ဖိုးထက် – သဘောမတူသော အပြုံးတစ်ချက်

August 6, 2014

ဖိုးထက် – သဘောမတူသော အပြုံးတစ်ချက်
သြဂုတ် ၆၊ ၂၀၁၄

ကိုဇော် လိုက်ပါလာသော စင်္ကာပူမှ ထွက်ခွာလာသည့် Air Bus လေယာဉ်ကြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆင်းသက်တော့ ခရီးသည်တွေ အများစုက အလွန်အလောတကြီး ရှိနေကြသည်။ လေယာဉ်က ပြေးလမ်းပေါ်မှာ ရှိနေစဉ်မှာပင် ထိုင်ရာ ထိုင်ခုံတွေမှ ထကြသည်။ ခေါင်းပေါ်ရှိ အထုပ်အပိုး သိုလှောင်ရာ တံခါးတွေကို ဖွင့်ဖို့ ကြိုးစားသူက ကြိုးစားကြသည်။ လေယာဉ်မယ်က ခါးပါတ်အချက်ပြ မီး မပိတ် မချင်း ထိုင်ခုံပေါ်မှာ ထိုင်နေကြဖို့ အသံခပ်မာမာဖြင့်ပင် သတိပေးယူရသည်။

ကိုဇော့်အတွက်ကတော့ ဒီလူတွေ ဘာတွေ ဒီလောက် လောနေကြပါလိမ့်လို့ တစ်ယောက်တည်း ထိုင်တွေးနေမိသည်။ တစ်ယောက်တည်းဆိုတာ ခရီးသည် သိပ်မများသောကြောင့် သုံးယောက်ထိုင်ရမည့် ထိုင်ခုံတန်းမှာ သူတစ်ယောက်တည်း လွတ်လွတ်လပ်လပ် ထိုင်လာရလာကို ဆိုလိုခြင်း ဖြစ်သည်။ သူလဲ အရင် နိုင်ငံခြား ထွက်ခါစက မြန်မာနိုင်ငံကို အလည်အပါတ်ပြန်တိုင်း ဒီလူတွေလိုဘဲ အလောတကြီး ရှိသည်။ စိတ်လောနေတတ်ခဲ့သည်။ အခုအခေါက်တော့ ဒီလို မဟုတ်တော့။ သူ့စိတ်တွေ အလွန်လေးနေသည်။

သူ့စိတ်တွေ လေးလံနေတာ အကြောင်းရှိသည်။ စင်္ကာပူရှိ လက်ရှိ လုပ်နေသော အလုပ်ကလဲ ထွက်ခဲ့ပြီးပြီ။ သူက နိုင်ငံခြားတိုင်းပြည်တွေမှာ အလုပ်လုပ်လာသော ဆယ်နှစ်ကျော်အတွင်းမှာ နိုင်ငံတစ်ခုကနေ နိုင်ငံတစ်ခုကို အလုပ်တစ်ခုပြောင်းတိုင်း နောက်အလုပ်အတွက် ကြိုတင် ပြင်ဆင်ထားခဲ့တာချည်း။ နောက်နိုင်ငံတစ်ခုမှာ သူ့အတွက် အလုပ်၊ နေရေးထိုင်ရေး၊ နေထိုင်ခွင့်တွေ အားလုံး အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပြီးမှ ခုန်ကူးခဲ့တာချည်းသာ။ အခုတော့ သူ့မှာ အလုပ် လက်ကိုင်မရှိ။ စင်္ကာပူရှိ နောက်အလုပ်တစ်ခုကို ပြောင်းဖို့ ကြိုတင်ပြင်ဆင်ထားခဲ့ပေမယ့် သူပြောင်းမယ့် ကုမ္ပဏီက Pass Quota မရှိတာဆိုလား။ နောက် ပရောဂျက် တစ်ခု ရမှ ခေါ်မယ်ဆိုလား သူနှင့် အလွန်ရင်းနှီးသည့် သူဌေးက ပြောလိုက်သည်။ ဆောက်ဖြစ်မှ ကျောင်းဒကာဖြစ်မယ့်သဘော။

အခုတော့ သူ့ရဲ့ နေထိုင်ခွင့် သက်တမ်း ကုန်ခါနီးမှာ မြန်မာနိုင်ငံသို့ ပြန်ချလာခဲ့သည်။ သူ့မှာ Plan B ရှိသည်။ အကယ်၍များ သူပြောထားခဲ့သော အလုပ်က သူ့ကို ပြန်မခေါ်ရင် မြန်မာနိုင်ငံမှာ သူသောင်တင်နေတော့မှာ။ ဒါဆိုရင် ပြန်ထွက်လာပြီး အလုပ်ရှာမလား၊ ပြည်တွင်းမှာဘဲ ကိုယ်ပိုင် စီးပွားရေး လုပ်မလား။ ဒါတွေကို တွေးပြီး စိတ်တွေ လေးလံနေခြင်းဖြစ်သည်။ လေဆိပ်ဆိုက်ရောက်ခန်းမ ထဲက အပြင်ကိုထွက်တော့ သူ့ကို လာကြိုသူ မရှိ။ ကိုယ့်အထုပ်တွေ ကိုယ့်ဘာသာ ဆွဲပြီး အငှားကား ငှားပြီး အိမ်ကို ပြန်လာခဲ့သည်။

ကိုဇော် အိမ်ရောက်ရောက်ချင်း အရင်လုပ်တာက သူ့ရဲ့ သူငယ်ချင်း အရင်းကြီး ၀င်းအေးဆီ ဖုန်းဆက်သည်။ ၀င်းအေးက သူနဲ့ အသက်ကြီးမှ ကျောင်းမှာ ခင်ခဲ့ကြပေမယ့် ၀င်းအေးကြီး ရိုးသားတာ၊ မဟုတ်မခံ ရှိတာကို သူက သိပ်သဘောကျသည်။ စိတ်ထားဖြောင့်သည်။ လေမကြီး။ မကြွားမ၀ါ။ ပိုမပြော။ ၀င်းအေးကလဲ သူ့လို ဝေးလား ၀ါးလား သူငယ်ချင်း ဖြစ်သူကို ခင်မင် သံယောဇဉ်တွယ် ရှာသည်။ “မင်း ပြည်တွင်းမှာ အင်ဂျင်နီယာအလုပ် လုပ်ချင်ရင် ငါနဲ့ စပ်ပြီး လုပ်ချင် လုပ်ကြတာပေါ့” စကားကလဲ ရှိထားခဲ့သည်။ ဒါကြောင့် သူက အခုလို ခရီးရောက်မဆိုက် ဖုန်းဆက်ခြင်းဖြစ်သည်။

ဝင်းအေးဆီ ဖုန်းဆက်ပြီး အပြင်မှာ ချိန်းသည်။ အရင်က စကားရှိခဲ့ပေမယ့် အခုကော ဘယ်လို စိတ်ထားရှိနေမှာလဲ။ ကိုဇော်ကတော့ သူ့ရဲ့ အစီအစဉ်တွေ၊ အဆက်အသွယ်တွေကို ပြောပြသည်။ ကိုဇော်ပြောတာတွေကို ၀င်းအေးက သေချာ နားထောင်ပြီး ရီလိုက်တာများ “ဟဲ့ကောင်…တော်ကွာ” လို့တောင် ငေါက်ယူရသည်။ ကိုဇော်ပြောတာက သူတို့ နှစ်ယောက် စပ်တူ အလုပ် လုပ်မယ်။ တယ်လီဖုန်းသုံးတာ၊ ရုံးချိန်၊ ခွင့်ရက်က အစ သူငယ်ချင်း အချင်းချင်းဆိုပေမယ့် ပွင့်ပွင့်လင်းလင်း ကြိုတင် သဘောတူကြဖို့ လိုကြောင်း။ ဒါမှ လဲ မြန်မာလူမျိုးတွေ အများစု လုပ်တတ်သည့် စခါစမှာ အချင်းချင်းတွေဘဲဆိုပြီး နောင်မှ မခေါ်မပြောနိုင် ခွာ၊ ပြဲ ဖြစ်မှာကို ကာကွယ်နိုင်မှာလို့ ပြောသည်။ ၀င်းအေးက “အောင်မာ မင်းကများ။ မင်းသာ မင်း ကိုယ်တိုင် လိုက်နာနိုင်ပါ့မလား သေချာ စဉ်းစား ငါ့ကောင်” လို့ ခပ်ပြုံးပြုံး ပြောသည်။ “အလုပ်နဲ့ ပါဆင်နယ်လ်ကို ငါကောင်းကောင်းခွဲတတ်ပါတယ်ကွာ” လို့ သူက ပြန်ပက်သည်။

ပြီးတော့ ကိုဇော်က စင်္ကာပူကနေ လျှပ်စစ် ပစ္စည်းတွေ သွင်းပြီး ရောင်းချင်သည်။ ၀ါယာကြိုး၊ မီးခလုတ် စသည့် အဆောက်အဦးတည်ဆောက်ရာမှာ မရှိမဖြစ်သုံးရသည့် လျှပ်စစ် ပစ္စည်းများ။ ၀င်းအေး က ထောက်ပြသည်။ သွင်းမယ့် ပစ္စည်းတွေက စင်္ကာပူနိုင်ငံတွင်းမှာ အသိအမှတ်ပြုပြီးသား ပစ္စည်းတွေ ဖြစ်ကြောင်း။ ပြောရရင် Standard တစ်ခုတော့ရှိကြောင်း။ ဒါကြောင့် တရုတ်ပစ္စည်း၊ မလေးရှားက ၀င်တဲ့ ပစ္စည်းတွေနဲ့ ယှဉ်ရင် ဈေးကြီးကြောင်း။ ဒီမှာ ဒီလောက် ကောင်းတဲ့ ပစ္စည်းတွေကို သုံးနိုင်သူတွေ မရှိတာ မဟုတ်ကြောင်း။ သုံးမယ်ဆို သုံးနိုင်ကြောင်း။ သို့သော် လက်ရှိ ဆောက်လုပ်ရေး လုပ်ငန်းကြီးတွေဆိုတာ စစ်ဗိုလ်ကြီးတွေကိုယ်စား အလုပ် လုပ်ပေးနေကြတဲ့ သူတို့ရဲ့ အဆွယ်အပွားတွေ ဖြစ်ကြောင်း။ အဲဒီ ဆောက်လုပ်ရေး လုပ်ငန်းကြီးတွေဟာ သူတို့ အဘ အိမ်တော်တွေကလွဲလို့ ကျန်တဲ့ အဆောက်အဦးတွေ ဆောက်ရာမှာ စေတနာ သဒ္ဒါတရား ရှိနေတယ်လို့ မင်း ထင်နေတာ ငါအံ့သြကြောင်း ရှင်းပြသည်။ ၀င်းအေးက ဖြည့်စွက်ပြောသေးသည်။ ငါတို့မှာ ရာဘာလဲထွက်တယ်၊ ကြေးလဲထွက်တယ်၊ အလုပ် လုပ်မယ့် အလုပ်သမားလဲ ရှိတယ်။ အခုတော့ ၀ါယာကြိုးမပြောနဲ့ အိမ်ရိုက်သံတောင် အဆင့်အတန်းမှီမှီ ထုတ်နိုင်ပါဘူးကွာတဲ့။

ကိုဇော်က မလျှော့။ “အခုပွင့်လင်းလာပြီဘဲကွာ။ သတင်းစာတွေမှာလဲ တင်ဒါတွေ ခေါ်နေတာမှ အများကြီးဘဲ။ အိတ်ဖွင့်တင်ဒါတွေကွ။ ငါတို့ ၀င်ပြိုင်ရင် သေချာပေါက်ရမယ်ကွာ။ ငွေကြေးမတတ်နိုင်ရင် ဘဏ်တွေကနေ ချေးငွေရအောင် လုပ်လို့လဲ ရနိုင်တာဘဲ မို့လား။” လို့ စောဒက တက်သည်။ ၀င်းအေး စိတ်မရှည်တော့။ ဒီကောင် နိုင်ငံခြားမှာ တစ်ယောက်တည်း နေ၊ အလုပ်တွေ ဖိလုပ်ပြီး ဂေါက်များ သွားသလား ဟူသည့် အကြည့်ဖြင့် ကြည့်သည်။ သို့သော် သူ့ သူငယ်ချင်း၏ စိတ်အားထက်သန်မှုကို လေးစားသော အားဖြင့် ရှင်းပြသည်။ အိတ်ဖွင့် တင်ဒါတွေ ခေါ်လာတာ မှန်ကြောင်း။ အရင်ကလို ဘယ်သူ့မှ ဂရုမစိုက်ဘူး။ ငါတို့ အလုပ်ပေးချင်တဲ့ သူကို ပေးမယ်ဆိုတဲ့ အချိုးမျိုး မရှိတော့တာ မှန်ကြောင်း။ သို့သော် ဂရုစိုက်ပြီး ငါတို့ အလုပ်ပေးချင်ရာကို ပေးမယ်ဆိုတဲ့ အချိုးမျိုးတွေကတော့ အရိုးစွဲနေကြကြောင်း။ ၀င်းအေးပြောသော ဘောလ်ပင် အနီ ၊အပြာ နှင့် တင်ဒါပွဲမှာ အဆင်ပြေအောင် အလုပ် လုပ်ကြတာကို သူက ပါးစပ် အဟောင်းသားနဲ့ နားထောင်သည်။

ဝင်းအေးနဲ့ လမ်းခွဲပြီး အိမ်ပြန်တော့ ကိုဇော် အတော်မူးပြီ။ သောက်ထားတာက ဘာမှ မများ။ အယ်လ်ကိုဟောလ်ကြောင့် မူးခြင်း လုံးဝမဟုတ်။ မြန်မာနိုင်ငံ စီးပွားရေး လောကမှာ ဆယ်နှစ်ကျော် နောက်ကျနေသည့် သူ့ကိုယ်သူ ပြန်တွေးပြီး အော်ဂလီဆန်ကာ မူးလာခြင်း ဖြစ်သည်။

“မနက်ခင်းတွေကို အပြုသဘောဆောင်သော အတွေးတွေဖြင့် စတင်ပါ” ဆိုသည့် ဒေးကာလ်နယ်ဂျီလား၊ ဘယ်သူလား မသိ ပြောဘူးသော အဆိုကို ကိုဇော်ကြားဘူးကတည်းက ဘယ်လောက်ပင် စိတ်ဒုက္ခရောက်နေပါစေ၊ အခက်အခဲ ကြမ်းတမ်းပါစေ အပြုသဘောဖြင့် စသည်။ မနက်ခင်းတွေကို အပြုံးဖြင့် စတင်သည်။

နောက်တစ်ရက် မနက်ရောက်တော့ ကိုဇော် တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက်ကြီး ပြုံးလိုက်သည်။ ကိုယ်ပိုင် စီးပွားရေး မလုပ်နိုင်တော့ ဘာအရေးလဲ။ ဆယ်နှစ်ကျော် ဝေးနေခဲ့သော မြန်မာပြည်ကြီးကို နားလည်ဖို့ သူများ အလုပ်ကို အရင်လုပ်ဖို့ လိုသေးတာဘဲ မို့လား။ သူများ ၀န်ထမ်းလုပ်တော့ ဘာဖြစ်လဲ။ သူများ အလုပ်လုပ်ရင်း အဆက်အသွယ်တွေ များလာမှ နိုင်ငံက မိဘပြည်သူများခေါ် ခေါ်နေသည့် ဘာစနစ်နှင့် အုပ်ချုပ်မှန်း မသိ အုပ်ချုပ်နေသော လူကြီးတွေ လက်က လွတ်ရင် အဆင်သင့် ဖြစ်အောင် ကြိုတင်ပြင်ဆင် ထားလို့ ရတာဘဲ လို့ တွေးသည်။

ကိုဇော့်ရဲ့ မိတ်ဆွေတစ်ယောက် ကျေးဇူးဖြင့် ကုမ္ပဏီတစ်ခုမှာ အလုပ် သွားလျှောက်သည်။ လစာတော့ စင်္ကာပူက လစာကို ဘယ်လိုမှ မမှီနိုင်တာ သေချာသည်။ သို့သော် ငါးသိန်းလောက်တော့ တောင်းရမယ်လို့ တွေးရင်း သူ့ကျေးဇူးရှင်က ဆက်သွယ်ပေးသော လူကြီးကို ထိုင်စောင့်နေမိသည်။ ငါးသိန်းဆိုတာ သူလို့ နိုင်ငံတကာ အတွေ့အကြုံရှိ၊ တာဝန်ယူ၊ အလုပ်ကြိုးစားတဲ့ လူအတွက် ပေးကို ပေးသင့်တဲ့ ငွေကြေးပါလို့ ကိုဇော်က သူ့ဘာသာသူ မှတ်ချက်ပေးနေသေးသည်။ သူတွေ့ရမည့် လူကြီးကားဝင်လာတော့ ရုံးရှေ့မှာ ထိုင်နေသည့် ကိုဇော်က မြင်နေရသည်။ တကယ်တော့ အဲဒီကားပေါ်က လူကြီးဟာ သူတွေ့ရမည့် လူကြီးဆိုတာလဲ သိတာ မဟုတ်။ သို့သော် ကားကို သူက စိတ်ဝင်တစားငေးကြည့်နေမိသည်။ အဘယ်ကြောင့်ဆိုသော် ကားပေါ်က တံဆိပ်တစ်ခုကြောင့် ဖြစ်သည်။ ကားရှေ့လေကာမှန်ကြီးပေါ်မှာ မြန်မာပြည်၏ အာဏာရပါတီ တံဆိပ် စိမ်းစိမ်းကြီးက ပြူးနေသည်။

ကားပေါ်မှ ဆင်းလာသော လူကြီးက သူ့ကို တစ်ချက်ဝေ့ကြည့်ပြီး ရုံးထဲသို့ ၀င်သွားသည်။ ခဏနေတော့ ရုံးလုလင် ကောင်လေး တစ်ယောက်က သူ့ကို လာခေါ်သည်။ “အဘ က အစ်ကို့ ကို အင်တာဗျူးဖို့ ခေါ်နေတယ်” တဲ့။ တောက်ပ ရှင်းသန့်သော ရုံးခန်းတစ်ခုထဲကို ၀င်သွားတော့ ခုနက ကားပေါ်က ဆင်းလာသော လူကြီး။ ကိုဇော်စိတ်ညစ်သွားသည်။ သူက အရင်ကတည်းက နိုင်ငံရေးမှာ လေကြီး လေကျယ်ပြောပြီး လျှာပေါ် မြက်ပေါက်ရင် ပေါက်ပါစေ နိုင်ငံကို နှစ်နေတဲ့ လူတွေနဲ့ ဘယ်တော့မှ လက်တွဲမလုပ်ဘူးလို့ ပြောတတ်သောသူ။ လောကကြီးသည် အလွန်ဆန်းကြယ်လွန်းလှသည်။ ခုတော့ နှဖူးတွေ့ ဒူးတွေ့။ မိတ်ဆွေဖြစ်သူ၏ မျက်နှာကြောင့် အလိုက်သင့် အလျားသင့် အင်တာဗျူးနေပေမယ့် စိတ်က ဘယ်လိုမှ မပါတော့။ သူတောင်းသော မျှော်မှန်းလစာ ငါးသိန်းဆိုတာကို အဘဆိုသော လူကြီးက ဦးတို့က ပေးမယ်ဆို ပေးနိုင်ပါတယ်။ မောင်ရင့်အနေနဲ့ တာဝန်ယူပြီး ကြိုးကြိုးစားစားလုပ်ဖို့တော့ လိုလိမ့်မယ် ဟု ပြောသည်။ ဦးတို့မှာ အလုပ်တွေ အများကြီး ရှိပါတယ်လို့ လဲ ပြောသည်။

အင်တာဗျူး အပြီး မှာ လူကြီးက သူ့ အတွင်းရေးမှူးမကို ဆက်သွယ်ရန် ဖုန်းနံပါတ်ပေးဖို့။ သုံးလေးရက်အတွင်း အကြောင်းပြန်မယ်လို့ အထပ်ထပ်ပြောပြီး သူ့ကို ပြန်လွှတ်လိုက်သည်။

အဲဒီညနေက ကိုဇော်တစ်ယောက် သူ့ဘော်ဒါကြီး ၀င်းအေးနဲ့ ထပ်ချိန်းပြီး သောက်သည်။ ဘာစီးပွားရေး ကိစ္စမှ မပြောတော့။ ၀င်းအေးက စချင်တာတောင် သူက စကားကို လှီး လွှဲ ပစ်ခဲ့သည်။ “အိုကွာ ရှုပ်တယ်..ဘ၀က သိပ်တိုတာကွ။ ငါ တတ်နိုင်တာ ငါ အကောင်းဆုံး လုပ်မယ်ကွာ” လို့ ပြောပြစ်ခဲ့သည်။

နောက်တစ်ရက် မနက်မှာ ကိုဇော်တစ်ယောက် အပြုံးဖြင့် နေ့သစ်ကို စပြန်သည်။ သူ့လျှာကိုတော့ မြက်ပေါက်မခံနိုင်။ သူ့ကို မှီခိုနေသော လူများ၏ လျှာပေါ်တွင်လဲ မြက် အပေါက် မခံနိုင်။ နေ့ခင်းရောက်တော့ ကိုဇော်တစ်ယောက် နိုင်ငံကူး လက်မှတ်ထုတ်ပေးရေး ရုံးသို့ ထွက်လာခဲ့သည်။ သူ့ရဲ့ နိုင်ငံကူး လက်မှတ် သက်တမ်းကုန်တော့မှာလေ။ ငါးလလောက်ဘဲ သက်တမ်းရှိတော့သည်။ “နိုင်ငံကူး လက်မှတ် သက်တမ်းရှိနေဖို့ထက် အရေးကြီးတာ လောကကြီးထဲမှာ အများကြီး ရှိတယ် ကိုဇော်ရ” လို့ လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်က သူ့ကို သွားပြောလဲ ကိုဇော်ကတော့ အပြုံးဖြင့် တုံ့ပြန်လိမ့်မည် ထင်၏။ ထိုအပြုံးသည် အလုံးစုံ သဘောတူညီသော အပြုံး မဟုတ်တာကိုတော့ သူတစ်ယောက်တည်းသာ သိနိုင်သည်။

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ရသဆောင်းပါးစုံ, ရေခြားမြေခြား မြန်မာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်