မောင်ရင်ငတေ – ငါ့ရင်ထဲမှာ ဧရာဝတီ

August 6, 2014

 မောင်ရင်ငတေ – ငါ့ရင်ထဲမှာ ဧရာဝတီ  
သြဂုတ် ၆၊ ၂၀၁၄
 
မိချောင်းရဲမြို့အနီးက ဧရာဝတီ (၂၀၁၄ ခုနှစ် ဇွန်လလယ်) (Photo AMM MPE)

 • ဘန်ကောက်အိပ်မက်ထဲက ကျောက်ဖရားရေစီးသံ
 ဧရာဝတီရေ ဒီ နေ့ ဒီ ညနေမှာ အိပ်မက်တခု “စ” မက်တယ်ကွာ။ နေ့ခင်းကြောင်တောင်တော့ မဟုတ်သေးလို့ တော်သေးတာပေါ့။ တခြား တော့ မဟုတ်ပါဘူးကွာ။ ရေစီးသံပေါ့။ မင်းကို တိုင်တည်ရတာကတော့ ရေစီးသံတခု အကြောင်းမို့ပေါ့။ ငါ့နားထဲမှာ ခပ်သဲ့သဲ့ ကြားလိုက်ရတဲ့ ရေစီးသံတခုကိုကွ။ အိပ်မက်တခုပေါ့ကွာ။ အိပ်မက်ပေါ့။ ငါမက်တဲ့ အိပ်မက်က မသွားတော့ဘူးဆိုပြီး စိတ်ဒုန်းဒုန်းချထားတာကို မက်တာ၊ မသွားဘူးပေါ့ကွာ။ မသွားဘူးဆိုပြီး အဲဒီဘက်ကို၊ အဲဒီ ဒေသကို၊ အဲလို စိတ်ပိုင်းဖြတ်ပြီးနေခဲ့တာ အတော်တောင်ကြာသွားခဲ့ပြီပေါ့။ ၂၀၀၇ ခုနှစ် နှစ်ဆန်းပိုင်းကစတွက်ရင် အခုဆို ဘာလိုလိုနဲ့ ရှစ်နှစ်နီးပါး ရှိခဲ့ပြီပေါ့။ မသွားဘူးဆိုတာ မသွားချင်တာ မဟုတ်ဘူးနော်၊။ သွားချင်တာမှ တပိုင်းသေနေတာ၊ ကြာပြီ။ စိတ်ထဲမှာလည်း နေ့တိုင်းရောက်၊ ဂူဂဲလ်မှာလည်း နေ့တိုင်းရောက်ပေါ့ကွာ။ ဒါပေမယ့် တခုတော့ ကြိုပြော ချင်တယ် ဧရာဝတီရာ၊ မင်းဆီတော့ မဟုတ်သေးဘူး။ မင်းရှိရာကိုတော့ ငါလာဖို့ ဘာတခုမှ အဆင်သင့် မဖြစ်သေးဘူးကွာ။ မင်းတင်မက ပါဘူး။ ငါ့ရဲ့ အပေါင်းအသင်း ရောင်းရင်းဟောင်းတွေ အားလုံးကတော့ မေးနေကြတာ အမြဲပါ။ ဘယ်တော့လာမလဲ၊ မလာသေးဘူးလားပေါ့။ ဘာလို့မလာလဲပေါ့ကွာ။ စုံလို့ပေါ့။ အေးကွာ။ မင်းဆီကိုတော့ ငါမလာဖြစ်သေးပါဘူး။ စိတ်မဆိုးပါနဲ့ကွာ။ မင်းတို့နဲ့ တွေ့တာတော့ တွေ့ချင် တာပေါ့။ မင်းရဲ့နဘေးက ငါ အရင်က ရောက်ခဲ့ဖူးတဲ့ ခြေရာထပ်ခဲ့ဖူးတဲ့ နေရာတွေကော ခြေမချဖူးသေးတဲ့ နေရာတွေကော စိတ်ထဲမှာတော့ အမြဲလိုလို ရောက်ဖြစ်ပါတယ်။ ငါ့ ရင်ထဲက ဧရာဝတီလေကွာ။ ခေါင်းစဉ်တပ်ထားတာဘဲ။ အဲဒီအိပ်မက်အပိုင်းအစတွေကတော့ ဝေး သွားလိုက်နီးသွားလိုက်ဘဲကွ။ မင်းဆီမှာက ငါမကြိုက်တဲ့ လက်မခံချင်တဲ့ အတားအဆီးတွေက များလွန်းလှတယ်ကွာ။ ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါ၊ ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ အထိမ်းတွေ များလွန်းလှတယ်ကွ။ ကဲ ထားပါကွာ။ ပြောရင်ကုန်မှာ မဟုတ်ဘူး။ ဆက်မပြောတာ ကောင်းမယ် ထင်တယ်။

ကျောက်ဖရားဆီသို့ (Photo NONP BKK)

အခု ငါ့အိပ်မက်က ကျောက်ဖရားအိပ်မက်၊ ကျောက်ဖရားရေစီးသံရဲ့အိပ်မက်၊ စောစောက ပြောသလို စိတ်ဒုန်းဒုန်းချထားတယ်။ မသွားဘူး။ မသွားဘူး။ မသွားဘူးလို့ နေနေတာ၊ သွားဖို့ အခြေအနေ မပေးဘူးပေါ့။ ငွေကြေး မတတ်နိုင်တာလည်း ပါတာပေါ့။ အရင်လို တည်းခိုစရာ စားစရာအတွက် ပူစရာမလိုတဲ့ ငါ့ မိသားစုအိမ်လည်း ရှိမှ မရှိတော့တာကိုး၊ စိတ်ထဲမှာလည်း သွားရမှာ တခုခုလိုနေသလို ဟာတာ တာပေါ့ကွာ။ တကယ်တမ်း ပြောကြကြေးဆိုရင်တော့ ရွှေပြည်တော်ကြီးက ပထမအိမ်ဆိုရင် ထိုင်းကို ငါ့တို့ရဲ့ ဒုတိယအိမ်လို့ ပြောလို့ရနိုင် တာပေါ့။ အခုလက်ရှိ ရောက်နေတဲ့ ပြင်သစ်ကတော့ ငါ့ရဲ့ တတိယအိမ်ပေါ့ကွာ။ ပထမအိမ်ကိုတော့ မသွားနိုင် မသွားဖြစ်ပေမယ့် ဒုတိယ အိမ်ကိုရောက်ဖြစ်ရင်တော့ ပထမအိမ်ကို နောက်ဖေးပေါက်က လာချောင်းကြည့်မိတာပေါ့ကွာ။ ငါကတော့ ချောင်းရုံသာ ချောင်း ကြည့် တာပါ။ ချောင်းကြည့်ရရင်ကိုဘဲ ကျေနပ်နေတတ်ပါပြီ၊ ကြောက်တယ်လို့ ထင်ရင်လည်း ထင်ကြပါလေ့စေ။ တချို့တွေကတော့ ချောင်းရရုံနဲ့အားမရတော့ ခြံစည်းရိုးကျော်ခွ ဝင်ကြသူတွေလည်း မနည်းပေဘူး။အခုနေတော့ ခြံစည်းရိုးပေါက်က ဝင်ရတာ သိပ်မခက်ဘူးလို့တော့ ပြောကြပါတယ်။အရင်တုန်းကတော့ ငါတို့လို တတိယအိမ်တွေမှာ အာရ်ဇာနည်လက်မှတ်နဲ့ နေတဲ့သူတွေ ခြံစည်းရိုး
တိုးဝင်ရမှာ ကြောက်ကြတော့ လိုင်းကြေးပေး ဝင်ရတယ်။ အဲဒီတုန်းက လိုင်းကြေးက မြင့်တယ်ကွ။တတိယအိမ်ကို ရောက်နေသူတွေက ဒေါ်လာစားတွေ ယူရိုစားတွေ (အင်း ဒီလို ….. ပြောလို့သာ ပြောရတာကွ တကယ်တော့ ထောက်ပံကြေး စားနေသူက ခပ်များများပါကွာ) ဆိုတော့ကာ ခြံစည်းရိုး ခွထိုင်နေတဲ့ ပွဲစားကြီးတွေက ဆက်ကြေးကောင်းကောင်း တောင်းတော့တာပေါ့ကွာ။ ခြံစည်းရိုးပေါက် ကျော်ဝင် တဲ့သူတွေက ပုဆိုးတွေဘာတွေလဲဝတ်ပြီး ဗမာအယောင်ပြန်ဆောင်ပြီး ဝင်ကြပေမယ့် အဲဒီလမ်းကြောင်းကို သွားနေကျ လာနေကျ ကိုယ် တော်လေးတွေ မယ်တော်မလေးတွေကတော့ ဖလဲတွေ ဂလဲတွေနဲ့ပေါ့ကွာ။ အခုတော့ အိုင်ဖုန်းနဲ့ တက်ပလက်ခေတ် ရောက်ပြီပေါ့။ အဲဒီတုန်းက အစိမ်းတထောင်ပေးသွားခဲ့ဖူးတဲ့ ဂျာမဏီက ငါ့ဘော်ဒါတွေက ပြန်ပြောပြတာပေါ့။ ခုတော့ လမ်းကြောင်းက ဖြောင့်နေတော့ ပါလာတဲ့ဖုန်းတို့ တက်ပလက်တို့ အေးအေးဆေးဆေး ပွတ်ခါ ပွတ်ခါ ဝင်နေကြလေရဲ့။ အခြေအနေတွေ ဒီထက် ပိုကောင်း ပါစေ ဆုတောင်းပါတယ်ကွာ။


ဘန်ကောက်မြို့နဲ့ ကျောက်ဖရားမြစ် (Photo KAA BKK)

ဒုတိယအိမ်ကို အလွမ်းစာတွေ ဟိုအရင်တလောက မိုးမခမှာ ရေးခဲ့မိတာ သုံးလေးပုဒ် ရှိပြီပေါ့။ မှတ်မိသလောက် ပြန်လည် မှတ်တမ်း တင်နေမိရာကနေ လက်တွေ့ ကွင်းပြန်ဆင်းဖို့ သိပ်မျှော်လင့် မထားမိပါဘူးကွာ။ ခုတော့ အဲဒီလို ကျောက်ဖရားအိပ်မက် မယ့်နမ် ကျောက်ဖရားအိပ်မက် မြစ်ရေစီးသံရဲ့အိပ်မက်က အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတယ်ဆိုပါစို့၊ ဘယ်အဖွဲ့ကမှ စပွန်ဆာပေး ဖိတ်ခေါ်တာ မဟုတ်ဘူးနော်၊ ငါလိုကောင် ပါမွှားကောင်ကိုလည်း ဘယ်အဖွဲ့အစည်းတွေကမှ ဘယ်သူကမှ မသိကြပါဘူး။ တေဇလူငယ်တို့ ရှေ့ဆောင်လူငယ်တို့က ထွက်လာကတည်းက ငါကလည်း ဘယ်အဖွဲ့မှ မဝင်ဖြစ်ခဲ့တာ ခုထိလေကွာ။ဒီကနေ ခရီးစရိတ် (လေယာဉ်စီး ခလောက်) အကုန်ခံနိုင်ရင် တတ်နိုင်ရင် ဟိုမှာ တည်းဖို့ ခိုဖို့ နေဖို့ စားဖို့ သောက်ဖို့ ပံ့ပိုးပေးမယ့် သူတွေက ပေါ်လို့လာတယ်ဆိုကြပါစို့၊ ပထမတယောက်က လေယာဉ်လက်မှတ်ရှိရင် လိုက်ခဲ့လို့ခေါ်တယ်။ တတ်နိုင်သလောက် ဟိုမှာ ထောက်ပံ့ကြေးပေးမယ်ပေါ့။ အဲတော့ ဒုတိယတယောက် ငါကရှာတယ်။ နေဖို့ပေါ့ကွာ။ နောက်တယောက် နောက်တယောက်တွေကတော့ သွားဖို့ရယ် စားဖို့ရယ် သောက်ဖို့ရယ် ပေါ့။ ငါကလည်း နေဖို့မပူရရင် ကျန်တာတော့ သိပ်စိတ်မပူမိပါဘူး။ သူ့ဟာသူ ဖြစ်လာလိမ့်မယ်ပေါ့။ အဲဒါနဲ့ ကျောက်ဖရားရဲ့ ရေစီးသံကို တဖန်ပြန်လည် ခံစားနားထောင်ဖို့ အိပ်မက်တွေ ဆက်တိုက် ဆက်တိုက် မက်ပစ်လိုက်တာပေါ့ကွာ။ ကဲ မကောင်းလား၊ ငါ့ရဲ့ စိတ်ကူးအိပ် မက်၊ ဒါ့ကြောင့် အိပ်မက် အခန်းတစ်လည်း အခု “စ”  ဖြစ်တယ်ပေါ့ကွာ။

Mae Ping River near Bhumibol dam (Photo MN Google)


• မယ့်နမ်ကျောက်ဖရာ ရေစီးသံအိပ်မက် အခန်း (တစ်)
အဲဒီ แม่น้ำเจ้าพระยา (Chao Phraya) မယ့်နမ်ကျောက်ဖရားမှာက ထူးခြားမှု ရှိတယ်ကွ။ မယ့်နမ်ကျောက်ဖရားရဲ့ အရှည်က ၂၃၁ မိုင် ၃၇၂ ကီလိုမီတာသာ ရှည်တာမဟုတ်လား၊ ကျောက်ဖရား ဖြစ်လာတာက ဘယ်ဘက်က Ping ရယ် ညာဘက်က Nan ဆိုတာရယ် မြစ်နှစ် စင်း ပေါင်းဆုံပြီးမှ ဖြစ်လာတာလေ၊ အဲဒီ “မယ့်နမ်ပင်” ကော “မယ့်နမ်နန်” ကော မြစ်သေးသေးလေးတွေ တိုတိုလေးတွေ မဟုတ်ဘူးကွ။ ငါဆိုလိုချင်တာက မင်း ဧရာဝတီက မိုင်ထောင့်သုံးရာကျော်ရှိပြီး မေခတို့ မလိခတို့က မိုင်ရာဂဏန်း သာသာ အရှည်ရှိတာမျိုး ရှိတာကို ဆိုလိုတာနော်၊နာမည်ကြီး ကျောက်ဖရားမြစ်က မိုင်နှစ်ရာကျော်သာ ရှည်ပြီး အဲဒီ “မယ့်နမ်ပင်” က ၆၅၈ ကီလိုမီတာ မိုင်လေးရာကျော် “မယ့်နမ်နန်” က မိုင် ၄၆၀ ကီလိုမီတာ ၇၄၀ ကျော်ရှည်ကြတာ ဆိုတော့ မင်းစဉ်းစားကြည့် ဒီလိုမျိုး မြစ်ကြီးနှစ်စင်း ပေါင်းပြီး နောက်မြစ်ကြီး တစင်း ဖြစ်သွားတာက တော်တန်ရုံ မရှိဘူးလို့ ဆိုနိုင်တယ် မဟုတ်လား၊

ကျောက်ဖရားမြစ် (Photo MN Google)

“မယ့်နမ်ပင်” မြစ်က ရှမ်းတောင်တန်းတွေနား ထိုင်းအနောက်မြောက်ဘက် တောင်တန်းတွေက ဖြစ်ဖျားခံပြီး နာမည်ကျော် Chiang Mai ချင်းမိုင်နယ် Lamphun လန်ဖွန်နယ်ကို ဖြတ်သန်းစီးဆင်း လာတာကွ။ “မယ့်နမ်နန်” ကတော့ လာအိုနယ်စပ်နားကနေ စတာကွ။ အဲဒီ မြစ်နှစ်စင်း Nakhon Sawan မြို့နားမှာ ဆုံတွေ့ပြီး ကျောက်ဖရားဆိုတဲ့ မြစ်ကြီးတစင်း ထိုင်းနိုင်ငံအတွက် ဖြစ်ပေါ်လာရတာပေါ့၊ ထိုင်းပြည်တွင်းဖြစ် မြစ်စစ်စစ်လို့ ပြောရင်ရတဲ့ မြစ်ကြီးသုံးစင်း ပေါင်းဆုံရာပေါ့ကွာ။အဲလို ကျောက်ဖရားကို ဖြစ်ပေါ်လာစေတဲ့ မြစ်နှစ်သွယ်ကလည်း ခပ်သေးသေး မဟုတ်တော့ မြစ်ရေကြီးမှုတွေ ဖြစ်ခဲ့ရပြန်တာပေါ့။ ရှားပါးကျေးငှက်တွေ ကျက်စားကြတဲ့ Bueng Boraphet ရွှံ့ညွှန် ရေအိုင်ကြီး တခုကလည်း အဲဒီမြို့ အနီးမှာ ရှိနေတာမို့ အဲဒီဒေသ တဝိုက်က မိုးသည်းတာနဲ့ ရေကြီးလေ့ရှိတာပါ၊ ဟိုးအရင်ကတော့ ခုလိုမျိုး ကြီးကြီးကျယ်ကျယ် သိပ်ဖြစ်လေ့ မရှိဘူးလို့ ပြောကြသူတွေလည်း ရှိပါတယ်။ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ဘန်ကောက်မြို့ကြီး ရေလွှမ်းမိုးမှု ဖြစ်ခဲ့ရတာကတော့ နှစ်ပေါင်းများစွာအတွင်း အဆိုးဝါးဆုံးပေါ့ကွာ။ အဲဒီ ရေလွမ်းတာမျိုး မြစ်ရေကြီးတာမျိုး မဟုတ်ရင်တောင်မှ ဘန်ကောက် မြို့နားတဝိုက်က ကျောက်ဖရားမြစ်ကို ငါမြင်မိတာကတော့ မြစ်ပြင်ကြီးက အတော် ကျယ်ပြန့်တာကိုး၊ ဒီရေ တက်ချိန်ဆိုရင် မြစ်ရေပြင်က ကမ်းနဖူးတိုက်နေတာ မဟုတ်လား၊ နောက်ပြီး မြို့တည်ရာက ပင်လယ်ဝနဲ့ သိပ်မဝေးတဲ့အပြင် (ဘန်ကောက်က ပင်လယ်ဝနဲ့ ၁၆ မိုင် သာဝေးပြီး ရန်ကုန်မြို့ကတော့ ၂၁ မိုင်ဝေးတယ်)  ပင်လယ်ရေမျက်နှာပြင်ထက် လေးပေသာ ပိုမြင့်တာ ဆိုတော့လည်း တော်ရုံတန်ရုံ ရေကြီးတာနဲ့ ကမ်းနားဘေးမှာ ရေလျှံတော့တာပါဘဲကွာ။ နောက်ပြီးတော့ မြစ်ရေရဲ့ အရောင်ကလည်း ရန်ကုန်မြစ်ရေလို ရွှံ့ပုတ်ရေရောင်တွေပါ၊ သင်္ဘောအဝင်အထွက် များလှပြီး နဂိုထဲက ဘန်ကောက်မြေက ရွှံ့ညွှန်တောမြေလို့ ဆိုတာကိုး၊ ဘန်ကောက်မြစ်ကတင် ရွှံ့ရောင်ပေါက်တာ မဟုတ်ဘူးနော်၊ မြစ်ထဲစီးဝင်ကြတဲ့ တူးမြောင်းရေတွေ ကလည်း မင်းသိတဲ့အတိုင်း နာမည်ကြီး၊ အနံ့ရောအရောင်ရော၊ နာမည်တော့ ဆိုးနေတာ အမှန်ကွ။ 

ဘန်ကောက်-မယ့်ဆိုင် အမြန်လမ်းမကြီးရဲ့အစဦး Anusawari ကျောက်တိုင်      (ဓါတ်ပုံ မရငတ)

အဲဒီ နာကွန်ဆဝန်ဆိုတာ တခြားတော့ မဟုတ်ပါဘူး။ ၁၀၀၅ ကီလိုမီတာ ရှည်လျှားတဲ့ Phahonyothin လမ်းလို့ ခေါ်ကြတဲ့ ဘန်ကောက်-မယ့်ဆိုင် အမြန်လမ်းမကြီး အမှတ်တစ် ဖြတ်သွားတဲ့ မြို့တမြို့ပေါ့ကွာ။အမြန်လမ်းမ အမှတ်တစ် ဖာဟိုရိုသင်လမ်းမကြီး ဆိုတာ ဘန်ကောက်မြို့လယ်က နာမည်ကြီး လူစည်ကားလှတဲ့ Anusawari Chai Samoraphum (Victory Monument) ကျောက်တိုင်ကြီးရှိတဲ့ နေရာပေါ့ကွာ။ စကားစပ်လို့ အဲဒီ အနုဆဝါလီကျောက်တိုင်ကြီးက ၁၉၄၀-၄၁ မှာ (Guerre franco-thaïlandaise) ထိုင်းနဲ့ ပြင်သစ် စစ်ဖြစ်တာ ရပ်စဲတဲ့ အနေနဲ့ စိုက်ထားတာတဲ့ကွ။ငါတို့တွေ ဘန်ကောက်ရောက်စကဆိုရင် အဲနေရာက ပို စည်သေးတယ် ထင်တယ်ကွ။ ဘတ်စ်ကားလိုင်းတွေ ၅၀ ကျော် ဆုံတဲ့နေရာဆိုတော့လည်း စည်ကားတာပေါ့ကွာ။နောက်ဆုံးတခေါက် ငါ ရောက်တော့ မိုးပျံလမ်းမကြီးတွေ ကောင်းမှုကြောင့် ဘန်ကောက်မြို့ကြီးရဲ့ တချို့နေရာတွေက မိုးပျံတံတားကြီးတွေအောက် ရောက်ကုန်ပြီး အရင်လို သဘာဝ အလင်းရောင် အရ နည်းကုန်တော့တာပေါ့။ အခုဆိုရင် သုဝဏ္ဏဘုမ္မိလေဆိပ်ကနေ မြို့လယ်ကို သွားတဲ့ မိုးပျံလမ်း ပြီးသွားပြီဆိုတော့ ဘယ်လိုနေသလဲ ဆိုတာ သွားရင် ကြည့်ရအုံးမှာပေါ့ကွာ။အဲဒီမှာ ငါတို့ ပါရီမြို့အကြောင်း ထည့်ပြောချင်တာ တခုရှိတယ်ကွ။ ပါရီမြို့ဆိုပြီး သတ်မှတ်ထားတဲ့ ရပ်ကွက်ကြီး ၂၀ ရှိတယ်။ အဲဒီရပ်ကွက် ၂၀ အတွင်းမှာ ဘာ မိုးပျံတံတားတွေမှ ဆောက်ခွင့်မရှိဘူး။ကပ်ပြောရင်တော့ရတာ တခုရှိတယ်။ ၁၉၀၀ ခုနှစ် ဝန်းကျင် မြေအောက်ရထားတွေ ဖောက်တုန်းက မဖြစ်မနေ မြေအောက်မှာဖောက်လို့ မတတ်နိုင်ခဲ့လို့ မြေပေါ်တံတားထိုး ဖောက်ခဲ့ရတာ နည်းနည်း ရှိတယ်။ မိုးထိုးနေတဲ့ တိုက်ကြီးတွေလည်း ဆောက်ခွင့်မရှိဘူး။ ဆောက်ချင်ရင်တော့ မြို့ပြင်အစွန် စပ်စပ်မှာ ဆောက်ခွင့်ပေးတယ်။ နောက်ပြီး ဓါတ်ကြိုးတွေနဲ့ ရှုတ်ရှက်ခတ်နေတတ်တဲ့ ဓါတ်ရထား လမ်းတွေ လုံးဝဆောက်ခွင့် မပေးဘူး။ အဲလိုမြို့ဟောင်းကို ထိမ်းသိမ်းထားပြီး လာကြည့်တဲ့သူတွေ များသထက်များလာအောင် စွဲဆောင်တာပေါ့။ ဘန်ကောက်ကတော့ ဒို့ ပါရီနဲ့တော့ တခြားစီပါ၊ဘန်ကောက်ကတော့ မိုးပျံလမ်းတွေနဲ့ မိုးပျံလမ်းမတွေ ပလူပျံနေတဲ့ မြို့တော်ကြီးပေါ့။ဘန်ကောက်မှာ ငါ အကြိုက်ဆုံးကတော့ အခြားမဟုတ်ဘူး။ လမ်းဘေးက အငွေ့တထောင်းထောင်း ထနေတဲ့ ပလက်ဖောင်း စားသောက်ဆိုင်လေးတွေဘဲကွ။ ကဲကွာ အဲဒီ ဆိုင်လေးတွေအကြောင်း နောက်များကျမှ ဆက်ကြရအောင်ကွာ။ ခုတော့ နာကွန်ဆဝန်အကြောင်း ပြန်ဆက်ကြရအောင်၊ဘန်ကောက်ကနေ ကီလိုမီတာ ငါးရာဝေးတဲ့ ငါတို့ ရွှေပြည်ကြီးရဲ့ နောက်ဖေးပေါက်လို့ တင်စား ခေါ်ကြတဲ့ မဲဆောက်ဆိုတာကို သွားရင်လည်း နာကွန်ဆဝန်က လမ်းတဝက်ပေါ့ကွာ။ အဝေးပြေး ဘတ်စ်ကားတွေ အများစု ခဏရပ် နားကြတဲ့ မြို့ပေါ့။ ဘန်ကောက်က စထွက်ရင် အယုဒ္ဒယ နောက် နာကွန်ဆဝန် ပြီးရင် တခ်မြို့ အဲဒီကနေ အနောက်ဘက် လမ်းခွဲထွက်ရင် မယ့်ဆောက် အရှေ့ဘက်သွားရင် ဆူခိုထိုင်း၊တခ်ကနေ မြောက်ဘက်ဆက်သွားရင် ဗမာဘုန်းကြီးကျောင်းတွေရှိတယ်ဆိုပြီး နာမည်ကြီးတဲ့ လန်ပန်မြို့ အဲဒီမှာလည်း ချင်းမိုင်သွားချင်ရင် အနောက်မြောက်ဘက်ကို လမ်းခွဲထွက်သွားရတယ်။ချင်းမိုင်မရောက်ခင်မှာ လန်ဖွန်မြို့ ဆိုတာကလည်း ဗမာတွေမွန်တွေရဲ့ သမိုင်းတွေ ရှိခဲ့တာပေါ့ကွာ။လန်ပန်မြို့ကနေ အမှတ်တစ် လမ်းမကြီးအတိုင်း ဆက်သွားရင် ငါ့ဖားသားကြီး အလုပ်လုပ်ခဲ့ဖူးတဲ့ Mae Mo မယ့်မိုနယ်မြေပေါ့၊ အဲဒီက ဆက်သွားရင် ချင်းရိုင် နောက်ဆုံး ဖာဟိုရိုသင်လမ်းမကြီးရဲ့ နောက်ဆုံး ဂိတ်ဆုံးမြို့ကတော့ မယ့်ဆိုင်မြို့ပေါ့ကွာ။ မယ့်ဆိုင်မြစ်လေးကို ကူးသွားရင်တော့ ထိုင်း လူမျိုးတွေရဲ့ အကိုကြီးတွေ ထိုင်းယိုင်တွေနေတဲ့ ရှမ်းပြည် တာချီလိတ်ကို ရောက်ပြီပေါ့ကွာ။ အဲဒီနေရာတွေကိုတော့ ငါ့ဖားသားကြီး ကျေးဇူးတော်ကြောင့် တော်တော်အနှံ့ ရောက်ဖူးခဲ့ပါတယ်။မှတ်တော့ ဘယ် သိပ်မှတ်မိပါမလဲ၊ မယ့်မိုနယ်မြေ တောတွေတောင်တွေကြားထဲကတော့ တကယ့် ထိုင်းလူမျိုးစစ်စစ် ဆိုသူတွေကို တွေ့ဖူးခဲ့ရတာပေါ့ကွာ။ အလွမ်းပြေတော့ ရောက်အောင် ထပ်သွားချင်ပါသေးတယ်။ အစဉ်ပြေရင်ပေါ့ကွာ။ 

ထိုင်းနိုင်ငံကကျေးလက်လမ်း (ဓါတ်ပုံ မရငတ)

ဘာဘဲဖြစ်ဖြစ်ပေါ့ ကောင်းကောင်းဆိုးဆိုး အဲဒီဒုတိယအိမ်ကို သွားရမှာကတော့ ရင်ခုန်ရတယ်ကွာ။တကယ်တော့ ထိုင်းနိုင်ငံဆိုတာ ငါ့အတွက်တော့ သိပ် မဆန်းလှဘူးလို့လည်း ပြောလို့ရတဲ့နယ်ပါ၊ နောက်ပြီး ငါ့ရဲ့ ဖားသားကြီး ကျေးဇူးနဲ့ တော်တော်အနှံ့ ရောက်ခဲ့ဖူးရတာပေါ့။ အဲဒီတုန်းကတော့ ကိုယ်ပိုင်မှတ်တမ်း တင်ဖို့ဆိုတာက ခပ်ခက်ခက် မဟုတ်လား၊ ကင်မရာတွေကလည်း ဖလင်ဖိုး မတတ်နိုင် ကူးခဆေးခ မတတ်နိုင်တော့ ပတ်ဝန်းကျင်ရှုခင်းတွေ ရိုက်နိုင်ဖို့က စရိတ်မတတ်နိုင်ဘူးပေါ့ကွာ။ ဒါကြောင့် မှတ်တမ်းပုံတွေ မရှိဘူးပေါ့။အဲတော့ အခု ငါ့ရဲ့ ရင်ခုန်ရေစီးသံအိပ်မက် အကောင်အထည် ပေါ်လာခဲ့ရင် မှတ်တမ်းတင် ပုံအကောင်းစားတွေ အများကြီး မင်း မြင်ရတော့မှာပေါ့ကွာ။အေး ဒါနဲ့ အခုလောလောဆယ်တော့ ကြိုဆိုရေးအနေနဲ့ဘန်ကောက်မြို့မှာတော့ ငါ့အတွက် သော့နှစ်ချောင်းကတော့ စောင့်မျှော်လို့ နေပါပြီပေါ့။သွားရမယ့်အချိန်ကိုသာ လက်ချိုးရေပြီးလား လက်ရေချိုးပြီးလား စောင့်ရပါတော့မယ်၊သော့ပိုင်ရှင်များကတော့ မျက်ခုံးဘဲလှုပ်နေမလား မသိဘူးဟေ့၊ပထမသော့တချောင်း ပိုင်ရှင်ကတော့ ငါ့ဆီ ပါရီလာလည်သွားတဲ့ ကဗျာဆရာရဲ့သော့၊နောက်တချောင်းကလည်း ပါရီလာလည်သွားဖူးတဲ့ ဆရာဝန်လေးရဲ့သော့၊သူတို့နှစ်ယောက်စလုံးက ပါရီမှာ သောင်တင်နေတဲ့ အာရ်ဇာနည်ဒုက္ခသည် ငါ့ကို ဒုက္ခလာပေးဖူး သူတွေပေါ့ကွာ။ ငါ့ရဲ့ မူဝါဒက ကိုယ့်ဆီ တခါလာရင် ကိုယ်က နှစ်ခါ ပြန်သွားချင်တာလေ၊ငါကလည်း ငါ့ဆီကို လာလည်သူတွေကို စားစရာ သောက်စရာ အတွက် ပူစရာမရှိ လူတကာအသိ ဘူတာအထိ လာကြိုပါတယ် ဆိုတဲ့ လူစားမျိုး မဟုတ်လား၊ဒီတော့ သူတို့ နှစ်ယောက်စလုံးကို ဒီတခါတော့ ငါက ဒုက္ခ ပြန်သွားပေးရတော့မှာပေါ့ကွာ။

Suvarnabhumi Airport (2007) (ဓါတ်ပုံ မရငတ)

အခုနေတော့ ဒါဟာ အိပ်မက်အဆင့်သာ ရှိနေပါသေးတယ်ကွာ။ ဒီအိပ်မက် အကောင်အထည်ပေါ် လာဖို့ကတော့ သည်းခံစောင့်စားရ အုံးမှာပေါ့လေ၊ မင်းသိတဲ့အတိုင်း ငါကတော့ ငါ့အကျင့်အတိုင်းကျောက်ဖရားရဲ့ရေစီးသံကို ကြားယောင်မိရင်း အိပ်မက်ထဲမှာ အရင်ဆုံး တခေါက်လောက်တော့ ရောက်နှင့်နေမြဲပေါ့ကွာ။

မောင်ရင်ငတေ ၀၆၀၈၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်ရင်ငတေ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်