သက်ခိုင် – ထိုင်းတပ်နဲ့ ပဋိပက္ခ၊ ဘရိက်ဒန့်စ် ကရတဲ့အောင်ဖေ နဲ့ ၀င်းက မှတ်တမ်း

August 24, 2014

သက်ခိုင် – ထိုင်းတပ်နဲ့ ပဋိပက္ခ၊ ဘရိက်ဒန့်စ် ကရတဲ့အောင်ဖေ နဲ့ ၀င်းက မှတ်တမ်း

သြဂုတ် ၂ ၄၊ ၂၀၁၄ ( အောင်ဖေ အခန်းဆက်(၉))

(၁)

ဒီလိုနဲ့ ဖေဖေါ်ဝါရီကုန်လောက်ထင်ပါတယ်၊ ဦးသန်းထွဠ်တို့ ကိုဇော်မိုးကျော်တို့ ကိုအောင်မိုးတို့က မွန်ပြည်သစ်နယ်မြေ၊ မော်လမြိုင်ခရိုင် တောင်ပေါက်ဂွင်ဘက်ကို နယ်မြေလေ့လာရေးအနေနဲ့ ပထမဆုံး ဆင်းသွားကြ ပါလေရော၊ အောင်ဖေတို့ကတော့ စာသင်လိုက် ပုံမှန်လုပ်စရာရှိတာလေး လုပ်လိုက်ပေါ့လေ။

တရက်တော့ မတ်လဆန်းကြီး အောင်ဖေတို့ရဲဘော်တွေအကုန်လုံး လက်နက်တိုက်ကိုပြင် ဘားတိုက်တွေ ပြင်ဆောက် အဲဒီလိုလုပ်ကြရကော၊ ဘားတိုက်ကို ဒီတခါသစ်ပင်ကိုယ်ထည် ကြီးကြီးလေးတွေနဲ့ တောင့်တောင့်လေးဖြစ်အောင် ဆောက်ကြတယ်။ အဲဒီတော့ သစ်ပင်တွေဖြတ် လိုသလောက်ပိုင်း တိုင်ထူ၊ ကြိမ်နဲ့ချည် အဲဒီလို။

ဒီလိုလုပ်နေရင်းက တချိန်မှာ ကိုလွင်ဦးခြေထောက်အပေါ်ကို သစ်ပင်ကိုယ်ထည်ကြီးကြီးတခုက ပိကျလို့ ခြေကျိုးပါလေကော၊ ကြည့်ရတာ ခြေသလုံးသားအရိုးက အတော်ကို ကြေအက်သွားပုံရတယ်၊ ကိုလွင်ဦးခမျာ ချွေးတွေထွက် အံကြိတ်တင်းခံပေါ့၊ သနားဖို့အတော်ကောင်းတယ်၊ အောင်ဖေတောင် သူ့အစားကြည့်ပြီး သွေးလန့်သွားတယ်။

ဒါကြောင့်သူ့ကို ပယော်ရွာထဲအထိထမ်း၊ ရှိတဲ့ကားကိုအတင်းပြောပြီး စံခရဘူရီ Mission ဆေးရုံခေါ်တဲ့ ခရစ်ယာန်ဆေးရုံကို ပို့လိုက်ကြရတယ်၊ နောက်၃ရက်လောက်နေတော့ သွားပို့သူတွေပြန်လာပြီး အောင်ဖေကဆေးရုံမှာ သူ့ကိုလူနာစောင့် သွားနေပေးရမယ်တဲ့၊ ဒါနဲ့အောင်ဖေလည်း ကုန်းကြောင်းအတိုင်း စံခရဘူရီအထိ ချီတက်ရတာပေါ့ ဘယ်သူကလိုက်ပို့သလဲတော့ မမှတ်မိတော့ပါဘူး၊ တယောက်တည်းတော့ မဟုတ်ဘူး၊ စံခတက်ရမယ့် ရဲဘော်တဦးနှစ်ဦးနဲ့အတူထင်ပါရဲ့။

အဲဒီလို အောင်ဖေတို့စခန်းက စထွက်ကတည်းက ထိုင်းစစ်တပ်က ပယော်ရွာကိုရောက်လာပြီ၊ ဆိုလိုတာက နယ်မြေရှင်းလင်းရေးသဘော ထိုင်းတပ်တွေ ပယော်ဒုက္ခသည်စခန်းအထိ လာကြည့်ကြတာ၊ သူတို့က စံခကနေကားတွေနဲ့ ပေါက်ကြူလာ၊ ပေါက်ကြူကနေတဆင့် ပယော်အထိလာကြတာကိုး၊ သူတို့အတွက် ရိက္ခာကိုတော့ နောက်ကနေ ဟယ်လီကော်ပတာနဲ့ လာလာပို့တယ်လို့ သိရတယ်၊ ဒီအထဲမှာ ရေခဲလည်း မဖြစ်မနေ ပါတတ်တယ်။ ထိုင်းတွေက ရေခဲကြိုက်တယ်။

အောင်ဖေနောက်ပိုင်း ကြားရတာကတော့ သူတို့တပ်တွေက ဟယ်လီကော်ပတာအပေါ်ကနေ ပတ်ကြည့်တော့ စခန်းနဲ့ အလံတိုင်ကွင်းကို တွေ့သွားကြတယ်၊ စုံစမ်းတော့ ပီဒီအက်ဖ်တပ်ရှိနေတာ သိသွားကော၊ ဒါကြောင့် သူတို့တိုင်းမှူးကိုယ်တိုင် လိုက်လာပြီး စခန်းကိုပြောင်းခိုင်းတယ်၊ သဘောကတော့ မြန်မာပြည်ထဲဆင်းပေါ့၊ အခုအခြေစိုက်ထားတာက ထိုင်းနယ်မြေထဲမှာကိုး။

ထိုင်းတပ်ကရွာသူကြီးကိုခေါ်ပြီး ကိုပြည်အုပ်အိမ်နားအထိရောက်လာကော ပြီးတော့စခန်းကိုဝင်စစ်မယ်ပေါ့၊ အဲဒီအချိန် ကိုပြည်အုပ်အိမ်အနားမှာ ကင်းပုန်းယူပြီးနေကြတဲ့ အောင်ဖေတို့ဆီက တပ်စိတ်တစိတ်လောက်နဲ့ ဝင်မရဘူး ကျနော်တို့ထက်ကြီးတဲ့ တပ်မှူးကြီးရှိတယ်ဖြစ်ကော၊ ဒါကြောင့် သူတို့ကလည်း သူတို့တိုင်းမှူးကို လှမ်းခေါ်ကြတာ။ အဓိကဘာသာပြန်တာက ကိုငွေထွန်း၊ သူကထိုင်းအချုပ်ထဲမှာလည်း ခဏခဏနေလာဖူးတယ်၊ ဒါကြောင့်ထိုင်းစကားကို မွှတ်နေအောင်တက်တာ၊ ပထမတော့သူ့ကို ထိုင်းတပ်ကမြန်မာပြည်သား ဟုတ်ရဲ့လား သံသယဝင်သေးတယ် သူကထိုင်းတယောက်လို စကားပြောတာက ပီပြင်တာကိုး။

သူက ထိုင်းနိုင်ငံထဲသွားရင် ဘာမှတ်ပုံတင်မှ မလိုဘူးတဲ့၊ ဘာလို့ဆို လမ်းတိုကားလေးတွေစီး အိပ်ရမယ့် အချိန်နားရောက်ရင် ရဲကင်းတခုခုကို အကူအညီတောင်း ဝင်အိပ်၊ တခါတလေလည်း အဖိုးကြီးပုံဖမ်းထားတဲ့ သူ့ကို ရဲကသနားလို့ မုန့်ဖိုးပေးပြီး သွားခိုင်းတာတွေ ရှိတတ်ရဲ့ အဲဒီလိုလည်တာ။ ဒါကြောင့်မှတ်ပုံတင်ကို မလိုတော့တာ၊ အဲဒီအချိန်ကလည်း အခုကာလလောက် လူတွေစိမ့်ဝင်တာ မရှိသေးတာလည်း ပါတာပေါ့လေ။

ထိုင်းတပ်တွေနဲ့အတူ မြန်မာစကားပြောတတ်တဲ့တယောက်လည်း ကိုယ်ယောင်ဖျောက်ပြီး ပါလာတယ်၊ ဒါကလည်း ထိုင်းလိုတတ်တဲ့တယောက်က သိသွားလို့ ကိုယ့်လူတွေကို တိုးတိုးတိတ်တိတ်ကြိတ်ပြောထားတာ၊ ထိုင်းတွေထင်တာက ကိုငွေထွန်းတယောက်ပဲ တတ်တယ်ထင်နေတာကိုး၊ အဲဒီတော့ ဒီကကောင်တွေကလည်း ခေသူမဟုတ်တွေဆိုတော့ “ဘ” စကားသုံး ပြောကြတော့တာပေါ့၊ သူ့အဓိပ္ပါယ်က “ရှာဘိ” ဆိုရင် “ရှိ”၊ “မရှာဘိ” ဆိုရင် “မရှိ”ပေါ့၊ အထာစကားလည်းခေါ်တာပေါ့။

အဲဒီလိုတွေ လျှောက်ပြောတော့ ဟိုကောင်လည်း ဘာမှမတတ်နိုင်တော့ဘူး၊ ဒီကောင့်ကြည့်ရတာ ဗမာတော့ ဟုတ်ပုံမရဘူး ဒါကြောင့် ဒီကောင်ရွာလည်သွားတာ၊ သူ့ကို အရာရှိက ဘာတွေပြောနေကြသလဲမေးရင်။

“ပြောတာတော့ မြန်မာစကားပဲ ကျနော်လည်း နားမလည်ဘူး”

ဆိုတော့ အရာရှိလုပ်သူလည်း လေနေတာပေါ့။

စကားတွေ အခြေအတင်ပြောနေတုန်း တယောက်ကနေသွားစတယ်။

“ခင်ဗျားတို့တွေ လမ်းဘေးတွေ မနင်းကြနဲ့နော် မိုင်းတွေထောင်ထားတော့ ထကွဲကုန်မယ်”

ဆိုပြီးပြောတာကို ကိုငွေထွန်းက ဘာသာပြန် ပေးလိုက်တော့၊ သူ့တပ်မှူးက ရေးကြီးသုတ်ပြာ လှမ်းပြောတဲ့အခါမှာတော့ ထိုင်းရဲဘော်တွေ လန့်သွားပြီး ကိုပြည်အုပ်အိမ်ရှေ့က ကွင်းပြင်မှာ သေနတ်လေးတွေ ကိုင်ပြီး ထိုင်နေကြတော့တာပဲ။ ဒီကကောင်တွေက ပြုံးစိစိနဲ့။

အဲဒီလိုနဲ့ တိုင်းမှူးရောက်လာတော့ အဘနဲ့တွေ့ပြီး စခန်းကို၃ရက်အတွင်း ပြောင်းပေးရမယ်လုပ်ကော၊ ဒါကြောင့်နောက်ရက်တွေ စောင့်မနေတော့ဘဲ စခန်းကရဲဘော်အချို့ ညနေစောင်းကတည်းက ဟိုးတောင်ခြေအထိဆင်း၊ ကုန်သည်လမ်းကိုခဏပိတ်ထားပြီး ကျန်တဲ့သူတွေအကုန်လုံး သနပ်ခါးပင် နေရာလောက်အထိ ပထမအဆင့် လက်နက်တွေကိုသယ်၊ အဲဒီကမှတဆင့် ညတွင်းချင်းတောင်ခြေအတက်အထိ ထပ်သယ်၊ အဲဒီလိုလုပ်ကြရတာ၊ အဘကိုတော့ ညတွင်းချင်းပါပဲ ကားရှာပြီး စံခပို့လိုက်ရတယ်။

အဲဒီညက ညစာကတော့ ဆိတ်သိုးကြီးကောင်းမှုပေါ့လေ။ အဘလည်း မရှိတော့ပြီကိုး။ ဆိတ်သိုးကြီးကို အရမ်းချစ်တဲ့ ကိုတိုးကြည်လည်း မျက်နှာပျက်ပျက်နဲ့ပေါ့။ နောက်မှ တဖြည်းဖြည်းချင်း လက်နက်တွေကို တောင်ခြေထိရွှေ့ စခန်းအသစ်နေရာကို အပူတပြင်းရှာ၊ တွေ့တော့မှ အဲဒီကို ချက်ချင်းရွှေ့ စခန်းတည်ကြရတာ။

အဲဒီနေရာက ပြောရမယ်ဆိုရင် တောင်ခြေကိုဆင်းသွားပြီး ထိုင်းဘက်ခြမ်း တောင်ပေါ်ကဆင်းလာတဲ့ကားလမ်းနဲ့ ကျောက်ပုံက ဆင်းလာတဲ့ ကုန်သည်သည်လမ်းဆုံတဲ့ ၃မြောင့်ဆိုင်ရှိနေတဲ့ ကုန်းပြင်မြင့်ကြော၊ နေရာကတော့ ရွာလူကြီး ဦးဘော်တို့ တဲစုဖြစ်တဲ့အတွက် ဦးဘော်စခန်းလို့ပဲ နာမည်ပေးလိုက် ကြပါတယ်။

(၂)

အောင်ဖေက စံခတက်တယ်ဆိုတာမှာ နွေဘက်လည်းဖြစ်၊ ကားခလည်းမရှိဆိုတော့ ၃ယောက်သား ပယော်၊ ပေါက်ကြူကနေ ကားလမ်းအတိုင်း လမ်းလျှောက်တက်ကြရတာကိုး၊ လမ်းမှာတော့ ဖုန်ထူထူ၊ လူနေအိမ်ခြေ ကျိုးတိုးကျဲတဲနဲ့ လမ်းမှာ ပါမိုက်လို့ခေါ်တဲ့ သစ်တောဦးစီးဌာနကိုလည်း ဖြတ်သွားရသေးတယ်၊ သူတို့ကလည်း ဖမ်းတတ်ဆီးတတ်တယ်လေ တခုရှိတာက သူတို့နောက်ကလိုက်ရင် လှည့်ကိုမကြည့်နဲ့ ပြေးသာပြေးတဲ့၊ ဘာလို့ဆို လှည့်ကြည့်လို့ ရှေ့ကနေပစ်ထည့်လိုက်တာဆိုရင် ဒါကစစ်ဆေးတာကို ရန်မူလို့ ပစ်ရတယ်ဆိုပြီး အကြောင်းပြလို့ရတယ်တဲ့၊ ပြေးနေတာကိုနောက်ကနေပစ်ရင် သူတို့မှာပစ်ခွင့်မရှိလို့ ပြဿနာတက်ကောတဲ့၊ ဒါကြောင့်အောင်ဖေလည်း ပိုင်နိုင်(ဘယ်သွားမလို့လဲ) ကြားလို့ကတော့က ပြေးမယ်ကြီးပဲပြင်ထားတာ ဒါပေမယ့် ဘာမှမမေးပါဘူး၊ နောက်ဆုံးမှ စံခကနေ ဆေးရုံသွားတဲ့ကားလမ်းမကိုရောက်တယ်၊ ဒါပေမယ့် အဲဒီကနေ ကားလမ်းအတိုင်း စံခအထိလမ်းထပ်လျှောက်ရသေးတယ်၊ စံခကကင်းထောက်အိမ်ရောက်မှ နားရတာ။

နောက်ရက်ကြတော့မှ လိုင်းကားစီးပြီး ဆေးရုံကို သွားရကော။ Mission ဆေးရုံဆိုတာက အဲဒီတုန်းက တထပ် အဆောက်အဦလေးပဲ ဘာမှသိပ်ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ဆောက်မထားဘူး၊ ဒါပေမယ့် ဆေးဝါး ပစ္စည်းတော့ အတော်ကို စုံလင်တယ်လို့ ကြားဖူးတယ်။

အောင်ဖေရောက်တော့ ကိုလွင်ဦးက သူ့သွားဖုန်းကြီးပေါ်အောင် ပြုံးပြတယ် ဘာမှမဖြစ်တော့သလို၊ ခြေထောက်မှာတော့ ကျောက်ပတ်တီးကြီးစည်းလို့။ ခင်ဗျားမနာတော့ဘူးလားဆိုတော့ မနာတော့ဘူးကွ အနေကျပ်တာပဲ ရှိတော့တယ်တဲ့ အောတယ်ဟုတ်သကိုး။

ဒါနဲ့ဆေးရုံမှာ ၁၀ရက်လောက်တောင်ကြာသလားမသိ၊ ကိုလွင်ဦးလေ့ကျင့်ခန်း လုပ်တာတို့ လိုတွေလည်း ဝိုင်းကူပေါ့လေ။ ဆေးရုံက နပ်စ်မတွေနဲ့ ဆရာဝန်မတွေက ဘိုလိုကောင်းကောင်းပြောတတ်တယ်၊ အောင်ဖေကလည်း မကြာခင်ကမှ သင်ထားတဲ့ဘိုစာ အစုပ်ပလုပ်လေးနဲ့ သွားသွားတောင်း၊ မေး၊ ပြောရတာပေါ့။

“အိုင်ဝမ့်တူချိန်း မိုင်ပေးရှန့်ပီးလိုး” တို့၊ “ဝှမ်းကန်ဝီဂိုးဟုမ်း” တို့ဘာတို့ပေါ့။

တခါတော့ ဆေးနဲ့တည့်မတည့် မသေချာတာနဲ့ ဆရာမတွေကို ဒီလိုမေးမိကော။

“ကန်မိုင်ပေးရှန့် ဒရင့်ခ်အယ်လ်ကိုဟော”

ဆိုပြီးသွားမေးမိလို့ ဆရာမတွေလည်း ရီလိုက်ကြတာ တသောသောနဲ့၊ အမှန်က စိတ်ထဲကပြောလိုက်တာက “ဖျော်ရည်” ဂျု့စ် ကိုပါးစပ်ကထွက်သွားတော့ အဲဒီလိုဖြစ်တာ၊ အောင်ဖေ ရယ်ကျဲကျဲနဲ့ ဆောရီး ဆောရီး ပြန်လုပ်ရတာပေါ့။ အာသာဆန္ဒက စိတ်ထဲစွဲနေတာ ဖြစ်မယ်။ ကိုလွင်ဦးကတော့ မင်းကွာ ဘာတွေ လျှောက်မေးရတာလဲကွတဲ့။

တခါတော့ ကိုလွင်ဦးက ဂျိုင်းထောက်တောင်းကြည့်ပါလားပေါ့ သူလမ်းလျှောက်ကျင့်မယ်ပေါ့၊ ခက်တော့ခက်ပြီ၊ လက်ညိုးထိုးပြစရာကလည်း သူကလွဲရင် ကျိုးတဲ့ကောင် တကောင်မှမရှိ၊ ဘိုလိုကလည်း ဘယ်လို ပြောရမှန်းလည်း မသိ၊ သင်ထားတဲ့ သင်ခန်းစာမှာကလည်း ခြေကျိုးကြောင်းမပါ အကြပ်ကိုရိုက်နေကော၊ ဆရာမတွေကို အိုင်နိ အိုင်နိ ဆိုပြီး လက်ညိုးနဲ့ လက်ခလယ်ကို လှုပ်ပြ၊ လက်ကားပြီးဂျိုင်းထောက် ထောက်ပုံပြလည်း ဟိုကသဘောမပေါက်၊ ဘရိတ်ဒန့်စ်အက ကပြနေတယ်တောင် အထင်ခံရသေး၊ နောက်မှ ကံကောင်းသွားတာက သင်္ဘောသားလား ဘာလားမသိ လုပ်ဖူးတဲ့ မြန်မာပြည်သား အကိုကြီး တယောက်ကို မေးတော့မှသိတာ crutch ခရက်ချခ်တဲ့၊ အဲဒီကြမှ နောက်တခါ သွားကပြပြီး ဘိုလိုပြောမှ သူတို့သိပြီး စတိုကနေ ထုတ်လာပေးတာ။ လူကိုမောသွားတာပဲ။ မချောင်ဘူး။

ဆေးရုံကနေဆင်းတော့ အဲဒီဘရိတ်ဒန့်စ်ကပြပြီးမှ ရလာတဲ့ဂျိုင်းထောက်နဲ့ ကျောက်ပတ်တီးကြီးနဲ့ ကိုလွင်ဦးကို စံခကင်းထောက်အိမ်မှာ ထားရသေးတယ်၊ ဘာလို့ဆို ဆေးရုံက နောက်၁၅ရက်လောက်နေ ပြန်လာပြရမယ် ပတ်တီးဖြည်မယ်ပေါ့ ဒါကြောင့်။

စံခအိမ်မှာက အဓိကအားဖြင့် ပီဒီအက်ဖ်က မစန်းစန်းဝင်းကနေရတယ်၊ အောက်ကတက်လာတဲ့သူ၊ အပေါ်ကဆင်းလာတဲ့သူ အကုန်လုံးစုပြုံနေတာ နေ့တိုင်းလူပြတ်တယ်လို့ကိုမရှိ၊ သူကဈေးသွား ထမင်းဟင်းပါ ချက်ရသေး၊ တခါတလေ ဈေးဝယ်ဟင်းချက် ဝါသနာပါသူရှိရင်တော့ သူသက်သာတယ်။

အောင်ဖေတို့က အေးအေးလူလူ အိမ်ကပြင်မှာပဲနေကြ အိပ်ကြတာများတယ်၊ လေလေးကလည်း တဖြူးဖြူးကိုး၊ ဒါကအကြောင်းပြတာ၊ အမှန်တော့ မဟုတ်ဘူး အိမ်ကအပေါ်မှာလည်း လူကြပ်လေကလှောင် ပူကပူဆိုတော့ ကပြင်က ပိုအဆင်ပြေသလို၊ ကပြင်ကနေ ဟိုဘက်ဘေးအိမ်မှာရှိတဲ့ မွန်မလှလှလေးကိုလည်း လှမ်းလှမ်း ငမ်းလို့ရတာကိုး၊ ဇတ်လမ်းကဒီလို၊ အောင်ဖေပြောတိုင်း ယုံလို့ရတာမဟုတ်။

ပီဒီအက်ဖ်အိမ်နဲ့ နောက်ကျောချင်းသဘော ကပ်လျှက်ရှိနေတဲ့ အိမ်တအိမ်ရှိတယ်၊ အဲဒီမှာက အရင် အေဘီ တပ်ရင်း (၁၀၂)က တပ်ထောက်ကိုရဲမွန်နဲ့ ကိုရွှေသွေး (နောက်ပိုင်း ပီဒီအက်ဖ်နဲ့ နော်ဝေမှာကွယ်လွန်)တို့ နေကြတယ်။

သူတို့က စာအုပ်တွေ စုထားဆောင်းထားဆိုတော့ သွားသွားဌားဖတ်ပေါ့၊ ကိုရဲမွန်က စည်းကမ်းကြီးတော့ တအုပ်ပြီးမှ တအုပ်ပေးဌားတယ် ဒါတောင်မျက်နှာချိုသွေး ဌားရတာ၊ ဖတ်ချင်ယောင်ဆောင်လို့မရဘူး သူက အကုန်ဖတ်ထားပြီးသားနေမယ်၊ သွားပြန်အပ်ရင်တောင် “ဒါလေးကဟိုအပိုင်းလေး မဆိုးဘူးဗျ၊ ဒီကဗျာစာအုပ်ထဲက စိတ်ကျမြစ် (ဘိုလိုရေးထားတဲ့ Melancholy river ဆိုတဲ့ တရုပ်ကဗျာဆရာတွေစာအုပ်)  ကဗျာလေးတော့ ကောင်းတယ်ဗျာ” ဘာညာ ရွီးရသေးတယ်၊ ဒါကတော့ အောင်ဖေက တတ်ပြီးသားပညာ ဆိုတော့ အဆင်ကိုပြေလို့။

(၃)

အဲဒီနှစ်က စံခအင်းကြီးက တံတားကျိုးထားတဲ့အပြင် ရေကလည်း အတော်ကိုခမ်းသွားတာ အစိုးရအစီအစဉ်နဲ့ ဝေတဲ့ရေတွေဘာတွေ မလာတော့လို့၊ အောင်ဖေတို့တွေ အင်းထဲအတော်ဝေးဝေးအထိ သွားရေချိုးကြရတယ်၊ ဒီမှာတခု သတိရတာပြောရမယ်။ ဒီအိမ်ကို နိုင်ငံခြားသားတွေလည်း တခါတခါလာနေတတ်တယ် ဆိုလိုတာက မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးကို စိတ်ဝင်စားသူတွေကပေါ့။

တခါတော့ ဘိုမတယောက်လည်း လာတည်းတာနဲ့ကြုံပေါ့၊ သူကမာနယ်ပလော မရောက်ဘူးတော့ အောင်ဖေတို့အတွက် ရွီးစရာဂွင် တွေ့နေတော့တာပေါ့၊ ညနေစောင်းရင် သူကဘီယာလေး အရက်လေးဝယ်၊ အောင်ဖေကတို့က ဦးဆောင်ပြီး ဘိုလိုကောင်းကောင်း တတ်တဲ့သူတွေက ဘာသာပြန်ပြန်ပေးပြီး တောအကြောင်း၊ တောင်အကြောင်းတွေပြောပြ၊ ဟိုကသဘောတွေကျ၊ ဘီယာထပ်ဝယ် အောင်ဖေတို့က ခေါင်းမဖော်တန်းသောက်၊ အလုပ်ကိုဖြစ်လို့။

ဒါပေမယ့် ဒါကရေရှည်မခံတော့ဘူး၊ ဘာလို့ဆို ရေမလာတော့ ရေကိုအင်းထဲ သွားသွားချိုးရတာကိုး၊ အရင်က ရေလာတုန်းက ဒီဘိုမကလည်း ရေပုံမှန်ချိုးတယ်၊ နောက်ရေမလာတော့ လာနိုးလာနိုးနဲ့ စောင့်နေပုံရပါတယ်၊ ဆိုတော့ အရင်ကလို မွှေးမွှေးကြိုင်ကြိုင်လေး မဟုတ်တော့ဘူး၊ အရင်က ပြည့်ပြီးလှတယ်ထင်ရတဲ့ပုံကနေ ဝပြီး လူနံ့ကထွက်လာပြီ၊ အဲဒီတော့ နေ့လည်နေ့ခင်းဆို အောင်ဖေတို့ အိပ်ချင်ယောင်ဆောင်ရင်ဆောင် မဆောင်ရင် တခြားနေရာသွား ရှောင်နေတော့တာပဲ ညနေမှပြန်လာပြီး စကားပြောတော့တယ်၊ ဘီယာမျက်နှာ ရှိတာကိုး၊ နောက်ပိုင်းတော့ သူလည်း မနေနိုင်တော့ဘူး ထင်ပါတယ်၊ ထမိန်ဘယ်လိုဝတ်လဲတို့ ဘာတို့သင်ပြီး၊ ရေဆင်းချိုးရတော့တာပါပဲ။

စံခကို ဘန်ကောက်ကနေပြီးတော့ ဒုက္ခသည်လျှောက်ထားထားပြီးသား စီနီယာကျောင်းသားဟောင်းတွေ တခါတလေ လာလည်တတ်တယ်၊ သူတို့လာရင်ရွာက ပွဲစည်ကော၊ ဘာလို့ဆို ဘန်ကောက်မှာ မကျေနပ်တာ စံခလာရှင်းတဲ့သဘော၊ ဟာ ဘယ်သူနဲ့ ဘယ်ကောင်နဲ့တော့ တံတားပေါ်မှာ ဒီညနေထိုးကြလို့၊ ဟိုကောင်ရေထဲ ပြုတ်ကျသွားတယ် ကံကောင်းလို့ မသေတယ်တို့၊ ဟိုတနေ့ညကမူးပြီး စကားများနေတဲ့နှစ်ကောင် ဒီမနက်တော့ အစောကြီးဘန်ကောက်အတူတူ တက်သွားပြန်ပြီတို့ ဒါတွေက ကြားကြားနေကြ။

တရက်တော့ ဂျော့ဘုရှ်ဆိုတဲ့တယောက် ဟောင်ဖွာဟောင်ဖွာစကားတွေပြောပြီးအိမ်ရှေ့ရောက်လာတယ်၊ ဟာ ကြည့်လိုက်တော့မှ အောင်ဖေ့သူငယ်ချင်း(ရပ်ကွက်ထဲအခေါ် အဖိုးကြီး) အကို ကိုအောင်မြင့်ထွန်းဖြစ်နေတယ်၊ သူနဲ့တွေ့မှ သူ့မိသားစုတွေ နေကောင်းကြောင်း အဖွားကတော့ ဆုံးသွားပြီဖြစ်ကြောင်း ပြောပြရတယ်။

သူကစီနီယာဆိုတော့ ပြောပြတယ် ငါတော့ သက်ဒ်ကမ်းထရီးထွက်မယ်တဲ့၊ သိပ်မကြာတော့ဘူးတဲ့၊ အောင်ဖေစဉ်းစားတယ် ငါတို့ကလာတာ နောက်တောင်ကျနေလို့ အခုမှ စမယ်တောင် မကြံရသေးဘူး တချို့က ဒိုးသွားကြပြီပေါ့၊ ဒီတော်လှန်ရေးနှယ် ဘယ်လိုပါလိမ့်ပေါ့၊ အသစ်လာလိုက် ဒိုးသွားကြလိုက် ဖြစ်နေပါလား ပေါ့လေ။ သေချာတော့လည်း သူတို့အခက်အခဲတွေကို မစဉ်းစားမိခဲ့ပါဘူး စဉ်းကိုမစဉ်းစား ချင်တာလည်း ပါတာပေါ့၊ စိုက်ခဲ့သမျှ ပြန်ရိတ်သိမ်းမယ်ဘာညာ ကြားဖူးနားဝနဲ့ စိတ်ထဲရှိနေတာလည်း ပါတာပေါ့လေ၊ ပြောသာပြောတာပါ ရိတ်သိမ်းဖို့ နေနေသာသာ ဘာမှတောင် သေချာမစိုက်လိုက်ရဘူး။ ဟိုလိုလို ဒီလိုလို ဖြစ်ကုန်ကြရတော့တာပဲ။

တရက်တော့ စံခတံတားထိပ်မှာ လက်ဘက်ရည်ဆိုင်တို့ မုန့်ဟင်းခါးတို့ ဖွင့်ရောင်းတဲ့ ဦးလှအိမ် (ဇူလိုင် ၂၀၁၄မှာ ကွယ်လွန်)တို့အိမ်က ကိုအောင်ဆန်း (အေဘီဟောင်း) တယောက် မော်တော်ဆိုင်ကယ် အဌားဆွဲရင်းကနေ အိမ်ပြန်ရောက်မလာလို့ ဝင်းက(စံခ)တရွာလုံးနီးပါး ကားလမ်းတောက်လျှောက် လူခွဲပြီး ဘုရားသုံးဆူသွားလမ်းနဲ့ ဆေးရုံသွားလမ်းအတိုင်း လမ်းဘေးချောင်ကြိုချောင်ကြား ချောက်တွေထဲကအစ လိုက်ရှာကြရတယ်။ သစ်ခိုးခွဲနေတဲ့ နေရာတွေတောင်ရောက်ကြသေး။

အဲဒီကြမှ အောင်ဖေတို့လည်း လမ်းဘေးကရွာလေးတွေမှာ ထိုင်းကရင်လို့ခေါ်တဲ့ မြန်မာပြည်ကနေ ထိုင်းမှာလာ အခြေချနေတဲ့ ကရင်လူမျိုးတွေရွာတွေကို ရောက်ဖူးကြတော့တယ်၊ တချို့ကတော့ မြန်မာလို တတ်ကြ ပါသေးတယ်၊ ဒါပေမယ့် အများစုကတော့ ထိုင်းလိုပဲ ပြောကြတော့တယ်၊ ဒီရွာတွေကြတော့ ရေက ပြတ်လတ်တတ်လို့လားမသိ၊ ၃မီတာလောက်မြင့်တဲ့ စဥ့်အိုးကြီးတွေလုပ်ပြီး သောက်ရေကို လှောင်ထားကြတာ တွေဖူးတယ်။ အတော်ကိုကြီးတဲ့ စဉ့်အိုးတွေ ချစ်စရာကောင်းသား။

၃-၄ရက်ရှာလို့ ဘယ်လိုမှမတွေ့တော့ဘဲ၊ နောက်ပိုင်းကြမှ ဘုရားသုံးဆူနယ်စပ်မှာ ကိုအောင်ဆန်းအလောင်းကို ရဲကရှာတွေ့တော့တယ်၊ လူဌားစီးပြီး လူပါသတ်ပြီး ဆိုင်ကယ်ယူသွားတာလေ၊ မြန်မာပြည်သားထဲကဖြစ်မယ် လူရင်းဆိုပြီး ကိုအောင်ဆန်း လိုက်သွားမိလို့နေမယ် ကံဆိုးသွားရှာတယ်။ အဲဒီလို ဆိုးတဲ့ဒေသတွေ။ သူဆုံးတော့ သူ့အမျိုးသမီး (ဦးလှအိမ်သမီး)နဲ့ ကလေးတယောက်ကျန်ခဲ့ရှာတယ်။ အားလုံးက ဈာပနကို ဝိုင်းကူ ကြတာပေါ့လေ၊ ဒီမိသားစုက ကျောင်းသားအဖွဲ့အစည်းတွေကို အတော်ကိုကူညီခဲ့ကြတာကိုး။

တရက်တော့ အောင်ဖေအပြင်ကပြန်လာပြီး အိမ်ကပြင်ပေါ်လှမ်းကြည့်လိုက်တော့ တခုခုတော့ထူးနေပါတယ်ပေါ့၊ ဘာထူးမှန်းကို စဉ်းစားမရဘူး၊ ကိုလွင်ဦးက ပြုံးဖြီးဖြီးနဲ့ ကြည့်နေတယ်၊ ဟာ နောက်မှ သတိထားမိတယ်၊ ကိုလွင်ဦးရယ်လေ၊ သူ့ခြေထောက်ကြီးကို လုပ်ပစ်လိုက်ပုံက၊ ကျောက်ပတ်တီးကြီး မရှိတော့ဘူး။

“ဟာ ခင်ဗျားအဲဒါကြီး ဘယ်ရောက်သွားလဲ” ဆိုတော့ “ငါခြေထောက်ယားလို့ ဖြုတ်ပစ်လိုက်တယ်” တဲ့၊ ဘုရား ဘုရား။ ခြေယားတိုင်း ဖြုတ်ပစ်စရာ ကြနေတာပဲ။

အမှန်က ၁၅ရက်ပြည့်ရင် ဆေးရုံကို သွားပြန်ပြရဦးမှာ၊ အခုတော့ ဘာလုပ်ရမှန်းမသိတော့ဘူး။

“ကောင်းသွားပါပြီ အောင်ဖေရ၊ ငါလမ်းတောင်လျှောက်ရနေပြီကွ၊ ဒီမှာကြည့်” ဆိုပြီး၊ ထိုင်ရာကနေ မတ်တပ်ရပ်ပြီး ထော့နဲ့ထော့နဲ့ နဲ့လျှောက်ပြပါလေကော။

ဆေးရုံထပ်သွားရမှာမို့လို့ လူတွေက ဒီမှာသောင်တင်နေတာ၊ အခုတော့ ပြရမယ့်ဟာကြီးက မရှိတော့ဘူးဆိုတော့ မသွားယုံပဲ ရှိတော့တာပေါ့ ဟုတ်ဖူးလား။

ဒါကြောင့် တောထဲကစခန်းကို ပြန်ဆင်းဖို့လုပ်ရပါလေကော၊ ဒီတခေါက်စခန်းကိုပြန်တော့ လာတုန်းကလို မဟုတ်တော့ဘူး ကားနဲ့အဆင်ပြေလို့ ကားနဲ့ပြန်လာခဲ့တယ်၊ ညကြီးမိုးချုပ်မှ ကိုပြည်အုပ်အိမ်ကိုရောက်တယ်၊ အရင်နေခဲ့တဲ့ ပယော်စခန်းဟောင်းနေရာလေး ငေးမျှော်ကြည့်ရင်း စခန်းသစ်လေးကလည်း ဘယ်လိုနေမလည်း ထိုင်ရင်း တွေးနေခဲ့မိတာပေါ့၊ မနက်ကြတော့မှ အောက်စခန်းသစ်ကို အောင်ဖေတို့အဖွဲ့တွေ ဆင်းသွားကြရတော့တယ်။

နောက်ပိုင်းမှာတော့ စခန်းသစ်၊ လူသစ်နဲ့ အောင်ဖေရာထူးသစ်တွေနဲ့ ဖြစ်နေပုံတွေကို ရေးသားပါဦးမယ်။

သက်ခိုင်

(၁၆း၂၈)နာရီ

၃၁.၇.၂၀၁၄

 

Photo – Irrawaddy Burmese News Online


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, သက်ခိုင်, အခန်းဆက်များ, ဖြစ်ရပ်များ၊ အမှတ်တရများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်