ဖိုးထက် – ဟိုက ဟို….ဒီက ဒီ

August 22, 2014

ဖိုးထက် – ဟိုက ဟို….ဒီက ဒီ
သြဂုတ် ၂၂၊ ၂-၁၄

ကျွန်တော် မြန်မာပြည်ကို ပြန်မယ်ဆိုတော့ ခင်မင်သော အပေါင်းအသင်းများက တားကြသည်။ “နင့် အဆင့်နဲ့ ဘာသွား လုပ်စားမှာလဲ”တဲ့။ ယောင်ချာချာ ဖြစ်နေမှာ စိုးရိမ်ကြဟန်တူသည်။ အမှန်တော့ သူတို့မမှား။ လက်ရှိ အဆင်ပြေနေသော အလုပ်၊ ကျင့်သားရနေသော လူနေမှု ပါတ်ဝန်းကျင်၊ လစာ သင့်တင့်သော အလုပ်ကို စွန့်ပြစ်ပြီး အနာဂတ် ဝေေ၀၀ါးဝါး ကျွန်တော့်စကားများကြောင့် စိတ်ပူကြတာ မဆန်း။ ဒါပေသိ ကျွန်တော်က လဲ ကျွန်တော်။ ကိုယ့်ဝမ်းနာ ကိုယ်သာသိ။ ပြန်မှ ဖြစ်တော့မည်။

အစားကို ကုန်အောင်စား၊ စကားကို ကုန်အောင် မပြောနှင့် ဆိုသည့် မြန်မာစကားပုံကို ကျွန်တော့် စိတ်ထဲတွင် အမြဲလိုလို ရှိသည်။ ထို့ကြောင့် “အို…ခင်ဗျားတို့ကလဲ မနက်ဖြန်တောင် ကြိုမသိရတာ။ အခု ပြန်တော့ ဘယ်လို ဖြစ်လာမလဲ ဆိုတာ  ဘယ်လိုလုပ် ကျုပ်က သိနိုင်မှာလည်း။ ပြန်လာပြီး အလုပ်လဲ လုပ်နိုင်တာဘဲ။ ဟိုမှာ ဘုန်းကြီး ၀တ်ရင်လဲ ၀တ်သွားနိုင်တာဘဲ ” လို့ ဘုတောခဲ့သေးသည်။

နိုင်ငံခြားမှာ အနေကြာသော သူများ မြန်မာနိုင်ငံကို ပြန်ကြသော အခါ တစ်ချို့က ခေါင်း တစ်လုံး ပိုမြင့်နေသလိုမျိုး ပြည်တွင်းနေ လူများကို ကြည့်တတ်သည်။ တစ်ချို့က ရိုးရိုးသားသား။ တစ်ချို့က စေတနာများဖြင့်။ တစ်ချို့က ဆရာကြီး ပုံစံ။ တစ်ချို့က “အင်း..လက်တွဲခေါ်ရမယ်” ဆိုသည့် အပေါက်မျိုး ချိုးတတ်ကြတာ  ကျွန်တော် သတိထားမိသည်။ အမှန်ကိုသာ ၀န်ခံရလျှင် ကျွန်တော်လဲ အရာရာကို နိုင်ငံခြားမှာဆိုရင်၊ “ဟိုမှာဆိုရင်” ဆိုသည့် အတွေးမျိုး ရှိသည်။ သို့သော် “သြော်…ဒီလောက်တော့ ရှိမှာပေါ့လေ” ဆိုသည့် ဖြေတွေးလေးတွေ နောက်ဆက်တွဲ တွေးပေးပါသည်။ စိတ်ကောင်းရှိလို့ မဟုတ်။ အဲဒီလို တွေးတော့ လက်ငင်းအားဖြင့် ကျွန်တော် စိတ်ချမ်းသာသည်။

အဲဒီ “ဒီလောက်တော့ ရှိမှာပေါ့” ဆိုသည့် နောက်ဆက်တွဲ အတွေးတွေက တစ်ချို့ကိစ္စ တွေမှာတော့ အဆင်ပြေပါသည်။ ဥပမာ ချွေးစော်နံနံ၊ ကွမ်းနံ့ သင်းသင်း လူတွေကြားမှာ ဘတ်စ်ကား တိုးစီးရသော ကိစ္စ ဆိုပါစို့။ ဘာကြီး ကျယ်စရာ လိုပါသနည်း။ လူအများ ဒုက္ခခံပြီး စုပြုံတိုးဝှေ့ စီးနင်းကြသော ကိစ္စမှာ “ဟိုမှာဆိုရင်” ဆိုသည့် အတွေးရှိတာ မဆန်းပေမယ့် နှာခေါင်း တရှုံ့ရှုံ့ လုပ်နေလို့ ရသော ကိစ္စ မဟုတ်။ လိုအပ်ရင် အများပြည်သူ နည်းတူ စီနင်း လိုက်ပါရုံသာ။ ရှောင်မလွတ်သော ရွှံ့တစပ်စပ် ဗွက်အိုင်တွေကို မကြိုက်ပေမယ့် အများနည်းတူ ကြိတ်ရုံဘဲပေါ့။  ပြည်တွင်းနေ မိတ်ဆွေတွေကြားမှာ “ဟိုမှာဆိုရင် ဒီလို ဘယ်ဟုတ်လိမ့်မလဲ။ အိမ်ကနေ အလုပ်အထိ ထီးမလိုဘဲ မိုးမစိုအောင် အလုပ်သွားလို့ ရတယ်ဗျ…ငှဲ..ငှဲ..ငှဲ” သွားလုပ်နေလျှင် ဖနှောင့်များ နှင့် အပေါက်ခံရနိုင်သည်။

တစ်ခါတစ်ရံကြတော့ အဲဒီ “ဒီလောက်တော့ ရှိမှာပေါ့” ဆိုသည့် နောက်ဆက်တွဲ အတွေးတွေက တစ်ချို့ ကိစ္စတွေမှာ အဆင်မပြေ။ ဆိုပါတော့။ ကျွန်တော့် အသိတစ်ယောက် ကား ၀ယ်သည်။ (တပ်မတော်၏ ကျေးဇူးကြောင့် လက်ရှိ ဒီမိုကရေစီ ခေတ်ကြီးမှာ ကားဝယ်နိုင်တာ ကြွားစရာ မဟုတ်။ ဤကား စကားချပ်။) သူ့ကားဝယ်သော ကိစ္စ ၀ိစ္စ အလုံးစုံမှာ နိုင်ငံခြားပြန် ယောင်ချာချာ ၁၀၉၊ ၁၁၀ ကျွန်တော်က အကုန်လိုက်ပါ ကူညီပြီး MD လုပ်သည်။ (MD ဆိုတာ မော်တော်ကား ဒရိုက်ဘာ)။ သူဝယ်မည့်ကားကို သီလ၀ါ ဆိပ်ကမ်းထဲ အထိသွားကြည့်ကြသည်။ သူလိုချင်သော ကားအမျိုး အစားကို အရိုင်းလေးမှ လိုချင်တာတဲ့။ ဆိပ်ကမ်းထဲမှာ ကားဟောင်းတွေ တန်းစီ ရပ်ထားတာ “ရှု့ မဆုံးတော့သည်…” အစချီသည့် ဆရာမြို့မငြိမ်း သီချင်းကို သတိရသည်။ နိပွန် ဂျပန်တွေကတော့ ကျေးဇူး အထူးတင်နေမှာ သေချာသည်။ မော်ဒယ်လ် အသစ်ကားစီးဖို့ သူတို့၏ ဒိတ်အောက် ကားတွေကို လေလံ တင်နိုင်သည် မို့လား။ “ဟိုမှာဆိုရင် Show Room မှာ သွားကြည့်။ အသစ်ချပ်ချွတ် ကီလိုမီတာ ဘယ်လောက် မောင်းပြီးသားလဲ ဆိုတာ ခေါင်းကိုက်စရာ မလို။ အရိုင်းလေးတောင် မဟုတ်” လို့ မိတ်ဆွေ အရင်းချင်းမို့ ပြောမိပေမယ့် သူကလဲ ပြန်ပြောသည်။ “မရှည်နဲ့… ဒါ ဟို မဟုတ်”တဲ့။

သူ့ကား စာရွက်စာတမ်း ကိစ္စလုပ်ဖို့  ကျွန်တော်က ကားလိုက် မောင်းပေးရသည်။ “သူများတွေ စီမှာဆိုရင် အွန်လိုင်းဘဲဗျာ။ အသစ်စက်စက် ၀ယ်ထားတော့ ဘောင်အမှတ်တွေ။ အင်ဂျင် အမှတ်တွေ ရောင်းသူဘက်က လုပ်သွားရုံဘဲ လွယ်မှ လွယ်” လို့ အထွန့်တက်တော့ “မရှည်နဲ့ အခုတစ်လော ဂျီးမေးလ်တောင် ဖွင့်မရတာ။ နင့် အဘတွေ အီးဂါးဗားမင့် ဆိုတာတောင် အခုအချိန်ထိ မစနိုင်သေးဘူး။ အခုမှ ကွန်ဖရင့်မီတင်းအတွက်ဆိုပြီး ပစ္စည်းတွေကို သတင်းစာတွေထဲမှာ တင်ဒါခေါ်တုံး” တဲ့။

လမ်းတွေပေါ်မှာ ကားတွေ စည်းကမ်း အလွန်ပျက်ကြသည်။ ယာဉ်ကြောကို အချက်ပြမီး မပြဘဲ ကူးချင်သလို ကူးကြသည်။ “ဘာကြောင့် ရပ်ရပ် လမ်းဘေး ချရပ်” ဆိုသည့် ဆိုင်းဘုတ်နှင့် မလှမ်းမကမ်း လမ်းလယ် နီးပါးလောက်မှာ ရပ်သည်။ ရပ်တာကလဲ ခဏမဟုတ်။ ပစ္စည်း တင်ချဖို့။ နောက်က ကားတွေ အမြင်မတော် ရှောင်မောင်းသွား။ လမ်းပြောင်းပြန်ကို မီးကြီး ဖွင့်ပြီး မောင်းသည်။ တစ်ဘက် ယာဉ်ကြောက ကားကဘဲ သူ့ကို ပြန်ထိုင်ရှိခိုးရမလိုလို။ ဘတ်စ်ကားကြီးတွေက ခေါင်းကြီးတွေ ဇွတ်ထိုးပြီး ကားလေးတွေကို အနိုင်ကျင့်သည်။ တိုက်ရဲတိုက်စမ်း။ ငါတို့ ဘော်ဒီက သံချည်းဘဲ ဆိုသည့် အပေါက်။ Taxi သမားများက ကား အသစ်လေးများ၊ ဈေးကြီးကားများဆိုလျှင် မတိုက်၊ မခိုက်ရဲတာကို သိသောကြောင့် ရှေ့က ဇွတ်ဖြတ်ဝင်သည်။ ဘေးက ပွတ်မိမတတ် ကျော်တက်သည်။ ဒါတွေအားလုံးကို “ဟိုမှာဆိုရင်” ဆိုသည့် အတွေး တွေးမိပေမယ့် နားလည်မှုများစွာဖြင့် မေတ္တာစိတ်ထား အပြည့်ဖြင့် သတိထား မောင်းရသည်။

ဒီကားတွေ စည်းကမ်းကျဖို့ လမ်းတွေ အရင် စည်းစနစ်ကျဖို့ လိုသည်။ အချက်ပြ မီးစနစ်တွေ လိုက်လျောညီထွေ ရှိနေဖို့ လိုသည်။ လမ်းမကြီးတွေပေါ်မှာ ကား မရပ်ရ၊ ရပ်ရင် ဆွဲကားနဲ့ ဆွဲသွားမယ်လို့ ပြောပေမယ့် ရပ်သူများကလဲ ရပ်သည်။ တကယ်တော့ ရပ်သော သူများအပြစ်ချည်းလဲ မဟုတ်။ အဲဒီမှာ မရပ်လို့ ဘယ်မှာ သွားရပ်မှာတုံး။ ဘတ်စ်ကားဒရိုက်ဘာများ၊ နောက်လိုက်များ စည်းကမ်း ပျက်ချင်တိုင်း ပျက်တာ သူတို့ ၀မ်းရေးက ပူသည်ကိုး။ အခေါက်ရေနဲ့ စားရသည်ကိုး။ ငါ့ဝမ်းပူဆာ မနေသာ ကိစ္စမှာ အပြစ်ပြောလဲ ပြော…ပြော..ပြီး ပြော…မောမယ်ပေါ့။ ထို့ကြောင့် ဘတ်စ်ကားများကို သြော်…၀မ်းရေးများ တယ်မောတာဘဲ လို့ တွေးပေးလိုက်သည်။ Taxi သမားများကိုတော့ သြော်…ဒီလူတွေ အုံနာကြေးကလဲ မနည်းဘူးလေ လို့ တွေးပေးလိုက်သည်။ မီးတွေ ဖွင့်ပြီး လမ်းပြောင်းပြန် မောင်းလာသော ကားများကိုတော့ အမြန်ရှောင်ပေးလိုက်သည်။ မြန်မာပြည်မှာ ဘယ်သူတွေက ဘာတွေမှန်း မသိ။ ဟိုမှာလို မဟုတ်လို့ တွေးရသည်။ မဿကာ ဒူးထောက်ခိုင်းပြီး ပါးရိုက်သွားရင် မကြီး မငယ်ကြီးကျမှ ရှက်စရာ။

နောက်ထပ် “သြော်…ဒီလောက်တော့ ရှိမှာပေါ့” ဆိုသည့် တွေးပေးလို့ မရသည့် ကိစ္စတစ်ခု ဖြစ်သည်။ အထက်က ပြောခဲ့သော မိတ်ဆွေ၏ ကားဘဲပေါ့။ ကားပါကင် မရှိသောကြောင့် အိမ်အရှေ့ ပလက်ဖောင်း ဘေးမှာ ရပ်ထားခဲ့ရသည်။ သူ့အိမ်က တတိယ ထပ်မှာ။ မနက်လင်းတော့ နောက်ကြည့် မှန်တွေ မရှိတော့။ သူခိုးက ပရို အဆင့်ရှိဟန်တူသည်။ အတက်တစ်ခု မကျိုး။ ဘယ်နေရာ ဘယ် ကလစ် ရှိတယ်ဆိုတာ ကောင်းကောင်းသိသည်။ အရာတစ်ချက် မထင်။ နောက်ကာဗာ။ မှန်နှစ်ဘက်။ ကျေးဇူး တင်ရမှာလား။ အချိန်မရတော့သောကြောင့်လား မသိ။ Control Motor တော့ ဖြုတ်မသွား။ ဒုက္ခက ကားကို နောက်ကြည့်မှန် မပါဘဲ ကျွန်တော်တို့ နှစ်ယောက်စလုံး မမောင်းတတ်။ သူကတော့ အေးအေးဆေးဆေး။ “အေးကွာ…မေ့သွားတယ်…ဟိုနေ့တွေကတည်းက သွားပြီး ချုပ်ထားရမှာ။ အခုတော့ ဒီကောင်တွေ ဘယ်အချိန်ကတည်းက ချောင်းနေသလဲ မသိဘူး။” တဲ့။ သူပြောသော ချုပ်ထားရမှာတွေ၊ တုပ်ထားရမှာတွေ ကျွန်တော် နားမလည်။ ဖြစ်နိုင်တာက ခိုးလို့မရအောင် တစ်ခုခု လုပ်ထားရမယ်ဆိုသည့် သဘော။ နောက်မှ သူရှင်းပြလို့ သိရသည်။ တံဆိပ် လိုဂိုတွေကိုပါ လွယ်လွယ်ဖြုတ်မရအောင် Rapid တွဲထားရသည်တဲ့။ မလုပ်ထားလို့ကတော့ ဖြုတ်ခိုးပြီးသားဘဲတဲ့။ “အင်းလေ…ဟိုမှာဆိုရင် ဒါတွေ ပူစရာ မလိုဘူးပေါ့။ ကားပါကင်တွေမှာ စီစီတီဗွီတွေနဲ့ ဖြုတ်ခိုးရင်တောင် ဘယ်သွားရောင်းရမှာတုံးနော့်။ ဟုတ်ပါတယ်လေ…ဘယ်သူက ခိုးချင်မှာလဲ။ သူတို့မှာလဲ အတော်ကြီး ဒုက္ခကြီးရှာလို့သာ ခိုးရတာ နေမှာပေါ့” လို့ ပေါ်လီယာနာ ပြော ပြောပြီး မှန်ပြန်တပ်ဖို့ စဉ်းစားရသည်။

ကားအပိုပစ္စည်း အားလုံးကို ကျိုက်က္ကဆံ ကား ရောင်းဝယ်ရေး စခန်းမှာ သေချာပေါက် ပြန်ရနိုင်သတဲ့။ “မနက် ဆယ်နာရီလောက်ဆိုရင် ခင်ဗျားကားက ဘက်မှန်တွေတောင် ပြန်ရောက်နေရောပေါ့” လို့ မိတ်တွေတစ်ချို့က နောက်သည်။ ဒီလိုဆို ကားကို မောင်းယူသွားရုံသာ။ မှန်မပါပေမယ့် ဖြည်းဖြည်းမောင်းသွာ ရုံသာ။ သို့ပေသိ လမ်းမှာ Surprise Check ရှိနိုင်သည်။ မှန်မပါတာ တွေ့ရင် စကားတွေ အများကြီး ပြောရနိုင်သည်။ အုပ်ချုပ်ရေးပိုင်းနဲ့ မလိုအပ်ဘဲ စကားမပြောသင့်တာ မြန်မာပြည်မှ မဟုတ်။ ဟိုမှာလဲ ဒီလိုဘဲ။ နောက်ပြီးတော့ ရဲကို Report လုပ်ချင်သည်။ ဒါမှလဲ ဒီရဲတွေ သူတို့ နယ်ထဲမှာ ဒီလို ကိစ္စတွေ ဖြစ်နေတယ်ဆိုတာ သိမှာမို့လား။  ဟိုမှာလဲ တစ်ခုခု ဖြစ်ရင် သတင်းပို့ရတာဘဲ မို့လား။ ဒီမှာလဲ သတင်းပို့ထားတာ မမှားဘူး လို့ တွေးကာ ကျွန်တော်တို့ နှစ်ယောက် နယ်မြေရဲစခန်းကို ချီတက်သွားကြသည်။

နယ်မြေရဲစခန်းရောက်တော့ မနက်ခင်း တန်းစီတာ မပြီးသေး။ စခန်းမှူးက သူ့လူတွေကို ဗီဒီယိုရိုက် ကင်မရာ အသုံးပြုနည်း သေသေချာချာ သင်ဖို့ ဖိကြိမ်းနေတာ ကြားနေရသည်။ ဒီလူတွေ ရဲမလုပ်ဘဲ ကိုမိုက်တီးတို့နဲ့များ ဝေစုလုတော့မလားလို့ တွေးမိသည်။ ရဲစခန်းက တကယ့် ဘုရားစူး ရဲစခန်း။ ၀ါယာကြိုးတွေက တိုးလို့တွဲလောင်း။ ကွမ်းတံထွေးတွေက ဟိုနား တစ်ကွက်၊ ဒီနား တစ်ကွက်။ May I Help You ဆိုင်းဘုတ်အောက်မှာ အဆိုးဆုံး။ တန်းစီတာပြီးအောင် အကြာကြီး စောင့်အပြီးမှာ တာဝန်မှုးက စွပ်ကြယ်လက်ပြတ်၊ မျက်ချေး ဗရက်ပြစ်နှင့် ဘယ်ချောင်က ထလာသည် မသိ။ နာမည်။ အသက်။ လိပ်စာ ထိုသုံးခုကို သူ့စားပွဲ လယ်ဂျာစာအုပ်ကြီးထဲသို့ ရေးသွင်းပြီး သကာလ ဖြစ်စဉ်ဖြစ်ပွားသော နေရာကို တစ်ချက် မမေး။ သက်သေခံ တစ်ခုခု ရှိသလားလို့လဲ မမေး။ ဒီလိုကိစ္စတွေ ရိုး…ဟိုး…နေပြီလား မသိ။  သြော်…ဒီလိုဘဲ ရှိမှာပေါ့လေ။ ပြည်ထဲရေး ဘတ်ဂျက်က သိပ်ရတာမှ မဟုတ်တာ။ ဘတ်ဂျက်အများဆုံးရတဲ့ ဌာနကြီးတောင် လူမွှေးလူရောင်မပြောင်တာဘဲ။ သူတို့ဆို ဝေးပေါ့လို့ တွေးပေးလိုက်သည်။ “လမ်းမှာ ယာဉ်ထိန်းရဲတွေ့ရင် ဘယ်လို လုပ်ရမလဲ၊ ဖြစ်နိုင်ရင် ပျောက်သွားလို့ တိုင်ကြားထားကြောင်းလေး စာလေးဖြစ်ဖြစ် ပေးပါ့လား” ဟု ကျွန်တော်က မေးတော့ “ဟာ…အမှုမဖွင့်နေပါနဲ့။ ဒီမှာ သတင်းပို့ပြီးကြောင်းသာ ပြောလိုက်ပါ။ ဒါမှ မရရင် ဖုန်းဆက်ခိုင်းလိုက်ပါ” တဲ့။ ကောင်းလေစွ တကား။ “ဟိုမှာဆိုရင် ဒီလိုကိစ္စမဆိုထားနဲ့ ခင်ဗျား မိန်းမ ခင်ဗျားကို ပါးရိုက်ရင်တောင် အိမ်ကို ဖုန်းဆက်ခေါ်ရုံဘဲဗျ” လို့ မိတ်ဆွေကို ပြောတော့ မျက်စောင်းထိုးသည်။

ကားနောက်ကြည့်မှန်တွေ ရှာပြီး ပြန်ထည့်ရတာ မြန်မာငွေ နှစ်သိန်းကျော် ကျော် ကုန်သွားသည်။ ကျွန်တော့်မိတ်ဆွေက ပိုက်ဆံ တတ်နိုင်သည်။ Original အတိုင်း တပ်ချင်တယ်လို့ မနည်းကြီး တောင်းပန် ခယ ၀ယ်မှ သကောင့်သားများက ဘယ်က ဆွဲချလာသည် မသိ။ နဂိုအတိုင်း ပြန်ရသည်။ “ဟိုမှာဆိုဗျာ…Show Room ကို မော်လ်ဒယ်ပြောပြီး လိုချင်တဲ့ Parts တွေကို ဖုန်းဆက်မှာရုံဘဲ” လို့ ကျွန်တော်က အထွန့်တက်မိသေးသည်။

ကျွန်တော်တို့ နှစ်ယောက် ကားနောက်ကြည့်မှန် ကိစ္စပြီးတော့ အတော်ကြီး ဆာလောင် မွတ်သိပ်နေပြီ။ မနက်စာ စားထားပေမယ့် စကားတွေ အများကြီး ပြောလိုက်ရသောကြောင့် ထင်သည်။ တစ်ခုခု ကောင်းကောင်းစားကြဖို့ မြို့ထဲကို သွားရန် မြေနီကုန်းဘက်သို့ ကျွန်တော်က ကားကို ဦးတည်လာခဲ့သည်။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ။ ပြည်လမ်းမကြီးက ပိတ်နေတာ ဟံသာဝတီ အ၀ိုင်း ကျော်ကျော်လေးကတည်းက။ ကျွန်တော် သီးမခံနိုင်တော့။ ဘယ်လိုမှလဲ သြော်…ဒီလိုဘဲပေါ့ဆိုသည့် အတွေး တွေးမပေးနိုင်တော့ ။ ဗိုက်ဆာလှပြီ။ ဟိုမှာဆိုရင် အပေါ် မိုးပျံလမ်းက သပ်သပ်။ ရပ်ကွက်ထဲ သွားဖို့ လမ်းက သပ်သပ် လို့ မိတ်ဆွေဖြစ်သူကို ပြောနေမိသည်။ တကယ်ကျတော့ လမ်းပိတ်နေသော အကြောင်းက မြေနီကုန်း ကုန်းကျော်တံတားကြီး တည်ဆောက်ဖို့ မြေကြီးစမ်းသပ်နေခြင်းကြောင့် ဖြစ်သည်။ ယာဉ်ကြောတစ်ကြောက သုံးမရတော့။ ကားတွေ ပိတ်တာ မဆန်း။

“ဟိုမှာဆိုရင် ဒီလို အလုပ်တွေလုပ်တော့ မယ်ဆိုရင် သတင်းစာတွေထဲမှာ ကြိုတင် အကြောင်းကြားတာ တစ်လလောက်ဗျ။ ဟိုမှာဆိုရင် ဒီလို အလုပ်မျိုးတွေကို ညကြီး မိုးချုပ် ကားရှင်းတဲ့ အချိန်ကို ချိန်ပြီး လုပ်ကြတာဗျ။ ဟိုမှာဆိုရင် …” ဆိုသည့် ကျွန်တော့် စကားမှ မဆုံးသေး။ သူက…

“ဟေ့လူ…ခင်ဗျားရဲ့ ဟိုမှာဆိုရင်ကြီးကို ရပ်တန်းက ရပ်ရင် ကောင်းမယ်။ ကျုပ် အရမ်းဗိုက်ဆာနေပြီဗျာ။ တဆိတ်.. ခင်ဗျား ဟိုမှာဆိုရင်ကြီးကို ပါးစပ်ပိတ်ထားဗျာ။ ဒါက ဒီမှာဗျ။ ဟိုမှာ မဟုတ်ဘူး။ ဟိုမှာ ဟိုလူတွေ အုပ်ချုပ်လို့ ဟိုလို ဖြစ်နေပြီဗျ။ ဒီမှာ ဒီလူတွေ အုပ်ချုပ်လို့ ဒီလိုဖြစ်တယ်ဗျာ။ ကိုင်း…ခင်ဗျား ဘာလုပ်ချင်လဲ။ မကြေနပ်ဘူးလား…ဟိုကိုပြန်…ဒီမှာ မနေနဲ့” တဲ့။

ကိုင်း…ခက်ပေဘူးလား။ သြော်…ဒီလူ ဒီလိုပြောတာ လဲ ဟုတ်တာဘဲ ။ ဒီလောက်တော့ ရှိမှာပေါ့။ ဟိုမှာမှ မဟုတ်တာလို့ စိတ်ထဲက ခပ်တိုးတိုးတွေးပြီး ဗိုက်ထဲက အသံမျိုးစုံကို ပြည်လမ်းမကြီးပေါ်မှာ ဖွင့်ထုတ်နေမိတော့တယ်။

ဖိုးထက်

Photo Credit – http://www.pbase.com/image/122307763


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ဖိုးထက်, ရသဆောင်းပါးစုံ, ခေတ်ပြိုင်အတွေ့အကြုံ

2 Responses to ဖိုးထက် – ဟိုက ဟို….ဒီက ဒီ

  1. P N wara on August 22, 2014 at 2:40 pm

    good story and all are truth.

  2. Thet Naing on August 22, 2014 at 7:23 pm

    ကောင်းလိုက်တာဗျာ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်