ဒေါက်တာဓမ္မပိယ (ITBMU) – ကုန်ဆုံးခဲ့ပြီးသော နေ့ရက်များကို ပြန်လည်အမှတ်ရနေမိခြင်း

August 23, 2014

 

ဒေါက်တာဓမ္မပိယ (ITBMU) – ကုန်ဆုံးခဲ့ပြီးသော နေ့ရက်များကို ပြန်လည်အမှတ်ရနေမိခြင်း
သြဂုတ် ၂၃၊ ၂၀၁၄

မြန်မာပြည်မှာ နေ့ရက်များစွာကို ကုန်လွန်စေခဲ့ပြီးနောက် … ။ သြဂုတ်လ (၁ဂ) (ဂ-၁ဂ-၂၀၁၄)နေ့က အမေရိကန်နိုင်ငံသို့ အကြောင်းကိစ္စတစ်ခုနှင့် ပြန်လည်ရောက်ရှိလာခဲ့တယ်။ အမေရိကန်နိုင်ငံမှာ တစ်လနေပြီး မြန်မာပြည်ကို ပြန်ဖို့ ခရီးစဉ်ဆွဲထားတယ်။ ဒီခရီးစဉ်ကြောင့် နီးခြင်း၊ ဝေးခြင်းဆိုတဲ့ အကြောင်းတစ်ခု သေချာ ပေါက်ပေါ်လာနိုင်ခြင်းပါ။

ဝေးဝေးနေခြင်း၊ နီးနီးနေခြင်းဆိုတဲ့ ဘ၀ခရီးမှာ – နီးနီးနေခြင်းကြောင့် ကောင်းတာတွေ ရှိနိုင်သလို၊ ဝေးဝေးနေခြင်းကြောင့်လည်း ကောင်းတာတွေက ရှိနေပြန်တယ်။ လူချင်းဝေးနေပေမဲ့ စိတ်ချင်းမဝေးဘူးဆိုရင် နီးနေသလိုပါပဲလို့ ပြောလာသူတွေလဲ ရှိနေခြင်းပါ။ ဘာပဲဖြစ်ဖြစ် ဝေးခြင်းနီးခြင်းဆိုတာကို ဘ၀တစ်ခုရဲ့ ဖြစ်စဉ်လို့ နှလုံးသွင်းနိုင်ခဲ့မယ်ဆိုရင် … ။

ပြောလို့သာ ပြောရတယ်။ အမေရိကကို ပြန်လည်ရောက်လာပြန်တော့လဲ ၀မ်းသာဝမ်းနည်း ဖြစ်မိ ပြန်တယ်။ တွေ့ချင်တဲ့လူတွေ၊ တွေ့သင့်တဲ့လူတွေကို တွေ့ခွင့်ရတဲ့အတွက်ကြောင့် ၀မ်းသာမှုဆိုတာ ဖြစ်လာ ပြန်တယ်။ သို့သော် ဖရီးမောင့်မြို့မှာတည်ရှိတဲ့ မေတ္တာနန္ဒ၀ိဟာရ ဓမ္မရိပ်သာနှင့် တစ်နှစ်ခွဲလောက် အနေကင်း ကွာခဲ့ရတဲ့အတွက်ကြောင့် စိတ်ထဲမှာတော့ ၀မ်းနည်းမိသလို ဖြစ်မိပြန်တယ်။ ဒါကြောင့်လည်း အတိတ်မှာ ထင်ကျန်ရစ်ခဲ့တဲ့ အမှတ်ရဖွယ်၊ အောက်မေ့ဖွယ် ပုံရိပ်များကို ပြန်လည်ဆေးချယ်ကြည့်မိတယ်။ စာရေးသူရဲ့ အတိတ်ဒိုင်ယာယီမှာ စိတ်နှင့်ရေးမှတ်ထားခဲ့တဲ့ စာမျက်နှာများကို ပြန်လည်ဖတ်ရှုမိရာ အမှတ်ရစရာတွေက တသီတတန်းကြီးဖြစ်ပေါ်လာတယ်။ ဒီတော့လဲ အတိတ်က ပုံရိပ်တွေပဲလို့ ပေါ့ပေါ့ပါးပါးပဲ တွေးယူလိုက်မှ စိတ်တွေဟာလည်း ပေါ့ပါးသွားတော့တယ်။

အတိတ်နှင့် ပစ္စုပ္ပန်၊ ပစ္စုပ္ပန်နှင့် အနာဂတ် ဒီခြားနားချက်တွေကြားမှာ ဆက်စပ်မှုရှိနေအောင် ဘယ် အရာတွေကများ ဆက်စပ်ပေးထားပါလိမ့်လို့ စဉ်းစားးမိပြန်တယ်။ ကာလသုံးပါးဟာ အကြောင်း အကျိုးအားဖြင့် ဆက်စပ်မှုရှိနေတာမှန်သော်လည်း အတိတ်က မိမိသိခဲ့ဖူးသူတွေ (ဒေါ်ကျင်ရွှေ၊ ဒေါ်ဟယ်လင်လင်း၊ ဦးထိန်ဝင်း စတဲ့ ပုဂ္ဂိုလ်တွေ) ယနေ့ပစ္စုန်ဘ၀မှာ မရှိတော့တာကို သတိပြုမိတယ်။ ယနေ့လို့ခေါ်တဲ့ ပစ္စုပ္ပန်မှာ မိမိသိထား သူတွေ နောင်အနာဂတ်မှာ ဘယ်လောက်ကြာကြာ ရှိနေကြဦးမှာလဲဆိုတာကိုလည်း ကြိုတင်စဉ်းစား မိပြန် တယ်။ တကယ်တော့ ဒါတွေကို ဘ၀နှင့်ချိန်စက်ပြီး စဉ်းစားကြည့်မည်ဆိုရင်တော့ မဆုံးနိုင်တဲ့ ဘ၀သံသရာမှာ လွမ်းစရာတွေချည်းဖြစ်နေမှာပဲလို့ စဉ်းစားမိခြင်းပါ။ ဒီတော့လဲ သွားသူတွေလဲ လွတ်လွတ်လပ်လပ် သွားကြ ပါစေ။ လွမ်းလိုသူတွေလဲ လွတ်လွတ်လပ်လပ် လွမ်းကြပါစေ။

ဝေးခြင်းနီးခြင်း ဖြစ်စဉ်နှစ်ခုကို ဥာဏ်နှင့်ဆင်ခြင်ပြီး ကြည့်နိုင်မယ်ရင်တော့ သံဝေဂဆိုတဲ့ တရားအသိ ဥာဏ်များ ပူးတွဲပါဝင်လာနိုင်ခြင်းပါ။ ဥပမာ၊ အကယ်၍သာ လူတစ်ယောက်ဟာ ဘ၀တစ်ခုရဲ့ အတိတ်မှာ ဖြစ်ပျက်သွားခဲ့တဲ့ အရာအားလုံးကို ရေပွက်ပမာ တခဏမျှသာဆိုတဲ့ သင်္ခါရသဘောကို ပြည့်ပြည့်၀၀ကြီး လက်ခံထားနိုင်သူတစ်ယောက် ဖြစ်နေခဲ့မည်ဆိုလျှင် အနာဂတ်မှာ ဖြစ်ပေါ်လတံ့ဖြစ်တဲ့ ထိုအရာ အားလုံး တို့သည်လည်း သင်္ခါရသဘောမှာပဲ အကျုံးဝင်နေတယ်ဆိုတာ သိထားနိုင်ဖို့ပါ။

အကယ်၍သာ လူတစ်ယောက်သည် မိမိသွားရမဲ့ ဘ၀ခရီးလမ်းနှင့် မိမိရဲ့ကံကြမ္မာကုန်ဆုံးမည့် နေ့ရက်ကို ကြိုတင်သိထားခဲ့မည်ဆိုလျှင် လောကမှာ ဖြစ်လေ့ဖြစ်ထရှိနေတဲ့ အမုန်းတရားတွေဆိုတာ ဖြစ်လာ နိုင်မည်မဟုတ်ပါ။ အာဃာတတွေ၊ ရန်ညှိုးတွေ ဖွဲ့ပါဆိုလို့လည်း ဖွဲ့ရဲတော့မည်မဟုတ်ပါ။ ဘာကြောင့်လဲဆိုရင် ဥာဏ်က အသိမှား၊ အမြင်မှားများကို ဖယ်ရှားပေးနိုင်တာကြောင့် ခဏလေးသာကြာတဲ့ ဘ၀လေးထဲမှာ အမုန်းတရားတွေကို အကြာကြီး ဖြစ်ခွင့်ပေးထားနိုင်တဲ့ သဘောသဘာဝမျိုး ထိုပညာရှိသူတော်ကောင်းမှာ အချိန်တွေ ပေးမထားနိုင်လို့ပါ။

လူသားတစ်ယောက်ရဲ့ တောင်းလှတဲ့ ဘ၀လေးထဲမှာ လုပ်စရာတာဝန်တွေက များစွာရှိနေခြင်းပါ။ လူ့ဘုံမှာ မွေးဖွားလာသူဆိုတော့  အမေဆိုတာ ရှိလာမယ်။ အဖေဆိုတာ ရှိလာမယ်။ သူတို့ရှိလာတော့ သူတို့အပေါ်မှာ ပြုစုစောင့် ရှောက်ရမဲ့ တာဝန်ဝတ္တရားတွေဆိုတာလည်း ရှိလာမယ်။ ဒီတာဝန်၊ ဒီဝတ္တရားတွေ ကျေပွန်တဲ့ သားသမီးများကို သားကောင်း၊ သမီးကောင်းလို့ လောကကြီးက အသိအမှတ်ပြုထားတယ်။ ဒါကြောင့် မိဘတွေရဲ့အပေါ်မှာ တာဝန်တွေ၊ ၀တ္တရားတွေ မကျေပွန်ရင်လည်းနေပါစေ။ ကျေးဇူးတရားကို မစော်ကားမိအောင်၊ ကျေးဇူးတရားတွေကို မချေဖျက်မိအောင် စောင့်ထိန်းနိုင်သူမျိုး ဖြစ်နိုင်အောင်တော့ ကြိုစားသင့်ခြင်းပါ။

နောက်တစ်မျိုးက လှပတဲ့ဘ၀မျိုးနှင့် ဖြောင့်ဖြူးတဲ့ဘ၀မျိုးကို ပိုင်ဆိုင်နိုင်ဖို့ ဆရာတွေဆီမှာ တပည့်ခံပြီး ပညာတွေကို သင်ယူခဲ့ရပြန်တယ်။ ဒီတော့လဲ ဆရာ့အပေါ်မှာ ပေးဆပ်ရမဲ့ တာဝန်ဝတ္တရားတွေဆိုတာ ရှိလာပြန်တယ်။ ဒီတာဝန်ဝတ္တရားတွေကိုလည်း စွမ်းနိုင်သမျှ ပေးဆပ်နိုင်ကြဖို့ပါ။

အလားတူစွာပင် ဒီတိုင်းပြည်တွင်းမှာ ရှင်သန်ကြီးထွားလာသူတစ်ယောက်အတွက် ဘယ်လိုနည်းနဲ့မှ တိုင်းပြည်ကို အကျိုးမဲ့ဖြစ်အောင် မပြစ်မှားသင့်ပါ။ အာဏာရှင်ကိုမုန်းရင် ဒီအာဏာရှင်ကို တိုင်းပြည်တွင်းမှ ဖယ်ရှားနိုင်အောင် ကြိုးစားပေးကြရမှာဖြစ်တယ်။ သို့သော် ဒီအာဏာရှင်ကြောင့်တော့ တိုင်းပြည်ကို မမုန်းသင့်ပါ။ တိုင်းပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ စနစ်ဆိုးကြီးကို မကြိုက်ရင် ထိုစနစ်ဆိုးကြီးကို တိုင်းပြည်တွင်းမှ ကြိုးစားပြီး ဖယ်ရှားပစ်ကြမယ်ဆိုရင်လည်း ကြိုးစားပေးကြဖို့ပါ။ သို့သော် ဒီစနစ်ဆိုးကြောင့်တော့ တိုင်းပြည်ကို အပြစ်မမြင်သင့်ပါ။

ဒီအာဏာရှင်၊ ဒီစနစ်ဆိုးတွေကို ဖယ်ရှားပစ်ချင်တယ်ဆိုလျှင် ထိုသူမှာ ပညာဆိုတဲ့ လက်နက်တွေရှိ လာအောင် ဦးစွာပထမ ကြိုးကြိုးစားစားနှင့် စုဆောင်းထားရမှာဖြစ်တယ်။ ပညာမပါတဲ့သူဟာ လက်နက်မပါတဲ့ စစ်သားနှင့်တူတယ်။ ပညာမတတ်တဲ့သူဟာ ဥာဏ်ပညာနည်းတဲ့ အုပ်ချုပ်သူနှင့် တူတယ်။ ဥာဏ်ပညာတွေ၊ အသိတရားတွေနှင့်ပြည့်စုံတဲ့ သူကတော့ ငွေကြေးချမ်းသာပြီး လက်နက်အင်အားတောင့်တင်းတဲ့  ပညာရှိနှင့် တူတယ်။ ငွေးကြေးဆိုတာ ကြွားဝါဖို့မဟုတ်ပဲ၊ သို့မဟုတ် အပျော်ကျူးဖို့မဟုတ်ပဲ၊ တိုင်းပြည်မှာ အကျိုးရှိမဲ့ လုပ်ငန်းတွေကို လုပ်နိုင်ဖို့အတွက် သုံးစွဲရမှာဆိုတာကို သူသိတယ်။ လက်နက်ဆိုတာ လူကိုသတ်ဖို့မဟုတ်ပဲ၊ သို့မဟုတ် အာဏာကို အလွဲသုံးစားပြုလုပ်ဖို့မဟုတ်ပဲ၊ တိုင်းပြည်ကို အကျိုးမဲ့ဖြစ်အောင် အားထုတ်နေတဲ့ လူရမ်းကားတွေကို နှိမ်နှင်းနိုင်ဖို့နှင့် တိုင်းပြည်တွင်းမှာ ငြိမ်းချမ်းစွာ နေထိုင်ကြတဲ့ပြည်သူ၊ ပြည်သားတွေကို ကာကွယ်ပေးဖို့ဆိုတာကို ထိုပညာရှိက နားလည်တယ်။ ဒါဟာ ပညာရှိသူတို့ရဲ့ စရိုက်လက္ခဏာဆိုတာကို ခွဲခြား သိနိုင်တဲ့ အချက်ပဲ။

ထို့ကြောင့် တိုင်းပြည်တစ်ပြည် တည်ငြိမ်အေးချမ်းနိုင်ဖို့အတွက် ပညာရှင်တွေ များများလိုတယ်။ တိုင်းပြည်ဖွင့်ဖြိုး တိုးတက်ဖို့ဆိုရင်လည်း ပညာရှင်တွေ များများလိုတယ်။ တိုင်းပြည်ကို လက်ဝါးကြီးအုပ်ပြီး အုပ်ချုပ်နေသူတွေကို ဖယ်ရှားနိုင်ဖို့ဆိုရင်လည်း ပညာရှင်တွေ များများလိုတယ်။ တိုင်းပြည်ကို စေတနာထား၍ အလုပ်လုပ်သူ၊ စေတနာမထားပဲ အလုပ်လုပ်နေသူများကို ခွဲခွဲခြားခြား သိမြင်နိုင်ဖို့ဆိုရင်လည်း ပညာရှင်တွေ များများလိုတယ်။ တိုင်းပြည်အတွင်းမှာ ပညာရှင်တွေ များများပေါ်ထွန်းလာနိုင်ဖို့အတွက်ဆိုရင်လည်း ပညာ ရှင်တွေ များများလိုတယ်။ ဒီလိုဆိုလျှင် တိုင်းပြည်တွင်းမှာ ပညာရှင်တွေ များများပေါ်ထွန်းလာနိုင်ဖို့အတွက် ထိုတာဝန်ကို မည်သူတွေက တာဝန်ယူကြမှာလဲ။ ဥာဏ်ကြီးရှင်တို့ စဉ်းစားပေးနိုင်ကြဖို့ပါ။

ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းစ တိုင်းပြည်မျိုးဆိုတာ လုပ်စရာတွေက များလှတယ်။ အလုပ်လုပ် ရာမှာလည်း အလုပ်ကို မကျွမ်းကျင်ရင် ပိုကြာတယ်။ စေတနာတွေက မဖြူစင် တိုင်းပြည် ပိုနာတယ်။ ပြည်သူ တွေက အသိတရားမရှိတော့ (ပညာတတ်နည်းပါးတော့) လုပ်တဲ့အလုပ်တွေမှာ ပိုမှားတယ်။ တိုင်းပြု၊ ပြည်ပြု လုပ်ငန်းကိစ္စတွေမှာ အတိုက်အခံတွေက ပူးပေါင်းပါဝင်ဆောင်ရွက်မှု မရှိခဲ့ရင် ပိုပြီး လုံးချာလည်တယ်။ တိုင်းပြည်ကို အကျိုးပြုလိုတဲ့ ပြည်သူ့သားကောင်း၊ သမီးကောင်းမှန်ရင် ဒါတွေကို ကိုယ်ပိုင်အသိနှင့် ကိုယ်တိုင်မြင်နိုင်ရမယ်။ ကိုယ်ပိုင်အတွေ့အကြုံတွေနှင့် ခြုံငုံသုံးသပ်နိုင်ရမယ်။ သူများပြောရာ လိုက်ပြော၊ သူများရေးတာ လိုက်ရေး၊ သူများအော်ရာ လိုက်အော်နေသူတွေကို ပြည်သူသားကောင်းတွေ၊ သမီးကောင်း တွေပါလို့ အဆိုပြုခဲ့မယ်ဆိုရင် အဲဒီတိုင်းပြည်ဟာ ဂျွမ်းထိုးမှောက်ခုန် ဖြစ်သွားနိုင်တယ်။ ဒါကြောင့် အမျိုးသား ရေးဆိုတဲ့ အသိတရားကို ဥာဏ်နှင့် ရှုကြည့်နိုင်ကြဖို့ပါ။

ဘ၀မှာ လူတိုင်း တန်းတူအခွင့်ရေး ရှိရမယ်ဆိုတဲ့ သီအိုရီကို လက်ခံပါတယ်။ ဒါပေမဲ့ အခွင့်အရေး အားလုံး တန်းတူရည်တူ ရှိနေရမယ်ဆိုတဲ့ အဆိုကိုတော့ ဗုဒ္ဓဘာသာတရားက လက်မခံလိုပါ။ အဘယ်ကြောင့် ဆိုသော် တိုင်းပြည်တွင်းမှာ နေသူအားလုံး ကံ ဥာဏ် ၀ီရိယသုံးပါးကို အချိုးညီမျှစွာ အသုံးမချနိုင်သရွေ့ ဘယ်သောအခါမှ လူတိုင်းလူတိုင်း တန်းတူရည်တူ ရှိနေမည်မဟုတ်ပါ။ ဆိုလိုတာက တန်းတူရည်တူ အကျိုးကို ရနေမည်မဟုတ်ပါ။ ဥပမာ၊ ပညာရေးမှာ နိုင်ငံတော်မှ ကျောင်းသား၊ ကျောင်းသူအားလုံးကို ပညာသင့်ခွင့် အခွင့်ရေးများကို တန်းတူရည်တူ ပေးထားတယ်။ သို့သော် ကြိုးစားမှုအပိုင်း၊ ယုံကြည်ချက်ရှိမှုအပိုင်းတို့၌ အချိုးအစား မညီမမျှ ဖြစ်နေခဲ့မည်ဆိုလျှင် ထိုကျောင်းသားနှစ်ဦးတို့၏ ပညာအရည်အချင်းများသည် ဘယ်သောအခါမှ တန်းတူရည်တူ ရှိလာမည်မဟုတ်ပါ။ (There is the belief that you can make it happen.) ဆိုလိုတာက ယုံကြည်မှုသာ ရှိစမ်းပါစေ လောကမှာ လူလုပ်လို့ရတဲ့ အရာအားလုံးဟာ ရကိုရစေမယ်လို့ ပြောလိုရင်းပါ။

ဒီနေရာမှာ နိုင်ငံရေးနှင့်ပတ်သက်လာလျှင် ပြတ်သားပြီး စံထားလောက်တဲ့ စင်္ကာပူနိုင်ငံရဲ့ နိုင်ငံခေါင်း ဆောင် လီကွမ်းယုရဲ့ အတွေးအခေါ်အယူအဆများကို တင်ပြလိုခြင်းပါ။ သူ့သဘောထားအမြင်က – “ငါ့ရဲ့ အခြေခံယုံကြည်မှုက နိုင်ငံတစ်ခုရဲ့ နောက်ခံသမိုင်းကြောင်းက ဘာပဲဖြစ်နေနေ ပညာရေး၊ ကျန်းမာရေးစတဲ့ အခြေခံအချက်တွေမှာ တန်းတူအခွင့်အရေးတွေ ရှိနေရမယ်။ … ကိုယ်တိုင်အလုပ်ကြိုးစားရင်း ကိုယ်လိုချင်တဲ့ အောင်မြင်မှုဆီ လူတိုင်း သွားရောက်နိုင်တယ်။ လူ့အဖွဲ့အစည်းတစ်ခုလုံး တိုးတက်ဖို့အတွက် ဒီနည်းပဲရှိတယ်။ ကိုယ့်နိုင်ငံသားတွေရဲ့ အရည်အသွေးကို အမြင့်ဆုံးရောက်အောင် ပို့မပေးနိုင်တဲ့ လူ့အဖွဲ့အစည်းကို ငါမလို ချင်ဘူး။ လူတစ်ယောက်ရဲ့ မွေးရာပါဇာတ်က သူ့ကို နေရာပေးထားတဲ့ အဖွဲ့အစည်းမျိုးကိုလည်း မကြိုက်ဘူး”တဲ့။

ထိုကဲ့သို့ ကမ္ဘာ့ခေါင်းဆောင်အသီးသီးက ပညာရေးနှင့်ပတ်သက်ပြီး တလေးတစား ပြောကြားနေချိန် တွင် မြန်မာနိုင်ငံမှာ ယခုအချိန်အထိ ပညာရေးစနစ်ကို စနစ်တကျ ပြုပြင်ပြောင်းလဲမှု မပြုနိုင်သေးတဲ့အတွက် များစွာစိတ်မကောင်းဖြစ်မိခြင်းပါ။ အခြေခံအထက်တန်းကို ၁၂ တန်းအထိ မထားနိုင်သေးသမျှ လူစဉ်မမှီတဲ့ ကလေးလို ကမ္ဘာ့အလယ်မှာ ပညာရေးလူစဉ်မမှီတဲ့ နိုင်ငံတစ်နိုင်ငံအနေအထားမျိုးနှင့် ဆက်လက် တည်ရှိနေ ဦးမှာဖြစ်တယ်။ အထက်တန်းပညာကို အခမဲ့ (free education) ပညာရေးမျိုး အဆင့်ရောက်အောင်  မစွမ်းဆောင်နိုင်သမျှ ဒီပညာရေးဟာ ရေနစ်သူများကို ကယ်နေသူပမာ လက်သင့်ရာကိုသာ ကယ်နိုင်မဲ့ အခြေ အနေမျိုးမှာပဲ ဆက်လက်တည်ရှိနေဦးမှာဖြစ်တယ်။ စဉ်းစားနိုင်ကြဖို့ပါ။

ပညာရေးနှင့်ပတ်သက်ပြီး အထူးပြုပြောလိုတာက ဆယ်စုနှစ်များစွာ နိမ့်ကျနေခဲ့တဲ့ အတိတ်က သမိုင်းပုံရိပ်များကို ပြန်လည်သုံးသပ်ရင်း ကျောင်းသား၊ ကျောင်းသူများအတွက် ကုန်ဆုံးသွားခဲ့သော နေ့ရက် များကို ပြန်လည်အမှတ်ရနေမိတယ်။ သင်ရသလောက် အရာမထင်။ သွားရသလောက် ခရီးမပေါက်တဲ့ အနေအထားမျိုးတွေ ရှိနေတာကြောင့် ပညာရေးမူဝါဒများ အလျင်အမြန် ပြုပြင်ပြောင်းလဲနိုင်ရန် သမ္မတကြီး ထံသို့ပဲ အိတ်ဖွင့်စာရေး၍ ပေးပို့ရတော့မည်လော။ သို့မဟုတ် ပညာရေးဝန်ကြီးထံသို့ပဲ အိတ်ဖွင့်စာရေး၍ ပေးပို့ရတော့မည်လားဆိုတာ ဝေခွဲဖို့ ခက်နေခြင်းပါ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။

Photo Credit – Irrawaddy Burmese News


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, ဒေါက်တာဓမ္မပီယ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်