Remembering Cartoon U AUNG Shein – Tu Tu Thar

October 30, 2013

လူ့စရိုက်သဘာဝကို သင်ပေးလိုက်တဲ့ ကျမရဲ့ အဘိုး ကာတွန်းဦးအောင်ရှိန်


တူးတူးသာ၊ (သူ့ဖေစ့်ဘွတ်ကနေ ကူးယူဖော်ပြပါတယ်) ၊ အောက်တိုဘာ ၃၀၊ ၂၀၁၃

အိုအေစစ် ဂျာနယ်မှာ အခန်းဆက်ရေးခဲ့တဲ့ ကျမနဲ့ ကျမရဲ့ဆွေမျိုး ကာတွန်းဆရာများ ထဲက ဒီနေ့ ကွယ်လွန်သွားပြီဖြစ်တဲ့ အဖိုး ဦးအောင်ရှိန် အကြောင်းလေးပါ။ 

ကာတွန်းအောင်ရှိန်ရဲ့ ၈၄ နှစ်ပြည့် မွေးနေ့မှာ

ကာတွန်းအောင်ရှိန်ရဲ့ ၈၄ နှစ်ပြည့် မွေးနေ့မှာ

ကလေးဘဝက စွဲလမ်းနှစ်သက်ခဲ့ရတဲ့ ကာတွန်းတွေနဲ့ ကာတွန်းဆရာကြီးတွေထဲမှာ ကျမ အတွက် ချန်လှပ်ထားလို့ မရတဲ့ သူတယောက် ရှိပါသေးတယ်။ သူက ကလေးအရွယ် ကျမအတွက် တော်တော်လေး အရေးပါခဲ့တဲ့သူတယောက် လို့လည်း ပြောလို့ရပါတယ်။ ကျမတို့ မောင်နှမတွေရဲ့ နွေရာသီ ကျောင်းပိတ်ရက်ရှည် စိတ်ကူးယဉ် အိပ်မက်တွေထဲမှာ မပါမပြီးတဲ့ ကာတွန်းဇာတ်ကောင်တွေကို ဖန်တီးပေးခဲ့တဲ့ သူကတော့ အဘိုး ကာတွန်းဦးအောင်ရှိန်ပါပဲ။

လူ့စရိုက်သဘာဝကို သင်ပေးလိုက်တဲ့ ကျမရဲ့ အဘိုး ကာတွန်းဦးအောင်ရှိန်

ကျမတို့နဲ့ ခေတ်ပြိုင် ကလေးဘဝ ဖြတ်သန်းခဲ့သူတွေ၊ ကာတွန်းစွဲလန်းခဲ့သူတွေ သိကြတဲ့အတိုင်းပါပဲ၊ အဘိုး ကာတွန်း ဦးအောင်ရှိန် ဖန်တီးခဲ့တဲ့ ဇာတ်ကောင်လေးတွေကို မှတ်မိကြဦးမှာပါ။

ဦးစိတ်တိုနဲ့ မျောက်ညို၊ စံပနဲ့ မယ်ခ၊ တီထွင်ပါရဂူ ဖိုးဆိတ်ဖြူ၊ တောတွင်းသား ကြာဇံနဲ့ မျောက်နီတာ၊ သူဌေးကြီး ဦးကပ်စေး၊ တိုက်ဂါးနဲ့ တူတော်မောင် ခင်မောင်သိန်းထွန်းဝင်း၊ စုံထောက်ကြီး ဦးရှံစားနဲ့ ဦးဒိန်းဒေါင် စသည်ဖြင့် အဘိုးရဲ့ ဇာတ်ကောင် တွေက များပြားလှသလို ကျမရဲ့ စိတ်ထဲမှာလည်း တယောက်ချင်း၊ ဇာတ်ကောင်တကောင်ချင်းစီရဲ့ စရိုက်လက္ခဏာတွေကို မှတ်မှတ်သားသား ဖြစ်နေခဲ့တာပါ။

ထူးခြားတာက အဘိုးဟာ ဇာတ်ကောင်တွေကို သီးခြားစီ ဖန်တီးတာဖြစ်ပြီး ကာတွန်းဇာတ်လမ်းတခုအတွက် အသုံးပြုတဲ့ ဇာတ်ကောင်တွေဟာလည်း သီးသန့်စီ ဖြစ်နေပါတယ်။

ကျမတို့ ကလေးဘဝရဲ့ နွေရာသီ စာကြည့်တိုက်ကြီးဖြစ်တဲ့ သန်လျင် မြို့မလမ်းထိပ်က ဓညင်းမြိုင် စာအုပ်အငှားဆိုင်ကြီးက ကျောင်းဖွင့်ချိန် တမိုးတွင်းလုံး၊ တဆောင်းတွင်းလုံး အောင့်အီးသည်းခံခဲ့ကြသမျှ ခံစားချက်တွေ ဖွင့်ဖောက်ချရာ နေရာဆိုတာ ရှေ့မှာ ဖော်ပြခဲ့ပြီးပါပြီ။ ကျောင်းဖွင့်ရက်တွေမှာ ဘာစာအုပ်တွေ အသစ်ထွက်လို့ ထွက်မှန်း သိခွင့်မရခဲ့တဲ့ ကျမတို့ မောင်နှမတွေဟာ နွေကျောင်းပိတ်ပြီဆိုတာနဲ့ ဓညင်းမြိုင်ကို အပြေးအလွှား သွားကြတော့တာပါပဲ။ အဲဒီမှာ ကျမတို့ မေးနေကျ ကာတွန်းဆရာ နာမည်တွေထဲမှာ အဘိုးဦးအောင်ရှိန်က ထိပ်ဆုံးစာရင်းထဲမှာ ပါပါတယ်။

ကျမတို့ကလေးတွေက တခါတလေမှာ ကာတွန်းဆရာ နာမည်တွေ မေးတတ်သလို တခါတလေလည်း ဇာတ်ကောင် နာမည်တွေနဲ့ မေးတတ်ကြပါတယ်။

“ဦးကပ်စေးအသစ် ထွက်ပြီလားဦး”
“ဦးစိတ်တို မျောက်ညို အသစ် ရှိသေးလား အန်တီ”

အဲဒီလိုကျမတို့က မေးတတ်သလို ကျမတို့ အကြိုက်ကို သိတဲ့ ဓညင်းမြိုင်ဆိုင်ရှင် ဦးလေးကြီးနဲ့ အန်တီကြီးကလည်း ကျမ ဆိုင်ကိုရောက်တာနဲ့ “ဖိုးဆိတ်ဖြူ အသစ်ထွက်တယ် သမီးရေ” ဆိုတာလိုမျိုး အသိပေးတတ်ပါတယ်။

တနေ့ကို ငွေသား တမတ်ထက် ပိုမဖြုန်းနိုင်တဲ့ ကျမတို့ မောင်နှမတွေအတွက်က တခါတလေ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်တတ်ကြပါတယ်။ ဖိုးဆိတ်ဖြူလည်း ဖတ်ချင်၊ အရိုင်းအသစ်ကလည်း ထွက်နေ၊ ဒီကြားထဲ ဦးသန်းကြွယ်ရဲ့ ဗလကြီး ဗလလေး ကာတွန်းစာအုပ်တအုပ်လည်း ရှာဖွေတွေ့ရှိထားပြန်၊ သမိန်ပေါသွပ် အသစ်ထွက်တာလည်း ဒီနေ့မယူလိုက်လို့ မနက်ဖြန်သူများဦးသွားမှာ စိုးရပြန် ဆိုတာလိုမျိုး ဒွိဟတွေဖြစ်ကြရတာပါ။

ကျမတို့ကသာ ကာတွန်းလောဘတွေ ကြီးချင်တိုင်း ကြီးခဲ့ပေမယ့် တကယ့်တကယ် ကျောင်းပိတ်ရက် မကုန်ခင် ဓညင်းမြိုင်က ဖတ်စရာ စာအုပ်တွေက ကုန်သွားတာချည်းပါပဲ။ ငှားဖတ်တဲ့ စာအုပ်တွေအပြင် အဖေ့စာအုပ်စင်က အရုပ်ပါတဲ့ စာအုပ် မှန်သမျှကော၊ လစဉ်ရတတ်တဲ့ တေဇ၊ တို့ကျောင်းသား စာစောင်တွေကော၊ တခါတလေ အဖေဝယ်ပေးတတ်တဲ့ ရွှေသွေးတွေပါ အထပ်ထပ်အခါခါ ဖတ်ပြီးသွားချိန်မှာ ကျမတို့ ကျောင်းတွေ ပြန်ဖွင့်ပြန်ပါတယ်။

ကျောင်းတွေ ဖွင့်လိုက် ပြန်ပိတ်လိုက်နဲ့ပဲ တဖြည်းဖြည်း အသက်တွေ ကြီးလာမှန်းမသိ ကြီးလာတဲ့အထိ ကာတွန်းတွေကို ချစ်ခင်ခဲ့ ဖတ်ခဲ့လိုက်တာ အခုအရွယ် ၄၀ ကျော်လာတဲ့အထိ ကာတွန်းစာအုပ်မြင်ရင် ကောက်မကိုင်ဘဲ မနေနိုင်တာပါ။ အခုအရွယ် ရောက်တဲ့အထိ စွဲလန်းနေဆဲ ဇာတ်ကောင်လေးတွေ အကြောင်း ပြန်စဉ်းစား၊ ပြန်ပြောကြတဲ့အခါ အရမ်းကို အပြစ်ကင်းပြီး ပျော်ရွှင်ရပါတယ်။

အဘိုးဦးအောင်ရှိန်ရဲ့ ဇာတ်ကောင်တွေ အကြောင်း ပြန်တွေးကြည့်လိုက်တော့ ငှက်ပျောခြံတခြံကို အခြေပြုပြီး တစက်ကလေးမှ မတည့်တဲ့ ဦးစိတ်တိုနဲ့ မျောက်ညိုက အရင်ဆုံး ခေါင်းထဲ ရောက်လာပါတယ်။ ကျမတို့ ငယ်ငယ်က ရုပ်မြင်သံကြား ဆိုတာတောင် ဘယ်ဆီနေမှန်းမသိသေးချိန် Tom & Jerry ဆိုတဲ့ ကြောင်နဲ့ကြွက် ကာတွန်းတွေကို ဘယ်လိုလုပ် ကြည့်ဖူးမှာတဲ့လဲ။ အဲဒီလို အချိန်မှာ ကျမတို့ကို အဘိုးက ဦးစိတ်တိုနဲ့ မျောက်ညိုကို မိတ်ဆက်ပေးခဲ့ တာပါ။ နှစ်လုံးပြူးကြီး တကားကားနဲ့ ထစ်ခနဲရှိ စိတ်တိုပြီး မည်းမည်းမြင်ရာ ပစ်မယ်ဆိုတဲ့ ဦးစိတ်တိုနဲ့ ဦးစိတ်တိုရဲ့ ငှက်ပျောခြံထဲက ငှက်ပျောသီးကိုမှ စားချင်တဲ့ ဉာဏ်များတဲ့ မျောက်ညိုတို့က ကျမတို့ကလေးတွေအတွက် မြန်မာဆန်တဲ့ မတည့်အတူနေ အတွဲပါပဲ။

မျောက်ညိုရန်ကြောင့် အိပ်ကောင်းခြင်း မအိပ်ရ စားကောင်ခြင်း မစားရတဲ့ ဦးစိတ်တိုရဲ့ စိတ်တိုတတ်ပုံက ကျမတို့ ကလေးတွေ အတွက် တော်တော်လေး ရယ်စရာ ကောင်းနေပါတယ်။ တခြားကလေးတွေတော့ မပြောတတ်ဘူး ကျမကတော့ ကလေး ဘဝက ဉာဏ်များတဲ့ မျောက်ညိုကို ဦးစိတ်တိုထက် ပိုအားပေးမိပါတယ်။

အဘိုးဦးအောင်ရှိန်ရဲ့ တချို့ ဇာတ်ကောင်တွေကို ကြည့်လိုက်ရင် အလွန်အကျွံ ဖွဲ့ထားတာကို တွေ့နိုင်ပါတယ်။ အဲဒီထဲက ကျမ မေ့မရတဲ့ ဇာတ်ကောင်ကတော့ ကတုံးပြောင်နဲ့ အလွန်အကျွံ ကပ်စေးနဲတဲ့ ဦးကပ်စေးပါ။ ဦးကပ်စေး ကာတွန်းတွေဆိုရင် ကျမ ဘယ်တော့မှ မလွတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဦးကပ်စေးအပြင် ကျမ အရမ်းစိတ်ဝင်စားတဲ့ တခြား ဇာတ်ကောင် တွေ၊ ဇာတ်ပို့တွေ တပါတည်း ပါဝင်နေတတ်လို့ပါ။ ဦးကက်စေးရဲ့ ကက်ပတိန် တိုက်ဂါးရဲ့ “ရက်စ် ဘော့စ်” ဆိုတဲ့ ခါးကော့ ရင်မော့ပြီး အလေးပြုဟန်ကို ကျမ အရမ်းသဘောကျပါတယ်။ နောက်တယောက်ကတော့ ဦးကပ်စေးရဲ့ တူတော်မောင် ခင်မောင်သိန်းထွန်းဝင်းပါ။ အဲဒါကတော့ ကျမ နာမည်ကို သဘောကျတာပါ။ ကျမတို့ လူငယ်ဘဝ ရောက်တဲ့အထိ ခါးရိုးရှည်ရှည် သူငယ်ချင်းတွေကို ခင်မောင်သိန်းထွန်းဝင်းလို့ နာမည်ပေးမိပါတယ်။

ဦးကပ်စေးရဲ့ ကပ်စေးနဲပုံကလည်း ကျမတို့ ကလေးတွေအတွက် တကယ်ကို ခွက်ထိုးခွက်လန် ရယ်စရာ ဖြစ်ခဲ့ပါတယ်။ မြေတိုက်ခန်းထဲမှာ ရှိတဲ့ ဒင်္ဂါးတွေထဲ ဒိုင်ဗင်ပစ်ပြီး အသေးတကာ့ အသေးဆုံးကို ရှာတဲ့ပုံကို ကျမခုထိ မမေ့သေးပါဘူး။ ဆီဖိုးကုန်မှာစိုးလို့ ကားကို မောင်းခွင့်မရဘဲ တွန်းပဲ တွန်းနေရတဲ့ တိုက်ဂါးကို သနားလည်း သနား ရယ်လည်း ရယ်မိပါတယ်။

ပိုက်ဆံကုန်စရာ တခုခုရှိတိုင်း “ဂစ်ဂစ်ဂစ်” လို့ အသံမြည်ပြီး တက်သွားတဲ့ ဦးကပ်စေး၊ ဆရာဝန်ခေါ်မယ်ဆိုတဲ့ အသံကြားရုံနဲ့ ပိုက်ဆံကုန်မှာစိုးလို့ သတိလစ်ရာက ပြန်ကောင်းလာတတ်တဲ့ ဦးကပ်စေးဟာ ကျမတို့ ကလေးတွေအတွက် ဖျော်ဖြေရေး ဇာတ်ကောင်ကြီးပါပဲ။

တောတွင်းသား တာဇံကို ပြောင်ထားတဲ့ ကြာဇံနဲ့ မျောက်နီတာ ဇာတ်လမ်းကိုလည်း ကျမ သဘောကျခဲ့ရပါတယ်။ အထူးသဖြင့် အဘိုး ဦးအောင်ရှိန်ရဲ့ ရုပ်ပြတွေထဲမှာပါတဲ့ အဆောက်အဦပုံစံ၊ အိမ်ပုံစံလေးတွေဟာ ကျမအတွက်တော့ စိတ်ကူးယဉ်စရာ၊ နေချင်စရာ အိမ်ကလေးတွေပါ။ ကြာဇံရဲ့ တောတွင်းသစ်ပင်ပေါ်က အိမ်ကလေးကို သဘောကျပြီး ကျမတို့ သန်လျင်ခြံထဲက ဓညင်းပင်ကြီးပေါ်မှာ စိတ်ကူးနဲ့ အိမ်တက်ဆောက်ဖို့ စဉ်းစားခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျမက သစ်ပင်မတက် တက်တော့ အဲဒီအကြံကို လက်လျှော့လိုက်ရပါတယ်။ ကျမ အစ်ကိုကလည်း အဲဒီအချိန်မှာ ဆယ်ကျော်သက် အရွယ် ရောက်နေပြီ ဆိုတော့ သစ်ပင်ပေါ် အိမ်ဆောက်ဖို့ထက် ဘောလုံးပြေးကန်ဖို့ကိုပဲ စိတ်ဝင်စားနေခဲ့တာပါ။ ကျမမောင် ကိုရဲ ၆ နှစ်၊ ၇ နှစ်လောက်မှာတော့ အဲဒီအကြံအစည်ကို အကောင်အထည် ဖော်ခဲ့ပါတယ်။

နောက်တယောက်ကတော့ တီထွင်ပါရဂူ ဖိုးဆိတ်ဖြူပါ။ လူလိုဝတ်ထားတဲ့ အဖြူရောင်ဆိတ်ကြီးရဲ့ တီထွင်မှုတွေက ကျမတို့ ကလေးတွေ အတွက်တော့ အံ့မခန်းပါပဲ။ ဒါပေမယ့် ဆိုးတာက ဖိုးဆိတ်ဖြူရဲ့ တီထွင်မှုတွေဟာ နောက်ဆုံးမှာ အလွဲလွဲ အချော်ချော် ဖြစ်ကုန်တာပါ။ ဘာပဲဖြစ်ဖြစ် ကျမတို့ ကလေးတွေအတွက်ကတော့ ဖိုးဆိတ်ဖြူရဲ့ တီထွင်မှုတွေဟာ အသစ်အဆန်းတွေချည်းပါပဲ။ ကျမတို့ ငယ်ဘဝ စိတ်ကူးယဉ်အိပ်မက်တွေ ထဲမှာ ဖိုးဆိတ်ဖြူရဲ့ ဓာတ်ခွဲခန်းလည်း ပါဝင်ခဲ့ ပါတယ်။ သိပ္ပံပညာ ဆိုတာကို ကလေးတွေရဲ့ စိတ်ထဲ မသိမသာ သွတ်သွင်းပေးခဲ့တဲ့ထဲမှာ ကျမရဲ့ အဘိုး ကာတွန်း ဦးအောင်ရှိန်လည်း ပါပါတယ်။ တီထွင်ပါရဂူ ဆိုတဲ့ စကားလုံးကိုလည်း ကလေးဘဝက တော်တော်လေး ပါးစပ်အရသာ တွေ့ခဲ့တာပါ။

နောက် စံပနဲ့ မယ်ခ လင်မယားနှစ်ယောက်ကလည်း ကျမတို့ ကလေးတွေအတွက် ရယ်စရာပါ။ မယ်ခက ဝတုတ်၊ စံပက ပိန်ညောင်။ ဇာတ်လမ်းတိုင်းမှာ မယ်ခက စံပကိုချည်း နိုင်နေတာကို သတိရမိပါတယ်။

အဘိုးဦးအောင်ရှိန်ကို ကျမ လူချင်းတခါမှ မဆုံဖူးပါဘူး။ ဒါပေမယ့် ကျမ ကလေးဘဝက ဖတ်စရာကာတွန်းတွေ ရေးခဲ့ပြီး ကာတွန်းဇာတ်ကောင်များစွာ ဖန်တီးပေးခဲ့တဲ့ အဘိုးကို စိတ်ထဲက ရင်းနှီးနေပါတယ်။ အဘိုး အသက်အရွယ် ကြီးလာလို့ ကာတွန်းတွေကို တယောက်တည်း မရေးနိုင်တော့တဲ့ အချိန်မှာ တပည့်တွေ ကူရေးပေးတယ်လို့ သိရပါတယ်။ အဲဒီအချိန်မှာ အဘိုးရဲ့ လက်ရာတွေကို မမီတော့တာ၊ ကျမစိတ်တိုင်းမကျနိုင်တော့တာမျိုး ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း အဘိုးရဲ့ လက်ရာကို အတုခိုးထားပေမယ့် အဘိုးဖန်တီးတာမဟုတ်တဲ့ တခြားဇာတ်ကောင်တွေ ပေါ်ထွက်လာခဲ့ပါတယ်။ ကျမ လုံးဝ မကြိုက်ပါဘူး။ အဲဒီလို နာမည်ကြီးသူတယောက်ရဲ့ လက်ရာကို အတုခိုးတာမျိုး ကျမတော်တော် စိတ်ပျက်ပါတယ်။ ကောင်းတာ၊ မကောင်းတာထက် ကိုယ်ပိုင်လက်ရာ သီးသန့် ဖန်တီးစေချင်မိပါတယ်။

အဲဒီကာလက ရုပ်ပြတွေ ခေတ်စားတဲ့အချိန်မှာ ကလောင်တခု နာမည်ကြီးလာရင် အဲဒီလိုမျိုး ခပ်ဆင်ဆင် တုပပြီး ဆင်တူရိုးမှား ကလောင်တွေ၊ ခပ်ဆင်ဆင် လက်မှတ်တွေနဲ့ ထွက်လာတာတွေ အများကြီးတွေ့ရပါတယ်။ ကျမကတော့ ကလေးကတည်းက အတုကို အားမပေးပါဘူး။ အတုတွေကို ကြည့်ရတာ ကလေးတယောက် အနေနဲ့ တော်တော်လေး မအီမသာ ဖြစ်မိပါတယ်။ အစစ်တွေပဲ များများ ထွက်လာစေချင်မိပါတယ်။ ဒါက ကျမရဲ့ တဘက်သတ် ကလေးတွေပါ။ တဘက်ကတော့ အဘိုးတို့ ကာတွန်းဆရာတွေ အနေနဲ့ အသက်အရွယ်ကြီးရင့် လာတာနဲ့ အမျှ ဖန်တီးမှု စွမ်းအား မကျတောင် အရေအတွက် အားဖြင့် ထုတ်လုပ်မှု စွမ်းအားတွေ ကျဆင်းလာနိုင်တယ် ဆိုတာ နောက်ပိုင်းမှ သတိပြုမိတာပါ။ အခုလို ကွန်ပျူတာတွေ ခေတ်စားတဲ့ အချိန်မျိုးဆို အဘိုးဦးအောင်ရှိန်တို့လို ကာတွန်းဆရာတွေ အနေနဲ့ စက်ကို အသုံးချပြီး အရေအတွက် များများ ဖန်တီးနိုင်မယ် ထင်ပါတယ်။

ပြောလို့သာ ပြောရတာပါ။ အဘိုးဦးအောင်ရှိန်ဟာ ကျမတို့ ကလေးတွေအတွက် မရေမတွက်နိုင်တဲ့ ကာတွန်းစာအုပ်တွေကို သူ့ဇာတ်ကောင်တွေနဲ့တကွ ဖန်တီးပေးခဲ့တာပါ။ အဲဒီလို ကာတွန်းစာအုပ်တွေ အပြင် ရုပ်စုံ စာစောင်တွေဖြစ်တဲ့ တေဇ၊ ရွှေသွေး၊ တို့ကျောင်းသား စတာတွေမှာလည်း ဇာတ်လမ်းတိုလေးတွေ အဘိုးရေးခဲ့ပါတယ်။

၂၀၀၅၊ ၂၀၀၆ လောက်က ကျမတို့ ဂျာနယ်လစ်တစု ပုပ္ပားကို သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ ဂျာနယ်လစ်ဇင် သင်တန်း သွားတက်တော့ တရက် ပုပ္ပားတောင်မကြီးကို တက်ရပါတယ်။ အဲဒီမှာ ဒုတိယအမြင့်ဆုံး တောင်ထိပ်ကို ရောက်တဲ့အချိန် ဘွားခနဲ မြင်လိုက်ရတဲ့ မြင်ကွင်းကိုကြည့်ပြီး ကျမပါးစပ်က တခု လွှတ်ခနဲ ထွက်သွားမိပါတယ်။

“ဦးဒိန်ဒေါင်ခေါင်းနဲ့ တူတဲ့ တောင်ကြီး” လို့ ကျမ ပြောလိုက်တာပါ။ ကျမနဲ့အတူပါတဲ့ စာရေးဆရာ၊ ဆရာမတွေ၊ ဂျာနယ်လစ်တွေ သတိရဦးမယ် ထင်ပါတယ်။ ရုတ်တရက် ကျမတို့ ရောက်သွားတဲ့ တောင်ကြီးက တဘက်က လေကွယ်၊ နေကွယ်၊ အအေးဓာတ်ပိုရတော့ စိမ်းစိမ်းစိုစို မြင်ကွင်းဖြစ်နေပြီး တဘက်ကတော့ လေဒဏ်နေဒဏ် အပြည့်အဝ ခံစားနေရလို့ မြက်ခြောက် ဝါဝါတွေပဲ ရှိတဲ့ မြင်ကွင်းကို တောင်ထိပ်ရောက်နေတဲ့ ကျမတို့ ကွက်ကွက်ကွင်းကွင်း မြင်ကြရတာပါ။ အဲဒါကို မြင်မြင်ချင်း ကျမစိတ်ထဲ အဘိုးဦးအောင်ရှိန်ရဲ့ ကာတွန်းဇာတ်ကောင် ဦးဒိန်းဒေါင်ကို ရုတ်တရက် သွားသတိရမိလို့ပါ။

“မှားတဲ့အခါလည်း မှားပေမပေါ့” ဆိုတဲ့ စုံထောက်ကြီး ဦးရှံစားရဲ့ စကားကို ကျမ အခုအချိန်အထိ သဘောကျဆဲ။ အမြဲတမ်း မှားနေတတ်တာတောင် မလျှော့ဘဲ “မှားတဲ့အခါလည်း မှားပေမပေါ့” လို့ ခပ်တည်တည်ပြောရင်း အမှုသည်တွေရဲ့ ရန်က ရှောင်ရရှားရတဲ့ ဦးရှံစားကို ကျမ ချစ်ပါတယ်။ ဦးရှံစား လွဲသမျှ မညည်းမညူ ဘေးက လိုက်လွဲပေးနေရတဲ့ ဦးဒိန်းဒေါင်ရဲ့ ဇာတ်ကောင် စရိုက်ကိုလည်း ကျမသဘောကျပါတယ်။

ဦးရှံစားနဲ့ ဦးဒိန်းဒေါင်က ဆရာကြီး ရွှေဥဒေါင်းရဲ့ စုံထောက်ကြီး ဦးစံရှားနဲ့ ဦးသိန်းမောင်ကို နောက်ပြောင်ပြီး ဖန်တီးထားတဲ့ ဇာတ်ကောင်တွေ ဆိုတာကတော့ ကျမ နည်းနည်းကြီးမှ သိတာပါ။ အရပ်မြင့်မြင့် ခန့်ခန့် ဦးစံရှားအစား အရပ်ပုပု ခေါင်းပေါင်း မတန်တရာနဲ့ မှန်ဘီလူး တလက်ကိုင်ထားတဲ့ ဦးစံရှားက ကျမရဲ့ ကလေးဘဝထဲ အရင်ရောက်ခဲ့တာကိုး။

ဒါပေမယ့် ဦးဒိန်းဒေါင်ရဲ့ ခေါင်းက ဘာကြောင့် တဘက်ဖြူ တဘက်မည်း ဖြစ်နေရတယ်ဆိုတာ ကျမ အခုအထိ မသိပါဘူး။ အဘိုး ဦးအောင်ရှိန်က ဘယ်လိုသဘောနဲ့ အဲဒီလို ရေးဆွဲခဲ့တယ်ဆိုတာ ကျမ သဘောမပေါက်တာပါ။ ဒါပေမယ့် အဲဒီလို တဘက်ဖြူ တဘက်မည်းနေတဲ့ ဆံပင်ကပဲ ဦးဒိန်းဒေါင်ရဲ့ လိုဂို ဖြစ်ခဲ့ပါတယ်။ ပဲပြုတ်သည် ဒေါ်အာကျယ်ရဲ့ ပဲပြုပ်ကြွေး မပေးနိုင်လို့ ပုန်းရတာတွေ၊ အမှုကို အလွဲလွဲအချော်ချော်တွေ လိုက်မိလို့ အမှုသည်နဲ့ လွတ်အောင် ပြေးရတာတွေဟာ ဦးစံရှားနဲ့ ဦးဒိန်းဒေါင်ရဲ့ စရိုက်တွေပါပဲ။

ကျမတို့ ဆယ်တန်းမှာ အဖေက သင်္ချာသင်တော့ ကျမတို့ တွက်တဲ့ ပုစ္ဆာမှားသွားရင် ကျမက ဦးစံရှားရဲ့ လေကိုတုပြီး “မှားတဲ့အခါလည်း မှားပေမပေါ့လို့” အဖေ့ကို အထွန့်တက်ပါတယ်။ အဖေက ဘာပြန်ပြောလဲဆိုတော့ “မှားတဲ့အခါလည်း များပေမပေါ့ မဖြစ်ဖို့ အရေးကြီးတယ်” တဲ့။ တခါတလေ မှားတာက ပြဿနာမဟုတ်ပေမယ့် ခဏခဏ မှားရင်တော့ ပြဿနာ ဖြစ်လာမယ် ဆိုတဲ့သဘောပါ။

အခုအချိန်အထိ တခုခု မှားသွားတိုင်း အဘိုးဦးအောင်ရှိန်ရဲ့ စုံထောက်ကြီး ဦးစံရှားကို သတိရမိပါတယ်။ “မှားတဲ့အခါလည်း မှားပေမပေါ့” ပြောဖို့ကြံတိုင်း အဖေပြောသလို “များပေမပေါ့” မဖြစ်စေနဲ့လို့လည်း ကိုယ့်ကိုယ်ကိုယ် သတိပေးမိပါတယ်။

အဘိုးရဲ့ ဇာတ်ကောင်တွေဟာ ကလေးတွေ မဟုတ်ဘဲ လူကြီးတွေချည်း ဖြစ်နေတာ နောက်ပိုင်း ကျမှ သတိထားမိတယ်။ ကျမလူကြီးဖြစ်လာတော့ ကျမရဲ့ ဝန်းကျင်မှာ ဦးကပ်စေးတွေ၊ ဦးစိတ်တိုတွေ၊ မျောက်ညိုတွေ၊ ခင်မောင်သိန်းထွန်းဝင်းတွေ၊ စံပ၊ မယ်ခတွေ၊ “ရက်စ်ဘော့စ်” ဆိုတဲ့ တိုက်ဂါးတွေနဲ့ ခဏခဏ မှားနေတဲ့ ဦးစံရှားတွေ အများကြီး ရှိနေတာကို တအံ့တသြ သိလိုက်ရပါတယ်။ အဘိုးဟာ လူတွေရဲ့ စရိုက်ကို ကျမတို့ ကလေးဘဝကတည်းက သင်ပေးလိုက်တာပဲလို့လည်း တွေးမိပါတယ်။

အခု ပြန်စဉ်းစားကြည့်တော့ အဘိုးဦးအောင်ရှိန်ရဲ့ ကာတွန်းတွေက လွဲတာတွေ၊ မှားတာတွေကို ဟာသလုပ်ခဲ့ပေမယ့် ကျမတို့ ကလေးတွေအတွက် အဘိုးရဲ့ စေတနာကတော့ လုံးဝ မလွဲခဲ့မမှားခဲ့တဲ့အပြင် မှန်လွန်းခဲ့ပါတယ်။ အဘိုးကို လေးစား ဂုဏ်ပြုရင်း ကျမချစ်တဲ့ အဘိုးရဲ့ ဇာတ်ကောင်လေးတွေကို ပြန်လည် တူးဆွလိုက်ခြင်းသာ ဖြစ်ပါတယ်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Memories

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်