ကိုသန်းလွင် – အငြိမ်းစား

August 22, 2014

  – အငြိမ်းစား
သြဂုတ် ၂၂၊ ၂၀၁၄

(၁)

တနေ့က ကျွန်တော့်ဆိုင်သို့ မျှော်လင့်မထားသော သူငယ်ချင်းတယောက် ရောက်လာပါသည်၊ သူက“၀င်းဗိုလ်လဲ မတ်လက အသက်၆၀ပြည့်ပြီ၊ ကျွန်တော်ကသြဂုတ်လမှာပြည့်မယ်၊ ခင်ဗျား  ကောဘယ်တော့ပြည့်မလဲ” ဟုမေးသည်၊ သူတို့အထဲမှာကျွန်တော်က အသက် အငယ်ဆုံးဖြစ် နေလေသည်၊ လာမည့်စက်တင်ဘာလတွင် ကျွန်တော် အသက် ၆၀ ပြည့်ပါပြီ၊” ခင်ဗျားဘယ် တော့အနားယူမှာလဲ” ဟုသူက ဆက်မေးလေသည်၊ ကျွန်တော် သည် ကျွန်တော့် ဇနီးသည်၏ ဆိုင်တွင်ဆိုင်အကူလုပ်နေရ သူဖြစ်ရာအနားယူဘို့ကိစ္စမေးသော်ဖြေဘို့ အခက်ကြုံနေလေ သည်၊

(၂)

ကျွန်တော့်အမေသည် မူလတန်းပြ ဆရာမကြီးဖြစ်ပြီး ၁၉၈၀ ပါတ်ဝန်းကျင် က အသက် ၆၀ ပြည့် သက်ပြည ပင်စင်ယူခဲ့ပါသည်၊ အဖေ ပင်စင်ယူတာက သုံးနှစ်ခန့်စောသည်၊ အဖေပင်စင် ယူတုံးက ကျွန်တော်တို့ ဘာမှမသိလိုက်၊ အမှတ်တမဲ့ဖြစ်သော်လည်း အမေပင်စင်ယူသော အခါ အလွန် စိတ်ထိခိုက်ခဲ့ရပါသည်၊

အမေသည် ရှစ်တန်းအောင်ပြီးဆွဲခန့်ကျောင်းဆရာမအဖြစ် လုပ်ခဲ့ရာ လုပ်သက် ၃၅ နှစ်ခန့် အရမှာ ပင်စင် ယူခဲ့ခြင်း ဖြစ်ပါသည်၊ ကနဦးလစာမှာ ဂ၆ ကျပ်ဖြစ်ပြီး လုပ်သက် ၁၀ နှစ် ဘား ဆုံးသော် ၁၂၆ ကျပ်ခန့်ထုတ်ရပါသည်၊ ခင်ဦးကျောင်းမှာဆက်တိုက်တာဝန်ထမ်းဆောင် ခဲ့ခြင်း ဖြစ်ရာ ကျွန်တော် တို့ လူလားမြောက်သည့် အရွယ်တွင်ပါတ်ဝန်းကျင် ကြည့်လေရာရာ၌ အမေ့ တပည့်တွေချည့် ဖြစ်နေလေသည်၊

အမေသည် မူလတန်းပြ ဆရာမကြီးဖြစ်သောကြောင့်  ကျောင်းသားသစ် တွေကိုလက်ခံရ လေရာ မလုံး နှင့် မပဲ တို့မှာ တင့်တင့်စန်းနှင့် မြင့်မြင့်စန်းတို့ဖြစ်လာကြသည်၊ “ဆရာမကြီးပေး တဲ့ နာမည်ပေါ”့ ဆိုပြီး သူတို့အမှတ်တရ ပြောတတ်ကြပါသည်၊ မွေးနေ့သက္ကရာဇ် အမှတ် အသား မရှိ သောကြောင့် အမေကပေးသော မွေးနေ့တွေနှင့် ကြီးပြင်းလူဖြစ်သွားကြသူတွေ လည်း မနည်းပါ၊ အမေသည် ဆရာမကြီး ဂုဏ်သိက္ခာနှင့်ညီအောင်စကားတည်ကြည်ပြီး အလုပ်ကို အလုပ်နှင့် တူအောင် လုပ်တတ်သည်၊ ကျွန်တော်မှာ အမေသင်ပေးသဖြင့် ကကြီး ခခွေး ရေးတတ်ခဲ့ရသည့်နည်းတူ ကျွန်တော်လို “ဆရာမကြီး သင်ပေးလို့ စာရေးစာဖတ် တတ်ကြရသူတွေ” ရာထောင်ချီပြီး ရှိပါလိမ့်မည်၊

အမေတို့ကျောင်းဆရာ လူတန်းစားမှာ အသက် ၆၀ ဟူသော ဘ၀ပန်းတိုင်ဆီသို့ ချီတက်နေ သည်နှင့်တူသည်၊ သူဌေးဖြစ်ရန် ရည်ရွယ်ချက်မရှိ၊ မြေကွက်တွေ ပိုင်ဆိုင်ရန်မလို၊ သူတို့ သင်ကြားပေးလိုက်သော တပည့်တွေ လူလားမြောက်ပြီး တင့်တင့်တယ်တယ် ဖြစ်စေနိုင်ရေး သည်သာအဓိက ဖြစ်သည်၊ ပင်စင်ယူပြီးရင် ဘာလုပ်မည်ဟူ၍ကား သီးခြားစဉ်းစားနေကြသည် လည်း မဟုတ်ပေ၊

အသက် ၆၀ ပြည့်သော် ပင်စင်ယူရမည်ဆိုသည်နှင့် အမေသည် ဘာလုပ်၍ ဘာကိုင်ရမှန်း မသိတော့ပေ၊ တရက်နှစ်ရက်နေကြည့်သေး၏၊ နောက်ဆုံး မတတ်နိုင်တော့သောအခါ ၀တ်နေကျ လုံချည်စိမ်း၊ အင်္ကျီဖြူကိုဝတ်ခါ ကျောင်းတက်ခေါင်းလောင်းထိုးသည်နှင့် ကျောင်း သို့ သွားလေသည်၊

ခင်ဦးက မူလတန်းကျောင်းမှာ မြေကြီး ပေါ်တွင် အုပ်ဖိနပ်တိုင်ထူ၍ ဆောက်ထားသောကျောင်း ဖြစ်ပါသည်၊ ကြမ်းခင်း ဟူ၍မရှိ၊ မြေကြီးပေါ်တွင် ခုံတွေချပြီးကလေးတွေထိုင်ကြရသည်၊ အမေ ထိုင်သောစားပွဲခုံမှာ တကျောင်းလုံးတွင် အကောင်းဆုံးဖြစ်ဟန်တူသည်၊ အကောင်းဆုံး ဆိုစေ ကာမူအရောင်တဖိတ်ဖိတ် တောက်နေသော အရောင်တင်ဆီဖြင့် ၀င်းနေသော စားပွဲ မဟုတ် ပါ၊ ဟောင်းသော် လည်း ခိုင်ခန့်နေသေးသောခုံတစ်ခုံ သာဖြစ်ပါလိမ့်မည်၊ သူ့ခုံကို ရှာ သော အခါ နေရာမှာမတွေ့တော့ပေ၊ နောက် ဆရာငယ်တွေကယူပြီးကြပေပြီ၊ အမေသည် စိတ် ထိခိုက်ခါ အိမ်သို့ ၀မ်းပမ်းတနဲ ပြန်လာလေသည်၊

အမေသည်ကျောင်းဆင်းချိန်တွင် အိမ်ဘေးပါတ်လည်က ကလေးတွေကို ခေါ်၍ အိမ်မှာစာ သင်ခမ်းဖွင့်လေသည်၊ မည်သို့ဆိုစေ၊ ပင်စင်သွားပြီဟုဆိုကာ အမေသည်စိတ်ကို လျှော့ချ လိုက်ဟန်တူသည်၊ ၆ နှစ် ရ နှစ်ခန့်အကြာမှာ အမေကွယ်လွန်လေသည်၊

(၃)

ကျွန်တော်ရေနံကော်ပိုရေးရှင်းတွင် အလုပ်ဝင်စဉ်က မိတ်ဆွေ တဦး၏ဖခင်မှာ ဗေဒင်ဝါသနာပါ ပြီး ကျွန်တော်တို့ကိုဗေဒင်တွက်ပေးလေသည်၊ သူက ကျွန်တော့် ဇာတာမှာ အသက် ၆၀ တွင် ပင်စင်ယူရန် အကြောင်းမရှိဟုအဟောထွက်လေသည်၊ ဟိုတုံးက အစိုးရ၀န်ထမ်းဆိုသည်မှာ အသက် ၆၀ပြည့်လျင်ပင်စင်ယူကြရစမြဲဖြစ်သည်၊ ဦးဆောင်ညွှန်ကြားရေးမှုး၊ ညွှန်ကြားရေးမှုး စသည့် ရာထူးကြီးသူများကိုသာ ၀န်ကြီးကခွင့်ပြုသဖြင့် တနှစ်နှစ်နှစ် စသည်ဖြင့် သက်တန်း တိုးကာအကြံပေးအရာရှိဟု ဆက်လက်ခန့်ထားခြင်းဖြစ်သည်၊ ထိုဖြစ်ရပ်များကိုကြည့်ခါ အစိုးရ အလုပ်ကို ပင်စင်သက်တန်းကုန်ပြီး သည်အထိလုပ်ရလိမ့်မည်ဟုထင်ခဲ့မိလေသည်၊ သို့သော် စင်္ကာပူ ကိုအလုပ်ရှာရန်ထွက်လာသောအခါ ခွင့်မဲ့ပျက်ကွက်မှုဖြင့် ကျွန်တော် အလုပ်ထုတ်ခံရ သော် ထိုရည်မှန်းချက်မှာပျက်ပြားသွားလေသည်၊

အခုအသက် ၆၀ ပြည့်တော့မည်၊ အနားယူဘို့အရေးသည် ဘယ်နေမှန်းမသိ၊ ဆိုင်မှာ အကူ အညီ မရှိလျင် ကျွန်တော့်ဇနီးသည် ဈေးရောင်း၍ မဖြစ်ပါ၊ သူသည်ဈေးသာရောင်းတတ်၍ အလေးအပင်တွေမရန် ဆိုင်ခင်းကျင်းရန်၊ ဗူးတွေခွက်တွေ မရန် ရွှေ့ရန် မတတ်နိုင်ပါ၊ ထို အလုပ် မျိုးကိုကျွန်တော်ကလုပ်ရ ပါသည်၊ ယခုနှစ်မှာပင် စင်္ကာပူ စစ်မှုထမ်းဥပဒေအရ စစ်တပ် ထဲလိုက်နေရ၍ နှစ်နှစ် နစ်နာခဲ့သော ကျွန်တော်သားကြီးသည် တက္ကသိုလ်စတက်ရ မည်၊ သားငယ် မှာ O Level ဖြေရမည်၊ အငယ်ကောင်ပညာရေးဆုံးခမ်းတိုင်ဘို့ အနဲဆုံး ခုနှစ်နှစ် တော့စောင့်ရလိမ့်မည်၊ ကျွန်တော်တို့ ၀င်ငွေမရှိ ဘဲနှင့် ထို ကျောင်းသားတွေကို စင်္ကာပူမှာ ကျောင်းမထားနိုင်ပါ၊

ကျွန်တော့်တွင် အချိန်တန်လျင်ဘုန်းကြီးဝတ်မည်ဟုပြောနေသောမိတ်ဆွေတယောက်ရှိသည်၊ သူသည်ကွမ်းခြံကုန်းသားဖြစ်ပြီးဆရာကြီးမင်းသုဝဏ်နှင့် မိတ်ဆွေတပည့်တွေဖြစ်ကြပါသည်၊ သူသည်သူ၏လစာငွေမှလစဉ်လစဉ် ရန်ကုန်ဘဏ်အကောင့်ထဲသို့ နှစ်သိန်း သုံးသိန်း ထည့်ပြီး စုလေသည်၊ သူက ကိုယ်တော်ကြီး ရန်ပုံငွေ ဟုဆို၏၊ သူဘုန်းကြီးဝတ်လျင်ဝေယျာဝစ္စ အသုံး လိုလျင် ဇနီးသည်ဆီက မတောင်းချင်ဘူးဟုဆို၏၊၊

သူ့ကို အကြားအမြင် ဗေဒင်ဆရာ တဦးက “မင်းကြီးလာတဲ့အခါ မင်းဘယ်လိုနေပြီးဘယ်လို သေရမယ်ဆိုတာသိချင်သလား” ဟုမေးသည်၊ ထို့နောက်ဗေဒင်ဆရာက သူ့ကို စာအုပ်တအုပ် ဖွင့်ပြသည်ဟုဆို၏၊ ရဟန်းတပါး သစ်ပင်အောက်မှာ ထိုင်ပြီး တရားရှုမှတ်နေပုံ ကိုပြသည်၊ သူ သည်ထိုဟောကြားချက်ကို သဘောအကျကြီးကျနေလေသည်၊ သူသည် ဒုလ္လဘ ရဟန်းဝတ် ဖူးသည်မှာ အကြိမ်ကြိမ်ရှိနေပါပြီ၊ သူ့အဖို့ ရဟန်းဝတ်သည်ဆိုခြင်း မှာအဆန်းတကြယ်မဟုတ် တော့၊ သူ့အလုပ်တွေပြီးလျင်ဘုန်းကြီးဝတ်မည်ဟုစကားစပ်မိ တိုင်း ပြောဆိုကြုံးဝါးနေလေ၏၊

သူ့မိဘ အိမ်ကြီးမှာ ဘုန်းကြီးကျောင်းသို့လှုပြီးလေပြီ၊ မိဘလက်ထက်က သီးနှံတွေ စိုက်ပျိုးခါ ၀င်ငွေရှာပေးခဲ့သောခြံကို တပည့်တယောက်သို့ စာချုပ်စာတမ်းနှင့်လွှဲပြောင်းပေးလိုက်ပြီးပြီ၊ သူသည်ကွမ်းခြံကုန်း ဘုန်းကြီးကျောင်းမှာ ပင်စင်ယူအပြီးနေနိုင်ရန် ဘွတ်ကင် တင်ပြီးပြီ ဟု လည်းပြောသည်၊

ကျွန်တော်တို့မြန်မာကြီးတွေ အများစုမှာ ကြီးရင် ဘာလုပ်မလဲမေးပါက ဘုရားရိပ် တရားရိပ်ကို ခိုဝင်လိုသူတွေ၊ တရားအားထုတ်မှာပေါ့ဟုဖြေသူတွေ အများကြီးရှိပါသည်၊ မြန်မာပြည်တောရ ကျောင်းများတွင် သိန်း၅၀၊ ၆၀ စသည်ဖြင့် အလှုငွေတွေ ထည့်ဝင်ပြီး တစ်ထပ်၊ နှစ်ထပ် အုတ် ကျောင်း ဆောင်တွေလှုဒါန်းနိုင်ကြသည်၊ မိမိလှုထားသောကျောင်းမှာ နေပြီးတရားအားထုတ် နိုင်ကြရန်ဖြစ်ပါသည်၊

ဝေဘူဆရာတော်ကြီးမပျံလွန်မီက ခင်ဦးသား သံအမတ်ကြီးဟောင်းတစ်ဦးသည် အင်ကြင်းပင် ဝေဘူကျောင်းတိုက်တွင် တစ်ထပ်ကျောင်းတစ်ခု ဆောက်လုပ်ခါ လှုဘူးသည်၊ သူကိုယ်တိုင် လည်း ထိုကျောင်းဆောင်မှာသတင်းသုံး တရားအားထုတ်နေဘူးလေသည်၊ ဆရာတော်ကြီး ပျံလွန်သောအခါ ညီညွှတ်မှုမရှိတော့သောကျောင်းတော်ကြီး၌သူဆက်လက် မနေနိုင်တော့ပေ၊

ဖါးအောက်ဆရာတော်ကြီးမှာ ကျွန်တော့်ကို ခင်ဦးသားဆိုသည်နှင့် သူ့ကျောင်းမှာ ဘုန်းကြီး ၀တ်၍ တရားအားထုတ်နေသော ဒေါက်တာထွန်းမောင်ကို သိသလားမေးဘူးသည်၊ ဆရာကြီး မှာ ခင်ဦးသူ ကျွန်တော်တို့ ဆရာမ နှင့်အိမ်ထောင်ကျပြီး ဆရာမလည်းကွယ်လွန်၊ သူလည်း ပါမောက္ခချုပ် အဖြစ်မှ အနားယူသောအခါ ဘုန်းကြီးဝတ်လိုက်ပါသည်၊ မြောက်များစွာသော စည်းစိမ်ဥစ္စာ နှင့် ချစ်လှစွာသော သမီးငယ်လေး တွေကိုသံယောဇဉ် ဖြတ်တောက် စွန့်လွှတ်ခါ နိဗ္ဗာန်ရောက် ကြောင်းတရားကို ရှာဖွေအားထုတ် နေခြင်းဖြစ်ပါသည်၊ ထိုဘုန်းဘုန်းက ဆွေမျိုး တွေကို တွေ့တိုင်း တရားအားထုတ်ရန်၊ လောကီစည်း စိမ်တွေကိုတပ်မက်မောမနေကြရန် တရားဟောကြောင်း သတင်းတွေ ကြားနေရလေသည်၊ ဆရာကြီး၏ တရားတော်အပေါ် သဒ္ဒါ တရားထား နိုင်ပုံတို့မှာ အားကျဘွယ်ရာကောင်းသည်၊

ကျွန်တော်တို့ မြန်မာစာဆရာ ဦးကျော်မောင်မှာ အသက် ရ၅ ဆိုသော်လည်း သွားနိုင်တုန်း လာနိုင်တုန်းရှိ သေးသည်၊ ဆရာ့သမီးတွေမှာ ဘရှုနိုင်း၊ စင်္ကာပူ၊ အင်္ဂလန်၊နိုင်ငံတွေမှာ ရှိကြရာ နိုင်ငံခြားနှင့် အိမ်ဦးနှင့် ကြမ်းပြင် သွားနေတုန်းဖြစ်သည်၊ရွှေဘိုအနီးက ခြံမှာ ဇီးပင်တွေစိုက် ပြီး အေးအေးချမ်းချမ်းရှိသော ဆရာ့ဘ၀ မှာ အားကျစရာပင်၊ မန္တလေးက သမီးအိမ်မှာ ဆန်ရောင်း လိုက်သေးသည်၊ ခင်ဦးမှာ တပည့်တဦး လေဖြတ်တာကိုသူ့အိမ်သွားမေးကြောင်း အမှတ် တရ ပြောသည်၊ တခေါက် ကျွန်တော်မြို့ အပြန်မှာ ဆိုင်ကယ်တစီးနှင့်ရွှေဘိုမှ ရောက်လာဘူးသည်၊ တရားအားထုတ်ဖို့ ဆိုတာကိုတော့ မေးမရသေး၊ ဆရာဦးထွန်းမောင်နှင့် ဆွေမျိုး မကင်း တွေ ဖြစ်ရာ ဆရာကော ဘုန်းကြီး ၀တ်မှာလားဆိုတော့ “မင်းဆရာမသာမေးကွာ” ဆိုကာ ဘေးက ပြုံးနေသော ဆရာမကို လွှဲချလေသည်၊

ရန်ကုန်မှာနေထိုင်ကြကုန်သော ကျွန်တော့် ကျောင်းနေဘက် အငြိမ်းစားကြီး တို့၏ဘ၀ မှာ လည်းအားကျ ဘွယ်တမျိုးပင်၊ မနက် ၉ နာရီထိုးသည်နှင့်သူတို့သည် လ္ဘက်ရည်ဆိုင်မှာဆုံကြ လေသည်၊ ဘီဘီစီ၊ ဗွီအိုအေ၊ စာစောင်ပေါင်းစုံ ဂျာနယ်ပေါင်းစုံမှ သတင်းတွေကို တယောက် တမျိုး ပြော ကြလေသည်၊ သူတို့သည် တပါတ်လျင်စာစောင်ပေါင်းများစွာကို ၀ယ်ကြရသည်၊ ဗိုက်ဗာ ကအလကားရသောကြောင့် တခါတခါ စင်္ကာပူကိုခေါ်ပြီး စကားလက်ဆုံကျလိုက်ကြ သေးသည်၊

သူတို့သည် အသက် ၆၀ တန်းရောက်နေကြသော်လည်း ကလေးတွေလိုဟေးလား ၀ါးလား ပြောဆိုပျော်နိုင်ကြတုန်းပင်ဖြစ်သည်၊ အလုပ်ထဲမှာတုန်းကတော့သူတို့သည် မန်နေဂျာ အကြီး စားတွေဖြစ်ကြသည်၊ ဗိုလ်ချုပ်မောင်မြင့်မှာ ဗိုလိချုပ်ဘ၀ မှ အနားယူခဲ့သည်၊ သူအလုပ် ထဲမှာ တုံးကတော့၊ သူဘယ်မှာဘာလုပ်နေသည်မသိရ၊ အခု အငြိမ်းစားတွေ စုမိကြ တော့ ကား မောင်းရင်း တံခါးဆင်းဖွင့်ဘို့ကြုံသောအခါ “ငါဗိုလ်ချုပ်ကွ မဆင်းနိုင်ဘူး” ဟု သူက ပြော၏၊ ဘေးက၀ိုင်း သြဘာပေးကြမှ ဗိုလ်ချုပ်ကြီးမှာ ခြံတခါးကိုဆင်း ဖွင့်ရသည်ဟုဆိုသည်၊

၂၀၁၀ ပါတ်ဝန်းကျင်က အငြိမ်းစားယူသွားသော ကျွန်တော့်အစ်မ တစ်ယောက်မှာ ပင်စင် မယူမှီက ပင်စင်ယူဘို့ကို ပြီးရင်ဘာလုပ်မယ်ဟု ဆွေးနွေးဘို့ဝေးစွ၊ အပြောပင်မခံပေ၊ သူ့အဖို့ မှာ အသက်ပြည့်၍ပင်စင်ယူရတာကို ချို့ယွင်းချက်ကြီးတခုလိုသဘော ထားဟန်တူသည်၊ “နှစ်နှစ်တောင်လိုပါသေးတယ်၊ တစ်နှစ်တောင်လိုပါသေးတယ်” ဟုမူအမြဲတွက်၍ပြနေလေ သည်၊ တကယ်ပင်စင်ယူသောအခါ သူ့ကိုအပြင်ကုမ္ပဏီတစ်ခုက လခ တစ်လလျင် ခုနှစ်သိန်း ပေး၍ အလုပ်ခန့် လေသည်၊ ညွှန်ကြားရေးမှုးဟောင်း ထိုအစ်မမှာ “ ဒီလိုမှန်းသိရင် တမြန်မနှစ် ကတည်း က ပင်စင်ယူတာပေါ့” ဟုဆိုကာ နေရာသစ် အလုပ်သစ် ကို သဘော အကျကြီးကျ နေလေသည်၊သူသည်နေပြည်တော်သို့ တပါတ်လျင် သုံးကြိမ်လောက် အိမ်ဦး နှင့် ကြမ်းပြင်လို သွားနေရလေရာ အငြိမ်းစားဆိုသောသူ့ဘ၀ကို သတိပြုမိဟန်မတူတော့ပေ၊

ကျွန်တော့်အဖို့မှာ အသက် ၆၀ နီးလာသည်နှင့် အပိုကိစ္စတွေ သိသိသာသာကြီး လျှော့နည်း သွားလေသည်၊ ကျွန်တော် ဆိုင်မှပြန်သော် အိမ်သို့ရောက်ပြီး အိမ်မှထွက်သော် ဆိုင်သို့ရောက် လေသည်၊ ဤသည်မှာကျွန်တော့်အဖို့ နေ့တဓူဝ လုပ်နေကျ လုပ်ငန်းဖြစ်တော့သည်၊ အပို နေရာ တွေကိုဘယ်တော့မှမရောက်ဖြစ်တော့ပေ၊ ဟိုတုန်းကစင်္ကာပူ အမျိုးသားနေ့ ဂျက် လေယာဉ် တွေအုပ်စုဖွဲ့ ပျံတာကိုကြည့်ရတာကို ကျွန်တော်အလွန် ကြိုက်သည်၊ အမျိုးသားနေ့ ကျင်းပ တိုင်း အသံတဝေါဝေါပေးခါ ဂျက်လေယာဉ်တွေပျံတာကို တနှစ်မှ မပျက်စေဘဲ နှစ်စဉ် ကျွန်တော် သွားကြည့်ပါသည်၊ အခမ်းအနား ကျင်းပသော ၀င်းထဲသို့ဝင်ပြီး ကြည့်ရတာ မျိုး မဟုတ်၊ ကွင်းအနီးမြက်ခင်းပြင်ထဲမှမျှော်ကြည့်ရခြင်းဖြစ်ပါသည်၊ မီးရှုးမီးပန်း ဖေါက်တာတွေ မြင်ရသည်မှာ ရင်သတ်ရှုမော၊ အခုတော့ သွားကြည့်ဘို့မဆိုထားဘိ၊ တီဗီမှာ လာနေတာကိုပင် ဖွင့်မကြည့်ဖြစ်တော့ပေ၊

ကျွန်တော့်သူငယ်ချင်း က “၀င်းဗိုလ်ဟာ ခင်ကြောင်း မင်ကြောင်းတွေ ပြောနေတတ်တဲ့ လူ မဟုတ်ဘူး” ဟု အမှတ်တမဲ့ပြောလိုက်သည်၊ သို့သော်ကိုဝင်းဗိုလ်မှာသူ့အိမ်သို့သွားလျင် အလွန် တာဝန်ကျေသူတဦးဖြစ်ပြီး အလွန်ခင်မင်စရာကောင်းသည်၊ လှိုက်လှိုက်လှဲလှဲ ရှိသည်၊  အမေရိကားသို့ ကျွန်တော်သွားစဉ်သူ့အိမ်သို့ ကျွန်တော်နှစ်ခေါက်သွားပြီးတည်းခိုရဘူးသည်၊ ကျွန်တော့်မှာ အမေရိကား တွင်ကားမောင်း မကျွမ်းကျင်ပါ၊ အပြန်လမ်းကို လမ်းမှားမှာ စိုးရိမ် သောကြောင့် ကျွန်တော့်ကို အော်စတင်မြို့ မှ ထွက်သည့်လမ်းအထိစိတ်ရှည်လက်ရှည်သူ့ကား နှင့်လမ်းပြ ရှေ့မှ မောင်းပြီး လိုက်ပို့ဘူးပါသည်၊ သို့သော်သူသည် “ခင်ဗျားကိုသတိရလို့သည်စာ ကိုရေးလိုက်တယ်” ဟုပြောနေမည့်သူမဟုတ်ပေ၊ ဗမာမိတ်ဆွေတွေမှာခင်ကြောင်းမင်ကြောင်း ပြောဆိုကြခြင်းမှာ ကျွန်တော်တို့ ယဉ်ကျေးမှုဟု ယုံကြည်ကြပါသည်၊ အသက်တွေကြီး လာ တော့ ဒါတွေမလိုပါဘူး မြင်စပြုသည်၊

ကိုကျော်ငြိမ်း ဆိုသောသူငယ်ချင်း ကပြောဘူးသည်၊ သူဂျပန်မှာတုံးက ဂျပန်မိတ်ဆွေ တဦးက သူ့အိမ်သို့ထမင်းစား ဖိတ်သည်၊ ရထားလက်မှတ်ဝယ်ပေးပြီး သူ့အိမ်ရောက်အောင် ၁၀ နာရီ လောက် ရထားစီးလိုက် ရသည်၊ ဘူတာမှာလာကြို ထမင်းကျွေး ဧည့်ခံလိုက်သည်မှာ လိုလေ သေးမရှိ၊ အိမ်ပြန်ရောက် သော် ကျေးဇူးတင်လွန်းသောကြောင့် ဖုန်းဆက်၍ကျေးဇူးစကား ပြော မိသည်ကို ဂျပန်မိတ်ဆွေ ကနားမလည်နိုင်ဖြစ်ရသည်ဟုဆိုသည်၊ “မင်းကို ဧည့်ခံပြီးပြီ ပြုစုပြီးပြီ၊ ဘာမှ ဆက်ပြောစရာ မလိုဘူးလေ” ဟု ဂျပန်မိတ်ဆွေက ဆိုသည်၊ ကိုကျော်ငြိမ်း လိုကျွန်တော်လို မြန်မာဆန်သူတွေ က ထိုအဖြစ်ကို နားမလည်နိုင်၊ ဟုတ်တော့လည်း ဟုတ်ပါ သည်၊ မိတ်ဆွေတွေကို ဝေေ၀ဆာဆာတွေ ပြောနေမည့်အစား ကျွန်တော်တို့မှာ တခြား လုပ် စရာတွေတပုံကြီးရှိတတ်ကြပါသည်၊ ကျွန်တော်တို့ အရွယ်သည် ခင်ကြောင်း မင်ကြောင်း တွေ စာဖွဲ့နေရမည့် အချိန် မဟုတ်တော့ပြီ

အသက် ၆၀ ဆိုသောအရွယ်မှာ မြန်နှုံးသည်လျော့ကျသွားလေပြီ၊ လူတယောက်၏ ရူပဆိုင်ရာ အားအင်အပြည့်ဆုံးအချိန်မှာအသက် ၄၀ အရွယ်ဟုဆိုကြသည်၊ ကျွန်တော်တို့သည် အမြင့် ဆုံးနေရာသို့ ရောက်ခဲ့ပြီးပြီ အဆင်းလမ်းကိုရောက်နေပြီ၊ မာန်မာနတွေ လျှော့ချကြရမည့် အချိန်၊ ဂိတ်ဆုံးတော့မည်၊ သို့သော် ဒီမိုကရေစီ နိုင်ငံကြီးများ၌ နိုင်ငံရေးသမားကြီးများ၏ ဦးဏှောက် အဖွံ့ဖြိုးဆုံးအချိန်မှာ ၆၀၊ ရ၀ အရွယ်တွေဖြစ်သည်ဟုလည်းပြောကြ၏၊၊ ထိုအရွယ် ၌ ဘ၀အတွေ့အကြုံ တွေပြည့်စုံနေပြီ၊ လူပေါင်းများစွာတို့အတွက်ကောင်းတာတွေကို လုပ်ရန် ကောင်းမြတ်သောသဘောထားတွေ ပြည့်နေသော အရွယ်တွေ ဖြစ်နေပါပြီ၊ ကျွန်တော်တို့ဆီ ကမညီညွှတ်နိုင်ကြသောနိုင်ငံရေးသမားကြီးတွေသတိပြုစရာပင်၊

(၄)

ကျွန်တော်စက်မှုတက္ကသိုလ်တက်စဉ်က ချိုပီ ဟုခေါ်သောသူငယ်ချင်းတယောက်ရှိဘူးပါသည်၊ လက်ချာခမ်းမထဲမှာ ကျွန်တော်တို့သည်နောက်ဆုံးတန်းမှာ အတူအကွ ထိုင်ကြသည်၊ ကျောင်း ပြီး၍ ရေနံဓါတု ကော်ပိုရေးရှင်းမှာ အတူအလုပ်ရကြရာ သံလျင်ရေနံချက်စက်ရုံတွင် ၃ လ သင်တန်း ဆင်းရသောအခါ တစ်ခမ်းထဲတွင် ကုတင်နှစ်လုံးယှဉ်ချပြီး အတူ အိပ်ခဲ့ဘူးသည်၊

ချိုပီ သည်တရားအလုပ်ကိုကျိုးကျိုးစားစား လုပ်သူဖြစ်သည်၊ တခါကကျွန်တော်တို့သူငယ်ချင်း လေးငါးယောက်စုမိပြီး သူ့အိမ်ကိုရောက်သွားချိန်၊ အပေါ်ထပ်အခမ်းကျဉ်းကျဉ်း တွင်သူ တရား ထိုင်နေရာ “အစ်ကိုသူငယ်ချင်းတွေရောက်နေတယ်” ဟု ဘယ်သူမျှ မပြောရဲ သောကြောင့် နာရီဝက်ခန့် ကျွန်တော်တို့ ထိုင်စောင့် ရဘူးသည်၊

သူသည် အသက် ၄၄ နှစ်အရောက် နှလုံးရောဂါနှင့် ရုတ်တရက်ကြီးကွယ်လွန်သွားလေသည်၊ ချစ်စရာကောင်းသောဇနီး၊ ချစ်စရာကောင်းသောသားနှင့်သမီးတို့ကိုရုတ်တရက်ခွဲခွါသွား ရခြင်း ဖြစ်သည်၊ အငြိမ်းစားယူဘို့ ဘယ်လိုဘဲအစီအစဉ်တွေချ Plan တွေဆွဲနေပါစေ၊ သင်္ခါရ ဆို သော လောကနိယာမတရားကိုမူ မရှောင်လွှဲ နိုင်ကြပါပေ၊

Photo Credit – In Solitude by eddiecalz on deviantART


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်