ဖိုးထက် – ရပ်၊ ကြည့်၊ သွား မန္တလေး

August 19, 2014

ဖိုးထက် – ရပ်၊ ကြည့်၊ သွား မန္တလေး
သြဂုတ် ၁၉၊ ၂၀၁၄

ကိုမြင့်တိုး တစ်ယောက် မန္တလေး မရောက်တာ သုံးနှစ်ကျော်ပြီ။ သုံးနှစ်ဆိုတဲ့ အချိန်အတိုင်း အတာက ဘာမှ ကြာတာ မဟုတ်။ ဒါပေသိ သူ့လို့ မန္တလေး သံယောဇဉ်ကြီးသူအတွက် မန္တလေးနဲ့ ခွဲပြီး ရေခြား မြေခြားမှာ တစ်လလောက် နေရတာလောက်ကိုပင် အကြာကြီး ထင်တဲ့သူ။ လူလိုလို ငှက်လိုလို သတ္တ၀ါတွေ ဖြစ်ကြသည့် ကိန္ဒရာ မောင်နှံသည်ပင်လျှင် တစ်ညလောက် ခွဲရတာကို နှစ်ပေါင်း ခုနှစ်ရာ မပြီးနိုင် မစီးနိုင် ငိုကြတယ်လို့ စာတွေထဲမှာ သူဖတ်ဘူးသည်။ သူက လူ စင်စစ်။ ပြီးတော့ နှလုံးသားရှိသည်။ နောက်ပြီးတော့ မန္တလေးမြို့ကြီးက အသည်းနှလုံး ရှိသော သက်ရှိ မြို့ကြီး လို့ သူက ခံယူထားသည်။ သူ့မြို့ကြီးကို သူက လွမ်းလို့ မဆုံး ရှိနေတတ်သည်။

ကိုမြင့်တိုး နဲ့ မန္တလေးက တကယ်ဆိုရင် သွေးမတော် သားမစပ်။ သူ့ချက်မြုပ်ရာ အရပ်က ဟိုး စစ်ကိုင်းတိုင်းထဲက ချောင်ခပ်ကျကျ မြို့လေးမှာ။ သူ တစ်နှစ်သားမှာ သူ့အမေ အစိုးရ၀န်ထမ်းက မန္တလေးကို Posting ကျသည်။ အဲဒီကတည်းက မန္တလေးမှာဘဲ မူလတန်း၊ အလယ်တန်း။ တက္ကသိုလ် ဘွဲ့ရသည်အထိ။ မန္တလေးရဲ့ မွေးစားသား။ သူ့အမေနဲ့ သူ့အမတွေလဲ လွဲရင် သူ့ကို အားလုံးက မန္တလေးသားလို့ဘဲ သိကြတာ။ တိုင်းတပါးတွေမှာ အလုပ်တွေ လုပ်ရင်း မြန်မာအချင်းချင်း ဆုံကြရင် သူပြောနေကြက “ကျွန်တော် မန္တလေးကပါ” တဲ့။ အမှန်မပြောလို့ လူလိမ်လို့ ဆိုဖို့တော့ ခပ်ခက်ခက်။ ဘာလို့လဲ ဆိုတော့ သူ့မျက်နှာပေးကြောင့်ပေါ့။ မန္တလေးကပါ လို့ ပြောရင်း သူ့မျက်နှာပေးမှာ ကျေနပ် နှစ်သိမ့်တဲ့ အပြုံးက မန္တလေးကို သူဘယ်လောက် တွယ်တာကြောင်း အသိသာကြီးကိုး။

နန်းတော်ရှေ့ဆရာတင် ရေးတဲ့ သီချင်းလေး တစ်ပိုင်း တစ်စကိုတောင် သူက တစ်ခါ တစ်ခါ ပါးစပ်က အသံထွက်ဆိုပြီး ညည်းတတ်သေးတာ။ “မန္တလေး… ကျွန်တော်တို့ ရွှေမန္တလေး… ချမ်းအေးပူအိုက်… အောက်သူတွေ လိုက်ခဲ့ရမယ်… မောင်တင်မဆို” ဆိုတဲ့ သီချင်းလေးကို ရင်ဘတ်ကြီးနဲ့ ခဏ ခဏ ဆိုတတ်သေးတာ။

လူတွေမှာ နိုင်ငံစွဲ၊ လူမျိုးစွဲ၊ ရွာစွဲ၊ ရပ်ကွက်စွဲ၊ ဘာသာစွဲ စတဲ့ အစွဲ အလမ်းတွေ ရှိတတ်တာ မဆန်းဘူး မို့လား။ ကိုမြင့်တိုးက သူ့ချက်မြုပ်မဟုတ်တဲ့ မြို့ကြီးကို ချစ်တာ လွန်တယ်လို့ မဆိုသာပါဘူး။ မန္တလေးသူ ဆရာမကြီး ဒေါ်အမာနဲ့ အိမ်ထောင်ကျခဲ့တဲ့ ပဲခူးတိုင်းသား ဆရာကြီး လူထုဦးလှတောင် သာမန် မန္တလေးသားတွေ မချစ်နိုင်တဲ့ စိတ်ထားနဲ့ မန္တလေးကို ချစ်ခဲ့ပြီး ကောင်းကျိုးတွေ ပြုခဲ့သေးတာဘဲ။ ကိုမြင့်တိုးလို မန္တလေးမှာ လူမှန်း သိတတ်ကတည်းက စက်ဘီးတစ်စီးနဲ့ မြို့ပါတ် ကြီးလာခဲ့တဲ့ လူအဖို့သံယောဇဉ်ကြီးတာ လွန်တယ်လို့ မပြောသာဘူးပေါ့။

ကိုမြင့်တိုးက မန္တလေးမှာသာ ဆက်ပြီး စီးပွားရေးလုပ်၊ မန္တလေးမှာဘဲ အခြေတည်ခဲ့ရင် ဒီလောက်ကြီးထိ ထိထိခိုက်ခိုက် လွမ်းနေတတ်မယ် မထင်ဘူး။ အခုတော့ သူက ရေခြား မြေခြား တိုင်းခြားတွေမှာ ကျောင်းပြီးကတည်းက အလုပ်တွေ ထွက်လုပ်ခဲ့ရတာ။ စားသုတ်သုတ်။ လာသုတ်သုတ်။ အရာရာမှာ ကိုယ့်အားကိုယ်ကိုး တစ်စိမ်းတွေ ကြားထဲမှာ နေခဲ့ရလို့လား မဆိုတတ်ဘူး။ နီယွန်မီးတွေ တောက်တောက်ပပနဲ့ ကမ္ဘာ့အဆင့်မှီ နိုင်ငံခြားက မြို့ကြီးတွေမှာ နေခဲ့ရပေမယ့် သူ့မန္တလေးလောက် လုံခြုံစိတ်ချမှု မရှိဘူးလို့ ခံစားရတာလဲ ပါမှာပေါ့လေ။

အခုတော့ ကိုမြင့်တိုး တစ်ယောက် အလုပ် အပြောင်းအလဲမှာ ခွင့်ရက်ရှည်ရပြီး မြန်မာနိုင်ငံကို အလည်ပြန်ခဲ့တယ်။ သူ့ နိုင်ငံကူးလက်မှတ်လဲ သက်တမ်းတိုးရင်း။ စီးပွားရေး ကိစ္စတွေလဲ စနည်းနာရင်း။ နောက်ပြီး မန္တလေးကို ပြန်ရင်း။

မြန်မာနိုင်ငံရောက်တော့ သူ့ နိုင်ငံကူး လက်မှတ်ကို သက်တမ်းတိုးရင်း ရန်ကုန်မှာ တစ်ပါတ်လောက် သောင်တင်နေခဲ့သည်။ အဲဒီမှာ သူ့ မန္တလေး အလွမ်း ရေချိန်က ထိန်းမနိုင် သိမ်းမရ တက်လာခဲ့သည်။ ရန်ကုန်ဟာ မျက်စိကြီး။ နားကြီး။ ပင်လယ်ဆိပ်ကမ်းဝမြို့ကြီး။ အဆက်အသွယ် ကောင်းတွေ ရှိသည်။ ပိုက်ဆံ ငွေကြေး ဘီလျှံချီ အကုန်ခံပြီး တည်ထားပြီး စနစ်ကျတဲ့ နောက်ထပ် မြို့ကြီးတွေ ဘယ်နှစ်ခု ပေါ်ပေါ် ရန်ကုန်ဟာ အမြဲတမ်း မြန်မာနိုင်ငံရဲ့ မြို့တော်အဖြစ်ရှိနေအုံးမှာ။ မန္တလေးလို ပင်လယ်ဝေးဝေး ကုန်းကျကျ မြို့ဆို ဝေးပေါ့။ “သို့ပေမယ့် ကိုယ့်မြို့ကိုယ်တော့ လွမ်းသေးတယ် ရိုးရိုး ဘဲဗျိုး” လို့ ဆရာတင် သီချင်းလို လက်ရှိ ရန်ကုန်ဟာ နယ်က တက်လာပြီး ဘ၀တက်လမ်း ရှာကြတဲ့ လူတွေအတွက် စိတ်ပျက်ဖို့ ကောင်းနေလိမ့်မယ် ထင်တယ်။

ရန်ကုန်လမ်းတွေမှာ ကားတွေက ကြပ်၊ ညပ်၊ ပိတ်၊ ခဲ နေတယ်။ လူတွေက လမ်းတွေပေါ်မှာ အသက်တွေ အသက်လွတ် ကြီးကုန်တယ်။ ရန်ကုန်လမ်းတွေပေါ်မှာ ကားတွေဟာ ကြီးနိုင်ငယ်ညှင်း။ လည်သူစားစတမ်း။ စည်းမရှိ၊ ကမ်းမရှိ မောင်းချင်သလိုမောင်း။ ၀င်ချင်သလို ၀င်။ ထွက်ချင်သလိုထွက်။ ဒါတွေကို ကိုမြင့်တိုး မြင်တော့ သူ့ ပါ့စ်ပို့စ် ကိစ္စကို မြန်မြန်ဖြတ်တယ်။ ပြီးပြီးချင်း မန္တလေးကို သူထွက်လာခဲ့တယ်။

မန္တလေးကို စ၀င်ကတည်းက လမ်းတစ်လျှောက် အရာအားလုံးကို သူသတိထားပြီး ကြည့်လာခဲ့သည်။ မမှတ်မိလောက်အောင် ပြောင်းလဲလာတာ တစ်ခုမှ မရှိသေးဘူး။ အဲ..ကားနဲ့ ဆိုင်ကယ်တွေ များလာတာတော့ ချွင်းချက်ပေါ့လေ။ မန္တလေးမှာ နေတဲ့ သူ့ အမအိမ်ကို ရောက်ရောက်ခြင်း “အမ နင့်မှာ စက်ဘီး ရှိလား” လို့မေးတယ်။ သူ့အမက ရူးနေသလား ဆိုတဲ့ မျက်လုံးနဲ့ ပြန်ကြည့်ပြီး “စိတ်ကူးတွေ ယဉ်မနေနဲ့။ ကားယူသွား” လို့ ငေါက်တယ်။

သူ့စိတ်ကို တစ်ထစ်လျှော့လိုက်တယ်။ ကားယူဖို့ ကားကို ထုတ်ပြီးမှ သူ့စိတ်ပြောင်းသွားတယ်။ သူ့သွားတွေ့မယ့် မန္တလေးသား သူငယ်ချင်းတွေထဲမှာ အဆင်ပြေတဲ့ သူတွေလဲ ရှိမယ်။ အဆင်မပြေကြတဲ့ သူငယ်ချင်းတွေလဲ ရှိနိုင်တယ်မို့လား။ ကားကြီးမောင်းပြီး နိုင်ငံခြားပြန်ကြီး အဆင်ပြေနေတယ် ဆိုတဲ့ အချိုးမျိုး ချိုးမိရင် အားနာစရာလို့ တွေးမိပြီး ယောက်ဖဖြစ်သူ၏ တရုတ်ဖြစ် ဆိုင်ကယ်လေးနဲ့ လဲယူခဲ့သည်။

အိမ်ကနေ ဆိုင်ကယ်နဲ့ ထွက်လို့သာ သူထွက်လာတာ။ သူငယ်ချင်းတွေကို ဆက်သွယ်ဖို့ ဖုန်းနံပါတ်တွေလဲ သူ့မှာ မရှိ။ “ဒီကောင်တွေ အိမ်တွေကိုတော့ ငါမှတ်မိတာဘဲ” ဆိုတဲ့ စိတ်နဲ့ စိတ်အားတင်းပြီး ဆိုင်ကယ်ကို မောင်းချလာခဲ့တယ်။ သူ ကံကောင်းတာလား။ မန္တလေးက ဘဲ သဘောကောင်းနေတာလားမသိဘဲ သူ့သူငယ်ချင်းတွေအများစု အိမ်ကို လွယ်လွယ်ကူကူဘဲ တွေ့တယ်။ အားလုံးက အပြောင်းလဲကြီး ပြောင်းလဲနေကြပြီ။ အလုပ်ကိုယ်စီနဲ့။ အိမ်ထောင်ကိုယ်စီနဲ့။ သူ့ကို “အဆင်ပြေတယ်မို့လား” ဆိုတဲ့ မေးခွန်းတွေကို “ဒီလိုပါဘဲ” လို့ ခပ်ဝါးဝါး အဖြေပေး ဖြစ်ခဲ့သည်။

သူငယ်ချင်းတွေ အားလုံးကို သူလှည့်ပတ်တွေ့။ ချိန်းစရာ ရှိတာ ထပ်ချိန်း။ ဖုန်းနံပါတ်တောင်းစရာ ရှိတာ တောင်းပြီးတော့ သူ့ဆိုင်ကယ်ကို ဘုရားကြီးဘက် ဦးတည်လိုက်တယ်။ ဘုရားဖူးပြီး ဘုရား ပရ၀ုဏ်ထဲမှာ သူလှည့်ပါတ်ကြည့်တယ်။ အရင်လိုပါဘဲ။ လိပ်ကန်ကြီးနဲ့ ငါးကန်ကြီးဟာ ညစ်ညစ်ပါတ်ပါတ်။ ဒါပေမယ့် ဘုရားရင်ပြင်တော်ကတော့ အရင်ကထက်စာရင် ပိုပြီး သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် ဖြစ်လာတယ် ပြောရမယ်။ ကြေးရုပ်ကြီးတွေကတော့ အရင်လိုဘဲ။ ကိုယ်လက်အင်္ဂါ မစုံမလင်။ ဘုရားဖူးတွေက အားရပါးရ ပွတ်သပ်ကိုင်တွယ်ကျဆဲ။ ဗိုက်နာပျောက်ပါစေဆိုတဲ့ လူတွေက ဗိုက်ကို ပွတ်တယ်။ ခြေနာ ပျောက်ပါစေဆိုတဲ့ လူက ခြေကို ပွတ်ကြတယ်။ ဗိုက်နာကြတဲ့ လူတွေ များတယ်လို့ ဆိုရမှာဘဲ။ ဗိုက်ကြီးတွေမှာ ကြေးညှိတောင် မတက်နိုင်ဘဲ လက်တွေနဲ့ ပွတ်တာ များလို့ ပြောင်လက်နေတယ်။ ဒီအရုပ်ကြီးတွေကို စနစ်တကျနဲ့ နိုင်ငံခြား တိုင်းပြည်တွေမှာလို မှန်ပေါင်းချောင်ကြီးတွေထဲမှာ ထည့်ပြီး သေသေချာချာ ထိမ်းသိမ်းထားရင် သိပ်ကောင်းမှာဘဲလို့ သူတွေးမိလိုက်သေးတယ်။

ဘုရားကြီးက သူပြန်ထွက်လာတော့ Main ဘက်ကနေ လှည့်ပြန်လာလာခဲ့တယ်။ လမ်းပေါ်မှာ ဆိုင်ကယ်ချင်း မတိုက်ခိုက်မိအောင် ရှောင်ရ ရှားရ သတိထားရသည်။ ငယ်ငယ်က ဒီလမ်းမကြီးတွေပေါ်မှာ စက်ဘီးစီးရင်း လက်နှစ်ဖက်လွှတ် ပုဆိုးပြင်ဝတ်လို့ရတဲ့ ငယ်ဘ၀ကို သတိရလာသေးတယ်။ အခုတော့ လက်နှစ်ဖက်နဲ့ ဆိုင်ကယ်လက်ကိုင်ကို ခပ်တင်းတင်းကိုင်ပြီး သတိထား မောင်းလာတာတောင် တိုက်မိမလိုလို ဖြစ်တာ သုံးခါလောက်။

မန္တလေး လမ်းတွေပေါ်မှာ ဆိုင်ကယ် တစ်စီးဖြင့် ပါတ်ရင်း မီးပွိုင့်မရှိသော လမ်းဆုံတိုင်း လိုလိုတွင် “ရပ်၊ ကြည့်၊ သွား” ဆိုသည့် ဆိုင်း ဘုတ်လေးတွေကို သတိထားမိခဲ့သည်။

လမ်းမကြီးတွေ ဆုံးတော့ သူ့မှာ သွားစရာ နေရာ မရှိပြန်။ ဘယ်သွားမလဲလို့ စဉ်းစားမိတော့ မန္တလေးတောင် ကိုသွားချင်စိတ်ပေါ်လာသည်။ မန္တလေးတောင်ပေါ်ကို တောလမ်းကနေ လမ်းလျှောက် တက်အုံးမှလို့တွေးပြီး ကျုံးဘေးတစ်လျှောက် ဆိုင်ကယ်မောင်းလာခဲ့တယ်။

မန္တလေး တောင်ခြေမှာ သူတို့ ဘော်ဒါတွေ သွားနေကြ ဘုန်းတော်ကြီး ကျောင်းရှိသည်။ ငယ်ငယ်က မန္တလေး တောင်ပေါ်ကို တောလမ်းက တက်ရင် ပါလာတဲ့ ဆိုင်ကယ်၊ စက်ဘီး၊ လွယ်အိတ်တွေကို အပ်ခဲ့နေကြ ဘုန်းကြီးကျောင်း။ ဆရာတော် ဘုရားကြီးတောင်မှ ရှိပါအုံးမလား။ မရောက်ဖြစ်တာဘဲ နှစ်ပေါင်း ဆယ်နှစ်။

ဘုန်းကြီးကျောင်းဝင်းကြီးထဲကို ဆိုင်ကယ်ချိုးဝင်တော့ တံမြက်စီးလှည်းနေတဲ့ ကိုရင်တွေက လှည့်၍မျှပင် မကြည့်။ တကယ်တော့ အဲဒီ ဘုန်းကြီးကျောင်းမှာ သူ့လို ဆိုင်ကယ်၊ ကား၊ စက်ဘီး အပ်နှံခဲ့သူတွေ အများကြီးမို့လား။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ခဏ ခဏလာတဲ့ လူဆိုပေမယ့် ဒီလောက် လူတွေ အများကြီးထဲမှာ ဘယ်လိုလုပ် မှတ်မိမှာတဲ့လဲ။ ပြီးတော့ ဘုန်းကြီးကျောင်းဝိုင်းထဲမှာ အဆောက်အဦး သစ်သစ်လွင်လွင်လေးတွေလဲ အများကြီး တွေ့ရတယ်။ အရင်က မရှိတဲ့ အဆောက်အဦးတွေ။ ကိုရင်လေးတွေ အသစ်၊ လူတွေ အသစ်။ သူ့ဘက်က ပိုင်ပိုင်နိုင်နိုင်ကြီး သိတဲ့ နေရာမှာ သူ့ကို မသိတော့တဲ့ လူ၊ ပုဂ္ဂိုလ်များကို တွေ့ရတာ ၀မ်းနည်းသလိုလို။ အားငယ်သလိုလို။

ကိုရင်လေး တစ်ပါးကို ဆရာတော်ဘုရားကြီး ဘွဲ့တော်ကို ပြောပြီး ရှိပါသလားလို့ သူမေးတော့ အံသြသည့် မျက်လုံးဖြင့် ပြန်ကြည့်တယ်။ “ဒကာကြီး ပြောတဲ့ ဆရာတော်ကြီး ပျံလွန်တော် မူတာ သုံးနှစ်တော် ကျော်ရော့မယ်” တဲ့။ ပြည့်ပြည့်ဖြိုးဖြိုး ကိုယ်လုံးတော်၊ ဟိတ် ဟန်ပန် လုံးဝမရှိ၊ ကျောင်းမှာ ရှိသမျှ ချကျွေးတတ်သော ဆရာတော်ကြီးကို သူ လွမ်းမိသွားသည်။ သူတော်ကောင်းကြီးတွေသာ ကျင့်ကြံ ကျိုးကုတ် နေထိုင်နိုင်သည့် အလွန်ရိုးရှင်းသည့် ဆရာတော်ကြီးဘ၀ကို ရှုပ်ထွေးပွေလီနေသော ဘ၀ထဲမှ သူက ဆရာတော် သီတင်းသုံးနေကြ ကျောင်းလေးဘက်သို့ လှည့်ပြီး မြေကြီးပေါ်ကပင် ရည်ရွယ်မျှော်မှန်း ရှိခိုး ကန်တော့လိုက်သည်။

“တပည့်တော် ဆိုင်ကယ် ထားခဲ့ပါအုံးမယ် ဘုရား” လို့ ကိုရင်လေးကို စကားဆက်တော့ “ထားခဲ့ ထားခဲ့ ဒကာကြီး။ စိတ်ချ လက်ချ ဘုရားဘူးချေ။ လမ်းသိတယ်မို့လား။ လိုက်ပို့ရမလား” တဲ့။ သူ့ကို တစ်နယ် တစ်ကျေးမှ လာတဲ့ ဧည့်သည်လို့ ထင်နေပုံရသည်။ “ရပါတယ် ဘုရား” လို့ လျှောက်တင်ပြီး တောလမ်းလေးတစ်လျှောက်မှ တောင်ပေါ်သို့ တက်ခဲ့သည်။

တကယ်တော့ မန္တလေးသားတွေက ဒီတောင်တက်လမ်းလေးကို တောလမ်းလို့သာ ခေါ်တာ။ လမ်းမှာ တောကျောင်းလေးတွေဖြတ်ရသည်။ တစ်ခါ တစ်ခါ တောင်ဘက် စောင်းတန်းကို ဖြတ်ဖြတ်ထွက်သွားတတ်သည်။ တစ်ခါ တစ်ခါ ကျတော့ အတက် ကားလမ်းမဘေးကို ရောက်ရောက်သွား တတ်သေးသည်။ အပြောင်းအလဲ ကြီးကြီးမားမားမရှိ။ စောင်းတန်းကတော့ ပြုပြင်ထိမ်းသိမ်းတာ နည်းသည် ထင်သည်။ ပြီးတော့ အမှိုက်သရိုက်တွေလဲ များလာတယ်လို့ သူခံစားမိသည်။ အဆိုးဆုံးက အတွဲတွေ။ အရင်က ဒီလောက် အတွဲတွေ မများ။ တွေ့တဲ့ အတွဲတွေကလဲ အဆင်အချင် ရှိသည်။ အခုတော့ သူဘေးက ဖြတ်သွားတာတောင် ရှိတယ်လို့ထင်ပုံမရ။ အရာရာမှာ မြန်နေတဲ့ ခေတ်ကြီးဘဲလေ ဒီလောက်တော့ ရှိမှာပေါ့လို့ ဖြည့်တွေးလိုက်သည်။

လွန်ခဲ့သော ဆယ်နှစ်က ညနေတိုင်း ညနေတိုင်း ရေပုံးကြီး ခပ်ကြီးကြီး နှစ်ပုံးကို ဆွဲပြီး စိုက်ထားသော သစ်ပင်ပေါက်လေးတွေကို ရေလိုက်လိုက်ပြီး လောင်းတတ်သော သူ့မိတ်ဆွေကြီးကို သတိရလာသည်။ သူမှတ်မိသော သစ်ပင်ပေါက်ကလေးတွေရဲ့ နေရာကို သတိထားကြည့်တော့ အပင်တွေက အတော်ကြီးကို ကြီးနေပြီ။ “The Flame in The Forest” လို့ တင်စားရလောက်အောင် တစ်ပင်လုံး နီရဲနေအောင် ပွင့်ကြမည့် စိန်ပန်းပင်တွေက သူတို့ကို စိုက်ပျိုးခဲ့သော သူ့မိတ်ဆွေကြီးကိုမှ သတိရနိုင်ပါ့မလား။

တောင်ပေါ်ရောက်တော့ အမောဖြေရင်း မန္တလေးရဲ့ နေ၀င်ချိန်ကို သူငေးကြည့်နေမိသည်။ မန္တလေးမှာ မိုးမရွာသေးပေမယ့် အထက်ပိုင်းမှာ မိုးကောင်းဟန် တူသည်။ ဧရာဝတီ မြစ်ကြီး၏ ရေတွေ ဖွေးနေအောင် ရေတက်နေတာ မြင်ရသည်။ အရင်က တောင်ဘက်ကို လှမ်းကြည့်ရင် အင်းခရုဘုရားကို လိုက်ရှာတတ်တာကို သတိရပြီး စေတီတော်ကို လိုက်ရှာမိသည်။ မတွေ့တော့။ စေတီတော်က နေရာပြောင်းသွားတာ မဟုတ်။ လူနေ ရပ်ကွက်တွေ သိသိသာသာကြီး များလာသောကြောင့် အရင်လို တောင်ဘက်စွန်းကျကျ ဘုရားကို လွယ်လွယ်ကူကူ ရှာမတွေ့ရတော့ခြင်း ဖြစ်နိုင်သည်။ အစွန်ပိုင်း ခပ်ကျကျ ရပ်ကွက်တွေ မျက်စိတစ်ဆုံး တွေ့ရသည်။ ဒီရပ်ကွက်တွေမှာ မြို့ထဲက ပြောင်းသွားသော သူ့သူငယ်ချင်းမိသားစုတွေ အများကြီး ရှိနိုင်သည်။

တောင်ပေါ်ကနေ သူ ပြန်ဆင်းလာပြီး တောင်ခြေ ဘုန်းကြီးကျောင်းကို ပြန်ရောက်တော့ နေ၀င်သွားခဲ့ပြီ။ ဘယ်သွားရရင် ကောင်းမလဲလို့ တွေးစဉ်မှာ သူ့လက်ကိုင် တယ်လီဖုန်းက အသံမြည်လာသည်။ တစ်ဖက်က ဖုန်းခေါ်သူက သူ့အမ။ “ဘယ်ရောက်နေတာလဲ” တဲ့။ “မန္တလေးတောင်မှာ။ အခု တောင်ခြေမှာ။ ပြန်ဆင်းခဲ့ပြီ။ သူငယ်ချင်း တစ်ယောက်ဆီ သွားမလားလို့ စဉ်းစားနေတာ” လို့ ပြန်ဖြေတော့ “ဟဲ့ ၁၄၄ ထုတ်ထားတယ်။ အိမ်ပြန်လာခဲ့။ သွားချင်ရင် မနက် စောစောမှ ထသွား။ ခေတ်ကာလက သိပ်ကောင်းတာ မဟုတ်ဘူး” တဲ့။ အဲဒီအခါကျမှ သူသတိရသွားသည်။ ပြီးတော့ ရောက်ကတည်းက အမနဲ့ စကားကောင်းကောင်း ပြောရသေးတာ မဟုတ်။ ပြန်မှပါလေလို့ တွေးရင်း အမအိမ်ရှိရာ ရဲမွန်တောင် ရပ်ကွက်ဘက်သို့ ပြန်လာခဲ့သည်။

အိမ်ကိုသာ ပြန်လာခဲ့ပေမယ့် သူ့စိတ်အစဉ်က လွန်ခဲ့သော ဆယ်နှစ် ဆယ့်ငါးနှစ်ကို ပြန်ရောက်နေသည်။ အဲဒီတုန်းက ညနက်သန်းခေါင်မှ သူအိမ်ပြန်နေကျ။ စက်ဘီး တစ်စီးနဲ့ မြို့ပါတ်နေသော သူ့ကို အမေနဲ့ အမတွေက စိတ်မပူ။ အချိန်တန် အိမ်ပြန်ရောက်လာမှာဘဲ လို့ တွေးကြသည်။ အခုတော့ သူတို့ ပူပန်နေကြသည်။

မန္တလေးမြို့ကြီး၏ မှောင်မဲမဲလမ်းတွေပေါ်မှာ သူ့ဆိုင်ကယ်ကို သတိနှင့် မောင်းလာခဲ့ရင်း

“အနာဂတ်များ လှပဖို့…. ဖြူစင်တဲ့ နှလုံးသားနဲ့… ရပ်၊ ကြည့်၊ သွား…” ဆိုသည့် အဆိုတော် ကိုဇော်ဝင်းထွဋ်၏ သီချင်းတစ်ပိုင်း တစ်စက သူ့ပါးစပ်ထဲကို အလိုလို ရောက်လာသည်။

ဖိုးထက်

(Photo – MoeMaKa, မန္တလေးတောင်ပေါ်က အစောင့်ဘီလူးများမိသားစု)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ရသဆောင်းပါးစုံ, ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်