ညိုထက်ညို – လျှပ်တစ်ပြက် လင်းယုန်

August 9, 2014

  – လျှပ်တစ်ပြက် လင်းယုန်
သြဂုတ် ၉၊ ၂၀၁၄
 
လူထုပရိသတ်ကြီးက ထောင်သောင်းမက များပြားလွန်းသည်။ အလံတွေက တလူလူ လွင့်နေသည်။ ညီညီညာညာ သံပြိုင်သီဆို နေကြသော ကျွန်တော် နားမလည်သည့် သီချင်းသံတို့က မိုးယံသို့တိုင် ပဲ့တင်ထပ်လျက်။ ထို့နောက် တဖြောင်းဖြောင်း စစ်ဖိနပ်သံများ။ ကော်တောင့်နေသော အနက်ရောင် ယူနီဖောင်းများကို ဝတ်ဆင်လျက် တစ်လှမ်းချင်း စည်းချက်ကျကျ ချီတက်လာသော စစ်သည်များ။ ချိတ်ဆွဲထားသော ပုံကားချပ်ကြီး တွေထဲက အဖြူရောင် လင်းယုန်ကြီးများက ရုတ်ခြည်းပဲ မိုးပေါ်သို့ ထပျံတော့မယောင်။ အနီရောင် အောက်ခံ အဖြူရောင် စက်ဝိုင်းအတွင်းမှ အနက်ရောင် စကြာတံဆိပ်က ထင်းထင်းပပ။ ထို့နောက်တွင်တော့ “ဟိုင်း ဟစ်တလာ ဟိုင်း ဟစ်တလာ” ဟူသော မြေတုန်ဟီးမတတ် တခဲနက် ကြွေးကြော်သံများ။ သည် မြင်ကွင်းတွေ သည်အသံတွေကို ကျွန်တော် တီဗီ ဖန်သားပြင်ပေါ် မြင်ရ ကြားလိုက်ရတော့ ကျွန်တော့်စိတ်တွေက တစ်ယောက်သောသူဆီ ပျံ့လွင့်သွားရသည်။ ထိုနေ့က နွေတစ်နေ့။ နှစ်တွေကိုတော့ ကျွန်တော် မမှတ်မိတော့။ ၉၉လား ၂၀၀၀လား ။


အကယ်၍ ကျွန်တော့် လက်ထဲက ဂက်စ်မီးခြစ်ကလေးသာ ကျောက်ပြုတ်ထွက် မသွားခဲ့ပါလျှင် ကျွန်တော် ထိုနေ့က သူ နှင့် တွေ့ဆုံရန် အကြောင်းမရှိ။ ဖြစ်ချင်တော့ ကျောက်က ပြုတ်ထွက်သွား ခဲ့သည်။ ကျွန်တော် လေထန်ကုန်းမှ ထထွက်လာသည့် အချိန်၊ မွန်းပင် တည့်တော့မည် ဖြစ်သည်။ အနော်ရထာလမ်း ပေါ်တွင် လူတွေ နှင့် ရှုပ်ယှက်ခတ် နေသည်။ နေရောင်က စူးစူးရှရှ လက်ဖြာကျနေသည်။ မီးခြစ်ကို ကျောက်ပြန်ထည့်ရန် ၃၄လမ်းထိပ်က ဂက်စ်ဖြည့်သည့် လမ်းဘေးဆိုင်ကလေးရှေ့ ကျွန်တော် ရပ်လိုက်သည်။ “ကျောက်ပြုတ် သွားလို့ဗျာ” ဟူသော ကျွန်တော့် စကားအဆုံး ထိုးထိုးထောင်ထောင် ထွက်နေသော ဂက်စ်ဘူးတွေ နောက် ပလက်ဖောင်းပေါ် ထိုင်နေသည့် အင်္ကျီလက်ရှည် အနွမ်းလေးကို လက်ခေါက် ၀တ်ထားသည့် အဖိုးကြီးက ကျွန်တော့် လက်ထဲက မီးခြစ်ကလေးကို လှမ်းယူသည်။ မီးခြစ်ကလေး၏ ခေါင်းကိုဖြုတ်၍ ကျောက်ထည့်အပြီး တစ်ချက်နှစ်ချက် စမ်းခြစ်ကြည့်၍ အဖိုးကြီးက ကျွန်တော့်ကို မီးခြစ် ပြန်ပေးသည်။ လက်ထဲရောက်လာသော မီးခြစ်ကလေးကို တစ်ချက်ခြစ်ကြည့် လိုက်ပြီး ကျွန်တော် အဖိုးကြီးကို နှစ်ဆယ်တန် တစ်ရွက် ပေးပြီး လှည့်ထွက်လိုက်သည်။ သည်မှာပင် လူတစ်ယောက်နှင့် ကျွန်တော် ဝင်တိုက်မိတော့သည်။ တောင်းပန်စကား ဆိုရန် ကျွန်တော် ခေါင်းမော့အကြည့်… ဖျတ်ခနဲ မဂ္ဂဇင်းစာမျက်နှာများတွင် ကျွန်တော် တွေ့ခဲ့ဖူးသော ဓာတ်ပုံတွေကို ကျွန်တော် သတိရလိုက်သည်။ ဆရာ ဗန်းမော်တင်အောင် ၏ လင်းယုန်သိုက်ထဲတွင် ပေါက်ဖွားခဲ့သော လင်းယုန်ကြီးများကို ကျွန်တော် သတိရလိုက်သည်။ ထက်အာကာဝဠာဆီက တောင်ပံ ရိုက်ခတ်သံ တဖြောင်းဖြောင်းကို ကြားလိုက်မိလေသလား ကျွန်တော် ခံစားလိုက်ရသည်။ မဂ္ဂဇင်း စာမျက်နှာများတွင် တွေ့ဖူးခဲ့သော ပုံတွေနှင့် တထေရာတည်း တူနေသည့် သူ့ကို ကြည့်ရင်း “ဆရာ လင်းယုန်မောင်မောင် လားမသိဘူး ခင်ဗျ” ဟု ကျွန်တော့် နှုတ်မှ အလိုအလျောက် ထွက်သွားမိသည်။ စောစောက ဝင်တိုက်မိသည် ကိုပင် ကျွန်တော် မတောင်းပန်မိ။ ကျွန်တော် ဘာမှမတတ်နိုင်။

ပထမဆုံး တွေ့ထိမိတာကတော့ ၁၉၉၂ ခုနှစ် ကျွန်တော် ကိုးတန်းကျောင်းသား ဘဝ တွင် ဖြစ်သည်။ ။ တစ်နေ့ညနေတွင် ကျွန်တော့် ထုံးစံအတိုင်း ဖခင်၏ စာအုပ်သေတ္တာ ကြီးကို မွှေမိနှောက်မိသည်။ စာအုပ်တွေ တစ်အုပ် ပြီး တစ်အုပ်။ ဟိုလှန်သည်လှော ။ ဟော… သည် စာအုပ်ထူထူကြီးက ဘာပါလိမ့်။ စာအုပ် မျက်နှာဖုံးတွင် စာအုပ်အမည်ကို အနက်ရောင် စာလုံး ထူထူကြီးများနှင့် ခန့်ခန့်ညားညား ရေးထားသည်။ ဟစ်တလာ ဆိုပါလား ။ နာဇီဂျာမနီ၏ ခေါင်းဆောင်။ ဒုတိယကမ္ဘာစစ်ကြီး ကို စတင် မီးမွှေးသူ။ ကျွန်တော့် အသိက ထိုမျှလောက်သာ။ သည့်ထက် ဘာမှမပို။ ရေးသူကတော့ လင်းယုန်မောင်မောင် ဆိုပါလား။ လင်းယုန်မောင်မောင် ဟူသည့် ကလောင်အမည် ကိုတော့ မဂ္ဂဇင်း စာမျက်နှာ များမှတစ်ဆင့် စာရေးဆရာကြီး တစ်ဦး အနေနှင့် ကျွန်တော် သိပြီးဖြစ်သည်။ သို့သော် သူ့စာတွေကိုတော့ ဘာမှ တိတိပပ မဖတ်ဖူးသေး။ စာအုပ်ကို ကောက်လှန်လိုက်တော့ အနက်ရောင် သံဆူးကြိုးများ၏ နောက်ကွယ်တွင် သေနတ်ကို မြေတွင်ထောက်လျက် တောင့်တောင့်ရောင့်ရောင့် ရပ်နေသော နာဇီစစ်သား တစ်ယောက်ကို ကျွန်တော် တွေ့လိုက်ရသည်။ လက်မောင်းမှာ ပတ်ထားတာက စကြာတံဆိပ်။ နာဇီစစ်သား၏ ပုံသဏ္ဍာန်က စက်ရုပ်တစ်ရုပ် သဏ္ဍာန်။ ပန်းချီက အားကောင်းလှချည်လား။ နောက်တစ် ရွက်ကို ကျွန်တော် ဆက်လှန်လိုက်သည်။ လက်စသတ်တော့ ဟစ်တလာ ၏ အတ္ထုပ္ပတ္တိ ပါလား။ စာမျက်နှာတိုင်း၏ အပေါ်ဆုံးတွင် လင်းယုန်ခြေသည်းဖြင့် ကုပ်ထားသော စကြာအောင်လံ တံဆိပ်များ။ ပထမဆုံး အခန်း၏ ခေါင်းစဉ်က “အဖေ မပေါ်သူ တစ်ယောက်၏ သား” ဆိုပါလား။ ကျွန်တော် ဆက်ဖတ်လိုက်သည်။ “ညနေစောင်း၍ မှောင်စပျိုးလာပြီ ဖြစ်သည်” ဟူသော ဝါကျဖြင့် သည်စာအုပ်ကို အစပြုထားသည်။ ထိုစဉ်ကတော့ နောင်တွင် အကြိမ်ပေါင်း မရေမတွက် နိုင်အောင် သည်စာအုပ်ကို ကျွန်တော် ဖတ်ရှုမိမည် ဟု ကျွန်တော်မသိ။ စာပိုဒ် အတော်များများကို ၏သည်မရွေး အလွတ်ရသွားသည် အထိ ကျွန်တော် နှစ်ခြိုက်သွားလိမ့် မည်ဟု ကျွန်တော် မသိ။ ကျွန်တော် သိလိုက်မိတာက တစ်ခုတည်း ဖြစ်သည်။ ထိုနေ့ ညစာ ထမင်းစားချိန်ကို ကျွန်တော် မေ့လျော့သွားခဲ့သည်။ “နောက်ထပ် ဟစ်တလာ တစ်ယောက် မပေါ်ပေါက်စေရန် အလေးအနက် ဆုတောင်းရင်း ဤစာအုပ်ကို နိဂုံးချုပ်အပ်ပါသတည်း” ဟူသော စာအုပ် အဆုံးသတ်အထိ ဖတ်ရှုပြီးတော့မှ ကျွန်တော် အချိန်ကို သတိပြုမိသည်။ ကျွန်တော့် တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲ နေသည်ကို ကျွန်တော် သတိပြုမိသည်။ ကျွန်တော်လဲ ဘာမှ မတတ်နိုင်။

ထိုစဉ်က ကျွန်တော် အရူးအမူး ဖြစ်ခဲ့မိသည်ကို ယခု ပြန်တွေးမိတော့ ကျွန်တော် ပြုံးမိသည်။ ထို ဟစ်တလာ စာအုပ်ကို ရက်ပိုင်းလပိုင်း အတွင်း ကျွန်တော် အခေါက်ခေါက် အခါခါ ဖတ်ရှုမိသည်။ ထိုမျှဖြင့် မရပ်။ စာသင်ခန်းတိုင် ကျွန်တော် သယ်သွားမိသည်။ တစ်ကယ်က ကျွန်တော့် သူငယ်ချင်းများက စာဖတ်ဝါသနာ ပါသူများ မဟုတ်ကြ။ သို့သော် ကျွန်တော် သူတို့ကို တိုက်တိုက်တွန်းတွန်း သည်စာအုပ်ကို ဖတ်ခိုင်းမိသည်။ ထိုစဉ်က ကျွန်တော်တို့ အားလုံးက ဆယ့်လေးငါးနှစ်သား အရွယ်တွေ။ ဖူးစပွင့်စတွေ။ ပီဘိ ချာတိတ်ကလေးတွေ။ သိပ်မကြာ။ ကျွန်တော်တို့ အချင်းချင်းကြား ဟစ်တလာ အလေးပြုသည့် ပုံစံ ပျံ့နှံ့သွားခဲ့သည်။ သည်မျှဖြင့် ကျွန်တော် မကျေနပ်သေး။ ကျွန်တော် နှင့် နေ့စဉ် နီးပါး ဖုန်း အဆက်အသွယ် ရှိသော သူငယ်ချင်း တစ်ယောက်နှင့် ဖုန်းပြောရာတွင် ဖုန်းချကာနီးတိုင်း “ဟိုင်း ဟစ်တလာ” ဟု နှုတ်ဆက်ပြီးမှ ချရန် အစီအစဉ် ပြုလုပ်မိသည်။ အစတုန်းကတော့ ရိုးရိုးတန်းတန်း။ နောက်တော့ အကျင့်ပါသွားသည်။ တမင်သက်သက် သတိထားနေစရာ မလိုတော့။ ထိုသူငယ်ချင်းနှင့် ဖုန်းပြော၍ ဖုန်းချကာနီးတိုင်း နှုတ်မှ အလိုအလျောက် ထွက်သွားမိသည်။ သူလည်း ကျွန်တော့် နည်းတူ။ မှတ်မှတ်ရရ ထိုသူငယ်ချင်းနှင့် ထိုသို့ ဖုန်းပြောနေမိသည်မှာ သူ နှင့် ကျွန်တော် ခွဲခွာသွားရသည် အထိ နှစ်နှစ်ကျော် သုံးနှစ် ကြာမြင့်ခဲ့သည်။ ကမ္ဘာတွင်တော့ မသိ။ မြန်မာပြည်တွင်တော့ “ဟိုင်း ဟစ်တလာ” ဟု အကြိမ်အများဆုံး အလေးပြု နှုတ်ဆက်ဖူးသူမှာ ကျွန်တော်တို့ နှစ်ယောက် ဖြစ်လိမ့်မည် ထင်သည်။ အနုပညာ ၏ စွမ်းပကားသည် ကြီးမား လှပါလား။ ကျွန်တော်ကတော့ ထိုစဉ်က ကျွန်တော့် ခံစားမှုကို သည်လိုပဲ ယခု ပြန်လည် သုံးသပ်မိသည်။

ထိုနှစ်တွေတုန်းကတော့ ကျွန်တော့်လို စာဖတ်ပရိသတ်များ၏ အားထားရာက စာအုပ် အဟောင်းတန်းသာ ဖြစ်သည်။ ကြာခဲ့ပါပြီ။ ၉၀ ပြည့်လွန် အစောပိုင်းနှစ်များ။ ထိုစဉ်က ယခုကဲ့သို့ စာအုပ်ဆိုင်ကြီးတွေ ဟည်းနေအောင် ပန်းဆိုးတန်းတွင် မရှိသေး။ ပလက်ဖောင်း စာအုပ်အဟောင်းဆိုင် များသာ ကျွန်တော်တို့၏ အားထားရာ ဖြစ်သည်။ ပန်းဆိုးတန်း တဝိုက်၊ ထောင့်ချိုး ကုန်သည်လမ်းတဝိုက်၊ ၃၇လမ်း တဝိုက်။ သည်နေရာတဝိုက် တွေက ကျွန်တော်တို့၏ ယဉ်ကျေးမှုနယ်မြေ။ ကျင်လည်ရာ အဝန်းအဝိုင်း။ ကျွန်တော်တို့ ပဋိရူပ ဒေသဝါသောစ ကြရာ ဖြစ်သည်။ ကျွန်တော် မှတ်မိနေတာကတော့ ကျွန်တော့်ကို စာအုပ်အဟောင်းတန်း သို့ စတင် ခေါ်ဆောင်သွားသည့် အရာမှာ ဆရာ့၏ ဟစ်တလာ စာအုပ် ဖြစ်သည်။ ထိုစာအုပ်ကို ဖတ်ပြီး ကျွန်တော် မနေနိုင်။ ဆရာရေးသော အခြား နာဇီစာအုပ် များကိုလဲ ဖတ်ရှုချင်လာသည်။ ထိုစာအုပ်တွင်ပါသော ဆရာ့ ထုတ်ဝေပြီးသမျှ နာဇီစာအုပ် စာရင်းကို ကျွန်တော် မှတ်ထားလိုက်သည်။ ထို့နောက် ပန်းဆိုးတန်းတွင် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ဆရာ့ နာဇီစာအုပ် ရှာပုံတော် ထွက်တော့သည်။ ချက်ချင်းတော့ ကျွန်တော် စာအုပ် အကုန်မရ။ တစ်နှစ်ခွဲ နှစ်နှစ်ခန့် ကျွန်တော် ရှာဖွေလိုက်ရသည်။ ကျွန်တော် ရှာလွန်း၍ စာအုပ် အဟောင်းတန်းမှ ကျွန်တော့် မိတ်ဆွေများကပင် ကျွန်တော့်ကို “နာဇီ ချည်းပဲလား ကိုရင်လေးရ၊ အနီလေး ဘာလေးကော မလေ့လာတော့ ဘူးလား”ဟု ကြည်စယ် ကြသည်။ ပထမဆုံး ကျွန်တော့် လက်ထဲ ရောက်လာတာက “အိုက်ခ်မန်း၏ ငရဲခန်း”။ နောက် “မှောင်မိုက်သော နေ့ရက်များ”။ နောက် “အော့်တို စကော်ဇနီ”။  နောက်ဆုံး ရောက်လာသည်က “နူရင်ဘတ် စစ်ခုံရုံး မှတ်တမ်းများ”။ တချို့စာအုပ်တွေကလဲ ကျွန်တော် နှင့် လိုက်တမ်းပြေးတမ်း ကစားနေသည်။ သူတို့ ရှိသည့်အခါ ကျွန်တော် စာအုပ်တန်း မရောက်။ ကျွန်တော် ရောက်သည့်အခါ သူတို့မရှိ။ ကျွန်တော် ဆရာ့ နာဇီစာအုပ်များ အကုန်အစင် စုဆောင်း ရရှိသည့် အချိန်ကျမှ စာအုပ်များကို အသစ် ပြန်လည် ထုတ်ဝေခြင်း ခေတ်စားလာခဲ့ ရခြင်း ဖြစ်သည်။ စာပေလောက၊ ပညာရွှေတောင် စသည့် တိုက်ကြီးများ ပန်းဆိုးတန်းတွင် စတင် စည်ဝေလာသည်။ ၉၀ ပြည့်လွန် နှောင်းပိုင်း နှစ်များတွင် ဖြစ်ပါလိမ့်မည်။ ဆရာ့စာအုပ် အတော်များများကို ပြန်လည် ထုတ်ဝေလာကြသည်။ တစ်ကယ်က ကျွန်တော့်ကို ဆွဲဆောင် သွားတာက ဟစ်တလာမဟုတ်။ နာဇီဝါဒ မဟုတ်။ ဆရာ့ အရေးအသား အနုပညာသာ ဖြစ်သည်။

ကျွန်တော့်အမေးကို ဆရာ ချက်ချင်း ဖြေဆိုခြင်းမရှိ။ ကျွန်တော့်ကိုသာ ကြောင်အမ်းအမ်းနှင့် ကြည့်နေသည်။ ကျွန်တော်ပဲ လူမှားသလား။ မှားမည်တော့ မထင်။ မဂ္ဂဇင်း စာမျက်နှာများတွင် ဆရာ့ ဓာတ်ပုံကို ကျွန်တော် ကြိမ်ဖန်များစွာ မြင်ဖူးနေတာပဲ။ ဆရာ့ပုံက မဂ္ဂဇင်းများထဲတွင် ကျွန်တော် မြင်ခဲ့ရသည့်အတိုင်း။ နံ့သာရောင် တိုက်ပုံ ခပ်လတ်လတ် တစ်ထည် နှင့် ချည်ပုဆိုးကို ဝတ်ထားသည်။ ပခုံးတွင် လွယ်အိတ်လွယ်ထားသည်။ ညှပ်ထားသော ဆံပင်တိုတို က အဖြူ တွေနှင့် အုံလိုက်ကျင်းလိုက် ရောယှက်နေသည်။ တိုက်ပုံအောက်က ကိုယ်လုံးကိုယ်ထည်က တော့ ခပ်ပိန်ပိန်ပဲ ဖြစ်သည်။ ကျွန်တော် ငေးကြည့်နေဆဲတွင် ဆရာက လေးထောင့်မျက်မှန် အမည်းအောက်က မျက်လုံးတွေနှင့် ကျွန်တော့်ကို ကြည့်ရင်း

“ဟုတ်ပါတယ်၊ ကျွန်တော် လင်းယုန်မောင်မောင်ပါ” ဟု ဆရာ့ဆီက ဖြေဆိုသံ တိုးတိုးညင်းညင်း ထွက်လာသည်။

“ဝမ်းသာလိုက်တာ ဆရာ၊ ကျွန်တော် ဆရာ့ စာဖတ်ပရိသတ်ပါ၊ ဆရာ အချိန်ရရင် ခဏလောက် စကားပြောပါရစေ ဆရာ” ဟု ကျွန်တော် လှိုက်လှိုက်လှဲလှဲ ပြောလိုက်မိသည်။ ဆရာ ခဏတော့ စဉ်းစားနေသည်။ ပြီးမှ

“ရပါတယ်ဗျာ၊ တစ်နေရာ ခဏထိုင်တာပေါ့” ဟု ပြောသည်။ ကျွန်တော် နှင့် ဆရာ ၃၄လမ်းထဲ ချိုးဝင်လာခဲ့ကြသည်။

ကျွန်တော်တို့နှစ်ယောက် ၃၄လမ်း ထဲက တိုက်နှစ်လုံးကြားတွင် ဖွင့်ထားသော လမ်းဘေး လက်ဖက်ရည်ဆိုင် ကလေးသို့ ဝင်လိုက်ကြသည်။ ကျွန်တော်တို့ နှစ်ယောက်အတွက် လက်ဖက်ရည်နှစ်ခွက် ရောက်လာသည်။

“ဆရာ တစ်ခုခု စားပါဦးလား ဆရာ” ဟု ကျွန်တော် ဖိတ်မန္တက ပြုမိသည်။ ပြုမည့်သာ ပြုရသည်။ ပေါင်မုန့်ကြက်ဥကြော် ကလွဲလို့ ထိုဆိုင်ကလေးတွင် အခြား စားစရာ မရှိ။ “တော်ပါပြီဗျာ၊ ကျွန်တော် မဆာလို့ပါ” ဟု ဆရာက ကျွန်တော့်ကို ပြန်ဖြေသည်။

အစကတော့ ကျွန်တော်တို့နှစ်ယောက် စကားဝိုင်းက သွေ့သွေ့ခြောက်ခြောက်။ မေးတစ်ခွန်း ဖြေတစ်ခွန်း။ ကျွန်တော့်ကို စာရေးသလား ဟု ဆရာက မေးသည်။ ကျွန်တော်က မဂ္ဂဇင်းများသို့တော့ မပို့ဖူးပါ။ စကားပြေလည်း သိပ်မရေးဖူးပါ။ မိမိ ဝါသနာ အလျောက် မိမိဖာသာ ကဗျာများ ရေးသားသည်သာ ရှိပါသည် ဟု ပြန်ဖြေသည်။ ကျွန်တော့် ကလောင်အမည်ကိုလဲ ကျွန်တော် မပြောဖြစ်တော့။ ကိုယ့်ဖာသာကိုယ် ရေးနေခြင်း ဖြစ်၍ ပြောဖို့လည်း လိုမည် မထင်တော့။ ထို့နောက် ဆရာက သူရေးသည့် မည်သည့် စာအုပ်တွေကို ဖတ်ဖူးပါသလဲ ဟု မေးသည်။ သည်တော့မှ ကျွန်တော် ပြောစရာ စကား ရသွားသည်။ ရေခဲသည် အရည်ပျော်သွားပြီ။ ဟစ်တလာ မှ အစချီ၍ ကျွန်တော် ဖတ်ဖူးသမျှ ဆရာ့ စာအုပ် စာရင်း ကျွန်တော် ရွတ်ပြလိုက်သည်။ ဆရာကတော့ သူ့စာအုပ် အတော်များများ ဖတ်ဖူးနေသော ကျွန်တော့်ကို အားပါးတရ ရှိလိမ့်မည်ဟု ကျွန်တော် ထင်လိုက်မိသည်။ ကျွန်တော့် အထင် လွဲချေပြီ။ ဆရာက ယဲ့ယဲ့သာ ပြုံးပါသည်။

သည်တော့မှ “ငါနှင့်ငါသာ နှိုင်းစရာ” အရိပ်အယောင်များ ဆရာ့ထံတွင် အတော်ကြီး ပါးလျား ယုတ်လျော့နေတာ ကျွန်တော် သတိပြုမိတော့ သည်။ များသောအားဖြင့် ကျွန်တော် ကြုံခဲ့ဖူးသည်က မတီးပါဘဲလျက် တထီထီ မြည်နေသည့် လူများ။ ကိုယ့်ကိုယ်ကိုယ် ဒဂုန်တာရာ လောက် ထင်နေသူများ။ ပြောချင်သည်က မြန်မာစာပေ ၏ ဦးတည်ရာလမ်းကြောင်း၊ ခက်နေသည်က မဂ္ဂဇင်းပင် မှန်မှန် မဖတ်ချင်သူများ။ ပြစရာ အလုပ်က မယ်မယ်ရရ မရှိ၊ ပြောစရာတွေက တောသုံးထောင်လောက် ရှိနေသူများ။ မြန်မာစာပေ၏ ပြောရေးဆိုခွင့် ရှိသူ ဘွဲ့ထူးကို မိမိကိုယ်ကိုယ် အပ်နှင်းထားသူများ။ ကျွန်တော့် မဖြစ်စလောက် အတွေ့အကြုံတွင်ပင် ကျွန်တော် ကြုံဖူးပေါင်း များလှပါပြီ။ ထို့ကြောင့် ကျွန်တော် အံ့သြသွားခဲ့သည်။

ဟစ်တလာ စာအုပ်အကြောင်း အထူးပြု ကျွန်တော် ပြောမိတော့မှ ဆရာ့ထံမှ အသံပြန်ထွက် လာသည်။ ထိုအကြောင်း ဆရာ ဆောင်းပါးတစ်ပုဒ် ထဲလည်း ထည့်ရေးဖူးပါသည်။ နာဇီစာအုပ် များကို ရေးလွန်း၍ ဆရာ့ရေးဖော် များကပင် ဆရာ့ကို “ဟစ်တလာ မောင်မောင်” ဟု ကြည်စယ်ခေါ်ဝေါ် ကြကြောင်း၊ ကျောင်းဆရာတစ်ယောက် ထိုစာအုပ်ကို ဖတ်၍ ဟစ်တလာလို အလေးပြု၊ ဟစ်တလာကို အကြီးအကျယ် စွဲလမ်းသွားဖူးကြောင်း၊ အချို့လူငယ်များ အသင်းအပင်း ဖွဲ့၍ လူမျိုးခြားများကို တိုက်ခိုက်လိုစိတ် ပေါ်ခဲ့ဖူးကြောင်း၊ စသည် စသည်။ “ခုတ်ရာတခြား ရှရာတခြား ဖြစ်သွားလို့ တစ်ခါတစ်ခါ အတော် ရှင်းယူ ရတယ်ဗျာ” ဟု ဆရာက သူ့စကားကို အဆုံးသတ်သည်။ ဆရာ့စကား နားထောင်ရင်း ကျွန်တော် မမီလိုက်သော ခေတ်ကို ကျွန်တော် ပြန်လွမ်းနေမိသည်။

“ဆရာ အခု ဘာရေးနေပါသလဲ” ကျွန်တော်မေးမိတော့ ဆရာက လောလောဆယ်တော့ ဘာမှ မရှိပါကြောင်း ပြန်ဖြေသည်။ ဆရာ့မှာက အခြား လူမှုရေးရာ စာပေရေးရာ တွေကလည်း များသည်ကို ကျွန်တော်သိပြီး ဖြစ်သည်။ ဥက္ကဌကြီး ဟု ချစ်စနိုး ခေါ်ဝေါ်ကြသည့် ဆရာ့မှာ ဗာဟီရကိစ္စ တွေက အများသား။ ထိုကိစ္စ တွေနှင့်ပင် ဆရာ စာအရေး ကျဲမိကြောင်း ဆရာ မြသန်းတင့် ရုပ်ပုံလွှာဆောင်းပါးတွင် ဆရာ ဝန်ခံထားဖူးသည်။ ကျွန်တော်ကတော့ သိပ်မကြာသေးခင်က ဆရာ ဘာသာပြန် ခဲ့သော ဒိုင်ယာနာ နှင့် ပတ်သက်၍ ထွက်ပေါ်ခဲ့သော ဝေဖန်သံတချို့ကို ပြန်လည် ကြားယောင်နေမိသည်။ ပြီးတော့ ဆရာ လုပ်နိုင်တာကို ဆရာ လုပ်ခဲ့ပြီးပြီ ဟူသော ထိုဝေဖန်မှုတို့ကို ပြန်လည်ချေပသည့် မဂ္ဂဇင်းစာမျက်နှာ တစ်စကိုလည်း ပြန်လည် သတိရမိသည်။

ဆရာ နှင့် စကား ခဏပြတ်သွားခိုက် ဆရာက ရေနွေးသောက်နေသည်။ ဆရာ့ကို ကြည့်ရင်း ကျွန်တော့်စိတ်ထဲ အတွေးတစ်ခု ဝင်လာသည်။ ဆရာ နှင့် ကျွန်တော် နောက်တစ်ခါ ထပ်ဆုံရန် မသေချာ။ မလွယ်ကူ။ ဆုံတုန်းဆုံခိုက် ဆရာ့ကို ကျွန်တော် အမြင့်ဆုံး ဂါရဝ ပြုရန် ဆုံးဖြတ်လိုက်သည်။ စာရေးဆရာ တစ်ယောက်၏ အမြင့်ဆုံး ပီတိကို ဆရာ ရယူခံစား နိုင်စေရမည်။ ထိုသို့တွေးရင်း ဟစ်တလာ စာအုပ်ထဲမှ ကျွန်တော် အလွတ်ရနေသည့် စာပိုဒ်များကို ဆရာ့ကို ကျွန်တော် ရွတ်ဆိုပြမိသည်။ “မီးရောင်လဲ့လဲ့ နှင့် ရှိုက်သံသဲ့သဲ့၊ နာဇီပါတီ မွေးဖွားလာခြင်း၊ “ထိုပါတီ ကလေးသည်ပင် နောင်အခါ၌ ကမ္ဘာတစ်ခုလုံးကို သိမ့်သိမ့်တုန်အောင် ကိုင်လှုပ်မည့် နာဇီပါတီကြီး အဖြစ် ရှင်သန်ပေါက်ဖွား ကြီးထွားလာခဲ့သတည်း” အစရှိသော စာသားများ၊ “အောင်မြင်သောနေ့တစ်နေ့၊ ဟစ်တလာ သို့မဟုတ် လူထဲကလူ၊ နယ်ချဲ့စစ်မှ ပြည်သူ့စစ်သို့၊ “မည်သို့ပင်ဖြစ်စေ သူ့စိတ်ထဲတွင် အလိုလို သိနေသော အချက်တစ်ချက် မှာမူ ရှိနေပြီး ဖြစ်သည်။ ယင်းမှာ အခြားမဟုတ်။ သူ့အတွက် နောက်ဆုံး နေ့ရက်များသို့ ရောက်နေပြီ ဟူသော အချက်ပင်တည်း” ဟူသောစာသားများ။ “အာဏာရှင် တစ်ယောက်၏ နောက်ဆုံးနေ့ရက်များ”၊ “မှန်သည်၊ ဤနေ့ဤရက်များသည် သူ့အတွက် နောက်ဆုံးနေ့ရက်များပင် ဖြစ်သည်။ သူသည် လုပ်ကြံမှုကြီး ဖြစ်ပွားပြီး ကတည်းက ပုန်းခိုကျင်း ထဲမှ အပြင်သို့ မထွက်တော့ချေ” ဟူသော စာသားများ။

နောက်တော့ နောက်ထပ် စာအုပ်တွေထဲက နောက်ထပ် စကားလုံးများ။ “အရှေ့ဆီက စကော်ဇနီ၊ ကိုယ်ပိုင် နံပါတ် ၄၅၃၂၆၊ ဖက်ဆစ်တို့၏ နောက်ဆုံး သွားရာလမ်း၊ “မှန်သည် ကြိုးစင်ပေါ်မှ နာဇီ စစ်ရာဇဝတ်ကောင်များ၏ ဤသို့သော အနေအထားသည်သာလျှင် အားလုံးအတွက် အန္တရာယ် အကင်းဆုံး အနေအထား ဖြစ်သည် မဟုတ်ပါလော” ဟူသည့် နူရင်ဘတ် စစ်ခုံရုံးမှတ်တမ်း၏ အဆုံးသတ်စာသား။ ကျွန်တော် ရွတ်နေမိတာတော်တော်ကြာ သွားသည်။ တစ်ခါကတော့ ဆရာကြီး ရွှေဥဒေါင်းက “ချောင်းဦးဆယ်ရွာ က ပြောင်းဖူးသည် မယ်ညှာတို့ကော ရှိကြသေးလား ဆရာ” ဟု ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကို မေးလိုက်စဉ် ဆရာမှိုင်း ပီတိဖြစ်သွားပုံကို သူ့ တစ်သက်တာ မှတ်တမ်းတွင် ရေးသားသွားခဲ့သည်။ ကျွန်တော့် ရွတ်ဆိုမှု ပြီးဆုံးချိန်တွင် ကျွန်တော် မြင်လိုက်ရသည်ကလည်း ကြည်နူးခြင်း နှစ်သိမ့်ခြင်းတွေ အတိပြီးနေသည့် ဆရာ့မျက်နှာ။ ဆရာ့အပြုံး။ စကားလုံးတွေနှင့် ကျွန်တော် မဖော်ပြတတ်ပြီ။

နေ့လယ် တစ်ချက်ထိုး ခါနီးတော့ ဆရာ နှင့် ကျွန်တော် လက်ဖက်ရည်ဆိုင်မှ ထကြသည်။

“စာတွေ တော်တော် ဖတ်ပြီးနေပြီပဲ၊ စာစရေးဖို့ ကြိုးစားကြည့်ပါ”  ဟု ဆရာက ကျွန်တော့်ကို တိုက်တွန်းရင်း ၃၄လမ်းထိပ်တွင် လမ်းခွဲရန် လက်ဆွဲနှုတ်ဆက် ကြသည်။

“ကျွန်တော် ကြိုးစားပါ့မယ် ဆရာ၊ ဆရာ့ ကျန်းမာရေးလဲ ဂရုစိုက်ပါနော်” ဟု ကျွန်တော် ဆရာ့ကို ပြန်ဖြေမိသည်။

တစ်ဆက်တည်း “ကိုမောင်မောင် ရှင် ဆေးလိပ် မဖြတ်သေးဘူးလား” ဟူသော အမေ လူထုဒေါ်အမာ၏ စကားကို ကျွန်တော် သတိရမိသည်။ ဆရာ့ကို ကြည့်ရသည်မှာ ကျန်းမာရေး သိပ်ကောင်းပုံမရ။ အနည်းငယ် တုန်တုန်ရီရီ ဖြစ်နေသလို ကျွန်တော် ခံစားရသည်။ ဆရာ့အသက် ဘယ်လောက်ရှိပြီလဲ ကျွန်တော် မသိ။ ဆရာမြသန်းတင့် ထက် ကြီးမှန်းတော့ ကျွန်တော် သိသည်။ ဆရာမြ ရှိလျှင် ယခု ၇၀။ ဒါဆို ဆရာ ၇၀ကျော်ရောပေါ့။ ဘယ်လောက်ကျော်နေပြီလဲတော့ မသေချာ။ ထိုနေ့ကတော့ ဆရာ ဆေးလိပ်သောက်တာ ကျွန်တော်မတွေ့။ အပြီးတိုင် ဖြတ်လိုက်ပြီလား၊ မဖြတ်ရသေးဘူးလားတော့ ကျွန်တော် မသေချာ။ ကျွန်တော့်ကို နှုတ်ဆက်ပြီး ၃၃လမ်းဘက်ဆီ လှည့်ထွက်သွားသော ဆရာ့ကျောပြင်ကို ကျွန်တော် ငေးကြည့်နေမိသည်။ ဆရာ နှင့် တွေ့ရသည်က သည်တစ်ခါ ပထမဆုံး ဖြစ်သည်။ နောက်ဆုံးလည်း ဖြစ်ကောင်း ဖြစ်လိမ့်မည်။

အထက်အညာ အနေနှင့်မူ ထိုနှစ်က မိုးဦးစောသည် ဟုပဲ ဆိုရမလားမသိ။ ဒါမှမဟုတ် မုန်တိုင်း ရှိနေလို့ပဲလား မဆိုနိုင်။ ကျွန်တော် ရောက်ရှိနေသော ၂၀၀၂ မေလ တတိယပတ် လောက်တွင် မန္တလေး မေမြို့ မုံရွာ တဝိုက် မိုးကောင်းနေခဲ့သည်။ ထိုနေ့မနက်ပိုင်း ကျွန်တော် မုံရွာသို့ ရောက်ရှိနေချိန်တွင် လည်း ကောင်းကင်က အုံ့အုံ့မှိုင်းမှိုင်း။ ပြပြမှုန်မှုန်။ မိုးစက်ကလေးတွေ တဖွဲဖွဲ ကျနေသည်။ မိုးညှင်းသမ္ဗုဒ္ဓေ ဘုရားသို့ ကျွန်တော် ရောက်တော့ မနက်ဆယ်နာရီ။ ရေအိမ် ခဏဝင်ပြီး ကျွန်တော် ပြန်ထွက်လာတော့ ခရီး အတူထွက်လာသူ ကျောင်းက သူငယ်ချင်းများ မရှိတော့။ ဘုရားပရဝဏ် အတွင်းသို့ ဝင်ရောက်သွားကြပြီ ဖြစ်သည်။ ကျွန်တော်လည်း ဆက်ထွက်လာရင်း အဆင်သင့် တွေ့ရသော ခုံတန်းလျားကလေး တစ်ခုပေါ်မှာ ခဏ ဝင်ထိုင်မိသည်။ ခုံတန်းလျားကလေး အပေါ်တွင်တော့ သတင်းစာအဟောင်းများ။ သတင်းစာ မဖတ်ရတာ ကြာပြီမို့ အသစ်ဆုံး တစ်စောင်ကို ကျွန်တော် ဆွဲယူဖတ်ရှုမိသည်။ ဟိုလှန်သည်လှော လုပ်နေရင်း နာရေးကြေညာများဆီ ကျွန်တော် ရောက်သွားသည်။ သည်တော့မှ ဆရာ့သတင်းကို ကျွန်တော် တွေ့လိုက်ရသည်။ ဘုရား ဘုရား… ဆရာ ဆုံးပါးသွားပါပကောလား။ သင်္ဂြိုဟ်မည့်နေ့ကို ကျွန်တော်ကြည့်လိုက်တော့ ရက်ပင်လွန်သွားခဲ့ပြီ။ တိုက်တိုက်ဆိုင်ဆိုင်။ ကျွန်တော် ယခုရောက်နေတာက မုံရွာမှာ။ ဆရာ့ မွေးရာဇာတိကလည်း မုံရွာဟု ကျွန်တော် တစ်ခါက ဖတ်ဖူးသည်။ သေသေချာချာ တော့ ကျွန်တော် မသိ။ ယောက်ယက်ခတ်နေသော စိတ်နှင့် ကျွန်တော် သတင်းစာကို ခုံပေါ် ပြန်တင်လိုက်ပြီး ဘုရား ရင်ပြင်တော် သို့ ထွက်လာခဲ့သည်။ ခုနက တိတ်သွားခဲ့သော မိုးက တဖွဲဖွဲ ပြန်ကျလာရာမှ သည်းလာသည်။ သြော် လင်းယုန် မရှိတော့ပြီပဲ။ မုံရွာမြို့ကြီး ကတော့ ရှိမြဲအတိုင်း ရှိနေပါသည်။

ဆရာ ဆုံးပြီး လေးငါးခြောက်လ ကြာတော့ ပြည်နယ် ဂွမြို့နယ် အတွင်းတွင်လားမသိ၊ ရှိသော ကျိ န္တလီရွာ ပင်လယ်ကမ်းခြေတွင် ဆရာ့ အမှတ်တရ မော်ကွန်းကျောက်စာ စိုက်ထူကြကြောင်း ကျွန်တော် ကြားရသည်။ ကျွန်တော်ကတော့ ယခု ဆရာနှင့် ဝေးရာမှာ။ ဆရာ့စာအုပ် တွေနှင့် ဝေးရာမှာ။ ဘယ်အချိန် ပြန်နီးမလဲတော့ ကျွန်တော်မသိ။ ထိုအချိန်ကျမှ ယခု ကျွန်တော် ရေးသားခဲ့သော ဆရာ့စာအုပ်တွေမှ စာသားများ မှန်မမှန် ကျွန်တော် ပြန်လည် တိုက်ဆိုင်ဖတ်ရှု နိုင်တော့မည်။ တစ်ခါတစ်ခါ ဆရာ့ကို သတိရမိတိုင်း ကျွန်တော်ကတော့ ဆရာ ကွယ်လွန်ပြီး လပိုင်းအကြာ မဂ္ဂဇင်းတွင်ပါခဲ့သည့်ဆရာ ကောက်နွယ်ကနောင်၏ ကဗျာကလေးကို သတိရမိသည်။ ကဗျာ၏ အမည်က “ပျံသန်းနေဆဲ လင်းယုန်”။ အဆုံးသတ် စာသားတွေက “တိုက်ပွဲဆိုတာ စာရေးဆရာတို့ အောင်မြေ၊ လင်းယုန် ဘယ်တော့မှ မသေ” တဲ့။ ဟုတ်တော့လည်း ဟုတ်သည်။ လင်းယုန်ဆိုလျှင် မသေနိုင်။ သေသည်ဆိုလျှင် လင်းယုန် မဟုတ်နိုင် ။   ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်