သက်ခိုင် – အပြစ်ပေးခံထိတဲ့တပ်မှူး၊ ပေါက်ကြူရွာရွှေဆိုင်နဲ့ဘောလုံးပွဲ

August 14, 2014

သက်ခိုင် – အပြစ်ပေးခံထိတဲ့တပ်မှူး၊ ပေါက်ကြူရွာရွှေဆိုင်နဲ့ဘောလုံးပွဲ
သြဂုတ် ၁၄၊ ၂၀၁၄
 

 
(၁)

ဆိုခဲ့တဲ့အတိုင်း စခန်းကတောင်ထိပ်ဆိုတော့ နေ့ကောညကော ရာသီဥတုက အတော်အေးတယ်၊ ဒါကြောင့် သစ်ပင်ခြောက်တွေရှာပြီး နေ့နေ့ညည ဘားတိုက်ထဲမှာ မီးတငွေ့ငွေ့နဲ့ အပူပေးထားရတယ်၊ ဒီအတွက် လိုအပ်တဲ့ သစ်ပင်ခြောက်ကို အလှည့်ကျဆိုသလို လူခွဲသွားသွားရှာ လွှနဲ့ဖြတ် နှစ်ယောက်လောက် ထမ်းပြီးသယ်လာ အဆင်သင့်ချထားပြီး မီးမပြတ်အောင် နေကြရတာကိုး။

ဒါကိုတော့ ကြုံရင်ကြုံသလို သွားသွားရှာကြ ဖြတ်ကြလုပ်ကြပါတယ်၊ အစောပိုင်းကတော့ သချိင်္ုင်းကုန်းဟောင်း ထဲကနေ သွားသွားရှာလို့ လွယ်တယ်၊ နောက်ပိုင်းရှားလာတော့ ဟိုးတောင်စောင်းတွေ သနပ်ခါးပင်လောက်အထိ သွားရှာရတတ်ကော။

တနေ့တော့ ကိုငြိမ်းရယ်၊ ကိုကျော်နိုင်ထွန်းရယ်၊ ကိုဝင်းကြူရယ်လားမသိ သစ်ခြောက်ပင်သွားရှာမယ်လုပ်တော့ အောင်ဖေလည်းလိုက်မယ်ပေါ့၊ လိုက်သွားကော ဖြစ်ချင်တော့ တွေ့ထားတဲ့သစ်ခြောက်ပင်က သနပ်ခါးပင်လောက် တောင်စောင်း လှိုထဲမှာ ရှိနေတယ်။ ဒါကို တယောက်တလှည့် လွှနဲ့တိုက်ဖြတ် ပြီးတော့ ထမ်းသယ်လာရတာပေါ့၊ သိတဲ့အတိုင်း သနပ်ခါးပင်ဆိုတာ ကျောက်ပုံတောင်အောက် နည်းနည်းဆင်းပြီး ကုန်သည်လမ်းဘေးမှာ ရှိတာကိုး။

အပင်ဖြတ်တုန်းက လွှသာကူဆွဲပေးရပေမယ့် အပင်ခြောက်ထမ်းတော့ ကိုငြိမ်းကသူတို့ထမ်းမယ် မင်းငါ့သေနတ်နဲ့စက်သာ ယူလာခဲ့ဆိုတော့ အောင်ဖေကလည်း သူတို့နောက်ကနေ ကာဘိုင်လေးလွယ်၊ စကားပြောစက်လေးကို လွယ်လို့ပေါ့၊ ကိုငြိမ်း၊ ကိုကျော်နိုင်ထွန်းတို့ ထမ်းတဲ့အလှည့်ကို ကိုဝင်းကြူက ဘေးကနေ လိုမယ်ထင်တာ ကူပေးတာပေါ့၊ အဲဒီလိုနဲ့ တောင်ပေါ်ကိုထမ်းတက်နေကြတာ။

အဲဒီလိုလာရင်း ကုန်သည်အချို့လည်း တောင်ပေါ်ကဆင်းလာတာ တိုးပါလေရော၊ သစ်ပင်ထမ်းလာတာဆိုတော့ သူတို့လည်းဘေးကပ် လမ်းပေးကြပါတယ်။ ထမ်းသွားတဲ့သူတွေ နောက်က ပေ၂၀-၃၀အကျော်လောက်မှာ အေးအေးဆေးဆေး လိုက်လာတဲ့အောင်ဖေကိုမြင်တော့ အမျိုးသားတဦးက တိုးတိုးလေးလှမ်းမေးတယ်။

“အပြစ်ပေးထားတာလားဆရာ” တဲ့။

ရုတ်တရက်တော့ အောင်ဖေလည်းကြောင်သွားတယ်၊ ဒါပေမယ့်ချက်ချင်းပါပဲ ပြန်ဖြေလိုက်တယ်။

“ဟုတ်တယ်၊ အရက်ခိုးသောက်လို့”

ဆိုပြီးပြောကာ သူတို့ကို ကျော်တက်လာခဲ့တော့တာပဲ၊ ကုန်သည်တွေကတော့ ခေါင်းတညိမ့်ညိမ့်နဲ့ တောင်အောက် ဆင်းသွားပါလေကော။

ဟိုလူတွေလည်း သူတို့သစ်ပင်ခြောက်နဲ့ အလုပ်ရှုပ်နေတော့ အောင်ဖေပေါက်တတ်ကရပြောတာကို ဘယ်သိလိုက်ကြမလဲ၊ ကုန်သည်တွေကလည်း ကာဘိုင်ကိုင် စက်ကိုင်တဲ့သူဆိုတော့ ဒီလောက်အကောင် သေးတဲ့အောင်ဖေကိုလည်း စိတ်မှူးဘာညာထင်သွားပုံရပြီး အပင်ခြောက်အားရပါးရ ထမ်းသွားကြသူတွေဟာ အပြစ်ရှိလို့ အခုလိုသက်သက် အပြစ်ပေးခံရတယ်ထင်သွားပြီး မေးကြတာကိုး၊ အဲဒီမှာ တပ်မှူးလည်း အပြစ်ထိသွားတော့တာပါပဲ၊ အောင်ဖေတို့ လုပ်ပုံများ။

နောက်ပိုင်းမှာတော့ ဆရာဦးသိန်းဝင်းက စခန်းကရဲဘော်တွေကို အင်္ဂလိပ်စာသင်ပေးမယ်လုပ်ကော၊ အပျင်းကြီးတဲ့ အောင်ဖေလည်း ဒီတခါတော့ ကွန်ဖူးတတ်သလို ဘာလိုလိုပြောခဲ့သလို ဘာကြောင်းမှပြလို့ကို မရတော့ဘူး၊ သင်ရတော့မယ်ပေါ့လေ။ မသင်ဘဲလည်း ဘယ်နေလိမ့်မလည်း ဘိုစာက အသုံးဝင်မှန်းသိလို့ သင်တာလည်း ပါတာပေါ့။

လူကတော့ အများကြီးတော့ မဟုတ်ပါဘူး၎-၅-၆ယောက်လောက်ပါပဲ၊ အဲဒီကြမှ မြန်မာပြည်ထဲမှာ ဘိုစာကို အမြှီးအမှောက် မတည့်အသုံးချလာခဲ့ရတာတွေ နည်းနည်းပါးပါး အဆင်ပြေသွားတော့တာ။ ဆိုလိုတာက good gooder goodest ဆိုတာတွေ ပျောက်သွားပြီး၊ မိုင်နိမ်းအစ်စ်အောင်ဖေ၊ အိုင်အမ်ဖရွန်ဘားမား၊ အိုင်ဝက်စ်ဘွန်းအင် ကယ်ပီတယ်အော့ဖ်ဘားမားတွေ ဘာတွေလျှောက်ပြောတော့တာပဲ။

(၂)

အောင်ဖေတို့က တောင်ပိုင်းဒေသကို စရောက်ခါစဆိုတော့ မွန်ပြည်သစ်ပါတီက ခေါင်းဆောင်တွေကိုလည်း တာဝန်ရှိသူတွေက သွားတွေ့ဆွေးနွေးပြီး လုပ်ငန်းအစီအစဉ်တွေ အသေးစိတ်ဆွေးနွေးရတာတွေ ရှိတတ်တာကိုး၊ အထူးသဖြင့်တော့ ပေါက်ကြူရွာမှာ သွားသွားတွေ့ဖြစ်တာများတယ်။ အဲဒီလိုသွားရင် အောင်ဖေက ခဏခဏ အဖော်လိုက်သွားရတာများတယ် အထူးသဖြင့် ကိုဇော်မိုးကျော်၊ ကိုအောင်ကျော်စိုးနဲ့ အောင်ဖေတို့။

ပေါက်ကြူရွာသွားတယ်ဆိုရင် ပျော်စရာတော့ကောင်းသား ရွာထဲမှာ ဗီဒီယိုရုံလည်းရှိတယ်၊ ကုန်စုံဆိုင်လည်း ရှိတယ်ဆိုတော့ ညဦးပိုင်းအထိက စည်ကားနေတတ်တယ်။ ရွာတဘက်ထိပ်နဲ့ တဘက်ထိပ်လမ်းလျှောက်ရင် နာရီဝက်လောက်တောင် ကြာတတ်တယ် ရွာစဉ်တန်းက ရှည်တာကိုး၊ ဟိုနေရာတကွက် ဒီနေရာတကွက်မှာတော့ မွန်လူကြီးအိမ်တွေ ရှိတတ်ကြတယ်။ တချို့နေရာဆိုရင် ရွာလယ်လမ်းမကနေ ခွဲထွက်သွားပြီး အိမ်အကွက် စုစုလေးတွေလည်း ရှိတတ်ရဲ့၊ ဒီအကွက်တွေမှာ ပီဒီဖက် ရဲဘော်မိသားစုတွေရှိကြတယ်၊ သူတို့ကတော့ စခန်းမှာ မနေတော့ဘူး နိုင်သလောက်ထောက်ပံ့တဲ့ တပ်မိတ်ဆွေတွေလိုသဘော နေနေကြတယ်၊ အားလုံးကတော့ UNHCR ဒုက္ခသည်အဖြစ် လျှောက်ထားလို့ အသိအမှတ်ပြုခံကြရပြီးသား ဖြစ်သလို၊ ထောက်ပံ့ကြေးလည်း ရကြတယ်၊ သူတို့ ထောက်ပံ့ကြေးထဲကနေ တချို့တဝက်ကို တပ်ကိုပြန် ထောက်ပံ့ပေးနေကြတာ။

ဒီအထဲက ထားဝယ်သား ကိုသိန်းစိုးလားဘာလား မမှတ်မိတော့ဘူး သူတို့ မိသားစုက အောင်ဖေနဲ့ ပေါင်းရသင်းရ အဆင်ပြေတယ်၊ အောင်ဖေက ပေါက်ကြူရောက်ရင် သူတို့အိမ်သွားသွားလည်တတ်တယ်၊ သွားလည်တယ် ဆိုတာထက် အဲဒီရွာမှာနေကြပြီး ရေရွှင်တဲ့ ပီဒီဖက်အဖွဲ့ဝင်တွေနဲ့ တခါတခါ ယမကာလေးမှီဝဲရင်း အဖွဲ့သွားသွား ကျနေတတ်တာ။ မာနယ်ပလော မရောက်ဖူးသူတွေကို မာနယ်ပလောဆိုတာ ဘာဖြစ်တယ် ညာဖြစ်တယ်၊ ကားတွေတဝီဝီနဲ့ ဆဲဗင်းအလဲဗင်းတောင် ရှိသလိုလို လျှောက်လျှောက်ရွီးတော့တာ၊ ဟိုလူတွေကလည်း တအံ့သြသြပေါ့ သူတို့က မရောက်ဖူးဘူးလေ။

သိတဲ့အတိုင်း မာနယ်ပလောကထွက်လာကတည်းက ငွေကဘာမှပါတာမဟုတ်၊ ဘတ်ငါးရာလားပဲမသိ အားလုံးမှာပါတာက ဒါကနောက်ပိုင်းတော့ ပြောင်ပေါ့။ ဒါပေမယ့် တခါတလေ ဟိုကချေး ဒီကချေးနဲ့ ငွေစတချို့ ရရလာတတ်တယ်။ ငွေရောက်လာတဲ့အခါ ပြန်ဆပ်ပေါ့၊ ပီဒီအက်ဖ်ကရဲဘော်တွေက ဘန်ကောက်တက် တောထဲပြန်ဆင်း အဲဒီလို ဥဒဟို ရှိနေကြတော့ ဗဟိုကနေ တခါတလေ ထောက်ပံ့တဲ့ငွေ တယောက်မဟုတ် တယောက်နဲ့ ပါပါလာတတ်တယ်လေ။

အဲဒီလိုသွားရင်းနဲ့ ပေါက်ကြူဆိုတာ လွတ်မြောက်နယ်မြေဆိုတော့ သိတဲ့အတိုင်း အောင်ဖေတို့တတွေ ဇာတိပြကြတာပေါ့။ အောင်ဖေ့မှာ အမတယောက်ဆီက ညာယူလာတဲ့ရွှေလက်စွပ်လေးက လက်သူကြွယ်မှာ ဝတ်ထားတာဆိုတော့ လူကြားသူကြားထဲမှာ အတော်တော့ မျက်စိနောက်ဖို့တော့ကောင်းတယ်၊ ဒါပေမယ့် ဘယ်သူမှ ဒါကိုမျက်စိနောက်တယ် မပြောရဲကြဘူး၊ အမှန်တော့ မိဘအမွေအနှစ် ဘာညာနဲ့ တခုတ်ရ ထားတာတော့ မဟုတ်ဘူး၊ ဒီကောင်လေးက အလုပ်ဖြစ်လို့။

ငွေပြတ်တဲ့အချိန် ပေါက်ကြူရောက်ရင် ကိုဇော်မိုးကျော်နဲ့ ကိုအောင်ကျော်စိုးက အောင်ဖေ့ကိုဖားရပြီ။

“ဟေ့ကောင် ထုံးစံအတိုင်း လှုပ်ရှားရအောင်ကွာ၊ ဒီတခါလည်း သိပ်တော့ မကြာလှပါဘူးကွ၊ နောက်တရက် နှစ်ရက်ဆို၊ ကိုရန်အောင်တို့ဆီက လူဆင်းလာမယ်ကြားတယ်ကွ” အဲဒီလို ဘာညာနဲ့ လေပျော့လေးနဲ့ နှစ်ယောက်သား အောင်ဖေ့ကိုချော့တော့တာပဲ။

ချော့ပေမယ့်လည်း ဘာရမလဲ၊ အောင်ဖေကအထာတော့ ကိုင်ရတာပေါ့။

“အာ ဟေ့လူတွေ၊ ခင်ဗျားတို့ဟာက သေချာပါ့မလားဗျ၊ တော်ကြာလကျော်သွားရင် ပြဿနာတက်နေဦးမယ်၊ ရှင်းရခက်မယ်ဗျ”

“အာစိတ်ချပါကွာ ငါသိပါတယ်ကွ၊ ငါ့ကို ကိုကျော်ဇေယျ ပြီးခဲ့တဲ့ရက်ကပဲပြောပြီး တက်သွားတာ သူတို့ဆီကို ဒီအပတ်ထဲ ဗဟိုကနေ ပို့ပေးမယ်လို့ ပြောတယ်ဟ”

“ဒါဆိုလည်း ပြီးတာပဲ၊ ကျနော်က ကျနော်တို့တွေ နာမည်ပျက်နေမှာစိုးလို့ပါဗျာ”

အဲဒီလို မတတ်သာလို့ လိုက်လျောလိုက်ရသလိုလို။ အမှန်က ဟိုလူတွေ စကားမစရင် သူကစပြောတော့မှာ။

ပြောရရင် ဒါကအမြဲတမ်း ဖြစ်နေကြဇတ်လမ်း၊ ရှင်းပြမယ်ဆိုရင် ငွေကပြတ်နေပြီ၊ နောက်ထပ်ငွေက မရောက်သေးဘူး ဒီကြားထဲ ပေါက်ကြူကို ရောက်တုန်းရောက်ခိုက် တောအရက်လေး ဘာလေး မှီဝဲကြဖို့ စည်းရုံး တိုင်ပင်နေကြတာ၊ ဆိုလိုတာက ငွေမရှိတော့ ဒီလက်စွပ်လေးကို ကိုသိန်းစိုးမိန်းမဆီမှာအပ် သူ့ဆီက ဘတ်ငွေ၅၀၀ကိုယူ၊ ပြီးရင် အရက်လေးဘာလေးသောက်ပေါ့ လုပ်ပုံ။ နောက်မှ အတိုးသဘော ငွေနည်းနည်း ထပ်ဖြည့်ပြီး ပြန်ပေး၊ လက်စွပ်ပြန်ယူ အဲဒီလိုလုပ်နေကြ။

အရက်ဝယ်ရင်လည်း ပြောတော့သာ နည်းနည်းပါးပါးပါ၊ အောင်ဖေက ပိုပိုပြီးတော့ကို ဝယ်တတ်တယ်။ ဟာ မင်းကလည်းကွာ တလုံးခွဲတောင်ကုန်ပါ့မလားကွ ဘာညာဟိုလူတွေက ပြောရင်၊ ကျန်တော့လည်း နောက်ရက်ပေါ့ဗျာ ဆိုပြီး ဆင်ခြေပေးတာပဲ၊ ဒါပေမယ့် တခါမှ ကျန်တယ်မရှိပါဘူး၊ ကုန်ကို ကုန်စေရမယ်ဆိုတဲ့ အသိစိတ်နဲ့ မှီဝဲကြတာပါပဲ။ အဲဒီလိုပေါင်လိုက်၊ ငွေစလေးတွေကိုင်ပြီး စခန်းကိုပြန်လိုက် နောက်တခါ လုပ်စရာရှိတာ တက်လာလုပ်လိုက်နဲ့ အဆင်ကိုပြေနေရော။

အဲဒီလို ခဏခဏလုပ်ပါများလာတော့။ တရက် ထုံးစံအတိုင်း ညနေစောင်းလာတော့ အစောကပြောသလိုမျိုး ပြောကြရပြန်ကော၊ ဒီတခါတော့ အောင်ဖေက စဉ်းစားထားတဲ့အတိုင်း အစီအစဉ်ကို အပိုင်ပြောပြလိုက်တယ်။

“ဒီလိုဗျ ကျနော်စဉ်းစားထားတာက၊ အခုဒီကောင်ကို ခဏခဏဟိုလင်မယားဆီ အပ်လိုက်ပြန်ရွေးလိုက်ဆို အလုပ်ရှုပ်တယ်၊ မစို့မပို့နဲ့ဗျ၊ နောက်အဆင်ပြေမှ ပြန်လုပ်လည်းရတာပဲဗျ မဟုတ်ဘူးလား၊ တော်လှန်ရေးလုပ်ပြီး လက်စွပ်တဝင်းဝင်းနဲ့ သိပ်တော့ ပုံမလာဘူး၊ ကားဂိတ်ကဆိုင်မှာ တခါတည်းထုလိုက်မယ် ဒါဆို များများ စားစားရကော ခင်ဗျားတို့လည်း ရှေ့တန်းဆင်းရကာနီးဆိုတော့ ပိုအဆင်ပြေတာပေါ့ မဟုတ်ဘူးလား”

အဲဒီလိုပြောတော့ ဟိုလူတွေက အေးဒါဆိုမင်းသဘောပဲပေါ့၊ ဒါနဲ့အောင်ဖေ ရွှေဆိုင်ကိုချီတက်ပါလေကော၊ ဆိုင်ရောက်တော့ ကျနော်လက်စွပ်ရောင်းမယ်ဗျပေါ့လေ။ ဆိုင်ရှင်က သေချာစစ်တယ် ခင်ဗျားရောင်းမှာ သေချာလား၊ သေချာတယ် ဘယ်လောက်ရမလဲပေါ့။

“၄၅၀ရမယ်” တဲ့။

ဟာသွားပြီ အောင်ဖေထင်ထားတာက ဘတ်၁၅၀၀လောက်ရမယ်ထင်တာ၊ ဟိုကရှင်းပြပါတယ်၊ ထိုင်းရွှေဆိုရင်တော့ တမျိုးပေါ့၊ ခင်ဗျားဟာက မြန်မာရွှေ ပဲရည်ကလည်း ၁၅ပဲရည်၊ ထိုင်းဆို ၁၆ပဲရည် သူကဘတ်သားဗျ၊ ထိုင်းမှာဆို ဒီရွှေမသုံးကြဘူးတဲ့၊ အားပါးပါး သူပြောမှပဲ အလကားတောင် ပေးရတော့မလိုလို ဖြစ်သွားကော၊ မရောင်းချင်လည်း ပြန်ယူသွားလိုက်ညီလေး ဘာညာနဲ့ဆိုင်ရှင်ကပြောတော့ မထူးတော့ ပါဘူးဆိုပြီး အောင်ဖေငွေယူပြီး လှည့်ပြန်လာခဲ့တယ်။

ဟိုလူတွေကလည်း မျှောလင့်ချက်ကြီးတခွဲသားနဲ့ စောင့်နေကြတာ၊ အောင်ဖေပြောပြတော့ သူတို့လည်း အူကြောင်ကြောင်ဖြစ်သွားတယ်၊ မင်းကလည်းကွာ ဒါဆိုအပေါင်ဆုံးခံလိုက်ရင် ပိုတောင်ရသေးတယ်လို့ ပြောသူကပြောသေး၊ ဒီလိုလုပ်လို့တော့ ဘယ်ကောင်းမလဲဗျလို့တော့ အောင်ဖေက ရိုးသားချင်ယောင် ဆောင်လိုက်သေးတယ်၊ အဲဒီလို ဇတ်လမ်းပြတ်သွားမှ အပေါင်အရွေးကိစ္စတွေက ငြိမ်သွားတော့တာ။

(၃)

တခါတလေကြတော့ ထိုင်းစစ်တပ်ဂိတ်နားက မွန်ပြည်သစ်က ဦးစီးဖွင့်ထားတဲ့ မွန်အမျိုးသား အထက်တန်းကျောင်းကို သွားသွားလည်လေ့ရှိတယ်၊ အဲဒီမှာ မွန်ပညာရေးဌာနက သင်ရိုးအသစ်ဆွဲတာကို ပန်းချီလေးတွေလာဆွဲပြီး ကူညီပေးနေတဲ့ အေဘီက ကဗျာဆရာကိုဒေါင်းနီကြီးတို့၊ ဒေါက်တာကျော်ညွန့်တို့ တပ်က ကိုကျော်မင်းဦးတို့ ရှိကြတာကိုး၊ အဲဒီမှာသွားလည်ရင် အနည်းဆုံးကော်ဖီနဲ့ ဧည့်ခံလေ့ရှိတော့ သွားသွားလည်၊ ကော်ဖီသောက် စကားတွေပြောရင်း၊ တခါတခါ ဖြတ်သွားဖြတ်လာ ဆရာမတို့၊ ကျောင်းသူ ကြီးကြီးလေးတွေတို့ကို မသိမသာ သွားသွားငမ်းတတ်သေးတယ်၊ ဟိုလူတွေက လူကြီးတွေဆိုတော့ မသိချင်ယောင်ပဲ ဆောင်နေပါတယ်၊ ဘာမှသိပ်မပြောဘူး။ ကော်ဖီသောက်လို့ ကုန်ပြီဆိုရင် ဟာလုပ်စရာ ရှိသေးတယ်ဗျ မေ့နေလို့ဘာညာ အကြောင်းပြပြီး ပြန်လစ်တော့တာပဲ၊ စကားဆက် ပြတ်တယ်မပြတ်ဘူးတွေ သိပ်လည်းနားမလည်ဘူး အဲဒီလိုအောင်ဖေတို့အကျင့်က။

မွန်အမျိုးသားနေ့ဆိုတာက ဖေဖေါ်ဝါရီလထဲမှာ ရှိတယ်၊ အဲဒီလိုနေ့မျိုးဆိုရင် ပေါက်ကြူရွာမှာ ပျော်ပွဲရှင်ပွဲတွေ လုပ်လေ့ရှိကြတယ် ၁၉၉၃ခုနှစ် မွန်အမျိုးသားနေ့မှာတော့ အောင်ဖေတို့ပေါက်ကြူကို ရောက်နေတာနဲ့ သွားကြုံကော။

အခြားအစီအစဉ်တွေ ရှိသလို၊ ဘောလုံးပွဲလည်းရှိကြတယ်၊ ဒီဘောလုံးပွဲကို စခန်းကရဲဘော်တွေကလည်း တောင်းဆိုကြတာကြောင့် ရဲဘော်အချို့ကို ကိုငြိမ်းဦးစီးပြီး၊ အသင်းတသင်းအနေနဲ့ ပါဝင်ဆင်နွဲကြမယ်ပေါ့။

ရွာသားတွေလည်း ကျောင်းသားတွေက တသင်းပါမယ်ဆိုတော့ ပျော်သွားကြတော့တာပေါ့၊ ပညာရေးဌာန၊ ခရိုင်၊ ဗဟို၊ ပေါက်ကြူရွာ၊ ပယော်ရွာ၊ ထားဝယ်ခရိုင် အဲသလိုအသင်းတွေ ဖွဲ့ပြီးကန်ကြတာကိုး၊ အတော်တော့ ပျော်စရာကောင်းသား။ ရွာသားတွေက ထင်မြင်ချက်တွေ ကြိုပေးကြတယ်၊ ဘာတဲ့။

“ကျောင်းသားဆိုတာ ငယ်ငယ်ကတည်းက ဘောကန်လာတဲ့ကောင်တွေကွ၊ ဒီကောင်တွေ ဗိုလ်စွဲမှာ မြင်ယောင်သေးတယ်” အဲဒီလို မကြားတကြားပြောပြီး အားပေးကြတယ်၊ သူတို့ပြောမယ်ဆိုလည်း ပြောစရာကိုး၊ လူတွေကိုလည်းကြည့်ဦး အကောင်အကြီးကြီးတွေဖြစ်ကြတဲ့ ကိုရန်အောင်တို့၊ ကိုကျော်ဇေယျတို့၊ ကိုထူးချစ်တို့၊ ကိုဇော်မိုးကျော်တို့၊ အရပ်ဂင်တိုတိုနဲ့ တောင့်တဲ့ကိုလတ်တို့ စတိုင်တွေက တကယ့်ဘောသမားတွေမှန်း သိသာတာကိုး၊ ကိုကျော်ဇေယျဆိုရင် လက်ဖဝါးကို အမြင့်မှာမြှောက်ထား အဲဒါကို၎-၅ပေအကွာကနေ ထိအောင်ကန်ပြတတ်တယ်၊ သူကကျောင်းတုန်းက လက်ရွေးစင်လား ဘာလားမသိ။

ဒီနေရာမှာ တခုပြောပြရဦးမယ်၊ ပေါက်ကြူရွာက မွန်ပြည်သစ်ဆေးရုံဆိုတာက ဆရာမလှလှလေးတွေ အများကြီးထိုင်တယ်၊ အဲဒီထဲက အောင်ဖေတို့အရွယ် ဆရာမလေး ၂ယောက်တောင်ရှိတယ်၊ တယောက်က ညိုညိုလေး၊ တယောက်ကဖြူဖြူလေး ညီအမတဲ့။ အောင်ဖေက တခါတလေဌက်ဖျား ဖျားခါနီးပေမယ့် ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး စခန်းကနေပေါက်ကြူအထိ လိုက်တက်လာ ပေါက်ကြူရောက်မှ သူတို့ဆီသွား သွေးစစ်၊ ဆေးသောက် အဲဒီလို လုပ်လုပ်နေကြ၊ အဓိကတော့ အဖျားခံပြီး ငမ်းတာပေါ့လေ။ အသားညိုညိုလေးနဲ့ ဆရာမလေးသီတာက လှတာကိုး၊ အောင်ဖေ့စိတ်ထဲတော့ စိုးမြတ်သူဇာနဲ့ ဆင်သလိုလို။

ကျနော်ဖျားလို့ဆိုပြီး သွားပြောရင် ဆရာမလေးက အောင်ဖေ့လက်ကို ဖွဖွနဲ့အသာလေး လှမ်းကိုင်တော့တာပဲ၊ ပြီးတော့မှ စက္ကူအိတ်သေးသေးလေးထဲက ဓါးသေးသေးလေးကိုထုတ်တာ၊ အဲဒီအချိန်ဆို အဝေးကနေမဟုတ်ဘဲ အနီးကပ်ကြည့်ရတာဆိုတော့ ဘာပြောကောင်းမလည်း ဆရာမလေးကိုယ်သင်းနံ့လေးကော ညီညာပြေပြစ်တဲ့ မျက်နှာပြင်လေးနဲ့ မတွန့်မကွေး နုတ်ခမ်းလေးတွေ၊ နက်မှောင်ကြည်လဲ့နေတဲ့မျက်ဝန်း၊ ကြင်နာသနားတတ်တဲ့ မျက်လုံးအိမ်၊ ဆံပင်ရှည်လေးနဲ့ တည်ငြိမ်လှပတဲ့အပြုံး အကုန်လုံးကို သိမ်းကြုံးကြည့်နေမိတာပေါ့။

“အမလေး” ဒါက အဲဒီလိုငမ်းနေတုန်း ဆရာမလေးကဓါးချွန်လေးကို အောင်ဖေ့လက်ထိပ်ကို ဆတ်ကနဲထိုးဖောက်ပြီး သွေးထွက်အောင်လုပ်တော့တာကိုး၊ ဒီအချိန်မှသတိဝင်ပြီး နာလို့လန့်လန့်အော်တာ ရှက်ရကောင်းမှန်းလည်း မသိတတ်တဲ့အောင်ဖေ။

အဲဒီလို ဆရာမလေးတွေလည်း သေချာပေါက်လာကြည့်မှာဆိုတော့ ကိုရန်အောင်ဝယ်လာပေးတဲ့ ဆင်တူဘောကန် အင်္ကျင်္ီလေးတွေကိုဝတ်ပြီး အောင်ဖေတို့ ဟန်ရေးတပြပြပေါ့၊ ကိုယ်စွမ်းကိုယ်စ ပြရ ချေသေးရဲ့ပေါ့လေ။

ပထမဆုံးကန်မယ့်ပွဲက ပေါက်ကြူရွာနဲ့ ကျောင်းသားအဖွဲ့တဲ့။

ဟာဒါဆို ဂွင်ပဲ၊ ကိုငြိမ်းကိုပြောမယ် ငါလည်းကန်မယ်ပေါ့လေ၊ အောင်ဖေတက်ကြွနေတာ။

ဘောလုံးကွင်းကို မသွားခင် အောင်ဖေက ကိုငြိမ်းကိုသွားပြောတယ်။

“ကိုငြိမ်း ကျနော်လည်းကန်မယ်၊ ကျနော့်ကိုလည်း line up ထဲထည့်လေဗျာ”

အဲဒီလိုပြောတော့ ကိုငြိမ်းက ဘာမပြောညာမပြောနဲ့ အောင်ဖေ့မျက်လုံးကို အသာလေးဖြဲကြည့်တယ်။ လူတွေကလည်း အူကြောင်ကြောင် ဖြစ်သွားတာပေါ့၊ ဘောလုံးကန်မှာနဲ့ မျက်လုံးဖြဲကြည့်တာနဲ့ ဘာဆိုင်လဲပေါ့။ ပြီးတော့ ဘာမှလည်း မပြောဘူး သူ့ဘာသာလုပ်စရာရှိတာ လုပ်နေကော။ ဒါနဲ့ စိတ်မရှည်တော့ အောင်ဖေကနေ။

“ကိုငြိမ်းဘယ်လိုလဲဗျ၊ ကျနော်ပါမယ် မရဘူးလား”

“ဟေ့ကောင်အောင်ဖေ မရဘူး၊ ဆေးရုံမှာ သွေးခဏခဏ သွားဖောက်လို့ မင်းမျက်လုံးမှာ သွေးအား နည်းနေတယ် ကန်လို့မရဘူး” တဲ့။

အားလုံးက ဝါးကနဲ ပွဲကျသွားတော့တာပါပဲ၊ ဆရာမလေးတွေ သွားသွားငမ်းတာကို လူမသိသိအောင် လူကိုနှိပ်ကွပ်ပုံများ ကိုငြိမ်းနှယ်။

ဒါပေမယ့် ရွာသားတွေက ကြမ်းတယ်ဆိုတော့ အရန်အနေနဲ့ကစားပါကွာတဲ့။

ဘောပွဲက နေ့ခင်း၁၂နာရီကြီးကန်ရတာ ၂ရက်နဲ့ အပြီးကန်ကြမှာကိုး၊ ပွဲစတော့ ထင်ထားတဲ့အတိုင်း ရွာသားတွေကကြမ်းတယ်၊ ကိုယ့်ဆီကလူတွေက စစ်ဖိနပ်ပါးလေးတွေစီးပြီးကန်ပေမယ့် သူတို့ကခြေဗလာနဲ့ ရှုးရှုးဒိုင်းဒိုင်းကို ကန်ကြတာ၊ ဘာဘောလုံးမှ တည်ချိန်တောင် သိပ်မရဘူး၊ ကိုယ့်ဆီရောက်တာနဲ့ သူတို့ကပြေးဝင် ကျုံးကြတာဆိုတော့ ကိုယ်ကနေဘောထွက်အောင် မနည်းပြန်ပြန်ကန်နေကြရကော။

ဒါနဲ့ကန်ရင်းကန်ရင်း တဂိုးစီလားမသိ သရေကြပါလေကော၊ မိနစ်၃၀စီ ပထမပိုင်း ဒုတိယပိုင်း ကန်ကြတာကိုး။

ဒါကြောင့် ပယ်နယ်တီကန်ရမယ်ဖြစ်ကော၊ ပယ်နယ်တီကန်တော့ ကံကောင်းတယ်ပဲပြောရမလားမသိ၊ အောင်ဖေတို့ဘက်က ဂိုးဖမ်းတဲ့ ဦးအောင်သန်းကြီးကောင်းမှုကြောင့် အောင်ဖေတို့အဖွဲ့ နိုင်သွားတယ်၊ ရွာသားတွေက ပြောကြတာပေါ့။

“ငါပြောသားပဲ ကျောင်းသားဆိုတာ မွေးကတည်းက ဘောကန်လာတဲ့ကောင်တွေပါပေါ့”

အဲဒီလိုချီးကျူးခံရတော့ အောင်ဖေတို့တွေလည်း ပျော်ရတာပေါ့ နောက်ရက်ဆို မွန်ပညာရေးဌာနနဲ့ ကစားရတော့မယ်၊ ဘောလုံးပွဲက ရှုံးထွက်လေ၊ ဒီနေ့ပွဲမှာ အောင်ဖေတို့ နိုင်သွားတော့ နောက်ရက်ကြ အကြိုဗိုလ်လုပွဲသဘော ကန်ရမှာ ဗိုလ်စွဲတဲ့အထိက ၃ပွဲပဲကန်ကြရမှာ အသင်းကနည်းလို့။

နောက်ထပ်လည်း ဘာအသင်း ညာအသင်းတွေ ကန်ကြရသေးတယ်၊ အောင်ဖေတို့လည်း ရွာထဲက ကိုတင်နွယ်တို့လင်မယားနေတဲ့ ကင်းထောက်အိမ်မှာ ပြန်နားစမြုံ့ပြန်ကြတာပေါ့၊ အောင်ဖေကသိပ်တော့ သိပ်မကြည်ဘူး၊ ဘာလို့ဆို မကန်ရသေးဘူးလေ၊ အောင်ဖေမကန်တာကို ဆရာမလေးတွေ့သွားတော့ ဘောပွဲအားမပေးတော့ဘဲ ပြန်သွားရရှာတယ်၊ စိတ်ထဲတောင် အတော်ကိုမကောင်းဘူး။

အဲဒီလို ကိုယ့်ဘာသာ ပေါက်တတ်ကရ လျှောက်တွေးနေတာ၊ ဘယ်ကလာဟုတ်ရမှာလည်း၊ ဟိုကတာဝန်က ခဏနားတုန်း လာကြည့်တာနေမှာ၊ သူတို့က အလုပ်များက များရတဲ့အထဲ အောင်ဖေက ကိုယ့်ဘာသာဗူးကျပြီး ဖြေတွေးတွေးနေပုံက နာရင်းကြီးပဲရိုက်ဖို့တောင် ကောင်းတော့တယ်။

နောက်တရက် အောင်ဖေတို့ကျောင်းသားအဖွဲ့နဲ့ မွန်ပညာရေးဌာနအဖွဲ့နဲ့ ကန်ကြရကော၊ ဒီတခါလည်း ကိုငြိမ်းက အရန်ပဲနေတဲ့ အောင်ဖေက ကစားရမယ့် လူစာရင်းထဲမပါဘူး၊ တခုတော့ရှိတယ်၊ ပညာရေးဌာနက ကိုကျော်မင်းဦး အပါအဝင် ဆရာတယောက်နှစ်ယောက်ကလွဲရင် ကျန်တာကကျောင်းသားလေးတွေ အောင်ဖေလိုငပုထက် နည်းနည်းအရပ်ရှည်တာကလွဲရင် ဘော်ဒီက မတိမ်းမယိမ်း၊ ဆိုတော့ ဒီတခါတော့ ဒုတိယပိုင်းလောက်မှာ ငါကစားရမှာ သေချာပါတယ်ပေါ့လေ။

ဘောပွဲကစကန်တော့ အတော်ကိုကြည့်ကောင်းတာပဲ မနေ့ကလို ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ မဟုတ်ဘူး၊ ပညာသားပါပါ ကစားကြတာ၊ အပေးအယူ ဘောအထိမ်းအသိမ်း အပို့အဖမ်းကအစ သေသပ်ကြတယ်။

ရွာသားတွေဆိုလည်း ရွာလုံးကျွတ် လာအားပေးကြတာ၊ ပရိသတ်က မနည်းဘူး။ တဘက်အသင်းက တဘက်ဂိုးစည်းနားထိ ဘောလုံးဆွဲလာပြီဆိုရင် “ဝေးးးးး ဝေးးးးးးး” နဲ့ အားပေးကြတာ ဝက်ဝက်ကိုကွဲနေတာပဲ။

အောင်ဖေလည်း မကန်ရသေးခင် အားပေးတာပေါ့ ဘာရမလဲ။

ပထမဆုံးဂိုး စသွင်းပါလေကော၊ လက်ခုပ်သံတဖြောင်းဖြောင်း၊ လက်ခေါက်မှုတ်သံ တရွီရွီပေါ့ ဆူညံ နေတော့တာပဲ။

“ဟာသွင်းပြန်ပြီဟေ့ ဝေးးးးးးးးးးးးး”

“အားပါးကောင်းလိုက်တဲ့အလုံး လှမှလှ”

“ဟာ ခေါင်းတိုက်သွင်းတာဟေ့ နောက်တလုံးကွ”

အောင်ဖေလည်း အားပေးရတော့တာပေါ့ ဒီလောက် တဖုန်းဖုန်း သွင်းနေတာ အတော်ကိုကောင်းတာကိုး၊ လက်ခုပ်တီးရလို့ လက်တောင်ရဲနေတော့တာပဲ။

ပွဲသိမ်းတော့ ၇ဂိုး ဂိုးမရှိနဲ့ နိုင်သွားပါလေကော။

နိုင်သွားတာက ပညာရေးဌာနက၊ ဘယ်ကလာ အောင်ဖေတို့အသင်းက ဘောတောင်ခြေကပ်တယ်မှမရှိတာ ရှုံးပေါ့။ ပညာရေးဌာနက ကျောင်းသားလေးတွေကလည်း တလှစ်လှစ်နဲ့ ပြေးတမ်းလိုက်တမ်းကစားပြသွားတာ၊ ကိုကျော်မင်းဦးကလည်း ဘောကစားကောင်းဆိုတော့ ဘာပြောကောင်းမလဲ။

အောင်ဖေက သူမကန်ရတော့ တဖုန်းဖုန်းသွင်းနေတဲ့ ပညာရေးဌာနဘက်ကနေ အရန်အနေနဲ့ဝတ်ထားတဲ့ အကျီင်္ကိုချွတ်ပြီး အားပါးတရအားပေးနေခဲ့တာလေ၊ ကိုငြိမ်းကို ဆန္ဒပြတဲ့သဘောပေါ့။ အောင်ဖေတို့ သစ္စာကြီးပုံများ။

“ကျောင်းသားတွေကို အထင်ကြီးပြီး နိုင်မယ်ထင်လို့လောင်းမိတာ၊ ဘောလုံးတောင် မမိဘူး လခွီး ရှုံးပေါ့ကွာ” တဲ့၊ အကျီင်္ချွတ်နဲ့ ရွာသားတယောက် အောင်ဖေ့နောက်ကနေ ပြောသွားတာ။ မှတ်ကရော။

နောက်ပိုင်းတော့ ဆေးရုံမှာ ဘရိက်ဒန့်စ်ကတဲ့ အောင်ဖေအကြောင်း ဆက်လက်ရေးသားပါဦးမယ်။

သက်ခိုင်
(၂၀း၅၈)နာရီ
၂၇.၇.၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, သက်ခိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်