့်တော့မှ ဒီစာလုံးဟာ လူတယောက်ရဲ့ နာမည်မှ ဖြစ်လာတာကိုပါ သိလိုက်ရသည်။ ကိုယ့်နာမည်တောင် အဘိဓါန်ထဲအထိ ပါတဲ့ ပုဂ္ဂိုလ်ဆိုတော့ ပေါ့သေးသေးတော့ မဟုတ်ပေ။ ဖတ်ကြည့်တော့လည်း ပေါ့သေးသေး မဟုတ်ပဲ တကယ့်ကို  ဧရာမ ပုဂ္ဂိုလ်ကြီး ဆိုတာ သိလိုက်ရသည်။ မြန်မာလူမျိုး အများစုက သူ့ကို အသိနည်းကြသော်လည်း သူကတော့ ကမ္ဘာပေါ်ရှိ လူသားများရဲ့ နေ့စဉ်ဘဝများကို အလွှမ်းမိုးနိုင်ဆုံး သြဇာအရှိဆုံး လူများစာရင်းမှာပါ ပါခဲ့သည်တဲ့။ ကိုယ်ကသာ သူ့ကို မသိပေမယ့် သူကတော့ မြန်မာများရဲ့ နေ့စဉ်ဘဝများကိုလည်း လွှမ်းမိုးနေခဲ့မည် ထင်သည်။ ကောင်းသော နည်းလမ်းဖြင့်ကား မဟုတ်ပါ။ သူကား မက်ခီယာဗယ်လီ(Machiavelli) ပေတည်း။

မက်ခီယာဗယ်လီကို အီတလီနိုင်ငံ ဖလောရင့်မြို့တွင် မွေးဖွားခဲ့ပြီး ထိုအချိန်က အီတလီနိုင်ငံသည် အစိတ်စိတ် အမွှာမွှာ ကွဲနေခဲ့သည်။ သူ အရွယ်ရောက်ချိန်မှာ ဖလော်ရင့်မြို့ကို လော်ရင်ဇို(Lorenzo) အုပ်ချုပ်နေခဲ့သည်။ ထိုအချိန်က လော်ရင်ဇိုက အနုပညာရပ်များကို မြေတောင်မြှောက်ပေးခဲ့ရာ ပန်းချီပညာရှင် လီယိုနာဒိုဒါဗင်ချီနဲ့ ပန်းပုပညာကျော် မိုက်ကယ်အိန်ဂျယ်လိုတို့မှာ သူ့လက်ထက်တွင် ပေါ်ထွန်းခဲ့ခြင်း ဖြစ်သည်။

မစ်ခေးယာဗယ်လီယံ၏ ဘဝအစပိုင်းများကို စာရေးသူ သိပ်စိတ်မဝင်စားပါ။ လော်ရင်ဇို ကွယ်လွန်ပြီးနောက် ဖလောရင့်နိုင်ငံ၏ သံကြီးတမန်ကြီး အဖြစ် နိုင်ငံရပ်ခြားများသို့ သွားခဲ့ရသည်။ ထို့နောက် တခါ လော်ရင်ဇို၏ အဆက်အနွယ်များ အာဏာပြန်ရသော အခါ ဖမ်းဆီး နှိပ်စက်ညှင်းပန်းခံရသည်။ အပြစ် မရှိကြောင်း ထင်ရှားသဖြင့် လွတ်လာခဲ့ပြီးနောက်တွင် ခြံလေးတခု ဝယ်ကာ နေထိုင်ခဲ့သည်။ သားသမီး ခြောက်ယောက် ရှိပြီး  ၁၅၂၇ တွင် ကွယ်လွန်ခဲ့သည်။ သူ့ဘဝက ဒီအတိုင်း ဆိုရင်တော့ သိပ်ထူးထူးခြားခြား ဖြစ်စရာ မရှိသလို အဘိဓါန်ထဲအထိ နာမည် ကျန်ခဲ့စရာ မရှိပေ။

သို့သော် သူက ရာထူးလက်မဲ့ ဖြစ်ကာ အနားယူနေချိန်တွင် စာအုပ်စာတမ်း များစွာ ရေးသားပြုစုခဲ့သည်။ ထို စာအုပ်စာတမ်း များစွာထဲမှ သူ့အား နာမည်ကျော်စေခဲ့သည့် စာအုပ်မှာ Thr Prince ခေါ် မင်းသား သို့မဟုတ် အာဏာရှင်လက်စွဲ သို့မဟုတ် ရာဇဗလဋီကာဟု ခေါ်ရမည့် ကျမ်းဖြစ်သည်။ အခြား နာမည်ရ စာအုပ်များလည်း ရှိသည်။ သို့သော် သူနာမည် ကျော်ကြားရခြင်းမှာ ထို The Prince ခေါ် မင်းသားကျမ်းကြောင့်သာ ဖြစ်သည်။

ထိုကျမ်းကို သူရေးနိုင်ခဲ့ခြင်းမှာ ရာထူးအာဏာ ရှိစဉ်က အနယ်နယ် အရပ်ရပ်သို့ တာဝန်ဖြင့် သွားခဲ့ရာတွင် ထိုခေတ်က ဆိုးသွမ်းရာတွင် နာမည်ကျော်သော ဆီဇာဗောဂျ ဆိုသူနှင့် တွေ့ဆုံ ခဲ့ရပြီးနောက် ထိုလူ၏ နည်းလမ်းများကို စနစ်တကျ လေ့လာကာ ကျမ်းတစောင် ရေးနိုင်ခဲ့ခြင်း ဖြစ်သည်။

သူက ထိုစာအုပ်တွင် တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူသည် ရည်မှန်းချက်တခု ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်ရမည့် နည်းလမ်းများအတွက် စိုးရိမ်ကြောင့်ကြ ဖြစ်နေစရာမလို ဟူသော သဘောထားကို ဖော်ပြထားသည်။

သူက ရန်သူများကို နှိမ်နင်းရန်နှင့် မိမိတိုင်းသူပြည်သားများက မိမိ၏ အမိန့်ကို နာခံလာစေရန်အတွက် မည်မျှပင် ယုတ်မာသည့် နည်းလမ်းဖြစ်ဖြစ် အသုံးပြုရမည်ဟုလည်း ဆိုလေသည်။

ထပ်ပြီး ဘုရင်အနေနဲ့ အာဏာသိမ်းချိန်မှာ ရက်စက်စရာ ရှိရင် အပြတ်လုပ် နောင်ကျဉ်သွားအောင် တခါတည်းလုပ်လို့ သူက အဲဒီကျမ်းမှာ အကြံပေးပါတယ်။ သူ့အဆိုအရ ဒီလိုလုပ်မှ လူတွေကြောက်ပြီး နောက်ထပ် ခဏ ခဏ လုပ်စရာ မလိုပဲနေမယ်လို့ ဆိုတယ်။

နောက်ပြီး ကိုယ်ကျိုးကို ကြည့်ပြီး ဓလေ့ထုံးစံကို ပယ်သင့်ရင် ပယ်ရမယ်လို့ ဆိုပါတယ်။ ကတိပျက်ရင်လည်း ယုတ္တိရှိအောင် အကြောင်းပြပြီး ဆက်လိမ်ပါလို့ ဆိုပါတယ်။ အလိမ်ခံချင်သူတွေ များတယ်လို့ သူက ဆိုတယ်။

သူများကပေးတဲ့ ကတိတွေ အာမခံချက်တွေကိုလည်း မယုံပါနဲ့လို့ ဆိုတယ်။

သူက လူတွေ အနေနဲ့ ဘုရင်ကို ချစ်ကြောက်ရိုသေတာ အကောင်းဆုံး ဖြစ်တယ်။ ဒါပေမယ့် လူ့သဘာဝက ချစ်ရုံ သက်သက်ပဲ ဆိုရင် တကိုယ်ကောင်းစိတ်ကြောင့် သစ္စာဖောက်တတ်တယ်။ ဒါကြောင့် ကြောက်အောင်လုပ်တာ အကောင်းဆုံးလို့ ဆိုတယ်။

ဖတ်သာ ကြည့်ပါတော့။ လူ့ကိုယ်ကျင့်တရားအရ အပြစ်တင်စရာ အချက်များကို ရေးသား ပြုစုထားခြင်း ဖြစ်ပါသည်။ အမှန်က ကျနော်ကိုယ်တိုင် သူရေးခဲ့သော သဘောတရားများကို အကျဉ်းလောက် ပြန်ရေးပြရတာ ဝန်လေးသလို ခံစားရပါသည်။

ဒီလိုလူရဲ့ အကြောင်းကို ရေးရခြင်းမှာ အချက်များစွာ ရှိပါသည်။ တစ်အချက်က မြန်မာလူမျိုးများ အပြောနည်း အသိနည်းသလို ရှိသော်လည်း သူက ကမ္ဘာပေါ်ရှိ သြဇာအရှိဆုံး လူများစာရင်းမှာ ပါခဲ့သဖြင့် အချက်အလက်ပိုင်းအရ သိစေလိုလို့ ဖြစ်ပါသည်။ နံပါတ်နှစ် အချက်မှာ သူ့ကျမ်းမှာ အာဏာရှင်လက်စွဲလို့ နာမည်ကြီးပြီး အာဏာရှင်တိုင်း ဒီနည်းတွေပဲ ထပ်ပြန်တလဲလဲ သုံးစွဲကြတာကို သိစေလိုလို့ ဖြစ်သည်။ အာဏာရှင်တိုင်းရဲ့ အယူဝါဒရေးရာ ဆရာကြီး ဖြစ်ခဲ့သဖြင့်သာ မစ်ခေးယာဗယ်လီ အနေဖြင့် သြဇာအရှိဆုံး လူများစာရင်းမှာ ပါခဲ့ခြင်း ဖြစ်သည်။ အာဏာရှင်တွေ ချုပ်ကိုင်ရာ နိုင်ငံများကလည်း အနီးဆုံး အတိတ်မှသည် မျက်မှောက်ခေတ်အထိ မနည်းလှပေရာ လူသားတော်တော်များများ၏ နေ့စဉ်ဘဝများကို မစ်ခေးယာဗယ်လီက နောက်ကွယ်မှ လွှမ်းမိုးနေခဲ့ခြင်း ဖြစ်သည်။

သူ့အကြောင်းကို ရေးပြလို့ အာဏာရှင်တွေ ဖတ်မိရင် ဘယ်လိုလုပ်မလဲ ဆိုရင်တော့ နောက်ကျနေပြီ သူတို့အားလုံးမှာ ဒီကျမ်းကို ဖွတ်ဖွတ်ကြေအောင် ဖတ်ပြီးသား ဖြစ်နေပြီ။ ဖတ်ပြီးရုံမက လက်တွေ့လဲ ဆင်းပြီးနေပြီဟုသာ ဆိုရတော့မည်။

နပိုလီယံက ဒီကျမ်းကို ခေါင်းအုံးအိပ်တယ်လို့ အဆိုရှိပါတယ်။ ဟစ်တလာနဲ့ စတာလင်လည်း အဲဒီလိုပဲတဲ့။ မူဆိုလီနီက သူ့ဆရာကို လူပုံအလည်မှာ ချီးမွမ်းပြောဆိုဖူးတယ်လို့ ဆိုပါတယ်။ ကျန်တဲ့လူတွေလည်း ကျိတ်ဖတ်ထားကြတာချည်းပဲလို့ ဆိုပါတယ်။ ဒဿနဆရာတွေက လေ့လာဖို့ ဖတ်ပြီး အာဏာရှင်တွေ ဘုရင်တွေက နည်းယူဖို့ ဖတ်ပါတယ်။ အများကြီး ဖြစ်နိုင်ပါတယ်။ ကျနော် တွေ့ဖူးသလောက် ဖတ်ဖူးသလောက် အာဏာရှင်တိုင်းလိုလိုရဲ့ နည်းလမ်းတွေက အတူတူချည်းပါပဲ။ လူမျိုးကွာချင်ကွာမယ် ဘာသာကွဲချင်ကွဲမယ် လုပ်ပုံကိုင်ပုံ အပြင်းအပျော့ တူချင်မှတူမယ် ဒါပေမယ့် နည်းလမ်းတွေကတော့ သံတူကြောင်းကွဲ ခပ်ဆင်ဆင်တွေချည်းပါပဲ။ အားလုံးမှာ ဆရာတူတပည့်တွေလို့ ဆိုလို့ ရမည်ထင်သည်။

လူ့သမိုင်းတလျှောက် မက်ခီယာဗယ်လီလို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခံရတဲ့ ဒဿနဆရာ မရှိခဲ့ပါဘူး။ သူ့ကို မကောင်းဆိုးဝါးစီးနေတဲ့လူ ပြောပုံလုပ်ပုံ ဆိုးညစ်ယုတ်မာတဲ့လူ အကျင့်စာရိတ္တမကောင်းသူလို့ ရှုတ်ချတာကို ခံရပါတယ်။ ဒီလိုကျတော့လည်း မတရားလို့တော့ ထင်စရာရှိသည်။ ကိုယ်တိုင်လည်း လုပ်ခဲ့တာ မဟုတ်ပဲနဲ့ စာအုပ်လေး ရေးတာလောက်နဲ့ ဒီလောက်အထိ ရှုတ်ချခံရသလားဆိုရင် ခံသင့်ပါသည်လို့ ဆိုရပါမည်။

ဘာကြောင့်လဲ ဆိုတော့ ကောင်းတာပဲ ဖြစ်ဖြစ် ဆိုးတာပဲ ဖြစ်ဖြစ် အယူဝါဒရေးရာ ဖြန့်ဝေသူတွေ၏ အစွမ်းက ကြီးမား လှသောကြောင့် ဖြစ်ပါသည်။

စာရေးသူတို့ ဗုဒ္ဓဘာသာ(ထေရဝါဒ) ကလည်း အယူဝါဒ ပို့ချသူ၏ အစွမ်းကို အမြင့်ဆုံးထားပါသည်။ စာရေးသူ ငယ်စဉ်က စာအုပ်ထဲတွင် နိယတမိစ္ဆာဒိဌိ အယူရှိသူ(တနည်းမိစ္ဆာဒိဌိအယူများကို ဖြန့်ဝေပို့ချသူ)သည် အပြစ်အကြီးဆုံး ဖြစ်ပြီး မြတ်စွာဘုရားရှင်ကို သွေးစိမ်းတည်အောင် လုပ်သောကံထက်ပင် အပြစ်ကြီးကြောင်း ဖတ်မိရာ နားမလည် ဖြစ်ခဲ့မိသည်။ ဘယ်လိုဖြစ်ပြီး ပြောမိရုံလေးနဲ့ ကာယကံမြောက် လုပ်တဲ့လူထက် အပြစ်ကြီးရတာလဲ ဆိုပြီး စဉ်းစားခဲ့ဖူးသည်။ နောင်ကြီးလာမှ ဆရာတော်ကြီးတပါး တရားကို အမှတ်မထင် နာခဲ့မိရာ ထိုသူများသည် လူ့မြှုံးကြီးများဖြစ်ကြောင်း မိမိကိုယ်ကို မြှုံးသဖွယ် ပြုလုပ်ပြီး ကျန်လူများကိုပါ အကျင့်စာရိတ္တ အယူမှားအောင် ပြုလုပ်ပြီး ငရဲရောက်အောင် လုပ်တတ်သဖြင့် အပြစ်အကြီးဆုံး ဖြစ်ရကြောင်း ရှင်းပြသည်ကို ကြားနာရမှ ရှင်းသွားပါတော့သည်။

ဤအချက်မှာ မက်ခီယာဗယ်လီ ဘာကြောင့် ရှုတ်ချခံရသလဲ ဆိုတဲ့ အဓိကအချက် ဖြစ်ပြီး အလွန်အရေးကြီးသော အချက်ဖြစ်သည်။ စာရေးသူ လောကုတ္တရာပိုင်းကို ပြောခဲ့ပေမယ့် လောကီရေးမှာလည်း ဒီသဘောပဲ ဖြစ်ပါသည်။ စာရေးသူတိုင်းလိုလို သတိထားသင့်သော အချက်လည်း ဖြစ်သည်။ ဟိုခေတ်တုန်းကတော့ ပြောဟောရုံလောက်ပဲ ဆိုတော့ သိပ်အဖျက်စွမ်းအား မကြီးသေး။ အခုကျတော့ စာအုပ်စာတမ်းတွေက သိပ်မြန်နေပြီ ဆိုတော့ လူများ ကိုယ်ကျင့်တရားပိုင်း ပျက်ပြားမယ့် စာမျိုးတွေကို သတိထားရေးဖို့ လိုတာတော့ အမှန်ဖြစ်သည်။

ဘာလို့လဲ ဆိုတော့ နောက်ပိုင်းတွင် လစ်ဘရယ်ဝါဒီ အမည်ခံပြီး စာဖတ်သူများ ကိုယ်ကျင့်တရား ပျက်အောင်ရေးမည့် လူမျိုးတွေ ပေါ်မလာဟု မည်သူမျှ မပြောနိုင်ပေ။ စာရေးသူကိုယ်တိုင် လွန်ခဲ့သော နှစ်များစွာက ကာမေသုမိစ္ဆာစာရကံ ဆိုတာ မရှိ အဲဒါ ရှေးရိုးစွဲဝါဒ ဖြစ်သည် ကိုယ့်ပစ္စည်းနဲ့ကိုယ် ကာမချမ်းသာ ခံစား စံစားတာ လူသားဆန်တာ ဖြစ်သည်ဆိုပြီး ကြည်ညိုသူများကို လက်သိပ်ထိုး ဟောပြောနေသော လူတဦးကို တွေ့ဖူးသောကြောင့် ဖြစ်ပါသည်။

ဒီလိုဆိုရင် ကောင်းတဲ့အပိုင်းမှာရော အယူဝါဒ ပို့ချသူ ရေးသားသူများရဲ့ အစွမ်းက ဘယ်လိုရှိပါသလဲ ဆိုရင် အတူတူပဲဟု ဆိုရမည် ဖြစ်သည်။ လောကီရေးကို ဥပမာပေးရရင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ဗြိတိသျှ အစိုးရက ဗြိတိသျှအင်ပါယာ၏ ရန်သူတော် နံပါတ်တစ်ကြီး အဖြစ် သတ်မှတ်ခဲ့သည်မှာ ဒီအချက်ကြောင့်သာ ဖြစ်သည်။ သူက ကိုယ်တိုင်တိုက်မည့် လူမဟုတ် သို့သော် သူ၏ ပို့ချမှုများ စာများမှသည် ကိုယ်တိုင်တိုက်မည့်လူများ ထွက်လာခဲ့ခြင်းကြောင့် ဖြစ်သည်။

ရေတိုအနေနဲ့မူ ကိုယ်တိုင် လှုပ်ရှားသူများ၏ အစွမ်းကလည်း ကြီးမားလှပါသည်။ သို့သော် ရေရှည် အနေနဲ့မူ ကလောင်သွားက ဓားသွားထက် ထက်လှပါကြောင်း အာဏာရှင် အားလုံး၏ ဆလိမ် ဆရာကြီးကို ဥပမာပြုကာ ရေးသားလိုက်ရပါသည်။

ကိုးကား – The Prince by Niccolo Machiavelli(The Harvard Classics)

ကျော်စွာ ၁၀၀(ဒေါက်တာသန်းထွန်း-မြန်မာပြန်)

မြန်မာ့စွယ်စုံကျမ်း

(ဝေဖန် အကြံပြု မှတ်ချက်ပေးလိုပါက sanhlagyi@gmail.com သို့လည်း စာရေးသား ပေးပို့နိုင်ပါသည်။)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အတွေးအမြင်

One Response to စံလှကြီး – ဓားသွားထက် ကလောင်သွား ထက်ခဲ့သည့် အာဏာရှင် အားလုံးရဲ့ ဆလိမ် ဆရာကြီး

  1. myokhaing85 on August 5, 2014 at 8:52 pm

    တကယ် စာကောင်းပေကောင်း ပဲ ဗျာ
    ဒါမျိုး တွေ များများေ၇း မယ့်သူ မရှိသေး ဆရာ

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်