မောင်အောင်ထက် – ယာယီလျှောက်လမ်းပေါ်က တေးသံ (သို့မဟုတ်) ပန်းမွေ့ရာရွှေကော်ဇောပေါ် အိပ်စက်မိခြင်း

August 18, 2014

– ယာယီလျှောက်လမ်းပေါ်က တေးသံ (သို့မဟုတ်) ပန်းမွေ့ရာရွှေကော်ဇောပေါ် အိပ်စက်မိခြင်း
သြဂုတ် ၁၈၊ ၂၀၁၄
 

===================================

စာအုပ်အမည် •  ပန်းမွေ့ရာ ရွှေကော်ဇော
စာရေးသူအမည်  •  ဆောင်းဝင်းလတ်
အုပ်ရေ • ၁ဝဝဝ
တန်ဖိုး • ၈ဝဝ ကျပ်
မျက်နှာဖုံးပန်းချီ • သန်းဋ္ဌေးမောင်
ထုတ်ဝေသူ • ဦးသန်းမြင့် (လင်းလင်းစာပေ)
ဖြန့်ချိရေး • အားမာန်သစ်စာပေ
ထုတ်ဝေသည့်ခုနှစ် • ၂ဝဝ၅ ခုနှစ်၊ ဖေဖော်ဝါရီလ (ပထမအကြိမ်)
စာမူခွင့်ပြုချက်အမှတ် • ၅၈၃/၂ဝဝ၄ (၆)

====================================

“အသက်အရွယ် တဖြည်းဖြည်း ကြီးရင့်လာပြီဆိုတဲ့အခါ
လူမချမ်းသာရင် နေပါစေ၊
ရုပ်ခန္ဓာကျန်းမာဖို့နဲ့ စိတ်၏ ချမ်းသာခြင်းကို ရဖို့ကိုပဲ၊
တင်းတိမ်ရောင့်ရဲမှုကို တရားနဲ့ ရှုပြီး …
ပြဿနာအရှုပ်အရှင်းတွေကြားမှာ ကင်းကင်းပဲ နေသွားချင်တယ်”


လူ့လောကဆိုတာ အလွန်ရှည်လျားလှသည်ဟု ထင်ရသော်လည်း တိုတောင်းလှသည့် ခရီးလမ်းလေး တခုသာဖြစ်သည်။ ထိုခရီးတိုလေးတခုအပေါ်မှာ လျှောက်လှမ်းခဲ့ရင်း ပေါက်ဖွားတည်ရှိလာကြတဲ့ ဒုက္ခတွေ၊ သုခတွေနဲ့၊ ချစ်ခြင်းတွေ၊ မုန်းခြင်းတွေ၊ ဒါ့အပြင် လောဘတွေ၊ ဒေါသတွေဆိုတာကို အဘယ်သို့သော သူတွေကများ ကင်းလွတ်အောင် ရှောင်တိမ်းနိုင်ပါလိမ့်မလဲ။

တခါတလေတာ့လည်း ဒီခရီးတိုလေးပေါ်မှာ ကြည်နူးဖွယ်ရာတွေအပြည့်၊ ပျော်ရွင်ဖွယ်ရာအတိ၊ တခါတလေတော့လည်း စိတ်ပျက်ညည်းညူဖွယ်ရာတွေ အပြည့်နှင့်၊ အမှန် တကယ်ကိုပင် လူ့လောကသည်ကား သာမန်ကာလျှံကာ တွေး၍မရနိုင်သော အရပ်ဒေသ၊  ထိုထိုလောကသည်ကား ရလေလိုလေ အိုတစ္ဆေဟူသည့် စကားအတိုင်း၊ လောဘကို ဖက်တွယ်သွားမိကြရင် သဘာဝအတိုင်း၊ ရောင့်ရဲရန်လည်း အခက်သား။ ထို့အပြင် လိုလိုသမျှ အရာကို အလွယ်တကူပင် ရရှိနိုင်ရန်ဟူသည့် ဆန္ဒပြည့်ဝဖို့ရန်သည်လည်း အခက်သားပင်။

အတိမ်အနက်မညီသည့် လောကအပေါ် နှိုက်နှိုက်ချွတ်ချွတ်နဲ့ ကြည့်မိလေလေ ပို၍ ကမောက်ကမ နိုင်လေလေ ထင်ရသည်။

အိမ်ရှင် အိမ်ငှားတို့ဘဝကို နောက်ခံထား ခင်းကျင်းထားသည့် ပန်းမွေ့ရာ ရွှေကော်ဇောသည် အတန်ငယ်တော့ နူးညံ့မှုကင်းမဲ့လှသည်ဟု ဆိုရမည်။ မြို့ပြသည်ကား အမှန်တကယ်ပင် ကျယ်ပြန့်သလောက်၊ လူနေထူထပ်မှုနှင့်အတူ အခြေချနေထိုင်စရာ အိုးအိမ်တို့သည်လည်း တစုနှင့်တစု တင်းတင်းရင်းရင်း ပြည့်ကျပ်လျက်ရှိသည့် နေရာတခုပင် ဖြစ်သည်။ ထိုကဲ့သို့ လူဦးရေထူထပ်မှု ရှိသည်နှင့်အတူ အိုးပိုင်အိမ်ပိုင် မရှိသည်မှုမှာ မြန်မာပြည်၏ အခြားသော နေရာဒေသများထက်စာလျှင် မြို့ပြသည် လွန်စွာမှ များပြားသည့် နေရာတခုလည်း ဖြစ်သည်။ အခြားတဖက်တွင် မြို့ပြသည် ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့လာသူတို့နှင့် လူနေမှုစနစ်အဆင့်တို့ ထွန်းကာလာလျက် တစ,တစ စည်းကားလျက်ရှိသည်ဟု ဆိုရမည်။

“ခင်ရာဆွေးမျိုး၊ မိန်ရာဟင်းကောင်း” ဟူသည့် ဆိုစကားရှိသည့်အတိုင်းပင် အိမ်ငှားဘဝနှင့် ကျင်လည်နေရသည့် မောင်ငွေလင်း၊ မဝေတို့ မိသားစု၊ ဦးမောင်မောင်ဆင့်၊ ဒေါ်လေးအိတို့ လင်မယား နှစ်ယောက်တို့နှင့် ခင်မင်လာသည့်အခါ တဦးနှင့်တဦး ယုံယုံကြည်ကြည် ရင်းရင်းနှီးနှီး တိုင်ပင်ဖော်များ ဖြစ်လာကြသည်။ လူတို့သည် တဦးနှင့်တဦး အပြန်အလှန် မေတ္တာထားဆက်ဆံသည့်အခါ ရင်ထဲက အသံတို့သည် အလိုလိုလွင့်ထွက် လာတတ်စမြဲပင်။

စာရေးဆရာ၏ လူမှုရှုခင်းပေါ်က မေတ္တာနှင့်ယှဉ်၍ ဖွဲ့နွဲ့ထားသည့် သံယောဇဉ်သည် အေးချမ်းလွန်းလှသည်ဟု ထင်သည်။ ဆွေးမျိုးသားချင်းပင် မဟုတ်သော်လည်း တဦးနှင့်တဦးအကြား အပြန်အလှန် ထားရှိသည့် လေးစားသမှုနှင့် သံယောဇဉ်တို့ကို စာရေးဆရာ ထင်ဟပ်ပြသထားသည်မှာ သတိချပ်ဖွယ်ဖြစ်သည်။

လောကသဘာဝအရ သိုးအဖြူများကြားတွင် သိုးမည်းတို့သည် ညှပ်၍ ပါတတ်စမြဲဖြစ်သည်။ ထိုကဲ့သို့ပင် အဖြူနှင့် အမည်း၊ အလင်းနှင့်အမှောင်၊ အကောင်းနှင့် အဆိုးတို့သည် နေရာတိုင်းတွင် ရှိနေအောင် သဘာဝတရားကြီးက လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။  ထိုကဲ့သို့ပင် အကောင်းနှင့်အဆိုး၊ အဖြူနှင့်အမည်း၊ အလင်းနှင့်အမှောင်တို့သည် လူတို့အကြား လူးလာခေါက်ပြန်ပင် သွားလာလျက်ရှိသည်။

တောနယ်ဘက်ဆီကနေ မြို့ကြီး၊ ပြကြီးက မော်တာဒိုင်နမို ဆိုင်လေးတခုမှာ ထမင်းစား၊ ပညာသင်ဘဝဖြင့် တပည့်ခံပြီး ဆရာ့ဆီ မှီခိုကပ်နေရသူ မောင်ချိုလှိုင်နှင့် မိခင်ကသေ၊ လက်ကြောမတင်းတဲ့ ညီအကိုမောင်ဘွားတွေနဲ့ အသက်အရွယ်ကြီးနေပြီဖြစ်တဲ့ အဖေအိုကြီးတို့ဆီကနေ မြို့ပြမှာရှိတဲ့ အဒေါ်ဖြစ်သူဆီမှာ အိမ်အလုပ်ကူ၊ မီးသွေးရောင်းကူသူ အငယ်မိုးတို့ရဲ့ အတည်တကျမရှိလှတဲ့ ဘဝတွေနဲ့ ပန်းမွေ့ရာ ရွှေကောဇောသည် ဖြည်းဖြည်းမှန်မှန်နှင့် သက်ဝင်လှုပ်ရှား၍ လာခဲ့ရသည်။

မြို့ပြသည် ကျေးလက်နှင့်မတူ၊ လိုချင်တာရှိတိုင်း နောက်က ကပ်ပါလာတတ်သည့် အသပြာဟူသည့်အရာက မပြည့်စုံသူတို့အဖို့ ပြဒါတလမ်း သံတလမ်းနှယ်ပင်။ ထို့အပြင် ဝမ်းရေးထက် လွမ်းရေးကခက် ဆိုသည့်အတိုင်း၊ စားရေးထက် နေရေးက ပိုမိုခက်ခဲသည်ဟု ဆိုရမည်။ စာရေးဆရာ၏ အဓိကဇာတ်ကောင်းများဟု ဆိုနိုင်သည့် ကိုချိုလှိုင်နှင့် အငယ်မိုးတို့ အိမ်ထောင့်မြစ်ကြီးထဲ မျက်စိစုံမှိတ်ပြီး ခုန်ဆင်းလိုက်သည့် အချိန်၊ ၁ဝ နှစ်ကျော်ကျော် ကွာလွန်းလှသည့် ငယ်ရွယ်သူ အငယ်မိုး၏ အတ္တစိတ်တို့ တဖြည်းဖြည်းနှင့် ပုံသဏ္ဍာန်မှန် ရုပ်လုံးကြွလာသည့်အခါ၊ အဖြစ်သနစ်မှန်ကို သိသွားသည့် မောင်ချိုလှိုင် နောက်ပြန်ဆုတ်ရန် မစွမ်းသာတော့။

အမှန်တရားလက်ကိုင်ထားသူကို မမှန်တရား လက်ကိုင်ထားသူအဖို့ ရင်မဆိုင်ဝံ့သည်မှာ သဘာဝပင်။ မောင်ချိုလှိုင်၏ စိတ်ဆန္ဒတို့သည် ကျွံပြီးသော ခြေတလှမ်းအား ပြန်လည်နုတ်ယူလိုသော်လည်း သစ္စာ၊ မေတ္တာနှင့် ကျင့်ဝတ်တို့ကို အောင့်မေ့မိလေသောအခါ နှုတ်ဆိတ်နေရသူသကဲ့သို့ စာရေးဆရာက ပုံဖော်ခြယ်သထားသည်။

လူ့၏ အတ္တသည် အနည်းနှင့်အများဆိုသလိုပင် ရှိတတ်ကြသည်။ တခါတလေတွင် လူ့အတ္တတို့သည် ပုန်းလျှိုးကွယ်လျှိုးဖြင့် ငုံ့လျှိုးနေတတ်ကြသည်။ ငုံ့လျှိုးနေသည့် အတ္တတို့ကို မပေါ်ပေါ်အောင် အနားဝန်းကျင်က ပြုဖန်များလာသည့်အခါ၊ လူဟူသည် သွေးနှင့်သားနှင့် တည်ဆောက်ထားသည်သာဖြစ်သည်။ လိုအပ်လာသည့်အခါတွင် ကိုယ့်ဘက်မှာသာ ကိုယ်ရှိတတ်ကြသည်။ ကိုယ်ကျိုးစီးပွားနှင့် ယှဉ်တွဲလာသည့်အခါတွင် ကျေးဇူး၊ သစ္စာတို့သည် အလွယ်တကူပင် လွင့်ပျောက်ကုန်တတ်သည်။

စာရေးသူ၏ ဇာတ်ကောင်များဖြစ်သည့် ဦးမောင်မောင်ဆင့်နှင့် ဒေါ်လေးအိတို့၏ မောင်ချိုလှိုင် အပေါ်တွင်ထားသော စေတနာ၊ မေတ္တာတို့သည် မောင်ချိုလှိုင်၏ အတ္တနှင့် ယှဉ်လိုက်သည့် အခါတွင် လုံးပါးပါးလျက် ပျောက်ကွယ်မတတ် ဖြစ်ကုန်သည်။ စာရေးဆရာက ဇာတ်ကောင်တို့၏ စိတ်သဘောသဘာဝကို ပေါ်လွင်အောင်ခြယ်သ၍ စာဖတ်သူတို့ စိတ်ကို ဆွဲဆောင်ထားသည်။

လူ့ကျင့်ဝတ်သိက္ခာနှင့် လူမှုဝန်းကျင်ကို နားလည်ဟန်တူသည့် ဇာတ်ကောင်နှင့် မသိလိုက် မသိဘာသာအကျင့်နှင့် လူ့ယဉ်ကျေးမှုကို နားမလည်တတ်သည့် ဇာတ်ကောင်တို့၏ သဘောသဘာဝကိုလည်း စာရေးဆရာ၏ အဖွဲ့အနွဲ့အောက်တွင် အသက်ဝင်လှသည်ဟု ဆိုချင်သည်။ အသွင်မတူ စရိုက်မတူတို့ အတူတကွ ရှိနေတတ်ကြသည့် လူမှုဝန်းကျင်သည် အဆင်ပြေမှု နည်းမည်မှာ အမှန်ပင်ဖြစ်သည်။

လူ့လောကသည် နေရာတိုင်းတွင် အဆိုးတို့နှင့် ပြည့်နှက်နေသည်ဟု မဆိုသာပါ။ ယာယီ လျှောက်လှမ်းနေရသည့် ဘဝများတွင် အဖုအထစ်တို့သည် ဟိုတကွေ့တွင် မရှိလျှင် ဒီတကွေ့တွင် ရှိတတ်ကြစမြဲပင်ဖြစ်သည်။ ထိုထိုသော လောကကြီးထဲတွင် ဦးမောင်မောင်ဆင့်နှင့် ဒေါ်လေးအိတို့လို တဖက်သားအပေါ် ညှာတာစာနာတတ်သူများ ရှိသလို၊ မောင်ချိုလှိုင်နှင့် အငယ်မိုးတို့ကဲ့သို့ အတ္တကြီးသူများလည်း ပြည့်နှက်နေသည်။ လူကြီးသူမကို မိဘသဖွယ် ရိုသေလေးစားတတ်သည့် မောင်ငွေလင်းနှင့် မဝေတို့ကဲ့သို့ သူများသည်လည်း သူ့နေရာနှင့်သူ ရှိနေဦးမည်မှာ မလွဲဧကန်ပင်။ လူ့ဘဝရေချိန်သည် ဖော်ပြနိုင်စွမ်း မရှိလောက်အောင်ပင် ကျယ်ပြောလှသည်။ သို့သော်လည်း လူ့သက်တမ်းသည် တိုတောင်းလွန်းလှသည်ဟု ဆိုချင်သည်။ အမှန်တကယ်ပင် ယာယီ လျှောက်လမ်းနေရသည့် လမ်းတိုလေး ဖြစ်သည်။

ပန်းမွေ့ရာ ရွှေကော်ဇော၏ ပိုင်ရှင် ဆရာဆောင်းဝင်းလတ်သည် ၁၉၄၉ ခုနှစ်တွင် ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်တွင် အဖဦးဝင်း၊ အမိ ဒေါ်တင်လှတို့မှ ဖွားမြင်ခဲ့ပြီး မွေးချင်း ၅ ဦး ရှိသည်။ ပန်းချီ၊ အနုပညာကို ငယ်စဉ်ကတည်းက ဝါသနာပါသူ တဦးဖြစ်ပြီး၊ ၁၉၆၆ ခုနှစ်တွင် စိန်ဂျွန်းကျောင်းသားများ စုပေါင်းထုတ်ဝေသည့် “ဆည်းဆာညချမ်း ကဗျာလမ်း” ဟူသည့် ကဗျာစာအုပ်တွင် ပါဝင်ရေးသားခဲ့ပြီး စာပေလောကသို့ ခြေဆန့်ရန် ခြေလှမ်းပြင်ခဲ့သည်။

၁၉၇၃ ခုနှစ်မှ စတင်၍ ယနေ့အချိန်အထိတိုင် စာပေရေးသားလျက်ရှိပြီး သွေးသောက်၊ ရှုမဝ၊ ပေဖူးလွှာ၊ စန္ဒာ၊ မိုးဝေ၊ သပြေ၊ မဟေသီ၊ ကလျာ၊ စံပယ်ဖြူ၊ ရနံ့သစ်၊ လုံမလေး၊ မြဝတီ၊ ငွေတာရီ စသည့် မဂ္ဂဇင်းများတွင် ရေးသားခဲ့ပြီး၊ ၁၉၄၈ ခုနှစ်တွင် “ဘာကိုရွေးမလဲ ရွာကလေးရယ်” ဝတ္တုတိုကိုရေးသားပြီး၊ ၁၉၉၄ ခုနှစ်တွင် “ဘာကိုရွေးမလဲ ရွာကလေး ရယ်နှင့် အခြားဝတ္တုတိုများ” စာအုပ်ထွက်ရှိခဲ့၊ ထိုနှစ်အတွက် အမျိုးသားစာပေ ဝတ္တုတိုဆုကို ရရှိခဲ့သည်။ “ဘာကိုရွေးမလဲ ရွာကလေးရယ်” ဝတ္တုတိုအား အရှေ့တောင်အာရှဆိုင်ရာ စာပေဆုရဝတ္တုများစာအုပ် “Old Truth New Revolutions” တွင် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုဖော်ပြထားခဲ့သည်။

၂ဝဝ၁ ခုနှစ်တွင် ”လွမ်းလောက်ပေသည်” ဝတ္တုဖြင့် အမျိုးသားစာပေ ဝတ္ထုရှည်ဆုကို ရရှိခဲ့ပြီး ၂ဝဝ၃ ခုနှစ်တွင်လည်း ”နံနက် ၃ နာရီ” လုံးချင်းဝတ္တုရှည်ဖြင့် အမျိုးသားစာပေ ဝတ္တုရှည်ဆုကို ထပ်မံရရှိခဲ့ပါသည်။

ဆရာဆောင်းဝင်းလတ်၏ ထင်ရှားသော စာအုပ်အချို့မှာ  “ဘာကိုရွေးမလဲ ရွာကလေးရယ်နှင့် အခြားဝတ္ထုတိုများ”၊  “လွမ်းလောက်ပေသည်”၊ “နံနက် ၃ နာရီ”၊ “ပင်လယ်ပျော် လှဖေ” တို့ ဖြစ်ပြီး သူသည်  မဟေသီ၊ မြို့တော်၊ အဏ္ဏဝါ၊ ကြီးပွားရေး၊ ဇီဝက မဂ္ဂဇင်းနှင့် ပုလဲပန်းဂျာနယ်တို့တွင် အယ်ဒီတာအဖြစ် လုပ်ဆောင်ခဲ့သူ ဖြစ်သည်။

ပန်းမွေ့ရာရွှေကော်ဇောသည် အခြေအနေမတည်တံ့သေးသည့် လူမှုဝန်းကျင်လေး တခုပေါ်တွင် သန္ဓေတည် ပေါက်ဖွားလာသည်ဟု ဆိုသော်လည်း လူ့လောကကြီး တခုလုံးတွင် ဖြစ်ပျက်နေသည့် လောဘ၊ ဒေါသ၊ အတ္တနှင့် သည်းခံရောင့်ရဲနိုင်မှုတို့ကို ထင်ဟပ်လာအောင် ခြယ်မှုန်းဖော်ကြူးထားသည့် ခံစားမှုရသ လုံးချင်းဝတ္တုရှည် တပုဒ်ပင်ဖြစ်သည်။

လူဟူသည် လူမှုဝန်းကျင်နှင့် လူ့ကျင့်ဝတ်ပင်လယ်ကြီးထဲ ခရီးမဆုံးသရွေ့ အဆုံးအစမရှိ မြုပ်ချည်ပေါ်ချည်နှင့် စီးမျှောနေရဦးမည်မှာ ဧကန်ပင်ဖြစ်သည်။ ပန်းမွေ့ရာ ရွှေကော်ဇောသည် လူ့ဘဝအတွင်းက ဖြစ်လေ့ဖြစ်ထရှိသည့် အဖြစ်အပျက်များနှင့် လူ့ကျင့်ဝတ် အတိုင်းအတာ၊ အကန့်အသတ်တို့ကို သတိမူဖွယ်၊ သံဝေဂရယူဖွယ်ရာတို့ဖြင့် ရသဆန်သည့် အတွေးမျိုးသို့ တွန်းပို့ပေးထားသည့် ဝတ္တုရှည်ကောင်းတပုဒ် ဖြစ်သည်ဟု မြင်မိပါသည်။

ပန်းမွေ့ရာရွှေကော်ဇောထက်တွင် လူတိုင်းလူတိုင်း သက်တောင့်သက်သာ လဲလျောင်းနိုင်မည် မဟုတ်သည်မှာ အငြင်းပွားဖွယ်ရာမရှိ။ သုတနှင့်မတူသည့် ရသစာပေတို့သည် လူတို့အား ယဉ်ကျေးလာစေရန် တဖက်တလမ်းမှ စွမ်းဆောင်နိုင်သည်ဟု ဆိုထားသည်များလည်း ရှိပါသည်။ အမှန်တကယ်လည်း ထိုအတိုင်းပင် ဖြစ်ပါသည်။ တဦးနှင့်တဦး ခံယူချက်ချက်မတူသည့် ခရီးလမ်းပေါ်တွင် လျှောက်ချင်သလို၊ လျှောက်နိုင်သည်၊ သွားချင်သလိုသွားနိုင်သည်။ သို့သော် ယခုခရီးလမ်းအပေါ် လျှောက်လှမ်းနေသူတို့အဖို့ ကိုယ်သွားရာ ခရီးတလျှောက်ဆီက အဖြစ်အပျက်၊ အပြုအမူတို့ကို သတိမူမိချင်မှ မူမိပေလိမ့်မယ်၊  သိမ်းဆည်းနိုင်မှ သိမ်းဆည်းနိုင်ပေလိမ့်မည်။ ပန်းမွေ့ရာ ရွှေကော်ဇောသည် ထိုလိုအပ်ချက်များကို တစိတ်တဒေသ ဖြည့်ဆည့်ပေးနိုင်သည့်အပြင် လူ့လောကခရီးလမ်းအပေါ် ပါဝင်နေသည့် ခရီးသည်တို့အတွက် မတူကွဲပြားသည့် အတွေးစအချို့ကိုလည်း အရောင်တင် ခြယ်သပေးနိုင်စွမ်း ရှိလိမ့်မည်ဟု ယုံကြည်ပါသည်။

မှတ်ချက်။ ။  ၂၀၁၀ ခုနှစ်အတွင်းက မဇ္ဈိမသို့လည်း ပေးပို့ခဲ့ပြီးဖြစ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာအုပ်စင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်