အောင်ဒင် – “မြန်မာ့လူ့အဖွဲ့အစည်းနှင့် ခွဲခြားဆက်ဆံခြင်းများ”၊ အပိုင်း (၁)

August 15, 2014

 (မဇ္ဇျိမနေ့စဉ်သတင်းစာ၊ ဇွန် ၁၀၊ ၂၀၁၄၊ အင်္ဂါနေ့၊ စာမျက်နှာ ၁၇)

အောင်ဒင် – “မြန်မာ့လူ့အဖွဲ့အစည်းနှင့် ခွဲခြားဆက်ဆံခြင်းများ”၊ အပိုင်း (၁)

#ခွဲခြား နှိမ့်ချ ဆက်ဆံခြင်းများ (Discrimination)

လူသားအချင်းချင်း တန်းတူညီမျှတယ်ဆိုတာကို လက်မခံပဲ လူတစ်ဦးက အခြားလူတစ်ဦးထက်၊ လူမျိုးတစ်မျိုးက အခြားလူမျိုးတစ်မျိုးထက်၊ လူ့အဖွဲ့အစည်းတစ်ခုက အခြားလူ့အဖွဲ့အစည်းတစ်ခုထက် ပိုပြီးမြင့်မြတ်တယ်၊ ပိုပြီးသာလွန်တယ်၊ ပိုပြီးတန်ဘိုးရှိတယ်လို့ ယုံကြည်ကျင့်သုံးကြတာကို “ခွဲခြားနှိမ့်ချ ဆက်ဆံခြင်း” (Discrimination) လို့ ခေါ်ပါတယ်။ အဲဒီ ခွဲခြားနှိမ့်ချ ဆက်ဆံခြင်းများက နိုင်ငံတစ်ခုအတွင်းနဲ့ နိုင်ငံတွေအချင်းချင်းကြားမှာ ကြီးမားတဲ့ ပဋိပက္ခတွေကို ဖန်တီးလှုံ့ဆော်ပေးပါတယ်။

ခွဲခြားနှိမ့်ချ ဆက်ဆံမှုတွေက နေရာတိုင်းမှာ ရှိနေပါတယ်။ လူသားများရဲ့ ကျား၊မ လိင်ကွဲပြားမှု၊ ချမ်းသာသူနဲ့ ဆင်းရဲသူ၊ အာဏာရှိနဲ့ အာဏာမဲ့၊ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံ၊ ၊ အားကြီးသူနဲ့ အားနည်းသူ၊ သန်စွမ်းသူနဲ့ မသန်စွမ်းသူ၊ အသားအရောင်၊ အသက်အရွယ်၊ ကိုးကွယ်ရာဘာသာတရား၊ လူမျိုးနွယ်စု၊ ယုံကြည်လက်ခံရာ နိုင်ငံရေးဝါဒ၊ ပါဝင်လှုပ်ရှားရာ နိုင်ငံရေးပါတီ၊ နေထိုင်ရာဒေသ၊ ပထဝီနိုင်ငံရေးစတဲ့ အခြေအနေများအားလုံးအပေါ်မှာ အခြေခံပြီး ခွဲခြားနှိမ့်ချ ဆက်ဆံမှုတွေ နေရာတိုင်းမှာ၊ အချိန်တိုင်းမှာ ရှိနေတာပါ။ ခွဲခြားဆက်ဆံမှုတွေ တည်ရှိခြင်းဟာ လူ့အဖွဲ့အစည်းအတွက်၊ နိုင်ငံတစ်ခုအတွက်၊ ကမ္ဘာကြီးအတွက် အန္တရာယ်ရှိတယ်ဆိုတာကို နားလည်ကြလို့ ကမ္ဘာပေါ်က နိုင်ငံတိုင်းလိုလိုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတိုင်းမှာ နိုင်ငံအတွင်းမှာ ခွဲခြားဆက်ဆံမှုများ မရှိစေရလို့ ပြဋ္ဌန်းထားတတ်ကြပါတယ်။

မြန်မာနိုင်ငံရဲ့  ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း အခန်း (၈)၊ ပုဒ်မ (၃၄၈) မှာ “နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ။” လို့ ပြဋ္ဌန်းထားပါတယ်။ ဒါပေမည့်လည်း အဲဒီလို ပြဋ္ဌန်းချက်တွေက လက်တွေ့ဘဝ မှာ ဖြစ်ပေါ်နေတဲ့ ခွဲခြားဆက်ဆံမှုတွေကို တားဆီးနိုင်စွမ်းမရှိပါ။

မျက်မှောက်ခေတ် ကမ္ဘာ့သမိုင်းမှာ ခွဲခြားဆက်ဆံမှုကြောင့် လူ့အဖွဲ့အစည်းအတွင်း ကြီးမားတဲ့ ပဋိပက္ခတွေဖြစ်ပြီး လူ့အသက်ပေါင်းများစွာ သေကြေပျက်စီးခဲ့ရတဲ့ အနိဋ္ဌာရုံအဖြစ်အပျက်တွေ အများကြီး ရှိခဲ့ပါတယ်။ အထင်ရှားဆုံးအချို့ကို ပြောရရင် အမေရိကန်ပြည်ထောင်စုမှာ အာဖရိကန်-အမေရိကန်များ ကျေးကျွန်ဘဝမှ လွတ်မြောက်စေရေးကို အခြေခံပြီးဖြစ်ခဲ့တဲ့ အမေရိကန်ပြည်တွင်းစစ် (၁၈၆၁-၁၈၆၅)၊ နာဇီဂျာမဏီ၏ ဂျူးဆန့်ကျင်ရေး လှုပ်ရှားမှု (၁၉၃၃-၁၉၄၅)၊  အမေရိကန်လူမည်းများရဲ့  ခွဲခြားဆက်ဆံခံရမှုများကို ဆန့်ကျင်တဲ့ နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှု (Civil Rights Movement)  (၁၉၅၄-၁၉၆၅)၊  တောင်အာဖရိကနိုင်ငံမှ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးလှုပ်ရှားမှု (၁၉၄၈-၁၉၉၁)၊ ဘော့စနီးယား လူမျိုးတုံးသတ်ဖြတ်မှု (၁၉၉၂-၁၉၉၅) ၊ ဆူဒန်နိုင်ငံ၊ ဒါဖား (Darfur) မှ လူမျိုးစုစစ်ပွဲများ (၂၀၀၃-၂၀၁၀)၊ တွေဖြစ်ကြပါတယ်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး (Amnesty International) က ခွဲခြားဆက်ဆံခြင်းဆိုတာဟာ “လူ့အခွင့်အရေးတည်ရှိမှုကို တိုက်ခိုက်ခြင်းဖြစ်တယ်။ ခွဲခြားဆက်ဆံခြင်းဆိုတာ လူအချို့ သို့မဟုတ် လူအုပ်စုအချို့ရဲ့  လူ့အခွင့်အရေးများကို ၎င်းတို့နဲ့ မထိုက်တန်ဘူးလို့ ငြင်းပယ်ခြင်းဖြစ်တယ်။ လူတစ်ယောက်ယောက်ကို လူထက်နိမ့်ကျတယ် (Less than human) လို့ ထင်မြင်ယူဆလိုက်ခြင်းဖြင့် အဲဒီလူရဲ့ လူ့အခွင့်အရေးများကို ငြင်းပယ်ရတာ သိပ်လွယ်လိမ့်မယ်” လို့ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ အမှန်တကယ်လည်း လူတစ်ဦးတစ်ယောက်၊ လူ့အုပ်စုတစ်စုကို အခြားသူတစ်ယောက်၊ အခြားအုပ်စုတစ်စုက သူတို့နဲ့ အသားအရောင်မတူလို့၊ သူတို့နဲ့ ကိုးကွယ်ရာဘာသာမတူလို့၊ သူတို့နဲ့ နေထိုင်ရာ နိုင်ငံမတူလို့၊ သူတို့နဲ့ လူမျိုးမတူလို့၊ သူတို့ထက် နိမ့်ကျတယ်လို့ ယူဆလို့ ခွဲခြား နှိမ့်ချဆက်ဆံကြတာပါ။

#ခွဲခြားဆက်ဆံမှု သံသရာ

တကယ်တော့လည်း ခွဲခြားနှိမ့်ချဆက်ဆံခြင်းရဲ့  ဆိုးဝါးကြမ်းကြုတ်မှုကို ကိုယ်တိုင် ခွဲခြားဆက်ဆံခံရမှပဲ နားလည်ကြမှာပါ၊ ကျနော်တို့ ရပ်ကွက်ထဲမှာ၊ ပါတ်ဝန်းကျင်မှာ တိုင်းရင်းသူအမျိုးသမီးတွေကို “ကရင်မ၊ မွန်မ၊ ရှမ်းမ” ဆိုပြီး ခေါ်ဝေါ်ဆက်ဆံကြတာ ရှိပါတယ်။ သူတို့ရဲ့  အမည်ရင်းတွေကို မခေါ်ကြသလောက်ပါ။ အချို့က ရိုင်းတဲ့ စိတ်နဲ့၊ နှိမ့်ချတဲ့စိတ်နဲ့ ခေါ်တာမဟုတ်ပဲ ချစ်စနိုးနဲ့ ခေါ်တာပါလို့ အကြောင်းပြပါတယ်။ ဒါပေမည့် အဲဒီလို လူတွေကို တိုင်းရင်းသူတွေက  ပြန်ပြီး “ဗမာမ” လို့ခေါ်ရင် သူတို့ကြိုက်နှစ်သက်ကြမယ် မထင်ပါ။ တရုတ်သွေးပါသူကို “တရုတ်”၊ အိန္ဒိယသွေးပါသူကို “ကုလား” လို့ ခေါ်ကြတာလည်း အစဉ်အလာဖြစ်နေပါပြီ၊ အဲဒီ “ကုလား” တွေ၊ “တရုတ်” တွေက ကျနော်တို့ကို “ဗမာ” လို့ ပြန်ခေါ်ရင် သည်းခံနိုင်ကြမယ် မထင်ပါ။ အဲဒီလို အခေါ်အဝေါ်၊ အသုံးအနှုံးတွေက မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ “ဗမာ” လူများစုက တိုင်းရင်းသားလူနည်းစုများ၊ နိုင်ငံခြားသွေးနွယ်သူများအပေါ် ခွဲခြားဆက်ဆံမှု ရှိကြောင်း သက်သေပြနေပါတယ်။

ပြည်ပနိုင်ငံများကို အကြောင်းအမျိုးမျိုးနဲ့ ထွက်ခွါ နေထိုင်ကြရတဲ့ အခါ ကျနော်တို့ “ဗမာ” တွေ နှိမ့်ချဆက်ဆံခံရတတ်ပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင် မြန်မာအလုပ်သမားတွေဟာ ထိုင်းအလုပ်ရှင်တွေက သူတို့ရဲ့ အမည်ရင်းကို မခေါ်ပဲ “ဖမ” လို့ ထိုင်းဘာသာနဲ့ ခေါ်တာကို မကြာခဏခံနေကြရတာပါ။ တရုတ်၊ ဟောင်ကောင်၊ တိုင်ဝမ်၊ စင်္ကာပူ၊ မလေးရှားစတဲ့ နိုင်ငံတွေမှာလည်း တရုတ်လူမျိုးအလုပ်ရှင်တွေက မြန်မာအလုပ်သမားတွေကို နံမည်မခေါ်ပဲ “မြန်တင်း” လို့ ခေါ်ကြတာကို ကိုယ့်ကိုခေါ်နေတာပဲလို့ လက်ခံကြရတာပါ။ စင်္ကာပူလေဆိပ်မှာ မြန်မာနိုင်ငံက အလုပ်သမားတွေကို ၊ နိုင်ငံကူးလက်မှတ် အနီရောင်ကိုင်ဆောင်သူတွေကို စင်္ကာပူ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက နှိမ့်ချဆက်ဆံတာကို မကြာခဏ တွေ့ဘူး၊ ခံစားဘူးခဲ့ပါတယ်။ အလုပ်ရှင်က ခေါ်တာမို့လို့၊ အလုပ်ရှင်မကြည်ဖြူရင် အလုပ်ထုတ်ခံရမှာစိုးလို့သာ ပြန်မပြောကြပေမည့် ဘယ်မြန်မာအလုပ်သမားမှ သူတို့ကို “ဖမ” လို့၊ “မြန်တင်း” လို့ ခေါ်တာကို ကြိုက်နှစ်သက်မယ် မထင်ပါ။

ကိုယ်တိုင်ခံစားဘူးသော်လည်း ကိုယ်ချင်းစာနာစိတ်မရှိရင် “ခွဲခြားဆက်ဆံခြင်း” ကို ရှောင်ကျဉ်ဖို့ ခက်ပါလိမ့်မယ်။ ပြည်ပနိုင်ငံတွေမှာ အဲဒီလို အနှိမ်ခံရတတ်တဲ့ မြန်မာတွေက သူတို့ကိုယ်သူတို့ “ရွှေမြန်မာ” လို့ ခေါ်ပြီး အခြားနိုင်ငံသားများကို အနည်းဆုံး စကားလုံးအသုံးအနှုံးနဲ့ နှိမ့်ချဆက်ဆံတတ်ကြပါတယ်။ ကိုယ့်ကိုယ်ကို “ရွှေ” လို့ခေါ်ကြတဲ့ မြန်မာနိုင်ငံသားတွေက ဖိလစ်ပိုင်တွေကို “ဖ-ဦးထုတ် တွေ”၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို “ဘ-ကုန်းတွေ” ၊ အိန္ဒိယနိုင်ငံသားတွေကို “ကုလား” တွေ၊ လက်တင်အမေရိကနိုင်ငံသားတွေကို “မြေပဲ တွေ”၊ “ပဲစားတွေ”၊ အာဖရိကန်နိုင်ငံသားတွေ၊ အမေရိကန်လူမည်းတွေကို “အမည်း” တွေ၊ ထိုင်းလူမျိုးတွေကို “ယ-ပက်လက်တွေ”၊ စသည်ဖြင့် အမည်ပေးခေါ်ဝေါ်တတ်ကြပါတယ်။ သူတို့အထင်ကြီးတဲ့ အနောက်နိုင်ငံသားတွေကိုတော့ ဟိုးလွတ်လပ်ရေးတိုက်ပွဲဝင်ကာလတုန်းကလို “ကုလားဖြူ” လို့ မခေါ်ကြ တော့ပါ။ “အဖြူတွေ” လို့ ပဲ ခေါ်ကြပါတယ်။ ကိုယ်ချင်းစာနာစိတ်မရှိတဲ့ အခါမှာ လူတစ်ယောက်ရဲ့  ခွဲခြားဆက်ဆံမှုကို ခံရသူကိုယ်တိုင်က သူ့ထက်နိမ့်ကျတယ်လို့ ယူဆတဲ့ အခြားတစ်ယောက်ကို ထပ်မံခွဲခြားဆက်ဆံခြင်းဖြင့် ခွဲခြားဆက်ဆံရေး သံသရာလည်နေတတ်ပါတယ်။ ဒီသံသရာကို မဖြတ်တောက်နိုင်တဲ့အခါ နာကျင်မှုတွေ ပေါက်ကွဲပြီး အကြမ်းဖက်မှုတွေ ဖြစ်ပေါ်တတ်ပါတယ်။

နအဖစစ်အစိုးလက်ထက်မှာ ထိုင်းအစိုးရနဲ့ ဆက်ဆံရေးအဆင်မပြေတဲ့ အချိန်မျိုးမှာ စစ်အစိုးရသတင်းစာတွေ၊ ရေဒီယို၊ ရုပ်မြင်သံကြား အသံလွှင့်ဋ္ဌာနတွေကနေ “ထိုင်း” နိုင်ငံလို့ မသုံးနှုံးပဲ “ယိုးဒယား” လို့ ခေါ်ဝေါ်သုံးစွဲပါတယ်။ စစ်အစိုးရအလိုတော်ရိ စာရေးဆရာများကလည်း အလောင်းဘုရား၊ ဘုရင့်နောင်လက်ထက်က မြန်မာတွေ “ယိုးဒယား” ကို ဘယ်လိုနိုင်ခဲ့ကြတယ်ဆိုတဲ့ သမိုင်းဟောင်းတွေကို ပြန်ရေးပြီး သတင်းစာတွေထဲမှာ ဖော်ပြကြပါတယ်။ ဒါပေမည့် ထိုင်းအစိုးရက မြန်မာနိုင်ငံကို “ဖမနိုင်ငံ” လို့ ပြန်ခေါ်တာ မရှိခဲ့ပါ။ အဲဒီလို ထိုင်းတွေဘက်က ခေါ်ရင်လည်း “ရွှေမြန်မာ” တွေ အကြီးအကျယ်ဒေါသထွက်ကြလိမ့်မယ် ထင်ပါတယ်။

တကယ်တော့ ခွဲခြားဆက်ဆံခြင်းဆိုတာဟာ နိုင်ငံတိုင်းလိုလိုမှာ၊ လူ့အဖွဲ့အစည်းတိုင်းလိုလိုမှာ ရှေးဟောင်းဆံတဲ့၊ ခေတ်နောက်ကျတဲ့ အယူအဆများနဲ့ အတူ ရိုးရာအစဉ်အလာတစ်ခုလို အမြစ်တွယ် တည်ရှိနေတာပါ။ သက်ဆိုင်သူများကိုယ်တိုင်က မိမိတို့ဟာ အခြားသူများကို ခွဲခြားဆက်ဆံနေမိမှန်း သတိမပြုမိအောင်၊ မိမိတို့ဟာ အခြားသူများရဲ့  ခွဲခြားဆက်ဆံမှုများကို ခံနေရမှန်း သတိမထားမိလောက်အောင်ကို၊ ဒါမှမဟုတ်လည်း ဘာမှ မထူးဆန်းတော့တဲ့ အဖြစ်အပျက်တစ်ခုလို အစဉ်အလာအနေနဲ့ တည်ရှိနေတာပါ။ အထူးသဖြင့် သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်၊ အာဏာရှင်စနစ်၊ စစ်အုပ်ချုပ်မှုတွေအောက်မှာ နှစ်ပေါင်းများစွာ တည်ရှိပြီး လူ့အခွင့်အရေးနဲ့ အလှမ်းဝေးခဲ့ရတဲ့ နိုင်ငံတွေမှာ ခွဲခြားဆက်ဆံခြင်းတွေ နက်ရှိုင်းစွာ တည်ရှိနေဆဲ ဖြစ်ပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံသားတွေက မြန်မာနိုင်ငံဟာ ယဉ်ကျေးသိမ်မွေ့တဲ့  ဗုဒ္ဓဘာသာလွှမ်းမိုးတဲ့ နိုင်ငံဖြစ်လို့ ဘာသာတရားရဲ့  အဆုံးအမအောက်မှာ နိုင်ငံသား အားလုံး တန်းတူညီမျှတည်ရှိကြတယ်။ အမျိုးသမီး၊ အမျိုးသား ခွဲခြားဆက်ဆံမှုများ မရှိကြဘူး။ လူများစုက လူနည်းစုအပေါ် အကြမ်းဖက်အနိုင်ကျင့်မှုတွေ မရှိဘူးလို့ ဂုဏ်ယူပြီး အထင်ကြီးတတ်ကြပါတယ်။ “ငါတို့ နိုင်ငံဟာ အယဉ်ကျေးဆုံး၊ ငါတို့လူမျိုးဟာ သတ္တိအရှိဆုံး၊ ငါတို့ကိုးကွယ်တဲ့ ဘာသာဟာ အမွန်မြတ်ဆုံး”၊ စသည်ဖြင့် ကိုယ့်ကိုယ်ကို အထင်ကြီးတာ၊ အမွှမ်းတင်တတ်တာကိုက ခွဲခြားဆက်ဆံခြင်းရဲ့  အကြောင်းတရားတစ်ခုဖြစ်ပြီး ကျနော်တို့ရဲ့  လူ့အဖွဲ့အစည်းအတွင်း တည်ရှိနေတဲ့ ခွဲခြားဆက်ဆံခြင်းများကို ဥပေက္ခာပြုထားသလို ဖြစ်နေပါတယ်။ နိုင်ငံသစ်တစ်ခုကို တည်ဆောက်ရာမှာ ခေတ်မီတဲ့ နိုင်ငံရေးစနစ်၊ စီးပွါးရေးစနစ်တွေ ပြောင်းလဲကျင့်သုံးရုံတင်မကပဲ နိုင်ငံသားများရဲ့  ယဉ်ကျေးမှု၊ အတွေးအခေါ်နဲ့ ခံယူချက်တွေကိုပါ ခေတ်နဲ့လိုက်လျောညီထွေ ပြောင်းလဲကျင့်သုံးဖို့ လိုအပ်ပါတယ်။ မိမိတို့ရဲ့  လူ့အဖွဲ့အစည်းကို မှန်မှန်ကန်ကန် ဝေဘန်သုံးသပ်ပြီး မကောင်းတဲ့  အစဉ်အလာ၊ အဆိပ်အတောက်ဖြစ်တဲ့ အတွေးအခေါ်နဲ့ မှားယွင်းသောယဉ်ကျေးမှုများကို ရဲရဲရင့်ရင့် ဖျက်သိမ်းပြီး ကောင်းမွန်ယဉ်ကျေးတဲ့  အလေ့အထများကိုသာ ပြုစုပျိုးထောင်အပ်ပါတယ်။ “ငါတို့သည် အကောင်းဆုံး၊ အမွန်မြတ်ဆုံး၊ အယဉ်ကျေးဆုံး” ဆိုပြီး ကိုယ့်ဖာသာကိုယ် အမွှန်းတင်ပြီး ကျေနပ်နေမည့်အစား “ငါတို့သည် ကမ္ဘာ့မိသားစုကြီးအတွင်းက တစ်ခုသော မိသားစုဝင်ဖြစ်တယ်။ ကမ္ဘာကြီးအတွင်းမှာ ငါတို့အပါအဝင် လူသားအားလုံးဟာ မတူကွဲပြားခြင်းများနဲ့ တန်းတူညီမျှ ရှင်သန်နေကြတယ်” လို့ နားလည်တတ်ဖို့ လိုအပ်ပါတယ်။

ဒါကြောင့်မို့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ အမြစ်တွယ်နေတဲ့ ခွဲခြားဆက်ဆံခြင်းများကို ဒီဆောင်းပါးမှာ ဖော်ထုတ်ဝေဘန်ပါမယ်။ ဒီလို ဝေဘန်ရာမှာလည်း မြန်မာ့လူ့အဖွဲ့အစည်းကို ပြစ်တင်ဖို့မဟုတ်ပဲ မကောင်းသော အစဉ်အလာများကို မကောင်းမှန်းသိပြီး ရုန်းထွက်နိုင်ဖို့နဲ့ ကောင်းမွန်မျှတသော အတွေးအခေါ်များနဲ့ ယဉ်ကျေးသော လူ့ဘောင်ကို တည်ဆောက်စေချင်တဲ့ စေတနာနဲ့ ဖြစ်ပါတယ်။ “ရွှေ မြန်မာ” တွေ “ရွှေစစ်စစ်” ဖြစ်စေဖို့ ရောနှောနေတဲ့ သတ္တုအညစ်အကြေးများကို ဆေးကျောဖယ်ထုတ်စေနိုင်ဖို့ ဖြစ်ပါတယ်။ နိုင်ငံသစ်၊ ခေတ်သစ်ကို တည်ဆောက်ရင်း ယဉ်ကျေးမှုတော်လှန်ရေးကို တပြိုင်တည်း ဆင်နွှဲနိုင်ဖို့ ဖြစ်ပါတယ်။

(မေ ၂၄၊ ၂၀၁၄)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး, အောင်ဒင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်